Switch Mode

အခန်း ( ၂၇၇ )

ကျိုးဖေကို သတ်ဖြတ်ခြင်း

ဓားအလင်းတန်း ဖြတ်သန်းသွားသည့် နေရာတိုင်းတွင် လူများ သေဆုံးသွားကြ၏။

အနက်ရောင် မျက်နှာဖုံးထဲရှိ မမလေး၏ ပြောစကားအရဆိုလျှင် ထိုဂါထာ၏ စွမ်းအားမှာ အခြားသူများကို ခြောက်လှန့်ရန်အတွက်သာ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ ၎င်းအား နည်းလမ်းအသစ်များဖြင့် အသုံးပြုနေပြီဖြစ်သည်။ သူသည် ထိုကဲ့သို့ ရုတ်ခြည်းဆိုသလို ထွက်ပေါ်လာသော အံ့သြမှင်တက်ဖွယ် စွမ်းအားများကို အသုံးပြုပြီး အားပြင်းသော ဖိအားတစ်ခုကို ဖန်တီး၍ အခြားသူများကို ကြောက်ရွံ့တုန်လှုပ်အောင် လုပ်ကာ သူတို့၏ အငွေ့အသက်များကို မတည်မငြိမ် ဖြစ်သွားအောင် လုပ်နေခြင်း ဖြစ်သည်။

ထို့ကြောင့် သူ၏ပုံစံမှာ သေမင်းကိုယ်တိုင် ရောက်ရှိလာသကဲ့သို့ ဖြစ်နေ၏။ သူဖြတ်သန်းသွားသည့် နေရာတိုင်းတွင် နာကျင်မှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်သံများ ထွက်ပေါ်လာကြပြီး လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့များ၏ အဆက်မပြတ် ပေါက်ကွဲသံများမှာလည်း လေထုထဲတွင် ပဲ့တင်ထပ်နေတော့သည်။ ထို့နောက် ပေါက်ကွဲမှုတစ်ခု ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီးနောက် ဝမ်ပေါင်လဲ့နှင့် အခြားကျင့်ကြံသူများမှာ လူစုကွဲသွားကြ၏။ မြေပြင်ပေါ်တွင်မူ ရုပ်အလောင်း တစ်ဒါဇင်ခန့် ပျံ့ကြဲနေပြီဖြစ်သည်။

အခြားသူများမှာလည်း ဒဏ်ရာရထားကြ၏။ အခြေတည်အဆင့်နှောင်းပိုင်း ကျင့်ကြံသူသုံးယောက်မှာ လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုးထဲတွင် ပျောက်ကွယ်သွားကြပြီဖြစ်ပြီး အခြားကျင့်ကြံသူများမှာလည်း နောက်သို့ အလျင်အမြန် ဆုတ်ခွာသွားကြ၏။ သူတို့မှာ ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် ဝမ်ပေါင်လဲ့အား စိုက်ကြည့်နေကြတော့သည်။

ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ ပြတ်တောင်းပြတ်တောင်းဖြစ်နေပြီး သူ၏ မျက်လုံးများမှာလည်း ဝင်းလက်စွာ တောက်ပနေ၏။ သူသည် ထိုကျင့်ကြံသူအဖွဲ့နှင့် ထိပ်တိုက် ရင်ဆိုင်တိုက်ခိုက်ပြီးသွားပြီ ဖြစ်ရာ သူ၏တိုက်ရည်ခိုက်ရည်များကို အကြမ်းဖျင်းခန့် သုံးသပ်နိုင်ခဲ့၏။ ထို့ကြောင့် သူသည် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့များကို ပြတ်ပြတ်သားသား ပစ်လွှတ်ကာ တတိယ‌မြောက် နှောင်းပိုင်း အခြေတည်အဆင့် ကျင့်ကြံသူအဖွဲ့အား အဝေးတစ်နေရာသို့ တည်နေရာ ပြောင်းရွှေ့လိုက်ပြီး အခြားကျင့်ကြံသူများစွာကို သတ်ဖြတ်လိုက်၏။

” ငါ နှောင်းပိုင်း အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက်နဲ့ ကောင်းကောင်းကြီး ယှဉ်နိုင်တာပဲ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့ထိတ်လန့်သွားကြသဖြင့် သူနှင့်ဝေးရာသို့ အလောတကော ထွက်ပြေးဆုတ်ခွာသွားကြသော ကျင့်ကြံသူများကို လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် အံ့ဩတုန်လှုပ်နေသော အမူအရာဖြင့် ခပ်လှမ်းလှမ်းတွင် ရပ်နေသည့် ကျိုးဖေအား လှည့်ကြည့်လိုက်ပြီး ပြုံးဖြဲဖြဲ ဖြစ်သွား၏။

