အစိမ်းရောင် ဆံနွယ်ရှည်နှင့် ချစ်စဖွယ် မိနးမပျိုလေးက တောအုပ်အတွင်းမှ လမ်းလျှောက် ထွက်လာခဲ့သည်။ သူမက လှည့်ပတ် ကြည့်လိုက်ပြီးနောက် ဇူယွမ်ကို ကြည့်ကာ ပြောလိုက်သည်။ “နင်က တကယ်ကို ကံဆိုးတဲ့ကောင်ပဲ ဘယ်နေရာသွားသွား အတိုက်ခိုက် ခံနေရတယ်”
သူက ဖြူရော်နေသော မျက်နှာနှင့် ကျိန်းရွှီးကို ကြည့်လိုက်ပြီး … “ပြီးတော့ ဒီလိုဂြိုဟ်ကောင် တွေနဲ့ အမြဲ ကြုံနေရ တာပဲလား”
ဇူယွမ်က သူ့မေးစေ့ကို ပွတ်လိုက်ပြီး အံ့အားသင့်ဟန်ဖြင့် ပြောလိုက်သည်။ “ငါလည်း မင်းနဲ့ ဒီနေရာမှာ တွေ့ရမယ်လို့ မမျှော်လင့်မိဘူး”
လုလျို၏ ပခုံးပေါ်တွင် ရေခဲငှက်လေးက ကျီကျီကျာကျာ အော်မြည်က လှုပ်ရှားတက်ကြွ နေသည်။ သူမက ရေခဲငှက်လေးကို ပွတ်သပ်လိုက်ပြီး ပြောလိုက်သည်။ “ရွှေရေကန်ရဲ့ ကောင်းချီးက သေးငယ်တာမှ မဟုတ်ပဲ။ ဒါကြောင့် ငါလည်း ငါ့ရဲ့ ကံကောင်းခြင်း တွေကို လာစမ်းသပ်တာ”
သူတို့နှစ်ယောက် ပြောနေသည်ကို ကြည့်ရင်း ကျိန်းရွီးက မျက်မှောင်ကြုတ် လိုက်သည်။ သူလည်းပဲ လုလျို ရုတ်တရက် ပေါ်လာမည်ဟု မထင်မိပေ။ ကန်မင်တိုက်ကြီး၏ ထိပ်ဆုံး၌ ရပ်တည်နေသော ပါရမီရှင်များ ထဲမှ တစ်ယောက်ဖြစ်ပြီး သူ၏ စွမ်းရည်ထက် အနည်းငယ်မှ မနိမ့်ကျပေ။
အစောပိုင်း ဇူယွမ်နှင့် အပြန်အလှန် တိုက်ခိုက်စဉ်က ဇူယွမ်ရဲ့ လျှို့ဝှက်ထားတဲ့ စွမ်းအားတွေကြောင့် သူတုန်လှုပ် သွားစခဲ့ရသည်။ အခု သူ့ထက် အားမနည်းတဲ့ လုလျို ရောက်လာပြန်သည်။ ထိုနှစ်ယောက်နှင့် တိုက်ခိုက်ရန် အတွက်သူမှာ လုံလောက်သော သန်မာမှု မရှိသေးပေ။
ကျိန်းရွှီးက လုလျိုကို စိုက်ကြည့်ပြီး မေးလိုက်သည်။ “မင်းက ဒီတိုက်ပွဲမှာ ပါမှာလား”
လုလျိုက ဖြေလိုက်သည်။ “မဟုတ်ဘူး။ မင်းတို့ တိုက်နိုင်တယ်။ ငါက ဒီနားလေးမှာပဲ ကြည့်နေမှာ”
ကျိန်းရွီး မျက်မှောင်ကြုတ် လိုက်သည်။ လုလျို၏ စကားလုံးများက လုံးဝကို ယုံကြည်နိုင်ဖွယ်ရာ မရှိပေ။ ထိုမိန်းကလေးက တကယ်ကို မြေခွေးတစ်ကောင် လိုမျိုး ဉာဏ်များပေသည်။ သူတို့နှစ်ဦး တိုက်ခိုက်နေစဉ် အတွင်းမှာ လုလျိုအနေဖြင့် ချောင်းမြောင်း တိုက်ခိုက်မည်မှာ အသေအချာပင် ဖြစ်သည်။
