ဝမ်ပေါင်လဲ့ ထွက်ခွာသွားပြီးပြီးချင်းမှာပင် မြေပြင်ကြီးမှာ တုန်ရီသွားပြီး လ၏အမှောင်ဘက်ခြမ်းပေါ်ရှိ တားမြစ်နယ်မြေထဲတွင် ရှိနေသော ဂူကြီးမှာ ပေါက်ကွဲသွားတော့သည်။ ရွှံ့များနှင့် သဲများမှာ အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြပြီး မြေပြင်ပေါ်တွင် ဧရာမချိုင့်ကြီးတစ်ခု ပေါ်လာတော့သည်။
ကောင်းကင်ယံထဲတွင်မူ ပင်လယ်တစ်စင်းကဲ့သို့ ကျယ်ပြောနေသော ကြက်သွေးရောင် အလင်းတန်းတစ်ခုမှာ အံ့သြမှင်တက်ဖွယ်ရာကောင်းသော အမြန်နှုန်းမျိုးဖြင့် ထွက်ပေါ်လာနေ၏။ ၎င်းမှာ လ၏အမှောင်ဘက်ခြမ်းပေါ်ရှိ တားမြစ်နယ်မြေထဲတွင် ရှိနေသော ချိုင့်နက်ကြီး၏ အထက်သို့ ရောက်ရှိလာသည်။ ထို အလင်းတန်းကြီး လေထဲတွင် ရပ်တန့်သွားသောအခါ အနီရောင် ဓားတစ်ချောင်းကို မြင်နိုင်ပေသည်။
၎င်းမှာ ပြည်ထောင်စုကြီးထဲရှိ တစ်ခုတည်းသော နတ်ဘုရားလက်နက်ဖြစ်သည့် ကြယ်နီပင်ဖြစ်သည်။
၎င်း ပေါ်ထွက်လာမှုကြောင့် ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့မှာ ရဲရဲနီသွားရ၏။ သစ်တောများပင်လျှင် အနီရောင်သန်းနေကြပြီဖြစ်သည်။ ထို့အပြင် စကားလုံးများနှင့် ဖော်ပြ၍မရနိုင်လောက်အောင် ဖိအားကောင်းသော စွမ်းအားတစ်မျိုးမှာလည်း ထိုနတ်ဘုရားလက်နက်ထဲမှ အဆက်မပြတ် ထွက်ပေါ်နေ၏။
၎င်းမှာ လက်ဖဝါးတစ်ဖက် အရွယ်အစားသာ ရှိပါသော်လည်း ကြောက်မက်ဖွယ်ရာ မီးတောင်ကြီးတစ်လုံးနှင့် တူနေ၏။ ထိုမီးတောင်ကြီး ပေါက်ကွဲသွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကို အပြင်းအထန် တုန်ရီသွားစေမည်သာ ဖြစ်သည်။
၎င်းဆီမှ ထွက်ပေါ်လာနေသော ကြောက်မက်ဖွယ်ရာ စွမ်းအင်လှိုင်းများမှာ လမင်းကြီး တစ်ခုလုံးကိုပင် တုန်ခါသွားအောင် ပြုလုပ်နိုင်စွမ်း ရှိနေသည်။ မည်သည့်ဓမ္မလက်နက်မဆို ၎င်းနှင့် ရင်ဆိုင်လိုက်ရမည်ဆိုပါက လုံးဝမယှဉ်နိုင်ဘဲ ပျက်စီးသွားရမည်သာ ဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ၎င်းမှာ နတ်ဘုရားလက်နက်တစ်ခု သို့မဟုတ် ပို၍တိတိကျကျ ပြောရမည်ဆိုလျှင် ဓမ္မလက်နက်များ၏ ဘုရားသခင် ဖြစ်နေသောကြောင့်ပင်။
ပြည်ထောင်စုဥက္ကဋ္ဌကြီးပင်လျှင် ၎င်း၏ အစွမ်းများကို တစ်ပိုင်းတစ်စသာ ထုတ်လွှတ်နိုင်စွမ်းရှိသည်။ ယနေ့အထိ ပြည်ထောင်စုကြီးတစ်ခုလုံးထဲတွင် ၎င်း၏ အစွမ်းများကို အပြည့်အဝ ထုတ်လွှတ်နိုင်သည့် ပိုင်ရှင်အစစ်အမှန် တစ်ယောက်တလေပင် ပေါ်မလာဖူးသေးပေ။
ထိုနတ်ဘုရားလက်နက်ကြီး ပေါ်ပေါက်လာသောအခါ တောအုပ်ကြီးတစ်ခုလုံး သုဿာန်တစပြင်ကဲ့သို့ တိတ်ဆိတ်ငြိမ်သက်သွား၏။ သို့သော် တားမြစ်နယ်မြေထဲရှိ ညနတ်ဆိုးများနှင့် လဝိညာဉ်အားလုံးမှာ ကြောက်မက်ဖွယ်ရာ ရန်သူကြီးတစ်ယောက်နှင့် ရင်ဆိုင်လိုက်ရသကဲ့သို့ ဖြစ်သွားကြပြီး တစ်လက်မလေးပင် မလှုပ်ရှားရဲကြတော့သည်ကို မြင်နိုင်ပေသည်။
တားမြစ်နယ်မြေ၏ အပြင်ဘက်တွင်မူ ကျင့်ကြံသူများစွာ ရှိနေဆဲပင်။ သူတို့ထဲမှ အများစုမှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဖွဲ့ဝင်များဖြစ်ကြသည်။ ယခုကဲ့သို့သော ရုတ်တရက် ပြောင်းလဲမှုများကြောင့် ထိုအဖွဲ့နှစ်ဖွဲ့စလုံးမှ တည်နေရာရွှေ့ပြောင်းခံလိုက်ရသည့် အမြုတေအဆင့် ကျင့်ကြံသူများမှာ စိုးထိတ်သွားကြပြီးသူတို့၏ အနီးအနားတွင်ရှိနေသော အခြားအဖွဲ့ဝင်များအား လူစုကာ ဖြစ်ကြောင်းကုန်စင်ကို ကြည့်ရှုစစ်ဆေးရန် အမိန့်ပေးလိုက်ကြသည့်ပုံပင်။
ထိုအဖွဲ့ဝင်များထဲတွင် ချန်ဟွေ့လည်း အပါအဝင်ဖြစ်သည်။ ညနတ်ဆိုးဧကရာဇ်ကြီး နိုးထလာခဲ့ပြီးနောက် ကမ္ဘာမြေကြီးမှာ အပြင်းအထန်တုန်ရီသွားသဖြင့် ထိုအနီးအနားတစ်ဝိုက်တွင် ရှိနေကြသောသူများမှာ စစချင်းတွင် ထွက်ပြေးရန် ကြံစည်လိုက်ကြ၏။ သို့သော် နတ်ဘုရားလက်နက်ကြီး ပေါ်ပေါက်လာသောအခါ သူတို့မှာ လှုပ်ပင် မလှုပ်ရဲကြတော့ပေ။ ထို နတ်ဘုရားလက်နက်ကြီး၏ ကြောက်မက်ဖွယ်ရာ အငွေ့အသက်များကြောင့် သူတို့မှာ မျက်နှာများ ဖြူဆုတ်သွားကြပြီး ကြက်သေသေနေကြတော့သည်။
မြေအောက်ထဲရှိ နက်ရှိုင်းလှသော ချိုင့်ကြီးထဲတွင်မူ နတ်ဆိုးအငွေ့အသက်များ တလိပ်လိပ်ထနေပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်နေ၏။ ထို့အပြင် သံကြိုးများ အချင်းချင်း ရိုက်ခတ်နေကြသည့် အသံများကိုလည်း အဆက်မပြတ် ကြားနေရသည်။ ထိုအချိန်တွင် ဧရာမ အရိပ်ကြီးတစ်ခု ထိုချိုင့်ကြီးထဲမှ တဖြည်းဖြည်း တွယ်တက်လာနေပြီး မြေပြင်ပေါ်သို့ ရောက်လာတော့မည့်ပုံ ပေါက်နေ၏။
ထိုတားမြစ်နယ်မြေနှင့် သိပ်မဝေးသော တောအုပ်ထဲတွင်မူ တည်နေရာရွှေ့ပြောင်းခံလိုက်ရသည့် ဝမ်ပေါင်လဲ့မှာ ပြန်ပေါ်လာ၏။ သူသည် ထိုကဲ့သို့ ပြန်လည်ပေါ်ထွက်လာသည်နှင့် တစ်ပြိုင်နက် ကောင်းကင်ယံထဲရှိ နတ်ဘုရားလက်နက်ကြီးနှင့် တားမြစ်နယ်မြေထဲမှ ထွက်ပေါ်လာနေသော နတ်ဆိုးအငွေ့အသက်များကို သတိထားမိလိုက်သည်။
” ဘာလို့ ငါက ဒီလောက် နီးနီးလေးကိုပဲ တည်နေရာရွှေ့ပြောင်းခံလိုက်ရတာလဲဟ ”
ဝမ်ပေါင်လဲ့မှာ ဦးရေခွံများ ထုံကျဥ်သွားတော့သည်။ လျှို့ဝှက်ဆန်းကြယ် ခြေရာခံမြူခိုးများမှာ အဝေးကြီးသို့ တည်နေရာရွှေ့ပြောင်းပေးနိုင်သလို အနီးအနားရှိ နေရာများသို့လည်း တည်နေရာ ရွှေ့ပြောင်းပေးနိုင်ပေသည်။ သို့သော် ယခုတွင်မူ သူ့တွင် လျှို့ဝှက်ဆန်းကြယ် ခြေရာခံမြူခိုး ပုတီးစေ့များ မကျန်တော့သောကြောင့် စိုးထိတ်သွားရတော့သည်။ သူသည် ချက်ချင်းပင် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ပုန်းကွယ်လိုက်၏။ ထို့နောက် သူသည် ခေါင်းမော့ကာ သူ၏အထက်ရှိ ကောင်းကင်ယံကြီးကို လှမ်းကြည့်လိုက်သည်။
ကောင်းကင်ယံတွင်မူ ၎င်းအား ကြည့်မိလိုက်သည့် လူတိုင်းကို စိတ်ပူပန်ကြောင့်ကြသွားစေနိုင်သည့် ရဲရဲနီနေသော နတ်ဘုရားလက်နက်ကြီးအပြင် ခပ်လှမ်းလှမ်းမှနေ၍ အလျင်အမြန် ရောက်ရှိလာကြသော လူရိပ်အချို့လည်း ရှိနေသည်။ သူတို့၏ စုစုပေါင်းအရေအတွက်မှာ အယောက်တစ်ရာကျော် ရှိနေပြီး အနားသို့ ရောက်လာသည်နှင့်အမျှ သူတို့၏ အသံများမှာလည်း ပို၍ဆူညံလာကြ၏။
သူတို့ထဲမှ အများစုမှာ ပြည်ထောင်စုကြီးထဲရှိ အဖွဲ့အစည်းအသီးသီးမှ အမြုတေအဆင့် ထိပ်သီးကျင့်ကြံသူများ ဖြစ်ကြသည်။ ထို့အပြင် သူတို့ထဲတွင် ပြည်ထောင်စုဥက္ကဋ္ဌကြီးလည်း ပါဝင်နေ၏။
သူတို့မှာ ရန်သူကို အာရုံစိုက်ထားကြပြီး တားမြစ်နယ်မြေထဲရှိ ချိုင့်ကြီးကို မျက်ခြည်မပြတ် စိုက်ကြည့်နေကြသည်။ မည်သူကမှ စကားတစ်ခွန်းတလေပင် ပြောမနေပါသော်လည်း သူတို့အားလုံးမှာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို လှုပ်နှိုးထားကြပြီး တိုက်ခိုက်ရန် အဆင်သင့်ပြင်ထားကြ၏။
သူတို့အားလုံး ထိုချိုင့်ကြီးကို အာရုံစိုက်နေစဉ်မှာပင် ၎င်းထဲမှ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။ ထို့နောက် ထူထဲသိပ်သည်းသော နတ်ဆိုးအငွေ့အသက်များ ထိုးထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ အရှိန်အဟုန်ပြင်းစွာ ပျံ့နှံ့သွားတော့သည်။ အဝေးမှကြည့်လိုက်ပါက အနက်ရောင်တောင်ပံကြီးတစ်စုံ ထွက်ပေါ်လာကာ ကောင်းကင်ကြီးကို လွှမ်းခြုံသွားပြီး ချိုင့်ကြီးထဲမှ ဧရာမအရိပ်ကြီးတစ်ခု ပျံတက်လာသည်ကို မြင်နိုင်ပေသည်။ ထို့အပြင် သံကြိုးများ၏ တချွင်ချွင် ရိုက်ခတ်သံများကိုလည်း ကြားနေရသည်။
ထိုအရိပ်ကြီးမှာ ပေတစ်ထောင်ကျော် မြင့်မားပြီး ၎င်း၏ ချပ်ဝတ်တန်ဆာ တစ်ခုလုံး မည်းနက်နေ၏။ ထို့အပြင် ၎င်းမှာ တစ္ဆေမျက်နှာဖုံးတစ်ခုကို တပ်ဆင်ထားပြီး ချပ်ဝတ်တန်ဆာများဖြင့် ဖုံးအုပ်ထားခြင်းမရှိသော နေရာများမှ ၎င်း၏ အသားအရေမှာလည်း မည်းနက်နေသည်။ ထိုအရိပ်ကြီးမှာ ဆံပင်မရှိသော လူကြီးတစ်ယောက်၏ အရိပ်တစ်ခုဖြစ်ပြီး ထိုလူကြီးမှာ ခေါင်းငုံ့ထား၏။ သူ၏ ခန္ဓာကိုယ်ကြီး လေပေါ်သို့ ပျံတက်လာသောအခါ သူ၏ ခန္ဓာကိုယ်၌ တပ်ဆင်ထားသော သံကြိုးကိုးချောင်းမှာလည်း တဖြည်းဖြည်းနှင့် ရှည်လျားလာ၏။
သူ ထွက်ပေါ်လာသောအခါ စကားလုံးများနှင့် ဖော်ပြ၍မရနိုင်သော ဖိအားများနှင့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များ သူ၏ခန္ဓာကိုယ်ထဲမှ အဆက်မပြတ် ထွက်ပေါ်လာ၏။ ထို့ကြောင့် ပြည်ထောင်စုဥက္ကဋ္ဌကြီးအပါအဝင် သူ့အား မြင်လိုက်ရသည့် လူတိုင်း မည်သည့် ကျင့်ကြံခြင်းအဆင့်ကိုပင် ပိုင်ဆိုင်ထားစေကာမူ စိတ်ထဲ၌ အလိုအလျောက် ကြောက်ရွံ့သွားကြ၏။
ကျင့်ကြံခြင်းအဆင့် အလွန်အမတန်မှ ခြားနားနေသောကြောင့် မိမိ၏ ဘဝကြီးတစ်ခုလုံးကို ဖိနှိပ်ချုပ်တည်းထားသကဲ့သို့ ခံစားနေရသည့်အတိုင်းပင်။
သူတို့အားလုံးမှာ ခန္ဓာကိုယ်ထဲရှိ သဘာဝစည်းများ အားလုံး အသံကုန် အော်ဟစ်နေသကဲ့သို့ ခံစားနေရပြီး သာမန်လူတစ်ယောက် နတ်ဘုရားတစ်ပါးနှင့် ကြုံလိုက်ရသည့်အခါ ခံစားနေရသကဲ့သို့ သူတို့၏ ဝိညာဉ်များမှာလည်း တဆတ်ဆတ် တုန်ရီနေတော့သည်။
ထိုလူကြီးမှာ ဒဏ္ဍာရီလာ ညနတ်ဆိုးဧကရာဇ်ကြီးပင် ဖြစ်သည်။ ရှေးဟောင်း ကြေးညိုရောင်ဓားကြီး၏ ရောက်ရှိလာမှုနှင့်အတူ လပေါ်သို့ ပြုတ်ကျလာခဲ့သော ရုပ်အလောင်းကြီးပင် ဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့၏ ခံစားချက်များမှာမူ အခြားသူများနှင့် မတူဘဲ အနည်းငယ်ခန့် ကွဲလွဲနေ၏။ သူသည် တုန်ခါမှုများကို ခံစားနေရပါသော်လည်း ညနတ်ဆိုးဧကရာဇ်ကြီး ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူ၏ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပွင့်လေးမှာလည်း အပြင်းအထန် တုန်ရီသွား၏။ ၎င်းမှာ တစ်စုံတစ်ခုကို ခံစားနေရသည့်ပုံ ပေါ်နေပြီး ဝမ်ပေါင်လဲ့အတွက်မူ ထိုခံစားချက်ကြီးမှာ ဝမ်းနည်းမှုများနှင့် မခွဲခွာလိုသော ဆန္ဒများနှင့် ဆင်တူနေသည်။
၎င်းမှာ ရန်သူတော်ဟောင်းကြီးတစ်ယောက်နှင့် ပြန်လည်ဆုံတွေ့လိုက်ရသကဲ့သို့ပင်။
ထိုအစိမ်းရောင် ကြာပွင့်လေးကြောင့် ဝမ်ပေါင်လဲ့မှာ ခံစားချက်မျိုးစုံကို ခံစားနေရစဉ် ပြည်ထောင်စုဥက္ကဋ္ဌကြီးအပါအဝင် ကောင်းကင်ယံထဲရှိ လူတိုင်း ကျင့်ကြံခြင်းအဆင့်များ မြင့်မားနေကြသည့်တိုင်အောင် အလွန်အင်မတန်မှ စိုးထိတ်ကြောက်ရွံ့နေကြ၏။
ညနတ်ဆိုးဧကရာဇ်ကြီးမှာ ဝိုင်းခံထားရသောသူ ဖြစ်ပါသော်လည်း သူ့အား ဝိုင်းထားကြသူများမှာ ကြောက်ရွံ့နေကြခြင်းဖြစ်သည်။
ပေတစ်ထောင်ကျော် မြင့်မားပြီး ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် ဧရာမ ရုပ်အလောင်းကြီး လေပေါ်သို့ ပျံတက်လာသောအခါ ၎င်း၏ ခန္ဓာကိုယ်၌ တပ်ဆင်ထားသော သံကြိုးများမှာ တင်းသွား၏။ နောက်ဆုံးတွင် သူသည် ရပ်တန့်သွားပြီး ရောက်နေသည့် နေရာတွင် မလှုပ်မယှက်နှင့် ရပ်နေလိုက်တော့သည်။
အဝေးမှကြည့်လိုက်ပါက သူ၏ တောင်ပံများကို ဖန်တီးပေးထားသော နတ်ဆိုးအငွေ့အသက်များမှာ သူ၏ နောက်ကျောဘက်ရှိ နေရာတစ်နေရာမှ ပျံ့နှံ့ထွက်ပေါ်နေခြင်းဖြစ်ကြောင်း မြင်နိုင်ပေသည်။ ထို့ကြောင့် ထို ဧရာမ အနက်ရောင်ရုပ်အလောင်းကြီးမှာ ဘုရားသခင်အစစ်ကြီးနှင့် တူနေပြီး လမင်းကြီးတစ်ခုလုံး ဆိတ်ငြိမ်သွားရတော့သည်။
ထိုအချိန်တွင် ပြည်ထောင်စုဥက္ကဋ္ဌကြီးဖြစ်သော သွမ့်မုချွယ်မှာ အသက်ပြင်းပြင်းရှူလိုက်၏။ သူသည် နတ်ဘုရားလက်နက်၏ အကာအကွယ်ကိုရယူကာ ထိုရုပ်အလောင်းကြီးဆီသို့ အနည်းငယ်ခန့် ချဉ်းကပ်သွားလိုက်၏။ ထို့နောက် သူ၏ မျက်လုံးများကိုမှိတ်ကာ ထူးဆန်းသော နည်းလမ်းတစ်ခုကို အသုံးပြု၍ ညနတ်ဆိုးဧကရာဇ်ကြီးနှင့် ဆက်သွယ်လိုက်၏။
သူ ထိုကဲ့သို့ ဆက်သွယ်နေစဉ် လူတိုင်း ရင်တထိတ်ထိတ်နှင့် အသက်များအောင့်ထားကြသည်။ ဝမ်ပေါင်လဲ့မှာလည်း တံတွေးများ မျိုချလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပွင့်လေး၏ ခံစားချက်များကို အသေးစိတ် သိရှိနိုင်အောင် အာရုံခံရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို ခပ်လှမ်းလှမ်းမှနေ၍ သူ့အား စိုက်ကြည့်နေသည့် မျက်ဝန်းတစ်စုံကို သတိထားမိလိုက်၏။
ထိုမျက်ဝန်းတစ်စုံမှာ သူ့ပေါ်သို့ ကျရောက်လာသောအခါ ဝမ်ပေါင်လဲ့မှာ သူနှင့် ရင်းနှီးနေသော လှုပ်ရှားမှုတစ်ခုကို အာရုံခံမိလိုက်သဖြင့် နောက်သို့ ရုတ်တရက် လှည့်ကြည့်လိုက်၏။ ထို့နောက် မျက်ဝန်းများ ရှိရာဘက်သို့ လှမ်းကြည့်လိုက်သောအခါ သူနှင့် ရင်းနှီးနေပြီးသားဖြစ်သော လူတစ်ယောက်ကို မြင်လိုက်ရပြီး သူ၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ပေါ်ပေါက်လာတော့သည်။
ထိုသူမှာ ချန်ဟွေ့ပင်ဖြစ်သည်။
သူမသည် အခြေတည်အဆင့်သို့ ရောက်နေပြီဖြစ်ပြီး သူမ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသော အခြေတည်အဆင့် အငွေ့အသက်များကို ဝမ်ပေါင်လဲ့မှာ ကောင်းကောင်းကြီး ရင်းနှီးနေ၏။ ထိုအငွေ့အသက်များမှာ သူ ပိုင်ဆိုင်ခဲ့ဖူးသည့် သုံးချောင်းထောက် မီးဖိုလေးဆီမှ ထွက်ပေါ်နေခြင်းဖြစ်သည်။
သူတို့နှစ်ယောက် အကြည့်ချင်းဆုံသွားသောအခါ ချန်ဟွေ့မှာ ကသိကအောက်ဖြစ်သွားပြီး ချက်ချင်းပင် အကြည့်လွှဲလိုက်၏။ သို့သော် သူမသည် တစ်စုံတစ်ခုကို တွေးမိလိုက်သည့်ပုံစံဖြင့် ကောင်းကင်ယံထဲရှိ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အကြီးအကဲများကို ဖျတ်ခနဲ လှမ်းကြည့်လိုက်သည်။ ထိုအကြီးအကဲများထဲတွင် အဘွားကြီးတော့ ရှိမနေပေ။ ထို့နောက် သူမ၏ အမူအရာမှာ ပြန်လည်မောက်မာဝံ့ကြွားသွားပြီး သူမမှာ ဝမ်ပေါင်လဲ့အား အေးစက်စက် မျက်ဝန်းများနှင့် စိုက်ကြည့်နေလိုက်တော့သည်။
” ဒီ ချန်ဟွေ့ဆိုတဲ့ ကလေးမက ပုန်ကန်မှုထဲမှ ပါခဲ့တာတောင် မောက်မာတဲ့ အကြည့်တွေနဲ့ ငါ့ကို ကြည့်နေတုန်းပဲဟ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားရ၏။ အကယ်၍ ဖြစ်နိုင်မည်ဆိုလျှင် သူသည် ချန်ဟွေ့ကို တိုက်ခိုက်ကာ သတ်ဖြတ်ပစ်မည်သာ ဖြစ်သည်။ သို့သော် သူသည် ခပ်လှမ်းလှမ်းသို့ ရောက်နေသည်ဖြစ်ပြီး ပတ်ပတ်လည်တွင် အခြားသူများစွာလည်း ရှိနေသေးသည် ဖြစ်သည်။ ထို့အပြင် ဧရာမ အနက်ရောင်ရုပ်အလောင်းကြီးနှင့် နတ်ဘုရားရတနာတို့မှ ထွက်ပေါ်နေသော ဖိအားများကြောင့် သူသည် မစဉ်းစားမဆင်ခြင်ဘဲ မပြုမူရဲပေ။
သို့သော် သူ၏ သတ်ဖြတ်လိုစိတ်များမှာ အချိန်နှင့်အမျှ ကြီးထွားလာသောကြောင့် သူသည် လုံးဝမချုပ်တည်းနိုင်တော့ချေ။ ချန်ဟွေ့၏ ခန္ဓာကိုယ်ထဲမှ သုံးချောင်းထောက် မီးဖိုလေးမှာ ဝမ်ပေါင်လဲ့၏စိတ်ကို ဆွပေးနေသကဲ့သို့ ဖြစ်နေ၏။ အထူးသဖြင့် အဘွားကြီး ထိုမီးဖိုလေးအား သူ၏ ခန္ဓာကိုယ်ထဲမှ ဆွဲထုတ်သွားခဲ့သည့် ခံစားချက်ကို ပြန်လည်တွေးတောမိလိုက်သောအခါ ပို၍ပင် ဆိုးသွားရတော့သည်။
” ငါ သူ့ကို ရအောင်သတ်မယ် ”
ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မြန်ဆန်လာပြီး သူ၏ သတ်ဖြတ်လိုသော စိတ်များမှာလည်း ထိပ်ဆုံးအဆင့်ထိ ရောက်ရှိသွားတော့သည်။ ထိုအချိန်တွင် သူ၏ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပွင့်လေးမှာ သူ၏ သတ်ဖြတ်လိုသောစိတ်များကို အာရုံခံမိသွားသည့်ပုံပေါ်ပြီး ရုတ်တရက်ဆိုသလို ပြန်လည်တုန်ရီလာတော့သည်။
၎င်းမှာ တုန်ရီသွားပါသော်လည်း ဝမ်ပေါင်လဲ့မှာ မတိုက်ခိုက်ခဲ့ပေ။ ထိုအချိန်တွင် ကောင်းကင်ယံထဲ၌ ခေါင်းငုံ့၍ ပြည်ထောင်စုဥက္ကဋ္ဌကြီး သွမ့်မုချွယ်နှင့် အပြန်အလှန် ဆက်သွယ်နေခဲ့သည့် ညနတ်ဆိုးဧကရာဇ်ကြီးမှာ ရုတ်တရက်ဆိုသလို လှုပ်ရှားသွား၏။
ထို့နောက် ကောင်းကင်ယံထဲတွင် ရပ်နေသော ညနတ်ဆိုးဧကရာဇ်ကြီးမှာ ရုတ်တရက်ဆိုသလို ချန်ဟွေ့ရှိနေသော နေရာအား လှည့်ကြည့်လိုက်သဖြင့် ပြည်ထောင်စုဥက္ကဋ္ဌကြီးအား ဝိုင်းထားကြသော လူတိုင်း အံ့အားသင့်သွားကြတော့သည်။
သူ၏ မှိတ်ထားသော မျက်လုံးများမှာလည်း ရုတ်တရက်ဆိုသလို ပွင့်လာပြီး မည်းနက်နေသော မျက်ဝန်းတစ်စုံ ပေါ်လာ၏။
ညနတ်ဆိုးဧကရာဇ်ကြီး ချန်ဟွေ့အား စိုက်ကြည့်လိုက်သည်နှင့် တစ်ပြိုင်နက် သူမ၏ ခန္ဓာကိုယ်မှာ အသံအကျယ်ကြီးမြည်ကာ ပေါက်ကွဲသွား၏။ ထို့နောက် သူမ မတုံ့ပြန်နိုင်ခင်မှာပင် အသားစနှင့် သွေးစများစွာ အရပ်မျက်နှာ အနှံ့သို့ တစ်စစီ ဖြာထွက်သွားကြ၏။
သူမ၏ ခန္ဓာကိုယ်ထဲရှိ သုံးချောင်းထောက် မီးဖိုလေးပင်လျှင် ထိုပေါက်ကွဲမှုကို တောင့်မခံနိုင်သဖြင့် ချန်ဟွေ့၏ ခန္ဓာကိုယ်နှင့်အတူ ပြာမှုန့်ဘဝသို့ ရောက်သွားရတော့သည်။
ထို အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် လူတိုင်း တုန်လှုပ်ချောက်ချားသွားကြ၏။ ပြည်ထောင်စုဥက္ကဋ္ဌကြီး အပါအဝင် အမြုတေအဆင့် ကျင့်ကြံသူများ အားလုံး အံ့အားသင့်သွားကြပြီး သူတို့၏ ကျင့်ကြံခြင်းစွမ်းအားများကို အပြည့်အဝ ထုတ်လွှတ်လိုက်ကြ၏။ ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာဆိုလျှင် အသက်ရှုနှုန်းများပင် မြန်ဆန်လာတော့သည်။ သူသည် နတ်ဘုရားလက်နက်ကို ထိန်းချုပ်လိုက်သဖြင့် ကြယ်နီ၏ ကြက်သွေးရောင် အလင်းရောင်မှာ အံ့သြမှင်တက်ဖွယ်ကောင်းလောက်အောင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ထို့နောက် သူသည် အလျင်စလို လှမ်းပြောလိုက်သည်။
” ညနတ်ဆိုးဧကရာဇ်။ ငါတို့နှစ်ယောက်စလုံး ဘောင်မကျော်ဖို့ ကတိပေးထားပြီးသားလေ ”
” ဒီနေ့ဖြစ်ပျက်ခဲ့သမျှ ဖြစ်ကြောင်းကုန်စင်နဲ့ ပတ်သက်ပြီးတော့ ငါ မင်းကို ရှင်းပြပါ့မယ် “