တောတွင်း တစ်နေရာ၌ ဇူယွမ်က လုလျို့အား မျက်လုံးပြူးပြီး ကြည့်လိုက်မိသည်။ သူမက ထိုသို့သော သတ္တိများကို မည်သည့်နေရာမှ ရလာသည်ကို ဇူယွမ်ကလုံးဝ နားမလည်ချေ။ လုလျိုက ရွှေရောင်ရေကန် အနီး၌ ထူးဆန်းအံ့ဖွယ် မူလသားရဲများ စောင့်ကြပ်နေသည်ကို ရှင်းလင်းစွာသိ၏။ သို့သော် သူမက ထိုနေရာသို့ သွားရောက်ရန် ကြံစည်ရဲ နေသေးသည်။
ဇူယွမ်က စူးစိုက်ကြည့်နေသည့် အတွက် လုလျိုက မလုံမလဲ ခံစားလိုက်ရသည်။ “မူလသားရဲ ခေါင်းဆောင်က လုံးဝ အားမနည်းပေမဲ့ စကားပုံတစ်ခု ရှိတယ်လေ။ လုံလောက်တဲ့ ပုရွက်ဆိတ် ပမာဏက ဆင်တစ်ကောင်လုံးကို ကိုက်သတ်နိုင်တယ်။ များပြားတဲ့ ပါရမီရှင် တွေကလည်း အဲနေရာမှာ စုစည်းနေကြမှာ ဖြစ်တဲ့အတွက် ဘာကို ကြောက်နေရ ဦးမှာလဲ”
ဇူယွမ်က မျက်လုံး ကစားလိုက်မိသည်။ ပါရမီရှင် များစွာ ရှိသည်မှာ မှန်၏။ သို့သော် တောင်ကြောထဲမှာ ရှိသော မူလသားရဲ အများစုက အဆင့်လေး မူလသားရဲကောင်များ ဖြစ်နေသည် မဟုတ်လော။
လုလျိုက သူမ၏ ရွှန်းလဲ့သော မျက်လုံးရွှဲကြီးများ နှင့်ကြည့်၍ ဇူယွမ်အား တောင်းပန်ဟန် ပြုသည်။ “ကျေးဇူးပြုပြီး ကူညီပေးပါ။ နှင်းခဲလေးအတွက် ရွှေရောင်ရေကန်က တကယ် လိုအပ်နေလို့ပါ”
ဇူယွမ်က လုလျို့အား တည်တည်ငြိမ်ငြိမ် ကြည့်လိုက်ကာ တွေးပြီးပြောလိုက်သည်။ “ငါတို့က ကြိုးစား ကြည့်နိုင်တယ်။ ဒါပေမဲ့ သားရဲခေါင်းဆောင်က အရမ်းသန်မာတဲ့ အတွက် ထွက်ပြေးဖို့ပဲ ရွေးချယ်ရလိမ့်မယ် ထင်တယ် …”
ထူးဆန်းသန်မာသည့် မူလသားရဲက အဆင့်ငါးသားရဲ ဖြစ်နေမယ် ဆိုလျှင် သူတို့က မည်သည့် အခွင့်ရေးမှ ရှိမည်မဟုတ်ပေ။ နတ်ဘုံခန်းဝါ အဆင့် ကျွမ်းကျင်သူ တစ်ယောက်သာ ထိုသားရဲအား ရင်ဆိုင်နိုင် ပေလိမ့်မည်။
ဇူယွမ်က ထိုသို့ ပြောလိုက်သောအခါ လုလျိုက ချက်ချင်းခေါင်းညိတ်လိုက်သည်။
“နင့်မှာ အစီအစဉ်ရှိလား” ဇူယွမ်က မေးလိုက်၏။
“ဒီတောင်ကြောက မြူတွေ ဖုံးလွှမ်းနေပြီး အမြင်ကို အနှောင့်အယှက် ပေးနိုင်တယ်။ ဒါပေမဲ့ လူများစွာရဲ့ ကြိုးစား ရှာဖွေမှုကြောင့် ရွှေရောင်ရေကန်သွား တဲ့ လမ်းကြောင်းအချို့ကို ရှာတွေ့နိုင် ခဲ့ကြတယ်။ ဒါပေမဲ့ ဒီလမ်းကြောင်း တွေကလည်း မူလသားရဲတွေ စောင့်နေကြတာပဲ။ ဒီသားရဲတွေက အဆင့်လေး မဟုတ်ကြသေးဘူး။ ဒါပေမဲ့ အဆင့်လေးသားရဲ တွေက ရေကန် အနီးအနားမှာ ရှိနေလိမ့်မယ်။ ငါကရေကန် အနားရောက်တော့ ရှေ့ဆက် မသွားနိုင်ခဲ့ဘူး” လုလျိုက ထိုသို့ ရှင်းပြခဲ့သည်။
