အပန်းဖြေခရီးထွက်ခြင်းဖြစ်စေ သို့မဟုတ် အခြားအကြောင်းများကြောင့် ခရီးထွက်ခြင်းဖြစ်စေ ခရီးသွားသူသည် တူညီသည့် ထူးဆန်းသောခံစားချက်တစ်မျိုးကို အမြဲခံစားရလေသည်။ အသွားခရီးသည် ကြာသလောက် အပြန်ခရီးသည် အလွန်မြန်သည်ဟုခံစားရခြင်းပင်။
လကမ္ဘာသို့ခရီးစဉ်သည်လည်း ထိုသို့သာဖြစ်သည်။ သူတို့၏ အပြန်ခရီးသည် လျင်မြန်ပေသည်။ သင်္ဘာကြီးသည် ကောင်းကင်တာအိုကျောင်းတော်၏ အဆင့်မြင့်ကျွန်းပေါ်တွင် ဆင်းသက်လိုက်သည်။ အခြေတည်အဆင့်သို့ အောင်အောင်မြင်မြင်တက်လှမ်းနိုင်ခဲ့သော သူများရော၊ မတက်လှမ်းနိုင်ခဲ့သူများပါ သင်္ဘောပေါ်မှ ဆင်းလိုက်ကြသည်။ သူတို့သည် လကမ္ဘာပေါ်တွင်တွေ့ခဲ့ရသော ကောင်းကင်နှင့်ကွာခြားသည် ကောင်းကင်ပြင်ကျယ်ကြီးနှင့် ဓားကြီးထိုးဖောက်နေသောနေမင်းကို ငေးကြည့်လိုက်ကြသည်။ သူတို့သည် ကျေးငှက်သာရကတို့၏အသံလေးများကို ကြားနေရပြီဖြစ်ပြီး ပန်းများ၏ ရနံကိုရနေကြပြီဖြစ်သည်။ သူတို့သည် လေထုထဲတွင် ရောယှက်နေသော ဝိညာဉ်ချီများကို ခံစားနိုင်ကြ၏။ ဝမ်ပေါင်လဲ့သည် နောက်ဆုံးတွင် အပြည့်အဝစိတ်လျှော့ချနိုင်ခဲ့ပေပြီ။
ဝမ်ပေါင်လဲ့သည် အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီဖြစ်၍ လုပ်စရာများတောင်ပုံရာပုံရှိနေသော်လည်း အချိန်အတော်ကြာ အပန်းဖြေခရီးထွက်ဦးမည်ဟု ဆုံးဖြတ်လိုက်သည်။ သူသည် သူ့မိဘများရှိရာ ဇာမနီမြို့တော်သို့ ခရီးထွက်မည်ဖြစ်သည်။
သူပြန်လာမည့်ကိစ္စသည် ဇာမနီမြို့တော်၏မြို့စားနှင့် မြို့တော်မှအရာရှိများအားလုံးအတွက် လွန်စွာအရေးကြီးပေသည်။ သူတို့သည် မြို့ပြင်သို့ထွက်၍ ဝမ်ပေါင်လဲ့ကို ကြိုဆိုသည်အထိ အကြီးအကျယ်မလုပ်သော်လည်း မြို့စားနှင့် လက်ထောက်မြို့စားတို့သည် သူတို့ကိုယ်တိုင် ဆိပ်ကမ်းအပြင်သို့သွား၍ ဝမ်ပေါင်လဲ့ရောက်လာသောအခါ သူနှင့်အတန်ငယ် စကားစမြည်ပြောခဲ့လေသည်။ သူတို့သည် ဝမ်ပေါင်လဲ့ သူ့မိသားစုနှင့် ပြန်လည်တွေ့စုံမည့်ကိစ္စကို နှောင့်နှေးအောင်မလုပ်တော့ဘဲ စကားအနည်းငယ်ပြောပြီးနောက် ပြန်ခဲ့ကြလေသည်။
ဝမ်ပေါင်လဲ့သည် အိမ်အပြန်လမ်းတစ်လျှောက်တွင် စိတ်ဓာတ်တက်ကြွနေခဲ့သည်။ သူသည် သူ့မိခင်၏ မြည်တွန်တောက်တီးမှုများကို လွန်စွာစိတ်ရှည်လက်ရှည် နားထောင်ခဲ့သည်။ သူ၏ဖခင်သည် အများအားဖြင့် တိတ်ဆိတ်နေပြီး တစ်ချက်ချက်သာ သူ့မိခင် မြည်တွန်တောက်တီးနေသည်ကို ကြားဖြတ်၍ စကားအနည်းငယ်ပြောကာ ဝင်ရောက်ပြောဆိုဆုံးမလေသည်။ ဝမ်ပေါင်လဲ့သည် ပြုံး၍သာနားထောင်နေ၏။ သူတို့မိသားစုသည် နောက်နှစ်ပတ်မျှ အတူတကွ စည်းစည်းလုံးလုံး၊ ပျော်ပျော်ရွှင်ရွှင်နေခဲ့ကြသည်။
