Switch Mode

အခန်း ( ၆၈ )

ပထမဆုံး မှော်အစွမ်းပြောင်းလဲမှု

ကောင်းကင်ဘုံခုံရုံးသည် အတော် ချမ်းသာသွားပေပြီလော။

ချုံတောင်လေးရှိ မြေအောက်လျှို့ဝှက်ခန်းအတွင်း၌ လီချန်ရှို့သည် လဘိုးဘိုး သူ့အား ပေးလိုက်သော သိုလှောင်ဓမ္မအဆောင်လက်စွပ်လေးအတွင်းမှ ထွက်လာသော အဆင့်မြင့် ဝိညာဉ်ကျောက်တုံး အပုံကြီးကို ကြည့်ရင်း ချက်ချင်းပင် မိမိကိုယ်ကို သိမ်ငယ်စိတ်ခံစားလိုက်ရသည်။

“ ကွဲပြားတာပဲ … ငါတို့က ကွဲပြားတာပဲ ”
လီချန်ရှို့ ခေါင်းယမ်း၍ သက်ပြင်းချလိုက်သည်။

ထိုဝိညာဉ်ကျောက်တုံးများနှင့် ဂိုဏ်းဂိတ်တံခါးအပြင်ရှိ မြို့တွင် အဖိုးတန်ရတနာများကို ဝယ်ကာ ပို၍ တန်ခိုးစွမ်းအားကြီးသော မန္တန်အစီအရင်များဆင်ရာတွင် သုံးနိုင်၏။ ချုံတောင်လေး၏ မန္တန်အစီအရင်ကို အဆင့်မြှင့်ရာတွင်လည်း သုံးနိုင်လေသည်။

လီချန်ရှို့ အစီအစဉ်ဆွဲထားသော မန္တန်အစီအရင်အဆင့်မြင့်တင်မှု၏ သုံးပုံတစ်ပုံခန့် ပြီးမြောက်သွားနိုင်ပေ၏။

သို့သော် ဝိညာဉ်ကျောက်တုံးများနှင့် အဖိုးတန်ပစ္စည်းကို တိုက်ရိုက်ဝယ်ခြင်းသည် ဉာဏ်နည်းရာကျ၏။

သူသည် ထိုအဆင့်မြင့် ဝိညာဉ်ကျောက်တုံးများကို သူ၏ ပထမဆုံး အရင်းအနှီးအဖြစ်အသုံးချရပေမည်။

‘ ငါ အဲ့ဝိညာဉ်ကျောက်တုံးတွေနဲ့ မြို့ထဲက ဆေးပင်တွေဝယ်ပြီး ဆေးဖော်ရမယ်။ ပြီးတော့မှ ဖော်ထားတဲ့ ဆေးလုံးတွေကို ရတနာတွေ..ဝိညာဉ်ကျောက်တုံးတွေနဲ့ ပြန်လဲရမယ်။ အဲဒီလိုဆို ပုံမှန်အကျိုးအမြတ်ရနေမှာပဲ ’

ထိုသို့ဆိုလျှင် သူရမည့်အကျိုးအမြတ်ကို ကြားမှဖြတ်ယူမည့်သူ ရှိတော့မည် မဟုတ်ချေ။

လီချန်ရှို့ မျက်မှောင်ကြုတ်၍ ဆက်တွေးတောလိုက်သည်။

သူ၏ ခန္ဓာကိုယ်အစစ်ကို သုံးရလျှင် အန္တရာယ်များနိုင်ပေသည်။ ဝိညာဉ်ကျောက်တုံးအနည်းငယ်အတွက် အသက်ပေးသွားရသူအများကြီးရှိရာ ကောင်းကျိုး၊ ဆိုးကျိုးများကို ချိန်ဆရပေမည်။

သို့သော် သူ၏ ပုံပြောင်းစက္ကူရုပ်များသည် ထိုတာဝန်ကို ထမ်းဆောင်နိုင်လျှင် အခြေအနေတစ်မျိုးပြောင်းသွားနိုင်၏။

ထိုအရာသည် မစွန့်စားဘဲ ပိုက်ဆံရနိုင်သည့် နည်းပင်။

ထိုစက္ကူရုပ်များသာ စွမ်းဆောင်နိုင်လျှင် ခဲတစ်လုံးနှင့် ငှက်နှစ်ကောင်ပစ်နိုင်ပေပြီ။ သူသည် သူ၏ဆရာကို ပိုင်ဖန်ခန်းမမှ နတ်ဆေးလုံးများနှင့် ဆေးပင်များကို ယူခိုင်းကာ စုဆောင်းထားရပေမည်။

စက္ကူရုပ်များကိုမူ ဆေးပင်တူးသည့်နေရာနှင့် ဂိုဏ်းဂိတ်တံခါးအပြင်ဘက်ရှိ မြို့တွင် ဆေးလုံးများသွားရောင်းချရာတွင် အသုံးချရပေမည်။

နှစ်ငါးဆယ်အတွင်း နတ်ရတနာဆယ်ခုကျော်အထိ ရရန် သူ့အတွက် မခက်ခဲနိုင်ပေ။

နှစ်ခုနှစ်ဆယ်၊နှစ်ရှစ်ဆယ်အတွင်း ချုံတောင်လေးအတွက် သူ ပြင်ဆင်ထားသော ‘ ပေါင်းစည်းကာကွယ်မှုစနစ် ’ အတွက် လိုအပ်သော ရတနာများ၏ တစ်ဝက်ခန့် ရရှိနိုင်ပေလိမ့်မည်။

သူ့တွင် မရှိသော ‘ချမ်းသာကြွယ်ဝမှု’ ကို ရရှိလာနိုင်သည့်အပြင် သူ့ဆရာနှင့် ဆရာတူညီမလေးကိုလည်း ကောင်းကောင်းမွန်မွန်ထားနိုင်မည် ဖြစ်သည်။

