လူတိုင်း အလွန်အင်မတန်မှ စိုးထိတ်နေကြ၏။ သူတို့မှာ ဦးရေခွံများ ထုံကျဉ်နေကြပြီး တန်ပြန်တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားကြပြီးဖြစ်သည်။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အတွေးပေါင်းစုံဖြင့် ယောက်ယက်ခတ်နေတော့သည်။ သူသည် သူ၏ရှေ့တွင် မြင်တွေ့လိုက်ရသော အရာများကို မယုံကြည်နိုင်လောက်အောင်ဖြစ်နေ၏။ ထိုအဖြစ်အပျက်အားလုံးကြောင့် သူသည် အသက်ရှူသံများနှင့် ရင်ခုန်သံများ မြန်ဆန်လာရတော့သည်။
” ဘာကြီးလဲဟ။ ငါက ချန်ဟွေ့ကို သတ်ချင်တယ်လို့ တွေးလိုက်တာ ညနတ်ဆိုးဧကရာဇ်ကြီးက ငါ့အစား သူ့ကို ချေမှုန်းလိုက်တာပါလား ”
ဝမ်ပေါင်လဲ့မှာ အားသင့်သင့်လွန်းလှသဖြင့် နှလုံးသားများတုန်ရီနေ၏။ ထို့နောက် သူသည် အစိမ်းရောင်ကြာပွင့်လေးက ညနတ်ဆိုးဧကရာဇ်ကြီးကို လှုပ်နှိုးနိုင်စွမ်း ရှိကြောင်းနှင့် ထိုကြာပွင့်ကလေး ရုတ်တရက်ဆိုသလို တုန်ရီသွားခဲ့သည်ကို တွေးမိလိုက်၏။ ထို့ကြောင့် သူသည် ချက်ချင်းပင် စစ်ဆေးကြည့်ရှုလိုက်သောအခါ အစိမ်းရောင်ကြာပွင့်လေးမှ ပေါက်လာခဲ့သော ကြာခွက်ထဲရှိ ကြာစေ့ငါးစေ့ထဲမှ တစ်စေ့လျော့သွားပြီဖြစ်ကြောင်း သိလိုက်ရသည်။
ထိုအချက်ကို သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။
” ဒီ ကြာစေ့တွေကို သုံးပြီးတော့ ညနတ်ဆိုးဧကရာဇ်ကြီးကို ထိန်းချုပ်လို့ရတာများလား ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ဖျတ်ခနဲလက်သွားပြီ ဘေးဘီဝဲယာကို ဝေ့ဝိုက်ကြည့်ရှုကာ အဘွားကြီးအား ရှာဖွေလိုက်၏။ သို့သော် သူ၏အနီးတဝိုက်တွင် ထိုအဘွားကြီး ရှိမနေခဲ့ပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ မကျေမချမ်းဖြစ်သွားပြီ ခေါင်းမော့၍ ကောင်းကင်ယံထဲရှိ အမြုတေအဆင့် ကျင့်ကြံသူများကို လှမ်းကြည့်လိုက်သောအခါ ပြည်ထောင်စုဥက္ကဋ္ဌကြီး၊ လွှတ်တော်အမတ်များနှင့် တာအိုကျောင်းလေးကျောင်းမှ ကျင့်ကြံသူများမှလွဲ၍ အခြားသူများနှင့် သူ မကြုံဖူးကြောင်း သိလိုက်ရသည်။
ထို့ကြောင့် သူ၏ ယူဆချက်အား စမ်းသပ်လိုသည့် အတွေးများကို ခေါင်းထဲမှ ထုတ်လိုက်ရသည်။ ထို့နောက် စိတ်ကိုတည်ငြိမ်အောင်ထားလိုက်ပြီး အခြေအနေတစ်ခုလုံးကို ခြုံငုံသုံးသပ်လိုက်ပြီးနောက် ကောက်ချက်တစ်ခုချလိုက်၏။
” ငါ့ဆီမှာ ကြာစေ့တွေ လုံလုံလောက်လောက် ရှိမနေဘူးဆိုရင် ညနတ်ဆိုးဧကရာဇ်ကြီးကို အကြာကြီးထိန်းချုပ်လို့ရမှာ မဟုတ်ဘူး။ သူ့ကို တစ်ခေါက်ထိန်းချုပ်နိုင်ဖို့အတွက် ကြာစေ့တစ်စေ့ သုံးရမှာများလား ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင် တွေးတောနေ၏။ တချိန်တည်းမှာပင် ထိုအကြောင်းကို အခြားသူများ သိသွား၍ မဖြစ်ကြောင်း သူက နားလည်ထား၏။ မည်သူ့ကိုမှ မျက်စိမှိတ်ယုံ၍ မဖြစ်ပေ။
