တချိန်တည်းမှာပင် လကမ္ဘာအမှောင်ခြမ်း၏ နက်ရှိုင်းသောမြေအောက်နေရာရှိ မြေကြောကြီးမှ ဟိန်းသံကြီးတစ်သံသည် အရပ်မျက်နှာအနှံ့သို့ပျံ့နှံ့သွားပြီး ကောင်းကင်ပေါ်တွင် ပဲ့တင်ထပ်သွားလေသည်။ အသံလှိုင်းများဖြစ်ပေါ်လာပြီး လကမ္ဘာတစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ထိုအသံကြောင့် လူအားလုံး အံ့အားသင့်သွားသည်။ ထိုအသံကိုကြားလိုက်ရသူတိုင်းသည် မဖော်ပြနိုင်လောက်သောဝမ်းနည်းမှုတစ်ခုကို ခံစားကြရလေသည်။ ထိုအသံသည် သေခါနီးလူတစ်ယောက်က သူ၏မျက်လုံးများကို အတင်းဖွင့်၍ သူ၏ချစ်ခင်သူများကို နောက်ဆုံးတစ်ခေါက်ကြည့်ကာ နောက်ဆုံးအနေဖြင့် ပူဆွေးစွာအော်ဟစ်လိုက်သံနှင့် ဆင်တူပေသည်။ ထို့ပြင် သူတို့ခံစားနေရသော ဝမ်းနည်းမှုသည် မိမိ၏အိမ်ဖျက်ဆီးခဲ့လိုက်ရသည်ကို ကြည့်နေရသော ရှင်ကျန်ခဲ့သူတစ်ဦး၏ ဝမ်းနည်းမှုနှင့် ဆင်တူပေသည်။ ထိုဝမ်းနည်းမှုသည် လက်စားပြန်ချေရန် အင်အားမရှိသဖြင့် နာကျည်းမှုများလည်းပါဝင်နေသောဝမ်းနည်းမှုဖြစ်လေသည်။
ထိုအသံထွက်ပေါ်လာသောအခါ လကမ္ဘာတစ်ခုလုံး တုန်ခါသွားပြီး လကမ္ဘာပေါ်ရှိ အဖွဲ့အစည်းအသီးသီး၏ အခြေစိုက်စခန်းများလည်း တုန်ခါသွားသည်။ ထိုတုန်ခါမှုကို အများဆုံးခံစားခဲ့ရသူများမှာ ပြည်ထောင်စုဥက္ကဋ္ဌသွမ့်မုချွယ်၏ ဦးဆောင်မှုဖြင့် မန္တန်အစီအရင်အပြင်ဘက်တွင် မန္တန်အစီအရင်ကြီးကို ချိုးဖျက်နေကြသော ပြည်ထောင်စု၏ထိပ်သီးများ ဖြစ်လေသည်။
သူတို့သည် ထိုကျယ်လောင်သောအသံကြီးကို ကြားလိုက်ရသောအခါ အံ့အားသင့်သွားကြသည်။ သူတို့ထဲမှ တချို့သည် အံ့ဩတကြီး အာမေဋိတ်ပြုလိုက်ကြသည်။
“ ညနတ်ဆိုးဧကရာဇ် နိုးထလာပြီလား ”
“ ဒီအသံက… အရင်တစ်ခေါက် နိုးထလာတုန်းကအသံနဲ့ယှဉ်ရင် ဒီအသံက ပိုပြီးတောင်ကြောက်စရာကောင်းတယ်… ဘုရားရေ… သူက လွန်ခဲ့တဲ့နှစ်ပေါင်းများစွာကတည်းက သေသွားပြီး ငြိမ်သက်နေတဲ့ အလောင်းကောင်ကြီးဖြစ်သွားပြီမဟုတ်ဘူးလား။ အဲ့အလောင်းကြီးက သူ့ဘာသာ ကျင့်ကြံနိုင်နေသေးတာလား ”
“ ဒါက သူ့ရဲ့ ကျင့်ကြံခြင်းအစွမ်းတွေ ပြန်ပြီးအသက်ဝင်လာတာပဲ။ ညနတ်ဆိုးဧကရာဇ် အိပ်မောကျသွားတိုင်း သူ့ရဲ့ကျင့်ကြံခြင်းအစွမ်းတွေက နည်းနည်းပြန်ပြီး ပြည့်လာတယ် ”