ထိုအစီအစဉ်တွင်ရှိသော ပြဿနာတစ်ရပ်မှာ စက္ကူရုပ်များကို မြို့ထဲသို့ မည်သို့စေလွှတ်ရမည်ဆိုသော အချက်ဖြစ်သည်။

တပည့်ငယ်လေးများသည် ဂိုဏ်းမှ သဘောရှိသလို ထွက်၍မရပေ။

သို့သော် သူ၏ဆရာသည် နတ်ဝိဇ္ဇာတစ်ပါးဖြစ်ခဲ့ပြီဖြစ်၍ ထိုစည်းကမ်းကို လိုက်နာရန်မလိုတော့ပေ။ သူ့ဆရာသည် ဂိုဏ်းအပြင်သို့ အကြောင်းပြချက်အမျိုးမျိုးဖြင့် ထွက်နိုင်၏။

မြေနတ်ဝိဇ္ဇာသည်လည်း နတ်ဝိဇ္ဇာပင် ဖြစ်သည်။

‘ ဆရာ့ကို ငါ့ရဲ့ စက္ကူရုပ်ကို ယူပြီး ဂိုဏ်းကနေ အပြင်ကိုသွားခိုင်းရမယ်။ ဂိုဏ်းရဲ့ တောင်ကာမန္တန်အစီရင်နဲ့ ခပ်လှမ်းလှမ်းကိုရောက်ရင် စက္ကူရုပ်က သူ့ဘာသာ မြို့ကိုဆက်သွားပြီး ကုန်သွယ်လို့ရတယ် ’

ပထမအဆင့်အတွက် အဆင်ပြေပေပြီ။

နောက်အဆင့်သည့် အဓိက ပြဿနာဖြစ်နိုင်၏။ ပုံပြောင်းစက္ကူရုပ်များ၏ မှော်အစွမ်း ကန့်သတ်ချက်ပင်။ တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိတ်တံခါးသည် အရှေ့ကျွန်းတွင် ထင်ရှားသော လင်းဟိုင်မြို့နှင့် နီး၏။ ထိုမြို့သည် ဂိုဏ်းနှင့် လီ(၂၀,၀၀၀)ကျော်သာ ဝေးသော်လည်း လီချန်ရှို့၏ စက္ကူရုပ်များသည် သူနှင့် လီ(၁၀၀၀) အကွာသို့သာ သွားနိုင်သည်။

ယခုလက်ရှိ စက္ကူရုပ်များ၏ မှော်အစွမ်းနှင့်ဆိုလျှင် အနီးဆုံးမြို့သို့ပင် ရောက်နိုင်မည်မဟုတ်ပေ။

အာဒိကပ္ပလောကသည် ကျယ်ပြန့်လွန်းလှပေစွ…

ရှေးက နဂါးများ၊ ဇာမနီငှက်များနှင့် အခြားသားရဲအမျိုးပေါင်း တစ်ရာကျော် ကျက်စားခဲ့စဉ်အခါက မည်မျှပင်ကျယ်ပြန့်ခဲ့မည်ကို စိတ်ဖြင့်တွေးကြည့်၍ပင် မရချေ။

ကိစ္စကို ဆက်၍ စဉ်းစားရပေမည်။

လီချန်ရှို့သည် နေ့ဝက်ခန့် အတွေးနက်နေ၏။ သူသည် အသေးစိတ်တွက်ချက်မှုများ ပြုလုပ်၍ အစီအစဉ်ဆွဲလိုက်ပြီး ဆေးလုံးကုန်သွယ်မှုတွင် ကြုံရနိုင်သည့် အန္တရာယ်များကို သုံးသပ်လိုက်သည်။ နောက်ဆုံးတွင် သူဆုံးဖြတ်ချက်ချလိုက်ပေပြီ။

ချမ်းသာကြွယ်ဝလာရန် အလုပ်ကြိုးစားရမည် ဖြစ်သည်။

သူသည် စက္ကူရုပ်များ၏ မှော်အစွမ်းကို ပြောင်းလဲ အဆင့်မြင့်ရပေမည်။ နတ်ဝိဇ္ဇာများသည် မိမိအကျိုးမရှိလျှင် အသက်ပင်မရှူချေ။

လေကိုယ်ယောင်ဖျောက်အတတ်နှင့် မီးကိုယ်ယောင်ဖျောက်အတတ်ကို အဆင့်မြှင့်တင်ပြီးပြီဖြစ်၍ ယခုအခါတွင် စက္ကူရုပ်များ၏ မှော်အစွမ်းကို အဆင့်မြှင့်ရန် အလှည့်ကျပေပြီ။

သူ၏ ခန္ဓာကိုယ်အစစ်ကို တောင်ပေါ်မှာပင်ရှိနေစေလိုလျှင် ကုန်သွယ်စီးပွားရေးလုပ်ရန် မြို့ထဲသို့ စက္ကူရုပ်များကို စေလွှတ်ရမည်ဖြစ်သည်။ သို့ဖြစ်ရာ ထိုပုံပြောင်းစက္ကရုပ်များ၏ မှော်အစွမ်းကို ပြောင်းလဲပေးရပေမည်။

ပြောင်းလဲမှုများသည် ထူးခြားဆန်းကြယ်နေမှရပေမည်။

ပုံပြောင်းစက္ကူရုပ်များ၏ မူလသဘောတရားသည် အသုံးပြုမည့်သူ၏ ဓမ္မတန်ခိုးများနှင့် နတ်တန်ခိုးများကို ၎င်းစက္ကူရုပ်များအတွင်းသို့ ထည့်ထားရခြင်းဖြစ်၏။ စက္ကူရုပ်များ လူ့အသွင် ပြောင်းလဲမှုသည် ရုပ်ဖျက်အတတ်နှင့် ဆင်တူ၏။ စက္ကူရုပ်များကို ပြုလုပ်ထားသော ကုန်ကြမ်းနှင့် ထိုကုန်ကြမ်း၌ပါဝင်သည့် စိတ်တန်ခိုးများကြောင့် ၎င်းတို့ပုံပြောင်းသောအခါ အစစ်နီးပါးပင် ထင်ကြရ၏။

