” ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုက အမြုတေအဆင့် လူယုတ်မာကြီးက တကယ်ကို ဗိုလ်ကျတဲ့ လူကြီးပဲ။ သူက ငါ့ကို နှုတ်ပိတ်ဖို့ ကြိုးစားနေတာ အသိသာကြီး။ ဒီတစ်ခေါက်ရော ငါ့ကို ဘယ်လိုနှုတ်ပိတ်ဖို့ ကြိုးစားဦးမလဲဆိုတာ ကြည့်ကြတာပေါ့ ”
” ဆည်းဆာကြယ်စင်စုဂိုဏ်းလည်း အတူတူပဲ။ အင်အားတွေအများကြီး သုံးထားတာ။ ဒီကိစ္စရပ်ကြီးတစ်ခုလုံးက ဧရာမသစ်ပင်ကြီးနဲ့ ရိုးရိုးရှင်းရှင်း မဟာမိတ်ဖွဲ့ထားရုံလောက်လေး မဟုတ်ဘူး။ သူတို့က ဒီမဟာမိတ်အပေါ်မှာ အမြတ်ထုတ်ဖို့ ကြိုးစားနေကြမှာဆိုတော့ အရမ်းကြီး ရိုးရှင်းမနေလောက်ဘူး။ ငါ့အထင်တော့ နှစ်ဖက်စလုံးဆီမှာ လျှို့ဝှက်ချက်တွေ ကိုယ်စီရှိပြီးတော့ တစ်ဖက်နဲ့ တစ်ဖက် မကောင်းကြံနေမှာ အသေအချာပဲ။ နှစ်ဖက်စလုံးက နောက်ဆုံးရောက်ရင် သူတို့ဖက်ကပဲ အနိုင်ရလိမ့်မယ်လို့ တွေးထားကြမှာ ”
” အဲ့လိုဆိုရင် ဆည်းဆာကြယ်စင်စုဂိုဏ်းက အဘွားကြီးက ငါ့ရဲ့ တာအိုအုတ်မြစ်ကို ခိုးယူရဲမှတော့ ငါကလည်း သူတို့ရဲ့ အဖိုးတန် သစ်သီးလေးကို ပြန်ပြီးတော့ခိုးယူရမှာပေါ့ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးကာ တွေးလိုက်၏။ သူသည် ဆုံးဖြတ်ချက်ချပြီးသွားသောကြောင့် သူ၏ ခြေလှမ်းများမှာ ပို၍မြန်ဆန်လာပြီး ချိုင့်ကြီး၏ အတွင်းပိုင်းထဲသို့ ဆက်လက်ခရီးနှင်လိုက်တော့သည်။
ထို ဧရာမချိုင့်ကြီးမှာ အလွန်အင်မတန်မှ နက်ရှိုင်းနေ၏။ သိပ်မကြာခင် ဝမ်ပေါင်လဲ့မှာ ယခင် အက်ကွဲကြောင်းကြီးထဲတွင် ရှိနေခဲ့စဉ်တုန်းက သုံးချောင်းထောက် မီးဖိုလေးနှင့် ငေါထွက်နေသော သစ်ကိုင်းတို့ကို မြင်ခဲ့ရသည့်နေရာသို့ ရောက်ရှိသွား၏။ သို့သော် ထိုအက်ကွဲကြောင်းကြီးနှင့် မတူသည်မှာ သူသည် ထိုချိုင့်ကြီးအောက်သို့ အနည်းငယ်မျှသာ ဆင်းရသေးသည်။ သူ၏အောက်တွင် ရှိနေသည့် အနီရောင်အလင်းရောင်ကြီးမှာလည်း သူ မြေမျက်နှာပြင်ပေါ်တွင် ရှိခဲ့စဉ်တုန်းက မြင်ခဲ့ရသည့် အနေအထားထက် ပို၍ ကြောက်မက်ဖွယ်ရာကောင်းလာ၏။ ဝမ်ပေါင်လဲ့မှာ ထိုအနီရောင် အလင်းရောင်ကြီးကို အကဲခတ်၍ ထိုချိုင့်ကြီး၏ အနက်ကို ခန့်မှန်းနိုင်သွားတော့သည်။
သူသည် ထိုနေရာ၌ ရပ်တန့်သွားခြင်းမရှိဘဲ အောက်သို့ဆက်ဆင်းကာ ထိုအနီရောင် အလင်းရောင်ကြီးဆီသို့ ချဉ်းကပ်သွား၏။ သူ ၎င်း၏အနားသို့ ရောက်လာသောအခါ သူ၏အောက်ဘက်မှ ဗလုံးဗထွေးဖြစ်နေသော ထစ်ချုံးသံတစ်သံကို ကြားလိုက်ရသည်။ သူ အောက်သို့ ရောက်လေလေ ထိုအသံကြီးမှာ ပို၍ ကျယ်လောင်လာလေလေ ဖြစ်နေ၏။
ထိုအသံကြီးမှာ အိပ်ယာနိုးနေသည့် သတ္တဝါတစ်ကောင်၏ ညည်းတွားသံနှင့် မတူဘဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေသည့် သတ္တဝါတစ်ကောင်၏ ဟောက်သံနှင့် ပို၍ဆင်တူနေသည်။ ဝမ်ပေါင်လဲ့မှာ ထိုအချက်ကို တွေးမိသွားသောအခါ အံ့အားသင့်သွားရ၏။ ထို့နောက် သူ၏ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး စတင် တွေးတောသုံးသပ်လိုက်တော့သည်။
” ဟောက်သံပါလား… ”
ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတောနေရင်း ချိုင့်ကြီး၏ အနက်ရှိုင်းဆုံးနေရာသို့ ရောက်ရှိလာ၏။ ၎င်းမှာ အနက်ရှိုင်းဆုံးနေရာ ဖြစ်နေပါသော်လည်း ချိုင့်ကြီး၏အဆုံးသို့ မရောက်သေးသည့်ပုံပင်။ အနီးရောင်အလင်းရောင်ကြီးနှင့် ဟောက်သံတို့မှာ အနက်ရှိုင်းဆုံးနေရာဆီသို့ ဆက်သွယ်ထားသည့် ဥမင်လိုဏ်ခေါင်းတစ်ခုထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။
ထိုချိုင့်ကြီးတခုလုံးမှာ ထောင့်မှန်တြိဂံတစ်ခုပုံစံ ရှိနေ၏။ ဝမ်ပေါင်လဲ့မှာ ဘေးဘီဝဲယာအား စစ်ဆေးကြည့်ရှုလိုက်ပြီးနောက် ထိုလိုဏ်ခေါင်းထဲသို့ ဝင်သွား၏။ သူသည် အလွန်အင်မတန်မှ ရှည်လျားသော လှိုဏ်ခေါင်းကြီးအတိုင်း ပြေးဆင်းသွားလိုက်၏။ မြေသားနံရံများပေါ်တွင် သစ်ကြောများ ခပ်ရေးရေးခန့် ဖြာထွက်နေသည်ကိုပင် မြင်နိုင်ပေသည်။ ထို့ကြောင့် ထိုလိုဏ်ခေါင်းကြီး တစ်ခုလုံးကို သစ်ကိုင်းတစ်ခုထဲတွင် တူးထားသည်ဟုပင် ထင်ရသည်။
ထိုအနီရောင် အလင်းရောင်ကြီးမှာ ပို၍တောက်ပလာပြီး ဟောက်သံများမှာလည်း ပို၍ကျယ်လောင်လာ၏။ ထို ဟောက်သံများမှာ ဝမ်ပေါင်လဲ့၏ နားထဲတွင် မိုးချုန်းသံများနှင့် တူနေ၏။ ဝမ်ပေါင်လဲ့၏ အထူးတဆန်းဖြစ်နေသော မျက်နှာအမူအရာမှာလည်း အချိန်နှင့်အမျှ ပို၍ ထူးဆန်းလာ၏။ သူ၏ တွက်ချက်မှုများအရဆိုလျှင် ဤလမ်းကြောင်းမှာ လ၏အမှောင်ဘက်ခြမ်းပေါ်ရှိ တားမြစ်နယ်မြေနှင့် ချိတ်ဆက်ထားခြင်း ဖြစ်နိုင်ပေသည်။
ထိုနေရာတွင် သူ၏ အစိမ်းရောင်ကြာပွင့်အခြေတည်အဆင့်ကို ရရှိခဲ့ခြင်းဖြစ်သည်။
” အစိမ်းရောင်ကြာပွင့်ရှိတဲ့ လိုဏ်ဂူကြီးရဲ့ အောက်ဘက်က တစ်နေရာရာမှာ ရောက်နေတာပဲ ဖြစ်ရမယ်။ ဟောက်သံကြီးက အရှေ့ဘက်ကလာနေတဲ့အပြင် အောက်ဘက်ကလည်း လာနေတာ ”
ဝမ်ပေါင်လဲ့မှာ တစ်စုံတစ်ခုကို နားလည်သွားသည်ပုံပင်။ သူ၏ အတွေးထဲ၌ ပုံရိပ်များစတင်ပေါ်ပေါက်လာ၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အဖွဲ့ဝင်များ အစိမ်းရောင်ကြာပွင့် ရှိနေခဲ့သော လိုဏ်ဂူကြီး၏ အောက်ဘက်ရှိ နေရာတစ်ခုနှင့် ဆက်သွယ်ထားသည့် ရှည်လျားသော လိုဏ်ခေါင်းကြီးတစ်ခုကို တူးနေသည့် ပုံရိပ်များပင်ဖြစ်သည်။
ညနတ်ဆိုးဧကရာဇ်ကြီး အိပ်မောကျနေသောနေရာနှင့် ချိတ်ဆက်နေသည့် လိုဏ်ခေါင်းကြီးတစ်ခုပင် ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ မျက်လုံးများ ဖျတ်ခနဲ လက်သွားပြီး အရှိန်လျှော့လိုက်၏။ ထို့နောက် သူ၏ အငွေ့အသက်ကို ချုပ်တည်းကာ ခြင်များကို ထုတ်လွှတ်လိုက်သည်။ သူသည် ၎င်းတို့အား ရှေ့မှ ပျံခိုင်းလိုက်ပြီး နောက်ဘက် ခပ်လှမ်းလှမ်းအကွာမှ လိုက်လာ၏။
ဟောက်သံကြီး ပိုကျယ်လောင်လာသောကြောင့်လား၊ အနီရောင်အလင်းရောင်ကြီး ပိုမိုတောက်ပလာသောကြောင့်လားတော့ မသိပေ။ အားပြင်းပြီး ဖိနှိပ်စွမ်းအားအပြည့်ရှိသော ဝိညာဉ်စွမ်းအင်တစ်မျိုးမှာ လေထုထဲ၌ စတင်တုန်ရီလာ၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှာ သူတို့၏ စခန်းထဲတွင် ဖြစ်လာနိုင်သည့် မည်သည့်အခြေအနေမျိုးကိုမဆို ထိန်းသိမ်းနိုင်စွမ်းရှိမည်ဟု သူတို့ကိုယ်သူတို့ အပြည့်အဝ ယုံကြည်ထားကြသည့်ပုံပင်။ ထို့ကြောင့် သူတို့မှာ အစောင့်အများကြီး ချထားခြင်းမရှိပေ။ ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့၏ ကျူးကျော်ဝင်ရောက်လာမှုကို လိုဏ်ခေါင်းကြီး၏ အဆုံးတွင် စုဝေးနေကြသော လူများက မသိကြသေးခြင်းပင်ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ လိုဏ်ဂူကြီး၏ အဆုံးနှင့် အနည်းငယ်ခန့် ကွာဝေးနေဆဲဖြစ်ပါသော်လည်း သူ၏ ခြင်များမှာမူ အဆုံးအထိ ပျံသန်းပြီးသွားပြီဖြစ်သည်။ ၎င်းတို့၏ အမြင်အာရုံ အကူအညီဖြင့် သူသည် လိုဏ်ခေါင်း၏အဆုံး၌ ကိုက်တစ်ရာခန့် ကျယ်ဝန်းသော လိုဏ်ဂူကြီးတစ်လုံး ရှိနေသည်ကို လှမ်းမြင်လိုက်ရသည်။ ထို လိုဏ်ဂူကြီး၏အလယ်တွင် ရှုံ့တွနေပြီဖြစ်သော သစ်ကိုင်းတစ်ချောင်း ရှိနေ၏။ ၎င်းမှာ မီတာသုံးဆယ်ကျော် ဗြက်ရှိပြီး ရှေးဟောင်းသစ်ပင်ကြီး၏ အစိတ်အပိုင်းတစ်ခု ဖြစ်နေမည်မှာ အသေအချာပင်။ သုံးမီတာဗြက်ရှိသော ဧရာမ သစ်သီးကြီးတစ်လုံးမှာ ထိုသစ်ကိုင်းပေါ်မှ တွဲလောင်းကျနေ၏။
၎င်းမှာ သာမန်ကျင့်ကြံသူတစ်ယောက်အတွက်ဆိုလျှင် အရွယ်အစားကြီးမားနေသည့်ပုံ ပေါက်နေပါသော်လည်း ရှေးဟောင်းသစ်ပင်ကြီး၏ အရွယ်အစားနှင့် ယှဉ်လိုက်မည်ဆိုပါက ၎င်းမှာ နှမ်းစေ့တစ်စေ့ထက်ပင် ပို၍သေးငယ်နေ၏။
ထိုသစ်သီးမှာ လုံးဝခြောက်ကပ်နေပြီဖြစ်ပါသော်လည်း ၎င်းဆီမှ မွှေးပျံ့ချိုအီသော ရနံ့များ ဆက်လက်ထွက်ပေါ်နေဆဲပင်။ အလင်းရောင်ကြီးမှာလည်း ရပ်တန့်သွားခြင်းမရှိဘဲ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေပါသော်လည်း စူးရှစွာ တောက်ပနေခြင်းတော့မရှိပေ။ သူ ချိုင့်ကြီးထဲတွင် လက်လျှောက်နေခဲ့သည့် တချိန်လုံး၌ မြင်ခဲ့ရသည့် အနီရောင်အလင်းရောင်ကြီးမှာ ဤသစ်သီးဆီမှ ထွက်ပေါ်နေခြင်းဖြစ်ကြောင်း ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို သိလိုက်ရတို့သည်။
” အဲဒီ အလင်းရောင်က ဒီသစ်သီးဆီက ထွက်လာတာလား။ အရမ်းကြီးတော့ လင်းမနေဘူး။ ဒီသစ်သီးထဲမှာ ထူးဆန်းတဲ့ ဂုဏ်သတ္တိတွေ ပါနေတာ ဘယ်သူသိမှာလဲ ”
ဝမ်ပေါင်လဲ့မှာ တအံ့တဩနှင့် အကဲခတ်ကြည့်ရှုနေစဉ် ထိုသစ်သီး၏ ပတ်ပတ်လည်တွင် လူရိပ်ရှစ်ခု မတ်တတ်ရပ်နေသည်ကို မြင်လိုက်ရသည်။ ထိုရှစ်ယောက်မှာ အဖွဲ့လေးဖွဲ့ကွဲနေပြီး တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားတွင် တင်းမာမှုများ ရှိနေကြသည်ပုံပင်။ ထိုအခြေအနေကြီး တစ်ခုလုံးမှာ တင်းမာလွန်းနေသောကြောင့် အချိန်မရွေး ဓားများ ပျံထွက်လာနိုင်သည့် အနေအထားသို့ပင် ရောက်နေ၏။
သူတို့ထဲမှ တစ်ယောက်မှာ ထိုနေ့တုန်းက ဝမ်ပေါင်လဲ့နှင့် ကြုံခဲ့ရသည့် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အမြုတေအဆင့် အကြီးအကဲကြီးဖြစ်သည်။ သူ၏ဘေးတွင် ရပ်နေသည့် အခြားလူနှစ်ယောက်စလုံးမှာ သက်လတ်ပိုင်းလူကြီးများ ဖြစ်ကြသည်။ သူတို့ထဲမှ တစ်ယောက်မှာ အမြုတေအဆင့် ကျင့်ကြံသူတစ်ယောက်ဖြစ်ပြီး သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ဖုံးကွယ်ထားခြင်းမရှိသောကြောင့် သူ၏ခန္ဓာကိုယ်ထဲမှ အပြင်ဘက်သို့ အရှိန်အဟုန်ဖြင့် ပျံ့လွင့်နေ၏။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင်မူ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အကြီးအကဲကြီးသုံးယောက် မတ်တတ်ရပ်နေကြသည်။ သူတို့အား အကြီးအကဲများဟု ခေါ်ဆိုရန်မှာ မသင့်တော်လောက်ပေ။ သူတို့၏ မျက်နှာများမှာ ပါးရေနားရေများတွန့်ကာ ရှုံ့တွနေကြပြီဖြစ်ပါသော်လည်း သူတို့၏ ဆံပင်များမှာမူ နက်မှောင်နေဆဲပင်။ ထူးခြားသော လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခုကို လေ့ကျင့်ထားသောကြောင့် ထိုကဲ့သို့ ဖြစ်နေကြသည့်ပုံပင်။
သူတို့၏ မျက်လုံးများမှာ အေးစက်စက်နှင့် ခံစားချက်ကင်းမဲ့နေ၏။ ဝိညာဉ်အလင်းရောင်တစ်ခုမှာလည်း သူတို့၏ မျက်ဝန်းများထဲတွင် တောက်ပနေသည့်ပုံ ပေါ်နေ၏။ သူတို့မှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်စုမှ မဟုတ်သော ကျန်အဖွဲ့နှစ်ဖွဲ့ကို ရန်လိုနေသော အမူအရာဖြင့် စိုက်ကြည့်နေ၏။
ကျန်အဖွဲ့နှစ်ဖွဲ့မှာ ယောက်ျားကြီးတစ်ယောက်နှင့် သစ်ပင်တစ်ပင် ဖြစ်သည်။ ထိုလူကြီးမှာ သန္ဓေပြောင်း ဧရာမသစ်ပင်ကြီးတစ်ပင်က ကျင့်ကြံ သူတစ်ယောက်၏ ခန္ဓာကိုယ်ထဲ၌ နေရာယူထားခြင်းဖြစ်သည်။ သူသည် အနက်ရောင်ဝတ်ရုံများကို ဆင်မြန်းထားကာ သက်လတ်ပိုင်းသာ ရှိသေးသည့်ပုံ ပေါ်ပြီး သူ၏မျက်ဝန်းများမှာလည်း ခန့်မှန်း၍ မရနိုင်လောက်အောင် နက်နဲလွန်းနေ၏။ သူ၏ မျက်နှာပေါ်တွင်မူ အပြုံးတစ်ပွင့် ရှိနေသည်။
သူတို့မှာ သူတို့၏ ပတ်ပတ်လည်တွင် ပေါ်ပေါက်လာခဲ့သော ခြင်များကို သတိထားမိသည့်ပုံ ပေါ်ပါသော်လည်း ၎င်းတို့အပေါ် အာရုံမစိုက်နိုင်ကြသေးပေ။ ထို့အပြင် ထိုခြင်များမှာ အလွန်အင်မတန်မှ အားနည်းနေသည်ကိုလည်း အာရုံခံမိနေသောကြောင့် ၎င်းတို့ကို အာရုံစိုက်စရာမလိုကြောင်း တွေးထားကြ၏။
ဝမ်ပေါင်လဲ့မှာ သူ၏ရှေ့ရှိမြင်ကွင်းကို မြင်လိုက်ရသောအခါ ခြေလှမ်းများရပ်တန့်သွား၏။ သူသည် ရှေ့သို့ ဆက်မသွားတော့ပေ။
” ဂုဏ်ကျက်သရေရှိ သစ်ပင်ကျင့်ကြံသူကြီးနဲ့ တာအိုရောင်းရင်းတို့။ ဘာလို့ ကျုပ်တို့ကို အာခံနေရသေးတာလဲ။ ခင်ဗျားတို့တွေ ကျုပ်တို့ကို ယှဉ်နိုင်လိမ့်မယ်လို့ ထင်နေတာလား ”
ထိုကဲ့သို့ တင်းမာနေသော အခြေအနေများကြားတွင် ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အမြုတေအဆင့် အကြီးအကဲကြီးမှာ အေးစက်စက်ပြုံး၍ မေးလိုက်၏။ ထို့နောက် သူသည် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဖွဲ့ဝင်များကို လှည့်ကြည့်လိုက်သည်။
” ဂုဏ်ကျက်သရေရှိ တာအိုရောင်းရင်းတို့။ စလိုက်ကြတာပေါ့။ ကျနော်တို့တွေ ခင်ဗျားကို စောင့်ရှောက်ပေးပါ့မယ် ”
ထိုအခါ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ အဖွဲ့ဝင်သုံးယောက်၏ မျက်လုံးများမှာ ဖျတ်ခနဲလက်သွား၏။ သူတို့မှာ ချက်ချင်းဆိုသလိုပင် မန္တန်လက်ကွက်များ ပြိုင်တူ ထုတ်သုံးလိုက်ကြပြီး သူတို့၏ လက်ဖဝါးများကိုမြှောက်၍ ရင်ဘတ်နားသို့ ကပ်ထားလိုက်ကြ၏။ သူတို့မှာ သူတို့၏ နှလုံးသားများကို လှမ်း၍ ယူနေကြသည့်ပုံပင်။ ထိုအချိန်တွင် သူတို့၏ ခန္ဓာကိုယ်များထဲမှ ထူထဲသိပ်သည်းသော အနက်ရောင်ချီတစ်မျိုး ချက်ချင်းဆိုသလို ထိုးထွက်လာ၏။ ၎င်းတို့မှာ လေထဲသို့ လျင်မြန်စွာ မြင့်တက်သွားပြီး သူတို့၏ ဦးခေါင်းများ၏ အထက်တွင် ဧရာမ အနက်ရောင်တံခါးပေါက်ကြီးတစ်ခုကို ဖန်တီးလိုက်ကြသည်။
ထိုအခါ ထိုလူကြီးနှင့် သစ်ပင်ကြီးတို့၏ မျက်နှာအမူအရာများမှာ အထိတ်တလန့်ဖြစ်သွားကြ၏။ သူတို့မှာ ပြိုင်တူလှုပ်ရှားကာ ထိုတိုက်ကွက်ကို တားဆီးနိုင်ရန် ကြိုးပမ်းလိုက်ကြသည်။ ထိုအခါ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အဖွဲ့ဝင်သုံးယောက်မှာလည်း အစွမ်းကုန် ကြိုးစား၍ သူတို့အား ပိတ်ပင်တားဆီးလိုက်ကြ၏။ ထိုအချိန်တွင် အနက်ရောင်တံခါးပေါက်ကြီးမှာ ဝုန်းခနဲ ပွင့်သွားပြီး အနက်ရောင်ချီလှိုင်းများ တလိပ်လိပ် ထွက်ပေါ်လာတော့သည်။ ထို့နောက် ထိုလိုဏ်ဂူကြီးထဲရှိ လူတိုင်း၏ ကျင့်ကြံခြင်းအဆင့်ထက် ပို၍သာလွန်ပြီး အမြုတေအဆင့် အထွတ်အထိပ်၌ရှိသော အံ့သြမှင်တက်ဖွယ်ရာ ဝိညာဉ်ချီတစ်မျိုး ထို အနက်ရောင်တံခါးပေါက်ထဲမှ ထိုးထွက်လာ၏။
၎င်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် လိုဏ်ဂူကြီးမှာ တုန်ရီသွား၏။ ထို့အပြင် ၎င်းထဲ၌ ကြောက်မက်ဖွယ်ကောင်းသော ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များနှင့် ရူးသွပ်မှုများလည်း ကိန်းအောင်းနေသေးသည်။ ထို့ကြောင့် ထို အနက်ရောင်တံခါးပေါက်ကြီး၏နောက်တွင် ကြောက်မက်ဖွယ်ရာ နတ်ဆိုးကြီးတစ်ကောင် ရှိနေသကဲ့သို့ပင်။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူများမှာ ချက်ချင်းပင်နောက်သို့ဆုတ်ခွာသွားကြ၏။ လူကြီးနှင့် သစ်ပင်ကြီးတို့မှာလည်း အထိတ်တလန့်ဖြစ်သွားကာ နောက်သို့ဆုတ်သွားကြပြီး ဟောင်းလောင်းပွင့်နေသော ထိုတံခါးပေါက်ကြီးအား မျက်တောင်မခတ်တမ်း စိုက်ကြည့်နေမိတော့သည်။
ထို အနက်ရောင်တံခါးကြီး ဝုန်းခနဲ ပွင့်သွားပြီးနောက် ကြက်သွေးရောင်ဝတ်ရုံတစ်ခုကို ဆင်မြန်းထားသော လူငယ်လေးတစ်ယောက် မြူခိုးများပေါ်တွင် နင်း၍ ထွက်လာ၏။
သူသည် ဖြူဖွေးသော အသားအရေနှင့် သိမ်မွေ့သော မျက်နှာအင်္ဂါရပ်များကို ပိုင်ဆိုင်ထားသည်။ သူ၏မျက်ဝန်းများမှာမူ အသက်အရွယ်အိုမင်းနေသည့် လူတစ်ယောက်နှင့် တူနေပြီး သူ၏အမူအရာမှာလည်း တည်ကြည်နေသည်။ ထို့အပြင် သူသည် သြဇာညောင်းသည့် ပုံစံလည်း ပေါက်နေ၏။ တချိန်တည်းမှာပင် သူ့ဆီမှ ကြီးမြတ်သော အငွေ့အသက်တစ်ခုလည်း ထွက်ပေါ်နေသေးသည်။ သူ၏ အရှိန်အဝါမှာ ပြည်ထောင်စုဥက္ကဋ္ဌကြီး၏ အရှိန်အဝါနှင့် အတိုင်းအတာတစ်ခုအထိ ယှဉ်နိုင်စွမ်း ရှိနေ၏။ သူတို့နှစ်ယောက်စလုံးမှာ ရာထူးဂုဏ်ရှိန် မြင့်မားကြသူများဖြစ်ပြီး ပြည်ထောင်စုကြီးတစ်ခုလုံးထဲတွင် အစွမ်းထက်ဆုံးသော လူပုဂ္ဂိုလ်များထဲတွင် ပါဝင်ကြပေသည်။
” ဂိုဏ်းချုပ်ကို ဂါရဝပြုပါတယ် ”
ရင်ဘတ်ထဲသို့ လက်နှိုက်၍ သူတို့၏ နှလုံးသားများကို ဆုပ်ကိုင်ထားကြသော အမြုတေအဆင့် ကျင့်ကြံသူသုံးယောက်မှာ ချက်ချင်းဆိုသလိုပင် ရိုသေလေးစားမှုအပြည့်ဖြင့် ခေါင်းငုံ့လိုက်ကြ၏။ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ အဖွဲ့ဝင်သုံးယောက်ပင်လျှင် ချက်ချင်းပင် နောက်သို့ဆုတ်ခွာသွားကြပြီး ထိုလူငယ်လေးအား တရိုတသေ ဦးညွှတ်ပြလိုက်၏။
ဝမ်ပေါင်လဲ့မှာလည်း အံ့ဩတုန်လှုပ်သွားရတော့သည်။ သူသည် ခြင်များ၏ မျက်လုံးများမှတစ်ဆင့် ထိုလူငယ်လေးအား စိုက်ကြည့်နေ၏။
ထိုလူငယ်လေးမှာ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သည်။
ဆည်းဆာကြယ်စင်စုဂိုဏ်းမှာ အဖွဲ့အစည်းထဲတွင် ဂိုဏ်းစောင့်အကြီးအကဲကြီးက အာဏာအရှိဆုံးဖြစ်သော အခြား နိုင်ငံရေးအင်အားစုများနှင့် မတူညီကြပေ။ ဆည်းဆာကြယ်စင်စုဂိုဏ်းထဲတွင် အာဏာအရှိဆုံးလူမှာ အကြီးအကဲတစ်ယောက်မဟုတ်ဘဲ ဂိုဏ်းချုပ် ဖြစ်နေ၏။ သူသည် ရှေးဟောင်းအစိမ်းရောင်ကြေးဓားကြီးဆီမှ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များနှင့် ကျင့်ကြံခြင်းနည်းလမ်းများကို ရရှိထားသူဖြစ်သည်။ ဂိုဏ်းတစ်ခုလုံးကို သူကိုယ်တိုင် ဖွဲ့စည်းတည်ဆောက်ထားခြင်းဖြစ်သည်။