” ငါ့ရဲ့ အစိမ်းရောင်ကြာပွင့်ကိုပါ ဖုံးကွယ်ထားဖို့လိုတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောလိုက်ပြီး ကြာစေ့များကို အသုံးပြုကာ ညနတ်ဆိုးဧကရာဇ်ကြီးအား ထိန်းချုပ်၍ အဘွားကြီးအား သတ်လိုသော ဆန္ဒများကို မေ့ပျောက်ထားလိုက်တော့သည်။ ထို့နောက် သူသည် ဝိညာဥ်အမြစ်ရွာထဲတွင် အသုံးပြုခဲ့သည့်နည်းလမ်းကို ပြန်၍ အသုံးပြုရန် ကြိုးစားကြည့်လိုက်သည်။ ထိုအခါ သူ၏ခန္ဓာကိုယ်ထဲမှ ဝါးမျိုခြင်းသစ်စေ့မှာ ချက်ချင်းဆိုသလိုပင် မှုန်ဝါးဝါးဖြစ်သွားပြီး အစိမ်းရောင်ကြာပွင့်လေးမှာလည်း ၎င်းနှင့်အတူ ပျောက်ကွယ်သွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူပြောင်းလဲလိုသော အရာနှင့်ပတ်သတ်၍ တစ်ခဏမျှ တွေးတောလိုက်ပြီးနောက် သူ၏ အခြေတည်အဆင့်အတွက် လိုအပ်သည့် ပြီးပြည့်စုံသည့်အဆောင်၏ နေရာတွင် ဆေးပုလင်းတစ်လုံးကို ပြောင်းလဲဖန်တီးရန် ဆုံးဖြတ်လိုက်သည်။
ထိုသို့သာဆိုလျှင် သူသည် သူ၏ ဒဏ်ရာများမှ အကောင်းပတိအတိုင်း ပြန်လည်သက်သာလာခဲ့သည့် အကြောင်းအရင်းကို ရှင်းပြနိုင်သွားမည် ဖြစ်သည်။ ဆေးပုလင်းတစ်ပုလင်း၏ တာဝန်မှာ ဆေးလုံးများ ထည့်သွင်းသိုလှောင်ရန် မဟုတ်ပါလော။ ထို့ကြောင့် သူ ကံထူးသွားခဲ့ပြီး အနာကျက်ဆေးလုံးများ ပါသော ဆေးပုလင်းတစ်ပုလင်းကို ရှာတွေ့ခဲ့ခြင်း ဖြစ်သည်ဟု ရှင်းပြလိုက်မည်ဆိုပါက သဘာဝကျပေသည်။ ထို့အပြင် ဝိညာဉ်အမြစ်ရွာထဲတွင် ရှိခဲ့စဉ်ကတည်းက ဝမ်ပေါင်လဲ့မှာ မယုံကြည်နိုင်လောက်အောင် အလွန်အင်မတန်မှ ကံကောင်းသည်ကို လူတိုင်းက သိထားကြပြီးမဟုတ်ပါလော။
ဝမ်ပေါင်လဲ့မှာ အစိမ်းရောင်ကြာပွင့်လေးအား ကွယ်ဝှက်နေစဉ် ကောင်းကင်ယံထဲတွင်မူ ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာ အပြန်အလှန် ဆက်သွယ်နိုင်ရန် ထပ်ခါတလဲလဲ ကြိုးပမ်းခဲ့သောကြောင့် နောက်ဆုံးတွင် ညနတ်ဆိုးဧကရာဇ်ကြီးမှာ ချန်ဟွေ့ သေဆုံးသွားခဲ့သော အရက်မျက်နှာဘက်မှ အကြည့်လွှဲလိုက်၏။
သူသည် လေထဲတွင်ရပ်ကာ ခေါင်းမော့၍ နေမင်းကြီးနှင့် ရှေးဟောင်း ကြေးညိုရောင်ဓားကြီးရှိရာ အရပ်မျက်နှာဘက်သို့ လှမ်းကြည့်နေလိုက်သည်။ သူသည် တိတ်ဆိတ်ငြိမ်သက်စွာဖြင့် အချိန်အတော်အတန်ကြာအောင် ထိုကဲ့သို့ ကြည့်နေလိုက်ပြီးနောက် သူ၏မျက်လုံးများထဲတွင် ရုတ်တရက်ဆိုသလို အနက်ရောင်အလင်းရောင်တစ်ခု ပေါ်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပျံထွက်သွား၏။
ထို့ကြောင့် ကျယ်လောင်သော ပေါက်ကွဲသံကြီးများ ထွက်ပေါ်လာပြီး လမင်းကြီးတစ်ခုလုံး အပြင်းအထန် တုန်ရီသွား၏။ ညနတ်ဆိုးဧကရာဇ်ကြီးမှာ ရှေ့သို့ ပျံထွက်သွားသဖြင့် သူ၏ခန္ဓာကိုယ်၌ ချိတ်ထားသော သံကြိုးများမှာ တောင့်တင်းသွား၏။ ထို့ကြောင့် သူသည် ရှေ့သို့ အကွာအဝေးအနည်းငယ်မျှသာ ရောက်သွားပြီးနောက် ရပ်တန့်သွားရ၏။