လီချန်ရှို့သည် နတ်ဝိဇ္ဇာဖြစ်လာသောအခါ သူ့ စက္ကူရုပ်များ၏ မှော်အစွမ်းကို ပြီးပြည့်စုံအောင် လုပ်ခဲ့သည်။ သူ့နတ်အာရုံရောက်နိုင်သည့် အဝန်းအဝိုင်းအတွင်း၌ စက္ကူရုပ်များအတွင်းသို့ သူ၏ အာရုံတစ်စိတ်တစ်ပိုင်းကို ပို့ထားနိုင်လေသည်။

ယခုတွင် လီချန်ရှို့သည် ၎င်းစက္ကူရုပ်များကို မထိန်းချုပ်နေလျှင်ပင် ၎င်းတို့သည် မှော်အစွမ်းများကိုသုံး၍ သာမန်လူတစ်ဦးကဲ့သို့ ရိုးရှင်းသော ကိစ္စများကို လုပ်ကိုင်နိုင်နေပြီဖြစ်သည်။

ဥပမာအားဖြင့် ၎င်းတို့သည် တံမြက်စည်းလှည်းခြင်း၊ ပေါင်းသင်ခြင်း၊ နှိပ်ပေးခြင်း၊ ကခြင်း၊ ရိုးရှင်းသော တိုက်ခိုက်မှုများနှင့် အခြားကိစ္စများကို လီချန်ရှို့ ထိန်းချုပ်နေစရာမလိုဘဲ လုပ်နိုင်နေပြီဖြစ်သည်။

သို့သော် ယခု လီချန်ရှို့လိုအပ်သည်မှာ ထိုအစွမ်းများမဟုတ်ချေ။

သူသည် အလွယ်ကူ အသက်သာဆုံး နည်းလမ်းသုံး၍ စက္ကူရုပ်များကို နတ်ရတနာတစ်ပါးအဖြစ် ပြောင်းလဲပစ်လိုခြင်းဖြစ်သည်။

သူ၏ နတ်တန်ခိုးကို ၎င်းတို့အတွင်းထည့်ထား၍ လိုအပ်ချိန်တွင် လိုသလို ထိန်းချုပ်နိုင်ကာ အချိန်မ‌ရွေးပုံပြောင်းနိုင်ပြီး သူ၏ ဒုတိယခန္ဓာကိုယ်ဟုပင် ဆိုနိုင်မည့် စက္ကူခန္ဓာကိုယ်ကို ရလိုခြင်းဖြစ်သည်။

နတ်စက္ကူရုပ်များသည် သူ့အစွမ်း၏ (၁၀)ရာခိုင်နှုန်းမှ (၅၀)ရာခိုင်နှုန်း အတွင်း အသုံးပြုနိုင်လျှင်ပင် လုံလောက်ပေမည်။

“ အဲဒီလိုလုပ်ဖို့ဆိုရင် ရတနာတွေလုပ်တဲ့နေရာမှာသုံးတဲ့ တံဆိပ်တော်တွေကို သုံးဖို့လိုလိမ့်မယ်… ”
လီချန်ရှို့ တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

ဤအကြိမ်တွင် သူ၏အတွေးများသည် မြန်ဆန်သွက်လက်နေ၏။ သူသည် နောက်ဆယ်နှစ်အတွင်းလုပ်မည့် အစီအစဉ်များကို ဆုံးဖြတ်ပြီးနေပြီဖြစ်၏။

သူသည် မှော်အစွမ်းများနှင့် ပတ်သတ်၍ လေ့လာလိုပေသည်။
‘ ငါ မသိတာရှိရင် သင်လိုက်ရုံပေါ့… ငါမသိတာရှိရင် ကြည့်လိုက်ရုံပေါ့… ’

‘ အခုငါ့မှာ လုံလောက်တဲ့ သက်တမ်းတစ်ခုရှိနေပြီ… မသိသေးတာတွေကို စပြီး လေ့လာရတော့မယ့် အချိန်ပဲ ’

“ လူတစ်ယောက်ရဲ့ စိတ်ကို တည်ငြိမ်‌အေးချမ်းအောင် လုပ်ပေးနိုင်တဲ့ တံဆိပ်တော်က စပြီး လေ့လာကြတာ‌ပေါ့ ”
ထို့နောက် သူသည် လက်စွပ်ကို ပြန်ကြည့်လိုက်သည်။

ချုံတောင်လေးကို ပြုပြင်မွမ်းမံရန်အတွက် အများအပြားထောက်ပံ့ပေးလိုက်သော လဘိုးဘိုးကို ကျေးဇူးတင်ကြောင်း ပြောရန်ပင် လိုမည်မထင်ပေ။ ထိုလက်စွပ်အတွင်း၌ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများအပြင် ဆေးလုံးများပါသော ကြွေပုလင်းများနှင့် အိုးများကိုလည်း လီချန်ရှို့ တွေ့ခဲ့၏။

ထို့ပြင် ထိုဆေးလုံးများသည် နဂါးအရက်၏ အာနိသင်နှင့် ဆင်တူသော ဆေးလုံးများဖြစ်၏။ လဘိုးဘိုးဆီမှ မျှော်လင့်ထားသကဲ့သို့ပင် သူ ပေးသောဆေးလုံးများမှာ တမူထူးခြားလေသည်။

