Switch Mode

အခန်း ( ၂၈၀ )

ကျားပါးစပ်မှ အစာကိုလုယူခြင်း

ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးက ထိုသို့ဆိုလိုက်သောအခါ သစ်ပင်ကြီးအဖြစ်မှ အသွင်ပြောင်းလဲလာသော လူကြီးမှာ မျက်နှာပျက်သွား၏။ ထိုဂိုဏ်းချုပ်ကြီးအား စိုက်ကြည့်နေသော သူ၏အကြည့်များမှာလည်း ပို၍ စူးရှလာတော့သည်။

ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာမူ မျက်လုံးများ မှေးသွားပြီး သူ၏အပြုံးမှာလည်း ပို၍ အသက်ဝင်လာ၏။ သူသည် အနိုင်ရရှိသွားပြီဖြစ်ကြောင်း အပြည့်အဝ ယုံကြည်နေသည့်ပုံပင်။

” သွမ့်မုချွယ်နဲ့ သူ့ရဲ့လုပ်ပုံကိုင်ပုံတွေကို ငါက ကောင်းကောင်းကြီးသိတယ်။ သူက အရန်အစီအစဉ်တွေ ချထားတတ်တယ်။ ပထမအစီအစဉ်ကတော့ သူ မင်းကို ထိန်းချုပ်ထားတဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ နည်းလမ်းပေါ့။ ဒုတိယ အစီအစဉ်ကိုလည်း ငါ အကြမ်းဖျင်းလောက်တော့ ခန့်မှန်းနိုင်တယ် ”

” အဲ့ အစီအစဉ်က ညနတ်ဆိုးဧကရာဇ်ကြီးပဲ ဖြစ်ရမယ် ”
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ ဟက်ဟက်ပက်ပက် အော်ဟစ်ရယ်မောလိုက်တော့သည်။ ထို့နောက် သူသည် သူ၏ ညာဘက်လက်ကို ရုတ်တရက် မြှောက်လိုက်၏။ သူ၏ လက်ဖဝါးထဲတွင် မြူခိုးလုံးတစ်လုံး ရှိနေ၏။

၎င်းမှာ သက်တံ့ရောင် မြူခိုးများဖြစ်သည်။ ထိုမြူခိုးများမှာ ပေါ်လာသည်နှင့် တစ်ပြိုင်နက် အရောင်အမျိုးမျိုးရှိသော နဂါးခေါင်း ခုနစ်လုံးအသွင် ပြောင်းလဲသွားကြသည်။ ၎င်းတို့မှာ နဂါးခေါင်း အစစ်နှင့် တထေရာတည်းနီးပါး တူနေ၏။ ထိုနဂါးခေါင်းများမှာ အဆက်မပြတ် ဟိန်းဟောက်ရင်း ရှေ့သို့ အရှိန်အဟုန်ဖြင့် ထိုးထွက်လာကြ၏။

၎င်းတို့ အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားကြသောအခါ လူတိုင်းကို ဖိနှိပ်နိုင်စွမ်းရှိသော အံ့ဩတုန်လှုပ်ဖွယ်ရာ ဝိညာဉ်ချီတစ်မျိုး လေထုထဲ၌ စတင်ပေါ်ပေါက်လာ၏။ ၎င်း၏ စွမ်းအားမှာ ဝမ်ပေါင်လဲ့၏ သတ္တမအဆင့် ဓမ္မလက်နက်ထက် အဆပေါင်းများစွာ ပို၍သာလွန်နေသည်။ အမှန်အတိုင်းဆိုရမည်ဆိုလျှင် ၎င်းတို့နှစ်ခုကို လုံးဝ ယှဉ်နိုင်မည် မဟုတ်ပေ။ ပိုးစုန်းကြူးလေးတစ်ကောင်ကို ထိန်ထိန်သာနေသော လမင်းကြီးနှင့် နှိုင်းယှဥ်နေသကဲ့သို့ ဖြစ်နေမည်သာဖြစ်သည်။

” နဝမအဆင့် ဓမ္မလက်နက်ပါလား ”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ အံ့အားသင့်သွားရပြီး သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။ သူသည် ပထမဆုံးအကြိမ်အဖြစ် ထိတ်လန့်တုန်လှုပ်သွားခြင်းဖြစ်သည်။ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီး၏ နှုတ်မှ ထွက်လာသော စကားလုံးတိုင်းမှာ ရှေ့ဖြစ်ဟောတမန်တော်များထက်ပင် ပို၍ တိကျလွန်းနေ၏။ ထိုဂိုဏ်းချုပ်ကြီးမှာ သူ၏အတွင်းစိတ်ကို ဖောက်မြင်နိုင်စွမ်း ရှိနေသည့်အလား သူ၏ နှလုံးသားထဲမှ အတွေးများကို ဖြည်းဖြည်းချင်း ထုတ်ဖော်ပြနေသည် မဟုတ်ပါလော။

” တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်။ မင်း ဘာကို ကြောက်နေလဲဆိုတာကိုတော့ ငါ သေချာမသိဘူး။ မင်းကို မွေးခဲ့တဲ့ သစ်ပင်ကြီး ပျက်စီးသွားမှာကို ကြောက်နေတာလား။ ညနတ်ဆိုးဧကရာဇ်ကြီး နိုးထလာမှာကို ကြောက်နေတာလား။ ဒါမှမဟုတ် အဲဒီ နှစ်ခုကြားမှာ အချိတ်အဆက် တစ်ခုခုများရှိနေတာလား။ ညနတ်ဆိုးဧကရာဇ်ကြီး နိုးလာတာနဲ့ မင်းကို မွေးဖွားပေးခဲ့တဲ့ သစ်ပင်ကြီးက မလွဲမသွေ ပျက်စီးသွားရမှာနော်…. အဲဒါကြောင့်ပဲ သွမ့်မုချွယ်က ဘာမှစိတ်ပူမနေဘဲ မင်းကို ဒီနယ်မြေထဲ ဝင်ခွင့်ပေးခဲ့ပြီးတော့ သူလိုချင်တဲ့ ရလဒ်ရလာတဲ့အထိ အဖြစ်အပျက်တွေကို ပြောင်းလဲပစ်နိုင်စွမ်း ရှိနေလိမ့်မယ်လို့ သူ့ကိုယ်သူ ယုံကြည်နေတာပဲ… ”

” ငါက အဲ့နှစ်ခုလုံး ဖြစ်လာအောင် လုပ်နိုင်စွမ်းရှိတယ်နော်။ အဲဒီတော့ အခု ငါ့ဘက်က တောင်းဆိုချက်တွေကို ပြောင်းလိုက်ပြီ။ ဒီသစ်သီးရဲ့ ဆယ်ပုံပုံ နှစ်ပုံကို ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုကို ပေးပြီးတော့ ငါကတော့ တစ်ဝက်တိတိ ယူမယ်။ ကျန်တာကို မင်း ယူချင်ရင်ယူ မယူချင်ရင်နေ။ ဒါပေမဲ့ ငါ့ရဲ့ ဓမ္မလက်နက်ကို ဖျက်ဆီးပစ်ပြီးတော့ မင်းကို မွေးပေးခဲ့တဲ့ သစ်ပင်ကြီးကို ဖျက်ဆီးပစ်ပြီး ရှေးဟောင်းရုပ်အလောင်းကြီးကို နိုးထလာအောင်လုပ်နိုင်တယ်ဆိုတဲ့ အချက်ကိုတော့ မေ့မထားနဲ့။ ဒီ နယ်မြေကြီးတစ်ခုလုံး ကမောက်ကမဖြစ်သွားအောင် လုပ်ပစ်မှာ။ အဲ့အချိန်ကျရင် ဘယ်သူကမှ ဒီသစ်သီးကို ရတော့မှာမဟုတ်ဘူး။

အနက်ရောင်ဝတ်ရုံနှင့်လူကြီး၏ မျက်နှာအမူအရာမှာ ရှုံ့မဲ့နေပြီ ဖြစ်သည်။ သူသည် သူ ရွေးချယ်နိုင်သော အခွင့်အရေးများကို ချင့်ချိန်သုံးသပ်ကြည့်နေ၏။ ဂိုဏ်းချုပ်ကြီး ပြောခဲ့သည့်အတိုင်းပင်။ သူသည် သွမ့်မုချွယ်နှင့်ပေါင်း၍ အလုပ်လုပ်နေသည်ဖြစ်ပြီး သွမ့်မုချွယ်မှာ သူ့ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်း ရှိနေသည့်တိုင်အောင် သူသည် ရည်မှန်းချက်ကြီးမားပြီး ထိန်းချုပ်မခံလိုပေ။ သူသည် သွမ့်မုချွယ်၏ အစီအစဉ်အတိုင်း မီးစဉ်ကြည့်ကရင်း အခွင့်ကောင်းယူကာ ယွမ်ယင်အဆင့်သို့ တက်လှမ်းနိုင်အောင် ကြံရွယ်ထားသည်။

ထို့ကြောင့်လည်း သူသည် အစီအစဉ်အတိုင်း လိုက်မလုပ်ခဲ့ဘဲ အပြင်ဘက်မှလူများ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲသို့ ဝင်ရောက်နိုင်မည့် မန္တန်အစီအရင်ကို မဖွင့်ခဲ့ခြင်း ဖြစ်သည်။ သို့သော် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ အရေးအကြီးဆုံး အချက်တစ်ခုဖြစ်သော သွမ့်မုချွယ်၏ အရန် အစီအစဉ်ကို ထုတ်ပြောလိုက်ပြီ ဖြစ်သည်။

ထို အစီအစဉ်ကို အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ အလွန်အင်မတန်မှ ကြောက်ရွံ့၏။ ညနတ်ဆိုးဧကရာဇ်ကြီးမှာ နိုးထလာသည်နှင့်တစ်ပြိုင်နက် သူ့အား မွေးဖွားပေးခဲ့သည့် သစ်ပင်ကြီး၏ သက်စောင့်အားများကို အလိုအလျောက် စုပ်ယူပစ်မည်သာဖြစ်သည်။ ထိုသို့ ဖြစ်သွားမည်ဆိုပါက အရာအားလုံး ပျက်စီးသွားမည်မှာ မလွဲဧကန်ပင်။

အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ အတွေးများထဲ၌ နစ်မြောနေစဉ် ဝမ်ပေါင်လဲ့၏ အတွေးများမှာ ယောက်ယက်ခတ်နေရတော့သည်။ သူသည် နဝမအဆင့် ဓမ္မလက်နက်ကြောင့်သာမက ပူးပေါင်းကြံစည်မှု အမျိုးမျိုးနှင့် ၎င်းတို့ကို ပြန်လည်တုံ့ပြန်နိုင်ရန် အကွက်ကျကျစီစဉ်ထားသည့် အကြံအစည်များအပြင် ဧရာမသစ်သီးကြီးကြောင့်ပါ အံ့ဩတုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် အသက်အောင့်ထားရပြီး သူ၏ မျက်လုံးများထဲတွင် ခံစားချက်မျိုးစုံ ထင်ဟပ်နေ၏။ သူ၏ နှလုံးသားထဲ၌ လွန်ဆွဲနေသော ခံစားချက်ကြီးတစ်ခု ပေါ်လာသကဲ့သို့ပင်။ ခဏအကြာတွင် သူသည် ဆုံးဖြတ်ချက်ချလိုက်ပြီး နောက်သို့ဆုတ်ခွာမသွားတော့ဘဲ ထိုလူအုပ်ကြီး စုဝေးနေသည့် လိုဏ်ဂူကြီးဆီသို့ ပြေးသွားလိုက်တော့သည်။

သူသည် ရှေ့သို့ပြေးလွှားနေရင်း သူ့တွင် ရှိသော လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့စုစုပေါင်း၏ တစ်ဝက်တိတိအပြင် ရုပ်သေးရုပ် ခုနစ်ရုပ်ရှစ်ရုပ်ခန့်ကိုပါ ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ထိုရုပ်သေးရုပ်များအား ထို ပုတီးစေ့များကို ကိုင်ထားစေလိုက်ပြီး သူ၏ရှေ့မှ ပြေးခိုင်းလိုက်တော့သည်။

” ကြောက်လျှင်လာဘ်လွဲ ရဲလျှင် မင်းဖြစ်တဲ့။ ငါက ရုပ်ရည်ချောမောပြီးတော့ စာရိတ္တလည်း ကောင်းတဲ့လူတစ်ယောက်ပဲ။ စမ်းကြည့်ရတာပေါ့ ”

ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့ အလျင်အမြန် ပြေးလာနေစဉ် အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ဆိတ်ငြိမ်နေ၏။ အသက်ရှုကြိမ်အနည်းငယ်ခန့် ကြာပြီးနောက် သူသည် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချလိုက်ပြီး ဆုံးဖြတ်ချက်ချလိုက်တော့သည်။

” မင်းက သစ်သီးရဲ့ ဆယ်ပုံပုံ ခုနစ်ပုံစလုံးကို ယူမှာပဲ။ ငါက သွမ့်မုချွယ် ငါ့ကို ကတိပေးထားသလောက်တောင် ရမှာမဟုတ်ဘူး။ အခုက မင်းရယ်၊ ငါရယ်၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုရယ်ဆိုပြီးတော့ အဖွဲ့သုံးဖွဲ့ ရှိနေတာလေ။ အဲဒီတော့ ငါတို့ သုံးဖွဲ့ကြား ခွဲယူမယ်ဆိုရင်တော့ ဘယ်သူမှ အများကြီးရမှာမဟုတ်ဘူး ”

” ငါကတော့ ဒီသစ်သီးကို မင်းနဲ့ တစ်ယောက်တစ်ဝက်ဆီ ခွဲယူဖို့ပဲ သဘောတူနိုင်တယ်… ”
အနက်ရောင်ဝတ်ရုံနှင့် လူကြီးက တည်ကြည်စွာဆိုလိုက်ပြီး တစ်စုံတစ်ခုကို သတိထားမိလိုက်သည့်ပုံစံဖြင့် လိုဏ်ဂူကြီး၏ အဝကို လှမ်းကြည့်လိုက်သည်။ သို့သော် သူသည် သိပ်၍ အလေးမထားခဲ့ပေ။

အခြားသူများမှာလည်း တစ်စုံတစ်ခုကို သတိထားမိသွားကြသည့် ပုံပင်။ သို့သော် သူတို့မှာ အမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်ကြသောကြောင့် အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ပေါ်လာသည်ကို ဂရုစိုက်နေကြမည်မဟုတ်ပေ။ ရင်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေသည့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ အကြီးအကဲကြီးတစ်ယောက်မှာ ရှည်ရှည်ဝေးဝေး တွေးတောမနေတော့ဘဲ သူ၏ ညာဘက်လက်ကိုမြှောက်၍ အပေါက်ဝဆီသို့ တိုက်ကွက်တစ်ကွက် ထုတ်လွှတ်လိုက်၏။

ထိုအခါ လေထဲတွင် ဧရာမ လက်ဖဝါးကြီးတစ်ခု ပေါ်ပေါက်လာပြီး အပေါက်ဝဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားတော့သည်။ ၎င်းမှာ အတင့်ရဲလွန်းလှသော ကျူးကျော်ဝင်ရောက်သူအား အပြင်းအထန် ရိုက်နှက်ပစ်တော့မည့်ပုံပင်။

ထို ဧရာမ လက်ဝါးကြီး ပေါ်ပေါက်လာပြီး အပေါက်ဝဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားချိန်တွင် သူတို့၏ ဂိုဏ်းချုပ်ကြီးကို ဆင့်ခေါ်ခဲ့သော ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အကြီးအကဲကြီး သုံးယောက်မှာ တစ်စုံတစ်ခုကို အာရုံခံမိလိုက်ကြသည့်ပုံပင်။ သူတို့မှာ တစ်ခုခုကို ရိပ်မိသွားကြသည့်ပုံ ပေါက်သွားပြီး သူတို့၏ မျက်နှာများပေါ်တွင် စိုးထိတ်မှုများဖြင့် ဖုံးလွှမ်းသွားတော့သည်။ သူတို့မှာ စကားပြောရန် ပြင်လိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။

သူတို့မှာ အပေါက်ဝထဲမှ အရိပ် ခုနစ်ခုရှစ်ခုခန့် ပြေးထွက်လာပြီး ရှေ့သို့ပြေးထွက်သွားသော ဧရာမလက်ဝါးကြီးနှင့် ဝင်တိုက်သွားကြသည်ကို ရပ်ကြည့်နေလိုက်ရတော့သည်။ အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ ထို့နောက် ပေါက်ကွဲသံကြီးတစ်သံ ထွက်ပေါ်လာပြီး ထို အရိပ်ခုနစ်ခုရှစ်ခုမှာ တစ်စစီ ကြေမွပျက်စီးသွားကြ၏။ ၎င်းတို့ ပျက်စီးသွားကြသောအခါ ၎င်းတို့ သယ်ဆောင်လာကြသော လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့များမှာလည်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားကြတော့သည်။

မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံများမှာ လိုဏ်ဂူကြီးထဲတွင် ပဲ့တင်ထပ်သွားပြီး မြူခိုးများ အလိပ်လိုက် ထွက်ပေါ်လာကြ၏။ ထိုမြူခိုးများမှာ အဘက်ဘက်သို့ ပျံ့နှံ့သွားပြီး ထိုနေရာကြီးတစ်ခုလုံးကို ချက်ချင်းပင် လွှမ်းခြုံသွားတော့သည်။

ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ အကြီးအကဲကြီး ငါးယောက်မှာ ထိုပေါက်ကွဲမှုဒဏ်ကို ပထမဆုံး ခံစားလိုက်ရ၏။ မြူခိုးများမှာ သူတို့အား ချက်ချင်းပင် ဖုံးလွှမ်းသွားကြသည်။ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အကြီးအကဲသုံးယောက်မှာလည်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြသည့်တိုင်အောင် ခြေတစ်လှမ်းစာ နောက်ကျသွားပြီဖြစ်သည်။ လျှပ်တစ်ပြက်အတွင်း မြူခိုးများမှာ သူတို့အား ဖုံးလွှမ်းသွားကြ၏။

ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးဖြစ်သည့် အမြုတေအဆင့် အထွတ်အထိပ်ကို ရောက်နေသော ကြက်သွေးရောင်ဝတ်ရုံနှင့် လူငယ်လေးပင်လျှင် ပထမဆုံးအကြိမ်အဖြစ် ထိပ်လန့်တုန်လှုပ်သွားရ၏။ သူသည် အမြန်ဆုံးသော အရှိန်ဖြင့် နောက်သို့ဆုတ်ခွာရန် ကြိုးစားလိုက်၏။ ထို့အပြင် သူသည် သူ၏လက်ထဲတွင်ရှိနေသော နဝမအဆင့် ဓမ္မလက်နက်ကိုပါ ကိုင်မြှောက်၍ ထိုမြူခိုးများကို အလယ်မှပိုင်းဖြတ်နိုင်ရန် ကြိုးစားကြည့်လိုက်သေးသည်။ သို့သော် ထို ဓမ္မလက်နက်မှာ မည်မျှပင် အစွမ်းထက်နေစေကာမူ မြူခိုးများမှာ ငွေ့ရည်များ ဖြစ်ကြပြီး ပုံသဏ္ဍာန်အမျိုးမျိုးပြောင်းလဲနိုင်စွမ်း ရှိကြသည်ဖြစ်သလို မည်သည့်အရာကိုမဆို တည်နေရာပြောင်းရွှေ့ပစ်နိုင်စွမ်းလည်း ရှိနေသည် မဟုတ်ပါလော။

ရာပေါင်းများစွာသော လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့များ၏ ပေါက်ကွဲမှုမှာ ပေါ့သေးသေးစွမ်းအားတစ်ခု မဟုတ်ပေ။

ထို ပုတီးစေ့များထဲတွင် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးများ ထူထဲသိပ်သည်းစွာ ကိန်းအောင်းနေကြသည်ဖြစ်သည်။ လိုဏ်ဂူကြီးထဲတွင် ရှိနေမည်ဆိုပါက တည်နေရာ ပြောင်းရွှေ့နိုင်စွမ်းရှိသော ယွမ်ယင်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်လျှင် ချောင်ပိတ်သွားမည်သာဖြစ်ပြီး အခြားမည်သည့်နေရာကိုမှ သွားနိုင်တော့မည်မဟုတ်ပေ။

မျက်စိတစ်မှိတ်အတွင်း လိုဏ်ဂူကြီး တစ်ခုလုံးထဲ၌ လှိုင်းများကဲ့သို့ တလိပ်လိပ်ထနေသော မြူခိုးများဖြင့် ပြည့်နှက်သွားတော့သည်။ ၎င်းတို့မှာ ထိုနေရာကြီးတစ်ခုလုံးကို ဖုံးလွှမ်းသွား၏။ ထိုမြူခိုးများမှာ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးကိုဖြစ်စေ၊ အနက်ရောင်ဝတ်ရုံနှင့်လူကြီးကိုဖြစ်စေ၊ အခြားမည်သူ့ကိုမဆိုဖြစ်စေ လွှမ်းခြုံသွားပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ကိုယ်ကျိုးအတွက် အသုံးပြုနိုင်ရန် ပြုပြင်မွမ်းမံထားခဲ့သော မြူခိုးများမှာ စတင်ထွက်ပေါ်လာသည့် မူရင်းဇစ်မြစ်မရှိပေ။ ထို့ကြောင့် ၎င်းတို့မှာ အလျင်အမြန် ထွက်ပေါ်လာပြီးနောက် အလျင်အမြန် ပြန်၍ လွင့်စင်ပျောက်ကွယ်သွားကြသည်။ ထိုမြူခိုးများအားလုံး လွင့်စင်ပျောက်ကွယ်သွားပြီးနောက် လိုဏ်ဂူကြီးထဲတွင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ အမြုတေအဆင့် ကျင့်ကြံသူများဖြစ်စေ၊ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အကြီးအကဲများဖြစ်စေ၊ သို့မဟုတ် သူတို့၏ ဂိုဏ်းချုပ်ကြီးပင်ဖြစ်စေ အစအနပင် မကျန်ခဲ့တော့ပေ။

သူတို့အားလုံးမှာ ထိုမြူခိုးများကို အံတုနိုင်စွမ်း မရှိကြသဖြင့် တစ်ယောက်မကျန် တည်နေရာပြောင်းရွှေ့ခံလိုက်ရ၏။

သစ်ပင်ကြီးနှင့် ၎င်းပေါ်မှ တွဲလောင်းကျနေသော ဧရာမသစ်သီးကြီးတစ်လုံးအပြင် ကြက်သေသေနေသော အနက်ရောင်ဝတ်ရုံနှင့်လူကြီးတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေ၏။ မကြာသေးခင်ကပင် သူတို့အားလုံးမှာ မိမိတို့၏ ကိုယ်ကျိုးများအတွက် တစ်ယောက်နှင့်တစ်ယောက် အချင်းပွားနေခဲ့ကြပါသည် မဟုတ်ပါလော။ အမှားအယွင်းတစ်ခု လုပ်မိလိုက်ရုံမျှဖြင့် အသေအကြေ တိုက်ခိုက်ကြမည့် အခြေအနေသို့ ရောက်နေခဲ့သည်လည်း ဖြစ်သည်။ သို့သော် လျှပ်တစ်ပြက်အတွင်း သူနှင့်အတူ သစ်သီးကြီးကို လုယူနေခဲ့သော လူများအားလုံး ပျောက်ကွယ်သွားကြပြီဖြစ်သည်။

” လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးတွေပါလား ”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ဆွံ့အသွားပြီး လိုဏ်ဂူကြီး၏ အဝဆီသို့ လှမ်းကြည့်လိုက်၏။ ထိုအခါ ဝမ်ပေါင်လဲ့မှာ တည်ကြည်မှုအပြည့်ရှိသော မျက်နှာအမူအရာဖြင့် လိုဏ်ဂူထဲသို့ ဝင်လာ၏။

ဧရာမသစ်ပင်ကြီးမှာ မြူခိုးများ၏ တည်နေရာပြောင်းရွှေ့ခြင်းကို မခံလိုက်ရသောကြောင့် ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။ သို့သော် သူသည် အလွန်အမင်း အံ့အားသင့်နေခြင်းတော့မရှိပေ။ ထိုမြူခိုးများမှာ အပြင်လူများ အပေါ်တွင်သာ အကျိုးသက်ရောက်မှုရှိသည် မဟုတ်ပါလော။ ဧရာမသစ်ပင်ကြီးကိုမူ လမင်းကြီး၏ ဒေသခံတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပေသည်။

” ဝမ်ပေါင်လဲ့…. ”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ဝမ်ပေါင်လဲ့အား စိုက်ကြည့်လိုက်ပြီးနောက် မျက်လုံးများ မှေးလိုက်၏။ ထို့နောက် သူသည် စတင်ရယ်မောလိုက်တော့သည်။ သူ၏ရယ်မောသံထဲတွင် ရူးသွပ်မှုများအပြင် သူ တစ်ခါမှ မခံစားခဲ့ဖူးသော စိတ်လှုပ်ရှားမှု အရိပ်အယောင်များပါ ကိန်းအောင်းနေ၏။ သူသည် လက်ရှိတွင် သူ၏ နှလုံးသားထဲ၌ ခံစားနေရသော စိတ်လှုပ်ရှားမှုများကို စကားလုံးများနှင့်ပင် ဖော်ပြနိုင်စွမ်း မရှိတော့ပေ။ နောက်ဆုံးတွင် သူသည် သူ၏ညာဘက်လက်ကို မြှောက်၍ တိုက်ကွက်တစ်ကွက်တည်းဖြင့် ဝမ်ပေါင်လဲ့အား ချေမှုန်းပစ်ရန် ပြင်လိုက်တော့သည်။

သူသည် ဝမ်ပေါင်လဲ့ သေသေရှင်ရှင် ဂရုစိုက်မည်မဟုတ်ပေ။ သို့သော် သူသည် ကျေးဇူးဆပ်လိုသောကြောင့် သူ့အား နောက်ဘဝသို့ ပို့ပေးရန် ဆန္ဒပြင်းပြနေ၏။

ဝမ်ပေါင်လဲ့မှာမူ အနက်ရောင်ဝတ်ရုံနှင့်လူကြီး လက်မြှောက်လိုက်သည်ကို မြင်လိုက်ရပါသော်လည်း အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ တည်ကြည်စွာဆိုလိုက်၏။
” နိုးထစေ ”

ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီး သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသော အစိမ်းရောင်ကြာပွင့်ကို လှုပ်နှိုးလိုက်၏။ ထိုအခါ မြေပြင်ကြီးအောက်မှ ဟိန်းဟောက်သံကြီးတစ်သံ ချက်ချင်းဆိုသလို ပေါ်ထွက်လာ၏။ ၎င်းမှာ ဟောက်သံကြီးထက်ပင် ပို၍ကျယ်လောက်နေပြီး ကောင်းကင်ကြီးနှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေ၏။ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာတစ်ခုလုံးမှာလည်း အပြင်းအထန် တုန်ရီသွားရသည်။ အပြင်ဘက်မှ လူများပင်လျှင် ထိုအသံကြီးကို ရှင်းလင်းပြတ်သားစွာ ကြားလိုက်ရသောကြောင့် လူပေါင်းများစွာ လိပ်ပြာလွင့်လုမတတ် တုန်လှုပ်ချောက်ချားသွားကြတော့သည်။

တချိန်တည်းမှာပင် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာလည်း လ၏ အလင်းဘက်ခြမ်းတွင်ရှိသော မြေနိမ့်ပိုင်းတစ်ခုဆီသို့ တည်နေရာ ပြောင်းရွှေ့ခံလိုက်ရ၏။ ထို ကြက်သွေးရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ ပြန်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်တော့သည်။

” တောက်ကွာ။ ဘာဖြစ်သွားတာလဲဟ ”
သူသည် ဒေါသအမျက်ချောင်းချောင်း ထွက်နေရပြီဖြစ်သည်။ သူသည် ယခုချက်ချင်း ထိုနေရာသို့ ပြန်၍ပြေးသွားလိုက်မည်ဆိုလျှင်တောင် နောက်ကျသွားပြီဖြစ်ကြောင်း သိလိုက်၏။ သူသည် အစီအစဉ်မျိုးစုံချ၍ ပြင်ဆင်မှုမြောက်မြားစွာ ပြုလုပ်ခဲ့ရသည်ဖြစ်ပြီး ပြည်ထောင်စုကြီးထံမှ ဖိအားများကိုပင် တောင့်ခံကာ ပုန်ကန်မှုတစ်ခုဟု သတ်မှတ်နိုင်သော ပြစ်မှုကြီးတစ်ခုကိုပင် ကျူးလွန်ခဲ့သည်မဟုတ်ပါလော။ ထို့အပြင် သူသည် ဧရာမသစ်ပင်ကြီးကို ဖြစ်ကြောင်းကုန်စင် ရှင်းပြကာ ထိုသစ်သီးအား ခွဲယူရန် နားချခဲ့ရသေးသည်။

ထိုသစ်သီးမှာ သူ၏မျက်စိရှေ့တွင် ရှိနေခဲ့ပါသော်လည်း မြူခိုးများပေါ်လာပြီးနောက် အရာအားလုံးကို ဆုံးရှုံးလိုက်ရပြီဖြစ်သည်။

ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ ဤကိစ္စရပ်ကြီးတစ်ခုလုံးကို ဆောင်ရွက်နိုင်ရန်အတွက် သူ ပေးဆပ်စွန့်လွှတ်ခဲ့ရသည့် အရာများနှင့် အနာဂတ်တွင် ထပ်၍ ပေးဆပ်ရမည့် အရာများကို တွေးမိလိုက်တော့အခါ ယမ်းပုံမီးကျ ဒေါသထွက်ကာ ရူးသွပ်လုမတတ် ဖြစ်သွားရတော့သည်။ သူသည် သူ၏ ဓမ္မလက်နက်ကို ဖျက်စီးကာ ညနတ်ဆိုးဧကရာဇ်ကြီးကို နိုးထလာအောင် လုပ်ရန်ပင် တွေးမိလိုက်၏။ သူသည် သူ လိုချင်သောအရာကို မရနိုင်တော့သောကြောင့် အခြားသူများကိုလည်း စိတ်ကူးခွင့်ပင် မပေးနိုင်ပေ။

သူသည် သူ၏ ဓမ္မလက်နက်ကြီးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပါသော်လည်း ၎င်းအား မဖျက်ဆီးနိုင်ပေ။ ၎င်းအား ဖျက်ဆီးနိုင်စွမ်း မရှိသောကြောင့် မဟုတ်ဘဲ ကြောက်ရွံ့နေရသောကြောင့်သာ ဖြစ်သည်။

အကယ်၍ သူသာ ထိုသစ်သီးကို ရရှိခဲ့မည်ဆိုပါက ညနတ်ဆိုးဧကရာဇ်ကြီးကို နိုးထလာအောင် လုပ်မိလျှင်လည်း ကိစ္စမရှိပေ။ သူ ယွမ်ယင်အဆင့်သို့ ရောက်ရှိသွားလျှင် မည်သည့်ပြဿနာကိုမဆို ဖြေရှင်းနိုင်စွမ်း ရှိသွားမည်သာ ဖြစ်သည်။ ထို့အပြင် သူသည် ပြည်ထောင်စုကြီး၏ လက်ရှိအခြေအနေများကိုပင် ပြောင်းလဲပစ်နိုင်စွမ်း ရှိသွားမည်ဖြစ်သည်။

သို့သော် ယခုတွင်မူ သူသည် ထိုသစ်သီးကို ပိုင်ဆိုင်နိုင်တော့မည်မဟုတ်ပေ။ ထို့ကြောင့် သူ အခြားမည်သည့်အရာမှ ထပ်မလုပ်တော့ဘဲ ထွက်ခွာလာမည်ဆိုပါက သူ၏ ဂိုဏ်းကို ကယ်တင်နိုင်ခြေ ရှိသေးသည်။ ဆည်းဆာကြယ်စင်စုဂိုဏ်းမှာ မလွဲမသွေ အပြစ်ပေးခံရမည် ဖြစ်ပါသော်လည်း ၎င်းမှာ ပေါ့လျော့သော ပြစ်ဒဏ်တစ်ခုသာ ဖြစ်နေမည် ဖြစ်သည်။ သို့သော် သူသည် ပြစ်မှုများထပ်မံကျူးလွန်ပြီး ညနတ်ဆိုးဧကရာဇ်ကြီးကို နိုးထလာအောင် လုပ်လိုက်မည်ဆိုပါက ထိုသစ်သီးကို ဆုံးရှုံးလိုက်ရရုံသာမက ပြည်ထောင်စုကြီးထဲရှိ လူတိုင်း သူ့အား ရန်သူတစ်ယောက်အဖြစ် သတ်မှတ်လိုက်ကြမည်သာဖြစ်သည်။ ထိုသို့ဆိုလျှင် ပေါ့လျော့သော ပြစ်ဒဏ်တစ်ခုလောက်နှင့် ပြီးသွားမည်မဟုတ်ပေ။ သူ၏ ဂိုဏ်းတစ်ခုလုံးကိုပင် ပေးဆပ်ရနိုင်ပေသည်။ ပြည်ထောင်စုကြီး တစ်ခုလုံးထဲရှိ အခြားနိုင်ငံရေးအင်အားစုအားလုံးမှာ သူတို့အား အပြင်းအထန် ဝိုင်းဝန်းနှိပ်ကွပ်ကြမည်သာ ဖြစ်သည်။

သူ၏ နှလုံးသားထဲရှိ ခိုကိုးရာမဲ့နေသလို ဖြစ်နေသော ခံစားချက်များ၊ ကြောက်ရွံ့မှုများနှင့် အမျက်ဒေါသများကြောင့် သူ၏ မျက်လုံးများမှာ ရဲရဲနီနေ၏။ ထို့ကြောင့် သူသည် အံကြိတ်ကာ နောက်သို့ချာခနဲလှည့်သွားပြီး စိတ်ထဲတွင် အော်ဟစ်ညည်းတွားရင်း အဝေးသို့ပြေးထွက်သွားတော့သည်။

” ဒီလောက်အထိ လုပ်ရလောက်အောင် အတင့်ရဲနေတဲ့ကောင်က ဘယ်ကောင်လဲဆိုတာကို ငါ တွေ့အောင်ရှာမှ ဖြစ်မယ်။ ဒီလောက် အရေးကြီးတဲ့ အချိန်မှာမှ ငါ့ရဲ့ ယွမ်ယင်အဆင့်ကို တက်လှမ်းနိုင်မယ့် လမ်းစဉ်ကို ဖျက်ဆီးရလောက်အောင် သူက ငါ့အပေါ် ဘယ်လိုအငြိုးအတေးတွေများ ရှိနေတာပါလိမ့် “

Comment

Leave a Reply

Options

not work with dark mode
Reset