ထိုအရာမှာ အသေအချာပင် ဖြစ်လိမ့်မည်။
ထို့ကြောင့် ကျိန်းရွီးက အသက်ပြင်းပြင်း ရှူလိုက်ပြီး တစ်ဖက်သို့ လှည့်ကာ ထွက်ခွာသွားတော့သည်။ အခြေအနေ အရ ဆက်လက် တိုက်ခိုက်ရန် လုံး၀ မဖြစ်နိုင်တော့ပေ။ ဒါကြောင့် ဒီနေရာတွင် ဆက်နေခြင်း ကလည်း အကျိုး မရှိတော့ပေ။
“ဟင်း … ဒီလိုပဲ ထွက်သွားတာပေါ့”
လုလျိုက ကျိန်းရွီး ထွက်သွားသည်ကို အံ့အားသင့်စွာ ကြည့်နေသည်။ ခဏအကြာမှ သူမက ဇူယွမ်အား ကြည့်လိုက်ပြီး စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်သည်။ “ငါတို့နှစ်ယောက် ပူးပေါင်းပြီး သူကို ရပ်တန့်လိုက်ရင် ဘယ်လိုလဲ”
ဇူယွမ်က ခေါင်းယမ်းလိုက်ပြီး “ဒီအရာက မလွယ်ကူမှာကို ငါစိုးရိမ်မိတယ်”
ထိုတစ်ယောက် ကလည်း ကန်မင်တိုက်ကြီး၏ အထွတ်အထိပ် ပါရမီရှင် များထဲမှ တစ်ယောက်ဖြစ်ပြီး ကျိန်းရွီး၏ ခွန်အားမှာ ထင်သလောက် မရိုးရှင်းပေ။ နောက်တစ်နည်း အားဖြင့် သူတို့ နှစ်ယောက်ကြား အသေသတ်ပွဲ အထိ တိုက်ခိုက်ရန် အကြောင်းပြချက်လည်း မရှိပေ။
လုလျိုက ခေါင်းညိတ်လိုက်ပြီး “ဒီသေခြင်းတရား တွေနဲ့ ပြည့်နေတဲ့ မျက်နှာနဲ့ကောင်က ဖျားနာပြီး အားနည်းနေပုံ ရပေမယ့် သူ့ကို သတ်ဖို့တော့ တအား ခက်ခဲလိမ့်မယ်။ ကောလာဟလတွေ အရ သူ့ခန္ဓာကိုယ်ကို အလွန်ရက်စက်တဲ့ နည်းလမ်းတွေနဲ့ မွမ်းမံထားပြီးတော့ သူ့နှလုံးသားက မထိခိုက် နိုင်တော့တဲ့အပြင် ဒဏ်ရာ အကြီးအကျယ် ရရှိတောင်မှ သေဆုံးနိုင်ခြင်း မရှိတော့ဖူးတဲ့”
“ငါကြားခဲ့တာတော့ သူက မူလစဦး အဆင့်က သူတစ်ဦးနှင့် တိုက်ခိုက်ခဲ့ပြီး တစ်ဖက်နှင့် တစ်ဖက်ပြင်းစွာ ဒဏ်ရာရ သွားပြီးတော့ မူလစဦး အဆင့်က လူက တဖြည်းဖြည်းနဲ့ ဒဏ်ရာတွေကြောင့် အားနည်းပြီး နောက်ဆုံးမှာ သေဆုံး သွားခဲ့ရတယ်”
ထိုစကားကို ကြားတော့ ဇူယွမ်၏ မျက်လုံးတွင် အံ့အားသင့်မှုများ ပေါ်လာသည်။ သေချာစွာပင် အထွတ်အထိပ် အဆင့် ပါရမီရှင်တိုင်းက မရိုးရှင်းကြဘူးပဲ။
“ကောင်းပြီ။ မင်းယောင်ယောင်၏ သတင်းတွေ ကြားမိသေးလား” ဇူယွမ်က ရုတ်တရက် မေးလိုက်သည်။
လုလျိုက အနည်းငယ် တွေးလိုက်ပြီး ပြန်ဖြေလိုက်သည်။ “နင်လည်းသိမှာပါ ဝူဟောင်အနေနဲ့ တုံးရွမ်တိုက်ကြီးက လူတွေနဲ့ ပူးပေါင်းပြီး အစ်မကြီး ယောင်ယောင်ကို တိုက်ခိုက်နေတာ၊ ဟုတ်တယ်မလား”
ဇူယွမ်က လေးနက်စွာ ခေါင်းညိတ်လိုက်သည်။
“ဒါပေမဲ့ စိတ်မပူပါနဲ့ ငါကြားခဲ့တာတော့ အစ်မကြီး ယောင်ယောင်က ကျိုးချူးချင်ယုနဲ့ အတူတူ ရှိနေတယ်တဲ့ သူတို့နှစ်ယောက် အတူရှိနေရင် ဝူဟောင်အနေနဲ့ သူတို့ကို ဖမ်းဖို့ မဖြစ်နိုင်တော့ဘူး” လုလျိုက ဇူယွမ်အား စိတ်မပူရန် ပြောလိုက်သည်။
“ကျိုးချူးချင်ယုရဲ့ အမြန်နှုန်းနဲ့ ရွေ့လျားမှု ကျင့်စဉ်က ကန်မင်တိုက်ကြီးရဲ့ လူငယ်မျိုးဆက်မှာ အကောင်းဆုံးပဲ”
“အမ်” ဇူယွမ် အံ့သြသွားသည်။
လုလျိုက ရှင်းပြလိုက်သည်။ “ငါသိသလောက်ဆို ကျိုးချူးကလန်က အနက်ရောင် ငါးကြင်းကူးခတ်ခြင်း လို့ခေါ်တဲ့ မပြည့်စုံတဲ့ ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခုကို ပိုင်ဆိုင်ပြီးတော့ ချင်ယုရဲ့နာမည် အဓိပ္ပာယ်နဲ့ တူတူပဲလေ (တရုတ်ဘာသာ စကားတွင် ချင်ယုဆိုသည်မှာ အနက်ရောင် ငါးကြင်းဟု အဓိပ္ပာယ်ရသည်။) ပိုပြီး အရေးကြီးတာက သူမက ဒီကောင်းကင်ဘုံ ရွေ့လျားမှု ကျင့်စဉ်ကို ကျွမ်းကျင်စွာ တတ်မြောက်နေတာပဲ”
“ရွေ့လျားမှု အထူးပြု ကောင်းကင်အဆင့် ကျင့်စဉ်လား” ဇူယွမ်က တိုးတိတ်စွာ ရေရွတ်လိုက်သည်။ ဒီအရာက ကောင်းကင်ဘုံအဆင့် ကျင့်စဉ်တစ်ခု ဖြစ်ပြီး အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်တစ်ခု မဟုတ်ပေ။ ထိုကျင့်စဉ် အဆင့်မျိုးက ကန်မင်တိုက်ကြီး တစ်ခုလုံးတွင်ပင် လွန်စွာ ရှားပါးပေသည်။
မပြည့်စုံသော် လည်းပဲ ထိုအရာက အလွန်အမင်း နက်နဲပြီး အံ့သြဖွယ် ကောင်းမှုက အဆင့်နိမ့် ကောင်းကင်ကျင့်စဉ် ထက်သာ လွန်ပေမည်။
အခုတော့ ဇူယွမ်အနေဖြင့် စိတ်အေး သွားရပေသည်။ ကျိုးချူးချင်ယု အနားမှာ ရှိနေသ၍ ဝူဟောင်အနေဖြင့် ယောင်ယောင်အား ထပ်မံထောင်ချောက် ဆင်နိုင်မည် မဟုတ်ပေ။ ယောင်ယောင်၏ ဓဒါသကြောင့်သာ ဝက်မျက်နှာကဲ့သို့ ဖူးယောင်အောင် ထိုးနှက် ခံရပေလိမ့်မည်။
“သူ့အနေနဲ့ အဆင်ပြေ နေသော်လည်းပဲ ငါသူမကို ရှာရမယ်” ဇူယွမ်က ပြောလိုက်ပြီး ထွက်သွားဖို့အတွက် အနောက်သို့ လှည့်လိုက်သည်။ ယောင်ယောင် ဒဏ်ရာရသည့် သတင်းက သူ့အားလွန်စွာ ထိတ်လန့်စေသည်။ သူမသာ တစ်ခုခု ဖြစ်ခဲ့လျှင် သူ့အနေနှင့် ဆရာကန်ယွမ်အား မျက်နှာပြ နိုင်လိမ့်မည် မဟုတ်ပေ။
“ဟေ့ … ဟေ့ … ဟေ့ …”
လုလျိုက ကမန်းကတန်းပင် ဇူယွမ်၏ လက်မောင်းအိုးကို ဆွဲလိုက်ပြီး ဇူယွမ်ကိုတားကာ သူမ၏ မျက်လုံးရွဲကြီး များဖြင့် စိုက်ကြည့်ရင်း ပြောလိုက်သည်။
“သူတော်စင် အကြွင်းအကျန် နယ်မြေက တကယ်ကို ကြီးမားလှတယ်။ နင်ဘယ်လို သူမကို ရှာမလဲ။ နင်သူမကို ပတ်ရှာနေတာက ခေါင်းမပါတဲ့ ယင်ကောင်တစ်ကောင်လိုပဲ ဖြစ်နေလိမ့်မယ်၊ နင်ဒီမှာ ရှိနေတဲ့ ကောင်းချီးတွေကို လွဲချော် ခံမလို့လား”
“ငါလိုအပ်နေတဲ့ ကောင်းချီးပေးမှု တွေကို ရရှိပြီးသွားတာ ကြာပြီ။ ထိုက်တန်တဲ့အရာ တွေက ကံပါလာရင် အားထုတ်စရာ မလိုပဲ အနား ရောက်လာလိမ့်မယ်” ဇူယွမ်က ပျင်းရိစွာ ပြောလိုက်သည်။
လုလျိုက ဝှေ့ကြည့်လိုက်ပြီး ပြောလိုက်သည်။ “ငါ့မှာပိုကောင်းတဲ့ အကြံအဉာဏ် ရှိတယ်။ များစွာသော ပါရမီရှင် တွေက ဒီနေရာမှာ စုဝေး နေကြတယ်။ ငါတို့သာ ဒီကောင်းချီးပေးမှု နယ်မြေတွေမှာ ထင်ရှားကျော်ကြားအောင် လုပ်နိုင်လျှင် ငါတို့ရဲ့ နာမည်တွေက ငါတို့ရဲ့ ဂုဏ်သတင်းတွေနဲ့ အတူ လူတွေကြားထဲမှာ ပျံ့နှံ့သွားလိမ့်မယ်။ အဲသတင်းတွေက အစ်မကြီး ယောင်ယောင်ရဲ့ နားကို အနှေးနဲ့ အမြန် ဆိုသလို ရောက်သွားမှာပဲ”
“ဒါဆိုရင် သူတို့က ငါတို့ရဲ့ တည်နေရာကို သိပြီး လာရှာနိုင်တယ်။ အဲတာက ပိုပြီး အဆင်မပြေ ဖူးလား”
ဇူယွမ်က အနောက်သို့ ပြန်လှည့်လာခဲ့သည်။ လုလျို ပြောသော နည်းလမ်းက သဘာဝကျ ပေသည်။ ခဏအကြာ၌ သူက လုလျိုကို ပြုံး၍ကြည့်လိုက်ပြီး “ကြည့်ရတာ ရွှေရေကန်ရဲ့ ကောင်းချီးကို မင်းတအားကို စိတ်ဝင်စားတယ် ထင်တယ်”