လီချန်ရှို့သည် ထို‌ဆေးလုံးများကို သမာဓိမီးတောက်ဖြင့် ရှို့၍ကြည့်ချင်သော်လည်း ချီတုံချတုံဖြစ်နေသည်။ ထိုသို့ဆိုလျှင် အလေအလွင့်ဖြစ်သွားပေမည်။

ထိုဆေးလုံးများသည် လဘိုးဘိုးချီးမြှင့်လိုက်သောဆေးလုံးများဖြစ်ရာ အမျိုးသားကျင့်ကြံသူအများစုအတွက် ကောင်းချီးပင်ဖြစ်သည်။

ယင်းဆေးလုံးများသည် အိမ်ထောင်မှုဘဝကို သာယာစေ၍ အိမ်ထောင်ရေးတစ်ခုကိုပင် ကယ်တင်နိုင်၏။

နတ်ဝိဇ္ဇာဖြစ်စေ၊ သာမန်လူဖြစ်စေ ထိုဆေးလုံးများကို အသုံးပြုနိုင်၏။

သူသည် ကြွေပုလင်းအလွတ်များယူ၍ ၎င်းဆေးလုံးများကို အမျိုးအစားခွဲ၍ ထည့်လိုက်သည်။ ထို့နောက် သူသည် မူလကြွေပုလင်းများကို မီးရှို့ပစ်လိုက်ပြီး လဘိုးဘိုး၏ ခြေရာလက်ရာကို အစဖျောက်လိုက်လေသည်။

“ ငါ ဒါတွေကို နောက်ကျရင် လက်ဆောင်ပေးဖို့ သိမ်းထားလိုက်မယ်။ ဒါမှမဟုတ် တခြားငါလိုချင်တာနဲ့ လဲလို့လည်း ရတာပဲ ”

အကယ်၍ ထိုဆေးလုံးများကို လူကြိုက်များလျှင် ဆေးလုံးမှနေ၍ ဆေးဖော်နည်းကို ပြန်ရှာပြီး သူ့ဘာသာ ထိုဆေးလုံးများကို ထပ်ဖော်ရပေမည်။ သူသည် ထိုဆေးလုံးများကို အမြောက်အမြားဖော်၍ ရောင်းလိုက်လျှင် အမြတ်များစွာ ရမည်ဖြစ်သည်။
“ ကျွတ်.. စည်းစိမ်ချမ်းသာတွေကြောင့် မျက်ကန်းဖြစ်မသွားစေနဲ့။ ပိုက်ဆံပိုရှိအောင်ရှာတယ်ဆိုတာ အေးအေးလူလူ ကျင့်ကြံနိုင်ဖို့အတွက်ပဲ။ ချီကျင့်ကြံသူတွေအတွက် တာအိုတရားက အခြေခံပဲ ”

မိမိကိုယ်ကို ပြန်၍ သင်ခန်းစာပေးပြီး‌နောက် လီချန်ရှို့ ရယ်လိုက်မိလေသည်။

သူသည် လက်စွပ်အတွင်းမှ ပစ္စည်းများကို သူ၏ အဓိက သိုလှောင်ဓမ္မအဆောင် သုံးခုတွင် ခွဲ၍ သိမ်းဆည်းလိုက်ပြီး လက်စွပ်ကို ချိတ်ပိတ်ထားလိုက်လေသည်။

သူနှင့် လဘိုးဘိုးပြောခဲ့သော စကားများကိုလည်း အကြိမ်အနည်းငယ် ပြန်၍ စဉ်းစားဆင်ခြင်လိုက်၏။ သူ၏ မျက်နှာအမူအရာနှင့် စကားလုံးများတွင် မည်သည့်အမှားမှ မပါခဲ့ကြောင်း အတည်ပြုပြီးသောအခါ ထိုကိစ္စကို ဘေးသို့ ခေတ္တဖယ်ထားလိုက်လေသည်။

သူ ကောင်းကင်ဘုံခုံရုံးသို့ ဝင်ရမည့်အချိန် လိုသေးပေသည်။ သူ၏ဆရာပင် အတုမဲ့နတ်ဝိဇ္ဇာအဆင့်သို့ မရောက်သေးပေ။ ထို့ကြောင့် အလျင်လိုနေစရာမလိုချေ။

ထို့နောက် လီချန်ရှို့သည် မြေအောက်လျှို့ဝှက်ခန်းမှ တိတ်တဆိတ် ထွက်လိုက်ပြီး တိမ်စီးကာ ချုံတောင်လေးမှ ထွက်ခွာလိုက်လေ၏။

******

တာအိုပစ္စည်းသိုလှောင်ခန်းသည် ကောင်းကင်ခွင်းတောင်အနောက်ရှိ တောင်၏ အလယ်တွင် ရှိလေသည်။ လီချန်ရှို့ကို မည်သူမှ ဂရုမထားကြချေ။

အပြင်ဆောင်တွင် တစ်နှစ်ပတ်လုံး ကျင့်ကြံနေကြသော အကြီးအကဲများပင် သူ့ကို မျက်လုံးဖွင့်၍ မကြည့်ခဲ့ချေ။ ထို့နောက် လီချန်ရှို့သည် နတ်ဆေးအခန်းထဲတွင် သူ၏ လေ့လာမှုကို စတင်လိုက်သည်။

“ ဆရာဒေါ်လေးကျိုးကျိုးတစ်ယောက် ဘယ်တော့မှ အခန်းအောင်းကျင့်တာက ထွက်လာမှာလဲ မသိဘူး ”

တာအိုပစ္စည်းသိုလှောင်ခန်း အပြင်ဆောင်၌ တွေ့ရသော တံဆိပ်တော် ပြုလုပ်ခြင်းနည်းလမ်းများသည် အခြေခံသာဖြစ်သည်။

