ဝမ်ပေါင်လဲ့သည် ဆည်းဆာကြယ်စင်စုဂိုဏ်းကိုဖြစ်စေ၊ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်ကိုဖြစ်စေ ကြားနေဝါဒဖြင့်သာ ဆက်ဆံခဲ့လေသည်။ အကယ်၍ သူတို့သာ သူ့ကိုရန်မပြုပါက သူသည်လည်း ထိုသူများကို ရန်ပြုမည်မဟုတ်ပေ။ သို့သော် သူ လကမ္ဘာပေါ်သို့ ရောက်ကတည်းက ထိုနှစ်ဖွဲ့နှင့် အကြိမ်များစွာ ရင်ဆိုင်ခဲ့ရသည်။
သူသည် ဆည်းဆာကြယ်စင်စုဂိုဏ်းကို အတိုးနှင့်ပြန်၍ လက်စားချေပြီးပေပြီ။ သူ့နောက်သို့ လိုက်လာသည့်သူများအားလုံးကို သတ်ပစ်လိုက်ပြီဖြစ်သည်။ သို့သော် သူသည် အမြုတေအဆင့်အဘွားကြီးကို မသတ်နိုင်ပေ။ သို့ပေသည့် အဘွားကြီးသည်လည်း လကမ္ဘာပေါ်တွင်ရှိနေစဉ်တွင် သူ့ကို မည်သို့မှဆက်ဒုက္ခပေးနိုင်မည် မဟုတ်တော့ပေ။ အဘွားကြီးသည် ဝမ်ပေါင်လဲ့တစ်ယောက် သူမ၏လူများအား သတ်နေခြင်းကို မတားဆီးနိုင်ဘဲ လက်မှိုင်ချကြည့်နေရသည့်ခံစားချက်ကြောင့် ရူးလောက်အောင်ဒေါသထွက်နေမည်သာဖြစ်သည်။
‘ ဆည်းဆာကြယ်စင်စုဂိုဏ်းမှာ ငါသတ်ရမယ့်လူတစ်ယောက်ရှိသေးတယ်…ချန်ဟွေ့… ’
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် အေးစက်စက်အလင်းတစ်ချက် ဖြတ်သန်းသွား၏။ သူသည် အဘွားကြီး၏တပည့်၏အမည်ကို သိခဲ့ပြီဖြစ်သည်။ သူသည် ထိုနှစ်ယောက်ကြားမှ ပတ်သက်မှုကိုလည်း သိခဲ့ပေပြီ။
သူ သတ်ရန်ကျန်သော အခြားတစ်ယောက်မှာ ကျိုးဖေပင်။ လက်ရှိတွင် ချန်ဟွေ့ကို မတွေ့ရသေးပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့သည် ကျိုးဖေအပေါ်တွင်သာ အာရုံစိုက်ထားလိုက်သည်။ ထို့ပြင် သူသည် သူ့စာရင်းထဲရှိ ဆည်းဆာကြယ်စင်စုဂိုဏ်းမှလူတော်တော်များများကို သတ်ပြီးသွားပြီဖြစ်သော်လည်း ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ လူတစ်ယောက်ကိုမှ မထိရသေးပေ။
‘ ငါတို့က လူတွေကိုဆက်ဆံတာနဲ့ ကိစ္စတွေကို ကိုင်တွယ်တဲ့နေရာမှာ မျှမျှတတရှိရမှာပေါ့ ’
ဝမ်ပေါင်လဲ့ မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ချဉ်းကပ်လာသော ဥက္ကာခဲကြီးတစ်ခဲကဲ့သို့ အမြန်ဆုံးအရှိန်ဖြင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ အခြေစိုက်စခန်းကို သွားနေလေသည်။ လကမ္ဘာအမှောင်ခြမ်းရှိ တောအုပ်ထဲတွင် ပုန်းအောင်းနေသော လဝိညာဉ်များနှင့် မျက်လုံးဖုတ်ကောင်များသည် သူ့ကိုမြင်လိုက်သည့်အခါတိုင်း ခေါင်းငုံ့၍ဦးညွှတ်လိုက်ကြသည်။
ဝမ်ပေါင်လဲ့သည် လျင်မြန်သောအရှိန်ဖြင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ အခြေစိုက်စခန်းဆီသို့ အတားအဆီးမရှိ ချဉ်းကပ်လာလေတော့သည်။ သူ နှစ်နာရီကြာပြေးပြီးနောက် ကောင်းကင်ပေါ်တွင် မိုးခြုန်းသံကဲ့သို့ကျယ်လောင်သည့် အသံကြီးတစ်သံထွက်ပေါ်လာ၏။ အမြုတေအဆင့် အရှိန်အဝါတစ်ခု လေထဲတွင်ထွက်ပေါ်လာပြီး အဘွားကြီးတစ်ဦး၏ ကျယ်လောင်စွာ အော်ဟစ်သံတစ်သံ ပဲ့တင်ထပ်သွားလေသည်။
“ ဝမ်… ”
သူမ၏ စကားမဆုံးခင်မှာပင် ဝမ်ပေါင်လဲ့သည် ခေါင်းပင်လှည့်မကြည့်ဘဲ မှော်လမ်းကြောင်းပုတီးစေ့လက်တစ်ဆုပ်ကို ပစ်လွှတ်လိုက်သည်။ ၎င်းတို့သည် သူမပတ်ပတ်လည်တွင် ရုတ်ခြည်းပေါက်ကွဲသွား၏။ မြူခိုးများသည် လှိုင်းလုံးများသဖွယ် ပျံ့နှံ့သွားပြီး ဝမ်ပေါင်လဲ့ကိုမီလာသော အဘွားကြီးအပါအဝင် အရာအားလုံးကို လျင်မြန်စွာလွှမ်းခြုံသွားလေသည်။
“ သေစမ်း..သေစမ်း…သေစမ်း… ”
အဘွားကြီးသည် ဒေါသတကြီးအော်ဟစ်လိုက်သည်။ သူမ၏ ဆံပင်များပင် ပြေလျော့သွားပြီး ပခုံးပေါ်တွင် ရှုပ်ပွသွားလေသည်။ သူမသည် သတိကြီးကြီးထား၍ သူမကိုယ်သူမ ထိန်းချုပ်ထားခဲ့၏။ သူမသည် အနီးကပ်တိုက်မည့်အစား သူမ၏နတ်ဘုရားရတနာများကိုသုံး၍ အဝေးမှလှမ်းတိုက်ရန် ကြံရွယ်ထားခဲ့ခြင်းပင်။ သို့သော် မှော်လမ်းကြောင်းပုတီးစေ့များသည် အလွန်အစွမ်းကြီးပေသည်။ ၎င်းတို့နှင့် ထိတွေ့မိလျှင် နတ်ဘုရားရတနာဖြစ်စေ၊ ကျင့်ကြံသူဖြစ်စေ ရုတ်ခြည်းတည်နေရာရွှေ့ပြောင်းခံရမည်သာဖြစ်သည်။
ထို့ပြင် ဝမ်ပေါင်လဲ့သည် ပုတီးစေ့များကို လက်တစ်ဆုပ်စာ ပစ်လွှတ်လိုက်ခြင်းပင်။ ထိုနေရာတွင် မြူခိုးများ ချက်ချင်းလွှမ်းခြုံသွား၏။ အဘွားကြီးသည် မြူခိုးများကို မရှောင်နိုင်တော့ဘဲ မြူခိုးများနှင့်ရစ်ပတ်ကာ အခြားနေရာတစ်ခုသို့ ဒုတိယအကြိမ် အတင်းအကြပ်တည်နေရာရွှေ့ပြောင်းခြင်းခံလိုက်ရလေတော့သည်။
“ ဝမ်ပေါင်လဲ့… ငါမင်းကို သတ်ပစ်မယ် ”
အဘွားကြီးသည် လကမ္ဘာအလင်းခြမ်းရှိ နေရာတစ်ခုတွင် ပြန်ပေါ်လာသည်။ သူမ၏ မျက်နှာသည် ရှုံ့တွနေပြီး မျက်လုံးများထဲတွင်လည်း သွေးကြောများ ထွက်ပေါ်နေပေပြီ။ မချင့်မရဲခံစားချက်များနှင့် လက်ပိုက်ကြည့်နေရသကဲ့သို့ခံစားချက်များကြောင့် သူမ ဒေါသအမျက်ချောင်းချောင်းထွက်လာလေသည်။ သူမသည် နီရဲသောမျက်လုံးများနှင့် လကမ္ဘာအမှောင်ခြမ်းဆီသို့ အရှိန်အဟုန်အပြည့်ဖြင့် နောက်တစ်ကြိမ်ပြေးထွက်သွားသောအခါ မြေကြီးပင် မြည်ဟည်းသွားလေသည်။
ဝမ်ပေါင်လဲ့သည် ခေါင်းလှည့်၍ အဘွားကြီးရှိနေခဲ့သည့်နေရာကို အေးစက်စက်ငေးကြည့်လိုက်သည်။ သူရှေ့သို့ပြန်လှည့်လိုက်ပြီး ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ အခြေစိုက်စခန်းသို့ ဆက်သွားလိုက်၏။ သူ၏ အရှိန်သည်နှေးမသွားဘဲ ပို၍ပင် မြန်လာလေသည်။
အဝေးမှကြည့်လျှင် သူသည် မြေပြင်အနီးတွင် ကပ်၍ပျံသန်းနေသော သက်တန့်ရောင်မြားရှည်တစ်ချောင်းဟု ထင်ရလေသည်။ သူသည် တောအုပ်ကိုဖြတ်၍ ရှေ့သို့ပြေးလွှားနေပြီး နောက်ဆုံးတွင် ယခင်က သူ ရောက်သွားခဲ့သည့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ အခြေစိုက်စခန်းသို့ ရောက်လာလေတော့သည်။
အခြေစိုက်စခန်းအတွင်းရှိ ချိုင့်ကြီးသည် ယခင်ကအရွယ်အစားထက် များစွာကြီးမားနေပြီဖြစ်သည်။ ဧရာမသစ်ပင်နှင့် အမြုတေအဆင့်ကျင့်ကြံသူအဘိုးကြီးကို စခန်းထဲတွင် မမြင်ရတော့ပေ။ သို့သော် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျင့်ကြံသူတစ်ရာကျော်သည် ချိုင့်ကြီးပတ်လည်တွင် တင်ပျဉ်ခွေထိုင်နေကြလေသည်။ သူတို့သည် ထိုနေရာကို စောင့်ကြပ်၍ တည်ငြိမ်အောင်လုပ်နေသည့်ပုံပင်။
ထိုအထဲတွင် အာနာပါနအဆင့်ကျင့်ကြံသူ တစ်ရာခန့်နှင့် အခြေတည်အဆင့်ကျင့်ကြံသူ သုံးဆယ်ခန့်ပါ၏။ ယင်းအပြင် ကျိုးဖေလည်းပါလေသည်။ အခြေတည်နှောင်းပိုင်းအဆင့်ရှိနေသော ကျင့်ကြံသူခုနစ်ဦးလည်း ရှိလေသည်။ သူတို့အားလုံးသည် ချိုင့်ကြီးပတ်လည်တွင် တင်ပျဉ်ခွေထိုင်နေပြီး သူတို့၏ ပတ်ဝန်းကျင်ကို သတိကြီးကြီးဖြင့် စောင့်ကြည့်နေကြသည်။
မကြာခဏဆိုသလို သူတို့စောင့်ကြပ်နေသည့် ချိုင့်ကြီးအတွင်းမှ ကျယ်လောင်သောအသံကြီးများ ထွက်ပေါ်လာ၏။ ထိုကြီးမားသော ချိုင့်ကြီးထဲတွင် ကြီးကျယ်သောအခမ်းအနားတစ်ခု ကျင်းပနေသကဲ့သို့ပင်။
ဝမ်ပေါင်လဲ့သည် လေကိုခွင်းလာသော မြားတစ်စင်းသဖွယ် အဝေးမှရောက်ရှိလာ၏။ ထိုကျင့်ကြံသူများ၏ သတိကြီးကြီးထားနေသော မျက်လုံးများကို လှစ်ခနဲ ဖြတ်ကျော်သွား၏။ အခြေတည်အဆင့်ကျင့်ကြံသူများသည် သူရောက်ရှိလာသည်ကို ရုတ်ခြည်းအာရုံခံမိလိုက်၏။ သူတို့သည် ခေါင်းလှည့်၍ သတ်ဖြတ်လိုသောအငွေ့အသက်များနှင့် တောအုပ်အတွင်းမှ ထွက်လာသော ဝမ်ပေါင်လဲ့ကို ကြည့်လိုက်ကြသည်။
ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှလူများသည် ချက်ချင်းပင် တုံ့ပြန်လိုက်သည်။ အခြေတည်အဆင့်ကျင့်ကြံသူများသည် အစပိုင်းတွင် ဝမ်ပေါင်လဲ့ကို မမှတ်မိကြပေ။ သို့သော် ဤအခြေစိုက်စခန်းသည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်အတွက် အရေးကြီးသောအခြေစိုက်စခန်းတစ်ခုဖြစ်လေသည်။ ကျင့်ကြံသူအများစုသည် ဝမ်ပေါင်လဲ့ပေါ်လာသည်နှင့်တစ်ပြိုင်နက် တုံ့ဆိုင်းခြင်းမရှိဘဲ တိုက်ခိုက်လိုက်ကြသည်။
“ မင်းက သေချင်နေတာပဲ ”
အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးနှင့် အခြေတည်အလယ်အလတ်အဆင့် ကျင့်ကြံသူသုံးဦးသည် ဝမ်ပေါင်လဲ့နှင့် အနီးဆုံးဖြစ်လေသည်။ သူတို့သည်လည်း တုံ့ဆိုင်းခြင်းမရှိဘဲ ထရပ်ကာ ဝမ်ပေါင်လဲ့ထံသို့ ပြေးထွက်သွားကြ၏။
“ ငါနဲ့ ရန်ငြိုးရှိတဲ့လူက ကျိုးဖေပဲ… ဒါပေမဲ့ ငါ့လမ်းကိုပိတ်တဲ့သူမှန်သမျှ…သေမယ်ကွ ”
ဝမ်ပေါင်လဲ့၏မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောအငွေ့အသက်များ တောက်လောင်နေလေသည်။ သူ၏ အရှိန်သည် မလျော့သွားပေ။ သူသည် ညာလက်ကို ဝှေ့ယမ်းလိုက်ရာ ဓမ္မလက်နက်ဓားကြီးပေါ်လာ၏။ သူသည် ဓားကြီးကို ကျစ်ကျစ်ပါအောင်ဆုပ်၍ သူ့ထံသို့ ဝင်လာသော ကျင့်ကြံသူလေးဦးကို ခုတ်ချလိုက်သည်။
အနက်ရောင်လေဆင်နှာမောင်းကြီးနှင့် မိကျောင်းကြီး ထွက်ပေါ်လာ၏။ ဓားကြီး၏ စွမ်းအားသည် အံ့အားသင့်ဖွယ်ပင်။ ဓားချက်သည် လေထဲတွင် မြည်ဟည်းသွားပြီး သူ့ကိုတားဆီးရန် ပြေးထွက်လာသော အခြေတည်အဆင့်ကျင့်ကြံသူလေးဦးကို တုန်လှုပ်သွားစေလေသည်။ အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူသည် တစ်ခဏမျှ အသက်ရှူရပ်သွား၏။ ထို့နောက် သူသည် လက်ဟန်များ ဖော်လိုက်ပြီး နတ်ဘုရားရတနာများကိုဆင့်ခေါ်၍ အကာအကွယ်အလွှာပြုလုပ်ရန် အဆောင်စက္ကူများကိုလည်း ဆင့်ခေါ်လိုက်သည်။ ကျန်အခြေတည်အလယ်အလတ်အဆင့် ကျင့်ကြံသူသုံးဦးသည်လည်း ထိုကဲ့သို့ လျင်မြန်စွာလိုက်လုပ်လိုက်ကြသည်။ သို့သော် သူတို့သည် ဝမ်ပေါင်လဲ့၏တိုက်ခိုက်မှုကို ခံနိုင်မည်မဟုတ်ကြောင်း ထင်ရှားလေသည်။ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူသည်လည်း ခံနိုင်မည်မဟုတ်ပေ။
ကျယ်လောင်သောအသံကြီးတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်သွားသည်။ နာကျင်စွာအော်ဟစ်လိုက်သံများလည်း ထွက်ပေါ်လာ၏။ အခြေတည်အလယ်အလတ်အဆင့် ကျင့်ကြံသူသုံးဦး၏ ခုခံမှုသည် ဝင်ရောက်လာသောဓားချက်ကြီးအောက်တွင် အသုံးမဝင်ဖြစ်သွားသည်။ သူတို့၏ အကာအရံများသည် ချက်ချင်းပင် ပျက်ဆီးပျောက်ကွယ်သွားသည်။ ထို့နောက် ကျင့်ကြံသူများ တုန်ခါသွားပြီး သူတို့၏နှုတ်ခမ်းဖျားမှ ကြောက်မက်ဖွယ်အော်သံများထွက်ပေါ်လာချိန်တွင် သူတို့၏ခန္ဓာကိုယ်များသည် အပိုင်းပိုင်းပြတ်သွားလေတော့သည်။
ထိုထဲမှတစ်ယောက်၏ ခေါင်းပြတ်ကြီးသည် လေထဲသို့လွင့်သွား၏။ အခြားတစ်ယောက်၏ ခန္ဓာကိုယ်တစ်ဝက်သည် ပေါက်ကွဲသွားသည်။ အရှေ့သို့ အရင်ဆုံးထွက်လာသည့် တတိယတစ်ယောက်သည် သွေးအမှုန်အမွှားများအဖြစ် ပြောင်းလဲသွားလေသည်။ အခြေတည်နှောင်းပိုင်းအဆင့် ကျင့်ကြံသူသာ အသက်နှင့်ကိုယ်မြဲ၍ ကျန်ခဲ့လေသည်။ သူသည် သူ့တွင်ရှိသမျှ အရာအားလုံးကိုအသုံးပြု၍ ဝင်ရောက်လာသည့် ဓားချက်ကြီး၏ အလင်းကိုခုခံလိုက်ခြင်းပင်။ ထိုဓားချက်ကို ခုခံလိုက်ပြီးနောက် သူ့မျက်နှာတွင် သွေးရောင်မရှိတော့ချေ။ သူ၏မျက်ဝန်းများထဲတွင်လည်း တုန်လှုပ်မှုများနှင့် ပြည့်နေပေပြီ။ သို့သော် သူ့ထံတွင် စွမ်းအင်များကျန်နေသေးပေသည်။ သူသည် နောက်သို့မဆုတ်လိုက်ဘဲ ရုတ်တရက် လျင်မြန်စွာဖြင့် ရှေ့သို့ပြေးသွားပြီး ဝမ်ပေါင်လဲ့ရှေ့သို့ ရောက်သွားလေသည်။ သူ တိုက်ခိုက်ရန် ဟန်ပြင်လိုက်၏။
“ ထွက်သွားစမ်း ”
အကယ်၍အချိန်သာရမည်ဆိုလျှင် ဝမ်ပေါင်လဲ့သည် အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူနှင့် တိုက်ခိုက်ရန် မကြောက်ပေ။ သူသည် သူ၏အစွမ်းကို စမ်းသပ်ရဦးမည်မဟုတ်ပေလော။ သို့သော် လောလောဆယ် ထိုအတွက် သူ့တွင် အချိန်မရှိပေ။ သူသည် ဘယ်ဘက်လက်ကို ဝှေ့ယမ်း၍ မှော်လမ်းကြောင်းပုတီးစေ့တစ်စေ့ကို ပစ်လွှတ်လိုက်သည်။
ပုတီးစေ့သည် ပေါက်ကွဲသွားပြီး မြူခိုးများသည် လှိုင်းလုံးများသဖွယ် ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့ရှေ့သို့ရောက်လာပြီး တိုက်ခိုက်ရန်ပြင်နေသော အခြေတည်နှောင်းပိုင်းအဆင့်ကျင့်ကြံသူသည် ရုတ်တရက်ကြောင်သွားလေသည်။ သူ မတုံ့ပြန်နိုင်ခင်မှာပင် မြူခိုးများသည် သူ့ကိုလွှမ်းခြုံ၍ သူ့အား အဝေးသို့ တည်နေရာရွှေ့ပြောင်းလိုက်လေတော့သည်။
အရာအားလုံးသည် အလွန်လျင်မြန်စွာ ဖြစ်ပျက်သွားခြင်းပင်။ ဝမ်ပေါင်လဲ့ ရုတ်တရက် ထွက်ပေါ်လာခြင်း၊ လူလေးယောက်က သူ့ကိုတားရန် ကြိုးစားလိုက်ခြင်းနှင့် ထိုထဲမှ တစ်ယောက်က ပျောက်ကွယ်သွားပြီး ကျန်သုံးယောက်က သေသွားခြင်းတို့သည် အခြားသူများ မတုံ့ပြန်နိုင်ခင် မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခြင်းဖြစ်သည်။
လူအားလုံးသည် သူတို့မျက်စိရှေ့တွင် ဖြစ်ပျက်သွားသော မြင်ကွင်းများကြောင့် တုံ့ဆိုင်းသွားကြ၏။ သူတို့သည် မယုံနိုင်ဖြစ်သွားကြပြီး ရင်ထဲတွင် ခံစားချက်များ လှိုင်းထလာလေသည်။ အထူးသဖြင့် ကျိုးဖေသည် ပို၍မယုံနိုင်အောင်ဖြစ်နေသည်။
“ ဝမ်ပေါင်လဲ့… ”
ကျိုးဖေမျက်လုံးပြူးသွားပြီး အသက်ရှူရပ်သွား၏။ သူသည် သူ၏မျက်လုံးကိုပင် မယုံနိုင်ဖြစ်နေသည်။ အခြေစိုက်စခန်းကို စောင့်ကြပ်ရန် သူ့ကို ဂိုဏ်းကဆင့်ခေါ်ခဲ့၏။ မတော်တဆမှုများဖြစ်ပေါ်မလာစေရန် သူတို့၏ ကျောက်စိမ်းပြားများကို သိမ်းယူထားပြီး အပြင်နှင့် မည်သည့်အဆက်အသွယ်ကိုမဆို ကန့်သတ်ထားလေသည်။ ဝမ်ပေါင်လဲ့ အသက်ရှင်ခဲ့ပြီး ပြန်ရောက်လာပြီဖြစ်ကြောင်းကို သူမသိခဲ့ပေ။ ဝမ်ပေါင်လဲ့ ရုတ်တရက်ထွက်ပေါ်လာပြီး တုန်လှုပ်ဖွယ် အစွမ်းများထုတ်ပြသွားသည်ကို မြင်လိုက်ရသောအခါ ကျိုးဖေသည် ထိန်းမနိုင်သိမ်းမရ ကြောက်ရွံ့တုန်လှုပ်သွားလေသည်။
ကျန်လူအားလုံးသည်လည်း အံ့ဩတကြီးဖြင့် ကြက်သေ,သေနေကြ၏။ ကျိုးဖေသည် ထိတ်လန့်တကြား ပင့်သက်ရှိုက်လိုက်၏။ ဝမ်ပေါင်လဲ့၏ အေးစက်စက်အကြည့်သည် လူအုပ်ကြားတွင်ရပ်နေသော ကျိုးဖေပေါ်သို့ ကျရောက်သွားသည်။
“ ကျိုးဖေ… ”
ဝမ်ပေါင်လဲ့၏ နှုတ်ခမ်းစွန်းနှစ်ဖက်သည် တွန့်တက်သွားပြီး ခက်ထန်သောအပြုံးတစ်ခုပေါ်လာ၏။ ထိုအခိုက်တွင် သူ၏အကြည့်သည် ကျိုးဖေတစ်ဦးတည်းအပေါ်သာ ကျရောက်နေသည်။ ဝမ်ပေါင်လဲ့ ထိုနေရာသို့လာခဲ့သည် တစ်ခုတည်းသောရည်ရွယ်ချက်မှာ ကျိုးဖေကို သတ်ရန်သာဖြစ်သည်။ ထို့ကြောင့် သူသည် ကျိုးဖေထံသို့ သတ်ဖြတ်မည့်ဟန်ဖြင့် ပြေးဝင်သွားလေသည်။
ကျိုးဖေမှာ ခေါင်းထဲတွင် မိုက်ခနဲဖြစ်သွားပြီး နောက်သို့လျင်မြန်စွာဆုတ်ကာ အော်ပြောလိုက်သည်။
“ ဒီကောင်က အကြီးအကဲပြောထားတဲ့ကောင်ပဲ… ငါတို့ နှုတ်ပိတ်ရမယ်ဆိုတဲ့ကောင်… အားလုံး သူ့ကိုသတ်ကြ… သူ့မှာ သတ္တမအဆင့် ဓမ္မလက်နက်ရှိတယ် ”
ကျိုးဖေ၏ နှုတ်ခမ်းမှ ထိုစကားလုံးများ ထွက်ပေါ်လာသောအခါ လူသုံးဆယ်ကျော်သည် ရှေ့သို့ပြေးထွက်ကာ ဝမ်ပေါင်လဲ့ထံသို့ ပြေးသွားလိုက်ကြသည်။ ကျိုးဖေသည် ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ မျက်နှာပေါ်တွင် တုန်လှုပ်မှုအရိပ်အယောင်များ ဖြတ်သန်းသွားပြီး သူ၏မျက်လုံးထဲတွင် ကောက်ကျစ်မှုများ ပေါ်လာလေတော့သည်။
“ ဝမ်ပေါင်လဲ့… မင်းက ဒီနေရာအထိရောက်လာတာက ငါတို့ကို လက်ဆောင်လာပေးသလိုပဲကွ ”
“ ကောင်းပြီ… မင်းတို့က ကိုယ့်သေလမ်းကိုယ်ရှာနေတယ်ဆိုတော့လည်း ငါ့ရဲ့အစွမ်း ဘယ်လောက်ရှိလဲဆိုတာ ကြည့်ကြတာပေါ့ ”
လူသုံးဆယ်ကျော်သည် ဝမ်ပေါင်လဲ့ထံ ပြေးသွားနေ၏။ ထိုထဲမှ အများစုသည် အခြေတည်အဆင့်ကျင့်ကြံသူများဖြစ်ပြီး အာနာပါနအဆင့်ကျင့်ကြံသူ အနည်းငယ်သာပါလေသည်။ ဝမ်ပေါင်လဲ့သည် မျက်မှောင်ကြုတ်လိုက်ပြီး တီးတိုးရေရွတ်လိုက်သည်။
“ ဉာဏ်အလင်းပွင့်စေသော် ”
ကောင်းကင်နှင့် မြေကြီးသည် တုန်ခါသွားသကဲ့သို့ပင်။ ကောင်းကင်သည် ပုံစံပြောင်းသွား၏။ စကြဝဠာနက်နက်ရှိုင်းရှိုင်းနေရာမှ အရှိန်အဝါတစ်ခုသည် စကြဝဠာကိုဖြတ်သန်း၍ သူတို့အပေါ်သို့ ကျဆင်းသွားသကဲ့သို့ ခံစားလိုက်ရ၏။ ထိုအရှိန်အဝါသည် လကမ္ဘာပေါ်သို့ ကျဆင်းလာပြီး ကောင်းကင်ပေါ်တွင် မြည်ဟည်းကာ ရုတ်တရက် ပြန့်ထွက်သွားလေသည်။ ဝမ်ပေါင်လဲ့ထံသို့ ပြေးသွားနေကြသော ကျင့်ကြံသူတစ်အုပ်သည် အပြင်းအထန်တုန်ခါသွားပြီး သူတို့၏ မျက်နှာပေါ်တွင် တုန်လှုပ်မှုများ ပေါ်လာလေတော့သည်။
သူတို့သည် ကြောက်ရွံ့တုန်လှုပ်စွာ ရပ်တန့်နေစဉ် ဓမ္မလက်နက်မှနေ၍ စူးရှသောအလင်းတစ်ခုထွက်လာပြီး ဝမ်ပေါင်လဲ့ရပ်နေခဲ့သောနေရာတွင် အစားထိုးနေရာယူသွားသည်။ ထိုအလင်းသည် ခက်ထန်ကြမ်းကြုတ်သော အနက်ရောင်မိကျောင်းကြီးအဖြစ်ပြောင်းလဲသွားပြီး ထိုလူအုပ်ထံသို့ တန်းတန်းမတ်မတ် ပျံဝင်သွားလေသည်။
ဝမ်ပေါင်လဲ့၏လက် မြောက်တက်သွားပြီး ဓားချက်ကြီး ကျဆင်းသွားကာ ခေါင်းများပြတ်သွားကြ၏။
သူတို့အားလုံး သေဆုံးသွားလေတော့သည်။