တောင်အောက် တစ်နေရာ၌
ရှောင်ထျန်းရွှမ်၏ လက်ထဲမှာ ကိုင်ဆောင်ထားသော လှံရှည်ထံမှ ဧရာမ မီးတိမ်တိုက် တစ်ခုကဲ့သို့ ဖြစ်ပေါ်နေသော မူလချီများက ကောင်းကင်သို့ တလိပ်လိပ် တက်နေဟန် ရှိသည်။ ၎င်းလှံရှည်မှာ ချော်ရည်ပူများ သွန်းလောင်းထားသလို အသွင်သဏ္ဌာန် ရှိ၏။ ရှောင်ထျန်းရွှမ်က ထိုလှံဖြင့် ဇူယွမ်အား ထိုးချိန်လိုက်သည်။
ရှောင်ထျန်းရွှမ်က ခုချိန်ထိ မတိုက်ခိုက် ရသေးသော်လည်း သူ့ထံမှ ထွက်ပေါ်နေသော ဖိအားက အစောပိုင်းက တိုက်ခိုက်ခဲ့သော ခေါင်းတုံးပြောင် လူထက် သာလွန်နေပေသည်။
“သူတော်စင် အကြွင်းအကျန် မြို့ရဲ့ မြို့စားငယ်က အများမျှော်လင့် ထားသလိုပင် …” အနား ပတ်ဝန်းကျင်ရှိ လူများက တီးတိုး ပြောဆိုလိုက်ကြသည်။ ရှောင်ထျန်းရွှမ်၏ ခွန်အားက အမှန်ပင် မေးခွန်းထုတ်စရာ မလိုချေ။ သူက ပါရမီရှင် တွေထဲမှ ထိပ်တန်း ပါရမီရှင် တစ်ယောက် ဖြစ်၏။ သူက အခုလက်ရှိတွင် ကောင်းကင်တံခါး အထွတ်အထိပ်ကို ရောက်ရှိနေပြီး ဖြစ်ရုံသာမက အခြား ကောင်းကင်တံခါး ကျွမ်းကျင်သူများ ထက်ပင် များစွာသာလွန် နေသေးသည်။
ထိုစဉ် တစ်ယောက်က ပြောလိုက်သည်။
“ဇူယွမ်က သူ့စွမ်းအားကို စောနကတုန်း ကလို ကြွားလုံး ထုတ်နိုင်စွမ်း မရှိမှာ ငါစိုးရိမ်မိတယ် …”
ဒါကတော့ အမှန်ပဲ။ သူတို့နှစ်ယောက်ကို နှိုင်းယှဉ်မည် ဆိုလျှင် ရှောင်ထျန်းရွှမ်က ပို၍ သာလွန်နေသည်မှာ ထင်ရှားသိသာ လှသည်။ သူက ကောင်းကင်တံခါး အထွတ်အထိပ် အဆင့်ကို ရောက်နေသည့်သူ ဖြစ်သည်။ ထိုပြင် အဆင့်မြင့် အနက်ရောင် မူလလက်နက် တစ်ခုကိုလည်း ပိုင်ဆိုင်ထားသေးသည်။ ထိုမျှသာမက သူ့ထံမှာ ဝှက်ဖဲများလည်း ရှိသေးပြန်၏။ မည်သို့ပင် ကြည့်ကြည့် ရှောင်ထျန်းရွှမ်က အောင်နိုင်သူဖြစ်ရန် အခွင့်အရေး များပေသည်။
“ဟက် … ခုချိန်မှာ နင့်ကို ဘယ်သူ လာကယ်နိုင်မလဲ ကြည့်ရတာပေါ့ …” ဂူလင်းက အေးစက်စွာ မျက်မှောင်ကြုတ်လိုက်သည်။ အစောပိုင်း အချိန်တွေ၌ သူမက ဇူယွမ်ကို ချိုးနှိမ်ရန် အလွန် လွယ်သည်ဟု ယုံကြည် ခဲ့သော်လည်း တဖြည်းဖြည်းဖြင့် ဇူယွမ်က ပြဿနာ တစ်ခု ဖြစ်လာသည်။ ခုချိန်မှာတော့ ရှောင်ထျန်းရွှမ် ကိုယ်တိုင် ပါဝင်တိုက်ခိုက် နေရပြီ ဖြစ်၏။
ဂူလင်းက အနည်းငယ် ကျန်ရှိ နေသေးသော သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့ဝင် အချို့ကို အေးစက်စွာ ပြောလိုက်သည်။
“သူလွတ်မြောက်နိုင်မယ့် လမ်းကြောင်းမှန်သမျှ ပိတ်ဆို့ထား။ သူက ဘာကြောင့်မှ ထွက်ပြေးခွင့် မပြုနိုင်ဘူး …”
ဂူလင်း၏ ထိုစကားများ ထွက်ပေါ်လာပြီးနောက် သူတို့အားလုံးက ဇူယွမ် ထွက်ပြေးနိုင်သော လမ်းကြောင်း အသီးသီးကို ပိတ်ဆို့ ထားလိုက်ကြသည်။
ဇူယွမ်ကတော့ တောင်ထိပ် ပေါ်ကနေ သူတို့အားလုံးကို တည်ငြိမ်စွာ ဝှေ့ကြည့်လိုက်သည်။ သူ့ပုံစံက မည်သူ့ကိုမျှ ဂရုစိုက်ဟန် မရပေ။ သူက ရှောင်ထျန်းရွှမ်ထံ အကြည့်ရပ်လိုက်သည်။
ရှောင်ထျန်းရွှမ်၏ သန်မာမှုက အခြားသော သာမန် ကောင်းကင်တံခါး ကျင့်ကြံသူ များထက် အမှန်ပင် သာလွန်နေကြောင်း ပြသလို့ နေပေသည်။
ဇူယွမ်၏ မျက်လုံးထဲ၌ တိုက်ပွဲ ဆာလောင်စိတ်တို့ တရိပ်ရိပ် တောက်လောင်လို့ လာသည်။ သူက ကျင့်ကြံမှု အဆင့်ကို မချိုးဖျက် နိုင်ခင်တုန်းက ဆိုလျှင် ရှောင်ထျန်းရွှမ်ကို အနိုင်ယူနိုင်ရန် အခွင့်အရေး နည်းပါးလွန်းပေသည်။ သို့သော် ခုချိန်မှာတော့ ထိုအရာက လုံးဝ ကွဲပြားလို့နေပြီ ဖြစ်သည်။
“သိုင်းပညာပုံစံ”
ဇူယွမ် လက်ထဲရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံက ရှည်ထွက်လို့ လာသည်။ စုတ်တံထိပ်မှ အဖြူရောင် အမျှင်တန်းများက စုစည်းသွားပြီး လှံတစ်ချောင်းကဲ့သို့ ချွန်မြနေကာ တလက်လက် တောက်ပလို့ နေသည်။
ဇူယွမ် ပတ်ပတ်လည်မှာ ရွှေရောင်ချီများက မုန်တိုင်းတစ်ခုလို လှည့်ပတ်လို့ လာပြီး အနီးရှိ ကျောက်တုံးကျောက်ခဲ များကိုပင် ဖုန်မှုန့်များ ဖြစ်သွားစေ၏။
ရှောင်ထျန်းရွှမ်က သူ့လက်ထဲရှိ လှံကို တင်းကျပ်စွာ ဆုပ်ကိုင်ကာ ပြောလိုက်သည်။
“မင်းက မူလချီတွေကို အမြင့်ပေ ၄၀၀ ကျော်လောက်ထိ မြှင့်တင်နိုင်စွမ်း ရှိတယ်ဆိုရင်တောင် ငါ့ရှေ့မှာ မောက်မာဖို့ မလုံလောက်သေးဘူး ဆိုတာ သင်ကြားပေးရမယ် …”
“စွတ် …”
ရှောင်ထျန်းရွှမ်က ထိုသို့ ပြောပြီးပြီးချင်း ရှေ့သို့ တစ်ဟုန်ထိုး ကြမ်းတမ်းစွာ ပြေးထွက်လိုက်ကာ ဇူယွမ်ရှေ့သို့ ဖျတ်ခနဲ ရောက်ရှိသွား၏။ သူ့လက်ထဲရှိ နတ်ဆိုး မီးတောက်လှံက မရေမတွက် နိုင်သော အနီရင့်ရောင် အလင်းများအဖြစ် ပြောင်းသွားပြီး ကောင်းကင်ကိုပင် ဖုံးလွှမ်းကာ ဇူယွမ်အား လွှမ်းခြုံလို့ သွားသည်။ ရှောင်ထျန်းရွှမ်က သူ၏ မီးတောက်လှံဖြင့် ဇူယွမ်၏ သေကွင်းသေကွက်အား ချိန်ထိုးလို့ ထားပြီး ဖြစ်သည်။ ဤအရာက ခန့်ညားလွန်းခြင်း၊ ရုန့်ရင်း ကြမ်းတမ်းလွန်းခြင်းများ ပေါင်းစပ်နေဟန် ပေါ်၏။