‘ အတုမဲ့နတ်ဝိဇ္ဇာအဆင့်ရှိတဲ့ သူတွေပဲ ဝင်ခွင့်ရှိတဲ့ အတွင်းဆောင်ကို ဆရာဒေါ်လေးကျိုးကျိုးဝင်ပြီး အဆင့်မြင့် တံဆိပ်တော် နည်းစနစ်တွေကို ငါ့အတွက် မှတ်လာခဲ့ပေးရင် ကောင်းမယ် ’

အတုမဲ့နတ်ဝိဇ္ဇာများသည် သူတို့သိသည်များကို တပည့်ငယ်များအား ပြန်၍သင်ကြားပေးမှုကိုတော့ ဂိုဏ်းက မတားမြစ်ထားပေ။

လီချန်ရှို့သည် စားပွဲခုံလေးကို လက်ချောင်းလေးများဖြင့် ခေါက်ကာ စိတ်ထဲတွင် အတွေးများနှင့် ပြည့်နေ၏။ ထို့နောက် ဂိုဏ်းအတွင်းရှိ အကြီးအကဲတစ်ဦးကို အမှတ်ရသွားသည်။

အကြီးအကဲ ဝမ်လင်းယွမ်…

ယခု သူ အသုံးပြုနေသော အဆိပ်တစ်ထောင်ရွှေတစ်ရာ ဆေးပေါင်းဖိုသည် အကြီးအကဲ ဝမ်လင်းယွမ်ကိုယ်တိုင် ပြုလုပ်ထားခြင်းဖြစ်သည်။ ထိုအကြီးအကဲကို သူ့အား တံဆိပ်တော် ပြုလုပ်သည့် နည်းလမ်းများကို သင်ပေးခိုင်း၍ ရနိုင်သည်။

သို့သော် သူသည် အကြီးအကဲ ဝမ်လင်းယွမ်ထံမှ အကူအညီများ များစွာယူထားပြီဖြစ်၏။ သူ မည်မျှပင် အရည်ထူစေကာမူ အနည်းငယ် အားနာသလိုလိုခံစားနေရပေပြီ။

“ တခြားနည်းလမ်းမရှိတော့ဘူးဆိုရင်တော့ ငါ့စိတ်တန်ခိုးကို ထိန်းချုပ်ဖို့သုံးတဲ့ ဓမ္မရတနာပေါ်က တံဆိပ်တော်အကြောင်းကို သွားမေးရမှာပဲ ”
လီချန်ရှို့ သက်ပြင်းသဲ့သဲ့ချလိုက်သည်။

သူသည် ထိုအကြီးအကဲအပေါ်တွင် တစ်စထက်တစ်စ ကျေးဇူးကြွေးများတင်နေပေပြီ။ ထိုအရာသည်မကောင်းပေ။ သူ နည်းလမ်းတစ်ခုစဉ်းစား၍ အနာဂတ်တွင် ထိုအကြီးအကဲကို ကျေးဇူးကြွေးပြန်စပ်ရပေမည်။

ထို့နောက်သူသည် ဆေးဖော်ဆောင်သို့ ပြန်၍ နေ့ဝက်ခန့်နေပြီးနောက် မြေအောက်လျှို့ဝှက်ခန်းအတွင်းသို့ ထပ်သွားလိုက်သည်။

သူသည် စက္ကူရုပ်များကို ထုတ်၍ စားပွဲပေါ်တွင် ဖြန့်ထားလိုက်၏။ မကြာခင် ထိုစက္ကရုပ်များသည် အသက်ဝင်လာပြီး မတ်တတ်ရပ်ကာ စတင်၍ ခုန်၊ လွှား၊ တိုက်ခိုက်နှင့် ကခြင်းများကို လုပ်လိုက်ကြသည်။

လီချန်ရှို့သည် သူ၏အာရုံကို ထိုအပေါ်သို့ ပို့၍ ခံစားကြည့်ရန် ကြိုးစားလိုက်သည်။ မကြာမီမှာပင် သူ ဉာဏ်အလင်းအနည်းငယ် ပွင့်သွားတော့သည်။

ခေတ္တမျှကြာပြီးနောက် သူသည် ထွင်းဓားလေးနှင့် ဝါးချပ်လေးတစ်ခုကို ထုတ်၍ သူလေ့လာထားသော ‘ စက္ကူရုပ်များအဖြစ်မှ ကိုယ်ပွားအဖြစ် တိုးတက်ခြင်း ’ နည်းများအတွက် မှတ်စုများကို စတင်ရေးသားလိုက်သည်။

မှော်အစွမ်းများကို ပြောင်းလဲရန် အဆက်မပြတ် စမ်းသပ်မှုများ လုပ်ရပေမည်။

သူသည် ထိုစက္ကူရုပ်များ၏ မှော်အစွမ်းများကို‌ ပြောင်းလဲလိုလျှင် ရဲရင့်ကာ ရည်ရွယ်ချက်ကြီးကြီးထား၍ အတွေးများကို ဘောင်မခတ်ပဲ ဖောက်ထွက်နိုင်မှ ရပေမည်။ သူသည် သတိကြီးကြီးထား၍ ဉာဏ်သုံးကာ တည်ငြိမ်မှုရှိရမည် ဖြစ်သည်။ စာတွေ့နှင့် လက်တွေ့နှစ်ခုလုံးကို ပေါင်းစပ်အသုံးချရပေမည်။

