ကြီးမားလှသော ကြက်သွေးနီရောင် စက်ဝန်းတစ်ခုက ရှောင်ထျန်းရွမ်၏ အထက်၌ ပေါ်လာခဲ့သည်။ လွန်စွာပူလောင်ပြီး ထိန်းချုပ် မရသော လှိုင်းလုံးများက မြေပြင်ကိုပင် ပပ်ကြားအက်များ ဖြစ်ပေါ်စေသည်။
ထိုမြင်ကွင်းကို တောအုပ်အတွင်းမှ လူများက ကြောက်ရွံ့စွာ တအံ့တသြ ငေးမောကြည့်ရှု နေကြသည်။
“ဒါက အဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်လား”
“ရှောင်ထျန်းရွမ်က သူတော်စင် အကြွင်းအကျန် မြို့က မြို့စားငယ်လေးပဲ သူ့မှာ ဒီလိုမျိုးကျင့်စဉ် တစ်ခုရှိတာ မထူးဆန်းပါဘူး”
“ရှောင်ထျန်းရွမ်မှာ ဝှက်ဖဲတွေ တော်တော်များတာပဲ”
“ကြည့်ရတာ ဇူယွမ် အန္တရာယ် ရှိနေပြီ။ ရှောင်ထျန်းရွမ်၏ သန်မာမှုက စွမ်းအားမြင့် လက်ရွေးစင် ပါရမီရှင် တွေတောင် အလေးအနက် ထားရမယ်”
“ဒီ အဆင့်နိမ့် ကောင်းကင်အဆင့် မူလကျင့်စဉ်က ကစားပွဲ တစ်ခုလုံးရဲ့ ရလဒ်ကို ပြောင်းလဲပစ်ဖို့ လုံလောက်တယ်”
“…”
များစွာသော တီးတိုး စကားသံတွေ ထွက်ပေါ်လာသည်။ သူတို့အားလုံးက ယခု ဇူယွမ်ကို သနားသည့် အကြည့်များဖြင့် စိုက်ကြည့် နေကြသည်။ ဇူယွမ်က သူ၏ ခိုင်မာသော အခြေခံကို ပြသပြီး ကောင်းကင်တံခါး အဆင့်သို့ တက်လှမ်းခဲ့သော်လည်း နောက်ဆုံးမှာသော သူက ကနဦး ကောင်းကင်တံခါး အဆင့်တွင်သာ ရှိနေပေသေးသည်။
တစ်စုံတစ်ယောက်က မှတ်ချက်ပေးသည်။ “ဇူယွမ်က ငယ်ရွယ်သော်လည်းပဲ သူက တကယ့်ကို စွမ်းရည်ရှိတယ်။ သူသာ စိတ်ရှည်ရှည်နှင့် စောင့်ဆိုင်းပြီး အဆင့်နိမ့် ကောင်းကင် အဆင့်ကျင့်စဉ်သာ ပိုင်ရင် ရှောင်ထျန်းရွမ် အနေနဲ့ သူ့ကို ရင်ဆိုင်နိုင်မှာတောင် မဟုတ်ဘူး”
ဂူလင်းသည် ထိုမြင်ကွင်းကို ကြည့်ရင်း သူမ၏ မျက်နှာမှာ ပျော်ရွှင်မှုများဖြင့် တောက်ပနေသည်။ သူမက ဇူယွမ်ကို လှောင်ပြောင်သော အကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်သည်။
“ရှောင်ထျန်းရွမ်ကို ဒေါသထွက် စေတဲ့ အကျိုးဆက်က နင်ခံနိုင်မယ့် အရာမဟုတ်ဘူး …”
အားလုံး၏ ကရုဏာ သက်နေသော အကြည့်များ အောက်တွင် ဇူယွမ်က ရှောင်ထျန်းရွမ်၏ အထက်တွင်ရှိသော ကြီးမားလှသည့် ကြက်သွေးနီရောင် စက်ဝန်းကြီးကို ကြည့်ရင်း မျက်နှာ အမူအရာမှာ လေးနက်သွားသည်။ အလွန်အမင်း အင်အားကြီးမား လှသော အဖျက်စွမ်းအား များက တလိမ့်လိမ့် တက်လာခဲ့သည်။
ဒီစွမ်းအားက အနက်ရောင် အဆင့်မြင့် မူလကျင့်စဉ် စွမ်းအားများထက် အပြတ်အသက်ကို သာလွန်ပေသည်။
“သူ့မှာ အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်ရှိတယ် ဆိုတာ မယုံနိုင်သေးဘူး” ဇူယွမ်က အသက်ပြင်းပြင်းရှူပြီး ရေရွတ်လိုက်သည်။ ရှောင်ထျန်းရွမ်က တကယ့်ကို အထင်ကြီးစရာ ကောင်းသော ရန်သူတစ်ယောက်ပဲ။ အခုသူ့ကို ထိုးဖောက် ကျော်လွှားဖို့ အခြားရွေးစရာ မရှိသော အခြေအနေတွင် ရှိသည်။
ဒါပေမဲ့ သူနှင့်တွေ့တာ ရှောင်ထျန်းရွမ် အတွက် တကယ်ကို ကံဆိုးတာပဲ …
နက်ရွှေရောင် မူလချီများက သူ၏ ခန္ဓာကိုယ်အတွင်းမှ တလိမ့်လိမ့် ထွက်ပေါ်လာခဲ့ပြီး သူ၏ နံဘေးတွင် လေဝဲတစ်ခုလို ကြီးမားလာကာ အနက်ရွှေရောင် ဟာရီကိန်း မုန်တိုင်းတစ်ခုလို ဖြစ်ပေါ်နေသည်။
အံ့အားသင့်ဖွယ် ကောင်းသော လှိုင်းလုံးများက ထပ်မံ ထွက်ပေါ်လာပြီး သူ့ခြေထောက် အောက်ရှိ တောင်ကြီးပင် တုန်ခါလာသည်။
ထိုမြင်ကွင်းကြောင့် ဘေးမှ ကြည့်သူများထံမှ ပင့်သက်ရှိုက်သံများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာသည်။
“ဇူယွမ်က တကယ့်ကို ထူးခြားတာပဲ။ သူက ကနဦး ကောင်းကင်ဘုံ အဆင့်သာ ရှိသေးပေမယ့် သူ့ရဲ့ မူလချီတွေက ကောင်းကင်တံခါး ထိပ်ဆုံးတစ်ယောက်ရဲ့ အဆင့်ထက် ဘယ်လိုမှ အားမနည်းဘူး”
“ထို့ပြင်သူ့ရဲ့ စုဆောင်းထားတဲ့ မူလချီတွေကို ကြည့်ကြည့် အဲတာက အနိမ့်ဆုံးအဆင့် မဟုတ်တာ သေချာတယ်”
“သူ့ကိုသူ ရှောင်ထျန်းရွမ်နှင့် ယှဉ်ပြိုင်ရဲတာ မအံ့သြတော့ပါဘူး”
“ဒါပေမဲ့ သူ ရှောင်ထျန်းရွမ်နဲ့ မယှဉ်ပြိုင် နိုင်မှာ စိုးရိမ်မိတယ်”
“…”
ရှောင်ထျန်းရွမ်၏ အထက်ရှိ ကြက်သွေးနီရောင် ချီစက်ဝန်းက အနည်းငယ် တုန်ခါလာကာ သူ့စွမ်းအား၏ အထွတ်အထိပ် အခြေအနေသို့ ရောက်ရှိတော့မည် ဖြစ်သည်။ သူက ဇူယွမ်ကို အေးစက်စက် ကြည့်ပြီး ပြောလိုက်သည်။
“မင်းကဘာလို့ အဓိပ္ပာယ် မရှိတဲ့ အပြုအမူ တွေကိုလုပ်ပြီး သေဖို့ စောင့်နေတာလဲ”
သူ၏ ပုံရိပ်က တဖြည်းဖြည်း ကြီးမားလာပြီး ဇူယွမ်ဆီသို့ လက်ညှိုးထိုးပြီး ခံစားချက် ကင်းမဲ့သော အသံနက်ကြီးက ပဲ့တင်သံထွက်စွာ ပေါ်ပေါက်လာသည်။
“အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်၊ ကြက်သွေးရောင် နတ်ဆိုးစက်ကွင်း”
ထိုအချိန်၌ ကြီးမားသော ကြက်သွေးနီရောင် စက်ဝန်းကြီးက ရုန့်ရင်းစွာ တုန်ခါလာခဲ့ပြီး ရုတ်တရက် ပျောက်ကွယ်သွားသည်။ ထိုအရာက အလွန် မြန်ဆန်သဖြင့် သာမန်မျက်လုံးနှင့် ကြည့်ရှု၍ မမြင်နိုင်ပေ။
ကြက်သွေးနီရောင် အလင်းတန်း ဖြတ်သန်းသွားသော လမ်းတစ်လျှောက် မြေပြင်မှာ ခြောက်သွေ့သွားပြီး ပပ်ကြားအက်များ ဖြစ်ကျန်ခဲ့သည်။
ကြီးမားသော အဖျက်ဆီး စွမ်းအားများ ပါဝင်နေပြီး ထိုမြင်ကွင်းက ကောင်းကင်ဘုံတံခါး အဆင့်များပင် ခေါင်းကျိန်းသွားကြသည်။ ဒါက အဆင့်နိမ့် ကောင်းကင်ကျင့်စဉ်၏ စွမ်းအားတွေလား။ သူတို့သာ ဇူယွမ်၏ နေရာ၌သာ ဆိုပါက သူတို့တွင် မည်သည်မှ မတတ်နိုင်ပဲ သေဆုံးမည်မှာ အသေအချာပင် ဖြစ်သည်။
ကြက်သွေးနီရောင် အလင်းတန်းက မျဉ်းဖြောင့်အတိုင်း တိုးဝင်လာပြီး ဇူယွမ်၏ မြင်ကွင်းထဲတွင် တဖြည်းဖြည်း ကြီးမားလာသည်။ ပတ်ဝန်းကျင်၏ လေထုပင် လောင်ကျွမ်းနေဟန် ရပြီး ညှော်နံ့များ ထွက်ပေါ်လာသည်။
“ဟူး”
ဇူယွမ်က ဖြည်းညင်းစွာ ပါးစပ်ဖြင့် အသက်ရှူလိုက်ပြီး သူ့၏လက်များက သူ၏ သွားကြားမှ ထွက်ပေါ်လာသော လေသံနှင့်အတူ အပေါ်သို့ မြောက်တတ်လာသည်။
“စပါးအုံး ဘုရင်ချီ၊ ကောင်းကင်ကို ဝါးမျိုသော စပါးအုံး”
ဇူယွမ်၏ အသံထွက် ပေါ်လာပြီး နက်ရွှေရောင် မူလချီများက သူ့ပတ်ဝန်းကျင်တွင် ထပ်မံကျယ်ပြန့် လာပြန်သည်။ ကြည့်နေစဉ် အတွင်း၌ပင် နက်ရွှေရောင် စပါးအုံးကြီး တစ်ကောင်က မုန်တိုင်းအကြားမှ ထွက်ပေါ်လာခဲ့သည်။
ကောင်းကင်ကို ဝါးမျိုသော စပါးအုံး ကျင့်စဉ်။
အတိတ်ကာလ၌ ဇူယွမ်က ထိုကျင့်စဉ်ကို အသုံးပြု၍ ဝမ်ကောင်းရှန်ကို သတ်ဖြတ်ခဲ့သည်။ ထိုအချိန်တွင် သူက ငွေအရိပ်၏ စွမ်းအားကို ငှားရမ်းပြီး ထိုကျင့်စဉ်ကို အသုံးပြုခြင်းပင် ဖြစ်သည်။ သူ ကောင်းကင်ဘုံတံခါး အဆင့်သို့ တက်လှမ်းပြီး နောက်တွင် ထိုကျင့်စဉ်ကို အသုံးပြုရန် သူ့၏ ကိုယ်ပိုင်စွမ်းအား ကိုသာ သုံးခဲ့သည်။
နက်ရွှေရောင် စပါးအုံးမြွေက အတော်ကို ရုပ်လုံး ပေါ်လာခဲ့သော်လည်း သူ့အတိတ်က အသုံးပြုစင် ကထက် အနည်းငယ် အားနည်းနေသေးကြောင်း တွေ့နိုင်ပေသည်။
သို့သော်ငြားလည်း အခု ရှောင်ထျန်းရွမ်က မူလစဦး အဆင့်ဖြစ်သည့် ဝမ်ကောင်းရှန်နှင့် မနှိုင်းယှဉ်နိုင်ပေ။ ဟစ် …
ကြီးမားသော ချီစပါးအုံးက ရှူးရှူးရှဲရှဲ အော်မြည်လျက် သူ၏ပါးစပ်ကို ဟလိုက်ပြီး ကြက်သွေးနီရောင် အဝန်းကြီးအား သွားရောက် ဝါးမျိုလိုက်သည်။
“ဘုန်း … ဘုန်း …”
နက်ရွှေရောင် စပါးအုံး မြွေကြီးထံမှ ပေါက်ကွဲသံများ ထွက်ပေါ်လာ ခဲ့သော်လည်း ထိုအရာက ခဏသာဖြစ်သည်။ ထိုအချိန်တွင်း စပါးအုံးမြွေ၏ ကြီးမားသော ခန္ဓာက်ုယ်ကြီးမှာ ပေါက်ကွဲမှုကြောင့် တုန်ခါနေသည်။
ရှောင်ထျန်းရွမ်၏ စွမ်းအား အပြည့်အဝ ပါဝင်သော အဆင့်နိမ့် ကောင်းကင်ဘုံအဆင့် ကျင့်စဉ် တိုက်ခိုက်မှုက ထိုနည်းဖြင့် စွမ်းအားများ ပျက်ပြယ်သွားပေသည်။
“ဘယ်လို ဖြစ်နိုင်မှာလဲ …”
အော်ဟစ်သံများ. ထွက်ပေါ်လာခြင်း မရှိပဲ အံ့သြမှုများနှင့် တိတ်ဆိတ်သွားသည်။ မျက်လုံးများက တစ်နေရာတည်းသို့ စိုက်ကြည့်နေကြသည်။
ထိုကဲ့သို့ ဖြစ်လာလိမ့်မည်ဟု သူတို့ လုံး၀ မမျှော်လင့်ထားခဲ့ ကြပေ။
ရှောင်ထျန်းရွမ်၏ ကြောက်မက်ဖွယ် ကောင်းသော အဆင့်နိမ့် ကောင်းကင်ဘုံ အဆင့်ကျင့်စဉ် တိုက်ခိုက်မှုက အနည်းမျှသော လှိုင်းဂယက်များပင် ထွက်ပေါ်လာခြင်း မရှိပဲ မည်သို့ပျောက်ကွယ် သွားရသနည်း။
ရှောင်ထျန်းရွမ်၏ မျက်နှာမှာ တဖြည်းဖြည်း တင်းမာလာသည်။ သူ၏ အနောက် မလှမ်းမကမ်းတွင် ရှိနေသည့် ဂူလင်းမှာလည်း တစ္ဆေတစ်ကောင်အား တွေ့လိုက် ရသည့်အလား ပါးစပ် အဟောင်းသား ဖြစ်နေသည်မှာ ကြက်ဥတစ်လုံးပင် လွယ်ကူစွာ ပစ်သွင်း၍ ရပေမည်။
“ကြည့်ရတာ မင်း ဒီအဆင့်နိမ့် ကောင်းကင်ဘုံ ကျင့်စဉ်ကို သေသေချာချာ ကျွမ်းကျင်ပုံ မရသေးဘူး။ စွမ်းအားတွေက နည်းနည်းလေး အားနည်းနေတယ်” ရှောင်ထျန်းရွမ်၏ တင်းမာနေသော မျက်နှာထားကို မြင်သော အချိန်မှာ ဇူယွမ်က မေးစေ့ပွတ်ရင်း ပြောလိုက်သည်။
သူ၏ ကောင်းကင်ဘုံကို ဝါးမျိုသော စပါးအုံး ကျင့်စဉ်က သူ့တွင်ရှိသမျှ တိုက်ခိုက်မှု ကျင့်စဉ်ထဲ၌ စွမ်းအားအမြင့်ဆုံး ကျင့်စဉ်ဖြစ်သည်။ အားလုံးသော စပါးအုံးချီ၏ ထောက်ပံ့မှု အောက်တွင် စွမ်းအားနှစ်ခုက ပေါင်းစည်းသွားပြီး ပိုပိုကြီးမားသော ဖျက်ဆီးမှု စွမ်းအားကို ပေးစွမ်းသည်။
တစ်ချိန်က မူလစဦး အဆင့် ဝမ်ကောင်းရှန်နှင့် တိုက်ခိုက်ရာတွင် ဝမ်ကောင်းရှန်က ထိုစပါးအုံး၏ တိုက်ရိုက် ဝါးမျိုခြင်းကို ခံရသည်။
“ဘယ်လို မူလကျင့်စဉ် အမျိုးအစားလဲ” ရှောင်ထျန်းရွမ်က မျက်နှာ ဖြူရော်စွာဖြင့် မေးလိုက်သည်။
ဇူယွမ်က ထိုမေးခွန်းကို ဂရုမစိုက်ပေ။ သူ့လက်ကို အသာအယာ ပုတ်လိုက်သည်နှင့် သေးငယ်လှသော နက်ရွှေရောင် စပါးအုံးက ရုတ်ခြည်းပင် ဦးမော့လိုက်ပြီး ရှောင်ထျန်းရွမ်ထံသို့ ဦးတည်ပျံသန်း သွားသည်။
စပါးအုံးမှာ အံ့သြစရာ ကောင်းလောက်အောင်ပင် မြန်ဆန်လှပြီး ရှောင်ထျန်းရွမ် ရှေ့သို့ အလင်းတန်းတစ်ခု အလား ရောက်ရှိသွားသည်။
နောက်ဆုံးတွင် ကြောက်ရွံ့ခြင်းများက ရှောင်ထျန်းရွမ်၏ မျက်လုံးထဲတွင် ပေါ်လာခဲ့သည်။ သူက အံ့ကြိတ်လိုက်ပြီးနောက် သူ့လက်ထဲတွင် နောက်ထပ် ကျောက်စိမ်းဆွဲပြား တစ်ခု ပေါ်လာပြီး လျင်မြန်စွာ ချိုးလိုက်သည်။
“ဘန်း …”
စက်ဝန်းပုံစံ ဒိုင်းတစ်ခု သူ၏ရှေ့တွင် ပေါ်လာခဲ့သည်။ ထိုအရာက သိသာစွာပင် နောက်ထပ် ကာကွယ်မှု ရတနာတစ်ခု ဖြစ်သည်။
“ဘုန်း …”
နက်ရွှေရောင် စပါးအုံးက ဒိုင်းဆီသို့ ရုန့်ရင်းစွာ တိုးဝင်သွားသည်။
ဒိုင်းတွင် အက်ကြောင်းများ ပေါ်လာသည်ကို မြင်သည်နှင့် ရှောင်ထျန်းရွမ်က ကမန်းကတန်း အနောက်သို့ ဆုတ်ပြေးသည်။
သူက ငေးမောကာ ခေတ္တမျှ တွက်ချက်နေသည်။ နောက်ဆုံး၌ သူ၏မျက်လုံး ထဲတွင် မကျေနပ်မှုများ အထင်းသား ပေါ်လာပြီး ဂူလင်း၏ နံဘေးနားသို့ ဆုတ်ခွာသွားကာ သူမ၏ လက်ကောက်ဝတ်ကို လှမ်းဆွဲပြီး အော်ပြောလိုက်သည်။
“သွားစို့”
သူ၏ လက်အတွင်းတွင် မှော်စာလိပ်တစ်ခု ပေါ်လာပြီး လျင်မြန်စွာ အသက်သွင်းလိုက်သည်။ အလင်းတန်းများက ထိုစာလိပ်ထံမှ ပေါက်ကွဲထွက်လာပြီး သူတို့နှစ်ဦးအား စုပ်ယူသွားသည်။
“ခလွမ်း …”
သို့သော်လည်း ထိုအချိန်မှာ ဒိုင်းကာက ပျက်စီးသွားလေသည်။
စပါးအုံး အနေဖြင့် သူတို့နှစ်ယောက်အား မကိုက် လိုက်ရသော်လည်း သွေးနီရောင်ချီ အလုံးနှစ်လုံးက သူ၏ ပါးစပ်မှ ထွက်ပေါ်လာခဲ့ပြီး ရှောင်ထျန်းရွမ်နှင့် ဂူလင်းတို့၏ ခန္ဓာကိုယ်များကို ထိမှန်ပြီး ဝင်ရောက်သွားသည်။
သူတို့ ခြေထောက် အောက်မြေပြင်မှ အလင်းတန်းမှာ တဖြည်းဖြည်း တောက်ပလာပြီး လွတ်မြောက်ဖို့ ရန်အတွက် တစ်ခုသော မှော်စာလုံး အစီအရင် အသုံးပြု လိုက်သည်မှာ ထင်ရှားပေသည်။
“မင်းထွက်သွားမယ် ဆိုရင် မင်းရဲ့ နောက်ကျောဘက်ကို မင်းသေချာ သတိထားသင့်တယ် မလား”
ဇူယွမ် မျက်မှောင်ကြုတ် လိုက်သည်။ ရှောင်ထျန်းရွမ် ဆီမှာ အသက်ကယ် နည်းလမ်းတွေ အများအပြား ရှိတာပဲ။ သို့သော်လည်း သူ့အနေဖြင့် ဇူယွမ်က သူ့ကို လွယ်လွယ်ကူကူ လွတ်မြောက်ခွင့် ပေးမယ်လို့ ထင်နေတာလား။
အေးစက်စက် ရယ်မောသံ နှင့်အတူ ဇူယွမ်က စပါးအုံးမြွေ၏ ပါးစပ်မှ တစ်ဆင့် ရှောင်ထျန်းရွမ်၏ သိုလှောင်အိတ်အား စုပ်ယူလိုက်သည်ကို ရှောင်ထျန်းရွမ် အနေဖြင့် အံ့သြစွာသာ ကြည့်နေနိုင်လိုက်သည်။
ထိုစဉ် မူလ မှော်စာလုံးက ပြီးပြည့်စုံစွာ အသက်ဝင်လာပြီး အလင်းတန်းများ ထွက်ပေါ်လာကာ ပုံရိပ်နှစ်ခုက ပျောက်ကွယ် သွားတော့သည်။
ရှောင်ထျန်းရွမ်က ပျောက်ကွယ် သွားသော်လည်း ဒေါသထွက်စွာ အော်သံက ပဲ့တင်သံထပ်စွာ ထွက်ပေါ်လာသည်။
“ဇူယွမ် ငါမင်းကို အလွတ်မပေးဘူး …”