မန္တန်အစီအရင်အပြင်ဘက်ရှိ လူများသည် အလွန်အမင်းတုန်လှုပ်နေကြသည်။ ပြည်ထောင်စုဥက္ကဋ္ဌသွမ့်မုချွယ်၏မျက်ဝန်းထဲတွင် အလင်းတစ်ခုတောက်ပနေသည်ကို တွေ့နိုင်ပေသည်။ သူ၏ အသက်ရှူနှုန်း အနည်းငယ်မြန်လာပြီး သူ့မျက်ဝန်းများထဲတွင် ပြတ်သားသောအရိပ်အယောင်တစ်ချက် ဖြတ်သန်းသွား၏။ သူသည် ညာဘက်လက်ကိုမြှောက်၍ လက်သီးစုပ်လိုက်သည်။
“ လာစမ်း ”
ထိုစကားကိုပြောပြီးသောအခါ အရပ်မျက်နှာအနှံ့မှ လှိုင်းတစ်ခုထွက်ပေါ်လာလေသည်။ ကမ္ဘာမြေပေါ်ရှိ ပြည်ထောင်စုမြို့တော်မှ သွမ့်မုချွယ်၏ရုပ်ထုမှနေ၍ မျက်စိကျိန်းလောက်သောအလင်းများလက်လာပြီး အလင်းတန်းတစ်ခုဖြစ်ပေါ်လာကာ ကောင်းကင်ပေါ်သို့ ထိုးတက်သွားသည်။
ထိုအလင်းတန်းထဲတွင် ဓားပျံတစ်ချောင်းရှိကြောင်း မြင်နိုင်ပေသည်။
ထိုဓားပျံတစ်ချောင်းလုံးသည် အနီရောင်ဖြစ်သည်။ ၎င်းထွက်ပေါ်လာသောအခါ ကောင်းကင်ပေါ်တွင် မိုးခြုန်းသံတစ်ချက်ထွက်ပေါ်လာပြီး ကောင်းကင်သည်လည်း သွေးနီရောင်အဖြစ်ပြောင်းလဲသွားသည်။ အပင်အားလုံး၊ အဆောက်အဦးအားလုံးနှင့် ကောင်းကင်နှင့် မြေပြင်အကြားရှိ အရာအားလုံးတို့ကို ထိုအခိုက်တွင် ရုတ်ခြည်းပင် အနီရောင်ခြည်တန်းများက လွှမ်းခြုံသွားလေသည်။
ထို့ပြင် ထည်ဝါသောအရှိန်အဝါတစ်ခုသည်လည်း ပျံ့နှံ့သွား၏။ ထိုအရှိန်အဝါသည် ထွက်ပေါ်ခဲ့ဖူးသည့်အရှိန်အဝါများထဲတွင် အားအကြီးဆုံးအရှိန်အဝါတစ်ခုဟု ထင်ရပေသည်။ မည်သည့်ကျင့်ကြံခြင်းအဆင့်တွင်ရှိနေသော သက်ရှိဖြစ်စေ ထိုအရှိန်အဝါကို အာရုံခံနိုင်လေသည်။ ကမ္ဘာမြေပေါ်ရှိ နေရာတိုင်းမှ သက်ရှိများသည် ထိုအခိုက်တွင် ယင်းအရှိန်အဝါကို ဦးညွှတ်ဆုတောင်းလိုသော မအောင့်အည်းနိုင်သည့်ဆန္ဒတစ်ခုကို ခံစားနေလိုက်ကြရ၏။
ထိုကဲ့သို့ သက်ရှိအများအပြား၏ အလေးအနက်ဦးညွှတ်ဆုတောင်းမှုကိုခံရသည့် အရှိန်အဝါထွက်ပေါ်နေသောပစ္စည်းသည် ပြည်ထောင်စုအတွင်းရှိ တစ်ခုတည်းသော နတ်ဘုရားလက်နက်ဖြစ်လေသည်။
၎င်း၏အမည်ကား… ကြယ်နီပင်။