ဤသို့ဖြင့် ခြောက်နှစ်ကြာပြီးနောက်…

******

ကောင်းကင်ပြာပြာကြီးတွင် တိမ်ဖြူအနည်းငယ်သည် ဖြည်းညင်းစွာ မျောလွင့်နေကြ၏။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ ဂိတ်တံခါးတွင် အညိုရောင်တာအိုဝတ်ရုံဝတ်ဆင်ထားပြီး မြင်းမြီးနှင်တံကိုင်ထားသော ချီယွမ်သည် သူ အပြင်သို့သွားမည်ဖြစ်ကြောင်း ဂိတ်အစောင့်အရှောက် နတ်ဝိဇ္ဇာကိုပြောနေလေသည်။
“ ညီလေးချီယွမ်… အပြင်ကို ဘယ်နှစ်ရက် သွားမှာလဲ ”

“ သုံးရက်လောက်ဆို ပြန်လာမှာပါ။ ကျွန်တော် ဉာဏ်ကွန့်မြူးမှုတချို့ ရလာလို့ အပြင်ကိုသွားပြီး တစ်ချက်လောက်သွားကြည့် မလားလို့ပါ… ”

“ ကောင်းပြီလေ… ”
ဂိတ်အစောင့်အရှောက်နတ်ဝိဇ္ဇာသည် ဆက်၍ မစစ်မေးတော့ပေ။ တောင်ကာမန္တန်အစီအရင်တွင် တံလျှပ်များဖြစ်ပေါ်လာပြီး ချီယွမ်သည် ထိုမှနေ၍ အပြင်သို့ ထွက်သွားလိုက်လေသည်။

ချီယွမ်သည် ဂိတ်အစောင့်အရှောက်နတ်ဝိဇ္ဇာကို တောင်ကာမန္တန်အစီအရင်၏ အပြင်မှ ကျေးဇူးတင်စကားပြောလိုက်ပြီး အရှေ့သမုဒ္ဒရာဘက်သို့ ဦးတည်ကာ သွားလိုက်၏။

လီ(၁၀၀၀)ခန့်ပျံသန်းပြီးနောက် ချီယွမ်သည် အသံပို့လွှတ်မှုတစ်ခုကို ကြားလိုက်ရသည်။
“ ဆရာ..သေတ္တာလေးကို ထားဖို့ လျှို့ဝှက်နေရာတစ်ခုကို ရှာလိုက်ပါ။ ဆရာက ဝိညာဉ်ကြောနားကိုသွားပြီး စောင့်နေလိုက်ပေါ့။ ဆရာ ဂိုဏ်းနဲ့ အဝေးကြီးကို သွားဖို့မလိုပါဘူး။ ကျွန်တော် သုံးရက်အတွင်း ပြန်လာခဲ့ပါမယ်။ အဲဒီအခါကျမှ သေတ္တာကို ပြန်ယူလိုက်ပေါ့… ”

“ အင်း …ကောင်းပြီ ”
ချီယွမ် ပြန်ပြောလိုက်ပြီး သူ၏ အင်္ကျီလက်ကို ကြည့်၍ မေးလိုက်သည်။
“ ဆရာ ဒီလောက်ပဲ လုပ်စရာလိုတာ သေချာရဲ့လား ”

လီချန်ရှို့က အသံပို့လွှတ်၍ ပြန်ပြောလိုက်၏။
“ ဆရာ.. မပူပါနဲ့… ကျွန်တော်က မြို့ကိုသွားပြီး ဝိညာဉ်ကျောက်တုံးနည်းနည်းနဲ့ အဖိုးတန်ပစ္စည်းတွေရအောင် ဆေးလုံးနဲ့ ဆေးပင်နည်းနည်း သွားရောင်းရုံပါပဲ ”

ချီယွမ်ရင်ထဲမှ နေ၍ သက်ပြင်းချလိုက်သည်။ သူ၏ မျက်လုံးများထဲတွင် မလုံမလဲအရိပ်အယောင်များ ရှိနေလေသည်။ သို့သော် သူ့တပည့်၏ အကြံအတိုင်း လိုက်လုပ်လိုက်ပြီး တောင်တစ်လုံးအပေါ်ရှိ တောအုပ်အတွင်းသို့ ပျံသန်းသွားလိုက်၏။

လူသူကင်းရှင်းသော နေရာတစ်ခုကို ရှာပြီးသောအခါ သူသည် လက်သီးစုပ်အရွယ်ရှိသည့် စန္ဒကူးသစ်ဖြင့်ပြုလုပ်ထားသည့် လေးထောင့်သေတ္တာလေးကို သစ်ပင်တစ်ပင်အောက်ရှိ မြက်ခင်းပြင်ပေါ်တွင် ချလိုက်သည်။

ထိုသို့လုပ်ပြီးသောအခါ ချီယွမ်သည် ပတ်ဝန်းကျင်တွင် လှည့်ပတ်လမ်းလျှောက်ကာ ရှုခင်းများကို ကြည့်ရှုခံစားနေဟန် ဆောင်လိုက်သည်။ သူ၏ နတ်အာရုံသည်လည်း ထိုသေတ္တာလေးကို စောင့်ကြည့်နေလေသည်။

ခေတ္တမျှကြာပြီးနောက် ထိုသေတ္တာလေးတွင် အက်ကွဲကြောင်းတစ်ခုပေါ်လာ၏။ စိန်ပုံသဏ္ဍာန်ရှိသော လက်သည်းခွံအရွယ်ခန့် ကျောက်မျက်လေးတစ်လုံးသည် ထိုအက်ကွဲကြောင်းအတွင်းမှထွက်လာ၍ လှည့်ပတ်ပျံသန်းနေလေသည်။

ကျောက်မျက်လေးသည် အရောင်လက်သွား၏။

လီချန်ရှို့သည် ချီယွမ်ကို ထပ်၍ အသံပို့လွှတ်လိုက်သည်။
“ ဆရာ… ကျေးဇူးပြုပြီးတော့ ဆရာ့ရဲ့ နတ်အာရုံကို အရင်ရုတ်သိမ်းလိုက်ပါ.. ”

