Switch Mode

စာစဉ် (၁၂)အပိုင်း (၁၅၉)

ဝန်းရံခံရခြင်း

ဇူယွမ်နှင့် ရှောင်ထျန်းရွှမ်တို့၏ တိုက်ပွဲဖြစ်ပွား ခဲ့ပြီးသည်မှာ ခုနစ်ရက်ရှိပြီ ဖြစ်သည်။ ထို ခုနစ်ရက် အတွင်းသူတော်စင် အကြွင်းအကျန် နယ်မြေ တစ်ခုလုံးသည် ပွက်လောရိုက်လျက် ရှိသည်။ များစွာသော အခွင့်အရေး များက ထူးဆန်းအံ့သြဖွယ် နေရာများတွင် ပေါ်ထွက်လို့လာပြီး ထိုနေရာများသို့ ဝင်ရောက်နိုင်သော မည်သူမဆို အံ့မခန်း ဆုလာဘ်များ၊ ကောင်းချီး ပေးခံရခြင်းများ ကိုရရှိကြသည်။

ရက်အနည်းငယ် ကြာလွန်ပြီးနောက် အမျိုးမျိုးသော ကောင်းချီး ပေးခံရခြင်း များကို ကံကောင်းစွာပင် ရရှိခဲ့ကြသူများ ၏ သတင်းများက ပျံ့နှံ့လို့လာသည်။ ထိုသူများသည် သူတို့၏ နဂိုရှိရင်းစွဲ ခွန်အားများက ခုန်ပေါက်၍ ထိုးတက်ကုန်ကြကာ ပါရမီရှင်များ ကြားက ထိပ်တန်း ပါရမီရှင်များ အဖြစ်သို့ ရောက်ရှိသွားကြသည်။

မရေမတွက် နိုင်သော ပါရမီရှင်များ၏ မျက်လုံးထဲ၌ စိတ်လှုပ်ရှားမှုများ၊ မျှော်လင့်ချက်များဖြင့် တောက်လောင်လို့ လာသည်။ ထို ထူးဆန်းအံ့ဖွယ် နေရာများကို ရှာဖွေရန်က လူတိုင်း၏ အိပ်မက် ဖြစ်လာခဲ့ကြသည်။

အချို့သော ပါရမီရှင်များက သူတို့ကိုသူတို့ ခွဲခြားသတ်မှတ် နိုင်ရန် ပြင်းထန်သော တိုက်ပွဲများကို ရင်ဆိုင်ပြီး သူတို့၏ နာမည်များကို သူတော်စင် အကြွင်းအကျန် နယ်မြေတစ်ခုလုံးတွင် ပဲ့တင်ထပ် စေကြသည်။

သူတို့ထဲက တစ်ယောက်ကတော့ ရှောင်ထျန်းရွှမ်ကို အနိုင်ယူ ဖိနှိပ်နိုင်ခဲ့သော ဇူယွမ်ပင်။သို့ ရာတွင် ယောင်ယောင်ဖြင့် ယှဉ်မည်ဆိုပါက ကျန်သည့်သူများသည် လုံလောက်အောင် သန်မာခြင်း မရှိကြပေ။ ယနေ့ချိန်ထိ သူတော်စင်ကျောက်ပြား ပေါ်၌ ယောင်ယာင်၏နာမည် တစ်ခုသာ ရှိနေသေး၏။

ပြီးပြည့်စုံသော တိုက်ပွဲတစ်ခုကို အောင်မြင်နိုင်ရန်မှာ မလွယ်ကူလှကြောင်း ရှင်းလင်းလွန်းသည်။

လူတိုင်းက သူတို့၏ အချိန်နှင့် စွမ်းအင်များကို လေ့ကျင့်ခြင်း၊ မူလ သားရဲများစွာကို သတ်ဖြတ်ခြင်းတို့တွင် အသုံးပြု ထားကြသည်။ သူတို့၏ ခွန်အားများ သန်မာလာအောင် ဖြစ်သည်နည်းဖြင့် မြန်နိုင်သမျှ မြန်အောင် ကြိုးစား နေကြသည်။ ထိုကဲ့သို့ ပြုလုပ်နေမှသာ သူတော်စင် ကျောက်ပြား၏ အသိအမှတ် ပြုခြင်းကို ရရှိနိုင်မည့် အခွင့်အရေးများ မြင့်မား လာနိုင်ပေ၏။