သူ ရပ်တန့်သွားသည်နှင့် တစ်ပြိုင်နက် လမင်းကြီးတစ်ခုလုံး အပြင်းအထန် တုန်ရီသွားကာ မြေပြင်ကြီး အက်ကွဲသွားပြီး ချိုင့်ဝှမ်းများမှာလည်း ပေါက်ကွဲသွားရ၏။ ကောင်းကင်ယံထဲတွင် ကျယ်လောင်သော ပေါက်ကွဲသံများဖြင့် ပဲ့တင်ထပ်နေပြီး သူ၏ ဆွဲအားကြောင့် လမင်းကြီးတစ်ခုလုံး ပေအနည်းငယ်ခန့် ရွေ့သွားရသကဲ့သို့ ဖြစ်သွားသည်။
ကောင်းကင်ပေါ်မှ ကြည့်လိုက်မည်ဆိုပါက ညကောင်းကင်ယံကြီးထဲတွင် လှိုင်းပေါင်း မြောက်မြားစွာ ထွက်ပေါ်လာပြီး လမင်းကြီးအား ဝန်းရံထားသည်ကို မြင်နိုင်ပေသည်။ လမင်းကြီးတစ်ခုလုံးမှာ တုန်ရီနေပြီး အသံအကျယ်ကြီးများ မြည်ကာ ဧရာမ အက်ကွဲကြောင်းကြီးများမှာလည်း အဆက်မပြတ် ပျံ့နှံ့နေသည်ကို မြင်ရမည်ဖြစ်သည်။
ထိုမြင်ကွင်းကြောင့် လပေါ်ရှိ လူတိုင်း ကြောက်ရွံ့တုန်လှုပ်သွားရတော့သည်။ ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာမူ နတ်ဘုရားလက်နက်ကို ထပ်၍ လှုပ်နှိုးလိုက်သဖြင့် ၎င်း၏ အနီရောင် အလင်းတန်းမှာ နောက်ထပ်တစ်ကြိမ် ပေါ်ထွက်လာပြီး အရာအားလုံးကို တည်ငြိမ်သွားအောင် ထိန်းသိမ်းလိုက်သည်။
သို့သော် ညနတ်ဆိုးဧကရာဇ်ကြီးမှာမူ သံကြိုးများ၏ တားဆီးခြင်းကို ခံလိုက်ရသည့်အချိန်တွင် ရူးသွပ်လုမတတ် ဖြစ်သွားရ၏။ ၎င်းမှာ ထိုသံကြိုးများထဲမှ လွတ်မြောက်အောင် ရုန်းထွက်ကာ ရှေ့သို့ ပျံထွက်သွားချင်စိတ်များ ပေါက်နေသည့် အမူအရာဖြင့် အဆက်မပြတ်ရုံးကန်နေ၏။ ထိုသို့ ရုန်းကန်ရုံမျှဖြင့် မလွတ်မြောက်နိုင်ပါက ၎င်းမှာ လမင်းကြီး တစ်စင်းလုံးကိုပင် သူနှင့်တပါတည်း ဆွဲခေါ်သွားမည့်ပုံပင်။
ထိုအန္တရာယ်ကြီးကို အာရုံခံမိလိုက်သောအခါ ညနတ်ဆိုးဧကရာဇ်ကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ သံကြိုးများမှာ ရုတ်တရက်ဆိုသလို ခရမ်းရောင်သန်းသွား၏။ ထို ခရမ်းရောင် အလင်းများမှာ သံကြိုးများမှတစ်ဆင့် ညနတ်ဆိုးဧကရာဇ်ကြီးဆီသို့ အလျင်အမြန် ဦးတည်လာပြီးနောက် သူ၏တစ်ကိုယ်လုံးကို လွှမ်းခြုံသွားတော့သည်။ ညနတ်ဆိုးဧကရာဇ်ကြီးမှာမူ အလွန်အင်မတန်မှ နာကျင်ခံစားနေရသည့်ပုံ ပေါက်နေ၏။ သူသည် လက်မြှောက်၍ သူ၏ခေါင်းကိုအုပ်ကာ နာကျည်းမှုအပြည့်ဖြင့် စူရှကျယ်လောင်စွာ အော်ဟစ်နေလိုက်တော့သည်။
သူ၏အော်ဟစ်သံကြီးကြောင့် ဘေးပတ်ပတ်လည်ရှိ နေရာတစ်ခုလုံး တုန်ရီသွားရ၏။ သူ၏ အနားတွင်ရှိနေသော အာနာပါနအဆင့် ကျင့်ကြံသူများမှာ ထိုအသံကြီးကို တောင့်ခံနိုင်စွမ်းမရှိသောကြောင့် သူတို့၏ ဦးခေါင်းခွံများမှာ ချက်ချင်းပင် ပေါက်ကွဲထွက်သွားကြတော့သည်။ အခြေတည်အဆင့် ကျင့်ကြံသူများပင်လျှင် ဒွာရကိုးပေါက်မှ သွေးများစီးကျလာကြ၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏ ခန္ဓာကိုယ်ထဲ၌ တစ်စုံတစ်ခု လှုပ်လှုပ်ရှားရှားဖြစ်သွားသည်ကို ခံစားလိုက်ရပြီး သူ၏ ပါးစပ်ထောင့်မှ သွေးများစီးကျလာ၏။
