ထိုကဲ့သို့ နိုင်ငံရေးအင်အားစုအသီးသီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ မျက်နှာချင်းဆိုင်နေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာ လိုဏ်ခေါင်းထဲ၌ ပုန်းနေရင်း သူ၏ သူငယ်အိမ်များမှာ ရုတ်တရက်ဆိုသလို ကျဉ်းမြောင်းသွားရ၏။ သူသည် အခြေတည်အဆင့်သို့ ရောက်ရှိခဲ့ပြီးနောက် သူ့ ခြင်များ၏ ဒဏ်ခံနိုင်စွမ်းမှာ သိသိသာသာပို၍ တိုးတက်လာခဲ့သည်။ ၎င်းတို့မှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နှင့် မယှဉ်နိုင်သေးပါသော်လည်း အကြည့်တစ်ချက်လောက်နှင့် ဖျက်ဆီးချေမှုန်းပစ်နိုင်သော ပါမွှားလေးများတော့ မဟုတ်ကြပေ။
သို့သော် ကြက်သွေးရောင်ဝတ်ရုံများ ဆင်မြန်းထားသည့် လူငယ်လေးမှာ တစ်ချက်မျှ ကြည့်လိုက်ရုံမျှဖြင့် သူ၏ ခြင်ကိုးကောင်စလုံးမှာ ချက်ချင်းဆိုသလိုပင် တစ်စစီ ကြေမွပျက်စီးသွားရသည် မဟုတ်ပါလော။ ထို့ကြောင့် ထိုလူငယ်လေး၏စွမ်းအားမှာ ကြောက်ခမန်းလိလိ အဆင့်တစ်ခုသို့ ရောက်နေပြီဖြစ်ကြောင်း သိနိုင်ပေသည်။
” ဆည်းဆာကြယ်စင်စုဂိုဏ်းရဲ့ ဂိုဏ်းချုပ်…. ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး မျက်မှောင်ကြုတ်လိုက်၏။ သူသည် ခပ်လှမ်းလှမ်း၌သာနေ၍ လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့များကို လက်တစ်ဆုပ်စာ ထုတ်ယူလိုက်သည်။ သူသည် လက်ဗလာနှင့် ထွက်ခွာသွားရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် သူ၏ ခြင်ကိုးကောင်ကို ထပ်၍ ထုတ်လွှတ်လိုက်ပြီး ၎င်းတို့အား ရှေ့သို့ ပျံသန်းသွားစေလိုက်၏။
လိုဏ်ဂူကြီးထဲတွင်မူ ဆည်းဆာကြယ်စင်စု ဂိုဏ်းချုပ်ကြီး၏ ထူးဆန်းစွာ ရောက်ရှိလာမှု၊ ထိုနေရာတစ်ခုလုံးကို လွှမ်းခြုံထားသည့် သူ၏ ဖိနှိပ်အားပြင်းသော အငွေ့အသက်များ၊ သူ၏ စူးရှရှ မျက်ဝန်းများနှင့် ဩဇာအာဏာပြည့်ဝသော စကားသံများကြောင့် အခြေအနေအားလုံးမှာ ပြောင်းလဲသွားပြီဖြစ်သည်။ သူ ရောက်မလာခင်တုန်းက ကြုံနေရသည့် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေအကြီးမှာလည်း ပျက်ပြားသွားရပြီဖြစ်သည်။
မဟာမိတ်ဖွဲ့ထားကြသည့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့တွင် အမြုတေအဆင့် ကျင့်ကြံသူ ခုနစ်ယောက်တိတိ ရှိသည်။ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာ အမြုတေအဆင့် အထွတ်အထိပ်တွင် ရှိနေသည်ဖြစ်ရာ သူတစ်ယောက်တည်းနှင့် အခြေအနေအားလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း ရှိနေသည်။