” ကျိုးဖေ … မတွေ့ရတာတောင် ကြာပြီနော် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီး ကျိုးဖေဆီသို့ လျှောက်လှမ်းလာ၏။ ကျိုးဖေ၏ မျက်နှာမှာ ဖြူဆုတ်နေပြီဖြစ်သည်။ သူသည် ထိတ်လန့်တကြား အော်ဟစ်ကာ နောက်သို့ အလျင်စလို ဆုတ်ခွာသွား၏။

” အားလုံး။ အတူတူ ပေါင်းပြီးတော့ တိုက်ခိုက်ကြစို့။ သူ ကျင်းကြီးထဲကို ဖောက်ဝင်သွားမယ်ဆိုရင် ငါတို့ မျိုးနွယ်စုရဲ့အကြံအစည်တွေ ပျက်စီးသွားလိမ့်မယ်။ အဲ့ဒီအခါကျရင် ငါတို့တွေအားလုံး အပြစ်ပေးခံရမှာနော် ”

သူ၏စကားများကို ကြားလိုက်ရသောအခါ လူတိုင်း တွေဝေတုံ့ဆိုင်းသွားကြ၏။ ဝမ်ပေါင်လဲ့ ပေါ်လာခဲ့သည်မှာ အချိန်သိပ်မကြာသေးပါသော်လည်း သူ ထုတ်ပြခဲ့သော တိုက်ရည်ခိုက်ရည်များနှင့် ရက်စက်ကြမ်းကြုတ်မှုများကြောင့် သူတို့အားလုံးမှာ တုန်လှုပ်ချောက်ချားနေကြရပြီဖြစ်သည်။

သူသည် အစောပိုင်းအခြေတည်အဆင့်နှင့် အလယ်ပိုင်းအခြေတည်အဆင့် ကျင့်ကြံသူများကို အလွယ်တကူ သတ်ဖြတ်ခဲ့သည်မဟုတ်ပါလော။ သူတို့မှာ အုပ်စုဖွဲ့၍ တိုက်ခိုက်ခဲ့သည့်တိုင်အောင် ရလဒ်မှာ ပြောင်းလဲသွားခြင်းမရှိပေ။ နှောင်းပိုင်း အခြေတည်အဆင့် ကျင့်ကြံသူများသာလျှင် သူ့အား အနည်းငယ်ခန့် ခြိမ်းခြောက်နိုင်စွမ်းရှိကြသည်။ သို့သော် သူ့ဆီတွင် သူတို့အား အဝေးသို့ တည်နေရာပြောင်းရွှေ့ပစ်နိုင်သည့် ထူးဆန်းသော စွမ်းရည်တစ်မျိုး ရှိနေသေးသည်။

ထိုအချက်များကြောင့် ဝမ်ပေါင်လဲ့မှာ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာတစ်ခုလုံးနဲ့တွင် ပြိုင်ဘက်ကင်း ဖြစ်နေပြီဖြစ်သည်။

ကျိုးဖေ အော်ဟစ်လိုက်ပြီးနောက် အခြားသူများမှာ ဆုံးဖြတ်ချက် ပြတ်ပြတ်သားသား မချနိုင်ဘဲ တွေဝေတုံ့ဆိုင်းနေစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလို လှုပ်ရှားလိုက်၏။ သူ၏ အမြန်နှုန်းမှာ ရုတ်ခြည်းဆိုသလို ထိုးတက်သွားခဲ့သောကြောင့် သူ ရပ်နေခဲ့သည့်နေရာတွင် မှုန်ဝါးဝါးအရိပ်တစ်ခု ကျန်ရစ်ခဲ့၏။ ကျိုးဖေမှာ ဦးရေခွံတစ်ခုလုံး ထုံကျဥ်သွားပြီး ခဏအကြာတွင် ဝမ်ပေါင်လဲ့တစ်ယောက် သူ၏ရှေ့တည့်တည့်၌ ပေါ်လာသည်ကို ထိန်လန့်ကြောက်ရွံ့စွာနှင့် စိုက်ကြည့်နေမိတော့သည်။