ထိုအခိုက်တွင် ကမ္ဘာမြေပေါ်ရှိ မည်သည့်နေရာတွင်ရှိနေသည်ဖြစ်စေ ကြယ်တာရာများလင်းလက်နေသောကောင်းကင်တစ်ခုလုံးကို မျက်စိတစ်မှိတ်စာအတွင်း အနီရောင်အလင်းလွှမ်းခြုံသွားသည်ကို မြင်လိုက်ရလေသည်။ ထို့နောက် ဓားပျံသည် ကောင်းကင်ပေါ်သို့ လျှင်မြန်စွာထိုးတက်သွား၏။ ၎င်း၏နောက်တွင် တောက်ပသောအနီရောင်အလင်းသည် ကမ္ဘာမြေပေါ်မှ ထိုးတက်လာသော အနီရောင်မုန်တိုင်းကြီးတစ်ခုကဲ့သို့ ကပ်၍လိုက်ပါလာသည်။
၎င်း၏ ဦးတည်ရာပန်းတိုင်သည် လကမ္ဘာပင်။ ပို၍တိတိကျကျဆိုရမည်ဆိုလျှင် ၎င်းသည် လက်မြှောက်ထားသော ပြည်ထောင်စုဥက္ကဋ္ဌသွမ့်မုချွယ်ဆီသို့ ဦးတည်နေခြင်းပင်။
မန္တန်အစီအရင်အပြင်ဘက်ရှိ လူအားလုံးသည် ယောက်ယက်ခတ်နေကြသည်။ သွမ့်မုချွယ်က ပြတ်သားစွာ နတ်ဘုရားလက်နက်ကို ဆင့်ခေါ်လိုက်ချိန်တွင် လကမ္ဘာအမှောင်ခြမ်းရှိ နက်ရှိုင်းသောမြေအောက်ဥမင်ထဲရှိ တစ်စုံတစ်ယောက်သည် လိပ်ပြာလွင့်မတတ်ကြောက်ရွံ့နေပေသည်။ ဧရာမသစ်ပင်ကြီး၏ လူသားအသွင်ဖြစ်သော အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအရွယ် အမျိုးသားသည် ဝမ်ပေါင်လဲ့၏အမိန့်နှင့် ညနတ်ဆိုးဧကရာဇ်၏ စူးစူးဝါးဝါးအော်လိုက်သံကြီးကြောင့် အသည်းစိမ့်အောင်ကြောက်ရွံ့သွားရာ သူသာ ဝမ်ပေါင်လဲ့အနားသို့ ကပ်သွားလျှင် ဝမ်ပေါင်လဲ့ကိုလှုံ့ဆော်လိုက်သကဲ့သို့ ဖြစ်သွားမည်ဆိုး၍ သူမြှောက်ထားသော ညာလက်ကိုပြန်ချလိုက်ပြီး နောက်သို့ပြန်ဆုတ်သွားလေသည်။ တချိန်တည်းမှာပင် သူကျယ်လောင်စွာ အော်ပြောလိုက်သည်။
“ တာအိုရောင်းရင်းဝမ်… အလျင်မလိုပါနဲ့.. အလျင်မလိုပါနဲ့။ ဒီကိစ္စကို အေးအေးဆေးဆေး ဆွေးနွေးကြတာပေါ့ ”
အစိမ်းရောင်ကြာပွင့်ကို အညှောင့်ပေါက်အောင်လုပ်ရုံမျှဖြင့် ညနတ်ဆိုးဧကရာဇ်ကို ထိုမျှလှုံ့ဆော်နိုင်လိမ့်မည်ဟု ဝမ်ပေါင်လဲ့တစ်ခါမှ မတွေးမိခဲ့ဖူးချေ။ ထို့ကြောင့် သူသည် အစိမ်းရောင်ကြာပွင့်ကို အလျင်အမြန် တည်ငြိမ်အောင်လုပ်လိုက်သည်။ ညနတ်ဆိုးဧကရာဇ်၏ အော်သံကြီး ဖျော့တော့သွားသောအခါ သူသည် ဧရာမသစ်ပင်ကြီးအဖြစ်မှပြောင်းလဲသွားသော စိတ်လှုပ်ရှားနေသည့် အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသော သက်လတ်ပိုင်းအမျိုးသားကို ကြည့်လိုက်လေသည်။
