Switch Mode

အခန်း ( ၂၈၆ )

နှုတ်ဆက်ပါတယ် လမင်းကြီး

ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကို မြင်လိုက်ရသောအခါ ကျေနပ်အားရစွာ ပြုံးလိုက်၏။ ကောင်းကင်တာအိုကျောင်းမှာ ဤ အရှုပ်ထုပ်ကြီးထဲတွင် ဝင်ပါရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိခဲ့ပေ။ သူကိုယ်တိုင် သဘောကျနှစ်သက်ပြီး ထွန်းလင်းတောက်ပသော အနာဂတ်တစ်ခုကို မလွဲမသွေ ပိုင်ဆိုင်ရလိမ့်မည်ဟု သတ်မှတ်ထားသော စံပြကျောင်းသားတစ်ယောက် သူ၏ကျောင်းအား မျှော်လင့်ချက်များ ကုန်ဆုံးသွားပြီး မကျေမနပ် ဖြစ်သွားမည်ကို သူက မလိုလားပေ။

ဂိုဏ်းစောင့်အကြီးအကဲ၏ အတွေးမှာလည်း ထိုနည်းတူပင်ဖြစ်ရပေမည်။ ထို့ကြောင့်လည်း သူကိုယ်တိုင် ဝမ်ပေါင်လဲ့အတွက် လက်စားချေပေးခဲ့သည် မဟုတ်ပါလော။ သူသည် အဘွားကြီးအား အသက်ရှင်ခွင့်ပေးခဲ့သည်မှာ သနားသောကြောင့်မဟုတ်ဘဲ ပိုမိုကြီးလေးသော ပြစ်ဒဏ်တစ်ခု ချမှတ်ပြီး အခြားနိုင်ငံရေးအင်အားစုများကိုပါ သတိပေးရန်ဖြစ်သည်။ ထို့အပြင် ထိုလုပ်ရပ်မှာ သမင်ဖြူတာအိုကျောင်းနှင့် လက်ရှိပြည်ထောင်စုဥက္ကဋ္ဌကြီးတို့အား သူတို့၏ မကျေနပ်ချက်များကို ထုတ်ဖော်ပြသရာလည်း ရောက်ပေသည်။

ဝမ်ပေါင်လဲ့၏ မျက်နှာအမူအရာကြောင့် သူတို့လုပ်ခဲ့သမျှ အရာအားလုံးမှာ အချည်းနှီး မဟုတ်ကြောင်း သူက ခံစားလိုက်ရ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့နှင့် အချိန်အနည်းငယ်ခန့်ထပ်၍ ပျော်ရွှင်စွာ စကားစမြည် ပြောဆိုနေလိုက်တော့သည်။ ထို့နောက် သူ ထွက်ခွာမသွားခင် ဝမ်ပေါင်လဲ့အား ဆေးပုလင်းတစ်ပုလင်းပေးအပ်ခဲ့၏။

ထိုပုလင်းထဲတွင် ဒဏ်ရာပျောက်ကင်းစေနိုင်သည့် ရှားပါးဆေးလုံးများ ပါဝင်နေသည်။ အရောင်ငါးရောင်ရှိသည့် ဆေးလုံးသုံးပင် ဖြစ်သည်။ ထိုဆေးလုံး တစ်လုံးချင်းစီတိုင်းမှာ အလွန်အင်မတန်မှ ဈေးကြီးပေသည်။ အဘယ့်ကြောင့်ဆိုသော် ထိုဆေးလုံးသုံးလုံးနှင့်ဆိုလျှင် သေခါနီးဆဲဆဲ ဖြစ်နေသော လူတစ်ယောက်ကို သုံးကြိမ်တိတိ ကယ်တင်နိုင်သောကြောင့်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ဂိုဏ်းချုပ်ကြီးအား နှုတ်ဆက်လိုက်ပြီးနောက် သူ၏နေအိမ်အပြင်ဘက်တွင် ရပ်နေ၏။ ထို့နောက် သူသည် ခေါင်းမော့ကာ ကောင်းကင်ကြီးအား စိုက်ကြည့်နေလိုက်တော့သည်။ အချိန်အတော်အတန်ကြာပြီးမှ သူသည် အသက်ပြင်းပြင်း ရှူလိုက်၏။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ တင်းမာမှုများ ပြေလျော့သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက် သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ဖြစ်ပျက်ခဲ့သော အရာအားလုံးကို ပြန်၍တွေးတောကြည့်လိုက်၏။ ထိုအဖြစ်အပျက်အားလုံးမှာ ဘဝတစ်ခုခြားနေသကဲ့သို့ ခံစားနေရပြီဖြစ်သည်။

အချိန်အတော်အတန်ကြာပြီးနောက် ဝမ်ပေါင်လဲ့မှာ အားရကျေနပ်နေသည့် အမူအရာဖြင့် သက်ပြင်းအရှည်ကြီး ချလိုက်တော့သည်။

” ဒီလိုပဲကောင်းပါတယ်။ သေဒဏ်ဆိုရင် သက်သာလွန်းနေဦးမှာ…. သေရင်က တစ်ခဏပဲ နာကျင်ခံစားရမှာလေ။ အခုဆိုရင် သူက နှစ်နဲ့ချီပြီးတော့ မရပ်မနား နာကျင်ခံစားနေရတော့မှာ။ ဆယ်စုနှစ်တွေ အများကြီးအထိတောင် ကြာရင်ကြာသွားနိုင်တယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ထိုစုန်းမအိုကြီးအပေါ် ထားရှိသော သူ၏ အမုန်းတရားများကို ဖြေဖျောက်လိုက်တော့သည်။

” ဆည်းဆာကြယ်စင်စုဂိုဏ်းကိုတော့…. ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ ထို့နောက် သူ၏မျက်ဝန်းများထဲရှိ အေးစက်စက် အလင်းရောင်များကို ဖုံးကွယ်ထားလိုက်တော့သည်။

” အဲဒါဆို အခု ကမ္ဘာကို ပြန်ဖို့ပဲ ကျန်တော့တာ ”
ဝမ်ပေါင်လဲ့မှာ သူ၏အတွေးများနှင့် ခံစားချက်များကို နှလုံးသားထဲ၌ မြှုပ်နှံထားလိုက်တော့သည်။ ထို့နောက် ကောင်းကင်ယံထဲရှိ ကြယ်များကြားတွင် ရှိနေသော ကမ္ဘာကြီးအား လှမ်း၍ကြည့်လိုက်၏။ သူသည် ကြယ်တာရာများဖြင့် ပြည့်နှက်နေသည့် အပြာရောင် ကောင်းကင်ကြီးကို အကဲခတ်ကြည့်ရှုနေရင်း သူ၏နှလုံးသားထဲ၌ လွမ်းဆွတ်တမ်းတမှုများ စတင်ပျံ့လွင့်လာတော့သည်။ သူသည် သူ၏ မိဘများ၊ ကျောင်းတွင်ကျန်ရစ်ခဲ့သော လူများ၊ သူတို့၏ နေ့စဉ်ဓူ၀ လုပ်ငန်းများနှင့် ကျောင်းထဲရှိ သစ်ပင်များနှင့် သစ်ရွက်များအားလုံးကိုပါ လွမ်းဆွတ်တမ်းတနေတော့သည်။

ဝမ်ပေါင်လဲ့ ထင်ထားခဲ့သည့်အတိုင်းပင်။ ညအချိန်သို့ရောက်သောအခါ မနက်ဖြန်တွင် ကမ္ဘာကြီးဆီသို့ ပြန်ရမည်ဖြစ်ကြောင်း ကျောင်းက အသိပေးသည့် အကြောင်းကြားစာတစ်စောင်ကို လက်ခံရရှိလိုက်သည်။ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာကြီးနှင့် ပတ်သက်သော ကိစ္စရပ်များအားလုံးကို ဖြေရှင်းပြီးသွားပြီဖြစ်ကြောင်း အထင်အရှား သိနိုင်ပေသည်။ သူတို့၏ပူးပေါင်းဆောင်ရွက်မှုများနဲ့ အကူအညီများကို မလိုအပ်တော့သောကြောင့် သူတို့မှာ ဤနယ်မြေထဲမှ ထွက်ခွာခွင့် ရှိသွားပြီဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ သူ၏ ပစ္စည်းများကို ထုပ်ပိုးလိုက်ပြီးနောက် တင်ပျဉ်ခွေထိုင်ချလိုက်၏။ သူသည် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး ဖြစ်ပျက်သမျှအရာအားလုံးကို သင်ပုန်းချ ကျေအေးလိုက်တော့သည်။ ထိုသို့ဖြင့် ညဉ့်နက်သန်းခေါင်ယံအချိန်သို့ ရောက်လာချိန်တွင် သူ၏ နေအိမ်အပြင်ဘက်၌ မျှော်လင့်မထားသော ဧည့်သည်တစ်ယောက် ရောက်ရှိလာသည်။

တံခါးခေါက်သံများမှာ သူ၏ အခန်းထဲ၌ ပဲ့တင်ထပ်သွား၏။ ထိုအခါ တရားထိုင်နေသော ဝမ်ပေါင်လဲ့မှာ အံ့အားသင့်သွားရပြီး ခေါင်းမော့ကြည့်လိုက်၏။ ထိုအခါ သူ၏ အခန်းတံခါးမှာ တိတ်ဆိတ်စွာ ပွင့်သွားပြီး သူ၏အခန်းအပြင်ဘက်တွင် ရပ်နေသော အရပ်ထောင်ထောင်မောင်းမောင်းနှင့် လူရိပ်ကြီးတစ်ခု ပေါ်လာတော့သည်။

သူသည် တံခါးရှေ့တွင် မားမားမတ်မတ် ရပ်နေပြီး စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် ဖိနှိပ်အားကောင်းသည့် အငွေ့အသက်တစ်ခုကို ထုတ်လွှတ်နေသည်။ ထို့အပြင် လေထုထဲ၌ သွေးရောင်ဝိညာဥ်စွမ်းအင်များမှာလည်း တလိပ်လိပ်ထနေ၏။ သူသည် သူ၏စွမ်းအင်များကို ချုပ်တည်းထားသည့်တိုင်အောင် စွမ်းအင်အချို့မှာ ထိုးထွက်လာပြီး အခန်းထဲ၌ ပျံ့နှံ့သွား၏။

ဝမ်ပေါင်လဲ့မှာ ထိုစွမ်းအင် အမျိုးအစားနှင့် ရင်းနှီးနေပြီးသားဖြစ်သည်။ ၎င်းမှာ နတ်ဘုရားလက်နက်၏ စွမ်းအင်များပင် ဖြစ်သည်။

ထို့အပြင် သူသည် သူ၏အနားသို့ ချဉ်းကပ်လာသော လူကြီးကိုလည်း သိထားပြီးသားဖြစ်သည်။ ထိုလူကြီးမှာ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်ပင် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ အသိစိတ်များ ဗြောင်းဆန်သွားရပြီး ချက်ချင်းဆိုသလိုပင် သတိကြီးကြီးထားမိလိုက်၏။ သူသည် ချက်ချင်းပင် မတ်တတ်ထရပ်လိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ သွမ့်မုချွယ်အား ဦးညွှတ်အရိုအသေပေးလိုက်၏။

” မင်္ဂလာပါ ဥက္ကဋ္ဌကြီး ”

သွမ့်မုချွယ်မှာ ချက်ချင်းစကားပြောခြင်း မရှိဘဲ အ‌ပေါက်ဝ၌ရပ်ကာ ဝမ်ပေါင်လဲ့အား အကဲခတ်လိုက်၏။ သူ၏ လိမ္မာပါးနပ်မှုများနှင့် နှစ်ပေါင်းများစွာသော အတွေ့အကြုံများကြောင့် ဝမ်ပေါင်လဲ့မှာ သူ့အား သတိကြီးကြီးထား၍ အကဲခတ်နေကြောင်း သူက သိလိုက်၏။ ထို့ကြောင့် သူသည် သူ၏ စွမ်းအင်အငွေ့အသက်များကို လျှော့ချခြင်း မရှိသည့်အပြင် ပို၍ပင် မြှင့်တင်လိုက်၏။

ဝမ်ပေါင်လဲ့မှာမူ သွမ့်မုချွယ်၏ အပြုံးကို စိုက်ကြည့်နေရင်း အသက်ရှူသံများ မြန်ဆန်လာ၏။ သူ၏ ဝမ်းတွင်းအသိစိတ်များမှာ သူ့အား နောက်သို့ဆုတ်ရန် ဆော်ဩနေပြီဖြစ်သည်။ သွမ့်မုချွယ်နှင့် ယခုအကြိမ် ဆုံတွေ့မှုမှာ ပြည်ထောင်စုကြီး၏ ပျိုးပင်တစ်ရာဆုချီးမြှင့်ပွဲ အခမ်းအနား၌ သူတို့နှစ်ယောက် ကြုံတွေ့ခဲ့ရသည့် အခိုက်အတန့်မျိုးနှင့် လုံးဝမတူပေ။

ထိုစဉ်တုန်းက ဝမ်ပေါင်လဲ့မှာ သွမ့်မုချွယ်ကို မသိသေးပေ။ သို့သော် ယခုတွင်မူ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာတွင် သူကြုံတွေ့ခဲ့ရသော ဖြစ်ရပ်များကြောင့် သူသည် ကောက်ချက်ချပြီးသွားပြီ ဖြစ်သည်။ သူသည် သွမ့်မုချွယ်မှာ ဉာဏ်နီဉာဏ်နက်များပြီး သူ၏အတွေးများမှာ အလွန် နက်ရှိုင်းသည်ကို သိထားပြီးသားဖြစ်သည်။

အကယ်၍ သူတို့မှာ ကမ္ဘာကြီးပေါ်တွင်သာ ရှိနေခဲ့မည်ဆိုပါက ဝမ်ပေါင်လဲ့မှာ ယခုထက်ပို၍ စိုးထိတ်နေမည်သာ ဖြစ်သည်။ သို့သော် ယခုတွင် သူတို့မှာ လမင်းကြီးပေါ်သို့ ရောက်နေသည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့မှာ ညနတ်ဆိုးဧကရာဇ်ကြီးနှင့် သူ၏ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပွင့်လေးကို ပြန်၍အမှတ်ရသွားသောကြောင့် ယုံကြည်မှုများ အနည်းငယ်ခန့် ပြန်လည်ရှင်သန်လာ၏။ ထို့ကြောင့် သူသည် နောက်သို့ ‌ဆုတ်ခွာသွားခြင်းမရှိဘဲ ခေါင်းမော့ကာ သွမ့်မုချွယ်၏ မျက်ဝန်းများကို စိုက်ကြည့်လိုက်တော့သည်။

သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသောအခါ သွမ့်မုချွယ်၏ မျက်ဝန်းများထဲတွင် အံအားသင့်သွားသည့် အရိပ်အယောင်တစ်ခု ဖျတ်ခနဲ လက်သွား၏။ ထို့နောက် ထိုအံ့အားသင့်မှုများမှာ တဖြည်းဖြည်းနှင့် သဘောကျနှစ်သက်မှုများအသွင် ပြောင်းလဲသွားပြီး သူသည် ပြုံးလိုက်တော့သည်။

” ဝမ်ပေါင်လဲ့။ ငါနဲ့တူတူ လမ်းလျှောက်လိုက်ခဲ့ပါဦး ”
သူသည် ထိုသို့ဆိုလိုက်ပြီးနောက် နောက်သို့လှည့်ကာ ထွက်ခွာသွား၏။

ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သွမ့်မုချွယ်နောက်သို့ လိုက်သွားလိုက်သည်။ ထို့နောက် သူတို့မှာ ကျယ်ပြောလှသော စခန်းကြီးထဲတွင် စတင် လမ်းလျှောက်နေလိုက်တော့သည်။

သူတို့မှာ စခန်းထဲမှ ထွက်ခွာသွားခြင်းမရှိဘဲ စခန်းထဲရှိ လမ်းငယ်လေး တစ်ခုပေါ်တွင် လမ်းလျှောက်နေကြခြင်းဖြစ်သည်။ သူတို့၏ ခေါင်းပေါ်၌ ရှိနေသော မီးအိမ်များကြောင့် မြေပြင်ပေါ်သို့ အလင်းရောင်မှိန်မှိန်လေး ကျနေ၏။ နာရီဝက်တိတိ ကုန်ဆုံးသွားပြီးသည့်တိုင်အောင် သွမ့်မုချွယ်မှာ စကားတစ်ခွန်းမှ မပြောသေးသလို ဝမ်ပေါင်လဲ့မှာလည်း ဆိတ်ငြိမ်နေဆဲပင်။

သူတို့မှာ ပြန်လည်ပြုပြင်တည်ဆောက်နေဆဲဖြစ်သည့် စေတီတစ်ဆူ၏ဘေးမှ ဖြတ်လျှောက်သွား၏။ သွမ့်မုချွယ်မှာ ရှေ့သို့ဆက်ကြည့်နေရင်း စကားစပြောလိုက်၏။

” ဝမ်ပေါင်လဲ့။ မင်း မြို့တော်ထဲမှာတုန်းက ပြည်ထောင်စုဥက္ကဋ္ဌဖြစ်လာချင်ရင် ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ ငါ့ကို မေးခဲ့တယ်နော် ”
သွမ့်မုချွယ်၏ စကားများကို ကြားလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာပြီး သွမ့်မုချွယ်၏ နောက်ကျောအား စိုက်ကြည့်နေလိုက်၏။ ၎င်းမှာ သူ၏ ရည်မှန်းချက်ပန်းတိုင် ဖြစ်သောကြောင့် သူသည် ထိုမေးခွန်းအား ကောင်းကောင်းကြီး မှတ်မိနေဆဲပင်။

” ပြည်ထောင်စုဥက္ကဋ္ဌတစ်ယောက် ဖြစ်လာဖို့အတွက် ဘာတွေလုပ်ဖို့ လိုအပ်သလဲဆိုတာ အဲ့တုန်းက ငါမင်းကို ပြောပြခဲ့တယ်နော်။ အခု လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲမှာ ဖြစ်သွားခဲ့တဲ့ အရာတွေက…. ”
သွမ့်မုချွယ်မှာ ထိုသို့ဆိုရင်း သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်လာပြီး ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်လေးနက်သော မျက်ဝန်းများဖြင့် စိုက်ကြည့်နေတိုက်တော့သည်။

” …. ပြည်ထောင်စုဥက္ကဋ္ဌ ဖြစ်လာဖို့အတွက် မင်း သင်ယူဖို့လိုတဲ့ ပထမဆုံး သင်ခန်းစာပဲ ”

” အဲဒီတော့ မင်း ဘယ်လိုသင်ခန်းစာတွေကိုများ ရခဲ့လဲ ”
သွမ့်မုချွယ်က ထိုသို့မေးလိုက်ပြီးနောက် အသာအယာ ပြုံးလိုက်၏။ ထို့နောက် သူ၏ညာလက်ကို ဝှေ့ယမ်းကာ အနက်ရောင် ဆေးပုလင်းတစ်ပုလင်းကို ဝမ်ပေါင်လဲ့ဆီသို့ လှမ်းပစ်ပေးလိုက်၏။

” ဒါ အဆိပ်ဖြေဆေးပဲ။ သစ်သီးထဲမှာ အဆိပ်ပါတဲ့အပြင် ငါက အဲဒီသစ်သီးထဲမှာ အချုပ်အနှောင်တစ်ခုကိုပါ ထည့်ထားခဲ့တာ။ အခု မင်းရဲ့ ခန္ဓာကိုယ်ပေါ်မှာ အဲဒီ အချုပ်အနှောင်ကို ငါ အာရုံမခံမိတဲ့ပုံထောက်ရင် မင်း ကံကောင်းခဲ့တဲ့ပုံပဲ။ ပြီးတော့ အဆိပ်ကလည်း မင်းပေါ်မှာ အကျိုးသက်ရောက်မှုမရှိတဲ့ပုံပဲ။ ဒါပေမဲ့ မင်း စိုးရိမ်နေသေးရင်တော့ ဒီအဆိပ်ဖြေဆေးကို သောက်လိုက်။ အဲဒါဆိုရင် မင်း အာရုံမခံနိုင်သေးတဲ့ ရောဂါအသစ်‌တွေကိုပါ ရှင်းလင်းပြီးသား ဖြစ်သွားလိမ့်မယ် ”

” အဲဒီသစ်သီးကတော့…. လူတစ်ယောက်အတွက် ခန္ဓာကိုယ်ကို သန်မာလာအောင် ကူညီပေးနိုင်ရုံက လွဲပြီးတော့ တခြား ဘာမှလုပ်နိုင်မှာမဟုတ်ဘူး။ ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်ဖို့အတွက်လည်း အသုံးပြုနိုင်မှာမဟုတ်ဘူး။ ဧရာမသစ်ပင်ကြီးလိုမျိုး သန္ဓေပြောင်းသတ္တဝါတွေကပဲ အဲဒီသစ်သီးကို ဝါးမျိုစုပ်ယူနိုင်မှာ။ ဆည်းဆာကြယ်စင်စုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးက သစ်သားဓာတ် လျှို့ဝှက်ဆန်းကြယ်ပညာရပ်တွေကို လေ့ကျင့်ထားတာဆိုတော့ ငါ့အထင် ပြောရမယ်ဆိုရင် သူက လူသားတစ်ယောက် မဟုတ်လောက်တော့ဘူး ”

သွမ့်မုချွယ်မှာ ထိုသို့ဆိုလိုက်ပြီးနောက် ခေါင်းယမ်း၍ ရယ်မောလိုက်၏။ ထို့နောက် သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားပြီး ခပ်လှမ်းလှမ်း၌ ပျောက်ကွယ်သွားတော့သည်။ သူ၏နောက်တွင်မူ ဝမ်ပေါင်လဲ့မှာ စေတီရှေ့တွင် တစ်ယောက်တည်း အံ့ဩမှင်တက်စွာဖြင့် ရပ်နေရင်း ကျန်ရစ်ခဲ့တော့သည်။

ဝမ်ပေါင်လဲ့၏ အသက်ရှူသံများမှာ ပုံမှန်မဟုတ်တော့ပေ။ သူသည် ဖြေဆေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သွမ့်မုချွယ် ပျောက်ကွယ်သွားသည့် နေရာသို့ လှမ်း၍ကြည့်နေမိတော့သည်။ အချိန်အတော်အတန် ကြာပြီးသွားသောအခါမှ သူသည် အသက်ပြင်းပြင်းရှူလိုက်၏။ နောက်ဆုံးတွင် သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲ၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအားလုံးကို အမှန်အတိုင်း သိရှိသွားပြီဖြစ်သည်။

သန္ဓေပြောင်း ဧရာမသစ်ပင်ကြီးမှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်း အပါအဝင် ပြည်ထောင်စုကြီးကိုပါ မကောင်းကြံစည်ခဲ့ခြင်းဖြစ်သည်။ ၎င်း၏ ရည်မှန်းချက်ပန်းတိုင်မှာ သစ်သီးကို မောင်ပိုင်စီးရန် ဖြစ်သည်။

ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှာ ဆည်းဆာကြယ်စင်စုဂိုဏ်းက သူတို့အား ပေးထားခဲ့သော ကတိကြောင့် သူတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ အသေးစိတ်များကို မသိပါသော်လည်း သူတို့ ကတိပေးခဲ့သည့် အရာမှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုက အသေရရ အရှင်ရရ လိုချင်နေသော အရာတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း သုံးသပ်လိုက်၏။

ဤကိစ္စကြီးတစ်ခုလုံးထဲတွင် လူအင်အား ငွေအင်အား အများဆုံးအသုံးပြုခဲ့သည့် အဖွဲ့အစည်းမှာ ဆည်းဆာကြယ်စင်စုဂိုဏ်းပင် ဖြစ်သည်။ သူတို့၏ ဂိုဏ်းချုပ်ကြီး၏ ရည်မှန်းချက်ပန်းတိုင်မှာ ဧရာမသစ်ပင်ကြီးနှင့် အတူတူဖြစ်နေသောကြောင့် ထိုဂိုဏ်းချုပ်ကြီးကိုယ်တိုင် ရောက်ရှိလာခဲ့သည် မဟုတ်ပါလော။ သူတို့နှစ်ယောက်စလုံးမှာ ထိုသစ်သီးကို လိုချင်တပ်မက်ခဲ့ကြသည်ဖြစ်ပြီး ၎င်းကို အသုံးပြုကာ သူတို့၏ ကျင့်ကြံခြင်းအဆင့်အား ယွမ်ယင်အဆင့်သို့ ဖောက်ထွက်နိုင်ရန် ကြံစည်ခဲ့ကြခြင်းဖြစ်သည်။

ထို့ကြောင့်လည်း စုန်းမအိုကြီးမှာ အကြောက်တရား ကင်းမဲ့နေခဲ့ရခြင်းဖြစ်သည်။ အကယ်၍ သူမ၏ ဂိုဏ်းချုပ်ကြီးသာ ယွမ်ယင်အဆင့်သို့ အမှန်တကယ် ဖောက်ထွက်သွားနိုင်ခဲ့မည်ဆိုပါက ပြည်ထောင်စုကြီးထဲရှိ လက်ရှိ နိုင်ငံရေးတည်ငြိမ်မှုကြီးမှာ ပျက်ပြားသွားမည်သာဖြစ်သည်။ ထိုတည်ငြိမ်မှုကြီး ပျက်ပြားသွားသည်နှင့် စည်းမျဉ်းစည်းကမ်းအသစ်များ ထွက်ပေါ်လာမည်သာဖြစ်သည်။

ဧရာမသစ်ပင်အဖွဲ့အစည်း၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့ထဲတွင် မည်သည့်အဖွဲ့အစည်းမှာ ပုစဉ်းရင်ကွဲအား ချောင်းမြောင်းနေခဲ့သည့် ဓားခုတ်ကောင်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းမှာ ချောင်းမြောင်းခံနေရသော ပုစဉ်းရင်ကွဲဖြစ်ကြောင်း အတိအကျဆုံးဖြတ်ရန်မှာ ခဲယဉ်းလွန်းလှပေသည်။ သို့သော် ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်မှာ အစကတည်းက ငှက်ကျားတစ်ကောင် ဖြစ်နေခဲ့သည့်အချက်မှာမူ သိသာထင်ရှားပေသည်။

အဘယ်ကြောင့်ဆိုသော် သူ၏ရည်မှန်းချက်ပန်းတိုင်းမှာ ပို၍ ကြီးမြတ်နေသောကြောင့်ဖြစ်သည်။ သူသည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို၏ အစီအစဉ်အား ပျက်ပြားအောင်လုပ်ပြီး သူတို့၏ အင်အားစုများကို အနိမ့်ဆုံးအဆင့်အထိ လျှော့ချနိုင်အောင် ပြင်ဆင်ထားခဲ့ခြင်းဖြစ်သည်။ ထိုသို့ လျှော့ချနိုင်မည်ဆိုပါက ပြည်ထောင်စုကြီးထဲရှိ နိုင်ငံရေးတည်ငြိမ်မှုမှာ ပို၍ အားကောင်းလာမည်သာဖြစ်သည်။ ထို့အပြင် သူသည် လျှို့ဝှက်နည်းလမ်းအချို့ကို အသုံးပြု၍ လျှို့ဝှက်ဆန်းကြယ်နယ်မြေအား မဖွင့်ခင်ကတည်းက ထိုသစ်သီး၏ တည်နေရာကို ရှာဖွေခဲ့ပြီး ထိုသစ်သီးထဲတွင် အဆိပ်တစ်မျိုးနှင့် အချုပ်အ‌နှောင်တစ်မျိုးကို ထည့်သွင်းခဲ့သေးသည်။ ထို့ကြောင့် ထိုသစ်သီးကို မည်သူက ဝါးမျိုစုပ်ယူစေကာမူ ထိုသူမှာ အဆိပ်မိသွားမည်ဖြစ်ပြီး သွမ့်မုချွယ်၏ ထိန်းချုပ်မှုအောက်သို့ ကျရောက်သွားမည်သာ ဖြစ်သည်။

ဧရာမသစ်ပင်ကြီးဖြစ်စေ၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့ပင်ဖြစ်စေ၊ ထိုအဖွဲ့အစည်းအားလုံးမှာ ရှုံးနိမ့်သွားကြပြီဖြစ်သည်။ တစ်ဦးတည်းသော အနိုင်ရရှိသူမှာ သွမ့်မုချွယ်သာ ဖြစ်ပေသည်။

” လက်စသတ်တော့ ဒါက ငါ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာဖို့အတွက် ပထမဆုံး လေ့လာသင်ယူရတဲ့ သင်ခန်းစာတစ်ခုကိုး ”
ဝမ်ပေါင်လဲ့မှာ အချိန်အတော်အတန်ကြာအောင် ဆိတ်ငြိမ်နေလိုက်ပြီးနောက် သူ၏မျက်ဝန်းများထဲတွင် အလင်းရောင်တစ်ခု တောက်ပလာ၏။ အဆင့်မြင့်အရာရှိကြီးများ၏ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်များထဲတွင်လည်း ထိုကဲ့သို့သော ဇာတ်လမ်းနှင့် ဆင်တူသည့် အကြောင်းအရာများကို ရေးသားထားကြောင်း သူက ပြန်၍ အမှတ်ရသွား၏။

ဝမ်ပေါင်လဲ့မှာ အတွေးများထဲတွင် နစ်မြောနေရင်း သူ၏ နေအိမ်ဆီသို့ ပြန်ရောက်လာ၏။ သူသည် အချိန်အတော်အတန်ကြာအောင် တွေးတောနေလိုက်ပြီးမှ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် သူရရှိခဲ့သည့် အတွေ့အကြုံများနှင့် သင်ခန်းစာများအား သူ့ဘဝ၏ အပြောင်းအလဲတစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း မှတ်ယူလိုက်၏။ သူသည် အပေါ်ယံမျှသာ သိရှိခဲ့ရသော အနေအထားမှ အကြောင်းအရာအားလုံးကို နက်နက်နဲနဲ နားလည်သွားပြီးနောက် သူကိုယ်တိုင် စီရင်ချက်ချနိုင်သည့် အ‌ခြေအနေသို့ ရောက်ရှိသွားပြီဖြစ်သည်။

” အခုထက်ထိ ငါ့ရဲ့ ရည်မှန်းချက်ပန်းတိုင်ကတော့ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာဖို့ပဲ ”
နောက်နေ့မနက် မိုးလင်းလာသောအချိန်တွင် ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲ၌ ပြတ်သားမှု အရိပ်အယောင်တစ်ခု ထင်ဟပ်နေတော့သည်။ သူသည် သူ၏ နေအိမ်အပြင်ဘက်သို့ ထွက်လာပြီး ကမ္ဘာကြီးဆီသို့ ပြန်သွားမည့် သင်္ဘောပျံကြီးပေါ်သို့ တက်လိုက်၏။ ထို့နောက် လပေါ်တွင် သူကြုံတွေ့ခဲ့ရသည့် အရာများကြောင့် ပေါ်ထွက်လာခဲ့သော သတ်ဖြတ်လိုစိတ်များနှင့် သူ၏ ခေါင်းထဲရှိ အတွေးပေါင်းစုံကို မေ့ပျောက်ထားလိုက်တော့သည်။

သင်္ဘောပျံကြီး တဝီဝီမြည်၍ လေပေါ်သို့ပျံတက်သွားပြီး အာကာသထဲသို့ ခရီးနှင်တော့မည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ ကုန်းပတ်ပေါ်တွင် ရပ်၍ သူ၏ အတော်အသင့် ကြီးနေပြီဖြစ်သော ဗိုက်ကြီးအား ပုတ်လိုက်၏။ သူ၏မျက်ဝန်းများထဲရှိ အမှောင်ထုများနှင့် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များမှာ ပျောက်ကွယ်သွားပြီဖြစ်ပြီး ၎င်းတို့၏ နေရာတွင် သူ၏ နဂိုမူလ ရွှင်လန်းတက်ကြွမှု အရိပ်အယောင်များ ပြန်လည်ဝင်ရောက်လာပြီဖြစ်သည်။ သူသည် သူ၏ဘေးတွင်ရပ်နေသော ကျိုးရိဖန်အား လှမ်းဆွဲကာ ပွေ့ဖက်လိုက်ပြီး သူ၏ စွန့်စားခန်များအကြောင်းကို ကြွားလုံးထုတ်နေလိုက်တော့သည်။ ထို့နောက် သူသည် ရယ်မောနေရင်း နောက်သို့လှည့်ကာ သင်္ဘောပျံကြီး၏ ပြူတင်းပေါက်များကိုဖြတ်၍ လမင်းကြီးကို စိုက်ကြည့်နေလိုက်၏။ လမင်းကြီးနှင့် သင်္ဘောပျံကြီးတို့မှာ တဖြည်းဖြည်းနှင့် ပို၍ ဝေးကွာလာသောကြောင့် လမင်းကြီး၏ အရွယ်အစားမှာလည်း ပို၍ သေးငယ်လာတော့သည်။

” နှုတ်ဆက်ပါတယ် လမင်းကြီး ”

” နှုတ်ဆက်ပါတယ် ညနတ်ဆိုးဧကရာဇ်ကြီး “

Comment

  1. Thet Paing Soe Oo says:

    Good

Leave a Reply

Options

not work with dark mode
Reset