ထို့ကြောင့် အင်အားချိန်ခွင်မှာ ပြိုလဲပျက်စီးစပြုနေပြီ ဖြစ်သည်။ ထိုကဲ့သို့ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးက စူးရှသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေပြီး အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေစဉ် အနက်ရောင်ဝတ်ရုံနှင့်လူကြီးနှင့် ဧရာမ သန္ဓေပြောင်းသစ်ပင်ကြီးတို့မှာ ရုတ်တရက်ဆိုသလို ရယ်မောလိုက်ကြ၏။
ထို ဧရာမသစ်ပင်ကြီးနှင့် အနက်ရောင်ဝတ်ရုံနှင့်လူကြီးတို့ နှစ်ယောက်စလုံးမှာ ပြုံးနေကြ၏။ သို့သော် သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုလျှင် အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ စပြုံးလိုက်ခြင်းဖြစ်ကြောင်း သိနိုင်ပေသည်။ ဧရာမသစ်ပင်ကြီးမှာမူ သူပြုံးပြီးမှ လိုက်ပြုံးခဲ့ခြင်းဖြစ်သည်။
အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ခေါင်းယမ်းကာ သက်ပြင်းချလိုက်၏။ သူ၏အပြုံးမှာလည်း ပို၍ အသက်ဝင်လာ၏။
” ငါက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနဲ့ ဆည်းဆာကြယ်စင်စုဂိုဏ်းတို့ရဲ့ ဝှက်ဖဲက ဘာလဲဆိုတာကိုသိရဖို့ ကြိုးစားနေခဲ့တာ။ ဆည်းဆာကြယ်စင်စုဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကြီးကိုယ်တိုင် ရောက်လာလိမ့်မယ်လို့ မထင်မိခဲ့ဘူး။ အချီကြီး ပွတာပဲဟေ့ ”
” ဒါက ငါတို့ကို မွေးပေးထားတဲ့ သစ်ပင်ကြီးကွ။ လမင်းကြီးကို … ငါတို့ရဲ့ အိမ်လို့တောင် သတ်မှတ်လို့ရတယ်။ အဲဒီတော့ ငါတို့ဆီမှာ မင်းတို့လို အပြင်လူတွေဆီကနေ ကိုယ့်ကိုယ်ကို ကာကွယ်နိုင်မယ့် နည်းလမ်းတွေ မရှိပဲ နေပါ့မလားကွ ”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ ညာခြေထောက်ကို မြှောက်၍ မြေကြီးပေါ်သို့ ရုတ်တရက်ဆိုသလို ဆောင့်ချလိုက်၏။ ထိုအခါ အခြားသူများမှာ မျက်မှောင်ကြုတ်သွားကြတော့သည်။ ထိုအချိန်တွင် ထိုသစ်သီး တွဲလောင်းကျနေသော သစ်ကိုင်းထဲမှ မျက်နှာတစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။
ထိုမျက်နှာကြီး ပေါ်လာသောအခါ ၎င်း၏ အခြားခန္ဓာကိုယ် အစိတ်အပိုင်းများမှာလည်း အံ့ဩမှင်တက်ဖွယ်ကောင်းသော အမြန်နှုန်းမျိုးဖြင့် စတင်ပေါ်ပေါက်လာကြ၏။ ထို့နောက် မျက်စိတစ်မှိတ်အတွင်း လူတစ်ယောက် ထိုသစ်ပင်ထဲမှ အပြင်သို့ ထွက်လာ၏။
သူသည် လူငယ်တစ်ယောက်၏ ပုံပန်းသွင်ပြင်များကို ပိုင်ဆိုင်ထားပြီး သူ၏မျက်လုံးများမှာ အေးစက်စက်နှင့် ဂရုဏာစိတ်ကင်းမဲ့နေ၏။ သူ ထိုသစ်ကိုင်းထဲမှ ထွက်လာသောအခါ သူ၏ ခန္ဓာကိုယ်ထဲမှ အမြုတေအဆင့်ရှိသော ကျင့်ကြံခြင်းစွမ်းအားတစ်မျိုး ထွက်ပေါ်လာ၏။ သူ၏ ဝိညာဉ်ချီမှာမူ အနက်ရောင်ဝတ်ရုံနှင့်လူကြီးနှင့် ဧရာမ သန္ဓေပြောင်းသစ်ပင်ကြီးတို့၏ အငွေ့အသက်နှင့် ဆင်တူနေသည်။
သူ၏ ပေါ်ပေါက်လာမှုကြောင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ကျင့်ကြံသူများမှာ မှင်တက်သွားကြတော့သည်။ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးမှာမူ မျက်လုံးများမှေးသွားပြီး မျက်နှာအမူအရာ တည်ကြည်သွား၏။ ထို့နောက် သူသည် တစ်စုံတစ်ခုကို ရိပ်မိသွားသည့် ပုံစံဖြင့် မျက်နှာပျက်သွားတော့သည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့ ထုတ်လွှတ်ခဲ့သော ဒုတိယမြောက် ခြင်ကိုးကောင်မှာ လိုဏ်ဂူကြီး၏ အလယ်သို့ ရောက်ရှိနေပြီဖြစ်သည်။ ထို သစ်ကိုင်းထဲမှ ထွက်လာသောလူကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ တုန်လှုပ်ချောက်ချားသွားရတော့သည်။ သူ၏ မျက်ဝန်းများထဲတွင်လည်း မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော အရိပ်အယောင်များဖြင့် ပြည့်နှက်သွား၏။
” ဟွမ်ရှန်းပါလား ”
ထိုသစ်ကိုင်းထဲမှ ထွက်လာခဲ့သူမှာ လမင်းကြီးပေါ်ရှိ လျှို့ဝှက်ဆန်းကြယ် အမြဲစိမ်းသစ်ပင်ကြီး၏ တတိယမြောက်သားဖြစ်နေ၏။ သူ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲသို့ ရောက်ရောက်ချင်းမှာပင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့က အခြား ဧရာမသစ်ပင်ကြီးနှစ်ပင်နှင့် ပူးပေါင်းကာ သူ့အား ချေမှုန်းခဲ့သည်။
သို့သော် သူသည် အသက်မသေသေးပေ။
ဟွမ်ရှန်း ထွက်လာသည်နှင့် တစ်ပြိုင်နက် အခြား ဧရာမသစ်ပင်ကြီးမှာ အနက်ရောင်ဝတ်ရုံနှင့်လူကြီးဆီသို့ ချက်ချင်းပင် ပြေးသွားလိုက်သည်။ ထို့နောက် သူတို့သုံးယောက်မှာ ချက်ချင်းပင် တစ်ယောက်နှင့်တစ်ယောက် ပေါင်းစည်းလိုက်ကြ၏။ သေသေချာချာ ကြည့်ရှုလိုက်မည်ဆိုပါက ဟွမ်ရှန်းနှင့် အခြားဧရာမသစ်ပင်ကြီးတို့မှာ သူတို့ကိုယ်သူတို့ အနက်ရောင်ဝတ်ရုံနှင့်လူကြီး၏ ခန္ဓာကိုယ်နှင့် ပေါင်းစည်းနေခြင်းဖြစ်ကြောင်း မြင်နိုင်ပေသည်။