ဇူယွမ်လည်း ထိုကဲ့သို့ တူညီသော အတွေးရှိလေ၏။

ဇူယွမ်က သူ့ခွန်အားများ တိုးတက်ရန် မူလသားရဲ များကို အမဲလိုက်နေစဉ် အတွင်းမှာပင် သူက မုန်တိုင်းထန်သော ဧရိယာများကို ဆက်လက်ပြီး ရှာဖွေနေသည်။ ထိုသို့ ပြုလုပ် နေရခြင်းမှာ မိုးကြိုးမုန်တိုင်း များက သူ့ကို လေနှင့်မိုးကြိုး ကျင့်စဉ်ကို လေ့ကျင့်ရာ၌ အကူအညီ ပေးနိုင်မှာ ဖြစ်သောကြောင့်ပင် ဖြစ်၏။

နောက်ဆုံးတွင် သူက လေနှင့် မိုးကြိုးကျင့်စဉ်ကို လေ့ကျင့်ရန် သင့်တော်သော နေရာကို တွေ့ရှိခဲ့ပါပြီ။

“ဝုန်း … ဝုန်း …”

ဤနေရာက အပျက်အစီး နယ်မြေတစ်ခု ဖြစ်နေပြီး တောင်တန်းများကလည်း စုစုဝေးဝေး တည်ရှိနေကြသည်။ တောင်ထိပ်များမှာ ကောင်းကင်ရှိ တိမ်များကြား ထိုးတက်လို့နေသည်။ တောင်ပတ်ဝန်းကျင် တွင်လည်း သစ်ပင်ဟူ၍ မတွေ့ရချေ။ ခြောက်ကပ်တိတ်ဆိတ် နေပြီး လူသူလေးပါး မရှိသည့် ပတ်ဝန်းကျင်တစ်ခု ကဲ့သို့ ဖြစ်နေတော့သည်။ မိုးကြိုးမုန်တိုင်း များကလည်း ထိုဧရိယာ တစ်ခုလုံးတွင် တဝုန်းဝုန်း ပြည့်နှက်လျက် ရှိနေ၏။

ဇူယွမ်က ထိုနေရာရှိ တောင်ထိပ်တစ်ခု ပေါ်၌ ရပ်လျက်ရှိသည်။ တောင်ထိပ်တစ်ခုလုံး မည်းနက်နေသော မိုးကြိုးတိမ်များ ပြည့်နှက်လို့နေပြီး တစ်ချက်တစ်ချက် လျှပ်စီးများ လက်ခနဲ ဖြစ်သွားသည်။ ဤကဲ့သို့သော မြင်ကွင်းက လူတစ်ယောက်၏ နှလုံးကို တုန်ယင်ကြောက်ရွံ့မှုကို ပေးစွမ်းနိုင်ပေ၏။

သို့ရာတွင် ဇူယွမ်ကတော့ အူမြူးလို့သွားသည်။ ဒီနေရာက လေနှင့်မိုးကြိုး ကျင့်စဉ်ကို လေ့ကျင့်ရန် ဇူယွမ်အတွက် အကောင်းဆုံး နေရာပင်။

“နေ့ရက် ပေါင်းများစွာ ရှာပြီးတဲ့နောက်တော့ သင့်တော်တဲ့နေရာကို တွေ့ရပြီ” ဇူယွမ်က သက်ပြင်းသဲ့သဲ့ ချလိုက်၏။ သူက လေနှင့်မိုးကြိုး ကျင့်စဉ်ကို ဒီနေရာ၌ ကျွမ်းကျင်အောင် လေ့ကျင့်ရပေမည်။ သူသာ အောင်မြင်အောင် လေ့ကျင့်နိုင်ခဲ့မည် ဆိုပါက သူ့တိုက်ပွဲဝင် စွမ်းအားက အမှန်ပင် နောက်တစ်ဆင့် မြင့်တက်လာမှာ ဖြစ်၏။

ဇူယွမ်က တောင်ထိပ်၌ ထိုင်လိုက်ပြီး လေနှင့်မိုးကြိုး ကျင့်စဉ်ကို တဖြည်းဖြည်း ဈာန်ဝင်စား နေလိုက်သည်။ ပတ်ဝန်းကျင်တွင် ရှိနေသော မိုးကြိုးများ၊ လျှပ်စီးများက သူ့စိတ်ထဲမှာ တဖြည်းဖြည်း ပျောက်ကွယ်လို့ သွားသည်။ ရှုပ်ထွေး၊ နက်နဲသော ကျင့်စဉ် စာသားများက သူ့စိတ်ထဲသို့ ခပ်ဖြည်းဖြည်း စီးဝင်လို့လာသည်။ ဤနည်းလမ်းက လေနှင့် မိုးကြိုးကျင့်စဉ်ပင် ဖြစ်၏။

“လေကို ထိတွေ့ခံစား၊ မိုးကြိုးကို ထိတွေ့ခံစား၊ မင်းရဲ့ မူလချီတွေနဲ့ ပုံဖော်အသက်သွင်းပြီး ခန္ဓာကိုယ်ထဲမှာ လေနှင့်မိုးကြိုး အမှတ်အသား ပေါ်လာအောင်လုပ် …”

အချိန် အတော်ကြာပြီးနောက် ဇူယွမ်က ဖြည်းညင်းစွာ မျက်လုံးဖွင့်လိုက်သည်။ ထို့နောက် သူ့လက်ထဲရှိ လျှပ်စီးကျောက်တုံးကို အပေါ်သို့ ပစ်လိုက်သည်။ အနက်ရောင် ကျောက်တုံးက လေထဲသို့ မြင့်တက်သွားပြီး သူ့ခေါင်းအနား၌ ရစ်သီကာ လှည့်ပတ်လို့ နေ၏။ ဇူယွမ်က ထိုလျှပ်စီးကျောက်တုံး ထဲသို့ မူလချီများ စတင် ထည့်သွင်းလိုက်ရာ ချက်ချင်းပင် ၎င်းကျောက်တုံး၏ အပေါက်များမှ မိုးကြိုးပစ်သံများ ထွက်ပေါ်လာသည်ကို ကြားလိုက်ရ၏။

“ဝုန်း”

ထိုအခါ ပတ်ဝန်းကျင်ရှိ လေနှင့်မိုးကြိုး များက လက်ယှက် ခေါ်သလို လျှပ်စီးကျောက်တုံး ထံသို့ ရွေ့လျားလို့ လာကြသည်။ မိုးကြိုးပစ်ချက် တစ်ခုက လျှပ်စီးကျောက်တုံးကို လာရောက် ထိမှန်၏။ ကျောက်တုံးက မိုးကြိုးစွမ်းအင် များကို စုပ်ယူပြီး တုန်ခါလို့လာသည်။ ထို့နောက် များစွာသော မိုးကြိုးများက လျှပ်စီးကျောက်တုံး၏ အပေါက်များမှ တဝုန်းဝုန်း ထွက်ပေါ်လာပြီး ဇူယွမ် ခန္ဓာကိုယ်အား လာရောက်ထိမှန်သည်။

ဇူယွမ်က ချက်ချင်း တုန်ခါသွားပြီး အသည်းခိုက်အောင် နာကျင်မှုကို ခံစားလိုက်ရသည်။ သူက နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့ သွားသော်လည်း အံတင်းတင်းကြိတ်ကာ ထိုလျှပ်စီးများကို ကြံ့ကြံ့ခံ ရင်ဆိုင်သည်။

ဤကဲ့သို့ အနာခံ လေ့ကျင့်နိုင်မှသာ မိုးကြိုးနှင့် လျှပ်စီးများက ခန္ဓာကိုယ်နှင့် တဖြည်းဖြည်း ယဉ်ပါး အသားကျလာပြီး ၎င်းတို့၏ သဘာဝနှင့် စွမ်းရည်တို့ကို နားလည်လာနိုင်မည် ဖြစ်သည်။ ထိုသို့သောနည်းဖြင့် ခန္ဓာကိုယ်ထဲ၌ လေနှင့်မိုးကြိုး အမှတ်အသား များကို တဖြည်းဖြည်း ဖန်တီးနိုင်စွမ်း ရှိလာမည် ဖြစ်၏။

အဆင့်နိမ့် ကောင်းကင်မူလ ကျင့်စဉ်တစ်ခုက အနက်ရောင် ကျင့်စဉ်များ၏ အလွန်သာလွန်သော အဆင့်မှာ ရှိနေပြီး ပိုမိုနက်ရှိုင်းကာ စွမ်းအားလည်း ပိုကြီးမားသည်။ ထို့ကြောင့် သင်ယူရန် ထူးဆန်းပြီး ခက်ခဲလွန်း နေခြင်းပင်။

“လေနဲ့မိုးကြိုးကို စုပ်ယူနိုင်တဲ့ လျှပ်စီးကျောက်တုံး ရှိနေတာ ငါ တော်တော်ကံကောင်းတယ်။ မဟုတ်ရင် လေ့ကျင့်မှုက အရမ်းနှေးနေတော့မှာ” ဇူယွမ်က သူ့ကိုယ်သူ ခပ်တိုးတိုး ပြောလိုက်သည်။

“ဝုန်း …   ဝုန်း”

တောင်ထိပ်ပေါ်၌ မိုးကြိုးများက အဆုံးမရှိ တဝုန်းဝုန်း ပစ်ချနေသည်။ ထိုမိုးကြိုးများ၊ လျှပ်စီးများကြား၌ ဇူယွမ်၏ တုန်ယင်နေသော ပုံစံကို တွေ့မြင်နိုင်၏။

သူတော်စင် အကြွင်းအကျန် နယ်မြေ၏ နေရာတစ်ခု။

နက်ရှိုင်းသော တောတွင်းတစ်နေရာ၌

အဖြူရောင် ဝတ်စုံဖြင့် ယောင်ယောင်က သစ်ပင်ကြီး တစ်ခု၏ ပင်စည်ပေါ်မှာ ထိုင်လျက်ရှိနေသည်။ သူမ၏ သွယ်လျသော ခြေထောက်လေးက သစ်ကိုင်းတစ်ခု ပေါ်မှ တွဲလွဲ ချထားလျက်ရှိပြီး လှုပ်ယမ်းလို့ နေသည်။ သိုလှောင်အိတ်ထဲမှ ကျောက်စိမ်းခွက် တစ်ခွက်ကို ထုတ်ယူလိုက်ပြီး မွှေးပျံ့ စူးရှသော ဝိုင်အချို့ကို ခွက်ထဲသို့ ထည့်လိုက်၏။

“ဟီး … ဒီလို ပစ္စည်းကောင်းကို ဒီနေရာမျိုးမှာ တွေ့ရမယ်လို့ မထင်ထားဘူး …” ယောင်ယောင်က ဝိုင်တစ်ငုံ မော့လိုက်ပြီး ပန်းရောင်သန်းနေသာ လျှာလေးဖြင့် နှုတ်ခမ်းသပ် လိုက်သည်။ ကျေနပ်အားရ ပျော်ရွှင်မှုများက သူမ၏ကျောက်စိမ်းလို လှပသော မျက်နှာလေးပေါ်၌ ထင်ဟပ်လျက် ရှိ၏။

“အူး … အူး … အူး …”

ထိုစဉ် အပင်အောက်မှာ မျောက်တစ်အုပ်၏ ဆူညံစွာ အော်ဟစ်သံများ ထွက်ပေါ်လို့လာသည်။ သို့သော် သူတို့က ယောင်ယောင်နားသို့ မကပ်ရဲကျချေ။ ဆူဆူညံညံ လုပ်ရန်သာ တက်နိုင်ကြ၏။