အမြုတေအဆင့် ကျင့်ကြံသူအားလုံးမှာလည်း မျက်နှာများ ဖြူဆုပ်သွားကြပြီး သွေးရူးသွေးတန်းနှင့် ထွက်ပြေးသွားကြ၏။ ထိုအဖြစ်အပျက်များ အားလုံးမှာ နတ်ဘုရားလက်နက်၏ အကာအကွယ်အောက်တွင် ဖြစ်ပျက်နေခြင်းဖြစ်သည်။ အကယ်၍ ထို နတ်ဘုရားလက်နက်သာ ရှိမနေပါက လက်ရှိအခြေအနေများမှာ စိတ်ကူးနှင့်ပင် မှန်းဆ၍မရနိုင်လောက်အောင် ပို၍ဆိုးရွားနေမည်သာ ဖြစ်သည်။
အချိန်အတော်အတန် ကြာမြင့်သွားပြီးနောက် ထို နာကျည်းဖွယ်ရာ အော်ဟစ်သံများမှာ အားပျော့လာ၏။ ညနတ်ဆိုးဧကရာဇ်ကြီးမှာ စွမ်းအင်အမြောက်အမြား ကုန်ဆုံးသွားသည့်ပုံ ပေါက်နေပြီဖြစ်သည်။ သူသည် လက်ရှိအခြေအနေများကို ပြောင်းလဲပစ်နိုင်စွမ်း ရှိမည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် သူ၏ခန္ဓာကိုယ်ကြီးမှာ တဖြည်းဖြည်းနှင့် အောက်သို့ကျလာ၏။ ထို့နောက် အင်မတန်မှ အားအင်ချည့်နဲ့လာသဖြင့် သူ၏ မျက်လုံးများကိုပင် ဖွင့်မထားနိုင်တော့ပေ။ သူသည် ပြန်လည်အိပ်မောကျသွားတော့မည့်ပုံ ပေါက်နေပါသော်လည်း စကားတစ်ခွန်း ပြောချင်နေသည့် အမူအရာဖြင့် ကြိုးစားရုန်းကန်၍ သူ၏ပါးစပ်ကို ဖွင့်လိုက်၏။ သို့သော် သူ၏နှုတ်မှ ညည်းသံများသာ ထွက်ပေါ်လာ၏။
သူ၏ အသံမှာ အလွန်အင်မတန်မှ ဝမ်းနည်းစရာကောင်းနေသောကြောင့် ထိုအသံအား ကြားလိုက်ရသည့် လူတိုင်းမှာလည်း နှလုံးသားထဲတွင် ခံစားချက်မျိုးစုံဖြင့် ဗလောင်ဆူသွားရပြီး ထို ဝမ်းနည်းမှုများကို ခံစားလိုက်ရ၏။
ထိုခံစားချက်ကြီးမှာ မိမိ၏ နေအိမ် ဖျက်ဆီးခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသဖြင့် ခံစားနေရသည့် စိတ်အားညှိုးငယ်မှုမျိုးနှင့် ဆင်တူပေသည်။
ထိုခံစားချက်ကြီးမှာ လက်တုံ့ပြန်ရန် မစွမ်းနိုင်သောကြောင့် အသက်သေသည်အထိ ရင်ထဲ၌ ထွေးပိုက်ထားရမည့် နာကျည်းမှုများမှတစ်ဆင့် ပြောင်းလဲသွားသော ဝမ်းနည်းမှုမျိုးနှင့်လည်း ဆင်တူပေသည်။
ထိုခံစားချက်ကြီးမှာ စိတ်ဆင်းရဲမှု ဝေဒနာများနှင့် ရူးသွပ်မှုများကြောင့် အပြစ်ရှိသလို ခံစားနေရသော ခံစားချက်မျိုးနှင့်လည်း ဆင်တူနေပြန်သည်။
ထိုခံစားချက်မျိုးစုံ ရောယှက်ကိန်းအောင်းနေသော သနားဖွယ်ရာ အော်ဟစ်မြည်တမ်းသံများမှာ အရမ်းမျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ပို၍ဝမ်းနည်းစရာကောင်းသည်မှာ ယခုကဲ့သို့ စိတ်ဝေဒနာပြင်းပြစွာ ခံစားနေရချိန်တွင် သူ၏ မျက်ရည်များမှာ ခန်းခြောက်နေခြင်းပင်ဖြစ်သည်။
သူသည် ထိုကဲ့သို့ အော်ဟစ်မြည်တမ်းကာ တဖြည်းဖြည်းနှင့် အောက်သို့ကျလာပြီးနောက် တဖြည်းဖြည်းနှင့် ဒူးထောက်ချလိုက်ပြီး ရှေးဟောင်း ကြေးညိုရောင်ဓားကြီး ရှိရာဘက်၌ တည်ရှိနေသော နေမင်းကြီးကို မျက်နှာမူနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့အပါအဝင် လူတိုင်းမှာ ဒူးထောက်လိုက်ပြီးနောက် နေမင်းကြီးရှိရာဘက်သို့ အရိုအသေပေးကာ သနားစဖွယ်ကောင်းစွာ ငိုယိုနေသော ညနတ်ဆိုးဧကရာဇ်ကြီးအားကြည့်ရင်း တိတ်ဆိတ်ငြိမ်သက်သွားကြတော့သည်။ ထိုခံစားချက်ကြီးမှာ သူတို့၏ နှလုံးသားများထဲတွင် လေးလံလွန်းနေ၏။
အချိန်အတော်အတန်ကြာအောင် ထို အော်ဟစ်ငိုယိုသံများ ပဲ့တင်ထပ်နေပြီးနောက် စကားလုံးတစ်လုံးကို မသဲမကွဲ ကြားလိုက်ရ၏။ သို့သော် ထိုဘာသာစကားမှာ ကမ္ဘာကြီးပေါ်တွင် အသုံးပြုသောဘာသာစကား မဟုတ်သောကြောင့် မည်သူကမှ နားမလည်လိုက်ပေ။ သို့သော်… ဝမ်ပေါင်လဲ့မှာမူ ချွင်းချက်ပင်။
မမလေးကြောင့်လား၊ အစိမ်းရောင်ကြာပွင့်ကြောင့်လားတော့ မသိပေ။ ဝမ်ပေါင်လဲ့မှာ ပြတ်သားမှုမရှိသော ထိုစကားလုံးကို နားလည်လိုက်၏။
၎င်းမှာ ” သခင် “ဟု အဓိပ္ပါယ်ရပေသည်။
ညနတ်ဆိုးဧကရာဇ်ကြီးမှာ ဒူးထောက်၍ နေမင်းကြီးပေါ်တွင်ရှိသော ရှေးဟောင်း အစိမ်းရောင် ကြေးညိုရောင်ဓားကြီးရှိရာဘက်သို့ ဦးညွှတ်နေ၏။ ထို့နောက် သူသည် ဝမ်းနည်းမှုအပြည့်ဖြင့် အော်ဟစ်ငိုယိုနေရင်း လွမ်းဆွတ်တမ်းတမှုများ၊ လိပ်ပြာမလုံသလိုဖြစ်နေသော ခံစားချက်များနှင့် အခြားခံစားချက်ပေါင်းစုံ ရောပြွမ်းနေသော လေသံဖြင့် စကားလုံး တစ်လုံးတည်းကို ရေရွတ်လိုက်ခြင်းဖြစ်သည်။
” သခင် ”
အချိန်အတော်အတန်ကြာပြီးနောက် ထို ” သခင် ” ဟူသော စကားသံမှာ အော်ဟစ်သံများကြားတွင် ပဲ့တင်ထပ်နေတော့သည်။ ညနတ်ဆိုးဧကရာဇ်ကြီး၏ ခန္ဓာကိုယ်မှာလည်း တဖြည်းဖြည်းနှင့် ချိုင့်နက်ကြီးထဲသို့ ပြန်ကျလာပြီး နောက်ဆုံးတွင် လုံးဝ အသံတိတ်သွားတော့သည်။
အချိန်အနည်းငယ်ခန့် ကြာမြင့်ပြီးသွားသည့်တိုင်အောင် မည်သူကမှ စကားတစ်ခွန်းတလေပင် မပြောကြပေ။ ညနတ်ဆိုးဧကရာဇ်ကြီး အိပ်မောကျသွားပြီဖြစ်ကြောင်း သေချာသွားသောအခါမှ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်မှာ စိတ်အေးသွားရပြီး သက်ပြင်းချလိုက်တော့သည်။ သူ၏ ပတ်ပတ်လည်ရှိ အမြုတေအဆင့် ကျင့်ကြံသူများမှာလည်း အလားတူပင်။ ထို့အပြင် ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာ တစ်ကိုယ်လုံး ချွေးများဖြင့်ရွှဲနေကြောင်း သူတို့ သတိထားမိလိုက်ကြ၏။
အကယ်၍ စောစောတုန်းကသာ အမှားအယွင်း တစ်ခုတလေပင် လုပ်မိခဲ့မည်ဆိုပါက သူတို့အားလုံးမှာ အသက်ပျောက်သွားနိုင်ပေသည်။
” ကဲ။ အရှုပ်တွေကို ရှင်းရမယ့်အချိန် ရောက်ပြီ။ မင်းတို့ရဲ့ ကျောင်းသားတွေနဲ့ အဖွဲ့ဝင်တွေ အကုန်လုံးကို တွေ့အောင်ရှာပြီးလို့ နောက်သုံးနာရီကြာရင် သူတို့အားလုံးကို စခန်းတွေဆီကို ပြန်ခေါ်လာခဲ့ပြီးတော့ စစ်ဆေးရမယ်။ ဒီကိစ္စကြီး မပြီးသေးသရွေ အတားအဆီး အချုပ်အနှောင်ကြီးကို ပြန်ဖွင့်ပေးမှာမဟုတ်သလို ဘယ်သူမှလည်း ထွက်ခွာခွင့်မရှိဘူး ”
ထို့နောက် သွမ့်မုချွယ်မှာ နောက်သို့ ရုတ်တရုက် လှည့်လာပြီး ညနတ်ဆိုးဧကရာဇ်ကြီး၏ အော်ဟစ်သံများမှ ထွက်ပေါ်လာခဲ့သော တုန်ခါမှုများကြောင့် သေဆုံးသွားခဲ့ရသည့် လူများ၏ ရုပ်အလောင်းများကို အေးစက်စက်မျက်ဝန်းတစ်စုံဖြင့် ကြည့်ရှုလိုက်၏။ ထို့အပြင် သူသည် အသက်ရှင်လျက် ရှိနေသေးပါသော်လည်း ဒွာရကိုးပေါက်မှ သွေးများစီးကျနေကြသော အခြေတည်အဆင့်ကျင့်ကြံသူများကိုလည်း ဝေ့ဝိုက်ကြည့်ရှုလိုက်သေးသည်။ တချိန်တည်းမှာပင် သူသည် ဝမ်ပေါင်လဲ့အား လှမ်းမြင်လိုက်ရသဖြင့် သူ့အား ခေါင်းညိတ်ပြလိုက်ပြီး နောက်သို့လှည့်ကာ ထွက်ခွာသွားတော့သည်။
ထို့နောက် လူများမှာ လူစုခွဲသွားကြပြီး သူတို့၏ သက်ဆိုင်ရာအဖွဲ့အစည်းများမှ အဖွဲ့ဝင်များကို လိုက်လံရှာဖွေလိုက်ကြတော့သည်။ စောစောတုန်းက သွမ့်မုချွယ်၏ဘေးတွင် ရပ်နေခဲ့သော ကောင်းကင်တာအိုကျောင်း၏ ဂိုဏ်းချုပ်ကြီးမှာ ဝမ်ပေါင်လဲ့အနားသို့ ရောက်လာ၏။ သူ၏ မျက်ဝန်းများထဲတွင်မူ ရှုပ်ထွေးသော အဓိပ္ပါယ်များ ထင်ဟပ်နေပြီး ဝမ်ပေါင်လဲ့မှာမူ စကားတစ်ခွန်းမှမပြောဘဲ ဆိတ်ငြိမ်နေ၏။
သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲသို့ စတင်ဝင်ရောက်လာခဲ့စဉ်တုန်းကလို ရိုးအသော အာနာပါနအဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်တော့ပေ။ သစ်သီးကို လုယူရင်း ဧရာမသစ်ပင်ကြီးများနှင့် ရင်ဆိုင်ခဲ့ရသည့် တိုက်ပွဲကြီးကို ကျော်ဖြတ်ခဲ့ရပြီး အဖွဲ့အစည်းများ၏ ကြားမှ အပြန်အလှန်ပြောစကားများကို နားထောင်ခဲ့ရပြီးနောက် သူသည် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာပေါ်တွင် ဖြစ်ပျက်သွားခဲ့သည့် ပြောင်းလဲမှုများကို တိတိကျကျ သိရှိနားလည်သွားပြီဖြစ်သည်။
ဤ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာကြီးမှာ ထောင်ချောက်တစ်ခုသာဖြစ်သည်။
ဤ အဖြစ်အပျက်အားလုံးကို တာအိုကျောင်းကြီးလေးကျောင်းက ကြိုသိထားခြင်း ရှိ၊ မရှိကိုတော့ သူ တပ်အပ်မပြောနိုင်ပေ။
ကောင်းကင်တာအိုကျောင်းမှ ဂိုဏ်းချုပ်ကြီးမှာ စကားအချို့ ပြောချင်နေသည့်ပုံ ပေါက်နေပါသော်လည်း နောက်ဆုံးတွင် သက်ပြင်းသာချလိုက်ပြီး စကားတစ်ခွန်းမှ ပြောမနေတော့ပေ။ သူသည် ဝမ်ပေါင်လဲ့အား သူနှင့်အတူ ခေါ်ဆောင်သွားပြီး သူ့အား တာအိုကျောင်းလေးကျောင်း၏ စခန်းတစ်ခုတွင် နေရာချပေးလိုက်၏။ ထို့နောက် တာအိုကျောင်းလေးကျောင်းမှ အမြုတေအဆင့် ကျင့်ကြံသူများမှာလည်း သူတို့၏ သက်ဆိုင်ရာကျောင်းများမှ ကျောင်းသားများကို ပြန်ခေါ်သွားကြ၏။
ဝမ်ပေါင်လဲ့မှာ ကျိုးရိဖန်နှင့် ကျောက်ယမုန့်တို့ နှစ်ယောက်စလုံးကို တွေ့လိုက်ရ၏။ သူတို့နှစ်ယောက်စလုံးမှာ အံ့သြဖွယ်ရာကောင်းနေပြီး အခြေတည်အဆင့်သို့ ရောက်ရှိနေကြပြီဖြစ်သည်။ ကျောက်ယမုန့်မှာဆိုလျှင် ပြီးပြည့်စုံသော အဆောင်တစ်ခုဖြင့် အခြေတည်အဆင့်သို့ တက်လှမ်းခဲ့ခြင်း ဖြစ်လိမ့်မည်ဟု ဝမ်ပေါင်လဲ့က အာရုံခံမိနေ၏။
ချန်းယွီထုံနှင့် သူ၏အပေါင်းအပါများမှာလည်း ပြန်လည်ရောက်ရှိလာသည်။ ထိုကဲ့သို့ လူမျိုးစုံ ပြန်လည်ရောက်ရှိလာနေကြစဉ်တွင် လျှို့ဝှက်ဆန်းကြယ် လကမ္ဘာ၏ အမှောင်ဘက်ခြမ်းပေါ်ရှိ တောအုပ်ကြီးတစ်ခုထဲတွင် တိုက်ပွဲတစ်ခု ဖြစ်ပွားလုဆဲဆဲ အနေအထားသို့ ရောက်နေ၏။
ဆူညံသံများကြားတွင် မျက်နှာဖြူဆုတ်နေသော ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးတစ်ယောက်မှာ အလျင်စလိုထွက်ပြေးနေ၏။ သူ၏ရှေ့ရှိ တောအုပ်ထဲတွင်မူ အနီရောင်အလင်းတစ်ခု ပျံ့နှံ့လာပြီး သူ၏ တစ်ကိုယ်လုံးကို လွှမ်းခြုံပြီးသွားသောအခါ ကြယ်နီမှာ သူ၏ နဖူးပေါ်၌ ပေါ်လာတော့သည်။
သွမ့်မုချွယ်မှာ တောအုပ်ထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။ သူသည် ခြေတလှမ်းချင်းလှမ်းရင်း ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးရှေ့သို့ ရောက်လာသည်။
ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးမှာ သွမ့်မုချွယ်အား ဇဝေဇဝါဖြစ်နေသည့် အကြည့်ဖြင့် စိုက်ကြည့်လိုက်ပြီးနောက် တုံ့ပြန်တိုက်ခိုက်ခြင်း မရှိတော့ဘဲ သက်ပြင်းသာချလိုက်တော့သည်။
” မင်းက ဥက္ကဋ္ဌလောင်းတွေထဲက ပါမွှားလေးတစ်ကောင် အဆင့်ကနေ လူတိုင်းက အာရုံစိုက်ရပြီးတော့ အလေးထားရတဲ့ လူတစ်ယောက် ဖြစ်လာပြီး မင်းရဲ့ အတန်းဖော်တွေကိုပါ ကျော်တက်ပြီးတော့ ပြည်ထောင်စုဥက္ကဋ္ဌကြီး ဖြစ်လာခဲ့တာ မထူးဆန်းပါဘူး… သွမ့်မုချွယ်။ မင်းဆီမှာ ရိုးသားဖြောင့်မတ်တဲ့ နည်းလမ်းတစ်ခုနဲ့ အကောက်ကြံတဲ့ နည်းလမ်းတစ်ခုဆိုပြီးတော့ ငါ့ကို အလဲထိုးလိုက်မယ့်နည်းလမ်း နှစ်ခုပဲရှိတယ်လို့ ငါက ထင်ခဲ့တာ။ ကြည့်ရတာ ငါ မင်းကို လျှော့တွက်မိခဲ့တဲ့ပုံပဲ။ မင်းဆီမှာ တတိယမြောက် နည်းလမ်းတစ်ခု ရှိနေသေးတာပဲ ”
” မင်း ဘယ်လိုလုပ်ပြီးတော့ အဲဒီသစ်သီးကို ငါ့ထက်အရင် ရှာတွေ့ခဲ့သလဲဆိုတာ ငါ မသိဘူး။ ပြီးတော့ မင်းက အဲဒီသစ်သီးကို အဆိပ်ခတ်ခဲ့တဲ့အပြင် အချုပ်အနှောင်တွေနဲ့ပါ ထိန်းသိမ်းထားခဲ့တာပဲ။ ဒီတစ်ခေါက်တော့ ငါ အရှုံးပေးပါတယ် ”
” အဲဒီသစ်သီးကော ဘာဖြစ်သွားလဲ ”
သွမ့်မုချွယ်က တည်ကြည်စွာမေးလိုက်၏။
ထိုအခါ ဝတ်ရုံနက် သက်လတ်ပိုင်းလူကြီးမှာ ရှုံ့မဲ့မဲ့ ရယ်မောလိုက်ပြီး သက်ပြင်းချကာ အမှန်အတိုင်း ပြောပြလိုက်တော့သည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ပတ်သက်သော အကြောင်းအရာများကိုသာ ထိမ်ချန်ထားခဲ့၏။ ဝမ်ပေါင်လဲ့မှာ သူ ပြည်ထောင်စုဥက္ကဋ္ဌကြီးကို ရှင်းပစ်ရန် အသုံးပြုနိုင်သည့် တစ်ခုတည်းသော အခွင့်အရေးမဟုတ်ပါလော။ တချိန်တည်းမှာပင် ဝမ်ပေါင်လဲ့မှာ သစ်သီး၏ အစိတ်အပိုင်းအများစုကို စုပ်ယူခဲ့သည်ဖြစ်ရာ သူ အနာဂတ်၌ ယွမ်ယင်အဆင့်သို့ တက်လှမ်းရာတွင် ဝမ်ပေါင်လဲ့မှာ အဓိကသော့ချက်တစ်ခု ဖြစ်လာမည်ဖြစ်သည်။ ထို့ကြောင့် သူ၏ကိုယ်ကျိုးအတွက် ဝမ်ပေါင်လဲ့အား ကာကွယ်ပေးရန်လိုအပ်ပေသည်။
ထိုအချိန်တွင် လ၏အလင်းဘက်ခြမ်းရှိ ချိုင့်ဝှမ်းတစ်ခုထဲတွင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ နဝမအဆင့် ဓမ္မလက်နက်တစ်ခုကို ကိုင်ဆွဲရင်း အနက်ရောင်ဝတ်ရုံရှည်တစ်ခုကို ဆင်မြန်းထားပြီး ခံစားချက်ကင်းမဲ့သော အမူအရာဖြင့် သူ့ဆီသို့ ချဉ်းကပ်လာနေသော သက်လတ်ပိုင်း ကျင့်ကြံသူတစ်ယောက်ကို စိုက်ကြည့်နေသည်။ ထို ကျင့်ကြံသူကြီးမှာလည်း သူ့အတိုင်းပင် ကြောက်မက်ဖွယ်ရာကောင်းသော နဝမအဆင့်ဓမ္မလက်နက် လှံရှည်ကြီးတစ်ချောင်းကို ကိုင်ဆောင်ထားသည်။
” လီချီတောက်။ ခင်ဗျားက လွှတ်တော်ရဲ့ ခေါင်းဆောင်လွှတ်တော်အမတ် ဖြစ်နေတာကို ဘာဖြစ်လို့ သမင်ဖြူတာအိုကျောင်းနဲ့ ပူပေါင်းထားရတာလဲ။ ပြီးတော့ ကျုပ်တို့တွေ တိုက်ခိုက်မယ်ဆိုရင် အနိုင်အရှုံး ကွဲမှာမဟုတ်ဘူး။ ဒီတော့ ဘာလို့ တိုက်ခိုက်နေဦးမှာလဲ ”
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။
” ဂိုဏ်းချုပ်ကြီးရွှီ … ရှုံးတဲ့လူက အရှုံးကို လက်ခံရမှာပဲလေ။ ဘာလို့ မကျေမနပ်ဖြစ်နေသေးတာလဲ။ ခင်ဗျားရဲ့ ဉာဏ်ပညာနဲ့ဆိုရင် အဲဒီသစ်သီးကို သစ်သား သတ္တဝါတွေပဲ အသုံးပြုလို့ရတယ်ဆိုတာ သိထားမှာပါ။ လူသားကျင့်ကြံသူတွေအတွက်ဆို ဘာမှ အသုံးမဝင်ဘူး။ ခန္ဓာကိုယ်ကို သန်မာလာအောင် လုပ်ပေးနိုင်ရုံလောက်ပဲ။ အဲဒီလိုမှ မဟုတ်ရင် အဲဒီသစ်သီးက ဘာလို့ အခုအထိ ရှိနေရဦးမှာလဲ။ ပြီးတော့ လူတစ်ယောက်က အဲဒီသစ်သီးကို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ခဲ့တာမလို့ ခင်ဗျားလို သစ်သားပညာရပ်တွေအပိုင်းမှာ ကျွမ်းကျင်နေတဲ့ လူတစ်ယောက်တောင် ယွမ်ယင်အဆင့်ကို တက်လှမ်းနိုင်ဖို့အတွက် အဲဒီသစ်သီးကို အသုံးပြုမယ်ဆိုရင် ဘာမှထူးမှာမဟုတ်ဘူး ”
ထိုအခါ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ အသံတိတ်သွားပြီး အချိန်အတော်အတန်ကြာပြီးမှ သက်ပြင်းအရှည်ကြီး ချလိုက်၏။
” ကျုပ် နှစ်ငါးဆယ်လောက် တံခါးပိတ်ကျင့်ကြံပြီးတော့ အဲ့အတောအတွင်း လူတွေကြား ပေါ်မလာရင် ရပြီလား ”
” မရဘူး။ အနည်းဆုံး အနှစ်ခြောက်ဆယ်လောက်မှ ရမယ် “