ဇူယွမ်နှင့် ရှောင်ထျန်းရွှမ်တို့၏ တိုက်ပွဲမှာ မမျှော်လင့်ဘဲ မြန်မြန် အဆုံးသတ်သွားသည်။ တိုက်ပွဲအား ကြည့်ရှုနေသူများ ရှေ့တွင်ပင် ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့က ပျောက်ကွယ်သွားပြီ ဖြစ်သည်။
လူအုပ်ကြီးက အသိပြန် ဝင်လာပြီး တိုက်ပွဲဖြစ်ခဲ့သော နေရာကို တစ်ဖန် ငေးကြည့်နေရင်း တံတွေးများ မျိုချမိကြသည်။
သူတော်စင် အကြွင်းအကျန်မြို့၏ မြို့စားငယ်က အမှန်ပင် ထွက်ပြေးရ လိမ့်မည်ဟု မည်သူမျှ မမျှော်လင့် ထားခဲ့ကြပေ။
သူ၏ခွန်အားက ကောင်းကင် တံခါးအဆင့် အထွတ်အထိပ်မှာ ရှိနေသည့်အပြင် ကန်မင် ကုန်းမြေကြီး၏ လူငယ်မျိုးဆက်၌ လက်တစ်ဆုပ်စာ လူအနည်းငယ် ကသာ သူ့ကို ဖိနှိပ်နိုင်ပေသည်။ အခုတော့ ကောင်းကင်တံခါး စဦးအဆင့်၊ ဇူယွမ်၏ ရိုက်ချခြင်းကို ခံလိုက်ရပေသည်။ ထို့ပြင် ရှောင်ထျန်းရွှမ်က အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်ကို ထုတ်ဖော် အသုံးပြုတာ တောင်မှ ဇူယွမ်အား ရှုံးနိမ့်ခဲ့ရသည်။
ဇူယွမ်ကို ကြည့်နေသော လူများ၏ အကြည့်များက တဖြည်းဖြည်း ပြောင်းလဲလာပြီး သူတို့က ဇူယွမ်အား ပို၍ လေးစား မိလာကြသည်။ တောင်ကြော တစ်ခုလုံးက တိတ်ဆိတ်မှုဖြင့် လွှမ်းမိုးလို့ နေသည်။ ယနေ့တိုက်ပွဲ ပြီးလျှင် ဇူယွမ်၏ နာမည်က သူတော်စင် အကြွင်းအကျန် နယ်မြေ တစ်ခုလုံးတွင် ပဲ့တင် ထပ်နေတော့မည် ဖြစ်၏။
ဇူယွမ်က သူတို့၏ အကြည့်များကို လုံးဝ အာရုံမစိုက်ချေ။ သူက လက်ဟန်တစ်ခု ပြုလုပ်ကာ ရွှေရောင် မူလချီများကို ထွက်ပေါ်စေလိုက်ပြီး သိုလှောင်အိတ်ထဲသို့ ထိုးသွင်းလိုက်သည်။ ထို့နောက်သူက သိုလှောင်အိတ်ကို ဟိုရမ်းဒီရမ်း လုပ်နေလိုက်သည်။
“ဒီကောင်က ပြေးတာ တကယ်တော်တာပဲ” ဇူယွမ်က ခေါင်းယမ်းမိလိုက်သည်။ သူက ရှောင်ထျန်းရွှမ်၏ လက်ထဲ၌ ဝှက်ဖဲအချို့ ရှိနေသည်ကို ခန့်မှန်းမိပါသည်။ ထိုအရာများက သူ့အသက်ကို ကယ်တင်ပြီး လွတ်မြောက်သွားစေခြင်း ဖြစ်သည်။
“ကောင်းပါတယ်။ မင်းက လွတ်မြောက် သွားပေမဲ့ သက်သာမှာ မဟုတ်ပါဘူး …”
ဇူယွမ်က ဟက်ခနဲ ရယ်မောလိုက်သည်။ သူက တိုက်ပွဲနောက်ဆုံး အချိန်တုန်းက နဂါးဒေါသ အဆိပ်အချို့ အဝက်ကို ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့၏ ခန္ဓာကိုယ်ထဲကို ထည့်သွင်း ပေးလိုက်ခြင်း ဖြစ်သည်။ ထိုအဆိပ်က သူတို့ကို သေချင်လာအောင် လှုံ့ဆော် ပေးပါလိမ့်မည်။
ဇူယွမ်က ထိုအဆိပ်နှင့် ပတ်သက်၍ လွန်ခဲ့သောနှစ် များထဲက အတွေ့အကြုံ ရှိပြီး ဖြစ်သည်။
“မြို့စားငယ်မှာ ဘာတွေ ပိုင်ဆိုင်ထားလဲ ကြည့်ဖို့ အချိန်တန်ပြီ …” ဇူယွမ် လက်ထဲရှိ သိုလှောင်အိတ် ထဲမှ ရွှေရောင် မူလချီများ ထွက်ပေါ်လာသည်။ မှိန်ဖျော့ဖျော့ မူလ မှော်စာလုံးက သိုလှောင်အိတ်ဝ၌ ပေါ်လာပြီး ထူးဆန်းသော စွမ်းအားအချို့ဖြင့် ၎င်းကို ပိတ်ဆို့လို့ ထားသည်။
သို့ရာတွင် ထိုသို့သော အတားအဆီးက ဇူယွမ်အတွက် ဖျက်ဆီးရန် များစွာ မခက်ခဲပေ။ မူလချီလှိုင်းများ ထွက်ပေါ်လာပြီး ထိုမှော်စာလုံးက တဖြည်းဖြည်း မှိန်ဖျော့ ကွဲအက်လာ၏။
ဇူယွမ်က သိုလှောင်အိတ်ထဲကို အာရုံခံလိုက်ပြီး မည်သည့်အရာများ ရှိသည်ကို ကြည့်လိုက်သည်။
ပထမဆုံး ထွက်ပေါ်လာသည့် အရာများမှာ ရွှေရောင် သလင်းကျောက်ရှစ်ခု ဖြစ်၏။ ထိုအရာများက ကောင်းကင် သလင်းကျောက် ခန်းမ၏ မူလ သလင်းကျောက်များ ဖြစ်ကာ ရွှေရောင်သလင်း တစ်ခုက မူလသလင်းကျောက် တစ်သန်းဖြင့် လဲလှယ်နိုင်ပေသည်။
ရွှေရောင် သလင်းကျောက်ရှစ်ခု ဆိုသည်မှာ မူလသလင်းကျောက် ရှစ်သန်း တန်ဖိုးရှိလေသည်။
“တော်တော်ချမ်းသာတဲ့ မြို့စားငယ်ပဲ” ရွှေရောင် သလင်းကျောက် ရှစ်ခုက ဇူယွမ် ပါးစပ်ဟသွားဖို့ လုံလောက်ပေသည်။ ဇူချင်က သူ့ ဇူအင်ပါယာ ကနေ ထွက်ခွာ လာခဲ့သည့် အချိန်က ပေးခဲ့သည်မှာ မူလ သလင်းကျောက် ငါးသိန်းသာဖြစ်၏။ နှိုင်းယှဉ်မည် ဆိုလျှင် ရှောင်ထျန်းရွှမ်၏ သိုလှောင်အိတ်ထဲ၌ မူလသလင်းကျောက် ရှစ်သန်းတောင် ရှိနေခြင်း ဖြစ်၏။ အလွန်များပြားသော ငွေကြေးများပင်။
“ဒါပေမဲ့ ဒီရှစ်သန်းက သူ့ရဲ့ ပိုင်ဆိုင်မှု အကုန်ဖြစ်လောက်တယ်”
ဇူယွမ်က တော်တော်လေး ပျော်ရွှင် မိနေသည်။ ရှစ်သန်းပမာဏ ဆုံးရှုံးမှုက ရှောင်ထျန်းရွှမ်လို လူမျိုးကိုပင် မိမိအသားများ ဖြတ်တောက် ခံရသလို ခံစား ရစေမည် ဖြစ်၏။
“လုလျို့နဲ့ တွေ့တဲ့အခါ သူမက ပိုက်ဆံကို ပြန်ပေးရမယ်”
ဇူယွမ်က ဆက်လက်ပြီး သိုလှောင်အိတ်အား ရှာဖွေလိုက်သည်။ အထဲ၌ တန်ဖိုးရှိသော၊ အသုံးဝင်သော မူလ အရင်းအမြစ် များစွာ ကျန်ရှိနေသေးသည်။ အမှန်တော့ ထိုအရာများက ရှောင်ထျန်းရွှမ်၏ ချမ်းသာ ကြွယ်ဝမှုများပင်။
“အယ် … လျှပ်စီးကျောက်တုံး …”
ဇူယွမ်၏ လက်ထဲ၌ နက်မှောင်နေသော ကျောက်တုံးတစ်တုံးက ရုတ်တရက် ပေါ်လာခဲ့သည်။ ထိုအရာက အပေါက်များဖြင့်ပြည့်နေပြီး လျှပ်စီးကဲ့သို့ တလက်လက် တောက်ပနေသည်။ ဇူယွမ်က ၎င်းအရာကို တွေ့လိုက်သည့်အခါ သူ့မျက်လုံးများက လက်ခနဲ ဖြစ်သွားသည်။
လေနှင့်မိုးကြိုး အဆင့်နိမ့် ကောင်းကင်ကျင့်စဉ်ကို သင်ယူနိုင်ရန် ဇူယွမ်က သူ့ခန္ဓာကိုယ်ထဲမှ လေနှင့်မိုးကြိုးများ အမှတ်အသားများ ဖန်တီးနိုင်မှ ဖြစ်ပေမည်။ လေနှင့် မိုးကြိုးကျင့်စဉ်ကို ပြီးပြည့်စုံစွာ လေ့ကျင့်နိုင်မည် ဆိုလျှင် လေစွမ်းအား၊ မိုးကြိုးစွမ်းအားများ ပိုင်ဆိုင်နိုင်ပြီး ကြီးမားသော အဖျက်အဆီး စွမ်းအားများကိုလည်း ထုတ်ဖော်နိုင်စွမ်း ရှိလာပေမည်။
ထိုလျှပ်စီး ကျောက်တုံးက ဇူယွမ်က သူ့ခန္ဓာကိုယ်ထဲ၌ လေနှင့်မိုးကြိုး အမှတ်အသားများ ဖြစ်ပေါ်လာအောင် ကြိုးစားရာမှာ များစွာ အကူအညီ ပေးနိုင်လေသည်။ ဤကျင့်စဉ်ကို ကျွမ်းကျင်ရန် ပိုမိုမြန်ဆန်အောင် ပြုလုပ်ပေးနိုင်သည်။
“တကယ့်ကို ကောင်းမွန်သော တိုက်ဆိုင်မှုပဲ” ဇူယွမ်က သိုလှောင်အိတ်ထဲကို ဆက်ပြီး ရှာဖွေနေလိုက်သည်။ သူက မချင့်မရဲ ဖြစ်မိသွား၏။ ကြက်သွေးနီရောင် နတ်ဆိုးစက်ဝန်း အဆင့်နိမ့် ကောင်းကင်ကျင့်စဉ်ကို မတွေ့ရှိ ရသောကြောင့်ပင်။
တကယ်တော့ အဆင့်နိမ့် ကောင်းကင်ကျင့်စဉ် ဆိုသည်မှာ သူတော်စင် အကြွင်းအကျန်မြို့ ကဲ့သို့ အင်အားကြီး အဖွဲ့အစည်း အတွက်ပင် ရှားပါးသော၊ တန်ဖိုးရှိသော ရတနာတစ်ခု ဖြစ်ထိုက်နေသည်။ ထို့ကြောင့် ရှောင်ထျန်းရွှမ်က သူနှင့်အတူ ဤကျင့်စဉ်ကို လွယ်လွယ်ကူကူ ယူလာမည် မဟုတ်ပေ။
“ဘယ်လိုပဲဖြစ်ဖြစ် ဒီတစ်ခါက တကယ့်ကို အချီကြီး မြိုးမြိုးမြတ်မြတ် ရလိုက်ခြင်းပင်”
ဇူယွမ်က သိုလှောင်အိတ်ကို မွှေနောက် ကြည့်လိုက်ပြီးနောက် အခုထိ သူ့အနား၌ ရှိနေသော သူများကို စူးစိုက်ကြည့်၍ မေးလိုက်သည်။ “တိုက်ပွဲက ပြီးသွားပြီ။ မင်းတို့က ဘာလို့ ရှိနေသေးတာလဲ။ ငါ့ဆီက ဆုလာဘ်တောင်းဖို့ စောင့်နေကြတာလား”
ဇူယွမ် စကားများကို ကြားပြီးနောက်မှာ ထိုလူများက ရယ်မော မိလိုက်ကြသည်။ ပြီးခဲ့သော အချိန်များက သူတို့အားလုံးက ကြမ်းတမ်းရိုင်းစိုင်းစွာ ပြုမူခဲ့ကြသည်။ သို့သော် ခုလက်ရှိမှာ ဇူယွမ်က ရှောင်ထျန်းရွှမ်လို လူမျိုးကိုပင် ထွက်ပြေးအောင် ရိုက်နှက်ခဲ့သူ ဖြစ်နေသည်။ သူတို့က ထိုသို့သော တိုက်ပွဲစွမ်းအား အရည်အချင်း ပိုင်ဆိုင်ထားသူအား ဆန့်ကျင်ရန် မတွေးဝံ့ကြချေ။
ထို့ကြောင့် သူတို့က စိတ်ဓာတ်ကျနေသော အမူအရာ များဖြင့် တောင်ကြားထဲမှ ပြန်ထွက်သွားတော့သည်။
ဇူယွမ်က သူတို့နှင့် ပတ်သက်၍ မည်သည့် စိတ်ဝင်စားမှုမှ မရှိချေ။ သူက ဒီနေရာကနေ ထွက်ခွာပြီး လေနှင့်မိုးကြိုး ကျင့်စဉ်ကို ကျင့်ကြံရန်အတွက် သင့်တော်သော နေရာကို ရှာဖွေရန် ကြိုစဉ်းစားထားပြီး ဖြစ်သည်။
ထိုခဏ၌ သူက တစ်ခုခုကို ရုတ်တရက် ခံစားမိ လိုက်သည့်အတွက် ခေါင်းမော့ ကြည့်လိုက်သည်။ ထိုအခါ ကောင်းကင်ထက်ရှိ သူတော်စင် ကျောက်ပြားက စတင်လှုပ်ခါ လာသည်ကို တွေ့လိုက်ရသည်။
သူတော်စင် အကြွင်းအကျန် နယ်မြေ တစ်ခုလုံးရှိ ပါရမီရှင် အားလုံးက ထိုသို့ ဖြစ်ပျက်နေသည်ကို ခံစားမိကြသည်။ သူတို့ကလည်း အပေါ်သို့ ခေါင်းမော့ ကြည့်လိုက်သည့်အခါ သူတို့ မျက်နှာပေါ်၌ အလွန် အံ့အားသင့်မှုများ မြင့်တက်သွားသည်။
အလင်းများက ကျောက်ပြားပေါ်၌ စတင်စုစည်း လာပြီး ပထမဆုံး အကြိမ်အဖြစ် ရှေးဟောင်းစာလုံး များက တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။
ထိုစာသားများက နာမည်တစ်ခုပင်။ တိတိကျကျ ပြောရလျှင် သူတော်စင်ကျောက်ပြား ပေါ်၌ ပေါ်ထွက်လာခဲ့သော ပထမဆုံး နာမည် တစ်ခုပင်။
ထိုနာမည်မှာ …. ဇူရှောင်ယို။
ဇူရှောင်ယိုနှင့် ဝူဟောင်တိုက်ပွဲ။ ဝူဟောင် နောက်ဆုတ်သွားသည်။
ဤအရာများက ရိုးရှင်းသော စကားလုံးများ ဖြစ်သော်လည်း သူတော်စင် အကြွင်းအကျန် နယ်မြေ တစ်ခုလုံးကို ကြီးမားသော ရိုက်ခတ်မှုများ ဖြစ်ပေါ်စေခဲ့သည်။ မရေမတွက် နိုင်သော ပါရမီရှင် များက သူတော်စင် ကျောက်ပြားမှ ပေါ်ထွက်လာသော နာမည်ကို ငေးကြည့်နေရင်း သူတို့အားလုံးက တုန်လှုပ် မှင်တက်မိကြသည်။
သူတို့က ဝူဟောင်နာမည်ကို နဂိုကတည်းက ကြားဖူးပြီး ဖြစ်သည်။ သူက ကန်မင် ကုန်းမြေကြီး၏ လူငယ်မျိုးဆက် တွေထဲ၌ ထိပ်ဆုံးကဖြစ်ပြီး သူတော်စင် အကြွင်းအကျန်၏ အကြီးမြတ်ဆုံး လက်ဆောင်အတွက် ရေပန်း အစားဆုံးလည်း ဖြစ်နေသည်။
သို့သော် သူတော်စင် ကျောက်ပြား၏ ဖော်ပြချက်အရ ဝူဟောင်က ရှုံးနိမ့်ပြီး ဆုတ်ခွာသည့်သူ ဖြစ်နေ၏။
“ဇူရှောင်ယိုက ဘယ်သူလဲ။ သူက ဘယ်လို ကြောက်မက်ဖွယ် ခွန်အား၊ စွမ်းအားတွေ ပိုင်ဆိုင်နေတာလဲ”
သူတော်စင် အကြွင်းအကျန် နယ်မြေ၌ မရေမတွက် နိုင်သော တိုက်ပွဲများ ဖြစ်ပွားပြီး၊ ဖြစ်ပွားဆဲ အခြေအနေ ရှိနေသည်။ ဇူယွမ်နှင့် ရှောင်ထျန်းရွှမ်တို့၏ တိုက်ပွဲပင် သူတော်စင် ကျောက်ပြားပေါ်၌ ရေးထိုးခြင်း မခံရပေ။ ဇူရှောင်ယိုနှင့် ဝူဟောင်တို့၏ တိုက်ပွဲက ကျောက်ပြား၏ အသိအမှတ် ပြုခြင်းကို ခံခဲ့ရပေသည်။
“ဒီအရာက ဘာကို ဆိုလိုနေသနည်း …”
ဒီတိုက်ပွဲက သူတော်စင် ကျောက်ပြား၏ အသိအမှတ် ပြုခြင်းကို ခံရသည့် အဆင့်သို့ ရောက်ရှိသွားခြင်း ကြောင့်သာ ဖြစ်ပေမည်။ ဤတိုက်ပွဲက မည်မျှ ပြင်းထန်မည်ကို စိတ်ကူးကြည့်နိုင်၏။
တောင်ကြားထဲရှိ ဇူယွမ်၏ မျက်လုံးများက ပြူးကျယ်သွားသည်။ သူက သူတော်စင် ကျောက်ပြားကို စူးစိုက်ကြည့်နေရင်း ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။ ခဏတာ မှင်တက်မိ ပြီးနောက်မှာ သူက လတ်ဆတ်သော လေများကို တဝကြီး ရှူသွင်းလိုက်သည်။
အခြားလူများက ဇူရှောင်ယို ဘယ်သူလဲဆိုတာ မသိသော်လည်း သူကတော့ သိပေသည်။ ဇူရှောင်ယိုက ယောင်ယောင်ပင် ဖြစ်၏။
“ယောင်ယောင်က ဝူဟောင်နဲ့ ဆုံခဲ့တာလား” ကြည့်ရသည်မှာ ယောင်ယောင်က ဝူဟောင်ကို နောက်ဆုတ်စေခဲ့ခြင်း ဖြစ်ပုံရသည်။ ဤတိုက်ခိုက်မှုမှာ သူမက အကျိုးအမြတ် ရခဲ့ခြင်း ဖြစ်ပေမည်။
ဇူယွမ်က ခေါင်းကုတ်လိုက်မိပြီး သူတော်စင် အကြွင်းအကျန် နယ်မြေထဲသို့ မဝင်ရောက်ခင်က ယောင်ယောင် ပြောခဲ့သော စကားများကို ပြန်မြင်ယောင် မိလာသည်။
“သူမက ဝူဟောင်နဲ့ တွေ့ခဲ့မည် ဆိုရင် သင်ခန်းစာ ပေးမယ်လို့ ပြောခဲ့ခြင်းပင်။ သူမက ထိုသို့ လုပ်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မိမှာလဲ”
ဇူယွမ်၏ နှလုံးသားထဲ၌ နွေးထွေးစွာ ခံစားလိုက်ရသည်။ ယောင်ယောင်က အေးဆေးတည်ငြိမ်ပြီး ဂရုမစိုက် ဟန်ရှိသော်လည်း သူမက ဝူဟောင်ကို တိုက်ခိုက်ခဲ့ခြင်းမှာ သူကြောင့်ပင် ဖြစ်ကြောင်း ဇူယွမ်က ကောင်းကောင်း နားလည်ပေ၏။
“ယောင်ယောင်က သူ့နာမည်ကို ကျောက်ပြားပေါ်မှာ ရေးထိုးနိုင်ခဲ့ပြီ။ ကြည့်ရတာ ငါလည်း ပိုကြိုးစားဖို့ လိုနေပြီ …”
ကြည့်ရသည်မှာ တစ်ယောက်ယောက်က ကျောက်ပြား၏ အသိအမှတ် ပြုခြင်းကို ခံရဖို့က မူလစဦး အဆင့်တိုက်ပွဲကို အောင်မြင်အောင် လုပ်ဆောင်နိုင်ရမည် ဖြစ်သည်။
ဇူယွမ်၏ ခေါင်းထဲ၌ အတွေးများ ချာချာလည် နေသည်။ နောက်ဆုံးမှာ သူက အချိန်ဆွဲ နေတာကို ရပ်စဲလိုက်ပြီး သူ့ခြေထောက်အောက်၌ မူလချီများ စုစည်းကာ ရွှေရောင်တိမ်တိုက် တစ်ခုကဲ့သို့ လေထဲသို့ ထိုးတက်သွားသည်။
“ယောင်ယောင်နဲ့ အခြားလူတွေကို မတွေ့ခင် ပထမဆုံး အနေနဲ့ ငါက လေနှင့်မိုးကြိုး ကျင့်စဉ်ကို ကျွမ်းကျင်အောင် လုပ်ထားရမယ်”