” ဝမ်ပေါင်လဲ့။ ခဏနေပါဦး။ ငါပြောတာကို နားထောင်။ ငါက…. ”
ကျိုးဖေမှာ ရင်ခုန်နှုန်းများ မြန်ဆန်လာပြီး စတင်တောင်းပန်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူ၏ တောင်းပန်မှုအား လျစ်လျူရှူလိုက်ပြီး သူ၏ ညာလက်ကို ရုတ်ခြည်းဆိုသလို ဝှေ့ယမ်းလိုက်၏။ ထိုအခါ ဓားရှည်ကြီးမှာ ရက်စက်ကြမ်းကြုတ်ဖွယ်ကောင်းလောက်အောင် တောက်ပသွားပြီး ကျိုးဖေ၏ နှုတ်ခမ်းမှ နာကျင်မှုများနှင့် ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည့် အော်ဟစ်မြည်တမ်းသံများ ထွက်ပေါ်လာတော့သည်။ သူ၏ ညာလက်မှာ တိခနဲ ဖြတ်တောက်ခံလိုက်ရပြီးနောက် သူ၏ ခန္ဓာကိုယ်နှင့် တသီးတခြားစီ ဖြစ်သွားပြီး တစ်စစီ ပေါက်ကွဲသွားတော့သည်။

လက်ပြတ်သွားသဖြင့် ခန္ဓာကိုယ်တစ်ခုလုံး သွေးအလိန်းလိန်းနှင့် ဖြစ်နေသော ကျိုးဖေမှာ မျက်နှာတစ်ခုလုံး ဖြူဆုတ်သွားပြီး ထွက်ပြေးရန် ကြိုးပမ်းလိုက်၏။ သူ၏ မျက်ဝန်းများထဲတွင် မျှော်လင့်ချက်များ ပျက်သုဉ်းသွားသည့် အရိပ်အယောင်များနှင့် ခိုကိုးရာမဲ့ဖြစ်နေသည့် ခံစားချက်များဖြင့် ပြည့်နှက်သွားပြီး သူ၏ နှလုံးသားထဲတွင် လက်တုံ့ပြန်လိုသော စိတ်များဖြင့် ဆူပွက်လာ၏။ သို့သော် ထိုစိတ်များမှာ ဝမ်ပေါင်လဲ့၏ရှေ့တွင် အသုံးမဝင်ပေ။ သူ နောက်သို့ ခြေတစ်လှမ်း လှမ်းလိုက်သောအခါ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများမှာ ရက်စက်ကြမ်းကြုတ်စွာ တောက်ပသွားပြီး သူ၏ အေးစက်စက် စကားသံကြီးမှာလည်း ကျိုးဖေ၏ နားဘေးမှ ဖြတ်သွား၏။

” လက်တစ်ဖက်က မင်းငါ့ကို မရပ်မနား လိုက်ဖမ်းခဲ့တဲ့အတွက် ”

” နောက်ထပ်လက်တစ်ဖက်က…. မင်း ဆည်းဆာကြယ်စင်စုဂိုဏ်းနဲ့ ပေါင်းပြီးတော့ ငါ့ကို မရမက လိုက်ဖမ်းခဲ့တဲ့အတွက်…. ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုလိုက်ပြီးနောက် ကျိုးဖေ၏နှုတ်မှ နောက်ထပ် အော်ဟစ်သံတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့၏ ဓားရှည်ကြီးကြောင့် သူ၏ နောက်ထပ်လက်တစ်ဖက်မှာ ထပ်၍ ပြတ်တောက်သွားပြီး ချက်ချင်းပင် ပေါက်ကွဲသွားတော့သည်။

” ဒီလောက်နဲ့ မပြီးသေးဘူး။ ငါ့ရဲ့ ဓမ္မလက်နက်ကို လောဘတက်ခဲ့တဲ့အတွက် မင်းရဲ့ ခြေထောက်ကိုပါ ထပ်ဖြတ်ရမယ် ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆိုလိုက်ပြီး ကျိုးဖေအား တစ်ပတ်ပတ်၍ လမ်းလျှောက်လိုက်၏။ ထို့နောက် သူ၏ လက်ကိုမြှောက်၍ ကျိုးဖေ၏ ညာခြေထောက်ကို တိခနဲ ဖြတ်တောက်လိုက်ပြန်သည်။

လေထဲတွင် သွေးညှီနံ့များဖြင့် ပြည့်နှက်နေတော့သည်။ ကျိုးဖေမှာ မြေကြီးပေါ်သို့ ဘိုင်းခနဲ လဲကျသွား၏။ လက်နှစ်ဖက်နှင့် ခြေတစ်ဖက် ပြတ်သွားပြီဖြစ်ရာ သူသည် လုံးဝ ထွက်ပြေးလွတ်မြောက်နိုင်တော့မည် မဟုတ်ပေ။ သူ၏ ဆံပင်များမှာ ရှုပ်ပွနေပြီး သူသည် ကတုန်ကယင်နှင့် အော်ဟစ်မြည်တမ်းကာ သူ၏မျက်ဝန်းများထဲတွင်လည်း ကြောက်ရွံ့မှုများနှင့် မျှော်လင့်ချက်များ ပျက်သုဉ်းသွားသည့် အရိပ်အယောင်များဖြင့် ပြည့်နှက်နေတော့သည်။

သူတို့၏ ပတ်ပတ်လည်မှ ကျင့်ကြံသူများမှာ ထိုမြင်ကွင်းကြောင့် မှင်တက်သွားကြ၏။ အာနာပါနအဆင့် ကျင့်ကြံသူအားလုံးနီးပါးမှာ ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်ခွာသွားကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ဝမ်ပေါင်လဲ့မှာ နတ်ဆိုးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီ ဖြစ်သည်။

အခြေတည်အဆင့်ကျင့်ကြံသူများမှာလည်း တုန်လှုပ်ချောက်ချားနေကြ၏။ သူတို့ထဲမှ ခုနစ်ယောက် ရှစ်ယောက်ခန့်မှာ မျက်လုံးများ အရောင်လက်နေကြပါတော့လည်း ဝမ်ပေါင်လဲ့အား တားဆီးခြင်းမရှိပေ။

” နောက်ထပ် ခြေထောက်တစ်ဖက်ကကျတော့…. ”
ဝမ်ပေါင်လဲ့မှာ ကျိုးဖေအား စိုက်ကြည့်နေရင်း မည်သည့်စကားကို ဆက်ပြောရမှန်း မသိတော့သောကြောင့် နောက်ဆုံးကျန်ရစ်နေသော ခြေထောက်တစ်ဖက်ကို ဖြတ်တောက်ပစ်လိုက်တော့သည်။

” မင်းကို ကြည့်မရလို့ကွာ ”
ဝမ်ပေါင်လဲ့မှာ ထိုသို့ခုတ်ထစ်ပြီးမှ ဆိုလိုက်၏။ ထို့နောက် ကျိုးဖေမှာ သူ၏ခေါင်းပေါ်သို့ နောက်ဆုံးဓားချက်ကြီး ကျလာပြီး သူ၏ ခန္ဓာကိုယ်အား တိခနဲ ဖြတ်တောက်သွားသည်ကို မျက်လုံးပြူးကြီးများဖြင့် စိုက်ကြည့်နေမိတော့သည်။ သူသည် ချက်ချင်းပင် သေဆုံးသွား၏။

ကျိုးဖေ သေဆုံးသွားပြီးနောက် မျက်လုံးများ အရောင်လက်နေခဲ့သော အခြေတည်အဆင့် ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့်မှာ ရုတ်တရက်ဆိုသလို မန္တန်လက်ကွက်များ ဖော်လိုက်ကြပြီး သူ၏ရုပ်အလောင်းကို လက်ညှိုးထိုးလိုက်ကြ၏။

ထိုအခါ ကျိုးဖေ၏ ရုပ်အလောင်းမှာ ချက်ချင်းဆိုသလိုပင် ရှုံ့တွသွား၏။ ထို့နောက် သူ၏ အလောင်းထဲမှ မှုန်ဝါးဝါး အရိပ်တစ်ခု ထွက်ပေါ်လာပြီး ဝမ်ပေါင်လဲ့၏ ဓမ္မလက်နက် ပတ်ပတ်လည်တွင် ရစ်ပတ်လိုက်၏။ ထို့နောက် ၎င်းမှာ အသံမထွက်အောင် အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထို အော်ဟစ်သံကြီးမှာ တိုက်ကွက်တစ်ခုအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့၏ အသိစိတ်ကို ရိုက်ခတ်သွား၏။

ထို့နောက် ထို ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်ခန့်၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုစိတ်များ ဖျတ်ခနဲ လက်သွားကြပြီး သူတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ ရုတ်ခြည်းဆိုသလို ပြေးဝင်လာကြတော့သည်။

” သေစမ်း ”

နားစည်များပင် ကွဲအက်သွားစေနိုင်သော မိုးခြိမ်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး မန္တန်များနှင့် မရေမတွက်နိုင်လောက်အောင် များပြားသော နတ်ဘုရားရတနာများမှာ ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်တွင် ပေါက်ကွဲသွားကြ၏။ ထိုပေါက်ကွဲမှုများကြောင့် ဖုန်အလိမ်းလိမ်း ထလာပြီး သူ့အား လွှမ်းခြုံသွားကြတော့သည်။

ခဏအကြာတွင် ထို ဖုန်လုံးကြီးထဲမှ တအံ့တဩနှင့် ပင့်သက်ရှိုက်သံများ ထွက်ပေါ်လာကြ၏။ ထို ကျင့်ကြံသူ ခုနစ်ယောက် ရှစ်ယောက်မှာ နောက်ဘက်သို့ အလျင်စလို ခုန်ထွက်လိုက်ပါသော်လည်း နောက်ကျသွားပြီဖြစ်သည်။ ဓားရှည်ကြီးတစ်လက်၏ ဖျတ်ခနဲလက်သွားသော အလင်းတန်းတစ်ခုကြောင့် ထို ကျင့်ကြံသူများမှာ လေထဲတွင် ခေါင်းပြတ်သွားကြတော့သည်။

အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသောကြောင့် ဘေးပတ်ပတ်လည်မှလူများ မတုံ့ပြန်နိုင်ခင်မှာပင် ပြီးဆုံးသွား၏။

ထို့နောက် ဖုန်လုံးကြီး ပြန်လည်ငြိမ်ကျသွားသောအခါ ဆယ်မီတာခန့် မြင့်မားသော အရိပ်ကြီးတစ်ခု ပေါ်လာ၏။ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက ၎င်းမှာ လူတစ်ယောက် မဟုတ်ဘဲ ရုပ်သေးရုပ် တစ်ဒါဇင်အား တစ်ခုပေါ်တစ်ခုထပ်၍ ဖန်တီးထားသော ဒိုင်းကာကြီးတစ်ခုဖြစ်ကြောင်း မြင်နိုင်ပေမည်။

ထိုရုပ်သေးရုပ်များမှာ ပျက်စီးစ ပြုနေပြီဖြစ်သည်။ ၎င်းတို့မှာ အပိုင်းပိုင်းကျိုးပြတ်သွားပြီးနောက် အကာအကွယ်ဖန်သားပြင်ပေါင်း တစ်ဒါဇင်ခန့် ပေါ်လာ၏။ ထို ဖန်သားပြင်များ၏ နောက်တွင်မူ ဝမ်ပေါင်လဲ့ ရှိနေ၏။ သူ၏ ခန္ဓာကိုယ်ပေါ်တွင် ဒဏ်ရာတစ်ခုတလေပင် ရှိမနေပေ။

ထိုမြင်ကွင်းကြောင့် လူတိုင်းမှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားကြ၏။ သူတို့၏ ရင်ထဲမှ တုန်လှုပ်ချောက်ချားမှုများမှာ ပိုမို ပြင်းထန်လာပြီး ဝမ်ပေါင်လဲ့အား တိုက်ခိုက်ရန် ကြံရွယ်ထားကြသည့် လူများမှာလည်း ထိုအတွေးများကို ခေါင်းထဲမှ ထုတ်လိုက်ကြတော့သည်။

ဝမ်ပေါင်လဲ့မှာ အစွမ်းထက်လွန်းနေသည် မဟုတ်ပါလော။ လျှို့ဝှက်ဆန်းကြယ် လကမ္ဘာထဲတွင် ထိုကဲ့သို့သော လူမျိုးနှင့် ရင်ဆိုင်ရမည်ဆိုပါက ခိုကိုးရာမဲ့ ဖြစ်နေသလို ခံစားရမည်မှာ မလွဲဧကန်ပင်။

ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်လာပြီး အခြားကျင့်ကြံသူများအား အေးစက်စက် စိုက်ကြည့်လိုက်၏။ သူတို့ထဲတွင် နှောင်းပိုင်း အခြေတည်အဆင့် ကျင့်ကြံသူများ ရှိနေဆဲပင်။ သူတို့၏ အမူအရာမှာ အလွန်အင်မတန်မှ တည်ကြည်နေပြီး သူတို့မှာ နောက်သို့ဆုတ်ခွာသွားခြင်းမရှိဘဲ ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာကြ၏။

သူတို့၏ ရည်ရွယ်ချက်မှာ သိသာထင်ရှားပေသည်။ သူတို့မှာ တိုက်ခိုက်ရန် ဆန္ဒမရှိကြပေ။ သူတို့မှာ အဝေးတစ်နေရာသို့ တည်နေရာပြောင်းရွှေ့ခံရစေရန်သာ မျှော်လင့်နေကြခြင်းဖြစ်သည်။

သူတို့မှာ လူအ,များ မဟုတ်ကြပေ။ ဝမ်ပေါင်လဲ့မှာ ထိုဧရာမချိုင့်ကြီးကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သူတို့က သိထားပြီးသားဖြစ်သည်။ အကယ်၍ တစ်စုံတစ်ခုသာဖြစ်သွားမည်ဆိုပါက သူတို့၏ မိသားစု မျိုးနွယ်စုမှာ တာဝန်ယူရမည်ဖြစ်သည်။ အကယ်၍ သူတို့မှာ ဝမ်ပေါင်လဲ့ကြောင့် တည်နေရာပြောင်းရွှေ့ခံလိုက်ရမည်ဆိုပါက သူတို့ ယူရမည့် တာဝန်မှာ သိသိသာသာ လျော့နည်းသွားမည်ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ ထို နှောင်းပိုင်း အခြေတည်အဆင့် ကျင့်ကြံသူအချို့၏ ရည်ရွယ်ချက်များကို ချက်ချင်းပင် ရိပ်မိလိုက်၏။ သူတို့မှာ သူ့ကို ပြဿနာရှာကြမည်မဟုတ်ပေ။ ထို့ကြောင့် သူသည်လည်း အပြန်အလှန်အားဖြင့် လေးစားသမှု ပြန်ပြသင့်ပေသည်။ သူတို့မှာ တစ်ယောက်နှင့်တစ်ယောက်ကြားတွင် အငြှိုးအတေး လုံးဝမရှိကြသည် မဟုတ်ပါလော…

” ငါ့အတွက်လည်း အဆင်ပြေတယ် ”
ဝမ်ပေါင်လဲ့မှာ သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့များအား လက်တစ်ဆုပ်စာခန့် ပစ်လွှတ်လိုက်၏။ ထို ပုတီးစေ့များမှာ လေထဲတွင်ပေါက်ကွဲသွားကြပြီး မြူခိုးများအသွင် ပြောင်းလဲသွားကြ၏။ ထိုအခါ နှောင်းပိုင်း အခြေတည်အဆင့် ကျင့်ကြံသူများမှာ တစ်ခဏမျှ ရပ်တန့်သွားကြပြီး ထိုမြူခိုးများဆီသို့ ပြေးသွားကြ၏။ ထို့နောက် အလယ်အလတ် အခြေတည်အဆင့် ကျင့်ကြံသူ အနည်းငယ်မှာလည်း အသိစိတ်များ ပြန်ဝင်လာပြီး ချက်ချင်းဆိုသလိုပင် ပြေးထွက်သွားကြ၏။ သူတို့မှာ မြူခိုးထဲသို့ ဝင်ရောက်နိုင်ရန် အချင်းချင်း ရန်ဖြစ်နေကြတော့သည်။

လည်လည်ဝယ်ဝယ် မရှိကြသည့် လူအချို့မှာမူ ထိုမြူခိုးများ လွင့်ပါးပျောက်ကွယ်သွားသည်ကို ရီဝေဝေနှင့် ငေးကြည့်နေမိတော့သည်။ သူတို့မှာ ဝမ်ပေါင်လဲ့အား ကြည့်လိုက်ကြပြီးနောက် အခြားသူများအား လှမ်းကြည့်လိုက်ကြ၏။ ထို့နောက် လူတိုင်း တွေဝေတုံ့ဆိုင်းနေခြင်း မရှိတော့ဘဲ ချက်ချင်းပင် ဆုတ်ခွာသွားကြပြီး လူစုများခွဲကာ ထိုနေရာမှ ထွက်ခွာသွားကြတော့သည်။

ခဏာအကြာတွင် ထိုစခန်းကြီး တစ်ခုလုံးထဲ၌ ဝမ်ပေါင်လဲ့နှင့် မြေကြီးပေါ်၌ ပုံနေသော အလောင်းများသာ ကျန်ရစ်ခဲ့တော့သည်။ အခြား သက်ရှိတစ်ယောက်တလေပင် မရှိတော့ပေ။

” ပြီးခဲ့တဲ့နှစ်ရက်အတွင်း ငါ သတ်ခဲ့တဲ့ လူအရေအတွက်က ငါ အနှစ်နှစ်ဆယ်အတွင်း သတ်ခဲ့တဲ့ အရေအတွက်ထက် ပိုများနေပြီ ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်လိုက်ပြီး အချိန်အတော်အတန်ကြာအောင် ဆိတ်ငြိမ်နေလိုက်၏။ ထို့နောက် သူ၏နှလုံးသားထဲ၌ ဆူပွက်နေသည့် သွေးဆာနေသော ခံစားချက်များမှာလည်း တဖြည်းဖြည်းနှင့် ငြိမ်ကျလာ၏။ နောက်ဆုံးတွင် သူသည် မျက်လုံးပြန်ဖွင့်လိုက်ပြီး သူ၏ရှေ့တွင်ရှိနေသော ဧရာမချိုင့်ကြီးအား အကဲခတ်ကြည့်ရှုလိုက်၏။

” လက်တုံ့ပြန်မှ ဖြစ်မယ် ”

” အင်အားကြီးအဖွဲ့အစည်း နှစ်ခုနဲ့ ဧရာမသစ်ပင်ကြီးတို့ ပူးပေါင်းပြီးတော့ လိုက်ရှာနေတဲ့ ပစ္စည်းကို…. ငါ အလစ်သုတ်လို့ရရင် သုတ်ရမယ်။ တကယ်လို့မှ အလစ်မသုတ်နိုင်ဘူးဆိုရင်တောင် တခြားဘယ်သူမှ ပိုင်ဆိုင်လို့မဖြစ်လို့ ငါကိုယ်တိုင် ဖျက်ဆီးပစ်မယ် ”
ဝမ်ပေါင်လဲ့မှာ မျက်လုံးများအရောင်လက်သွားပြီး ထိုချိုင့်ကြီးဆီသို့ ပြေးသွားလိုက်ပြီး အတွင်းသို့ ဝင်ရောက်သွားတော့သည်။

သူ အထဲသို့ရောက်သွားသည်နှင့် တစ်ပြိုင်နက် အပူလှိုင်းတစ်လှိုင်းမှာ သူ့ဆီသို့ အရှိန်အဟုန်ဖြင့် တည်လာ၏။ ထိုချိုင့်ကြီး၏ အတွင်းပိုင်း တစ်နေရာထဲတွင် သွေးရောင်ကဲ့သို့ ရဲရဲနီနေသော အလင်းရောင်တစ်ခု ရှိနေ၏။ ၎င်း၏ အတွင်းပိုင်းထဲတွင် တစ်စုံတစ်ခု ထွက်ပေါ်လာရန် အစပျိုးနေသည့်ပုံပင်။ ထိုခံစားချက်ကြီးမှာ သူ သုံးချောင်းထောင် မီးဖိုလေး ရှိနေခဲ့သည့် အက်ကွဲကြောင်းကြီးကို ရှာတွေ့ခဲ့သည့်အချိန်တုန်းက ခံစားခဲ့ရသည့် ခံစားချက်ကြီးနှင့် ဆင်တူနေ၏။

သူ၏ ပတ်ပတ်လည်တွင် သစ်ပင်များနှင့် ကျောက်တုံးများ ပေါင်းစည်းနေကြသည့် အရိပ်အယောင်များကိုလည်း မြင်နိုင်၏။

ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ ထိုထဲတွင် ရှိနေမည့် ကျင့်ကြံသူများမှာ အမြုတေအဆင့် ကျင့်ကြံသူများ ဖြစ်နိုင်ကြောင်း သူက သိထားပြီးသား ဖြစ်သည်။ ထို့ကြောင့် သူသည် လျှို့ဝှက်ဆန်းကြယ် မှော်လမ်းကြောင်းမြူခိုး ပုတီးစေ့များကို လက်တစ်ဆုပ်စာ ထုတ်ယူလိုက်ပြီး အထဲသို့ ပြေးဝင်သွားလိုက်တော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset