အခြေစိုက်စခန်းအတွင်းရှိ အခြေတည်အဆင့်ကျင့်ကြံသူအများစုသည် ဝမ်ပေါင်လဲ့ကိုသတ်ရန် ထွက်သွားခဲ့ကြသည်။ ထို့ကြောင့် အခြေစိုက်စခန်းတွင် အခြေတည်အဆင့်ကျင့်ကြံသူ အနည်းငယ်သာ ကျန်ခဲ့လေသည်။ ထိုကျန်ခဲ့သူများထဲတွင် ထိုအခြေတည်နှောင်းပိုင်းအဆင့်ကျင့်သူနှစ်ဦးလည်းပါလေသည်။
ဝမ်ပေါင်လဲ့သတ်ခဲ့သူများထဲတွင် အသက်ရှင်ကျန်ရစ်သော တစ်ဦးတည်းသောသူမှာ သူကဲ့သို့ ပြည်ထောင်စုပျိုးပင်တစ်ဦးဖြစ်သူ ဖြစ်လေသည်။
အနီးတွင် ရပ်နေကြသော အာနပါနအဆင့်ကျင့်ကြံသူများသည် ဝမ်ပေါင်လဲ့ရောက်ရှိလာသည်ကို သူတို့မျက်လုံးများဖြင့် ကိုယ်တိုင်မြင်လိုက်ကြရသည်။ သူသည် အခြေတည်အဆင့်ကျင့်ကြံသူများကို ကြက်ကလေး၊ ငှက်ကလေးသတ်သကဲ့သို့ အလွယ်တကူသတ်နေသည်ကို သူတို့မျက်ဝါးထင်ထင်မြင်ခဲ့ရသည်။ သူတို့၏နှလုံးသားထဲတွင် အကြောက်တရားများပြည့်နေပြီဖြစ်ပြီး လွန်စွာကြောက်ရွံ့တုန်လှုပ်နေပြီဖြစ်၍ ဆက်၍ခုခံမည့်အကြံကို လက်လျှော့လိုက်တော့သည်။ ဝမ်ပေါင်လဲ့ကဲ့သို့ ပြိုင်ဘက်ကင်းသောလူမျိုးနှင့် ရင်ဆိုင်ရချိန်တွင် ခုခံနေခြင်းသည် အချည်းနှီးသာဖြစ်ကြောင်း သူတို့သိလေသည်။ ခုခံလိုက်လျှင် ပြဿနာကို မီးထွန်းရှာသကဲ့သို့ပင် ဖြစ်သွားနိုင်လေသည်။
ဝမ်ပေါင်လဲ့အတွက်မူ လမ်းတစ်လျှောက်သတ်ဖြတ်ခဲ့မှုများကြောင့် သူ့ရင်ထဲရှိ ရန်လိုစိတ်များ လျော့ကျလာပြီဖြစ်သည်။ သူ၏ကျန်ရှိနေသော ရန်ငြိုးတစ်ခုမှာ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်မှ ကျိုးဖေကို မတွေ့ရသေးခြင်းပင်။
ဝမ်ပေါင်လဲ့၏ ကျိုးဖေအပေါ်ထားသော အမုန်းတရားသည် အဘွားကြီးအပေါ်ထားသော အမုန်းတရားထက် တစ်ဆင့်သာနိမ့်လေသည်။ ယခုတွင် သူသည် မြောင်းအပြင်ဘက်တွင် ရပ်နေ၏။ သူသည် မြောင်းအတွင်းသို့ ခေါင်းငုံ့ကြည့်လိုက်၊ မြောင်းအပြင် သူ့ပတ်လည်ရှိ အသက်ပင်မရှူဝံ့သော လူများကို ကြည့်လိုက်နှင့် လုပ်နေ၏။ သူ၏မျက်ဝန်းများထဲတွင် အလင်းတစ်ချက်လက်သွား၏။ သူသည် ပြည်ထောင်စုပျိုးပင်ကို လှမ်းကြည့်လိုက်သည်။
“ မင်းကဘယ်သူလဲ… လင်းကွေစစ်မလား… အဲဒါ မင်းနာမည်ဟုတ်တယ်မလား။ ဆည်းဆာကြယ်စင်စုဂိုဏ်းက ဘာတွေလုပ်ဖို့ကြံနေလဲဆိုတာ ရှင်းပြစမ်း… ပြီးတော့ မင်းတို့နဲ့ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်ကြားက ပတ်သက်မှုကိုလည်း ငါ့ကိုပြောပြ ”
“ ငါ မင်းကို မသတ်ချင်ဘူး… ဒီတော့ မင်းငါ့ကို အေးအေးဆေးဆေးပြောပြတာကောင်းမယ်။ ပြီးတော့ ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်ရဲ့ အခြေစိုက်စခန်းက ဘယ်နားမှာလဲဆိုတာလည်း ငါ့ကိုပြောပြရမယ် ”
ဝမ်ပေါင်လဲ့သည် စကားပလ္လင်ခံမနေတော့ဘဲ သူအလိုရှိသည်ကို တိုက်ရိုက်ပြောလိုက်လေသည်။
သူ့ပတ်ပတ်လည်တွင် ရပ်နေသော အာနာပါနအဆင့်ကျင့်ကြံသူများသည် ခေါင်းငုံ့သွားကြသည်။ ပြည်ထောင်စုပျိုးပင်သည် ခါးသက်သက်ရယ်လိုက်ပြီး ဝမ်ပေါင်လဲ့ကို သူသိသမျှ မတုံ့မဆိုင်းပြောပြလိုက်လေသည်။
ဉာဏ်ကောင်းသောသူများသည် အခြေအနေနှင့်အချိန်အခါကိုလိုက်၍ မည်သို့ဆောင်ရွက်သင့်သည်ကို သိသောသူများ မဟုတ်ပေလော။ ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ပြည်ထောင်စုပျိုးပင်သည် သူ့ဂိုဏ်း၏ လျှို့ဝှက်ချက်များကို ပြောပြရာတွင် တုံ့ဆိုင်းခြင်းတစ်စိုးတစ်စိမျှပင် မရှိခဲ့ချေ။ ထိုသို့ပြောပြရာတွင်လည်း လွန်စွာအသေးစိတ်နေသေးပေသည်။
ထိုအဖြေများကြောင့် ဝမ်ပေါင်လဲ့သည် ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်တို့၏ ပတ်သက်မှုနှင့် သူတို့၏ ရည်ရွယ်ချက်ပန်းတိုင်ကို နားလည်သွားပေပြီ။
ထို့ပြင် လကမ္ဘာပေါ်တွင် အပြောင်းအလဲများဖြစ်စေသော ဖြစ်စဉ်များကို ပို၍သဘောပေါက်လာလေသည်။
အမှန်တွင် လကမ္ဘာပေါ်ရှိ မြေအောက်နက်နက်ရှိုင်းရှိုင်းတစ်နေရာတွင် ကြီးမားသော ရှေးဟောင်းသစ်ပင်ကြီးတစ်ပင် နစ်မြုပ်နေသည်။ ထိုသစ်ပင်ကြီး စတင်မွေးဖွားခဲ့သည်အချိန်ကို မသိနိုင်ပေ။ ထို့ပြင် ၎င်းမည်သို့ မွေးဖွားလာသည်ကိုလည်း မည်သူမှမသိကြပေ။ ၎င်းသည် လကမ္ဘာစတင်ဖြစ်ပေါ်လာသည့်အချိန်ကတည်းက မွေးဖွားဖြစ်တည်ခဲ့သည်ဟု ထင်ရပေသည်။
ထိုရှေးဟောင်းသစ်ပင်ကြီးသည် စမ်းသပ်ချက်အမျိုးမျိုးကို တွေ့ကြုံခဲ့ရပြီး ရှည်လျားသောအချိန်ကိုလည်း ဖြတ်သန်းခဲ့ပေပြီ။ ၎င်းသည် ဝိညာဉ်ချီများမရှိခဲ့သည့်အချိန်ကတည်းက သက်ရှိများနှင့် မသင့်တော်သော လကမ္ဘာပတ်ဝန်းကျင်ကို ကြံ့ကြံ့ခံ ရပ်တည်ခဲ့ခြင်းပင်။ ၎င်း၏အမြစ်များသည် လကမ္ဘာပေါ် မြေအောက်နေရာ တော်တော်များများကို နေရာယူထားလေသည်။ ထိုအမြစ်များသည် ကျောက်တုံးများ၊ ရွှံ့များနှင့် ရောယှက်နေရာ ၎င်း၏တည်ရှိမှုကို လူများအာရုံခံနိုင်ရန် ခက်ခဲလေသည်။
၎င်းတည်ရှိနေကြောင်း လက္ခဏာများသည် လွန်ခဲ့သည် နှစ်အနည်းငယ်ကမှ စတင်ပေါ်ပေါက်လာခြင်းဖြစ်သည်။ ထို့ကြောင့် လကမ္ဘာပေါ်ရှိ အမြဲစိမ်းသစ်ပင်ကြီးနှင့် ပတ်သက့သည့် ပုံပြင်များ အများအပြားပေါ်ပေါက်လာခဲ့၏။
သို့သော် ထိုသစ်ပင်ကြီး သေဆုံးခဲ့သည်မှာ ကြာခဲ့ပြီဖြစ်သည်။ ၎င်းသည် လကမ္ဘာပေါ်တွင် တည်ရှိခဲ့သည်မှာ အလွန်ကြာခဲ့ပြီမဟုတ်ပါလော။ ၎င်းတွင်လည်း မည်မျှသာသက်တမ်းရှည်မည်ဟူသော ကန့်သတ်ချက်ရှိပေသေးသည်။ ထို့ကြောင့် ၎င်းသည် ဆက်၍အသက်မရှင်နိုင်တော့ကြောင်းကို သိသောအခါ ၎င်း၏ သစ်စေ့များကို ကမ္ဘာမြေပေါ်သို့ ကျဲချလိုက်လေသည်။ ၎င်းသည် ထိုသစ်စေ့များကို ကမ္ဘာမြေပေါ်တွင် ဆက်လက်ရှင်သန်စေလိုခြင်းပေ။
ထိုနည်းလမ်းဖြင့် ၎င်းသည် အတိုင်းအတာတစ်ခုအထိ ထာဝရရှင်သန်နိုင်မည်ဖြစ်သည်။
‘ ထာဝရရှင်သန်တာ… ’
ဝမ်ပေါင်လဲ့သည် နားထောင်နေရင်းဖြင့် ခေါင်းထဲတွင် အတွေးများနေလေသည်။ အမှန်တွင် လက်ရှိခေတ်၌ ထာဝရရှင်သန်ခြင်းနှင့်ပတ်သတ်သော ဆိုရိုးများစွာရှိ၏။ ရှေးခေတ်ကိုကြည့်မည်ဆိုလျှင်လည်း ရှေးဟောင်းကြေးညိုရောင်ဓားကြီး ရောက်ရှိမလာခင်ကပင် ရှေးခေတ်လူသားများ၏ ကလေးမွေးဖွားရခြင်းရည်ရွယ်ချက်သည် သူတို့၏တည်ရှိမှုကို ရှည်ကြာစေရန်ဖြစ်ပြီး သူတို့၏အမွေအနှစ်ကို သူတို့၏သားမြေးများထံတွင် ဆက်လက်ရှင်သန်စေလိုခြင်းကြောင့်ဖြစ်သည်ဟု တစ်စုံတစ်ယောက်က ပြောခဲ့ဖူး၏။
ဝမ်ပေါင်လဲ့၏ အတွေးထဲတွင် ‘ထာဝရရှင်သန်ရေး ’ဟူသော စကားလုံး ဖြတ်သန်းသွား၏။ သူသည် ထာဝရရှင်သန်ရေးကို ဂရုမစိုက်ပေ။ သူ့အတွက် အရေးကြီးသောတစ်ခုတည်းသောအရာမှာ မျှော်လင့်ချက်အိပ်မက်များရှိရန်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့ တိတ်ဆိတ်နေစဉ်တွင် ဆည်းဆာကြယ်စင်စုဂိုဏ်း၏ ပြည်ထောင်စုပျိုးပင်သည် ဆက်လက်ပြောပြနေသည်။
လကမ္ဘာနှင့် ပေါင်းစည်းလုနီးပါးဖြစ်နေသော ဧရာမသစ်ပင်ကြီးသည် ၎င်း၏ အဆုံးအစွန်အထိ ဆက်လက်ကြီးထွားခဲ့သည်။ ၎င်းသည် ၎င်း၏သစ်စေ့များကို ကမ္ဘာမြေပေါ်သို့ ကျဲချခဲ့သော်လည်း စိတ်မကောင်းစရာတစ်ခုမှာ ထိုအချိန်တွင် ကမ္ဘာမြေပေါ်၌ ဝိညာဉ်ချီများမရှိသေးပေ။ ကမ္ဘာမြေ၏ ပတ်ဝန်းကျင်သည် ထိုသစ်စေ့များ အညှောင့်ပေါက်ရန် မသင့်တော်ခဲ့ပေ။ ထို့ကြောင့် သစ်စေ့များထဲမှ တချို့သည် ညှိုးခြောက်သွားပြီး တချို့မှာ မြုံသွားလေတော့သည်။ အကယ်၍ မမျှော်လင့်ထားသည့်အရာတစ်ခုသာ မဖြစ်ပေါ်လာပါက ထိုသစ်စေ့များသည် လကမ္ဘာပေါ်ရှိ ဧရာမသစ်ပင်ကြီးကဲ့သို့ ဖြည်းဖြည်းချင်းသေဆုံးသွားတော့မည်ဖြစ်သည်။
သို့သော် ရှေးဟောင်းကြေးညိုရောင်ဓားကြီး ရောက်ရှိလာခဲ့သည်။ ကမ္ဘာမြေပေါ်သို့ အကျိုးအပဲ့များ ကျဆင်းလာခဲ့လေသည်။ ဝိညာဉ်ချီများလည်း ထွက်ပေါ်လာခဲ့သည်။
ဝိညာဉ်ချီများ၏ လူသားများနှင့် ကြမ်းကြုတ်သောသားရဲများအပေါ် သက်ရောက်မှုသည် လွန်စွာအားကောင်း၏။ အပင်များအပေါ်တွင်လည်း ထို့အတူပင်။ ထိုအထဲမှ သက်ရောက်မှုကိုအများဆုံးခံရသည့်အရာများမှာ လွန်ခဲ့သောနှစ်ပေါင်းများစွာက ဧရာမသစ်ပင်ကြီးထံမှ ကျဆင်းလာသော သစ်စေ့များဖြစ်လေသည်။
ဝိညာဉ်ချီများမှရသော အာဟာရများကြောင့် ထိုသစ်စေ့များသည် တိတ်တဆိတ် ဆင့်ကဲပြောင်းလဲခဲ့ကြသည်။ ဆင့်ကဲဖြစ်စဉ် အများအပြားပြီးဆုံးသွားပြီးနောက် သစ်စေ့သုံးစေ့သည် အပင်ပေါက်လာခဲ့ပြီး ယနေ့ခေတ်အထိ ရှင်သန်နိုင်ခဲ့လေသည်။ ၎င်းတို့သည် အမြုတေအဆင့်ရှိသည့် ကျင့်ကြံခြင်းအစွမ်းများကို ပိုင်ဆိုင်ထားကြပြီး တစ်ပင်နှင့်တစ်ပင်မတည့်ကြဘဲ ရန်လိုကြလေသည်။
‘ သုံးပင်ဟုတ်လား ’
ဝမ်ပေါင်လဲ့၏ သူငယ်အိမ်များ ကျဉ်းသွား၏။ ဟွမ်ရှန်းကိုယ်အတွင်းရှိ ဧရာမသစ်ပင်သည် သူ ကူးလောင်ချိုင့်ဝှမ်းတွင် တွေ့ခဲ့ရသော ဧရာမသစ်ပင်နှင့် တူ၊ မတူဆိုသည်ကို ဝမ်ပေါင်လဲ့ မသေချာပေ။ အကယ်၍ မတူပါက ထိုဧရာမသစ်ပင် သုံးပင်ထဲမှ နှစ်ပင်ကို သူ့မျက်စိနှင့် ကိုယ်တိုင်မြင်ခဲ့ရပြီဟု ဆိုနိုင်ပေသည်။
“ ကျနော် ဒီအကြောင်းတွေ အကုန်လုံးကို ဘိုးဘေးဂိတ်တံခါးက အကြီးအကဲတွေဆီက သိခဲ့ရတာပါ။ အဲ့သစ်ပင်တွေအတွက် ဆက်ကြီးထွားဖို့ သူတို့ရဲ့ ကိုယ်ပိုင်ကျင့်ကြံခြင်းအစွမ်းတွေကို အသုံးချမယ့်အစား အချင်းချင်း ပြန်ဝါးမျိုပစ်တာက ပိုလွယ်တဲ့နည်းလမ်းပဲ။ အဲဒါကြောင့် သူတို့က အချင်းချင်း ရန်လိုနေကြတာ။ ဒါပေမဲ့ အဲ့သစ်ပင်တွေရဲ့ အစွမ်းက တစ်ပင်နဲ့တစ်ပင် သူမသာ၊ ကိုယ်မသာပဲ…ပြီးတော့ အချင်းချင်းတော်တော်လေး သတိထားကြတယ်။ အဲဒါကြောင့် တစ်ပင်က နောက်တစ်ပင်ကို ဝါးမျိုဖို့အခွင့်အရေးဆိုတာ မရှိသလောက်ပဲ ”
“ အဲဒါကြောင့် အဲ့သစ်ပင်တွေက ကျင့်ကြံခြင်းအဆင့်တက်ဖို့နဲ့ တခြားအပင်တွေကို ဝါးမျိုနိုင်ဖို့ လူသားခန္ဓာကိုယ်ထဲဝင်ပြီး လကမ္ဘာထဲကို ဝင်လာကြတာပဲ။ သူတို့ရဲ့ ပန်းတိုင်က… သူတို့ရဲ့ မိခင်သစ်ပင်ကို ရှာဖို့ပဲ ”
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ပြည်ထောင်စုပျိုးပင်သည် ဧရာမသစ်ပင်သုံးပင် လကမ္ဘာပေါ်သို့ ရောက်ရှိလာရသည့်အကြောင်းကို ပြောသောအခါ အသံတိုးဝင်သွားလေသည်။
လကမ္ဘာပေါ်ရှိ ကြီးမားသောမိခင်သစ်ပင်ကြီးသည် အချိန်ကြာမြင့်စွာတည်ရှိခဲ့သည်ဖြစ်ရာ ၎င်း သေလုနီးနီးဖြစ်နေခြင်းမှာပင် အချိန်အတော်လေးကြာခဲ့လေသည်။
ကြေးညိုရောင်ဓားကြီးရောက်ရှိလာပြီး ဝိညာဉ်ချီများထွက်ပေါ်လာခြင်းသည်ပင် ၎င်းကို ပြန်လည်နုပျိုမလာစေပေ။ သို့သော် ၎င်းသည် မသေခင်တွင် သစ်သီးတစ်လုံး သီးသွားနိုင်ခဲ့၏။
ထိုသစ်သီးသည် မိခင်သစ်ပင်ကြီး၏ ရင်သွေးသုံးပင်၏ ပစ်မှတ်ဖြစ်လေသည်။ ထိုသစ်သီးကိုသာ ဝါးမျိုနိုင်ခဲ့ပါက ၎င်းတို့သည် ကျင့်ကြံခြင်းအဆင့်မြင့်တက်သွားကာ ယွမ်ယင်အဆင့် သို့ရောက်ရှိသွားဖြစ်သည်။
သို့သော် မိခင်သစ်ပင်ကြီး သစ်သီး သီးစေရန် အာဟာရများလိုလေသည်။ အာဟာရအရင်းအမြစ်တစ်ခုမှာ လကမ္ဘာပေါ်ရှိ ကျင့်ကြံသူများဖြစ်၏။ သို့သော် ပို၍ သိသာထင်ရှားကာ မရှိမဖြစ်လိုအပ်သော အရင်းအမြစ်များမှာ ၎င်းတို့ ဧရာမသစ်ပင်ကြီးသုံးပင်ကိုယ်တိုင်ပင်ဖြစ်ပေလိမ့်မည်။
ထိုဧရာမသစ်ပင်သုံးပင်ထဲမှ တစ်ပင်သေဆုံးသွားပါက မိခင်သစ်ပင်ကြီး၏ သစ်သီးကြီးထွားနှုန်းသည် မြန်လာပေလိမ့်မည်။
အကယ်၍ နှစ်ပင်သာသေဆုံးသွားပါက မိခင်သစ်ပင်ကြီးသည် ချက်ချင်း သစ်သီး သီးသွားမည်ဖြစ်သည်။
သစ်ပင်များသည် ၎င်းတို့၏ပန်းတိုင်ကို ၎င်းတို့နှင့်ပူးပေါင်းထားသောသူများအား လျှို့ဝှက်မထားပေ။ ဧရာမသစ်ပင်တစ်ပင်သည် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် ပူးပေါင်းထားပြီး နောက်တစ်ပင်သည် ဆည်းဆာကြယ်စင်စုဂိုဏ်းနှင့် ပူးပေါင်းထားလေသည်။ ထိုအဖွဲ့အစည်းနှစ်ခုသည် သစ်ပင်များနှင့် သဘောတူညီချက်ယူပြီးသောအခါ ထိုသန္ဓေပြောင်းသစ်ပင်များကို ထောက်ပံ့ကူညီ၍ လကမ္ဘာပေါ်တွင် အချင်းချင်း တိုက်ခိုက်ကြလေတော့သည်။
တာအိုကျောင်းတော်လေးကျောင်းမှ တပည့်များအကြားတွင် ရောနှောလိုက်ပါလာသော သစ်ပင်သည် တတိယမြောက်သစ်ပင်ဖြစ်လေသည်။ ထိုသစ်ပင်သည် သစ်ပင်နှစ်ပင်နှင့် ပူးပေါင်းထားသော ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းတို့၏ ပူးပေါင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားခဲ့ပေပြီ။
ထို့ကြောင့် သစ်ပင်သုံးပင်ထဲတွင် နှစ်ပင်သာကျန်တော့လေသည်။
တချိန်တည်းမှာပင် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်နှင့် ဆည်းဆာကြယ်စင်စုဂိုဏ်းသည် အခြေစိုက်စခန်းအများအပြားကို တည်ဆောက်ခဲ့သည်။ ထိုလုပ်ငန်းစဉ်သည် သစ်ပင်များနှင့်သဘောတူညီချက်တွင်ပါသော တစ်စိတ်တစ်ပိုင်းဖြစ်သည့် မိခင်သစ်ပင်ကြီးကို ရှာရန်ဖြစ်လေသည်။
ဝမ်ပေါင်လဲ့ ရောက်ရှိနေသော အခြေစိုက်စခန်းသည် မြေတူးနေဆဲသာရှိသေးသည်။ သူတို့တူးနေသော ဦးတည်ရာသည် ပင်မပင်စည်ကြီးထံ ရောက်မည်မဟုတ်ကြောင်း အနည်းနှင့်အများ ဆုံးဖြတ်နိုင်သည်ဖြစ်ရာ အဘွားကြီးနှင့် အခြားအမြုတေအဆင့်ကျင့်ကြံသူများသည် အခြားအခြေစိုက်စခန်းတစ်ခုသို့သွား၍ စောင့်ကြပ်နေကြခြင်းပင်။
ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ပြည်ထောင်စုပျိုးပင်သည် စကားဆုံးရန် နီးကပ်လာသောအခါ အတန်ငယ်ချီတုံချတုံဖြစ်သွားပြီးနောက် ခပ်တိုးတိုး ဆက်ပြောလိုက်သည်။
“ ကျနော်ရထားတဲ့ သတင်းအချက်အလက်အရဆိုရင်တော့ ကျနော်တို့ဂိုဏ်းရဲ့ တတိယအခြေစိုက်စခန်းက ပင်မပင်စည်ကြီးဆီရောက်မယ့်နေရာလို့သိရတယ်။ မြေတူးတာလည်း ပြီးတော့မယ်တဲ့… ဒါပေမဲ့ ဘာလို့ တခြားအခြေစိုက်စခန်းနှစ်ခုကို လူတွေဆက်ပို့နေတာလဲဆိုတာတော့ ကျနော်လည်းမသိဘူး ”
သူသည် ပြောပြပြီးသွားသောအခါ သူတို့ဂိုဏ်း၏ အခြားအခြေစိုက်စခန်းနှစ်ခုတည်ရှိရာ တည်နေရာနှင့် ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ အခြေစိုက်စခန်းတည်ရှိရာနေရာများကို များစွာတွေးတောမနေဘဲ ဝမ်ပေါင်လဲ့ကို ပေးလိုက်လေသည်။
“ ကျနော်သိတာ ဒါအကုန်ပါပဲ အစ်ကိုဝမ်။ ကျနော် အသေးစိတ်အချက်ကလေးတစ်ခုကိုတောင် ထိမ်ချန်မထားပါဘူး။ အစ်ကို နောင်တရပြီး ကျနော့်ကို သတ်မှာကိုလည်း ကျနော်မကြောက်ပါဘူး။ ဒါပေမဲ့ ဒီအာနာပါနအဆင့်ကျင့်ကြံသူတွေကိုတော့ အသက်ရှင်ဖို့ အခွင့်အရေးပေးလိုက်ပါ။ သူတို့က အစ်ကို့ကို ဘာမှစော်ကားထားတာ မရှိပါဘူး ”
ထိုသို့ပြောပြီးနောက် ဆည်းဆာကြယ်စင်စုဂိုဏ်းမှ ပြည်ထောင်စုပျိုးပင်သည် သက်ပြင်းချကာ သူ့ပတ်လည်ရှိ အာနာပါနအဆင့်ကျင့်ကြံသူများကို တိတ်တဆိတ်ကြည့်လိုက်လေသည်။ သူ၏ခေါင်းထဲတွင် မည်သည့်အတွေးများရှိနေကြောင်း မသိရသော်လည်း အပေါ်ယံတွင်မူ သူသည် သူ၏သူငယ်ချင်းများကို ကယ်ရန် သူ၏ဂိုဏ်းကိုသစ္စာဖောက်လိုက်သကဲ့သို့ ထင်ရပေသည်။
ဝမ်ပေါင်လဲ့သည် သူ့ရှေ့ရှိ ပြည်ထောင်စုပျိုးပင်ကိုကြည့်လိုက်သည်။ သူသည် သူပြောထားသောစကားကို ပြန်ရုတ်သိမ်း၍ နောက်ကျောကိုဓားနှင့်ထိုးရန် ရည်ရွယ်ချက်မရှိပေ။ ထို့ပြင် ထိုပြည်ထောင်စုပျိုးပင်သည် သူသိသမျှကို မချွင်းမချန်ပြောပြခဲ့သည် မဟုတ်ပါလော။ ဝမ်ပေါင်လဲ့သည် ထိုပြည်ထောင်စုပျိုးပင်ပေးသော ကျောက်စိမ်းပြားပေါ်ရှိ တည်နေရာများသည် အမှန်ဟုတ်၊ မဟုတ် မသေချာသော်လည်း ငါးဆက်မြောက် ကောင်းကင်မျိုးနွယ်၏ အခြေစိုက်စခန်းတည်နေရာသည် သူ အစောပိုင်းက တွေ့ရှိခဲ့သော နေရာဖြစ်လေသည်။
ဝမ်ပေါင်လဲ့သည် သတင်းအချက်အလက်များကို နှိုင်းယှဉ်ကြည့်ပြီးနောက် ထိုသတင်းအချက်အလက်များသည် အတော်လေး မှန်ကန်သည်ဟု ကောက်ချက်ချလိုက်၏။ သူသည် ခေါင်းညိတ်ပြလိုက်ပြီး နောက်လှည့်ကာ ကျောက်စိမ်းပြားပေါ်တွင် မှတ်သားထားသော တည်နေရာဆီသို့ ဦးတည်သွားလိုက်လေသည်။
ဝမ်ပေါင်လဲ့ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ဆည်းဆာကြယ်စင်စုဂိုဏ်းမှ တပည့်များသည် စိတ်အေးသွားဟန် သက်ပြင်းချလိုက်ကြသည်။ သူတို့အားလုံးသည် သေရာမှပြန်ရှင်လာသကဲ့သို့ ခံစားလိုက်ရ၏။ ထို့ပြင် သူတို့အားလုံးသည် ထိုပြည်ထောင်စုပျိုးပင်ကို ကျေးဇူးတင်နေကြ၏။ သူတို့၏ ရင်ထဲတွင် ကျေးဇူးတရားများနှင့် ပြည့်နှက်နေလေသည်။
ဝမ်ပေါင်လဲ့၏ ရွေးချယ်ခြင်းကိုခံခဲ့ရသော ပြည်ထောင်စုပျိုးပင် လင်းကွေစစ်သည်လည်း စိတ်အေးသွားဟန် သက်ပြင်းချလိုက်၏။ သူသည် အဝေးသို့ ပြေးလွှားပျောက်ကွယ်သွားသော ဝမ်ပေါင်လဲ့ကိုငေးကြည့်ရင်း သူ ပြည်ထောင်စုမြို့တော်တွင် ကြုံခဲ့ရသည်များကို ပြန်အမှတ်ရလာကာ ရင်ထဲတွင် ခံစားချက်များ ပြည့်နှက်သွားလေတော့သည်။
“ ဒီကောင်က ငါတို့နဲ့ လုံးလုံးကွဲပြားသွားပြီပဲ… ”
သူသည် သူ့ဘာသာရေရွတ်လိုက်ပြီးနောက် ငေးကြည့်နေခြင်းကိုရပ်လိုက်ပြီး သူ့ဘေးရှိ သူ့ကိုကျေးဇူးတင်နေသူများကို ကြည့်လိုက်သည်။ သူသည် ထိုကိစ္စကို ကောင်းကောင်းကိုင်တွယ်နိုင်ခဲ့သည်ဟု တွေးမိလိုက်သဖြင့် သူ့ကိုယ်သူ ဂုဏ်ယူသွားလေသည်။
ဝမ်ပေါင်လဲ့သည် လကမ္ဘာအမှောင်ခြမ်းတွင် ပြေးလွှားနေ၏။ သူ၏ မျက်ဝန်းများအတွင်းရှိ ခက်ထန်မှုများသည် ပို၍ကြီးထွားလာသည်။ သူသည် မှော်လမ်းကြောင်းပုတီးစေ့များကို အချိန်မရွေးပစ်လွှတ်နိုင်သဖြင့် ထောင်ချောက်အတွင်းကျမည်ကိုလည်း မစိုးရိမ်ပေ။ အကယ်၍ မှော်လမ်းကြောင်းပုတီးစေ့များက အသုံးမဝင်တော့လျှင်လည်း…
‘ ငါ အမှောင်ညနတ်ဆိုးဧကရာဇ်ကို နှိုးပစ်မယ် ’
ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် သတ်ဖြတ်လိုသောအရိပ်အယောင်တစ်ခု ဖြတ်သန်းသွား၏။ သူ ထပ်မံအရှိန်မြှင့်လိုက်လေသည်။