ထိုမြင်ကွင်းကြောင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အကြီးအကဲများမှာ ချက်ချင်းဆိုသလိုပင် အထိတ်တလန့်ဖြစ်သွားကြတော့သည်။ သူတို့မှာ တားဆီးရန် အလို့ငှာ လှုပ်ရှားရန် ပြင်လိုက်ကြပါသော်လည်း မျက်နှာအမူအရာတည်ကြည်နေသော ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက သူတို့အား လှမ်းတားလိုက်၏။
” သူက မင်းတို့ကို မျှားခေါ်နေတာ ”
ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက ထိုကဲ့သို့ဆိုလိုက်သောအခါ အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ပြုံးလိုက်၏။ ထို့နောက် အစပိုင်းတုန်းက နှေးကွေးနေသည်ဟု ထင်ရသော သူတို့၏ ပေါင်းစည်းမှုကြီးမှာ ရုတ်တရက်ဆိုသလို အရှိန်ထိုးတက်သွားပြီး အသက်ရှူကြိမ် တစ်ကြိမ်အတွင်း ချက်ချင်းဆိုသလိုပင် ပြီးဆုံးသွားတော့သည်။ ဧရာမသစ်ပင်ကြီးနှင့် ဟွမ်ရှန်းတို့မှာ ပျောက်ကွယ်သွားပြီး အနက်ရောင်ဝတ်ရုံနှင့်လူကြီးတစ်ယောက်သာလျှင် ကျန်ရစ်ခဲ့တော့သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ထဲမှ အငွေ့အသက်တစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာ၏။
အမြုတေအဆင့် အထွတ်အထိပ်ရှိသော အင်အားလှိုင်းများ အပြင်ဘက်သို့ အရှိန်အဟုန် အပြည့်ဖြင့် ထိုးထွက်လာပြီး ကောင်းကင်ကြီးပေါ်သို့ မြင့်တက်သွားကြ၏။ ၎င်း၏ စွမ်းအားမှာ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီး၏ စွမ်းအားနှင့်ပင် ယှဉ်နိုင်စွမ်း ရှိပေသည်။
အကယ်၍ လူသားကျင့်ကြံသူများသာ စောစောတုန်းက အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏အနားသို့ ချဉ်းကပ်သွားပြီး သူ့အား တားဆီးနိုင်ရန် ကြိုးပမ်းလိုက်ကြမည်ဆိုပါက အငိုက်မိသွားကြမည်သာဖြစ်ပြီး သူတို့ထဲမှ အချို့မှာ သတ်ဖြတ်ခံလိုက်ရမည်သာဖြစ်သည်။ ထို အနက်ရောင်ဝတ်ရုံနှင့် လူကြီး၏ ပေါင်းစည်းမှုမှာ ပြီးဆုံးအောင်မြင်သွားပြီဖြစ်ကြောင်း အတိအလင်း သိနိုင်ပေသည်။ သူသည် စောစောတုန်းက သူတို့အား မျှားခေါ်နိုင်ရန်အတွက် ဟန်ဆောင်နေခဲ့ခြင်းဖြစ်သည်။
” ငါးတစ်ကောင်မှ မမိလိုက်တာ နှမြောစရာပဲ ”
အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ သူ၏ပုခုံးများကို ခါယမ်းကာ အကြောလျှော့လိုက်၏။ သူသည် ထိုသို့ညည်းတွားလိုက်ပြီး ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးအား လှည့်ကြည့်လိုက်သည်။ ထိုဂိုဏ်းချုပ်ကြီး၏ မျက်နှာအမူအရာမှာမူ ရှုံ့မဲ့နေပြီဖြစ်သည်။
” မင်းတို့တွေဆီမှာ ဝှက်ဖဲတစ်ချပ်ချပ် ရှိနေလောက်တယ်လို့ လူတစ်ယောက်က ငါ့ကို ပြောခဲ့တာ။ ငါလည်း သူ့အပေါ် သံသယ လုံးဝမရှိဘူး။ အဲဒါကြောင့် ငါလည်း ကြိုတင်ပြင်ဆင်မှုတစ်ခုကို လုပ်ခဲ့ရတာပဲ။ ငါက အစကတည်းက မင်းတို့တွေကို သတင်းအမှားနှစ်ခု ပေးခဲ့တာလေ ”
” ပထမဆုံးသတင်းအမှားက လမင်းကြီးရဲ့ သားစဉ်မြေးဆက်သုံးယောက်က ကမ္ဘာပေါ်မှာ ကြီးပြင်းလာခဲ့တယ်ဆိုတဲ့ အချက်ပဲ။ အဲ့အချက်က မှန်လည်းမှန်သလို မှားလည်းမှားတယ်။ သူတို့တွေ အဲဒီလို ကြီးပြင်းလာခဲ့တယ်ဆိုတဲ့ အချက်ကတော့ မှန်ပါတယ်။ မမှန်တဲ့ အချက်က ငါ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲကို ရောက်မလာခဲ့ခင်ကတည်းက တခြား သစ်ပင်နှစ်ပင်ကို စုပ်ယူထားပြီးသားဖြစ်နေတာပဲ။ ငါက သူတို့တွေရဲ့ မှတ်ဉာဏ်တွေနဲ့ အာရုံခံနိုင်စွမ်းတွေကို စုပ်ယူခဲ့တာမလို့ ငါက အဓိက ဦးဆောင်တဲ့လူဖြစ်လာပြီးတော့ သူတို့တွေက ငါ့ရဲ့ ကိုယ်စားပြု ပုံစံတူတွေ ဖြစ်လာခဲ့တဲ့ အချက်ပဲ ”
အနက်ရောင်ဝတ်ရုံနှင့်လူကြီးမှာ ပြုံး၍ ရှင်းပြလိုက်၏။ သူသည် စကားဆက်ပြောရန် ပြင်လိုက်စဉ်မှာပင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ နှာမှုတ်လိုက်ပြီး ကြားဖြတ်ဝင်ပြောလိုက်၏။
” မင်း ဘာမှထပ်ပြောနေစရာ မလိုတော့ပါဘူး။ မင်းပြောတဲ့ ဒုတိမြောက်လိမ်ဆင်ကြီးက မင်းရဲ့ ပုံစံတူ သေသွားတာကို ငါတို့ကိုမြင်အောင် ပြလိုက်တာပဲမလား။ သူ သေသွားတော့ ငါတို့တွေက အဲဒီ ပုံစံတူက တခြားဘယ်သူနဲ့မှ မဟာမိတ်မဖွဲ့ဘဲ သူတစ်ယောက်တည်း လပေါ်မှာ ခရီးသွားနေတယ်လို့ အထင်လွဲသွားကြတာပဲ ”
” မင်းရဲ့ ဒီပုံစံတူက ပြည်ထောင်စုကြီးနဲ့ တွဲပြီးတော့ အလုပ်လုပ်နေတာပဲ ဖြစ်ရမယ်။ တာအိုကျောင်းကြီး လေးကျောင်းနဲ့ ပူးပေါင်းထားလား၊ အဖွဲ့ဝင် ဆယ့်ခုနစ်ယောက်ပါတဲ့ လွှတ်တော်နဲ့ ပူးပေါင်းထားတာလား။ နှစ်ခုစလုံးက မဖြစ်နိုင်ဘူး။ အဲဒီတော့ မင်းက လက်ရှိ ပြည်ထောင်စုဥက္ကဋ္ဌကြီးနဲ့ ပူးပေါင်းထားတာပဲ ဖြစ်ရမယ် ”
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ တည်ကြည်လေးနက်မှု အပြည့်ရှိသောလေသံဖြင့် ဆိုလိုက်၏။
ထိုအခါ အနက်ရောင်ဝတ်ရုံနှင့်လူကြီး၏ သူငယ်အိမ်များမှာ အနည်းငယ်ခန့် ကျဉ်းမြောင်းသွားရတော့သည်။ သူသည် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးက သူ၏ လိမ်ဆင်ကြီးအား ချက်ချင်းဖော်နိုင်လိုက်သည်ကို အံ့အားသင့်နေခြင်း မရှိပေ။ လက်ရှိတွင် သူတို့အားလုံးမှာ သူတို့၏ ဝှက်ဖဲအားလုံးနီးပါးကို ထုတ်သုံးထားပြီးသား အခြေအနေသို့ ရောက်နေကြပြီ မဟုတ်ပါလော။ ထို့ကြောင့် ယခုအချိန်အထိ ဖြစ်ကြောင်းကုန်စင်ကို မခန့်မှန်းနိုင်သေးလျှင် အရှက်ရစရာ ကောင်းနေမည်သာ ဖြစ်သည်။
သို့သော်လည်း သူသည် တစ်စုံတစ်ခု လွဲနေကြောင်း ခံစားနေရသဖြင့် သတိကြီးကြီး ထားလိုက်၏။
ဝမ်ပေါင်လဲ့မှာမူ ခြင်များ၏ အကူအညီများကြောင့် ဖြစ်ကြောင်းကုန်စင်အားလုံးကို မြင်ခဲ့ရသလို သူတို့၏ အပြန်အလှန် ပြောစကားအားလုံးကိုလည်း ကြားခဲ့ရသည်။ ထို့ကြောင့် သူ၏ ရင်ထဲတွင် ခံစားချက်မျိုးစုံဖြင့် ဗလောင်ဆူနေတော့သည်။ ထိုကိစ္စကြီး တစ်ခုလုံးထဲရှိ အကွက်ချမှုများနှင့် ပူးပေါင်းကြံစည်မှုများအားလုံးမှာ သူ လိုက်မမီနိုင်လောက်အောင် နက်နဲလွန်းနေ၏။ သူတို့၏ တစ်ယောက်ကိုတစ်ယောက် မကောင်းကြံနေကြသည့် အကြံအစည်များသာမက လမင်းကြီးပေါ်တွင် ရုတ်တရက်ဆိုသလို ပေါ်ထွက်လာခဲ့သည့် ပြောင်းလဲမှုများအားလုံးကိုပင် သူတို့မှာ ကြိုတင်မှန်းဆထားပြီးသား ဖြစ်သည်။
ထို့ကြောင့် ပြည်ထောင်စုကြီးမှာလည်း လမင်းကြီးပေါ်တွင် ဖြစ်လာမည့် အဖြစ်အပျက်များကို ကြိုသိနေခဲ့သည်မှာ သိသာထင်ရှားပေသည်။
ပို၍ တိတိကျကျဆိုရမည်ဆိုလျှင် ပြည်ထောင်စုဥက္ကဋ္ဌကြီးမှာ အစကတည်းက သိထားပြီးသားဖြစ်သည်။ တာအိုကျောင်းကြီး လေးကျောင်းနှင့် အခြားနိုင်ငံရေးအင်အားစုများမှာလည်း ထိုအကြောင်းကို သိထားလောက်ပြီဖြစ်ပြီး မီးစင်ကြည့်ကရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်နိုင်ပေသည်။
လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲရှိ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့၏ ပုန်ကန်မှုဟုထင်ရသော ဖြစ်ရပ်ကြီးမှာ လက်တွေ့တွင်မူ ပြည်ထောင်စုဥက္ကဋ္ဌကြီးက ထိုအင်အားစုနှစ်ခုအတွက် ချထားခဲ့သော ထောင်ချောက်ကြီးတစ်ခု ဖြစ်နေ၏။
” အဲဒါကြောင့် လျှို့ဝှက်ဆန်းကြယ်နယ်မြေကို ပိတ်ဆို့ထားတဲ့ မန္တန်အစီအရင်က အခုအထိ မပျက်သေးတာပဲ ”
ဝမ်ပေါင်လဲ့မှာ အသက်ရှုသံများ မြန်ဆန်လာတော့သည်။ သူ၏ နှလုံးသားထဲတွင်လည်း ခံစားချက်မျိုးစုံဖြင့် ယောက်ယက်ခတ်နေရပြီ ဖြစ်သည်။
” အဲဒါဆိုရင် အခု လူတွေက ဒီအကြောင်းကို ပြောဆိုနေကြလောက်ပြီ။ အဆင့်မြင့်အရာရှိကြီးတွေရဲ့ ကိုယ်တိုင်ရေး အတ္ထုပ္ပတ္တိစာအုပ်တွေထဲမှာ ပါတယ်လေ။ အများပြည်သူရဲ့ ထင်မြင်ချက်တွေက နိုင်ငံရေးသမားတစ်ယောက်အတွက် လက်နက်တစ်ခုလိုပဲတဲ့…. ”
” အဲဒီတော့ ပထမဆုံးအနေနဲ့ ပြည်သူတွေကို ဆွေးနွေးငြင်းခုံရအောင် လုပ်ပြီးတော့ ဖိအားတွေကို ဖန်တီးရမှာပဲ။ ပြီးတော့ တချိန်တည်းမှာပဲ ဒီ လျှို့ဝှက်ဆန်းကြယ်နယ်မြေထဲမှာ ပိတ်မိနေတဲ့ တခြားနိုင်ငံရေးအဖွဲ့အစည်းတွေရဲ့ အဖွဲ့ဝင်တွေကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဆွေးနွေးတဲ့နေရာမှာ အသုံးချ၊ သူတို့ရဲ့ လူအင်အား အကုန်လုံးကို စုစည်းပြီးတော့ ကယ်ဆယ်ရေးလုပ်ငန်းတစ်ခုကို ဦးဆောင်လုပ်ပေးရမှာ။ အဲဒီလိုဆိုရင် ငါတို့တွေက ပုံရိပ်ကောင်းတစ်ခုကို ရရှိနိုင်မယ့်အပြင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနဲ့ ဆည်းဆာကြယ်စင်စုဂိုဏ်းတို့ကိုလည်း ဖိအားပေးနိုင်စွမ်း ရှိသွားမှာ။ ပြီးရင် ဒီကိစ္စကို အသုံးချပြီးတော့ အဲဒီ နိုင်ငံရေး အဖွဲ့အစည်းနှစ်ခုကို ဖိအားပေးနိုင်တော့မှာမလို့ သူတို့ရဲ့ အင်အားတွေကို အများကြီး လျှော့ချပစ်နိုင်တော့မှာ ”
ဝမ်ပေါင်လဲ့မှာ သူ၏ ခန့်မှန်းချက် မှန်၊မမှန် မသိပါသော်လည်း သူ မြင်တွေ့ ကြားသိထားပြီးသမျှ အချက်အလက်များအရဆိုလျှင် ထိုအဖြေတစ်ခုသာ ရှိသည်။
ဤကိစ္စရပ်ကြီးတစ်ခုလုံး၏ အဓိကသော့ချက်မှာ လမင်းကြီးပေါ်ရှိ အမြဲစိမ်းသစ်ပင်ကြီး၏ နောက်ဆုံးအသက်ရှင်ကျန်ရစ်ခဲ့သည့် အမွေဆက်ခံသူဖြစ်သော အနက်ရောင်ဝတ်ရုံနှင့်လူကြီးပင် ဖြစ်သည်။
သူသည် ပြည်ထောင်စုဥက္ကဋ္ဌကြီးနှင့် သဘောတူညီချက်တစ်ခု ရယူခဲ့ပြီး ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့၏ အကြံအစည်အားလုံးကို ကမောက်ကမဖြစ်သွားအောင် လုပ်နိုင်ခဲ့ခြင်းဖြစ်သည်။ ထိုသဘောတူညီချက်အရဆိုလျှင် သူတို့နှစ်ယောက်စလုံးမှာ သူတို့လိုချင်သော အရာများကို ရယူသိမ်းပိုက်နိုင်မည်ဖြစ်သည်။
ထိုအဖြစ်အပျက်များကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ခေါင်းလုံး ချာချာလည်နေစဉ်တွင် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးမှာ ရယ်မောလိုက်၏။ သူသည် မှန်းဆ၍ မရနိုင်လောက်အောင် အဓိပ္ပါယ်လေးနက်သော မျက်ဝန်းများဖြင့် အနက်ရောင်ဝတ်ရုံနှင့်လူကြီးအား စိုက်ကြည့်နေတော့သည်။
” သွမ့်မုချွယ်က ဘာလို့ သူ့ရဲ့ အစီအစဉ်အတိုင်း မင်း အမှားအယွင်းမရှိ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ထားလဲဆိုတာ ငါ မသိပေမဲ့ ငါ့ရဲ့ ခန့်မှန်းချက်သာ မမှားဘူးဆိုရင် မင်းနဲ့ ပြည်ထောင်စုဥက္ကဋ္ဌကြီးရဲ့ အစီအစဉ်အရ သူနဲ့ တခြား နိုင်ငံရေးအင်အားစုတွေဆီက သူ့ရဲ့ မိတ်ဆွေတွေက မန္တန်အစီအရင်ကြီးကို ဖျက်ဆီးပြီးတော့ ရောက်လာသင့်နေပြီလေ။ အခုဆိုရင် သူတို့တွေက ဒီနေရာအထိရောက်လာပြီးတော့ ငါတို့တွေကို အပြစ်ပေးနှိပ်ကွပ်ပြီး ဒီကိစ္စကြီးတစ်ခုလုံးကို အဆုံးသတ်ဖြစ်ဖို့ အဆင်သင့်ဖြစ်နေရမှာ မဟုတ်ဘူးလား ”
” အဲဒါဆို သူတို့က ဘာလို့ အခုထိ ရောက်မလာရသေးတာလဲ။ မန္တန်အစီအရင်ကြီးကရော ဘာလို့ မပွင့်သေးတာလဲ ”
” တာအိုရောင်းရင်း အမြဲစိမ်းသစ်ပင်၊ မင်းရဲ့ ရည်မှန်းချက်တွေက တကယ်ကို ကြီးလွန်းပါတယ် ”
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးက မျက်လုံးများမှေးကာ တည်ကြည်စွာ ဆိုလိုက်၏။
သူ ထိုသို့ပြောလိုက်သောအခါ အနက်ရောင်ဝတ်ရုံနှင့်လူကြီး၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွား၏။ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ကြီးအပေါ် ထားရှိသော သူ၏ စိုးရိမ်စိတ်များမှာလည်း ပိုမို ကြီးထွားလာရတော့သည်။ သူသည် အဖြစ်အပျက်အားလုံး ပြီးဆုံးပြီးမှ စကားအနည်းငယ်မျှသာ ပြောခဲ့ခြင်းဖြစ်ပါသော်လည်း ဖြစ်ရပ်မှန်အားလုံးကို အမှန်အတိုင်း ဖော်ထုတ်နိုင်ခဲ့သည် မဟုတ်ပါလော။
” ကြည့်ရတာ ငါ့ရဲ့ ခန့်မှန်းချက်တွေက ထပ်ပြီးတော့ မှန်သွားပြန်ပြီထင်တယ်…. ”
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ဂိုဏ်းချုပ်ကြီးက ရယ်မောကာဆိုလိုက်၏။
” အဲဒါဆိုရင် ငါ့ရဲ့ နောက်ထပ်ခန့်မှန်းချက်တစ်ခုကိုပါ ထပ်ပြောပြမယ်။ သွမ့်မုချွယ်က မင်းကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်နိုင်စွမ်းရှိပေမဲ့ အမှားအယွင်း မရှိလောက်အောင် ပြီးပြည့်စုံနေတာတော့ မဟုတ်ဘူး။ အဲဒါကြောင့်လည်း မင်းက သူ့အစီအစဉ်အတိုင်း လိုက်လုပ်ခဲ့တာတောင် သူ့ကို အလဲထိုးနိုင်ခဲ့တာလေ။ အစကတည်းက မင်းရဲ့ ပန်းတိုင်က ဒီသစ်သီးကို မောင်ပိုင်စီးဖို့ပဲ။ ပိုပြီး တိတိကျကျ ပြောရမယ်ဆိုရင်တော့ ပြည်ထောင်စုကြီးထဲက ပထမဆုံး ယွမ်ယင်အဆင့် ကျင့်ကြံသူ ဖြစ်လာနိုင်ဖို့အတွက် ဒီ သစ်သီးနဲ့ ပေါင်းစည်းဖို့ပဲ။ အဲဒီလိုသာ ဖြစ်သွားမယ်ဆိုရင် မင်းက ဘာကိုမှ ကြောက်နေစရာ လိုတော့မှာ မဟုတ်ဘူးလေ “