ထိုအသံများကို ကြားသည့်အခါ ယောင်ယောင်က အောက်ငုံ့ကြည့်ကာ ပြောလိုက်သည်။ “နင်တို့ကောင်တွေ ငါ့ကိုနှောင့်ယှက် နေဦးမယ်ဆိုရင် အကုန်သတ်ပစ်မယ် …”

ဆူညံပွက်လော ရိုက်နေသော မျောက်အော်သံများက ချက်ချင်း တိတ်ဆိတ်လို့သွား၏။ မျောက်များက ယောင်ယောင်ကို ကြောက်ရွံ့မှုကြောင့် အမွေးများပင် ထောင်မတ်ကုန်သည်။ သူတို့ရှေ့ရှိ လူသားက အမှန်ပင် ကြောက်စရာ ကောင်းသည်ကို ခံစားမိကြသည်။

“ဒီလိုနာခံမှပေါ့” ယောင်ယောင်က အသိအမှတ်ပြုဟန် ခေါင်းတစ်ချက် ညိတ်လိုက်ပြီး ဝိုင်တစ်ခွက်လုံးကို မော့လိုက်ရာ သူမ၏ ကျော့ရှင်းသော လည်တံလေး တစ်လျှောက် စီးဆင်းသွားတော့သည်။ စွဲမက်ဖွယ် မြင်ကွင်းပင် ဖြစ်၏။

ရုတ်တရက် ယောင်ယောင်က ခွက်က လွှင့်ပစ်လိုက်ပြီး သူမ၏ ရှင်းသန့်သော မျက်လုံးထဲ၌ အေးစက်မှုများ ဖြတ်ပြေးသွားသည်။ “မင်းကို သင်ခန်းစာ ပေးခဲ့တာ မလုံလောက် သေးတဲ့ပုံပဲ …”

အနီရောင် အလင်းတန်းပုံရိပ် တစ်ခုက ယောင်ယောင်ရှေ့တွင် ဆင်းသက်လာခဲ့သည်။ သူကတော့ ဝူဟောင်ပင်။

ဝူဟောင်က ယောင်ယောင်ကို စူးစိုက်ကြည့်ရင်း ခပ်ဖြည်းဖြည်း ပြောလိုက်သည်။ “မင်းနဲ့ဇူယွမ်က ဘယ်လို ပတ်သက်တာလဲ။ မင်းသာ ငါတို့ကြားမှာ ဝင်မပါဘူး ဆိုရင် ဒီနေ့ ဒီနေရာကနေ သွားခွင့်ပေးလိုက်မယ်”

ယောင်ယောင်က ခေါင်းတညိတ်ညိတ် လုပ်ပြီး မထူးခြားစွာ ပြန်ပြောလိုက်သည်။ “ငါ့မှာ သူခိုးတွေနဲ့ ပတ်သက်ပြီး ခံစားချက်ကောင်း မရှိဘူး”

“မင်းဘာစကား ပြောလိုက်တာလဲ” ဝူဟောင်အကြည့်က အေးစက်သွားပြီး ကြောက်မက်ဖွယ် အရှိန်အဝါများ သူ့ထံမှ ထွက်ပေါ်လို့လာ၏။

ယောင်ယောင်က ပျင်းရိစွာပင် ပြန်ဖြေလိုက်သည်။

“မင်း မပိုင်ဆိုင်ခဲ့တဲ့ အရာတစ်ခုကို ခိုးယူခဲ့တာက သူခိုးလို့ မပြောလို့ ဘယ်လို ပြောရမတုန်း …”

“မင်းက အသက်ရှင် နေရတာ ပင်ပန်းနေတဲ့ပုံပဲ”

ဝူဟောင်မျက်လုံး ထဲ၌ မီးတောက်သွားသည်။ သူ့အေးစက်စက် အသံထဲ၌ သတ်ဖြတ်လိုသော ဆန္ဒများ ပြည့်နှက်လို့နေ၏။

“ရက်အနည်းငယ်ပဲ ရှိသေးတာတောင် မင်းက နာနာကျင်ကျင် ခံစားခဲ့ရတာကို မေ့သွားပြီပေါ့ …” ယောင်ယောင်၏ တောက်ပသော နဖူးထက်မှာ စွမ်းအားပြည့်ဝသော စိတ်ဝိညာဉ် စွမ်းအားများ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

“ဟားဟား … အားကောင်းလိုက်တဲ့ စိတ်ဝိညာဉ် …”

လည်ချောင်းထဲမှ ထွက်ပေါ်လာသော ခြောက်ကပ်ကပ် အသံတစ်ခုက တောတွင်းမှ ထွက်ပေါ်လာခဲ့၏။ ယောင်ယောင်ထံသို့ အနက်ရောင် ပုံရိပ်တစ်ခုက ခပ်ဖြည်းဖြည်း လျှောက်လှမ်းလာလို့ လာနေသည်။ သူကတော့ ယဲ့မင် ပင်။

“ငါနဲ့ဝူဟောင် တိုက်နေတုန်းက ခိုးကြောင်ခိုးဝှက် လုပ်နေတာ မင်းမလား …” ယောင်ယောင်က ယဲ့မင်ကို တစ်ချက်ကြည့်လိုက်၏။ “မင်းတို့နှစ်ယောက် ပူးပေါင်းလိမ့်မယ်လို့ ငါမမျှော်လင့် ထားမိဘူး …”

ယဲ့မင်က သက်ပြင်းချကာ ပြန်ပြောလိုက်သည်။ “လူငယ်မျိုးဆက် တွေထဲမှာ မင်းလောက် စိတ်ဝိညာဉ်စွမ်းအား ကောင်းမွန် ပြည့်ဝတဲ့လူမျိုး တစ်ခါမှ မမြင်ဖူးဘူး။ ဒါပေမဲ့ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ မင်းဆက် မရှိသင့်တော့ဘူးလို့ ငါထင်တယ်”

“မင်းက ငါတို့အတွက် အတားအဆီး ကြီးကြီးမားမား ဖြစ်လာလိမ့်မယ်”

ယောင်ယောင်က သစ်ကိုင်းပေါ်၌ မတ်တတ်ရပ်လိုက်ပြီး သူမ၏ဟန်က ခန့်ညားကာ လွှမ်းမိုး နိုင်စွမ်းရှိလွန်း၏။ သူမက တည်တည်ငြိမ်ငြိမ်ပင် ဆက်ပြောလိုက်သည်။

“မင်းတို့နှစ်ယောက် ပေါင်းရင် လုံလောက်အောင် သန်မာပေမဲ့ ဒီနေရာမှာ ငါ့ကို ထိန်းထားနိုင်စွမ်း မရှိသေးဘူး”

ယဲ့မင်က ဟက်ခနဲ ရယ်မော၍ ခေါင်းညိတ်လိုက်သည်။ “ခုလိုဆိုရင်ရော …”

သူက လက်ဝှေ့ယမ်းကာ အချက်ပြလိုက်သည်။

“ဘုန်း ….”

ရုတ်တရက် တောတွင်းထဲမှ စွမ်းအားပြည့်ဝသော မူလချီ လေးမျိုးက ခက်ထန်စွာ ထွက်ပေါ်လာခဲ့ပြီး သူတို့ ဒီဧရိယာကို ဝန်းရံထားလိုက်သည်။ သူတို့က ယောင်ယောင်ကို ထောင်ချောက်ဆင် ပိတ်ဆို့ရန်အတွက် ကြိုပြင်ဆင် လာကြသည့်ပုံပင်။

ယောင်ယောင်က သူ့ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် မျက်မှောင်ကြုတ် မိသွားသည်။ ဝူဟောင်က သူမနှင့် ရင်ဆိုင်နိုင်ရန် အခြားလူများက အုပ်စုဖွဲ့ခဲ့ပြီး ထိုအုပ်စုက သူမကို အတော်လေး ပြဿနာ ပေးနိုင်ပေသည်။


Comment

Leave a Reply

Options

not work with dark mode
Reset