လုလျိုသူ့ကို ပြောခဲ့သည်က သူမက စိတ်ချ ယုံကြည်ရသော အကူအညီ ပေးမည့်သူ တစ်ယောက် လိုအပ်သောကြောင့် ဖြစ်သည်။
လုလျိုက ခေါင်းညိတ်လိုက်သည်။ “မင်းသိလား။ ပြောကြတာတော့ ရွှေရေကန်က အံ့သြစရာ တွေနဲ့ ပြည့်နှက် နေတယ်တဲ့။ အဲရေကန်က စွမ်းအားတွေက ခန္ဓာကိုယ်ကိုလည်း သန့်စင်ပေးပြီး သန်မာအောင် မွန်းမံပေးရုံ သာမက စိတ်ဝိညာဉ်ကိုလည်း အာဟာရ ဖြစ်စေပြီး မူလချီ တွေကိုလည်း ထိန်းညှိပေးတယ်၊ ပိုပြီး အရေးကြီးတာက ရှေးဟောင်း သွေးမျိုးဆက် တွေကို ပြန်လည်နိုးထ စေနိုင်တယ်”
“ရှေးဟောင်း သွေးမျိုးစက် တွေကိုတောင် ပြန်လည်နိုးထ စေနိုင်တာလား” ဇူယွမ် အံ့သြစွာ ပြောလိုက်သည်။ သူက အဓိပ္ပာယ်ရှိစွာ လုလျိုပခုံး ပေါ်မှ ရေခဲငှက်လေးအား ကြည့်လိုက်သည်။ ထိုအရာက မူလသားရဲတွေ အတွက် တကယ်ကို အသုံးဝင်ပေသည်။
“ရေခဲလုံးလေးက ရှေးဟောင်း ရေခဲဖီးနစ် သွေးမျိုးဆက်ပဲ။ သူသာ ရွှေရေကန်ထဲ ဝင်ရောက်နိုင်ရင် သူ့ရဲ့ ရှေးဟောင်းမျိုးဆက် သွေးတွေ ပြန်လည်နိုးထ လာနိုင်လိမ့်မယ်။ ဒါဆိုရင် သူ ရေခဲဖီးနစ် ငှက်ဖြစ်ဖို့ မဝေးတော့ဘူး” လုလျိုက ဇူယွမ်ကို လိုလားစွာ ကြည့်ပြီး ပြောလိုက်သည်။
“မူလချီတွေ အချိုးကျ ရောစပ်ခြင်း ဒါဆို ငါ့ရဲ့ အံ့ဖွယ် စပါးအုံး ကြေးခွံက သန့်စင်သော ရွှေရောင် အဆင့်သို့ ရောက်ရှိသွားမလား ငါတကယ် သိချင်မိတယ်” ဇူယွမ်က စိတ်ထဲတွင် မိမိဘာသာ ရေရွတ်လိုက်သည်။
သူ၏ အံ့ဖွယ် စပါးအုံး ကြေးခွံသာ သန့်စင်သောရွှေရောင် အဆင့်သို့ ရောက်ရှိသွားပါက မူလစဦး အဆင့် ကျင့်ကြံသူ များအား သူမရှုံးနိမ့် နိုင်တော့ပေ။
သူ၏ စိတ်ဝင်စားမှုက မြင့်တက်လာခဲ့သည်။
“မင်းရဲ့ စွမ်းရည်နဲ့ မင်းဘာသာ ရွှေရေကန်ဆီကို မသွားနိုင်ဖူးလား” ဇူယွမ်က မေးလိုက်သည်။ လုလျိုက ကန်မင်တိုက်ကြီး၏ အထွတ်အထိပ် ပါရမီရှင်များ ထဲမှ တစ်ယောက်ဖြစ်သည်။ သူမ၏ ကျွမ်းကျင်မှုနှင့် ကျင့်စဉ်များက မည်သို့မှ အားမနည်းပေ။