” ငါတို့ရဲ့ဂိုဏ်းနဲ့ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုကြားက သဘောတူညီချက်က မပြောင်းလဲပါဘူး။ ဒီ သစ်သီးကို ငါတို့တွေ ခွဲယူကြမယ်။ ငါတို့ဂိုဏ်းအတွက် ခုနစ်ပိုင်း။ မင်းတို့မျိုးနွယ်စုအတွက် သုံးပိုင်း။ မင်းတို့က အကူအညီတွေ အများကြီး ပေးခဲ့တဲ့အပြင် သန္ဓေပြောင်းသစ်ပင်တွေကိုပါ ဒီနေရာအထိ မျှားခေါ်လာခဲ့တာပဲ။ မင်းတို့ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက်ကြောင့် ဆည်းဆာကြယ်စင်စုဂိုဏ်းက မင်းတို့လိုချင်သမျှ ဖြည့်ဆည်းပေးမယ် ”
ထိုလူငယ်လေးက ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုမှ ကျင့်ကြံသူသုံးယောက်အား အသာအယာ ခေါင်းညိတ်ပြလိုက်၏။ ထို့နောက် သူသည် ခြင်များကို လှမ်းကြည့်လိုက်သောအခါ ထိုခြင်များမှာ ချက်ချင်းဆိုသလိုပင် သေကျေပျက်စီးသွားကြတော့သည်။
ထို့နောက် ထိုလူငယ်လေးမှာ ဧရာမသစ်ပင်ကြီးနှင့် အနက်ရောင်ဝတ်ရုံနှင့် လူကြီးတို့ဘက်သို့ လှည့်လိုက်၏။
” ငါတို့ရဲ့ဂိုဏ်းနဲ့ ပူးပေါင်းပြီးတော့ ငါတို့ဂိုဏ်းအတွက် အသက်ပါပေးဖို့ ကျိန်ဆိုပြီး ဘဝကိုးပါးအဆိပ်ကို သောက်နိုင်မယ့်လူတွေကို ငါတို့ဂိုဏ်းက ကူညီပေးမယ်။ တခြား သန္ဓေပြောင်းသစ်ပင်တွေကို ဖျက်ဆီးချေမှုန်းမယ့် နေရာမှာ ကူညီပေးမဲ့အပြင် သစ်သီး အစိတ်သုံးစိတ်ရအောင်လည်း လုပ်ပေးမယ် ”
ထိုအခါ အနက်ရောင်ဝတ်ရုံနှင့် လူကြီးမှာ မျက်မှောင်ကြုတ်သွားပြီး ဧရာမသစ်ပင်ကြီးမှာမူ ဆိတ်ငြိမ်နေဆဲပင်။
ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုနှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့မှာ အစကတည်းက မဟာမိတ်ကြိုဖွဲ့ထားကြပြီး ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စုက ဆည်းဆာကြယ်စင်စုဂိုဏ်းအား အကူအညီပေးမည်ဟု သဘောတူထားခဲ့သည့်ပုံပင်။ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ဂိုဏ်းချုပ် ပေါ်ထွက်လာရခြင်းမှာ ငါးဆက်မြောက်ကောင်းကင်မျိုးနွယ်စု၏ အကူအညီများကြောင့် ဖြစ်နိုင်ပေသည်။ ထိုဂိုဏ်းချုပ်ကြီးမှာ သူ၏ အငွေ့အသက်များကို ချုပ်တည်းကာ သူ၏ ရောက်ရှိလာမှုကို ပြည်ထောင်စုကြီးထဲရှိ အခြားလူအားလုံးထံမှ ဖုံးကွယ်ထားနိုင်သဖြင့် အစီအစဉ်အားလုံးမှာ ချောမွေ့နေတော့သည်။