Switch Mode

အခန်း ( ၂၈၂ )

ညနတ်ဆိုးဧကရာဇ်နိုးထလာပြီ

ကြယ်နီသည် ၎င်းနှင့်အတူ သွေးနီရောင်အလင်းတစ်ခုကို သယ်ဆောင်ကာ ကမ္ဘာမြေမှနေ၍ လျင်မြန်သောအရှိန်ဖြင့် ပျံသန်းခဲ့ခြင်းပင်။ ၎င်းသည် လကမ္ဘာပေါ်မှ မန္တန်အစီအရင်ကြီးအထက်ရှိ ကြယ်တာရာများလင်းလက်နေသောကောင်းကင်ကို တိုက်ရိုက်ဖြတ်သန်းသွားသည်။ ပြည်ထောင်စုမှ ထိပ်သီးများကြောင့် အတော်လေးကျိုးပျက်နေပြီဖြစ်သော မန္တန်အစီအရင်ကြီးသည် ယခုတွင် နတ်ဘုရားလက်နက်၏ တိုက်ခိုက်မှုကို ခံရပေပြီ။ ကောင်းကင်၏ ပုံသဏ္ဍာန်ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ကျယ်လောင်သောအသံတစ်ခု ပျံ့နှံ့သွား၏။

အဝေးမှကြည့်မည်ဆိုလျှင် လကမ္ဘာသည် ကြယ်တာရာများလင်းလက်နေသော အာကာသဟင်းလင်းပြင်ကြီးထဲတွင် မျောနေသည်ကို မြင်ရပေလိမ့်မည်။ ကြယ်နီဆင်းသက်လာသောအခါ အနီရောင်လင်းတစ်ခုသည် လကမ္ဘာတစ်ခုလုံးကို ရုတ်ခြည်းလွှမ်းခြုံသွားလေသည်။ ထို့နောက် လကမ္ဘာပေါ်မှနေ၍ ဖန်ကွဲသံကဲ့သို့ ကွဲအက်သံတစ်သံ ထွက်ပေါ်လာ၏။ ကောင်းကင်နှင့် မြေကြီးသည် အစိတ်အပိုင်းသန်းပေါင်းများစွာအဖြစ် ကွဲအက်သွားသကဲ့သို့ပင်။

အချိန်တစ်ခဏအတွင်းမှာပင် မရေမတွက်နိုင်အောင်များပြားသော အကျိုးအပဲများသည် အရပ်မျက်နှာအနှံ့သို့ ပေါက်ကွဲပျံ့လွင့်သွား၏။ လကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး ထိုအခိုက်မှာပင် မန္တန်အစီအရင်ကြီးသည် ရုတ်ခြည်းပျက်ဆီးသွားလေ‌တော့သည်။

ထိုမျှနှင့် မဆုံးသေးပေ။ လကမ္ဘာပေါ်ရှိ မန္တန်အစီအရင်ကြီးပျက်ဆီးသွားသောအခါ အဖွဲ့အစည်းအသီးအသီးမှ ထိပ်သီးများသည် အလွန်အမင်းအံ့အားသင့်သွားပြီး ရှေ့သို့‌ပြေးထွက်သွားရန် ဟန်ပြင်လိုက်ကြသည်။ သို့သော် ကြယ်နီသည် ရှေ့မှဦးအောင်သွားလိုက်ကာ သက်တန့်တစ်စင်းသဖွယ် လကမ္ဘာအမှောင်ခြမ်းရှိ ကန့်သတ်နယ်မြေသို့ ဦးတည်ပျံသန်းသွားလိုက်လေသည်။

၎င်းသည် သွေးနီရောင် ကြယ်ကြွေတစ်ခုကဲ့သို့ လူအားလုံးကို တုန်လှုပ်သွားစေလေသည်။

ပြည်ထောင်စုဥက္ကဋ္ဌနှင့် အဖွဲ့အစည်းအသီးသီးမှ အခြားထိပ်သီးများသည် ထိုနေရာသို့ အလျင်အမြန်သွားလိုက်ကြသည်။ သူတို့သည် သူတို့အဖွဲ့အစည်းများနှင့် သက်ဆိုင်ရာတပည့်များကို ရှာမည့်အစား အတူတကွစုဝေး၍ လကမ္ဘာအမှောင်ခြမ်းသို့ သွားလိုက်ကြသည်။

မန္တန်အစီအရင်ကြီးပျက်စီးသွားသောအချိန်မှာပင် လကမ္ဘာအမှောင်ခြမ်းရှိ ဥမင်များသည် အပြင်းအထန်တုန်ခါသွားကြသည်။ ဧရာမသစ်ပင်ကြီးမှ ဖြစ်ပေါ်လာသော ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် လွန်စွာ ကြောက်ရွံ့တုန်လှုပ်သွားပြီး မျက်လုံးများရဲလာလေသည်။ မန္တန်အစီအရင်ကြီးသည် ပျက်ဆီးသွားပြီဖြစ်ပြီး သူ့အားသတ်ဖြတ်နိုင်စွမ်းရှိသည့် အရှိန်အဝါတစ်ခုသည် လျင်မြန်စွာချဉ်းကပ်လာသည်ကို သူအာရုံခံမိလိုက်သည်။ ထို့နောက် အဖွဲ့အစည်းအသီးသီးမှ ထိပ်သီးများသည်လည်း သူနှင့် နီးကပ်လာပြီဖြစ်ကြောင်း သူတစ်ဆက်တည်း ဆက်၍အာရုံခံမိလိုက်သည်။

ထိုအရာသည် သူ၏မူလအစီအစဉ်နှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းပင်။

သူသည် အစကတည်းက ပစ်မှတ်တစ်ခုသာ ရှိခဲ့သည်။ ထိုပစ်မှတ်ကား သစ်သီးပင်။ သို့သော် ထိုသစ်သီးကိုရရန် လွန်စွာခက်ခဲကြောင်း သူသိလေသည်။ လကမ္ဘာပေါ်အတွင်းသို့ ဝင်ခြင်းသည်ပင် ခက်ခဲသောကိစ္စတစ်ခုဖြစ်လေသည်။

ထို့ပြင် လကမ္ဘာပေါ်ရှိ မန္တန်အစီအရင်သည် သူချိုးဖျက်ပစ်နိုင်သောအရာတစ်ခုမဟုတ်ပေ။ သူ၏ မိခင်သစ်ပင်ကြီးက လကမ္ဘာပေါ်တွင်ရှိနေသော်ငြား သူ ထိုသို့မလုပ်နိုင်ပေ။ တစ်စုံတစ်ယောက်သာ သူနှင့်အတူ ပူးပေါင်းမလုပ်ဆောင်ပါက သူသည် လကမ္ဘာပေါ်ရှိ မန္တန်အစီအရင်ကို ထိန်းချုပ်နိုင်မည့် အခွင့်အရေးရမည်မဟုတ်ချေ။

ထို့ကြောင့် သစ်သီးကိုရရှိနိုင်ရန် လုပ်ငန်းစဉ်တစ်ခုလုံးကို ပြီးပြည့်စုံအောင် ပြင်ဆင်ထားရမည်ဖြစ်သည်။

သို့ဖြင့် သူသည် အဖွဲ့အစည်းအသီးသီးအကြားတွင် ရောနှောနေနိုင်မည့် အန္တရာယ်များသော အကြံအစည်တစ်ခုကို စတင်ခဲ့ရလေသည်။

အဖွဲ့အစည်းများသည် သူ့ကိုအသုံးချနေခြင်းဖြစ်သော်လည်း သူကလည်း ထိုအဖွဲ့အစည်းများကို ပြန်၍အသုံးချနေခြင်းပင်ဖြစ်သည်။ ထိုသို့ဖြင့် အဖွဲ့အစည်းအသီးအသီး တစ်ဖွဲ့ကိုတစ်ဖွဲ့ မျက်ခြည်မပြတ်စောင့်ကြည့်နေစဉ်တွင် သူသည် သစ်သီး၏ ဇီဝစွမ်းအင်များကို စုပ်ယူ၍ ယွမ်ယင်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာမည်ဖြစ်သည်။

သူသာ ယွမ်ယင်အဆင့်ကျင့်ကြံသူဖြစ်လာလျှင် မည်သူ့ကိုမှ ကြောက်စရာလိုမည် မဟုတ်တော့ချေ။ ထိုအခါမှ သူသည် လကမ္ဘာပေါ်တွင် ပရမ်းပတာအခြေအနေများကို ဖန်တီးရန် ညနတ်ဆိုးဧကရာဇ်ကို နှိုးလိုက်မည်ဖြစ်သည်။ သူ့အနေဖြင့် လကမ္ဘာမှ ထွက်ခွာသွားနိုင်သလို ပုန်းအောင်းကာ အချိန်ကောင်းကိုစောင့်၍ အလစ်ဝင်တိုင်နိုင်လေသည်။ ယွမ်ယင်အဆင့်ကျင့်ကြံခြင်းအစွမ်းများသည် သူ့ကို အမြုတေအဆင့်ကျင့်ကြံသူတစ်ဦးကိုပင် အလစ်ဝင်တိုက်နိုင်သည်အထိ ပြိုင်ဘက်ကင်းသွားစေနိုင်လေသည်။ သွမ့်မုချွယ်က နတ်ဘုရားလက်နက်တစ်ခုကို ပိုင်ဆိုင်ထားလျှင်လည်း သူသည် သွမ့်မုချွယ်ကို ဖိအားပေးတိုက်ခိုက်နိုင်ပြီး နောက်ဆုံးတွင် သတ်ပင်ပစ်နိုင်သည်ဟု ယုံကြည်မှုရှိ၏။

ထိုကဲ့သို့ အကြံအစည်တစ်ခုကို ပြီးပြည့်စုံလိုလျှင် အသေးစိတ်စီစဉ်ရမည်ဖြစ်ပြီး အများအပြားရင်းနှီးရမည်သာဖြစ်သည်။ ထို့ပြင် သွမ့်မုချွယ်သည် လွန်စွာအကင်းပါးသူတစ်ဦးဖြစ်ရာ သူ့ကို လှည့်ဖျားရန်မလွယ်ကူပေ။ ထို့ကြောင့် သူသည် ပြည်ထောင်စုနှင့်တစ်ဖက်တည်းကဲ့သို့ ဟန်ဆောင်၍ သူတို့ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းအား နှိမ်နင်းမည်ကို ဝင်ရောက်ကူညီပေးကာ ထိုအဖွဲ့အစည်းနှစ်ခု၏ မကောင်းမှုသက်သေများကိုပင် ထုတ်ပေးခဲ့သည်။

ထိုကဲ့သို့ လွန်စွာအန္တရာယ်များသော လုပ်ငန်းစဉ်သည် သူတိုက်ခိုက်နိုင်ရန် အခွင့်အရေးတစ်ခုကို ပေးပေလိမ့်မည်။ သို့သော် ထိုအခွင့်အရေးသည် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြောင့် ပျက်ဆီးသွားသောအခါ သူသည် ပြည်ထောင်စုကို စွန့်ခွာရန်ရွေးချယ်၍ ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ပူးပေါင်းခဲ့သည်။

သို့ရာတွင် အခြေအနေများ ပြောင်းပြန်ဖြစ်သွားတော့မည့်အချိန်တွင် အခြေတည်အဆင့်မျှသာရှိသော ဝမ်ပေါင်လဲ့ထွက်ပေါ်လာခဲ့လေသည်။ ထိုသို့မမျှော်လင့်သည်များ ဖြစ်လာသော်လည်း ဧရာမသစ်ပင်သည် ယွမ်ယင်အဆင့်ကိုတက်လှမ်းနိုင်ရန်အတွက် သည်းခံခဲ့လေသည်။ သူသည် ဝမ်ပေါင်လဲ့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့၏။ သူသည် ဝမ်ပေါင်လဲ့နှင့် သဘောတူချက်ရရှိပြီးသောအခါ စုပ်ယူမှုလုပ်ငန်းစဉ်ကို စတင်ခဲ့သည်။

သူသည် အမြုတေအထိတ်အထိပ်အဆင့်ရောက်နေသူတစ်ဦးဖြစ်သဖြင့် သစ်သီး၏ ဇီဝစွမ်းအင်ကို အလျင်အမြန်စုပ်ယူနိုင်မည်ဖြစ်ပြီး သွမ့်မုချွယ်တစ်ယောက် တစ်စုံတစ်ခုမူမမှန်သည်ကို သတိပြုမိကာ သူ့ကိုမတားဆီးနိုင်ခင် သူသည် ယွမ်ယင်အဆင့်သို့ ရောက်သွားမည်ဟု တွေးထားခဲ့ခြင်းပင်။

သို့သော် သူသည် နောက်ဆုံးတွင် ဝမ်ပေါင်လဲ့က သူ့ထက်ပို၍လျင်မြန်စွာစုပ်ယူနိုင်နေကြောင်း မခံချိမခံသာ သိရှိလိုက်ရသည်။ စုပ်ယူမှုနှုန်းကွာရုံမျှလောက်ဖြင့်ဆိုလျှင် ပြဿနာမရှိနိုင်ပေ။ သို့သော်ငြား သစ်သီးအတွင်းရှိ ဇီဝစွမ်းအင်သည် အကန့်အသတ်ရှိလေရာ ဝမ်ပေါင်လဲ့က လျင်မြန်စွာ ပမာဏများများကို စုပ်ယူသွားလျှင် သူ့အတွက် ဇီဝစွမ်းအင်အနည်းငယ်သာ ကျန်ခဲ့ပေလိမ့်မည်။ ထိုသို့ဆိုလျှင် သူ၏အဆင့်တက်မှုသည်လည်း ‌နှေးကွေးသွားမည်ဖြစ်သည်။

သို့ဖြစ်ရာ ဧရာမသစ်ပင်ကြီးမှ ဖြစ်ပေါ်လာသော ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် စိတ်လှုပ်ရှားလာပြီး မျက်လုံးများရဲရဲနီလာလေတော့သည်။ သူသည် ယင်ယွမ်အဆင့်သို့ရောက်ရန် လွန်စွာနီးကပ်လာပြီဖြစ်သည်။ သို့သော် တစ်လှမ်းချင်းတက်နေလျှင် အချိန်များစွာကြာပေလိမ့်မည်။ သူ၏ တစ်ခုတည်းသောရွေးချယ်စရာသည် ဝမ်ပေါင်လဲ့ကို တစ်ကိုယ်လုံးမျိုချပစ်ရန်သာဖြစ်၏။

ဝမ်‌ပေါင်လဲ့သည် ညနတ်ဆိုးဧကရာဇ်ကို နှိုးနိုင်စွမ်းရှိသော်လည်း အချိန်အနည်းငယ် လိုမည်ဖြစ်သည်။ ထို့ကြောင့် ညနတ်ဆိုးဧကရာဇ်သည် ချက်ချင်းနိုးထလာမည်မဟုတ်ပေ။ သူသည် ယခင်က ထိုအန္တရာယ်ကို မစွန့်စားချင်သော်လည်း ယခုတွင် ထိုသို့လုပ်ရန်မှလွဲ၍ သူ့တွင်အခြားရွေးချယ်စရာမရှိတော့ချေ။

ထို့ကြောင့် သူသည် ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်ပြီး အစွမ်းကုန်သုံး၍ ဝမ်ပေါင်လဲ့ကို တိုက်ခိုက်ရန်ဟန်ပြင်လိုက်လေသည်။ သို့သော် သူထိုသို့လုပ်ရန် စိတ်ပိုင်းဖြတ်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့၏ကိုယ်တွင်းမှ ပဉ္စမမြောက် ကြာစေ့ထွက်ပေါ်လာကာ သစ်သီးသည်လည်း လုံးဝခြောက်ကပ်သွားလေတော့သည်။

“ မဟုတ်ဘူး… ”
ထိုမြင်ကွင်းကြောင့် တိုက်ခိုက်ရန် ဟန်ပြင်နေသည့် ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် အံ့အားသင့်သွားကာ ဒေါသူပုန်ထသွားလေသည်။

‘ ဒါက ငါ့ကိုတမင်ဆန့်ကျင်နေတာမဟုတ်ဘူးလား… စုပ်ယူတဲ့နှုန်းက မယုံနိုင်‌လောက်အောင် မြန်နေတာပဲ ’
ဝမ်ပေါင်လဲ့သည်လည်း အံ့အားသင့်သွား၏။ အမှန်တွင် ငါးဆက်မြောက် ကြာစေ့ပေါ်ပေါက်လာသောအခါ ၎င်း၏စုပ်ယူမှုနှုန်းသည် အစောပိုင်းနှုန်းထက် ငါးဆသာမကတော့ဘဲ အဆပေါင်းများစွာ မြန်သွားခြင်းပင်။

စုပ်ယူနှုန်းနှင့် ဝါးမျိုနှုန်းသည် အဆုံးအစွန်သို့ ရောက်ရှိနေပြီဖြစ်သည်။ ယခုတွင် ဝမ်ပေါင်လဲ့သည် ဧရာမသစ်ပင်ကြီး ဒေါသူပုန်ထလာသည်ကို မြင်လိုက်ရသောအခါ နောက်သို့ချက်ချင်းဆုတ်လိုက်ပြီး သူ့လက်ထဲတွင်ကိုင်ထားခဲ့သည့် မှော်လမ်းကြောင်းပုတီးစေ့များကို ပေါက်ခွဲလိုက်သည်။ သူသည် သူ့ကိုယ်တွင်းရှိ အစိမ်းရောင်ကြာပွင့်ကို ဖိနှိပ်ထားခြင်းအား ဖြေလျှော့လိုက်ပြီး မှော်လမ်းကြောင်းမြူခိုးများ၏ တည်နေရာရွှေ့ပြောင်းအစွမ်းကိုလည်း ထုတ်လွှတ်လိုက်ရာ သူ့ကိုယ်တွင်းရှိ အစိမ်းရောင်ကြာပွင့်သည် အပြင်းအထန် လှုပ်ခါသွားလေတော့သည်။

‘ နိုးထစေ…နိုးထစေ…နိုးထစေ ’
ပုတီးစေ့များ ပေါက်ကွဲသွားပြီး ဝမ်ပေါင်လဲ့အား မြူခိုးများလွှမ်းခြုံသွားသောအခါ ဧရာမသစ်ပင်ကြီးမှ ဖြစ်ပေါ်လာသော ဝတ်ရုံနက်နှင့် သက်လတ်ပိုင်းအမျိုးသားသည် ဒေါသတကြီးအော်ဟစ်၍ ဝမ်ပေါင်လဲ့အနားသို့ အလျင်အမြန်ချဉ်းကပ်လာကာ စုပ်ယူလိုက်၏။ ထို့နောက် ရုတ်ခြည်းပင် ဝမ်ပေါင်လဲ့ကို လွှမ်းခြုံထားသောမြူခိုးများသည် ၎င်းတို့၏တည်နေရာရွှေ့ပြောင်းအစွမ်းကို မထုတ်နိုင်ခင်မှာပင် ဧရာမသစ်ပင်၏ ပါးစပ်အတွင်းသို့ စုပ်ယူခံလိုက်ရလေသည်။

ဝမ်ပေါင်လဲ့ထံ ချဉ်းကပ်လာသော ဧရာမသစ်ပင်သည် တုန်ခါသွား၏။

သူသည် ဝမ်ပေါင်လဲ့အနားသို့ မရောက်လာသေးသော်လည်း လွန်စွာအရှိန်အဝါကြီးမားနေရာ ဖိအားများထွက်ပေါ်လာတော့သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် အသက်ရှူပင်အောင့်ထားလိုက်မိလေသည်။ ကပ်ဘေးကြီးတစ်ခု စတင်ဖြစ်ပေါ်လာတော့မည်ကိုခံစားလိုက်ရသကဲ့သို့ ဝမ်ပေါင်လဲ့ ကြက်သေ,သေသွား၏။ သို့သော် သူ့တွင် ကြောက်ရွံ့တုန်လှုပ်နေရန် အချိန်မရှိပေ။ သူသည် သူ၏ကျင့်ကြံခြင်းအစွမ်းအကုန်နှင့် ခွန်အားအကုန် ထုတ်သုံးလိုက်သည်။ သူသည် သူ၏နတ်ဘုရားရတနာအကုန်နီးပါးကိုပင် ထုတ်လွှတ်လိုက်ပြီး လက်ထဲတွင်လည်း ဓမ္မလက်နက်ကြီးကို ကိုင်ဆောင်ထားလိုက်သည်။ သူသည် ဓမ္မလက်နက်ကြီးကို ဝှေ့ယမ်းလိုက်ပြီး ကိုယ့်ကိုယ်ကို ကာကွယ်ရန် ကြိုးစားလိုက်သည်။

ကျယ်လောင်သောအသံကြီးတစ်သံ ထွက်ပေါ်လာပြီး ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသား၏ လက်များထဲမှနေ၍ မဖော်ပြနိုင်လောက်အောင် အင်အားကြီးသောစွမ်းအားများ ထွက်လာကာ မုန်တိုင်းကြီးတစ်ခုဖြစ်ပေါ်လာသည်။ ၎င်းမုန်တိုင်းကြီးသည် ရှေ့သို့တိုးလာကာ ၎င်း၏လမ်းကြောင်းရှိ အရာအားလုံးကို ဖျက်ဆီးပစ်နေလေသည်။ ၎င်းသည် ဝမ်ပေါင်လဲ့ထံသို့ ရောက်သွားသောအခါ ဝမ်ပေါင်လဲ့ သူ့ကိုယ်သူကာကွယ်ရန် ထုတ်လွှတ်ထားသော နတ်ဘုရားရတနာများသည် အလုံးစုံပျက်ဆီးသွားလေတော့သည်။ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်သည် အပြင်းအထန်တုန်ခါသွားပြီး ပါးစပ်အတွင်းမှ သွေးများအန်ထွက်လာ၏။ ဓမ္မလက်နက်သည်ပင် ထိုစွမ်းအားများကို မခုခံနိုင်ချေ။ ကျယ်လောင်သောအသံကြီး ပဲ့တင်ထပ်နေစဉ် ဧရာမသစ်ပင်သည် ဝမ်ပေါင်လဲ့ခန္ဓာကိုယ်ကို ဖမ်းဆုပ်မိသွားသည်။

ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် ခက်ထန်သောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ သူသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး ငေးကြည့်ကာ သူ့ကိုယ်တွင်းရှိ ဓားအိမ်ကို နှိုးလိုက်ပြီး သူ့ကိုယ်သူ ကာကွယ်ရန် အသုံးပြုလိုက်သည်။

“ ခြင်နက်နဲ့ ခရမ်းရောင်ခြင်… မင်းတို့ ထွက်မလာဘူးဆိုရင် ငါတို့အကုန်လုံးသေသွားလိမ့်မယ် ”

ဝမ်ပေါင်လဲ့ ထိုသို့အော်ဟစ်လိုက်ချိန်တွင် ဧရာမသစ်ပင်သည် ဓားအိမ်ကြီးကို ဖျက်ဆီးပစ်တော့မည်ဖြစ်သည်။ ရုတ်ခြည်းပင် ဓားအိမ်သည် အရောင်လက်သွားပြီး ခရမ်းရောင်ခြင်သည် ပထမဆုံးအကြိမ်ထွက်လာလေတော့သည်။

၎င်းသည် မကြည်မသာဖြစ်နေဟန်ရှိပြီး အတန်ငယ် မကျေမနပ်ဖြစ်နေပုံရလေသည်။ ၎င်းသည် စိတ်မပါဟန်ဖြင့် ဧရာမသစ်ပင်ဆီသို့ ပျံသန်းသွား၏။

၎င်းတို့ထိတွေ့သွားသောအခါ ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် နာကျင်စွာအော်ဟစ်လိုက်ပြီး နောက်သို့ဆုတ်သွားလေသည်။ သူ၏ညာဘက်လက်သည် ချက်ချင်းပင် ခရမ်းရောင်အဖြစ်ပြောင်းလဲသွားပြီး ခရမ်းရောင် အရောင်အဆင်းများ လျင်မြန်စွာပျံ့နှံ့သွားသည်။ ထိုခရမ်းရောင် အရောင်အဆင်းဖြတ်သန်းသွားသောနေရာတိုင်း ဆွေးမြေ့သွားလေသည်။

ဝမ်ပေါင်လဲ့ အံ့အားသင့်သွား၏။ သူသည် ပျင်းရိဟန်ဖြင့်ပြန်လာသော ခရမ်းရောင်ခြင်ကိုကြည့်၍ များစွာတွေးတောမနေတော့ဘဲ ဓားအိမ်ကိုပြန်သိမ်းလိုက်လေသည်။ သူသည် ဧရာမသစ်ပင်၏ တားဆီးခြင်းအား ထပ်မံခံရမည်ကို စိုးရိမ်သဖြင့် သူ့တွင်ရှိသည့် မှော်လမ်းကြောင်းပုတီးစေ့များအားလုံးကို ထုတ်လိုက်ကာ ၎င်းတို့အားလုံးကို တစ်ပြိုင်တည်းပေါက်ခွဲ၍ မြူခိုးများထွက်ပေါ်လာစေလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ဝေဝေဝါးဝါးဖြစ်လာပြီး တည်နေရာရွှေ့ပြောင်းခြင်းကို စတင်ခံလိုက်ရလေသည်။ သူသည် တချိန်တည်းမှာပင် သူ့ဗိုက်ကိုသူထိုးလိုက်ပြီး အစိမ်းရောင်ကြာပွင့်ကိုလှုံ့ဆော်ကာ သူ့ကိုယ်တွင်းရှိ ကျင့်ကြံခြင်းအစွမ်းများကို နှိုးလိုက်လေသည်။ ထို့နောက် သူသည် အစိမ်းရောင်ကြာပွင့်ကို နောက်တစ်ကြိမ်ထပ်မံလှုံ့ဆော်လိုက်ပြီး ၎င်းကို အပြင်းအထန် တုန်ခါသွားစေလိုက်သည်။

“ ဝမ်ပေါင်လဲ့ ”
ဧရာမသစ်ပင်သည် ဝမ်ပေါင်လဲ့ ထွက်ပြေးတော့မည်ကို မြင်လိုက်ရသောအခါ ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူသည် ပျံ့နှံ့နေသောအဆိပ်များကို ဖိနှိပ်ထားလိုက်ပြီး အရူးတစ်ယောက်သဖွယ် ပြေးထွက်လာသည်။ သူသည် ဝမ်ပေါ်လဲ့ထွက်ပြေးသွားမည်ကို တားဆီးရန် မြူခိုးများကို စုပ်ယူလိုနေ၏။

သို့သော် ထိုအချိန်တွင် ဝမ်ပေါင်လဲ့သည် ညနတ်ဆိုးဧကရာဇ်ကိုနှိုးရန် အစိမ်းရောင်ကြာပွင့်ကို အဆက်မပြတ်လှုံ့ဆော်နေပေရာ မြေအောင်နက်နက်ရှိုင်းရှိုင်းနေရာမှနေ၍ လွန်စွာကျယ်လောင်သော ဟိန်းသံကြီးတစ်ခု ထွက်ပေါ်လာလေတော့သည်။

“ အား … ”
ထိုကျယ်လောင်သောဟိန်းသံကြီးသည် အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွားပြီး လကမ္ဘာတစ်ခုလုံးကို တုန်ခါသွားစေ၏။ တချိန်တည်းမှာပင် ဥမင်လှိုဏ်ခေါင်းများအထက်ရှိ မြေပြင်သည် ကွဲအက်ကာ ဟသွားလေသည်။

အနက်ရောင်အခိုးအငွေ့များ ထွက်ပေါ်လာပြီး ကောင်းကင်ပေါ်သို့ ထိုးတက်သွား၏။ နံရံများ ပျက်ဆီးသွားပြီး သစ်ပင်ပင်စည်ကြီးနှင့် ခြောက်ကပ်နေသော သစ်သီးသည် လည်ပတ်သွားကာ လေထဲတွင်ပင် ပျောက်ကွယ်သွားလေတော့သည်။

တချိန်တည်းမှာပင် ဥမင်လှိုဏ်ခေါင်း၏ထက်ဝက်အရွယ်အစားရှိသော ကြီးမားသည့်အနက်ရောင်လက်ကြီးတစ်ဖက်သည် မြေပြင်ကိုထောက်၍ အတင်းရုန်းကန်ကာ မြေကြီးအတွင်းမှထွက်ပေါ်လာလေသည်။

ရိုက်ခတ်သံများသည် အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွား၏။ ယခင်က ချုပ်တည်းထားသော တန်ခိုးရှင်တစ်ဦး မွေးဖွားလာသကဲ့သို့ပင်။

သက်ရှိများကို ဖျက်ဆီးပစ်နိုင်သည်ဟုထင်ရသည့် မဖော်ပြနိုင်လောက်အောင် အားကောင်းသော အရှိန်အဝါလှိုင်းတစ်ခုသည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး လကမ္ဘာတစ်ခုလုံးကို အပြင်းအထန် တုန်ခါသွားစေကာ အာကာပြင်ထက်တွင် လှိုင်းများထသွားစေလေသည်။

ထိုစွမ်းအားသည် အံ့အားသင့်ဖွယ် ကောင်းလှပေသည်။ ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် ထိုစွမ်းအား၏ရိုက်ခတ်မှုကို အများဆုံးခံလိုက်ရသူဖြစ်သည်။ သူ၏မျက်နှာသည် သူမည်မျှကြောက်ရွံ့နေကြောင်း ဖော်ပြနေပေသည်။ သူသည် ဝမ်ပေါင်လဲ့ကိုဖမ်းချုပ်ရန် စိတ်ထဲမရှိတော့ဘဲ ချက်ချင်းပင် ထွက်ပြေးလိုက်သည်။ သူ၏ဦးခေါင်းသည် နံရံများကို ဝင်တိုးသွား၏။ ကျယ်လောင်သောအသံကြီးတစ်ခုနှင့်အတူ သူသည် ကျောက်လွှာကိုထိုးဖောက်ကာ ကောင်းကင်ပေါ်သို့ ပျံတက်သွားလေသည်။ သူ မကျေမနပ်ဖြစ်နေသော်လည်း အရူးတစ်ယောက်သဖွယ် ထွက်ပြေးခြင်းမှလွဲ၍ သူ့တွင်အခြားရွေးချယ်စရာမရှိတော့ပေ။

ဝမ်ပေါင်လဲ့သည်လည်း တုန်လှုပ်နေပေပြီ။ သူ့အား မှော်လမ်ကြောင်းမြူခိုးများ လွှမ်းခြုံနေစဉ်တွင် ကြီးမားသောလက်ကြီးသည်လည်း မြေကြီးအတွင်းမှ အတင်းရုန်းကန်ထွက်လာပေပြီ။ နက်ရှိုင်းသောအက်ကြောင်းကြီးအတွင်းမှ ကြီးမားသောပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာချိန်တွင် ဝမ်ပေါင်လဲ့သည် ရုတ်ခြည်းပျောက်ကွယ်သွားကာ တည်နေရာရွှေ့ပြောင်းခံလိုက်ရလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset