”ဘုန်း”
မူလချီအားလိုင်း တွေက
ထိန်းမနိုင်စွာ ပတ်ဝန်းကျင် တစ်လျှောက် ပျံ့နှံ့သွားပြီး မြင့်မားလှသော သစ်ပင်ကြီးတွေက ထိုလှိုင်းတွေ၏ ပိုင်းဖြတ်ခြင်းကို ခံလိုက်ရသည်။ မြေပြင်မှာလည်း ပင့်ကူအိမ်များ သဖွယ် အက်ကွဲလျက်ရှိသည်။
မူလချီများ ထွက်ပေါ်လာရာ အလယ် ဗဟိုချက်တွင် ကြီးမားသော ရောင်စုံ ကျားကြီးတစ်ကောင်က ဟိန်းဟောက်လျက် ရှိသည်။ ထိုအကောင်၏ အထက်တွင် ရေခဲပြာရောင် ငှက်ကြီးက လေတွင် ပျံသန်းလျက် မူလရေခဲချီ များကို ထုတ်လွှတ်ကာ ရေခဲချီ အလွှာများ ဖြစ်ပေါ်စေလျက် အောက်သို့သွားရောက် တိုက်ခိုက်နေသည်။
ကျားက သူ၏ပါးစပ်အား ဖွင့်လိုက်သည်နှင့် ရုန့်ရင်းသော မူလချီများက လှိုင်းလုံးများသဖွယ် လိမ့်တက်လာပြီး ရေခဲချီများကို သွားရောက်ရင်ဆိုင်သည်။
ကြီးမားလှသော သားရဲကြီး နှစ်ကောင်၏ တိုက်ပွဲက တောင်များကိုပင် တုန်ခါစေသည်။
ဇူယွမ်နှင့် လုလျိုတို့က တိုက်ပွဲကို အနီးအနားမှ ရပ်လျက် ကြည့်နေကြသည်။ ရေခဲလုံးလေး ဟုခေါ်သော လုလျို၏ ရေခဲငှက်လေးက အဆင့်လေး မှော်သားရဲထက် အင်အား ရှိနေသောကြောင့် ရောင်စုံကျားကို ရှုံးနိမ့်စရာ အကြောင်းမရှိပေ။
“သို့သော်လည်း ဒီကျားတွင် အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ် ရှိပုံမရဘူး။ ကြည့်ရတာ အဆင့်လေး မှော်သားရဲတိုင်း အဆင့်နိမ့် ကောင်းကင်ဘုံကျင့်စဉ် မပိုင်ဆိုင်ကြဘူးပဲ” ဇူယွမ်က တိုက်ပွဲကို ကြည့်ရင်း တိုးတိတ်စွာ မှတ်ချက်ချလိုက်သည်။
လုလျို အနေဖြင့် မတိုးတာ မဆုတ်သာ ဖြစ်နေသည့် မြင်ကွင်းကို မြင်သောအခါ သူမက “ဇူယွမ် … ငါရေခဲလုံးလေးကို သွားကူညီ လိုက်အူးမယ်။ ငါတို့ကို ကြည့်ထားပေး”
ဇူယွမ်က ထိုစကားကို ကြားတော့ ခေါင်းညိတ်ပြလိုက်သည်။
လုလျိုက သူမ၏ ခြေချောင်းလေးများကို မြေပြင်သို့ ဆောင့်နင်းချလိုက်ပြီး လေထဲသို့ ခုန်တက်သွားကာ လေထဲမှ တစ်ဆင့် ရေခဲငှက်၏ ကျောကုန်းပေါ်သို့ ရောက်ရှိသွားသည်။
သူမ၏ သေးငယ်သော လက်ချောင်းလေးများက ငှက်၏ ခန္ဓာကိုယ်ပေါ်သို့ ထိလိုက်သည်။
”အီ”
ရေခဲငှက်၏ မျက်လုံးတွင် အလင်းတန်းတစ်ခု တောက်ပသွားပြီးနောက် သူ၏ ခေါင်းကိုမော့လျက် အတောင်ပံများ ခတ်ကာ လေထဲသို့ မြင့်တက်သွားသည်။ မူလချီများက ရှေ့သို့ တိုးထွက်လာပြီး ရေခဲငှက်မွေးများ အဖြစ် ပြောင်းလဲသွားတော့သည်။
ရေခဲငှက် မွေးတောင်များက ညီညာခြင်း မရှိပဲ ထက်ရှနေပြီး အလွန်အမင်း အေးစက်စေသည်။
” ဝှစ် …”
ရေခဲငှက်မွေးများက ကောင်းကင်ကို ချိုးဖြတ်ကာ ဆင်းသက်လာဟန် ရသည်။
ရောင်စုံကျားက သူ၏ဦးခေါင်း အားမော့လိုက်ပြီး ဟိန်းလိုက်သည်နှင့် သူ၏ စွမ်းအားပြည့်ဝသော အသံလှိုင်း တစ်ခုကို ဖန်တီးလိုက်သည်။ အသံလိုင်းတွင် မူလချီများ ပါဝင်နေပြီး သာမန်မျက်စိ ဖြင့်ပင် မြင်နိုင်ကာ ရေခဲငှက်မွေး များ၏ လမ်းကြောင်းကို တားဆီးလိုက်သည်။
“ဒီကျားက အမှန်တကယ်ကို ရင်ဆိုင်ရ ခက်ခဲတဲ့ ပြိုင်ဘက်ပဲ” ဇူယွမ်က တိုက်ပွဲကို အဝေးမှ ကြည့်ရူနေရင်းမှ သူ၏မျက်နှာ အမူအရာမှာ လေးနက်သွားသည်။ သားရဲ၏ စွမ်းအားမှာ အံ့သြဖွယ် ကောင်းလှပေသည်။
“ဒါပေမဲ့ အထွတ်အထိပ် အဆင့်ပါရမီရှင် ဖြစ်သော လုလျိုက အလွန်ကို သန်မာလွန်းပေသည်” ဇူယွမ်အနေဖြင့် တွေးတောနေသည်မှာ သူ၏ မျက်နှာပေါ်တွင် ပေါ်နေသည်။ လုလျို၏ သန်မာမှုက တစ်ဝက်တစ်ပျက် မူလစဦး ကျင့်ကြံသူ တစ်ဦး၏ ခွန်အားနှင့် ညီမျှပေသည် ပြီးတော့ သူမအနေဖြင့် မူလစဦး အဆင့်သို့ ရောက်ရှိရန် ခြေလှမ်း တစ်ဝက်ခန့်သာ လိုတော့ဟန် ရသည်။
ဇူယွမ်ပြောကာ လုလျိုနှင့် ရေခဲငှက်လေး တို့က နှစ်ယောက်သား ပေါင်းစပ် တိုက်ခိုက်မှုကို ဆက်ကြည့်နေသည်။
ထိုစဉ်တွင် လုလျိုက ကျင့်စဉ်တိုက်ခိုက်မှု တစ်ခုကို ထုတ်သုံးလိုက်ပုံ ရသည်။
“ရေခဲ ငှက်မွေးတွေ ကွဲထွက်သွားတာလား …”
ဇူယွမ်က တိုက်ပွဲကို စိုက်ကြည့်လိုက်သည်။ ငှက်မွေးများက ကွဲထွက်သွားပြီး ဖုန်များအတွင်းသို့ နှစ်မြုပ်သွားသည်။ ရောင်စုံကျားက ဖုန်များအတွင်း နှစ်မြုပ်သွားပြီး လုလျိုထံမှ ထုတ်လွှတ်လိုက်သော တစ်စုံတစ်ခုက ရောင်စုံကျား၏ ခန္ဓာကိုယ်ထဲ ဝင်သွားဟန်ရသည်။
“ဘယ်လောက်တောင် ဖြုံစရာကောင်းတဲ့ နည်းဗျူဟာလဲ။ သူဒီအဆင့် ရောက်နေတာ မယုံကြည် နိုင်စရာပဲ”
ဇူယွမ်၏ နှလုံးသားမှာ တုန်လှုပ် သွားခဲ့သည်။ ရေခဲငှက်မွေးများ ပေါက်ကွဲ ထွက်သွားခြင်းက ပရိယာယ်တစ်ခု ဖြစ်ပြီး လုလျို၏ ရည်ရွယ်ချက်မှာ ရေခဲမှုန် တွေမှာ ပါဝင်နေသည့် အလွန်အမင်း အေးခဲနေသော ချီများကို ဖုံးကွယ်ရန်ဖြစ်သည်။
ဇူယွမ်၏ စိတ်ဝိညာဉ်က ဒြပ်ထည်အဆင့်ကို မရောက်သေးသော်လည်း သာမန်မျက်စိနှင့် မမြင်နိုင်သည့် ထိုရေခဲမှုန်များ ကိုတော့ အာရုံခံနိုင်စွမ်း ရှိပါသေးသည်။
“ရောင်စုံကျား မကြာခင် ရှုံးတော့မယ်” ဇူယွမ်၏ နှလုံးသားထဲမှာ မှတ်ချက်ချလိုက်သည်။
ဒီအချိန်မှာပဲ လုလျို၏ မျက်လုံးများက ခက်ထန်သွားပြီး သူမ၏ ပါးစပ်ကို ဟလိုက်လျှင် ရေခဲအပြာရောင် ချီများ ပါဝင်နေသည်။ မူလချီ ဘောလုံးတစ်လုံး ထွက်ပေါ်လာသည်။
ရေခဲငှက်လေးသည် လည်းပဲ သူ၏နှုတ်သီးကို ဟပြီး ရေခဲချီများ ထွက်ပေါ်လာပြီး အလွန်အေးခဲသော ရေခဲမုန်တိုင်း ဖြစ်ပေါ်လာပြီး ပတ်ဝန်းကျင် တစ်ခုလုံးကို ဖြတ်သန်းတိုက်ခတ် သွားသည်။
အေးစက်သော လေပြင်းများ တိုက်ခတ်နေပြီး မြေပြင်တစ်ခုလုံး ကိုပင် အေးခဲစေသည်။ ရောင်စုံကျား၏ စက်ဝိုင်းသဏ္ဌာန် မူလချီများ မှာလည်း ကျိုးပြတ်သွားပြီး သူ၏ ခန္ဓာကိုယ် မှာလည်း ရုတ်တရက် ပြင်းထန်စွာ ပေါက်ကွဲထွက်လာသော ရေခဲချီ များကြောင့် တောင့်တင်းသွားသည်။
အသက်အနည်းငယ် ရှိုက်စာ အကြာမှာပဲ ရောင်စုံကျား၏ ဘဝဟာ ရေခဲရုပ်တု အဖြစ်သို့ ပြောင်းလဲသွားသည်။
“ဟူး … အရမ်း ပင်ပန်းတာပဲ”
လုလျိုက ကြောလျှော့လိုက်ပြီး သူမျက်နှာမှာ အနည်းငယ် သွေးဆုတ်ဖြူရော် နေသည်။ အစောက တိုက်ပွဲက ကြည့်ရတာ လွယ်ကူတယ်လို့ ထင်ရပေမယ့် ရောင်စုံကျားက အဆင့်လေး မှော်သားရဲဖြစ်ပြီး သူ၏ ခွန်အားက မူလစဦး အဆင့် ကျင့်ကြံသူများနှင့် နှိုင်းယှဉ်နိုင်ပေသည်။
“အံ့သြစရာပဲ မင်းက အဆင့်လေး မှော်သားရဲကို တစ်ယောက်တည်း ရင်ဆိုင်နိုင်တယ်” ဇူယွမ်က လုလျိုကို လက်မထောင် ပြလိုက်သည်။ ဒီတစ်ကြိမ်က အဆင့်လေး သားရဲကို တစ်စုံတစ်ယောက်က တစ်ကိုယ်တည်း ရင်ဆိုင်ပြီး အနိုင်ရ သွားခြင်းကို သူအနေဖြင့် ပထမဦးဆုံး မြင်ဖူးခြင်းပင် ဖြစ်သည်။
လုလျိုက လေးနက်စွာ ပြောလိုက်သည်။ “ဒီကောင်ကြီးက နည်းနည်းတုံးအတယ် အဲတာကြောင့် ငါရဲ့ ရေခဲစိတ် ဝိညာဉ်က သူ့ရဲ့ ခန္ဓာကိုယ် ထဲကို ဝင်ရောက် စေနိုင်ခဲ့တာ။ ပုံမှန် မူလစဦး အဆင့် ကျင့်ကြံသူတစ်ဦး သာဆိုလျှင် ငါအနိုင်ရဖို့ မလွယ်ကူဘူး”
သူက ရေခဲလုံးလေး၏ ကျောပေါ်မှ ခုန်ချလိုက်ပြီး ကြီးမားသော ရေခဲကျားရုပ်ကြီး ရှေ့သို့ ရောက်သွားသည်နှင့် သူမ၏ လက်တစ်ဖက်အား ဆန့်ထုတ်လိုက်သည်။ ဖြည်းညင်းစွာ တစ်ချက် ခေါက်လိုက်သည်နှင့် ရေခဲရုပ်ကြီးက အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားပြီး ရေခဲ အပိုင်းအစ များက မြေပြင်ပေါ်သို့ ပြန့်ကျဲသွားသည်။
အဖြူရောင် မူလချီများက လေထဲသို့ မြင့်တက်လာပြီး ခဏအကြာတွင် အဖြူရောင် မူလချီ ပုတီးစေ့ တစ်လုံး ဖြစ်ပေါ်လာသည်။
လုလျိုက သူ၏လက်ကို ဆန့်တန်းလိုက်ပြီး မူလချီ ပုတီးစေ့ကို ယူဖို့ ကြိုးစားလိုက်သည်။
သို့သော်လည်း ထိုအရာကို သူထိတော့မည့် အချိန်တွင် ဇူယွမ်၏ အမူအရာမှာ ရုတ်တရက် ပြောင်းလဲသွားပြီး အော်ဟစ်လိုက်သည်။
“သတိထား …”
ထိုစကားလုံးများ သူ၏ ပါးစပ်မှ ထွက်သွားချိန်တွင် အလင်းတန်း တစ်ခုက သူတို့၏ အနောက်ဘက် တောအုပ်ဆီမှ ထွက်ပေါ်လာသည်။ အကြင်နာမဲ့ပြီး ရက်စက်သော သေစေနိုင်လောက်သော အစက်အပြောက် တစ်ခုက မယုံကြည် နိုင်လောက်သော အမြန်နှုန်းဖြင့် လုလျို၏ ကျောဘက်မှ ပေါ်ထွက်လာသည်။
စက္ကန့် အနည်းငယ်မျှ လေဟာနယ် ဆုတ်ဖြဲခြင်းကို ခံလိုက်ရသည်။
လုလျိုလည်း သူမထံ ဦးတည်လာနေသော အားလှိုင်းတစ်ခုကို ခံစားမိလိုက်ပြီး သူမ၏ မျက်နှာ အမူအရာမှာ ချက်ချင်းပြောင်းလဲ သွားသည်။ သို့သော်လည်း သူမက ကာကွယ်ရန် အသင့် အနေအထားတွင် ရှိမနေပေ။
တိုက်ခိုက်လိုက်သူက အချိန်ကိုက် ရွေးချယ်တတ် လွန်းပေသည်။
နီရဲနေသော အလင်းတန်း တစ်ခုက ရောက်ရှိလာခဲ့ပြီး လုလျိုကို ရိုက်ခတ်သော်လည်း ဇူယွမ်က အလျင်အမြန် ပြေးထွက်ခဲ့ပြီး ကျားတစ်ကောင် ကဲ့သို့ လုလျိုကို ခုန်အုပ်ကာ မြေပြင်ပေါ်သို့ တွန်းလဲချ လိုက်သည်။ သူတို့ အချိန်ခဏမျှ မြေပြင်ပေါ်တွင် လိမ့်ပြီးနောက် ရပ်တန့်သွားသည်။ ဇူယွမ်က လုလျို၏ ခန္ဓာကိုယ်အား သူ့ ခန္ဓာကိုယ်ဖြင့် အစမှအဆုံးထိ ကာကွယ်ပေးထားသည်။
”ဘုန်း …”
နီရဲသော အလင်းတန်းက မြေကွက်လပ်ကို သွားရောက်ထိမှန်ပြီး ကြမ်းတမ်းသော မူလချီ လှိုင်းတွေက ပတ်ဝန်းကျင်တွင် ပျံ့နှံ့နေသည်။ မြေပြင်မှာ ဆုတ်ဖြဲခြင်း ခံထားရပြီး အပူချိန်ကြောင့် ကျောက်တုံးများပင် အရည်ပျော် ကျနေသည်။
အပူလှိုင်းများကြောင့် ဇူယွမ်၏ အဝတ်အစား များမှာ တော်တော်လေးကို လောင်ကျွမ်းနေပြီး သူ၏ အရေပြား အချို့ပင် လောင်ကျွမ်းဒဏ် များကြောင့် နာကျင်နေသည်။ ဇူယွမ်က မျက်မှောင်ကြုတ် လိုက်ပြီး သွေးဆုတ် ဖြူရော်နေသည့် လုလျိုအား ငုံ့ကြည့်ပြီး မေးလိုက်သည်။ “မင်း ဒဏ်ရာရ သွားသေးလား”
သူမက အလွန်အမင်း ထိတ်လန့်တုန်လှုပ် နေသည်။ ဒါပေမဲ့ သူမက ခေါင်းခါယမ်း လိုက်ကာ တံတွေးတစ်ချက် မျိုချလိုက်သည်။
ဇူယွမ်က မတ်တတ်ရပ်လိုက်ပြီး လုလျိုကို ဆွဲထူလိုက်ပြီး သူတို့၏ အနောက်ဘက် တောအုပ်အတွင်းသို့ စိုက်ကြည့်ပြီး ပြောလိုက်သည်။ “ထွက်လာခဲ့ ခိုးကြောင်ခိုးဝှက် လုပ်မနေနဲ့”
လုလျို၏ မျက်လုံးရွဲကြီး များတွင် ဒေါသများဖြင့် ပြည့်နှက်လာပြီး အံကြိတ်လျက် ဇူယွမ် ကြည့်နေသော ဘက်သို့ လှည့်ကြည့်လိုက်သည်။ ဇူယွမ်သာ လျင်မြန်စွာ သူမအား မကာကွယ်ခဲ့ဘူး ဆိုလျှင် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်မှုက အောင်မြင်တော့မည် ဖြစ်သည်။
လုလျိုက ဒေါသထွက်စွာ အမိန့်ပေးလိုက်သည်။ “ရေခဲလုံးလေး၊ သွားပြီးတော့ သူကိုဖမ်းခဲ့”
”ဂီး”
ရေခဲငှက်လေးက ဒေါသတကြီး ဟစ်ကြွေးလိုက်ပြီး သူ၏တောင်ပံများကို ရုတ်တရက် တဖျပ်ဖျပ် ခတ်လိုက်သည်နှင့် အေးခဲနေသော လေများက ရှေ့သို့ အားကောင်းစွာ ထွက်ပေါ်လာသည်။ ထိုလေနှင့် ထိမိသော မည်သည့် သစ်ပင်မဆို အေးခဲသွားရသည်။
“ဟီး … ဟီး … ဘယ်လောက်ကြမ်းတမ်းတဲ့ မိန်းကလေးလဲ”
အေးခဲနေသော လေများ တိုက်ခတ်နေချိန်တွင် နီရဲသော အလင်းက ရုတ်တရက် ထွက်ပေါ်လာပြီး မီးတောက်များ တောက်လောင်ကာ တိုက်ခိုက်မှုအား ချေဖြတ်သည်။
နီရဲနေသော ချီများ ပျောက်ကွယ် သွားပြီးနောက် လှပသော မိန်းကလေး တစ်ယောက်က သူတို့နှစ်ယောက်ထံ လျှောက်လှမ်း လာသည်ကို ဇူယွမ်နှင့် လုလျိုတို့ မြင်လိုက်ရသည်။
သူမ အနီးသို့ ရောက်ရှိလာသည်နှင့် အလွန်အမင်း လှပသော မိန်းကလေးတစ်ယောက် ဖြစ်ပြီး သူမ၏ ဆံပင်များက မီးတောက်ကဲ့သို့ နီရဲနေသည်။
“မင်းက ဘယ်သူလဲ” ဇူယွမ်၏ မျက်ခုံးများက နီးကပ်သွားပြီး သူတို့ ထိုဆံပင် အနီနှင့် မိန်းကလေးအား ကောင်းစွာမသိပေ။
ဇူယွမ်၏ မေးခွန်းအားကြားသည့် အချိန်တွင် ဆံပင်အနီနှင့် မိန်းကလေးက တောက်ပစွာ ပြုံးလိုက်ပြီး လွန်စွာ ချစ်စဖွယ် ကောင်းသော အပြုံးတစ်ခုက သူမ၏ မျက်နှာပေါ်တွင် ပေါ်လာခဲ့သည်။ သို့သော်လည်း သူမ၏ အပြုံးတွင် နွေးထွေးမှု အနည်းငယ်မှပင် မပါဝင်ပဲ အေးစက်စက် ပြောလိုက်သည်။
“ကျူးယင် တုံးရွမ်တိုက်ကြီးက ကျူးကလန်က ကျူးယင်”