လုလျို၏ သေးငယ်သော မျက်နှာလေးသည် ဝမ်းနည်းနေဟန် ပေါ်ပြီး “ပြောကြတာ ရေကန်ရဲ့ ပတ်ဝန်းကျင်မှာ အဆင့်လေး မှော်သားရဲတွေ အများအပြား ရှိတယ်တဲ့ ငါလွန်ခဲ့တဲ့ ရက်အနည်းငယ်က ရေကန်ရဲ့ အနီးကို သွားကြည့်တော့ သူတို့ထဲက တစ်ကောင်နဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ခဲ့တယ်။ ငါနဲ့ ရေခဲလုံးလေးတို့ နှစ်ယောက်ပေါင်းတောင် သူ့ကိုတိုက်ခိုက်ဖို့ မလွယ်ကူဘူး။ ပြီးတော့ အဲမျိုးမစစ်ကောင်က နောက်ထပ် အဆင့်လေး မှော်သားရဲ သုံးကောင်ကို ထပ်ပြီး ခေါ်လိုက်တယ်လေ”
“အဆင့်လေး မှော်သားရဲတွေ အများကြီး ဟုတ်လား” ဇူယွမ် ရုတ်တရက် အံ့အားသင့်ကာ ကြက်သေသေသွားသည်။ ပုံမှန်အားဖြင့် အဆင့်လေး မှော်သားရဲများက သူတော်စင် အကြွင်းအကျန် နယ်မြေမှာ တစ်ကောင်တည်း မင်းမူနိုင်သူများ ဖြစ်သည်။ ဘာကြောင့် အများကြီး ဒီနေရာမှာ လာစုဝေး နေကြရသနည်း။
“ငါလည်း သေချာမသိဘူး … ငါကြားခဲ့တာတော့ ဒီနေရာမှာ အများကြီး ရောက်နေကြပြီတဲ့”
“မင်းက သားရဲနှလုံးသား ဆက်သွယ်သူ မဟုတ်ဘူးလား။ သူတို့နဲ့ မဆက်သွယ် နိုင်ဖူးလား” ဇူယွမ်က မေးလိုက်သည်။
လုလျို၏ မျက်နှာသည် စိတ်ရှုပ်ထွေး သွားပုံရပြီး “ဟုတ်တယ်။ ငါက ပုံမှန်ဆို အဆင့်လေး မှော်သားရဲတွေနဲ့ ရင်ဆိုင်တဲ့ အချိန်ကြရင် သူတို့နဲ့ ဆက်သွယ်နိုင်တယ်။ ဒါပေမဲ့ အခု ဒီနေရာက မှော်သားရဲတွေ အပေါ်မှာ အလုပ်မဖြစ်ဖူးဘူး”
“သို့သော်လည်း ငါအခြား တစ်နေရာက မှော်သားရဲနဲ့ တွေ့တဲ့ အချိန်တုန်းက သတင်း အချက်အလက် အချို့ရခဲ့တယ်”
“ဘာသတင်း အချက်အလက်လဲ”
လုလျိုက ခေတ္တမျှ တုံ့ဆိုင်းနေပြီး သူမက ဂရုစိုက်စွာ ပြောလိုက်သည်။ “ကြည့်ရတာ ဒီအဆင့်လေး မှော်သားရဲတွေမှာ ခေါင်းဆောင် ရှိတဲ့ပုံပဲ။ အဲခေါင်းဆောင်က သူတို့ကို အခြားတောင် တွေကနေ ဆင့်ခေါ်ခဲ့တယ်လို့ ကြားတယ် …”
ဇူယွမ်၏ မျက်လုံးများက ပြူးကျယ် သွားခဲ့သည်။
အဆင့်လေး မှော်သားရဲတွေရဲ့ ခေါင်းဆောင်လား။ ဘယ်အဆင့်က သူတို့ကို အမိန့်ပေး နိုင်တာလဲ။ ဘယ်သူက ထိုနေရာအား ကျူးကျော်မှု မရှိအောင် လုံခြုံရေး ယူခိုင်းထားလိုက်သေးသည်။