ထိုနှစ်ပတ်အတွင်း ဝမ်ပေါင်လဲ့သည် သူ၏စိတ်ကို တည်ငြိမ်အောင်လုပ်ခဲ့ပြီး သူ့ကိုယ်တွင်းရှိ အစိမ်းရောင်ကြာပွင့်ကို ပို၍နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့သည်။ ထိုအစိမ်းရောင်ကြာပွင့်သည် သူ့ကျင့်ကြံခြင်းကို တိုးတက်စေသော အရာတစ်ခုဖြစ်ပြီး ၎င်း၏ သူ့ခန္ဓာကိုယ်အပေါ် သက်ရောက်မှုများသည် မယုံနိုင်လောက်အောင်ပင် တိုးပွားလာကြောင်း သူသိရှိလိုက်ရသည်။
ဝမ်ပေါင်လဲ့သည် လကမ္ဘာပေါ်တွင် သူ့ကိုသတ်ရန်လိုက်လာသူများလက်မှ ထွက်ပြေးခဲ့ရခြင်းကို ပြန်အမှတ်ရသွားသည်။ သူ၏ ဒဏ်ရာများသည် လွန်စွာလျင်မြန်သောနှုန်းဖြင့် ပျောက်ကင်းသွားခဲ့သောကြောင့်သာ သူအသက်ရှင်ခဲ့ခြင်းဖြစ်သည်။
သူ၏ခန္ဓာကိုယ်သည်လည်း အစိမ်းရောင်ကြာပွင့်ထံမှ အာဟာရများကို အများအပြားရခဲ့သည်။ ထိုအာဟာရသည် တစ်နေ့တခြား ဆပွားတိုးလာလေသည်။ သူ့ခန္ဓာကိုယ်၏ စွမ်းဆောင်ရည်သည် သူနှင့်အဆင့်တူသော သာမန်ကျင့်ကြံသူတစ်ဦးထက် သာလွန်နေပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့သိ၏။
တစ်နည်းဆိုရလျှင် အကယ်၍ သူသာ သူ၏ကျင့်ကြံခြင်းအစွမ်းများကိုပိုင်ဆိုင်သူ တစ်ယောက်၊ သူ၏သန်စွမ်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်သူကတစ်ယောက်ဟူ၍ သူ့ကိုယ်သူ လူနှစ်ယောက်အဖြစ် ခွဲလိုက်ကာ ထိုနှစ်ယောက်ကို အချင်းချင်း တိုက်ခိုက်ခိုင်းပါက အနိုင်ရရှိသူသည် သူ၏သန်စွမ်းသောခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသူသာ ဖြစ်ပေလိမ့်မည်။
အစိမ်းရောင်ကြာပွင့်သည် ဝါးမျိုခြင်းသစ်စေ့ကို လှုံ့ဆော်၍ သက်ရှိများအားလုံး၏ သက်စောင့်အားကို စုပ်ယူစေ၏။ ၎င်းသည် ဝါးမျိုခြင်းသစ်စေ့အတွင်း ရှိနေသည်ဖြစ်ရာ ဝါမျိုခြင်းသစ်စေ့မှစုပ်ယူလိုက်သည်များကို ၎င်းလည်းရရှိလေသည်။ ဝမ်ပေါင်လဲ့ ဝမ်းသာသွား၏။ သူသည် အစိမ်းရောင်ကြာပွင့်၏ အစေ့အစုနှင့် ၎င်းအတွင်းရှိ ကြာစေ့လေးစေ့ကိုလေ့လာလိုက်၏။ ကြာစေ့များသည် မဟူရာတန်ခိုးရှင်ဧကရာဇ်ကို ထိန်းချုပ်ရာ၌သာ အသုံးဝင်ခြင်းမဟုတ်တန်ရာဟု သူခံစားမိနေ၏။
သူသည် မကြာသေးခင်ကမှ အစိမ်းရောင်ကြာပွင့်ကို ရရှိထားခြင်းဖြစ်ရာ အချိန်တိုအတွင်း ကြာစေ့များ၏ ဝိသေသလက္ခဏာအပြည့်အဝကို မသိရှိနိုင်သေးပေ။ သူသည် ထိုကြာစေ့များကို စုပ်ယူရန် ကြိုးစားကြည့်သော်လည်း မလွယ်ကူကြောင်း သိရှိလိုက်ရသည်။
သူလက်မလျှော့ခဲ့ပေ။ သူ၏ အစိမ်းရောင်ကြာပွင့်အခြေတည်အဆင့်မှရရှိသည့် အကျိုးကျေးဇူးတချို့သည်ပင် သူ့ကို စိတ်လှုပ်ရှားယောက်ယက်ခတ်သွားစေနိုင်လေသည်။
‘ ဝါးမျိုခြင်းသစ်စေ့နဲ့သာဆိုရင် အစိမ်းရောင်ကြာပွင့်က အဆက်မပြတ် အာဟာရတွေရနေပြီး အဆင့်တက်လာမှာပဲ။ ကြာပွင့်သာ ကြီးထွားလာရင် ငါ့ရဲ့ ခန္ဓာကိုယ်ကလည်း ပိုပြီးသန်မာလာမှာပဲ ’
ဝမ်ပေါင်လဲ့ အသက်ပြင်းပြင်းရှူသွင်းလိုက်၏။ သူ၏အနာဂတ်သည် ပိုမိုတောက်ပလာပြီး မျှော်လင့်ချက်များပြည့်လာပြီဖြစ်ကြောင်း သူခံစားလိုက်ရသည်။ သူသည် လကမ္ဘာပေါ်တွင် ငရဲဂိတ်တံခါးမှနေ၍ ပြန်ကုတ်တက်ခဲ့ရသည်။ သို့သော် တန်ပေသည်။
ဝမ်ပေါင်လဲ့သည် သူ၏မိသားစုဘဝကို ပျော်ရွှင်စွာခံစားရင်း အစိမ်းရောင်ကြာပွင့်ကို ဆက်လက်လေ့လာနေခဲ့သည်။ သူသည် သူ့အိမ်တွင် ရက်အနည်းငယ်ဆက်၍ နေလိုသေးသော်လည်း ချန်းယွီထုံထံမှ အသံပို့လွှတ်အကြောင်းကြားမှုတစ်ခုကို သူ လက်ခံရရှိခဲ့၏။ ချန်းယွီထုံသည် ဓမ္မလက်နက်အဆောင်တွင် လွန်စွာအလုပ်များနေသဖြင့် တစ်ယောက်တည်းမနိုင်တော့ကြောင်း လှမ်း၍ပြောခြင်းပင်။ ကျောင်းတော်ကလည်း ဝမ်ပေါင်လဲ့ကို ကျောင်းတော်သို့ပြန်လာပြီး အခြေတည်အဆင့် မှော်အတတ်များကို လာရောက်ယူဆောင်ရန် အကြောင်းကြားခဲ့သည်။
ကျောင်းတော်မှ သူ့ကိုပြန်လာရန် အကြောင်းကြားမှုအပြင် သူ၏အိမ်တွင်လည်း သူ၏မိခင်သည် ဤရက်ပိုင်းအတွင်း သူ့ကိုကြင်ယာဘက်တွေ့ခိုင်းရန် စီစဉ်နေကြောင်းကို သူသိလိုက်ရသည်။ သူအတော်လေးတုန်လှုပ်သွား၏။
“ ချစ်မေကြီး… အမေ့ရဲ့သားက အခြေတည်အဆင့်ကျင့်ကြံသူ၊ ပါရမီရှင်လူငယ်လေး၊ ဓမ္မလက်နက်အဆောင်ရဲ့ လက်ထောက်အဆောင်မှူး..ပြီးတော့ ပြည်ထောင်စုပျိုးပင်တစ်ရာထဲက တစ်ယောက်လေ… ကျွန်တော် လမ်းမပေါ်ထွက်လျှောက်တဲ့အချိန်ဆို ကျွန်တော့်ကိုမသိတဲ့သူဆိုလို့ နည်းနည်းပဲရှိတယ်။ ကျွန်တော်စကားတစ်ခွန်းပြောလိုက်ရုံနဲ့ ကျွန်တော့်ရည်းစားဖြစ်ချင်တဲ့ မိန်းကလေးတွေ ဇာမနီမြို့တော်ကနေ ကောင်းကင်တာအိုကျောင်းအထိ တန်းစီနေလိမ့်မယ်။ အဲဒါတောင် ကျွန်တော်က ကျွန်တော့်ရဲ့ လူပျိုဘဝလေးကို ဖြေရှင်းဖို့ အောင်သွယ်လိုတယ်လို့ အမေကထင်နေသေးတာလား ”
“ ကြင်ယာဘက်တွေ့တယ်ဆိုတာ ကျွန်တော့်ရဲ့ ချောမောခံ့ညားတဲ့ရုပ်သွင်နဲ့ အရည်အချင်းတွေကို စော်ကားတာပဲ ”
ဝမ်ပေါင်လဲ့၏အမေသည် ဝမ်ပေါင်လဲ့၏ကန့်ကွက်စကားများကို ကြားသောအခါ မျက်လုံးပင့်၍ စိုက်ကြည့်လိုက်သည်။ သူမသည် ဝမ်ပေါင်လဲ့၏နားရွက်ကိုဆွဲလိုက်၏။ ထိုကဲ့သို့ အကျပ်အတည်းအတွင်း ဝမ်ပေါင်လဲ့သည် ရွေးစရာမရှိတော့သဖြင့် မကျေမနပ်ဖြစ်နေသော သူ၏မိဘများလက်မှလွတ်ရန် ဇာမနီမြို့မှ ခိုးထွက်ခဲ့ရလေတော့သည်။
ဝမ်ပေါင်လဲ့သည် သူ၏အပန်းဖြေခရီးကို ရပ်တန့်လိုက်ပြီး ကျောင်းတော်သို့ ပြန်ခဲ့လေသည်။ ဝမ်ပေါင်လဲ့ ချန်းယွီထုံထံမှ ပထမဆုံးကြားလိုက်ရသောအရာမှာ လကမ္ဘာပေါ်မှအကြီးအကျယ်ရှုံးနိမ့်မှုနောက်ပိုင်း ဆက်ဖြစ်သည့်ကိစ္စများဖြစ်သည်။
လကမ္ဘာပေါ်မှ နှစ်ပတ်စော၍ ပြန်ခဲ့သောသူများမှာ တာအိုကျောင်းတော်ကြီးလေးကျောင်းမှ တပည့်များသာမဟုတ်ဘဲ အခြားနိုင်ငံရေးအင်အားစုများလည်းပါလေသည်။ လကမ္ဘာပေါ်တွင် အမှန်တကယ်သုတ်သင်ရှင်းလင်းခြင်းသည် သူတို့ထွက်ခွာသွားမှ စတင်ခဲ့လေသည်။
အာဏာဖီဆန်သည့် အင်အားစုများကို လက်စတုံးရန်ကြံရွယ်ထားသည့် ထိုသုတ်သင်ရှင်းလင်းမှုကြောင့် သွေးချောင်းစီးခဲ့ပေသည်။
လကမ္ဘာပေါ်တွင် လုံးဝပရမ်းပတာဖြစ်ခဲ့လေသည်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်နှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းသည် မန္တန်အစီအရင်ကြီး၏ အချုပ်အနှောင်အတွင်း ပိတ်မိနေရာ ထွက်မပြေးနိုင်ခဲ့ကြပေ။ ထိုပုန်ကန်မှုတွင်ပါဝင်သော ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူတိုင်းသည် အမြုတေအဆင့်ဖြစ်စေ၊ အခြေတည်အဆင့်ဖြစ်စေ၊ အာနာပါနအဆင့်ဖြစ်စေ သုတ်သင်ခံခဲ့ရသည်။ ချွင်းချက်အနည်းငယ်သာ ရှိခဲ့လေသည်။ သုတ်သင်သူများမှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ အခြားမျိုးနွယ်မိသားစုများ ဖြစ်ပေသည်။
ထိုသုတ်သင်မှုသည် မဖြစ်မနေလုပ်ရမည့် ရှင်းလင်းမှုသာဖြစ်သည်။ သူတို့သည် ပြည်ထောင်စုကို အဖြေပေးရန် လိုအပ်နေပေသည်။ ထို့ပြင် ထိုအဖြေသည် သူတို့မျိုးနွယ်မှ မျိုးနွယ်ဝင်တစ်ထောင်ကျော်တို့၏ ဦးခေါင်းများဖြစ်လေသည်။
ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်သည် အခြားနေရာတွင်လည်း တန်ကြေးကြီးကြီးတစ်ခု ပေးခဲ့ရ၏။ သူတို့သည် သူတို့နယ်မြေများ၏ သုံးပုံတစ်ပုံနီးပါး ဆုံးရှုံးခဲ့၏။ ထိုအခါမှသာ ပြည်ထောင်စုနှင့် အခြားနိုင်ငံရေးအင်အားစုများသည် သူတို့ကို အလွတ်ပေးလိုက်ကြလေတော့သည်။ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်ကို ဆက်ဖိနှိပ်လျှင်လည်း ကြည့်ကောင်းတော့မည်မဟုတ်ပေ။
ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ကံကြမ္မာသည် ပို၍ပင်ဆိုးဝါးလေသည်။ သူတို့သည် ထိုကျဆုံးခဲ့သောပုန်ကုန်မှု၏ အဓိကကြိုးကိုင်သူများဖြစ်သည်။ ဂိုဏ်းချုပ်သည် နှစ်ခြောက်ဆယ် အခန်းအောင်းရန် အပြစ်ပေးခံလိုက်ရသည်။ ပြည်ထောင်စုအတွင်းမှ နိုင်ငံရေးအင်အားစုအသီးသီးသည် သူအပြင်သို့မထွက်နိုင်ရန် သူအခန်းအောင်းနေသည့်နေရာကို စောင့်ကြည့်နေမည်ဖြစ်သည်။
ဆည်းဆာကြယ်စင်စုဂိုဏ်း၏ အခြေတည်အဆင့်သို့တက်လှမ်းသွားနိုင်ခဲ့သော အာနာပါနအဆင့်ကျင့်ကြံသူအချို့မှလွဲ၍ လကမ္ဘာသို့လာခဲ့သော အခြားဆည်းဆာကြယ်စင်စုဂိုဏ်းသားအားလုံးကို သုတ်သင်ခဲ့လေသည်။ သူတို့၏ အရင်းအမြစ်များနှင့် သူတို့၏နယ်မြေများသည်လည်း တစ်ဝက်နီးပါးသိမ်းယူခံခဲ့ရသည်။
ထိုထိုးနှက်ချက်သည် ဆည်းဆာကြယ်စင်စုဂိုဏ်းကို အထိနာသွားစေလေသည်။ သူတို့သည် သူတို့ဆုံးရှုံးလိုက်ရသည်များကြောင့် ခံစားရသောနာကျင်မှုကို အချိန်အတော်ကြာ ခံစားနေရမည်ဖြစ်သည်။
နောက်ဆုံးတွင် လကမ္ဘာပုန်ကုန်မှုတွင် ပါဝင်ခဲ့သော ထိုနှစ်ဖွဲ့လုံးမှ အမြုတေအဆင့်ကျင့်ကြံသူအားလုံးကို ဖမ်းဆီးခဲ့သည်။ အဘွားကြီးမှလွဲ၍ ကျန်အမြုတေအဆင့်ကျင့်ကြံသူများသည် သူ့တို့ကိုယ်တွင်းရှိ အမြုတေကို ဆွဲထုတ်ခံရမည့် အလွန်ပြင်းထန်သည့်အပြစ်ဒဏ်ကို မခံခဲ့ရပေ။ သို့သော် သူတို့သည် သူတို့၏ကျန်ရှိနေသောဘဝကို ထောင်ထဲတွင်သာကုန်ဆုံး၍ ဘဝတစ်လျှောက်လုံး သူတို့၏အပြစ်ကြွေးကို ပေးဆပ်ရမည်ဖြစ်သည်။
ထိုပြစ်ဒဏ်သည် သေသည်ထက်ပင် ဆိုးဝါးပေသည်။
ထိုဖြစ်စဉ်တစ်ခုလုံးကို သတင်းဌာနများက ကျယ်ကျယ်ပြန့်ပြန့် ထုတ်လွှင့်ကြ၏။ ပြည်ထောင်စုအတွင်းရှိ လူအားလုံး ထိုအကြောင်းကို သိလေသည်။ ပြည်ထောင်စုဥက္ကဋ္ဌသွမ့်မုချွယ်၏ ကျော်ကြားမှုသည် ချက်ချင်းပင် မိုးထိုးသွားကာ ထိုဖြစ်စဉ်ကြောင့် ယခင်ဥက္ကဋ္ဌဟောင်း၏ကျော်ကြားမှုကိုပင် ကျော်သွားလေသည်။
လက်ရှိ နိုင်ငံရေးအခြေအနေတွင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့ အလွန်အားနည်းသွားသောအခါ ပြည်ထောင်စုနှင့် ကောင်းမွန်သောဆက်ဆံရေးကို ထိန်းသိမ်းထားခဲ့သည့် လသုံးစင်းမဟာမိတ်သည် အကျိုးအမြတ်အများအပြား ရရှိသွားသည်။ သီးခြားနေတတ်သော ယွီဟွားရှန်ထျန်းဂိုဏ်းမှာမူ ထိုအဖြစ်အပျက်အပြီးတွင်လည်း တသီးတခြားသာ ဆက်နေခဲ့သည်။
အမှန်တရားကို မသိသောလူများ၏အမြင်တွင် လကမ္ဘာပုန်ကန်မှုကို ပြည်ထောင်စု၏တုံ့ပြန်မှုသည် နှေးသော်လည်း ပြတ်သားသည်ဟု ထင်ပေလိမ့်မည်။ သူတို့သည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့သည်လည်း ထိုဖြစ်စဉ်တစ်ခုလုံးတွင် ခံရသူများဖြစ်သည်ဟု ခံစားကောင်းခံစားနေရနိုင်ပေသည်။ ထိုအဖွဲ့အစည်းနှစ်ခုသည် ကြီးမားသောတန်ကြေးကို ပြန်၍ပေးပြီးဖြစ်သဖြင့် သူတို့၏ပြစ်မှုများကို ခွင့်လွတ်သင့်သည်ဟု ထင်ကောင်းထင်ပေလိမ့်မည်။
သို့သော် နောက်ဆုံးတွင်ပြုလုပ်ခဲ့သော ညှိနှိုင်းမှုများနှင့် ရွေးချယ်မှုများသည် စကားလုံးအနည်းငယ်ဖြင့် အလွယ်တကူရှင်းပြ၍ရသော အရာများမဟုတ်ကြောင်း ဝမ်ပေါင်လဲ့သိပေသည်။ သူသည် အခြေအမြစ်မရှိဘဲ လျှောက်၍ ခန့်မှန်းကြည့်မနေလိုပေ။ သူသည် ချန်းယွီထုံကို နှုတ်ဆက်ပြီးနောက် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး လုပ်ရန်လိုအပ်သည့်ကိစ္စများထဲတွင်သာ အပြည့်အဝအာရုံစိုက်လိုက်လေတော့သည်။
ပထမဆုံးကိစ္စမှာ ကျောင်းတော်ကပေးသည့် အခြေတည်အဆင့် မှော်အတတ်များဖြစ်သည်။ ကောင်းကင်တာအိုကျောင်းတော်တွင် အခြေတည်အဆင့် မှော်အတတ်များစွာရှိ၏။ အများဆုံးလေ့ကျင့်သည့် အတတ်တစ်ခုမှာ ကောင်းကင်ဖောက်ထွင်းအတတ်ဖြစ်သည်။
ထိုအတတ်သည် ရိုးရှင်းကာ အန္တရာယ်ကင်းပြီး တပည့်အများစုနှင့် သင့်တော်ပေသည်။ သို့သော် ဝမ်ပေါင်လဲ့သည် ထိုအသုံးများသည့် အတတ်ကိုမရရှိခဲ့ပေ။ ထိုအစား ကျောင်းတော်သည် သူ့ကို အကောင်းပကတိရတနာများကို အခြေခံအဖြစ်ရရှိထားသူတချို့သာ ကျင့်ကြံသည့် ကျောင်းတော်အတွင်းရှိ ထိပ်တန်း အခြေတည်အဆင့် မှော်အတတ်သုံးခုအတွင်းမှ တစ်ခုကို ရွေးချယ်ခိုင်းလေသည်။
ပထမအတတ်မှာ ကောင်းကင်ကိုးပါးသတ်ဖြတ်အတတ်ဖြစ်သည်။ ဒုတိယအတတ်မှာ ဓာတ်ငါးပါးပေါင်းစည်းမှော်အတတ်ဖြစ်ပြီး တတိယအတတ်မှာ လျှပ်စီးတာအိုအတတ်၏ ပထမတွဲဖြစ်သည်။
ကောင်းကင်ကိုးပါးသတ်ဖြတ်အတတ်သည် ဂိုဏ်းစောင့်အကြီးအကဲ တီထွင်ထားသော အတတ်ဖြစ်သည်။ ထိုအတတ်၏အစွမ်းကို လျှော့တွက်၍မရပေ။ ထို့ပြင် ထိုအတတ်သည် အကောင်းပကတိရတနာကိုသုံး၍ အခြေတည်အဆင့်တက်လှမ်းနိုင်ခဲ့သော ကျောင်းတော်မှတပည့်များနှင့် သင့်တော်ပေသည်။ ဓာတ်ငါးပါးပေါင်းစည်းမှော်အတတ်ကို ရှေးဟောင်းဓားကြီးပေါ်မှ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ထိုအတတ်သည် ပြီးပြည့်စုံသောမှော်အတတ်တစ်ခုဖြစ်ပြီး ပထမအတတ်ကဲ့သို့ပင် အစွမ်းထက်လေသည်။ ထိုအတတ်ကိုတတ်လျှင် ဓာတ်ငါးပါးလုံးကို အသုံးပြုနိုင်ပြီး ဓာတ်ငါးပါးကိုယ်ယောင်ဖျောက်အတတ်သည် ထိုမှော်အတတ်၏အနှစ်သာရဖြစ်သည်။
လျှပ်စီးတာအို ပထမတွဲမှာမူ ဧရာမဓားကြီးထံမှ ရရှိခဲ့ခြင်းမဟုတ်ပေ။ ဥက္ကာခဲတစ်ခုပေါ်မှ ရရှိခဲ့ခြင်းဖြစ်သည်။ ထိုဥက္ကာခဲသည် ရှေးဟောင်းကြေးညိုရောင်ဓားကြီးရောက်မလာခင်ကပင် ကမ္ဘာမြေပေါ်သို့ ကျရောက်လာခြင်းဖြစ်ပြီး လွန်ခဲ့သည့်နှစ်နှစ်သန်းခန့်က ကျရောက်လာခဲ့ခြင်းပင်။ ထိုဥက္ကာခဲစတင်ကျဆင်းလာခဲ့စဉ်က ၎င်းကို မည်သူမှအရေးမစိုက်ခဲ့ပေ။ ရှေးဟောင်းကြေးညိုရောင်ဓားကြီး ရောက်ရှိလာပြီး ကမ္ဘာမြေပေါ်တွင် ဝိညာဉ်ချီများပေါ်ထွက်လာသည့်အချိန်မှသာ ထိုဥက္ကာခဲကို အရေးစိုက်ခဲ့ကြလေသည်။ ထိုအခါမှ လူများသည် ဥက္ကာခဲပေါ်ရှိ ကမ္ပည်းစာများကို တွေ့ရှိခဲ့ကြ၏။ ထိုကမ္ပည်းစာများသည် တဖြည်းဖြည်းဖြင့် ကောင်းကင်တာအိုကျောင်းတော်၏ လက်အတွင်းသို့ ရောက်လာခဲ့သည်။
ထိုဥက္ကာခဲကြီးပေါ်တွင် ထွင်းထားသော ကမ္ပည်းစာများမှနေ၍ လျှပ်စီးတာအို ပထမတွဲဖြစ်ပေါ်လာခြင်းပင်။
ထိုမှော်အတတ်သုံးမျိုးလုံးသည် အကောင်းပကတိရတနာကို အသုံးပြု၍ အခြေတည်အဆင့်သို့တက်လှမ်းခဲ့သူများသာ ကျင့်ကြံနိုင်သောမှော်အတတ်များဖြစ်လေသည်။ မဟုတ်လျှင် အောင်အောင်မြင်မြင်ကျင့်ကြံနိုင်ရန် လွန်စွာခက်ခဲပေသည်။ အကောင်းဆုံးအခြေအနေတွင် ကျင့်ကြံသူသည် ထိုမှော်အတတ်များ၏ ထိန်းချုပ်မှုကို ပြန်၍ခံရသွားနိုင်သည်။ အဆိုးဆုံးအခြေအနေတွင်တော့ ကျင့်ကြံသူသည် ရူးသွပ်ကာ ချက်ချင်းပင် ခန္ဓာကိုယ်ပေါက်ကွဲသေဆုံးသွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် ထိုမှော်အတတ်သုံးမျိုး၏ အကျိုးအပြစ်များကို ချိန်ဆကြည့်နေ၏။ သူသည် ကောင်းကင်ကိုးပါးသတ်ဖြတ်အတတ်နှင့် ဓာတ်ငါးပါးပေါင်းစည်းမှော်အတတ်ကို မရွေးချယ်လိုက်ပေ။ ကောင်းကင်ကိုးပါးသတ်ဖြတ်အတတ်သည် သတ္တုရတနာကိုသုံး၍ အခြေတည်အဆင့်တက်လှမ်းခဲ့သူများအတွက် အသင့်တော်ဆုံးဖြစ်သည်။ သူ၏ အခြေတည်ရတနာသည် ဆေးပုလင်းတစ်လုံးကဲ့သို့ ပုံသဏ္ဍာန်ရှိသော်လည်း အမှန်တွင် အစိမ်းရောင်ကြာပွင့်တစ်ပွင့်ဖြစ်လေသည်။
ဓာတ်ငါးပါးပေါင်းစည်းမှော်အတတ်ကို ကျင့်ကြံလျှင် သူ၏ကိုယ်တွင်းတွင် ဓာတ်ငါးပါးလုံး၏ ဝိညာဉ်ချီများကို ထုတ်ပေးနိုင်မည်ဖြစ်သည်။ ထိုအတတ်သည် အစွမ်းကြီးသော်လည်း ကိုယ်တွင်းရှိ ဓာတ်တစ်ပါးပါး၏ ဝိညာဉ်ချီသည် လွန်စွာအားကောင်းလာခဲ့ပါက အခြားဓာတ်များ၏ ဝိညာဉ်ချီကို ထိခိုက်စေပေမလိမ့်မည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့တွင် ရွေးစရာတစ်ခုသာ ကျန်တော့လေသည်။ ထိုရွေးစရာကား လျှပ်စီးတာအို ပထမတွဲပင်။ ထိုအတတ်ကို ကျင့်ကြံလျှင်ရမည့်ကောင်းကျိုးထဲတွင် ကျင့်ကြံသူ၏ခန္ဓာကိုယ်ကို သန်မာလာစေသောအကျိုးကျေးဇူးတစ်ခုပါလေသည်။ ဝမ်ပေါင်လဲ့သည် အတန်ငယ်တွေးတောပြီးနောက် ထိုအတတ်ကိုပင်ရွေးချယ်ရန် ဆုံးဖြတ်လိုက်တော့သည်။
လျှပ်စီးတာအို ပထမတွဲတွင် အဆင့်လေးဆင့်ရှိပေသည်။ ထိုအဆင့်လေးဆင့်သည် အခြေတည်အဆင့်၏ အစောပိုင်းအဆင့်၊ အလယ်အလတ်အဆင့်၊ နှောင်းပိုင်းအဆင့်နှင့် အထွတ်အထိပ်အဆင့်ဟူသောအဆင့်များနှင့် ဆင်တူပေသည်။ အဆင့်တစ်ဆင့်ချင်းစီတွင် ကျင့်ကြံသူ၏ ခန္ဓာကိုယ်တွင် လျှပ်စီးမင်ကြောင်တစ်ခု ပေါ်လာမည်ဖြစ်သည်။ ကျင့်ကြံသူသည် ထိုမင်ကြောင်ကို ထိန်းသိမ်း၍ အစွမ်းဖြည့်ပေးပါက ၎င်းသည် တဖြည်းဖြည်းဖြင့် လျှပ်စီးအစစ်တစ်ခုအဖြစ် ပြောင်းလဲသွားမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့သည် အတန်ကြာ လေ့လာတွေးတောပြီးသောအခါ သူသည် သူ၏ရန်သူအား ကန်ရသည်ကို နှစ်သက်ကြောင်းတွေးမိကာ ပြုံးမိသွား၏။ အထူးသဖြင့် ရန်သူ၏ဂွကြားကို ကန်ရခြင်းကို ပို၍နှစ်သက်ပေသည်။ ကန်ချက်၏ ပြေပြစ်မှုနှင့် ထိုကန်ချက်ကြောင့် ရရှိသွားမည့် ထိခိုက်မှုသည် အံ့အားသင့်ဖွယ်ကောင်းပေသည်။ ထို့ကြောင့် သူသည် သူ၏ပထမဆုံး လျှပ်စီးမင်ကြောင်ကို သူ၏ညာဘက်ခြေထောက်တွင်ထားရန် ဆုံးဖြတ်လိုက်သည်။
‘ အဲဒီလိုဆို ငါတစ်ယောက်ယောက်ကို ကန်လိုက်တိုင်း လျှပ်စီးတွေထွက်လာမှာပဲ။ သူတို့က ကန်ချက်ကိုကာနိုင်လိုက်တယ်ဆိုရင်တောင် ဓာတ်လိုက်သွားဦးမှာပဲ။ သူတို့ အဲဒါကို မျှော်လင့်ထားမှာ မဟုတ်ဘူး။ အဲ့လိုဆို ကောင်းတယ် ’
ဝမ်ပေါင်လဲ့သည် ထိုသို့တွေး၍ အလွန်ကျေနပ်ပီတိဖြစ်နေလေသည်။ သူသည် ကျင့်ကြံနေစဉ်တွင် အနက်ရောင်မျက်နှာဖုံးအတွင်းမှ မမလေးအကြောင်းကို တွေးမိသွား၏။ သူ၏မျက်လုံးများ အရောင်တောက်သွားလေသည်။
‘ မမလေးက ငါရှေးဟောင်းသိုင်းအဆင့်မှာပဲရှိတုန်းက ငါ့ကို မဟာဟင်းလင်းပြင်ချီဝါးမျိုခြင်းအတတ်ကို သင်ပေးထားတာပဲ… ပြီးတော့ ငါ အခြေတည်အဆင့်မရောက်ခင်တုန်းက ဖိသိပ်ခြင်းပညာရပ်ကို သင်ပေးတယ်။ အခု ငါအခြေတည်အဆင့်ကို ရောက်သွားပြီဆိုတော့ သူ့မှာ လျှပ်စီးတာအို ပထမတွဲထက်ပိုကောင်းတဲ့ တစ်ခုခုတော့ ရှိမှာပဲ ’
ဝမ်ပေါင်လဲ့သည် ထိုသို့တွေးမိသောအခါ စိတ်လှုပ်ရှားသွားသည်။ သူသည် အနက်ရောင်မျက်နှာဖုံးလေးကို ချက်ချင်းထုတ်လိုက်ပြီး မမလေးကို ဆက်သွယ်လိုက်လေတော့သည်။