သို့ရာတွင် ဇူယွမ်က အေးအေးဆေးဆေး ရယ်မောကာ ရှောင်ထျန်းရွှမ်အား တုံ့ပြန်လိုက်သည်။ သူ့ပုံစံက လုံးဝ မကြောက်ရွံ့သည့်ဟန် ရှိနေသည်။ ဇူယွမ်က ကောင်းကင်ဘုံ ယွမ်စုတ်တံအား ထိုမီးတောက်လှံနှင့် ထိပ်တိုက် တွေ့ဆုံရန် ရှေ့သို့ ထိုးသွင်းလိုက်သည်။ စုတ်တံထိပ်ဖျားမှ ကြယ်ထောင် ပေါင်းများစွာ ဝန်းရံနေသလို ရွှေရောင် မူလချီများက တလက်လက် တောက်ပလို့လာ၏။
“ဒုန်း … ဒုန်း …”
စုတ်တံနှင့် လှံတံတို့က ထိပ်တိုက်ရင်ဆိုင် မိကြကာ ကျယ်လောင်သော အသံများ ထွက်ပေါ်လာသည်။ လက်နက်နှစ်ခု ထိပ်တိုက်တွေ့လိုက်တိုင်း မူလချီများက ပြင်းထန်စွာ ပေါက်ကွဲထွက်လာကာ ပတ်ဝန်းကျင် လေထုပင် တုန်ခါရသည်။
တိုတောင်းသော အချိန်လေး အတွင်း၌ ဇူယွမ်နှင့် ရှောင်ထျန်းရွှမ်က တိုက်ကွက်များစွာ ဖလှယ်ပြီး ဖြစ်သည်။ တိုက်ချက်တိုင်း၊ ရိုက်ချက်တိုင်းက အနည်းငယ်ပင် သနားကြင်နာမှု မရှိကြချေ။
“ဒုန်း …”
လှံရှည်နှင့် စုတ်တံတို့က ခွာလိုက်ကပ်လိုက် အကြိမ်ကြမ် ပြင်းထန်စွာ တိုက်ခိုက် နေကြသည်။
ထိုစဉ် ဇူယွမ်က သူ့လက်ကို ဆတ်ခနဲ လှုပ်ရှားလိုက်ရာ အဖြူရောင် ချီတန်းတစ်ခုက အလွန်မြန်ဆန်စွာ ရှောင်ထျန်းရွှမ်၏ လည်မျိုထံ မထင်မှတ်ထားသော ထောင့်တစ်ခုမှ ဝင်ရောက်လို့လာသည်။ သို့ရာတွင် ရှောင်ထျန်းရွှမ်က လှံရှည်ဖြင့် လျင်မြန်စွာပင် ခုခံလိုက်ပြီး ထို လျှပ်တပြက် အလစ် တိုက်ခိုက်မှုကို လမ်းကြောင်း လွှဲစေလိုက်သည်။
ဇူယွမ်၏ အမူအရာက အေးစက်လို့ သွားသည်။ ထို့နောက် သူက အတွေးတစ်ချက် ဖြင့်ပင် အဖြူရောင် အမျှင်တန်းများကို မရေမတွက် နိုင်အောင် ကွဲထွက် လိုက်စေလိုက်ကာ ကောင်းကင်ပင် ဖုံးအုပ်သွားဟန် ရပြီး ရှောင်ထျန်းရွှမ်၏ ခန္ဓာကိုယ်အနှံ့ တစ်လက်မမျှ မကျန်အောင် ထိမှန်စေသည်။
“ဘယ်လိုတောင် ဆန်းကြယ်လိုက်တဲ့ မူလလက်နက်လဲ …”
ရှောင်ထျန်းရွှမ်၏ မျက်လုံး သူငယ်အိမ်က ကျဉ်းမြောင်းသွားသည်။ ဇူယွမ်၏ အနက်ရောင် မူလလက်နက် စုတ်တံက လုံး၀ ထူးဆန်းလွန်းနေသည်။ အဖြူရောင် အမျှင်တန်းများကို ချက်ချင်းပင် ပုံစံများစွာ ကွဲထွက်စေပြီး တိုက်ခိုက်ခြင်းက ခုခံရင်ဆိုင်ရန် အလွန်ပင် ခက်ခဲလှ၏။
သို့သော် ရှောင်ထျန်းရွှမ်ကလည်း အားနည်းခြင်း မရှိပေ။ သူ့လက်ထဲရှိ နတ်ဆိုး မီးတောက်လှံကို ဆတ်ခနဲ လှုပ်ယမ်းလိုက်သည်။ ထိုအခါ အနီရင့်ရောင် ချော်ရည်ပူများ ထွက်ပေါ်လာပြီး ဆူပွက်နေသော ချော်ရည်ပူ အဝန်းအဝိုင်း အကာအကွယ် တစ်ခုက သူ့ရှေ့မှာ ကာကွယ်ပေးလိုက်သည်။
မရေမတွက် နိုင်သော အဖြူရောင် အမျှင်တန်းများက ချော်ရည်ပူ အကာအကွယ် ထဲသို့ ထိုးစိုက်မိသွားပြီး ဆက်မတိုးနိုင်ဘဲ ဖြစ်ရသည်။
ဇူယွမ်နှင့် ရှောင်ထျန်းရွှမ်က တစ်ပြိုင်နက်တည်း နောက်သို့ ဆုတ်လိုက်ကြသည်။
ရှောင်ထျန်းရွှမ်၏ အမူအရာက ပိုမို လေးနက်လာသည်။ သူတို့ နှစ်ယောက်လုံး၏ ခုတစ်ကြိမ် ထိပ်တိုက် တွေ့ဆုံ တိုက်ခိုက်မှုက ပြီးခဲ့သော တိုက်ခိုက်မှုများထက် ရက်စက်ပြင်းထန်သည်။ သို့သော် နှစ်ယောက်လုံးက တိုက်ခိုက်မှု အသီးသီးကို အပြန်အလှန် ပိတ်ဆို့ နိုင်ခဲ့ကြသည်။
လူတိုင်းက ထိုတိုက်ပွဲအား ကြည့်၍ မှင်တက်မိကြသည်။ ဇူယွမ်က ရှောင်ထျန်းရွှမ်လို ကောင်းကင်တံခါး အထွတ်အထိပ် အဆင့်ဖြင့် ထိပ်တိုက် ရင်ဆိုင်တာတောင်မှ မည်သည့် ပျက်စီး ထိခိုက်မှုမှ မရခဲ့ပေ။ ထိုအရာက သူတို့အား လုံး၀ အံ့အားသင့်စေ၏။
“ငါမင်းကို တကယ် လျှော့တွက်မိခဲ့တယ်။ ကောင်းကင် တံခါးစဦးအဆင့် တစ်ယောက်ရဲ့ စွမ်းဆောင်ရည်က အံ့သြဖွယ်ရာပဲ …”
ရှောင်ထျန်းရွှမ်၏ မျက်လုံးများက အနည်းငယ် မှေးစင်း သွားသော်လည်း သူက မထူးခြားစွာ ဆက်ပြောလိုက်သည်။ “အချိန်တစ်ခု ပေးမယ်ဆိုရင် ဝူဟောင်တောင်မှ မင်းကို ဆန့်ကျင်ဖို့ တော်တော် ကြိုးစားရမယ်။ မင်းရဲ့ စွမ်းရည်က တကယ်ကို ကြောက်မက်ဖွယ်ရာပဲ …”
“တကယ်တော့ ခုချိန်မှာ ငါယုံကြည်ထားတာ တစ်ခုရှိတယ် …”
ဇူယွမ်က အနည်းငယ် မျက်ခုံးပင့် လိုက်မိသည်။
“ဘာကို ယုံကြည်တာလဲ …”
ရှောင်ထျန်ရွှမ်က တည်တည်ငြိမ်ငြိမ်ပဲ ပြန်ဖြေလိုက်သည်။ မင်းပိုင်ဆိုင်ခဲ့တဲ့ ဇူကလန်ရဲ့ မြင့်မြတ်သောနဂါး ကောင်းချီးပေးမှုကို ဝူဟောင်က ခိုးယူခဲ့ပြီး ဒီနေ့မှာ သူ့ကိုဒီလို အဆင့်ထိ ရောက်လာစေခဲ့တယ်။
ဇူယွမ်က ပြုံးလိုက်ပေမဲ့ ဘာမှတော့ ပြန်မပြောချေ။
“သို့သော် …” ရှောင်ထျန်းရွှမ်က သူ့စကားကို ရပ်လိုက်ပြီး သူက ဇူယွမ်ကို စူးစိုက်ကြည့်ကာ အန္တရာယ်ရှိသော အငွေ့အသက် တို့က သူ့မျက်လုံးထဲမှ ထွက်ပေါ် လာခဲ့သည်။
“ဒီနေရာမှာပဲ မင်းကို သတ်ပစ်တာ အကောင်းဆုံး ဖြစ်မှာပါ …”
ဇူယွမ်က လှောင်ရယ်လိုက်သည်။
“မင်းက အဲလို မလုပ်နိုင်မှာ စိုးရိမ်မိတယ် …”
ရှောင်ထျန်းရွှမ်က ပေါ့ပေါ့ပါးပါး တုံ့ပြန်လိုက်သည်။
“မင်းက အဆင့်နိမ့် ကောင်းကင်ကျင့်စဉ်ကို ရလိုက်တာ ငါသိတယ်။ မင်းက အဲတာကို မလေ့လာ ရသေးတာ၊ နားမလည်သေးတာ ကိုလည်း ငါသိတယ် …”
ဇူယွမ်၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားသည်။
“အဆင့်နိမ့် ကောင်းကင်အဆင့် ကျင့်စဉ်ကို လေ့ကျင့်ဖို့ အတွက် လိုအပ်ချက်တွေက အတော်လေး တင်းကျပ်တယ်။ ဒါအပြင် လွန်ခဲ့တဲ့ ရက်အချို့မှာ မင်းက ကောင်းကင်တံခါး အဆင့်ကို ဝင်ရောက်နိုင်ဖို့ အာရုံစိုက် နေရတဲ့ အတွက် ဒီကျင့်စဉ်ကို ဘယ်လိုမှ လေ့ကျင့်နိုင်ဦးမှာ မဟုတ်ဘူး …” ရှောင်ထျန်းရွှမ်က သေချာသည့် ပုံစံဖြင့် ပြောလိုက်သည်။
ဇူယွမ်က ခပ်ဖြည်းဖြည်း ပြန်ပြောလိုက်သည်။
“မင်းက တော်သားပဲ …”
ရှောင်ထျန်းရွှမ် ခန့်မှန်းမိသော အရာများက အမှန်ပင် ဖြစ်သည်။ ဇူယွမ်က လေနှင့်မိုးကြိုး အဆင့်နိမ့် ကောင်းကင် ကျင့်စဉ်ကို မည်သို့ လေ့ကျင့်ရမည်ကို သိသော်လည်း သူက ခုထိ မလေ့ကျင့် ရသေးပေ။
ရှောင်ထျန်းရွှမ်က ရယ်မောလိုက်ကာ သူ့လက်ထဲရှိ အနီရင့်ရောင် လှံတံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးထဲ၌ ဇူယွမ်အား ကစားလိုသော အရိပ်အယောင်များ ထွက်ပေါ်လို့လာသည်။
“ဒါက သနားစရာပဲ။ မင်းမှာ အဆင့်နိမ့် ကောင်းကင်ကျင့်စဉ်ကို ရှိနေပေမဲ့ အသုံးမပြု နိုင်သေးဘူး။ ဒါပေမဲ့ …
ထိုခဏ၌ ရှောင်ထျန်းရွှမ်၏ မူလချီများက သူ့ခန္ဓာကိုယ်မှ ပြင်းထန်စွာ ထွက်ပေါ်လာခဲ့ပြီး အနီရင့်ရောင် ကြောက်မက်ဖွယ်ရာ ချီလှိုင်းများက မုန်တိုင်းတစ်ခု ကဲ့သို့ ဖြစ်တည် လာတော့သည်။ သူ့ခြေထောက်အောက်ရှိ မြေကြီးက တသိမ့်သိမ့် တုန်ခါလို့လာသည်။
“ဒါပေမဲ့ ငါ့မှာတော့ တစ်ခုရှိတယ်”
လူများစွာက ရှောင်ထျန်းရွှမ်၏ ခေါင်းအထက်မှာ အနီရင့်ရောင် မူလချီများက တလက်လက် ဖြာထွက်လာသည်ကို ငေးကြည့် မိနေကြသည်။ ထိုချီများက ကြောက်မက်ဖွယ် ဖိအားကို ပေးစွမ်းလို့နေ၏။
ဇူယွမ်က ရှောင်ထျန်းရွှမ်၏ ခေါင်းအထက်ရှိ အနီရင့်ရောင် ချီစက်ဝန်းကို သေချာ စိုက်ကြည့်လိုက်ရင်း မျက်မှောင်ကြုတ် လိုက်မိသည်။