“ အခု သစ်သီးကို သုံးဖွဲ့ခွဲယူစရာမလိုတော့ဘူး။ မင်းနဲ့ငါပဲရှိတော့တယ်။ ငါ အများကြီးမတောင်းဆိုပါဘူး.. သစ်သီးတစ်ခြမ်းပဲလိုချင်တာပါ ”
ဧရာမသစ်ပင်ကြီး၏ လူသားအသွင်ဖြစ်သော အနက်ရောင်ဝတ်ရုံဝတ်ဆင်ထားသည့် အသက်လတ်ပိုင်းအမျိုးသားသည် ဝမ်ပေါင်လဲ့ကို အလေးအနက်ကြည့်လိုက်၏။ သူသည် ဝမ်ပေါင်လဲ့အကြောင်းကို တော်တော်လေးသိထား၏။ ထိုအသိစိတ်များသည် သူအသွင်ယူထားသော လူထံမှရရှိထားခြင်းဖြစ်သော်လည်း သူကိုယ်တိုင်တွေ့ကြုံခဲ့ရသည်နှင့် မကွာပေ။
အစောပိုင်းတွင် သူသည် ဝမ်ပေါင်လဲ့ကို ကိုယ်တိုင်သတ်ပစ်ရန် ကြံရွယ်ထားခဲ့သည်။ သို့သော် ယခုတွင် ဝမ်ပေါင်လဲ့သည် သူ့ကိုပင် ခြိမ်းခြောက်နိုင်သော စွမ်းရည်များထုတ်ပြလိုက်သဖြင့် ဝမ်ပေါင်လဲ့၏ တောင်းဆိုချက်ကို လက်မခံချင်သော်လည်း အခြားရွေးစရာမရှိတော့သဖြင့် လက်ခံရပေတော့မည်။
အမှန်တွင် သူ ထပ်မံအချိန်ဖြုန်း၍ မရတော့ပေ။ ဧရာမသစ်ပင်ကြီးအဖြစ်မှ ပြောင်းလဲသွားသော ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် အသက်ပြင်းပြင်းရှူသွင်းလိုက်ပြီး စိတ်မပါတပါဖြင့် ခေါင်းညိတ်ပြလိုက်သည်။ သူသည် ညာလက်ကိုမြှောက်၍ သစ်သီးကို တိုက်ရိုက်ဖိချလိုက်သည်။ ထိုအခါ သူ၏ ဆံပင်များပင် ထောင်သွားလေသည်။ သူသည် ဝမ်ပေါင်လဲ့ကို ဆက်၍အာရုံမစိုက်တော့ဘဲ သစ်သီးကို စတင်စုပ်ယူလိုက်သည်။
ဝမ်ပေါင်လဲ့သည်လည်း မျက်မှောင်ကြုတ်၍ သူ့လက်ကိုမြှောက်ကာ သစ်သီးကို ဖိလိုက်သည်။ သို့သော် သူသည် ဧရာမသစ်ပင်ကြီးအဖြစ်မှ ပြောင်းလဲသွားသော ဝတ်ရုံနက်နှင့် သက်လတ်ပိုင်းအမျိုးသားကို တချိန်လည်း မျက်ခြေမပြတ်ကြည့်နေလေသည်။ သူ့ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့သည် နိုးထလာ၏။ ဝမ်ပေါင်လဲ့၏ လက်ဖဝါးထဲတွင် အားကောင်းသောစုပ်အားတစ်ခု ရုတ်ခြည်းထွက်ပေါ်လာပြီး သစ်သီးကို စုပ်ယူလိုက်လေသည်။
သစ်သီးသည် အပြင်းအထန် တုန်ခါသွား၏။ သစ်သီးအတွင်းမှ ဇီဝစွမ်းအင်များသည် ဝမ်ပေါင်လဲ့၏ ကိုယ်တွင်းနှင့် ဝါးမျိုခြင်းသစ်စေ့အတွင်းသို့ အဆက်မပြတ်စီးဆင်းနေပေရာ သစ်သီးတွင် မမြင်ရသောအခေါင်းတစ်ခု ဖြစ်ပေါ်လာတော့သည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်သည် တုန်ခါသွား၏။ တစ်စုံတစ်ခု လွဲမှားနေပြီဖြစ်ကြောင်း သူလျင်မြန်စွာသိရှိလိုက်သည်။ သစ်သီး၏ ဇီဝစွမ်းအင်များ သူ့ကိုယ်တွင်းသို့ဝင်လာသည့်အခိုက်တွင် ဝါမျိုခြင်းသစ်စေ့သည် ထိုအစွမ်းများကို နှစ်ပိုင်း,ပိုင်းလိုက်လေသည်။
တစ်ပိုင်းသည် စီးဆင်းနေသောဇီဝစွမ်းအင်များအဖြစ် ဆက်ရှိနေပြီး ကျန်တစ်ပိုင်းသည် အနက်ရောင်ရေစက်များဖြစ်သွားလေသည်။
ထိုအနက်ရောင်ရေစက်များတွင် အဆိပ်ရှိကာ ချုပ်တီးထားဟန်ရှိသည့် မိစ္ဆာအစွမ်းတချို့ပါကြောင်း ထင်ရှား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် သစ်သီးတွင်တစ်စုံတစ်ခု လွဲမှားနေပြီဖြစ်ကြောင်း သတိထားမိသွားပြီး အံ့အားသင့်သွားလေသည်။
‘ ဒါက သစ်သီးရဲ့ သဘာဝအစစ်အမှန်လား.. ဒါမမဟုတ် တစ်ယောက်ယောက်က သစ်သီးကို တစ်ခုခုလုပ်ထားတာလား ’
ဝမ်ပေါင်လဲ့သည် အသက်ရှူမြန်လာပြီး ဧရာမသစ်ပင်ကြီးမှ ဖြစ်ပေါ်လာသည့် ဝတ်ရုံနက် သက်လတ်ပိုင်းအမျိုးသားကို လှမ်းကြည့်လိုက်လေသည်။ သို့သော် ထိုသူသည် သစ်သီး၏ မည်သည့်ထူးဆန်းသောအရာကိုမှ သတိပြုမိပုံမပေါ်ဘဲ ဆက်၍စုပ်ယူနေသည်။
ထို့အခြင်းအရာကြောင့် ဝမ်ပေါင်လဲ့အတန်ငယ် သံသယဖြစ်သွား၏။ သူချီတုံချတုံဖြစ်နေချိန်တွင် ဝါးမျိုခြင်းသစ်စေ့အတွင်းရှိ အစိမ်းရောင်ကြာပွင့်သည် အပြင်းအထန် စတင်တုန်ခါလာသည်။ ၎င်းသည် စုပ်ယူထားသော ဇီဝစွမ်းအင်းများကို ၎င်းထံဆွဲစုပ်လိုက်၏။ ၎င်းသည် အဆိပ်ရှိသော အနက်ရောင်ရေစက်များကိုလည်း မချန်ဘဲ လောဘတကြီးဆွဲစုပ်လိုက်လေသည်။
၎င်းအတွက် အဆိပ်ရှိသော အနက်ရောင်ရေစက်များသည် အာဟာရတစ်မျိုးကဲ့သို့ပင်။ အစိမ်းရောင်ကြာပွင့်သည် ကျောက်စိမ်းကဲ့သို့ စိမ်းဖန့်လာပြီး ၎င်း၏ ညှိုးခြောက်နေသော အရွက်များသည်ပင် သိသိသာသာ လန်းလာလေတော့သည်။
‘ အဲဒါက အဆိပ်ကိုလည်း စုပ်ယူနိုင်တာလား ’
ဝမ်ပေါင်လဲ့ အံ့အားသင့်ကာ ဝမ်းသာသွားသည်။
ထိုမျှပင်မကသေးပေ။ ဝါးမျိုခြင်းသစ်စေ့က ဆက်လက်စုပ်ယူနေပြီး သစ်သီးသည် လျင်မြန်စွာ ခြောက်ကပ်လာသောအခါတွင် အစိမ်းရောင်ကြာပွင့်သည် ထိုစုပ်ယူခြင်းဖြစ်စဉ်အတွင်း၌ ကြီးထွားလာသည်ကို ဝမ်ပေါင်လဲ့ အံ့အားသင့်စွာ သိလိုက်ရသည်။ ကြီးထားမှုသည် နှေးကွေးသော်လည်း ကြီးထွားလာကြောင်းကိုမူ မြင်သာပေသည်။ အစိမ်းရောင်ကြာပွင့်အတွင်းတွင်မှ သူ့ကိုယ်တွင်းသို့စီးဆင်းနေသောအရာမှာ ဝိညာဉ်ချီလည်းမဟုတ်သလို၊ ဇီဝစွမ်းအင်လည်းမဟုတ်ပေ။ ထိုအရာသည် မည်သည့်အရာဖြစ်ကြောင်း ဝမ်ပေါင်လဲ့ မစဉ်းစားနိုင်ဖြစ်နေသည်။ သို့သော် ထိုစီးဆင်းလာသော စွမ်းအားများသည် သူ၏ခန္ဓာကိုယ်နှင့် လျင်မြန်စွာပေါင်းစည်းသွားကြောင်းကိုမူ သူရှင်းရှင်းလင်းလင်းခံစားနိုင်လေသည်။
ထိုပေါင်းစည်းနေသော စွမ်းအားသည် အာဟာရတစ်မျိုးအဖြစ် ပြုမူနေ၏။ သူ၏ရင်ထဲတွင် အားကောင်းသောခံစားချက်နှင့် ရက်စက်မှုများ တိုးပွားလာလေသည်။ သူ၏အသက်ရှူနှုန်းသည် လွန်စွာလျင်မြန်နေပေရာ အတန်ငယ် မတည်ငြိမ်ဖြစ်လာ၏။ ထိုအချိန်တိုလေးအတွင်း၌ သူ၏ခွန်အားသည် နှစ်ဆမြင့်တက်သွားလေသည်။
ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်သည် ယခင်ကတည်းက သန်မာခဲ့ခြင်းဖြစ်သည်။ ယခုတွင် သူ၏ခွန်အားသည် ပို၍ပင်တိုးပွားလာပြီး သူ့ကို အခြေတည်အဆင့်ကျင်ကြံသူများအကြားတွင် ရှားပါးသောလူတစ်ဦးဖြစ်သွားစေလေသည်။
သို့သော် အားအင်တိုးမြှင့်ခြင်းဖြစ်စဉ်သည် ထိုမျှနှင့် မပြီးဆုံးသေးပေ။
သစ်သီး၏ ဇီဝစွမ်းအင်များကို ဆက်လက်စုပ်ယူနေရာ အစိမ်းရောင်ကြာပွင့်သည် ဆက်လက်ကြီးထွားနေပြီး ဝမ်ပေါင်လဲ့၏ခန္ဓာကိုယ်သည်လည်း ပို၍ပင်သန်မာလာလေသည်။ သူ၏အရိုးများနှင့် အသွေးအသားများအားလုံးသည် ပို၍မြင့်မားသောအဆင့်သို့ ရောက်ရှိသွားပေပြီ။
‘ ဘုရားရေ… အစိမ်းရောင်ကြာပွင့်က ကန့်သတ်ချက်ကိုတွေကို ဆန့်ကျင်နေတာလား… ဒါမှမဟုတ် သစ်သီးကိုက ပုံမှန်မဟုတ်တာလား… ’
ဝမ်ပေါင်လဲ့သည် အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်လိုက်သည်။ သူ မယုံနိုင်လောက်အောင် ဖြစ်သွား၏။ တချိန်တည်းမှာပင် သူနှင့်မျက်နှာချင်းဆိုင်ရပ်နေသော ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် တီးတိုးဆဲဆိုလိုက်သည်။ သူသည် ဝမ်ပေါင်လဲ့ကို မျက်လုံးပြူးကြီးများဖြင့် ငေးကြည့်နေရာ မျက်လုံးများသည် မျက်လုံးအိမ်အတွင်းမှ ထွက်ကျလာမည်ကိုပင် စိုးရိမ်ရလေသည်။
‘ ဒီခွေးကောင်… ဘယ်လိုလုပ် ဒီလောက်မြန်မြန်စုပ်ယူနိုင်ရတာလဲ… ငါအခုမှတ်မိပြီ.. သူ ကူးလောင်ချိုင့်ဝှမ်းမှာတုန်းက စုပ်ယူတဲ့နည်းလမ်းတစ်ခုကို မှီခိုခဲ့တာပဲ… ’
ဧရာမသစ်ပင်ကြီးမှ ဖြစ်ပေါ်လာသော ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် ရူးသွပ်သွားလုနီးပါးဖြစ်နေသည်။ သူ၏ မျက်လုံးများသည် သစ်သီးထံမှ စုပ်ယူထားသော စွမ်းအင်များကြောင့် ရဲရဲနီနေလေသည်။ သူ၏ ကျင့်ကြံခြင်းအဆင့်သည် တဖြည်းဖြည်းမြင့်တက်လာကြောင်း သူခံစားမိ၏။ ထိုကဲ့သို့သာ ဆက်သွားနေလျှင် မကြာမီ သူ၏ကျင့်ကြံခြင်းအဆင့်သည် ကမ္ဘာမြေပေါ်ရှိ အဖွဲ့အစည်းအသီးအသီးအတွင်းမှ ကျင့်ကြံသူများမရောက်ရှိနိုင်သော ယွမ်ယင်အဆင့်သို့ ရောက်ရှိသွားပေလိမ့်မည်။
တစ်ခုတည်းသော ပြဿနာမှာ ဝမ်ပေါင်လဲ့သည် ဧရာမသစ်ပင်အတွက် ဝဋ်ကြွေးဖြစ်နေနိုင်ခြင်းပင်။ ဧရာမသစ်ပင်သည် မထိန်းချုပ်နိုင်သော အလိုဆန္ဒများနှင့်ပြည့်နှက်နေပြီး မျှော်လင့်ချက်ရောင်ခြည်တစ်ခုကို မြင်လိုက်ရချိန်တွင် ဝမ်ပေါင်လဲ့၏ကိုယ်တွင်းရှိ အစိမ်းရောင်ကြာပွင့်သည်လည်း ဇီဝစွမ်းအင်များကို စုပ်ယူကာ ကြီးထွားလာလေသည်။ ၎င်းကြီးထွားလာသောအခါ ၎င်းထံမှ ကြာစေ့အစုလေးတစ်ခု ထွက်ပေါ်လာ၏။ ကြာစေ့အစုသည် ကြာစေ့များကို မွေးဖွားတော့မည့်အတိုင်း တောက်ပစွာလင်းလက်လာသည်။
ဝမ်ပေါင်လဲ့၏ကိုယ်တွင်းရှိ ဝါးမျိုခြင်းသစ်စေ့၏ စုပ်အားသည်လည်း အချိန်နှင့်အမျှ မြင့်တက်လာ၏။ ၎င်းသည် လျင်မြန်စွာ မြင့်တက်လာရာ ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားကိုပင် အံ့အားတကြီးပင့်သက်ရှိုက်သွားစေလေသည်။
ကျယ်လောင်သောအသံကြီးများပေါ်ပေါက်လာပြီး သစ်သီးသည် လျင်မြန်သောနှုန်းဖြင့် ခြောက်ကပ်လာသည်။ ဝမ်ပေါင်လဲ့နှင့် ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် သစ်သီးအတွင်းရှိ ဇီဝစွမ်းအင်များကို အပြိုင်အဆိုင်စုပ်ယူနေကြလေသည်။ သက်လတ်ပိုင်းအမျိုးသားသည် ဝမ်ပေါင်လဲ့ထက် ဆယ်ဆနှေးရာ ဝမ်ပေါင်လဲ့ကို လိုက်မမီနိုင်တော့ပေ။
‘ မဖြစ်နိုင်ဘူး…’
ဧရာမသစ်ပင်မှ ဖြစ်ပေါ်လာသော ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် ရင်ထဲတွင် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူ၏နဖူးတွင် အကြောစိမ်းများပင် ထောင်ထလာ၏။ ထိုအခိုက်တွင် ဝမ်ပေါင်လဲ့၏ ကြာပွင့်အတွင်း၌ ပထမဆုံးကြာစေ့တစ်စေ့ ပေါ်လာလေသည်။
ယခုတွင် ထိုနှစ်ယောက်ကြားရှိ စုပ်ယူမှုနှုန်းသည် ဆယ့်ငါးဆမျှ ကွာခြားလာပြီဖြစ်သည်။
ဒုတိယ၊ တတိယနှင့် စတုတ္ထကြာစေ့များ ထွက်ပေါ်လာသောအခါ ထိုနှစ်ဦးကြားရှိ ကွာခြားမှုသည် အဆသုံးဆယ်အထိ ရောက်ရှိလာတော့သည်။
ဝမ်ပေါင်လဲ့သည်ပင် ကိုယ့်ကိုယ်ကို အလွန်အံ့အားသင့်နေလေသည်။ သူ၏ စိတ်ထဲတွင် ဝတ်ရုံနက်သက်လတ်ပိုင်းအမျိုးသားသည် ကြောက်မက်ဖွယ်အဆင့်တစ်ခုအထိ သန်မာလာကြောင်း ခံစားနေရသကဲ့သို့ ထိုလူ၏မျက်နှာထားသည် အနည်းငယ်ထူးဆန်းနေသည်ဟုလည်း ခံစားနေရလေသည်။ ထိုသက်လတ်ပိုင်းအမျိုးသား၏မျက်နှာသည် လွန်စွာမည်းမှောင်နေရာ ၎င်းကိုညှစ်လိုက်မည်ဆိုလျှင် မင်များပင်စီးထွက်လာမည်ဟု ထင်ရပေသည်။
‘ နေပါဦး… ငါ ညနတ်ဆိုးဧကရာဇ်ကို နှိုးလိုက်ရမလား။ ဒီဧရာမသစ်ပင်က မျိုသိပ်ထားရတာများလွန်းလို့ ဒေါသထွက်လာတဲ့ပုံပဲ… ’
ဝမ်ပေါင်လဲ့သည် ကြောက်ရွံ့သွားသဖြင့် လက်ဦးမှုယူရန် အိပ်မောကျနေသော ညနတ်ဆိုးဧကရာဇ်ကို နှိုးရန် ဆုံးဖြတ်လိုက်သည်။ တချိန်တည်းမှာပင် ကိုယ်ထည်တစ်ခုလုံး အနီရောင်ဖြစ်သော နတ်ဘုရားလက်နက်ဓားပျံသည် နီးကပ်လာပြီဖြစ်ပြီး ပြည်ထောင်စုဥက္ကဋ္ဌသွမ့်မုချွယ်ထံသို့ ဦးတည်ပျံသွားလိုက်သည်။
၎င်းသည် စက်ဝိုင်းတစ်ပတ်ပြည့်အောင် လည့်ပတ်ပျံသန်းလိုက်ပြီး ကောင်းကင်ပေါ်တွင် သွေးနီရောင်အလင်းများကို ထုတ်လွှတ်လိုက်သည်။ ထို့နောက် ၎င်းသည် လကမ္ဘာပေါ်ရှိ မန္တန်အစီအရင်ကြီးထံသို့ ပျံသန်းသွားလေတော့သည်။
၎င်းသည် မန္တန်အစီအရင်ကြီးနှင့် တဖြည်းဖြည်းနီးကပ်သွားပြီး နောက်ဆုံးတွင် လကမ္ဘာပေါ်ရှိ မန္တန်အစီအရင်ကြီးနှင့် ထိခတ်သွားလေသည်။
ဝုန်း….