“ငါတို့နှစ်ယောက် ပူးပေါင်းမယ်ဆိုရင် ဒါက ပိုလွယ်သွားလိမ့်မယ် …”
ဇူယွမ်က လုလျို၏ ယုံကြည်မှုရှိသည့် အသွင်ကြောင့် ပခုံးတွန့်လိုက်မိသည်။ သူမက ထိုသို့ အခိုင်အမာ ပြောနေသည့် အတွက် သူတို့က ကြိုးစားကြည့် ရပေမည်။ တကယ်တော့ သူကလည်း ရွှေရောင်ရေကန်နှင့် ပတ်သက်၍ အနည်းငယ် စိတ်ဝင်စားမိ၏။ သဘာဝအားဖြင့် ကောင်းချီး ပေးခံရသော အရာများကို သူက မငြင်းဆိုနိုင်ပေ။
“ငါတို့ကြိုးစား ကြည့်ရတာပေါ့” ဇူယွမ်က ပြောလိုက်၏။
လုလျိုက စိတ်လှုပ်ရှားစွာ ခေါင်းညိတ်လိုက်သည်။ သူမက တောထဲကို ဖြတ်သန်းပြီး တောင်ကြောရှိရာသို့ ဦးဆောင်၍ သွားလိုက်သည်။
ဇူယွမ်က သူမ ခေါ်ဆောင်သော လမ်းကြောင်းက လုံလောက်အောင် ကောင်းမွန်သည်ကို သတိထားမိလိုက်သည်။ မြူများက အခြားနေရာများ ကဲ့သို့ ဦးတည်ချက်ပျော က်လောက်အောင် ထူထဲခြင်း သိပ်မရှိချေ။
ဇူယွမ်က သိချင်စိတ်ဖြင့် မေးလိုက်၏။ “ဒီလမ်းကြောင်းကို အခြားလူတွေကော မသိဘူးလား။ ဒီလိုလမ်းကြောင်းက လူတွေပြည့် နေသင့်တယ်မလား”
“ဒါက ငါ့လမ်းကြောင်းလေ” လုလျို့က ကျေနပ်သောဟန်ဖြင့် ပြန်ဖြေလိုက်သည်။
“အခြားလူတွေက မနှောင့်ယှက်ရဲဘူးလား” ဇူယွမ်က အံ့ဩစွာ ထပ်မေးလိုက်မိသည်။
လုလျိုက ခေါင်းကို ဆတ်ခနဲ မော့လိုက်ကာ ပြော၏။ “သူတို့ အစတုန်းကတော့ လုပ်တယ်။ ငါရိုက်တာ ခံရတော့ သူတို့ ထပ်မလုပ်ရဲတော့ဘူး။ ဒါ့ကြောင့် ဒါကငါ့လမ်း”
ဇူယွမ်က သူမကို လက်မထောင် ပြလိုက်သည်။ လူများက သူမလုပ်ပုံ ကိုင်ပုံကြောင့် မနှောင့်ရဲ ကြတော့ပေ။
သူတို့နှစ်ယောက်က ရယ်ရယ်မောမော စကားပြောရင်း ခရီးဆက် သွားနေကြသည်။ ဇူယွမ်က ပတ်ဝန်းကျင်ရှိ မြူများကြားမှ သားရဲအော်သံများ၊ သူတို့နှစ်ယောက်ကို တိတ်တဆိတ် ကြည့်နေသော မျက်လုံးပေါင်း များစွာကို ခံစားမိ၏။
သို့သော်မည်သည့် သားရဲကမှ သူတို့ကို တားဆီးရန် ထွက်ပေါ်လာခြင်း မရှိချေ။ ဇူယွမ်က ထိုအရာသည် လုလျိုကြောင့် ဆိုသည်ကို သိပေသည်။
သူမက အဆင့်လေး မူလမှော်သားရဲ များနှင့် ထိပ်တိုက် မရင်ဆိုင် နိုင်သော်လည်း အဆင့်လေးအောက် သားရဲများကိုမူ ဆက်သွယ်အမိန့် ပေးနိုင်ပေသည်။ ထို့ကြောင့် သူတို့၏ လမ်းကြောင်းမှာ ချောချောမွတ်မွတ် ရှိနေ၏။
သူတို့က တောင်ကြော အတွင်းနက်ပိုင်းထိ ဆက်လက်၍ သွားနေရင်း ရုတ်တရက် ဇူယွမ်က ရပ်တန့်လိုက်သည်။ သူတို့၏ အကွာအဝေး တချို့မှ ကြမ်းကြုတ်ရက်စက်သော တည်ရှိမှုတစ်ခုက သူက ခံစားမိသောကြောင့်ပင် ဖြစ်၏။ ထိုတည်ရှိမှုက လေးလံသော ဖိအားများ ဆက်၍ ထုတ်ဖော်လျက် ရှိသည်။ လုလျို့က စိတ်ဖိစီးဟန်ဖြင့် ပြောလိုက်သည်။ “ငါတို့လမ်းကို လာပိတ်နေတာ အဆင့်လေး သားရဲကောင်ပဲ”
လုလျို့ ပခုံးထက်ရှိ နှင်းခဲလေးထံမှ ရေခဲပြာရောင် ချီက မြင့်တက်လို့ လာသည်။ ဇူယွမ်က သူ့ရှေ့ရှိ တုန်ခါလာသော မြေပြင်ရှိရာသို့ စူးစိုက်ကြည့်နေသည်။ နောက်ဆုံးမှာ သူက ဆယ့်နှစ်ပေခန့် မြင့်မားသော ရောင်စုံ ကျားတစ်ကောင်က မြူများအပေါ်မှ တောင်ပံခတ်၍ တဖြည်းဖြည်း ဆင်းသက်လာသည်ကို တွေ့လိုက်ရ၏။ ထိုသားရဲ၏ ကြမ်းကြုတ်သော အကြည့်က သူတို့နှစ်ယောက်ထံ ရောက်လာသည်။
တောင်တန်း တစ်နေရာ၌ …
ကျိန်းရွှီးက နားနားနေနေ လမ်းလျှောက်လျက်ရှိသည်။ သူ၏ မျက်လုံးများက အသက်ဓာတ် လုံးဝ မရှိပေ။ သူက လူသေတစ်ကောင်လို လမ်းလျှောက်နေပြီး သူ့ကိုယ်မှ အေးစက်မှုများသာ လွှမ်းမိုး၍ အနွေးဓာတ်များ ပျောက်ရှနေသည်။ ရုတ်တရက် သူက ခြေလှမ်းရပ်လိုက်သည်။
သူက မြူခပ်ပါးပါး ထဲ၌ ရှိနေသာ သစ်ပင်ကြီး တစ်ပင်ထံသို့ ခေါင်းမော့ ကြည့်လိုက်သည်။ ပုံရိပ်တစ်ခုက ထိုအပင်ပေါ်မှာ ထိုင်လျက် ရှိနေပြီး သူ့အား ခေါင်းငုံ့၍ ကြည့်နေသည်ကို တွေ့လိုက်ရ၏။ ထိုပုံရိပ်က လူငယ်တစ်ယောက် ဖြစ်ကာ အပြစ်ကင်းသော ကလေးမျက်နှာ အသွင်ရှိနေ၏။ သူ့အပြုံးတစ်ချက် ကပင် လူတစ်ယောက်ကို နှစ်သက်သော ခံစားချက် ပေးနိုင်စွမ်းသည်။ သို့သော် ကျိန်းရွှီးက သူ့အား တည်ငြိမ်စွာပင် ကြည့်လိုက်သည်။ “ဟီး … ဟီး မင်းက ဘယ်သူလဲ …” လူငယ်က ကျိန်းရွှီးအား ပြုံးကာ မေးလိုက်သည်။ “မည်သည့် တုံ့ပြန်မှုမှ မရှိ …”
လူငယ်က စိတ်မရှိဟန်ဖြင့် ဆက်လက် ပြုံးနေတုန်းပင်။ “ငါက တုံးရွှမ်းကုန်း မြေကြီးရဲ့ ကျန်းကလန်က ကျန်းချွမ်း”
ကျိန်းရွှီး၏ မျက်လုံးများက နောက်ဆုံးတော့ လှုပ်ရှားလို့ လာခဲ့သည်။ သူက ကျန်းချွမ်းလို့ ခေါ်သောလူငယ်ကို စူးစိုက်ကြည့်ကာ ပြောလိုက်၏။ “တုံးရွမ်းကုန်းမြေရဲ့ ကြွက်တွေက ခိုးဝင် လာတဲ့ပုံပဲ …”
ကျန်းချွမ်းက ပြုံးလိုက်ပြန်သည်။ “မင်းက ရာမကလန်ရဲ့ ရာမမင်းသားငယ် ဖြစ်ရမယ်”
“ငါက ငါ့နာမည်ကို သူတော်စင် ကျောက်ပြားပေါ်မှာ ရေးထိုးမယ်။ ဒါကို မင်းလက်ခံ စေချင်တယ်”
“ငါ့လက်ချက်နဲ့ သေလိုက်တော့”
နောက်ဆုံး စကားပြောပြီးသည့် နောက်မှာ ကျန်းချွမ်း၏ အကြည့်က အေးစက်သွားသည်။ တစ်ပြိုင်နက်တည်းပင် ကျိန်းရွှီး၏ အောက်ခြေမြေကြီး များမှာ အလင်းတန်းပမာ မြန်ဆန်ပြီး ထက်ရှသော အပြာရောင် ရေခဲပန်းဆွဲ ချီနှစ်ခုကြောင့် တစ်စစီ ဖြစ်သွားသည်။ ထိုခဏ၌ ကျိန်းရွှီးကလည်း ချက်ချင်းပင် လေထဲသို့ ခုန်တက်လိုက်၏။ သို့ပေမဲ့လည်း ရေခဲပန်းဆွဲ ချီနှစ်ခုကြောင့် ကျိန်းရွှီး၏ ခြေသလုံး၌ နက်ရှိုင်းသော အပေါက်နှစ်ပေါက် ဖြစ်သွားရသည်။ သို့သော် သူ့ခြေသလုံးမှ သွေးများ ထွက်လာရမည့် အစား မီးခိုးပြာရောင် အရောင်တောက်တောက် များသာ ထွက်ပေါ်လာ၏။
ကျိန်းရွှီး၏ အသွင်အပြင်က မည်သို့မျှ ထူးခြားဟန် မရှိဘဲ သူက နာကျင်ပုံပင် မရချေ။ ထို့ပြင် သူက ရုတ်တရက် ဖျတ်ခနဲ ကုတ်ဆွဲလိုက်၏။ မီးခိုးနက်ရောင် မူလချီများက မြေပွေးတစ်ကောင် ရိပ်ခနဲ လှမ်းပေါက် လိုက်သကဲ့သို့ အလွန်လျင်မြန်စွာ ကျန်းချွမ်း၏ အရေးကြီးသော အစိတ်အပိုင်းများ ထံသို့ တန်းတန်းမတ်မတ် ဝင်ရောက်သွားသည်။
ထိုအခါ ကျန်းချွမ်းက အပြာရောင် မူလချီ တံတိုင်းကို ထုတ်ဖော်လိုက်ပြီး တိုက်ခိုက်မှုအား တားဆီးလိုက်သည်။ မီးခိုးရောင်ချီများ အတွင်း၌ အလောင်းကောင် အဆိပ်များ ပါဝင်နေသော်လည်း အပြာရောင် မူလချီ တံတိုင်းဖြင့် ထိတွေ့လိုက်သော အခါ ပြန့်ကျဲကာ အာနိသင် လျော့သွားရသည်။
ကျန်းချွမ်းက သွားပေါ်အောင် ရယ်မောလိုက်သည်။ “ကန်မင်ကုန်း မြေကြီးရဲ့ ထိပ်ဆုံးက ပါရမီရှင်လို မပြောရဘူး။ ငါ တကယ် သတိထားရမယ့် ပုံပဲ”
ကျိန်းရွှီးက မီးခိုးနက်ရောင် မူလချီများအား ခြေထောက်အောက်မှာ စုဝေးလိုက်ပြီး လေထဲသို့ ခုန်တက်လိုက်သည်။ သူ့ မီးခိုးရောင် မျက်လုံးများဖြင့် ကျန်းချွမ်းကိုကြည့်၍ ပြောလိုက်သည်။ “ကြွက်တစ်ကောင်က အမြဲကြွက်တစ်ကောင် ဖြစ်နေမှာပဲ။ ဘယ်လို ခိုးကြောင်ခိုးဝှက် တိုက်ရမလည်းပဲ သိတယ်”
ကျန်းချွမ်းက ဟက်ခနဲ လှောင်ရယ်လိုက်သည်။ “မင်းလည်း တူတူပါပဲ။ ငါတို့ စတွေ့ထဲက မင်းက တိုက်ခိုက်ဖို့ ကြိုပြင်ဆင် ထားခဲ့ပြီး ဖြစ်တယ်။ ဒါပေမဲ့ မင်းက အရည်အချင်း နည်းနည်းတော့ ရှိသားပဲ။ ငါဒီနေရာကို လာခဲ့တာ အချည်းနှီး မဖြစ်တော့ဘူးပေါ့ …”
ကျန်းချွမ်းက သူ့လက်အား ဖြည်းဖြည်းချင်း မြှောက်လိုက်သည်။ ကြောက်မက်ဖွယ်ရာ အပြာရောင် မူလချီများက သူ့ထံမှ ပေါက်ကွဲ ထွက်လာသည်။ ဤအပြာရောင် ချီများက ထိတ်လန့်ဖွယ် ဖိအားကို ပေးစွမ်းနေ၏။
“မင်းက မူလစဦး ကျင့်ကြံသူ တစ်ယောက်ကို ခြေကုန်လက်ပမ်း ကျပြီး သေသွားအောင် လုပ်နိုင်ခဲ့တယ်လို့ ငါကြားဖူးတယ်” ကျန်းချွမ်းက ပြုံး၍ ဆက်ပြောလိုက်သည်။ “ဘယ်လို တိုက်ဆိုင်မှုလဲ … ငါ့လက်ချက်နဲ့လည်း မူလစဦး ကျင့်ကြံသူ တစ်ယောက်က အရုပ်တစ်ရုပ်လို သေအောင်ဆော် ခံခဲ့ရတာပဲ”
“ဒီနေ့မှာ သူဘယ်လို ခံစားသွားရလည်း ဆိုတာ မင်း သိစေရမယ်”
“ဝုန်း …”
သို့သော် ကျန်းချွမ်း၏ စကားမဆုံးခင် ထဲက ကျိန်းရွှီးက မီးခိုးနက်ရောင် မူလချီများအား ဖြန့်ထုတ်လိုက်သည်။ မျက်စိတစ်မှိတ်စာ အချိန်လေး အတွင်းမှာ မီးခိုးနက်ရောင် ချီများက ကောင်းကင်တစ်ခုလုံး ဖုံးလွှမ်းသွားကာ ကျန်းချွန်း၏ ပတ်ပတ်လည်သို့ တိုးဝင်သွားတော့သည်။
“မင်းစကား များလွန်းတယ်”
ကျန်းချွမ်း၏ အကြည့်များက အေးစက်သွား၏။ သူက အင်္ကျီလက်အား ဝှေ့ယမ်းလိုက်၍ ပေါင်ထောင်ချီ လေးလံသော အပြာရောင် မူလချီများ ထွက်ပေါ်စေလိုက်ကာ မရေမတွက် နိုင်သော မီးခိုးနက်ရောင် ချီအတန်းများကို ခုခံတိုက်ခိုက် လိုက်သည်။
”ဘုန်း”
အင်ပြည့်အားပြည့် စွမ်းအားနှစ်ခု ထိပ်တိုက် တွေ့ဆုံမှုက ပြင်းထန်သော ဂယက်လှိုင်းများ ဖြစ်ပေါ်လာကာ မြေကြီးပင် အက်ကွဲကုန်သည်။
ကျန်းချွမ်းက နှုတ်ခမ်းသပ်လိုက်၏။ သူ့မျက်လုံးထဲ၌ ရက်စက်ကြမ်းကြုတ်သော အကြည့်များ ထွက်ပေါ်လာပြီး အေးစက်စက် အသံက တောထဲမှာ ပဲ့တင် ထပ်နေတော့သည်။ “ဒီနေ့ပြီးရင် ကန်မင်ကုန်း မြေကြီး၏ ဂုဏ်ယူရတဲ့ ထိပ်ဆုံးက ပါရမီရှင်က တုံးရွှမ်းကုန်းမြေရဲ့ တက်နင်းခံ ကျောက်တုံတစ်တုံး ဖြစ်လာလိမ့်မယ် …”