“ အေးပါ…အေးပါ… ”
ချီယွမ်သည် သူ၏ နတ်အာရုံကို ပြန်သိမ်းလိုက်သော်လည်း အတန်ငယ် နားမလည်နိုင်ဖြစ်သွားသည်။

ရုတ်တရက် သေတ္တာအပြင်ဘက်ရှိ စိန်ပုံစံရှိသော ကျောက်မျက်လေးသည် ပြန်၍ အရောင်မှိန်သွား၏။

သေတ္တာအတွင်းမှနေ၍ ပယ်ရီစကုပ်နှင့် တူသော အချောင်းလေးတစ်ချောင်းထွက်လာပြီး ဘေးပတ်ဝန်းကျင်ကို လှည့်၍ ကြည့်နေ၏။ ထို့နောက် သေတ္တာအဖုံးသည် ညင်သာစွာဟ၍လာပြီး အဝါနုရောင် စက္ကူရုပ်လေးတစ်ရုပ် ထွက်လာလေသည်။

ထိုစက္ကူရုပ်သည် သာမန်စက္ကူရုပ်ထက် များစွာပိုထူကာ များစွာပိုကြီးလေသည်။ ၎င်း၏ ပခုံးတွင်လည်း အဝတ်အိတ်လေးတစ်အိတ်ကို လွယ်ထား၏။

၎င်းသည် ၎င်း၏ခါးကိုကိုင်၍ ရှေ့နောက်ယိမ်းလိုက်ရာ ပတ်ပတ်လည်မှနေ၍ အလင်းတန်းများထွက်လာပေသည်။

မျက်စိတစ်မှတ်အတွင်းမှာပင် စက္ကူရုပ်သည် ပိန်ပါး၍ အရပ်ရှစ်ပေရှည်ကာ အစိမ်းရောင်တာအိုဝတ်ရုံ ဝတ်ဆင်ထားသော တာအိုရသေ့တစ်ပါးအဖြစ် ပြောင်းလဲသွားလေသည်။ သူ၏ ဆံပင်ရှည်များကို သာမန်အတိုင်း စုစည်းချည်နှောင်ထားပြီး နောက်ကျောတွင် ဓားရှည်ကြီးတစ်ချောင်းကို စလွယ်သိုင်းထားလေသည်။

ထိုတာအိုရသေ့၏ ကိုယ်ရောက်ကိုယ်ဝါများသည် အတန်ကြာ တက်လိုက်ကျလိုက်ဖြစ်နေ၏။ သူ၏ ကိုယ်ရောင်ကိုယ်ဝါသည် မူလနတ်ဝိဇ္ဇာအဆင့်တွင် တည်ငြိမ်သွားသောအခါ တာအိုပေါင်းစည်းခြင်းအဆင့်ထိ လျှော့ချလိုက်ပြီး ထိုအဆင့်တွင် ရပ်တန့်လိုက်လေတော့သည်။

တာအိုရသေ့၏ အကြည့်များသည် အ‌ရောင်တစ်ချက်လက်သွား၏။ မျက်လုံးထဲတွင် ဝိညာဉ်အလင်း အစအနများရှိနေပြီး သက်ရှိလူတစ်ဦးနှင့် မခြားနားပေ။

သူသည် သေတ္တာလေးကို ကောက်ယူကာ မှန်တစ်ချပ်ထုတ်၍ ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ရေရွတ်လိုက်သည်။
“ အာ… ရုပ်ကတော့ ငါနဲ့ သိပ်မကွာသေးဘူး… ”

သူသည် ခေါင်းခါယမ်းလိုက်ပြီး သေတ္တာလေးကို မြေပေါ်သို့ ပြန်ချလိုက်သည်။ သူသည် လက်နှစ်ဖက်သုံး၍ လက်ဟန်များထုတ်လိုက်ပြီးနောက် မြေကြီးထဲသို့ ဝင်‌ရောက် ပျောက်ကွယ်သွားတော့သည်။ ၎င်းသည် လီချန်ရှို့ ခြောက်နှစ်တာလေ့လာခဲ့ရမှု၏ ရလာဒ်ဖြစ်သည်။

စက္ကူရုပ်ကို လူသားအစစ်အဖြစ်ပြောင်းလဲနိုင်သည့် အဆင့်မြှင့်စမ်းသပ်ချက် မှော်အစွမ်းဖြစ်သည်။

လက်တွေ့ဘဝတွင် စက္ကူရုပ်ကို ကိုယ်ပွားတစ်ဦးအဖြစ် သတ်မှတ်နိုင်နေပြီဖြစ်သည်။

သို့သော် လီချန်ရှို့သည် ဖြတ်လမ်းလိုက်ခဲ့သဖြင့် ထိုကိုယ်ပွားသည် အခွံသပ်သပ်သာဖြစ်၏။ ထို့ပြင် တာအိုရသေ့အမှတ်(၁)တွင် အခြား ပြစ်ချက်များလည်း ရှိသေးသည်။ ဥပမာအားဖြင့် လီချန်ရှို့သည် ရွေးစရာမရှိ၍ သူ၏ မူလဝိညာဉ်တစ်ပိုင်းတစ်စကို ထိုကိုယ်ပွားအတွင်းသို့ ထည့်ပေးခဲ့ရ၏။ အကယ်၍ ထိုကိုယ်ပွားသာ အသတ်ခံခဲ့ရလျှင် သူ၏ မူလဝိညာဉ်သည်လည်း အနည်းငယ် ထိခိုက်မှုခံစားရပေမည်။

ထိုအရာကို အဆင့်မြှင့်မှုများ ဆက်၍လုပ်ရမည်ဖြစ်သည်။

လီချန်ရှို့သည် ထိုစက္ကူရုပ်ကိုယ်ပွားကို အသတ်မခံရအောင် ပြင်ဆင်မှု များစွာလုပ်ခဲ့ရ၏။

