ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်၊ လွှတ်တော်အမတ် လီချီတောက်နှင့် အဖွဲ့အစည်းအသီးသီးမှ ထိပ်တန်းအဆင့် ကျင့်ကြံသူများမှာ လျှို့ဝှက်ဆန်းကြယ်လကမ္ဘာထဲရှိ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့၏ ပုန်ကန်မှုကြီးကို ကိုင်တွယ်ဖြေရှင်းနေကြစဉ်တွင် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာ စစ်ဆေးပွဲကို ကျော်ဖြတ်ခဲ့ပြီးသော တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားများမှာ တာအိုကျောင်းစခန်းတွင် စုစည်းနေကြပြီး မေးမြန်းစစ်ဆေးခံနေကြရ၏။
ကျောင်းသားတစ်ယောက်မှလွဲ၍ အခြားကျောင်းသားများအားလုံးမှာ မေးမြန်းစစ်ဆေးခံရမည့် စာရင်းထဲတွင် ပါဝင်နေကြသည်။
ထိုစာရင်းထဲတွင် မပါသောကျောင်းသားမှာမူ ဝမ်ပေါင်လဲ့ပင် ဖြစ်သည်။
သို့သော် ထူးခြားသည့် အချက်တစ်ချက်မှာ ဝမ်ပေါင်လဲ့ ရှိနေသည့် တဲအိမ်ကလေးမှာ အခြားကျောင်းသားများရှိနေသည့် နေရာနှင့် မတူညီဘဲ ကွဲပြားနေခြင်းဖြစ်သည်။ သူ ရှိနေသောနေရာမှာ ပို၍ လုံခြုံမှုရှိသလို ပို၍လည်း အဆင့်မြင့်နေသည်။ ၎င်းမှာ နဂိုတုန်းက အကြီးအကဲကြီးများ အနားယူနိုင်ရန် ပြင်ဆင်ပေးထားသည့် နေရာတစ်ခုဖြစ်သည်။
တချိန်တည်းမှာပင် လျှို့ဝှက်ဆန်းကြယ်နယ်မြေ စစ်ဆေးမှုအား ကျော်ဖြတ်ခဲ့သည့် တာအိုကျောင်းလေးကျောင်းမှ ကျောင်းသားများဖြစ်စေ၊ ကမ္ဘာပေါ်မှနေ၍ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲသို့ ရောက်ရှိလာခဲ့သည့် တာအိုကျောင်းများမှ အခြေတည်အဆင့် ကျင့်ကြံသူများပင်ဖြစ်စေ၊ သူတို့အားလုံးမှာ ထိုသုံးရက်အတွင်း ဝမ်ပေါင်လဲ့အား အထူးတဆန်းနှင့် ကြည့်နေခဲ့ကြ၏။ သူတို့ထဲမှ အများစုဆိုလျှင် အချိန်အကြာကြီး စိုက်ကြည့်နေကြပြီး သူတို့၏ မျက်ဝန်းများထဲတွင် ရိုသေလေးစားမှုနှင့် ကြောက်ရွံ့မှု အရိပ်အယောင်များပင် ထင်ဟပ်နေတော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲတွင် ကြုံခဲ့ရသည့် ဖြစ်ရပ်များနှင့် နောက်ပိုင်းတွင် ဆက်လက်ဖြစ်ပွားခဲ့သော သတ်ဖြတ်မှုများမှာ လျှို့ဝှက်ချက်တစ်ခု မဟုတ်တော့ပေ။ သူ ပြီးပြည့်စုံသည့် အဆောင်တစ်ခုကို ရယူနိုင်ခဲ့ပြီးနောက် အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်က ၎င်းအား သူ၏ခန္ဓာကိုယ်ထဲမှ အကြင်နာကင်းမဲ့စွာ ဆွဲထုတ်သွားခဲ့သဖြင့် သူ၏ တာအိုအုတ်မြစ် ပျက်စီးသွားခဲ့ရသည်ကို လူတိုင်း သိထားကြပြီးဖြစ်သည်။ ထို့အပြင် သူ အခြေတည်အဆင့်သို့ တက်လှမ်းနိုင်ခဲ့ပြီး အခြေတည်အဆင့် ကျင့်ကြံသူမြောက်မြားစွာကို သတ်ဖြတ်၍ လျှို့ဝှက်ဆန်းကြယ်နယ်မြေကြီးအား သွေးစွန်းသွားစေခဲ့သည့် အကြောင်းများကိုလည်း သူတို့ ကြားသိထားပြီးဖြစ်သည်။
သူသည် သာမန်ကျောင်းသားတစ်ယောက် မဟုတ်ဘဲ ကောင်းကင်တာအိုကျောင်းထဲတွင် ရှိခဲ့စဉ်ကတည်းက နာမည်ကျော်ကြားနေပြီးသားဖြစ်သည့် ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးဖြစ်သည်။ ထို့အပြင် သူသည် ပြည်ထောင်စု ပျိုးပင်တစ်ယောက်လည်း ဖြစ်နေသေးသည်။ ထိုကဲ့သို့ ထူးချွန်ပြောင်မြောက်လှသော မှတ်တမ်းမှတ်ရာများကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ့အား လူအများက အာရုံစိုက်နေခဲ့ကြသည်မှာ မထူးဆန်းပေ။
ဝမ်ပေါင်လဲ့မှာ ထိုအခြင်းအရာများအားလုံးကို စိတ်ထဲ၌သာ ထားထားပြီး စကားတစ်ခွန်းမှ မပြောသလို အပြင်ဘက်သို့လည်း မထွက်ခဲ့ပေ။ သူသည် သူ၏ တဲလေးထဲတွင်သာ ဆိတ်ငြိမ်စွာ နေရင်း အပြင်ဘက်ရှိ ပရမ်းပတာဖြစ်နေသော ပုန်ကန်မှုကြီး ပြီးဆုံးသွားပြီး တာအိုကျောင်းလေးကျောင်းက သူ့အား ရှင်းပြချက်တစ်ခု ပေးမည့်အချိန်ကို စောင့်ဆိုင်းနေတော့သည်။
တာအိုကျောင်းလေးကျောင်းထဲတွင် သူသည် သာမန်ကျောင်းသားတစ်ယောက် မဟုတ်ပေ။ သူသည် ဓမ္မလက်နက်အဆောင်၏ လက်ထောက်အဆောင်မှူးဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲရှိ ဖြစ်ရပ်ကြီးမှာ အခြားသူများအပေါ် အကျိုးသက်ရောက်မှု သိပ်မရှိခဲ့ပါသော်လည်း သူ့အတွက် အများကြီး ထိခိုက်နစ်နာစေခဲ့သည် မဟုတ်ပါလော။
ထိုသို့ဖြင့် နှစ်ရက်တိတိကုန်ဆုံးသွား၏။ ဒုတိယမြောက်နေ့၏ ညတွင် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းပေါ်ရှိ တောအုပ်ကြီးတစ်ခုထဲတွင် လိုက်လံဖမ်းဆီးမှုတစ်ခု ဖြစ်ပွားနေ၏။ ထိုဖမ်းဆီးမှုမှ ထွက်ပြေးနေသူမှာ ဝမ်ပေါင်လဲ့၏ တာအိုအုတ်မြစ်အား ဆွဲထုတ်ခဲ့သည့် အဘွားကြီးဖြစ်သည်။
ထိုအဘွားကြီးမှာ မျက်နှာဖြူဆုတ်နေပြီး သူမ၏ဆံပင်များမှာလည်း ရှုပ်ပွနေသည်။ သူမသည် ပြေးလွားနေရင်း ပါးစပ်ထဲမှ သွေးများပန်းထွက်လာ၏။ သူမ၏ အမူအရာမှာ အသက်မရှိတော့သည့်ပုံ ပေါက်နေပြီး နောက်ဆုံးတွင် သူမသည် ကြောက်ရွံ့မှုများ ဖုံးလွှမ်းနေသည့် မျက်ဝန်းတစ်စုံဖြင့် နောက်သို့လှည့်ကြည့်ကာ သူမ၏နောက်မှ လူတစ်ယောက်ကို လှမ်းပြောလိုက်၏။
” တာအိုရောင်းရင်းလီ။ ကျမရှင်းပြတာ နားထောင်ပါဦး ”
” ဘာမှ ရှင်းပြမနေနဲ့ ”
သူမ စကားမဆုံးနိုင်ခင်မှာပင် သူမ၏နောက်မှ ဒေါသတကြီး အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် လူရိပ်တစ်ခု ခုန်ထွက်လာကာ ထိုအဘွားကြီး၏ အနားသို့ ရောက်လာပြီးနောက် သူမအား အဆက်မပြတ် ထိုးနှက်လိုက်တော့သည်။
ထို့ကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ပဲ့တင်ထပ်သွား၏။ အဘွားကြီးမှာ ထိုတိုက်ကွက်များကို ပြန်လည်ခုခံချင်ပါသော်လည်း အချည်းနှီးပင်။ သူမပေါ်သို့ ကျရောက်လာသော လက်သီးချက်များကြောင့် သူမ၏ ပါးစပ်ထဲမှ သွေးများထပ်၍ ပန်းထွက်လာရ၏။ ထို့နောက် သူမသည် အလျင်စလိုနှင့် နောက်သို့ဆုတ်ခွာသွားပါသော်လည်း ထိုလူရိပ်ကြီးမှာ သူမ၏ရှေ့၌ ချက်ချင်းပင် ပေါ်လာ၏။
ထိုလူရိပ်ကြီးမှာ ငွေရောင်ဆံပင်နှင့် အကြီးအကဲကြီးတယောက်ဖြစ်ပြီး သူ၏ မျက်ဝန်းများထဲမှ ဒေါသမီးများမှာ ကောင်းကင်ကြီးကိုပင် လောင်ကျွမ်းသွားစေနိုင်လောက်အောင် တောက်လောက်နေ၏။ ထို အကြီးအကဲကြီး၏ ခန္ဓာကိုယ်ထဲမှ အမျက်ဒေါသများ ထိုးထွက်လာ၏။ ထို့ကြောင့် အမှောင်အတိပြီးနေသည့် ညဉ့်နက်သန်းခေါင်ယံအချိန်တွင် သူ၏ ပုံစံမှာ အာရုံဖမ်းစားနိုင်စွမ်း အပြည့်ရှိသည့် ရွေ့လျားနေသော မီးတောင်ကြီးတစ်လုံးနှင့် တူနေတော့သည်။
တောကြီးထဲရှိ သူ ဖြတ်သန်းသွားသည့် နေရာတိုင်းမှာ လောင်ကျွမ်းသွားရပြီး ပြင်းထန်လှသော အပူရှိန်များကြောင့် မြေပြင်ကြီးပင်လည်း တူးချစ်မည်းနက်သွားရ၏။ သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော ဖိအားများမှာလည်း သာမန်အချိန်များနှင့်မတူဘဲ ပြင်းထန်လွန်းနေ၏။ ထိုစွမ်းအားများမှာ အားပြင်လွန်လှသောကြောင့် အဘွားကြီးမှာ ခုခံနိုင်စွမ်း လုံးဝမရှိတော့ဘဲ အသံကုန်အော်ဟစ်ကာ နောက်ထပ်တစ်ကြိမ်ထပ်၍ သွေးများ အန်ထွက်လာရပြန်သည်။
” တာအိုရောင်းရင်းလီ။ တော်သင့်ရုံပဲ ကောင်းတယ်။ ကျမက သူ့ရဲ့ တာအိုအုတ်မြစ်ကို ဖျက်ဆီးခဲ့ရုံလေးပဲ လုပ်ခဲ့တာလေ။ ရှင် ကျမကို လိုက်ဖမ်းနေတာ နှစ်ရက်တိတိ ရှိနေပြီ။ ရှင်ရဲ့ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် ကျမကို ချက်ချင်းသက်ပစ်နိုင်တာပဲ။ ဘာလို့ ကျမကို အခုလို နှိပ်စက်နေရတာလဲ။ ကျမဆီမှာလည်း အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဆိုတဲ့ ဂုဏ်သိက္ခာလေးတော့ ရှိပါသေးတယ်။ ဝမ်ပေါင်လဲ့က ရှင်တို့ တာအိုကျောင်းက ကျောင်းသားတွေထဲက ကျောင်းသားတစ်ယောက်အဆင့်ပဲ ရှိတာကို ”
အဘွားကြီးမှာ ရုးသွပ်လုမတတ် ဖြစ်နေသောကြောင့် သွေးရူးသွေးတန်းနှင့် ဒေါသတကြီး အော်ဟစ်နေတော့သည်။ လွန်ခဲ့သည့် နှစ်ရက်တိတိမှာ သူမအတွက် အိပ်မက်ဆိုးကြီးတစ်ခုကဲ့သို့ပင်။ သူမ ပြောခဲ့သည့်အတိုင်းပင် ပြည်ထောင်စုဥက္ကဋ္ဌဟောင်းကြီးမှာ သူမအား လိုက်လံဖမ်းဆီးခဲ့သည့် လမ်းတစ်လျှောက်လုံးတွင် နှိပ်စက်ညှဥ်းပန်းခဲ့၏။ ထို့အပြင် သူမအား တမင်တကာ လွှတ်ပေးခဲ့ပြီးနောက် နောက်ထပ်တစ်ကြိမ်ပြန်၍ လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
ထို့ကြောင့် သူမမှာ မောပန်းနွမ်းနယ်နေရပြီး အားအင်များကုန်ခမ်းကာ ရှင်လျက်နှင့် ငရဲကျနေရသကဲ့သို့ ခံစားနေရတော့သည်။
” နင် တောင့်ခံနိုင်တာ ဒီလောက်ပဲလား။ နင် ဝမ်ပေါင်လဲ့ကို နှိပ်စက်ခဲတုန်းကကျ ဘာလို့ ဒီလိုမျိုး မခံစားခဲ့ရတာလဲ။ နင် တခြားလူတွေကို အနိုင်ကျင့်လို့ ရရဲ့သားနဲ့ ဆွေမျိုးရင်းချာထဲမှာ အမြုတေအဆင့် ကျင့်ကြံသူ တစ်ယောက်မှမရှိတဲ့ ဝမ်ပေါင်လဲ့ကိုပဲ ဘာလို့ အနိုင်ကျင်ခဲ့ရတာလဲ။ အဲ့အချက်ကြောင့်ပဲ နင်က သူ့ကို ရက်ရက်စက်စက် ညှဉ်းပန်းနှိပ်စက်ခဲ့ပြီးတော့ အရုပ်တစ်ခုလို ကစားခဲ့တာလား ”
တစ်ခေါင်းလုံး ငွေရောင်ဆံပင်များပေါက်နေသော ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းစောင့်အကြီးအကဲမှာ သာမန်ဆိုလျှင် ဖော်ရွေတတ်သည့်ပုံ ပေါ်ပေသည်။ သို့သော် သူ့အကြောင်း ကောင်းကောင်းသိထားကြသည့် လူများမှာမူ သူသည် အလွန်အင်မတန်မှ စိတ်ဆတ်ကြောင်း သိထားကြ၏။
သူသည် စိန်းစိန်းဝါးဝါးစိုက်ကြည့်ကာ အနားသို့ ချဉ်းကပ်လာပြီး သူ၏ညာဘက်လက်ကို မြှောက်လိုက်၏။ ထို့နောက် ဂိုဏ်းစောင့်အကြီးအကဲမှာ လျှပ်တစ်ပြက်အတွင်း ထိုအဖွားကြီး အသားကိုထိုးဖောက်ကာ သူမ၏ ဗိုက်ထဲသို့ လှမ်းနှိုက်လိုက်သဖြင့် ထိုအဘွားကြီးမှာ မျက်လုံးပြူးသွားရတော့သည်။
သူမ၏ အသိစိတ်ထဲတွင် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော နာကျင်မှုတစ်မျိုး ထွက်ပေါ်လာပြီး သူမ၏ တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသဖြင့် သူမ၏ နှုတ်မှ စူးစူးဝါးဝါး အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။
” မျိုးမစစ်မ။ ငါ နင့်ကို ပြောထားမယ်။ ဝမ်ပေါင်လဲ့ဆီမှာ အမြုတေအဆင့် ဆွေမျိုးရင်းချာတွေ မရှိတာ မှန်ပေမဲ့ ငါက အဲ့ကောင်လေးကို သဘောကျတယ်ကွ။ ငါက သူ့ရဲ့ ခေါင်းကိုင်အဘိုးပဲ။ နင် သူ့ကို အနိုင်ကျင့်ရင် ငါနဲ့ စာရင်းရှင်းရမှာပဲ ”
ဂိုဏ်းစောင့်အကြီးအကဲကြီးမှာ အဘွားကြီး၏ ဗိုက်ထဲရှိ အမြုတေအုတ်မြစ်ကို ကျစ်ကျစ်ပါအောင် ဆုတ်ကိုင်ထားရင်း အသိပေးလိုက်၏။ ထို့နောက် သူသည် ထိုအုတ်မြစ်အား အားပါပါနှင့် ဆွဲနှုတ်လိုက်သောကြောင့် ထိုအဘွားကြီး၏ နာကျည်းမှုများဖြင့် ပြည့်နှက်နေသော အော်ဟစ်သံများမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။
ထိုအခါ သူမ၏ ပါးစပ်ထဲမှ သွေးများပန်းထွက်လာပြီး နဂိုကတည်းက မျက်တွင်းများ ချိုင့်ဝင်နေခဲ့သော အဘွားကြီးမှာ ပို၍ပင် အိုစာသွားတော့သည်။ သူမမှာ အသားများ တုန်ရီနေပြီး တစ်ကိုယ်လုံး ဖြူဆုတ်နေပြီလည်း ဖြစ်သည်။ သူမ၏ ခန္ဓာကိုယ်ထဲမှ အမြုတေအုတ်မြစ် ဆွဲနှုတ်ခံလိုက်ရသဖြင့် ခံစားလိုက်ရသည့် နာကျင်မှုကြီးမှာ တာအိုအုတ်မြစ် ဆွဲနှုတ်ခံလိုက်ရသည့် နာကျင်မှုထက် အများကြီးပိုဆိုးပေသည်။ ၎င်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတစ်ခုအဆင့်ပင် မဟုတ်တော့ဘဲ သူမ၏ အသက်တစ်ခုလုံးကိုပင် ဆွဲနှုတ်လိုက်သကဲ့သို့ပင်။
” စိတ်မပူပါနဲ့။ နင် ဒီလောက်နဲ့ မသေသေးပါဘူး။ ငါ နင့်ကို လွယ်လွယ်နဲ့ အသေမခံနိုင်ဘူး။ အသက်ထွက်ရင်က ခဏလေးပဲ ခံစားရမှာလေ။ နင့်ကို ဥပမာပေးပြီး တခြားသူတွေ နောင်ကြဉ်သွားတဲ့အထိ လုပ်ပစ်မယ် ”
ဂိုဏ်းစောင့်အကြီးအကဲကြီး၏ မျက်ဝန်းများထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖျတ်ခနဲလက်သွား၏။ ထို့နောက် သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေသော အဘွားကြီး၏ရှေ့တွင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး သူမအား ပါးရိုက်ကာ စကားလုံးတစ်လုံးချင်းစီကို ပြတ်ပြတ်သားသားကြားရအောင် အော်ပြောလိုက်၏။
” နင် ငါတို့ရဲ့ ပေါင်လဲ့ကို အနိုင်ကျင့်ခဲ့လို့ ဒီလိုအပြစ်ဒဏ်တွေကို ခံစားနေရတာပဲ ”
” သွား။ ဆက်ပြီးတော့ ထွက်ပြေးလိုက်ဦး။ မပြေးဘူးဆိုရင် ငါနင့်ကို ပြန်ခေါ်သွားပြီးတော့ သောကြာဂြိုဟ်ပေါ်က အဆိပ်ဝိညာဉ်အကျဉ်းခန်းထဲမှာ ပိတ်ထားပစ်မယ်။ နင် အဲ့နေရာကို သိပါတယ်… နင့်အတွက် တော်တော်လေးကို သင့်တော်မှာ ”
” အဆိပ်ဝိညာဉ်အကျဉ်းခန်း ” ဆိုသော စကားလုံးကိုကြားလိုက်ရသောအခါ နာကျင်မှုများကြောင့် သတိမေ့မြောစပြုနေသော အဘွားကြီးမှာ ရုတ်တရက်ဆိုသလို ဆတ်ခနဲ ပြန်လည်နိုးထလာ၏။ ထို့နောက် သူမမှာ ကျောချမ်းသွားရပြီး သူမ၏မျက်ဝန်းများထဲတွင် ယခင်ကထက် ပို၍ပြင်းထန်သော ကြောက်ရွံ့မှု အရိပ်အယောင်များ ထင်ဟပ်သွားတော့သည်။ သူမသည် ကိုယ့်ကိုယ်ကို သတ်သေပစ်ချင်စိတ်များ ပေါက်နေပါသော်လည်း ကျင့်ကြံခြင်းအဆင့် ဖျက်ဆီးခံလိုက်ရပြီး အားအင်ချည့်နဲ့နေသဖြင့် မစွမ်းနိုင်ဘဲဖြစ်နေရသည်။ ထို့ကြောင့် သူမမှာ လျှာကိုက်၍ သတ်သေရန် ဆုံးဖြတ်လိုက်၏။ သို့သော် သူမ ထိုသို့မလုပ်နိုင်ခင်မှာပင် ဂိုဏ်းစောင့်အကြီးအကဲမှာ သူမ၏ရင်ဘတ်ပေါ်သို့ အားပါပါ တက်နင်းလိုက်သဖြင့် လေပြင်းတစ်ချက် တိုက်ခတ်သွားပြီး သူမ၏ သွားအကုန်လုံး ပြုတ်ထွက်သွားကြတော့သည်။
” နင် သေဖို့ အချိန်မတန်သေးဘူး။ နင် သေရဲသေကြည့်။ နင့်ရဲ့ ဝိညာဉ်ကိုထုတ်၊ နတ်ဘုရားရတနာ အိုးတစ်လုံးပုံစံ ပြောင်းပြီးတော့ တာအိုကျောင်းထဲက သန့်စင်ခန်းထဲမှာ ပစ်ထားလိုက်မယ် ”
ဂိုဏ်းစောင့်အကြီးအကဲကြီးမှာ အဘွားကြီးအား စိုက်ကြည့်ကာ တည်ကြည်စွာ ဆိုလိုက်၏။ အရေးကြောင်းများဖြင့် ပြည့်နှက်နေသော သူမ၏ မျက်နှာပေါ်တွင် ကြောက်ရွံ့မှု အရိပ်အယောင်များဖြင့် ဖုံးလွှမ်းနေတော့သည်။
” နင်… ”
အဘွားကြီးမှာ မျက်လုံးများပြူးသွားပြီး စကားပြောရန် ပြင်လိုက်စဉ်တွင် ဂိုဏ်းစောင့်အကြီးအကဲကြီးမှာ သူမအား အားပါပါနှင့် ပါးရိုက်လိုက်ပြန်သည်။
” ပါးစပ်ပိတ်ထားစမ်း ”
ထို ရိုက်ချက်ကြီးကြောင့် အဘွားကြီး၏ လည်ပင်မှာ ကျိုးလုဆဲဆဲ အနေအထားသို့ ရောက်သွားရ၏။ ထို့နောက် သူမမှာ နာကျင်လွန်းနေသောကြောင့် ချက်ချင်းပင် သတိလစ်သွားတော့သည်။
ထိုအခါ ဂိုဏ်းစောင့်အကြီးအကဲကြီးမှာ မရွှင်မပျဖြစ်သွားပြီး နှာမှုတ်လိုက်၏။ ထို့နောက် ထိုအဘွားကြီးအား ဆံပင်မှ ဆွဲ၍ နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
အဘွားကြီးအား ဖမ်းဆီးလိုက်ပြီးနောက် တတိယမြောက်နေ့သို့ ရောက်လာ၏။ ဝမ်ပေါင်လဲ့မှာမူ တာအိုကျောင်းလေးကျောင်း၏ စခန်းထဲတွင်ရှိသော သူ၏ တဲအိမ်လေးထဲတွင် တင်ပျဉ်ခွေထိုင်၍ တရားမှတ်နေ၏။ ထိုအချိန်တွင် သူသည် ရုတ်တရက်ဆိုသလို မျက်လုံးများပွင့်လာပြီး သူ၏ အခန်းတံခါးကို လှမ်းကြည့်လိုက်သည်။
အပြင်ဘက်တွင် လူတစ်ယောက် ရောက်ရှိလာခြင်းဖြစ်သည်။ ထိုသူသည် သူ၏ အသက်ရှူသံများနှင့် ခြေသံများကို ဖုံးကွယ်ထားခြင်းမရှိပေ။ ထိုဧည့်သည်မှာ သူ၏ တံခါးအနီးသို့ ရှိလာသောအခါ တစ်ခဏမျှ ဆိတ်ငြိမ်သွားပြီးနောက် ခပ်ဩဩလေသံကြီးဖြင့် ခေါ်လိုက်၏။
” ပေါင်လဲ့ ”
ထိုအသံမှာ ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီး၏ အသံဖြစ်ကြောင်း ဝမ်ပေါင်လဲ့က ချက်ချင်းပင်မှတ်မိလိုက်၏။ ထို့ကြောင့် သူသည် မတ်တပ်ထလာကာ တံခါးဖွင့်ပေးလိုက်ပြီး ညာလက်သီးပေါ် ဘယ်လက်ဝါးတင်၍ အပြင်ဘက်တွင်ရပ်နေသော ဂိုဏ်းချုပ်ကြီးအား နှုတ်ဆက်လိုက်၏။
” မင်္ဂလာပါ ဂိုဏ်းချုပ်ကြီး ”
ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ ခံစားချက်များ ရှုပ်ထွေးနေသည့် အမူအရာဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေ၏။ ပြီးခဲ့သည့်ရက် အနည်းအတွင်း လျှို့ဝှက်ဆန်းကြယ် လကမ္ဘာနှင့်ပတ်သက်သည့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် တာအိုကျောင်း လေးကျောင်းပင်ဖြစ်စေ၊ ပြည်ထောင်စုဥက္ကဋ္ဌကြီးပင်ဖြစ်စေ၊ သို့မဟုတ် အခြားအဖွဲ့အစည်းများပင်ဖြစ်စေ၊ လူတိုင်းမှာ ဝမ်ပေါင်လဲ့၏ လက်တုံ့ပြန် သတ်ဖြတ်မှုများကြောင့် အံ့ဩတုန်လှုပ်နေကြရပြီဖြစ်သည်။
အထူးသဖြင့် သူတို့အားလုံးမှာ ယခင်တုန်းက လုံးဝမမြင်ဖူးသော လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့များ၏ တီထွင်ဖန်တီးမှုကို အံ့အားသင့်နေကြရ၏။ ဝမ်ပေါင်လဲ့ကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်များကို ကြားလိုက်ရသူတိုင်းမှာလည်း တုန်လှုပ်ချောက်ချားသွားကြရသည်သာ ဖြစ်သည်။ ထို့အပြင် လျှို့ဝှက်ဆန်းကြယ် နယ်မြေထဲ၌ ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များအပေါ် ဝမ်ပေါင်လဲ့၏ တုံ့ပြန်မှုများမှာလည်း လူအများအား ပို၍ပင် အံ့အားသင့်သွားစေခဲ့၏။
” မင်း ပင်ပန်းခဲ့ရပြီ ”
ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီး၏ မျက်ဝန်းများထဲရှိ ခံစားချက်များရှုပ်ထွေးနေသော အရိပ်အယောင်များ၏ နေရာတွင် တောင်းပန်လိုသော အရိပ်အယောင်တစ်ခု အစားထိုးဝင်ရောက်လာ၏။ သူသည် တဲအိမ်လေးထဲသို့ ဝင်ရောက်လာပြီးနောက် ဝမ်ပေါင်လဲ့၏ သဘောတူညီချက်ကို တောင်းခံ၍ သူ၏ လက်ကောက်ဝတ်ပေါ်သို့ ဖိကာ သူ၏ အတွင်းပိုင်းဒဏ်ရာများနှင့် ကျန်းမာရေးအခြေအနေများကို အကဲခတ်ကြည့်လိုက်၏။
သူသည် ဝမ်ပေါင်လဲ့၏ ဝမ်းဗိုက်အလယ်တွင် ရှိနေသော ဆေးပုလင်းလေးကို မြင်လိုက်ရပါသော်လည်း အံ့အားသင့်သွားခြင်းမရှိပေ။ သို့သော် သူသည် အနည်းငယ်ခန့် မယုံကြည်နိုင်လောက်အောင် ဖြစ်နေရဆဲပင်။ သူသည် နောက်ထပ်တစ်ကြိမ်ထပ်၍ သေသေချာချာ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ပြန်လည်ရုပ်သိမ်းလိုက်ပြီး ဝမ်ပေါင်လဲ့အား ပြန်ကြည့်လိုက်၏။
” ဒါ ကျနော်ရခဲ့တဲ့ ဒုတိယမြောက် ထိပ်သီးအဆင့် အဆောင်ပါ ”
ဂိုဏ်းချုပ်ကြီး သူ့အား မေးမြန်းလိုသည့် မေးခွန်းကို ဝမ်ပေါင်လဲ့က ကြိုသိထားသောကြောင့် မျက်နှာအမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ တည်ကြည်စွာ ပြန်ဖြေလိုက်၏။
ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာမူ ဝမ်ပေါင်လဲ့၏ မျက်လုံးများအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်ပြီးနောက် ဆက်လက်မေးမြန်းခြင်း မရှိတော့ပေ။ ကျောင်းသားများ၏ ကံကြမ္မာများနှင့် ပတ်သက်၍ ထဲထဲဝင်ဝင် မေးမြန်းခြင်း မရှိခြင်းမှာ တာအိုကျောင်းလေးကျောင်း၏ ကိုယ်ပိုင်မူဖြစ်သည်။ လူတိုင်းတွင် လျှို့ဝှက်ချက်များ ရှိကြသည်ဖြစ်ပြီး မေးခွန်းများ အမေးခံရလေလေ ကျောင်းသားများ၏ ယုံကြည်မှုများနှင့် ရိုးသားဖြောင့်မတ်မှုများ ပို၍ လျော့နည်းသွားလေလေ ဖြစ်နေမည်သာ မဟုတ်ပါလော။ အဖြစ်အပျက်မျိုးစုံနှင့် ဆက်တိုက်ကြုံခဲ့ရသည့် ဝမ်ပေါင်လဲ့ဆိုလျှင် ပို၍ပင် ဆိုးပေမည်။ ဝမ်ပေါင်လဲ့၏ သဘောထားများမှာ သူ လျှို့ဝှက်ဆန်းကြယ် နယ်မြေထဲသို့ ရောက်မလာခဲ့ခင်တုန်းကနှင့် လုံးဝမတူတော့သည်ကို သူက သတိထားမိလိုက်၏။
သူသည် လက်ရှိအခြေအနေကြီးကို ကောင်းကောင်းနားလည်ထားသလို ပြန်လည်အဖတ်ဆယ်ရန်လည်း ဆန္ဒပြင်းပြနေ၏။ ထို့ကြောင့် သူသည် သိုလှောင်အိတ်ထဲမှ ဘူးတစ်ဘူးကို ထုတ်ယူလိုက်ပြီး ဝမ်ပေါင်လဲ့၏ရှေ့တွင်ချကာ ဖွင့်ပြလိုက်သည်။
ထိုအခါ သွေးများဖြင့် စိုရွှဲနေသည့် အသားဆေးလုံးတစ်လုံး ထွက်ပေါ်လာသည်။
ထိုဘူးကလေး ပွင့်သွားပြီး အသားဆေးလုံး ပေါ်လာသောအခါ ထူထဲသိပ်သည်းကာ သွေးညှီနံ့များစွဲနေသော ဝိညာဉ်ချီအခိုးအငွေ့များ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာ၏။
ဝမ်ပေါင်လဲ့မှာ ရီဝေဝေဖြစ်သွားကာ လှမ်းကြည့်လိုက်ပြီးနောက် ထိုသေတ္တာထဲရှိ ပစ္စည်းမှာ မည်သည့်အရာဖြစ်ကြောင်း ခန့်မှန်းမိသွားသည့်ပုံပင်။ ထို့ကြောင့် သူသည် ခေါင်းမော့လာပြီး ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးအား ကြည့်လိုက်၏။
” ပေါင်လဲ့။ မင်းသိထားဖို့လိုတဲ့ အချက်တွေကို မင်းလည်း သိထားပြီးသားပါ။ ငါ အပိုစကားတွေ မပြောတော့ဘူး။ မင်းသိထားရမှာက လောလောဆယ်မှာ သမင်ဖြူတာအိုကျောင်းက တာအိုကျောင်းလေးကျောင်းကို ဦးဆောင်နေတယ်ဆိုတာပဲ။ မင်းရဲ့ကိစ္စနဲ့ ပတ်သက်လို့ကတော့ ဂိုဏ်းစောင့်အကြီးအကဲအကြီးရော၊ ငါရော သဘောထားအတူတူပဲ။ ငါတို့တွေ ဒီအတိုင်း လွှတ်ပေးထားမှာ မဟုတ်ပါဘူး ”
” ဆည်းဆာကြယ်စင်စုဂိုဏ်းက ဝူတျန့်လန်က မင်းရဲ့ တာအိုအုတ်မြစ်ကို ဆွဲနှုတ်သွားခဲ့တာ။ အဲဒါကြောင့် ဂိုဏ်းစောင့်အကြီးအကဲကြီးကိုယ်တိုင် သူ့ရဲ့ အမြုတေအုတ်မြစ်ကို ပြန်ပြီးတော့ ဆွဲနှုတ်ခဲ့လိမ့်မယ် ”
” သူ့ကို လွယ်လွယ်နဲ့ သေခွင့်ပေးမှာလည်း မဟုတ်ဘူး။ အဲဒီတော့ ဂိုဏ်းစောင့်အကြီးအကဲက သူ့ကို ပြည်ထောင်စုကြီးရဲ့ အဆိုးဆုံး အကျဉ်းထောင်တွေထဲက တစ်ခုဖြစ်တဲ့ သောကြာဂြိုဟ်ပေါ်က အဆိပ်ဝိညာဉ်အကျဉ်းခန်းထဲကို ပို့လိမ့်မယ်။ အဲဒီအကျဉ်းထောင်ထဲမှာ သူ့ရဲ့ အပြစ်တွေကို သင်ပုန်းချေတဲ့အနေနဲ့ သူ့ရဲ့ တစ်ဘဝလုံး ကောင်းကင်တာအိုကျောင်းအတွက် အဆိပ်ရွှေတွေကို သန့်စင်ပေးရမှာ ”
” မင်း ဒီပြစ်ဒဏ်ကို ကျေနပ်လား ”
ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးက ဝမ်ပေါင်လဲ့အားကြည့်ကာ တည်ကြည်စွာမေးလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ အံ့ဩတုန်လှုပ်သွားကာ အသက်ရှူသံများ မြန်လာပြီး မျက်လုံးများ နီမြန်းလာတော့သည်။ သူ၏ စိတ်နှလုံးထဲတွင်လည်း ဖော်ပြ၍မရနိုင်သော ခံစားချက်ကြီးတစ်ခု ထွက်ပေါ်လာ၏။ သူ၏ ဂိုဏ်းအပေါ်ထားရှိသော အငြိုးအတေးများအားလုံးမှာ ပျောက်ကွယ်သွားပြီး သူ၏နှလုံးသားထဲ၌ သူ့ဘက်မှ ရပ်တည်ပေးနေသည့် လူတစ်ယောက် ရှိနေသေးသည်ဆိုသော ခံစားချက်ကြီးကြောင့် ထွက်ပေါ်လာသော အံ့အားသင့်မှုများသာ ကျန်ရစ်နေခဲ့တော့သည်။
အချိန်အတော်အတန်အကြာအောင် ကုန်ဆုံးသွားပြီးမှ သူသည် မတ်တတ်ထလာပြီး ဂိုဏ်းချုပ်ကြီးအား တရိုတသေ ဦးညွှတ်လိုက်၏။
” ကျေးဇူးအများကြီးတင်ပါတယ် ဂိုဏ်းချုပ်ကြီး “