ဥပမာအနေဖြင့် စက္ကရုပ်၏ နောက်ကျောရှိ ဓားသည် ဓားတစ်ချောင်းဟုထင်ရသော်လည်း အမှန်တွင် အဆိပ်မှုန့်များ၊ ဆေးမှုန့်များဖြင့် ဖွဲ့စည်းထားသော ဓမ္မအဆောင်တစ်ခုဖြစ်သည်။

လီချန်ရှို့သည် မူလက ကိုယ်ပွားအမှတ်(၁)၏ တိုက်ခိုက်မှု စွမ်းရည်ကို စမ်းသပ်ရန် အစီအစဉ်မရှိပေ။ သို့သော် လူသားတို့၏ နှလုံးသားသည် ကောက်ကျစ်တတ်၏။ သူ၏ ပထမဆုံးခရီးတွင် ချမ်းသာမှုကို ကြွားမိ၍ အန္တရာယ်နှင့်ကြုံခဲ့ဖူးလေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ နယ်မြေအတွင်းမှ ထွက်သွားပြီးနောက် သူသည် အရှေ့ကျွန်းတွင် ထင်ရှားသော လင်းဟိုင်မြို့သို့ မြေကိုယ်ယောင်ဖျောက်အတတ်ကို သုံးကာ နေ့ဝက်ခန့် အလျင်အမြန်သွားလိုက်လေသည်။

လုံခြုံမှုရှိစေရန် သူသည် ဆေးလုံးနည်းနည်းချင်းစီကို မတူသောနေရာ၊ မတူသောဆိုင်များကို လှည့်ပတ်၍ ရောင်းချခဲ့လေသည်။ တုနတ်ဝိဇ္ဇာဂိုဏ်းမှ ဖွင့်ထားသည့် ဆိုင်များကိုလည်း သူတွေ့ခဲ့ရ၏။

ထို့နောက် သူသည် ဆေးလုံးများဖြင့် လဲလှယ်၍ရသော ဝိညာဉ်ကျောက်တုံးများနှင့် နတ်ကျောက်တုံးအနည်းငယ်ကိုသုံးကာ ဝိညာဉ်ဆေးပင်များ၊ အဆိပ်ဆေးပင်များ၊ အဆိပ်ပစ္စည်းများနှင့် ဝိညာဉ်သားရဲအပေါက်လေးများကို ဝယ်ယူလိုက်သည်။

ပထမဆုံးရင်းနှီးခဲ့ရသည့် အရင်းကို ထည့်မတွက်လျှင် ယခုအခေါက် ဆေးလုံးများရောင်း၍ ရသောအမြတ်သည် ဆေးဖော်ရန်ကုန်ကြမည့် ကုန်ကျစရိတ်၏ (၆၀)ရာခိုင်းနှုန်းရှိရာ အတော်လေး ကောင်းမွန်သည်ဟု ဆိုနိုင်၏။

သူ့အပေါ်တွင် သံသယမဝင်စေရန် ထိုမြို့ရှိ ဈေးတွင် နေ့ဝက်ခန့် ဈေးဗန်းခင်းကာ သူပြုလုပ်ထားသော ဓမ္မအဆောင်အချို့နှင့် အရည်အသွေးကောင်းသော ဆေးလုံးအချို့ကို ထပ်၍ရောင်းချခဲ့လေသည်။ ဈေးနှုန်းအသင့်အတင့်ဖြင့် ရောင်းသည်ဖြစ်ရာ ဝိညာဉ်ကျောက်တုံး အများအပြားထပ်၍ ရလေသည်။

သို့သော် မည်မျှပင် သတိထားစေကာမူ သူ၏ စက္ကူကိုယ်ပွားကို ပစ်မှတ်ထားနေသူများရှိကြောင်း လီချန်ရှို့ သတိထားမိလိုက်သည်။

သုံးရက်ပြည့်ရန် နေ့ဝက်ခန့်လိုသေးပေသည်။ လီချန်ရှို့သည် သေမျိုးလောကရှိ ကြွယ်ဝသော တိုင်းပြည်များမှ မြို့တော်များနှင့် ယှဉ်ပြိုင်နေသော လင်းဟိုင်မြို့မှ တိတ်တဆိတ်ထွက်သွားလိုက်၏။ သူသည် တိမ်စီး၍ မြေကိုယ်ယောင်ဖျောက်အတတ် သုံးရန်သင့်တော်မည့် တောအုပ်ဆီသို့ ပျံသန်းသွားလိုက်သည်။

သို့သော် လူရိပ်တချို့သည် လင်းဟိုင်မြို့မှထွက်၍ သူ့အနောက် လိုက်လာ၏။ ထိုလူတစ်ဦးချင်းစီသည် သူတို့၏ ကျင့်ကြံခြင်းအဆင့်များကို ဖုံးကွယ်ကာ သူ့နောက်မှ တိတ်တဆိတ် ခြေရာခံလိုက်နေလေသည်။

ကြည့်ပါ‌လော့…ဤအရာသည် အာဒိကပ္ပလောကပင်ဖြစ်ပေသည်။

လီချန်ရှို့တစ်ယောက် ရင်ထဲမှနေ၍ သက်ပြင်းဖွဖွချလိုက်ပြီး ပို၍ စိတ်လှုပ်ရှားစွား ပျံသန်းလိုက်၏။

ထိုစက္ကူကိုယ်ပွား၏ အင်္ကျီလက်အတွင်း၌ ဓားအသေးလေးများနှင့် ကြွေပုလင်းများကို ကိုင်ထားသော စက္ကူရုပ်လေးများရှိနေပြီး ၎င်းတို့သည် လက်ဖဝါးများကို ပွတ်ကာ တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေကြလေတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset