နဂါးနက်တပ်ရင်းထဲရှိ စစ်သင်္ဘောအစင်းရေ တစ်ရာနီးပါး၏ သုံးဆယ်ရာခိုင်နှုန်းခန့်မှာ ပေါက်ကွဲပျက်စီးသွားကြပြီ ဖြစ်သည်။
သူတို့ ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် ပြင်းအားများကြောင့် စကြဝဠာကြီးထဲရှိ လေမုန်တိုင်းကြီးမှာ ပို၍ အားကောင်းလာရ၏။ ထို့ကြောင့် အခြား ဇီဝစစ်သင်္ဘောကြီးများမှာလည်း ပို၍ပင် ထိခိုက်ပျက်စီးလာရတော့သည်။ ထိုစဉ်တွင် နဂါးနက်တပ်ရင်းထဲမှ ကျင့်ကြံသူများမှာလည်း အပြင်းအထန် ဒဏ်ရာရရှိသွားကြပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာမူ သူ၏ စစ်သင်္ဘောကြီးများအားလုံးကို ဖောက်ခွဲပစ်လိုက်ပြီးနောက် သူ၏ မြည်းလေးအား ပြန်လည်ဆင့်ခေါ်လိုက်၏။ ထို့နောက် သူသည် ၎င်းအား သိမ်းဆည်းလိုက်ပြီး နတ်ဆိုးတစ်သောင်းမျက်လုံးဆီမှ ရရှိထားသည့် တည်နေရာပြောင်းရွှေ့ခွင့်ကို အသုံးပြုလိုက်တော့သည်။ ထို့ကြောင့် သူသည် ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။
ဝမ်ပေါင်လဲ့မှာ ထိုသို့ပျောက်ကွယ်သွားခါနီးတွင် သူ၏နောက်ရှိ အဆက်မပြတ်ပေါက်ကွဲနေသော စစ်သင်္ဘောကြီးများထဲမှ ကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ဒေါသတကြီး အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။ ထို့အပြင် သူသည် သူ၏ အသိစိတ်ထဲ၌ သူ၏ ရုပ်သေးရုပ်များအားလုံး ပေါက်ကွဲသွားသည့် မြင်ကွင်းကိုလည်း မြင်လိုက်ရသေးသည်။
နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီး လွတ်မြောက်လာခြင်းဖြစ်ပေသည်။
ဝမ်ပေါင်လဲ့မှာ ထိုမြင်ကွင်းအား မြင်လိုက်ရပြီးနောက် ချက်ချင်းဆိုသလိုပင် အမြင်အာရုံများဝေဝါးသွား၏။ သူ၏ အမြင်အာရုံများ ပြန်လည်ကြည်လင်သွားချိန်တွင် သူသည် စစ်မြေပြင်ကြီးထဲရှိ ရှိမနေတော့ပေ။ သူ၏ရှေ့တွင် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ဧရာမ ထာဝရကြယ်ကြီး ရှိနေ၏။
” ထာဝရဝိညာဉ်တစ်ပိုင်း ခေါင်းဆောင်ကြီးက အရမ်းကို အစွမ်းထက်နေလို့ သူ့ကို အချိန်အကြာကြီး မချုပ်နှောင်ထားနိုင်ခဲ့တာ။ အဲလိုသာမဟုတ်ရင် သူ အချုပ်အနှောင်ထဲက ပြန်ထွက်လာတဲ့အချိန် သူ့ကို မျက်ရည်နဲ့မျက်ခွက် ဖြစ်သွားအောင် လုပ်ပစ်လိုက်လို့ရတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးကာ နှာမှုတ်လိုက်၏။
ယခုတွင် သူသည် ဒေါသအနည်းငယ်ခန့် ပြေလျော့သွားပြီဖြစ်သည်။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲသို့ ဦးတည်သွားလိုက်တော့သည်။ သူ၏ ပုံပန်းသွင်ပြင်မှာမူ ပြောင်းလဲသွားပြီဖြစ်သည်။ သို့သော် ယခုအကြိမ်တွင်မူ သူသည် ကျိုးရိရှန်အဖြစ် ပြောင်းလဲသွားခဲ့ခြင်းမဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ အကယ်၍ သူသည် ကျိုးရိရှန်၏ ပုံပန်းသွင်ပြင်အား ခဏခဏ အသုံးပြုနေမည်ဆိုပါက နောက်ဆုံးတွင် လူများ ရိပ်မိသွားမည်ကို စိုးရိမ်နေခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် စဉ်းစားတွေးတောလိုက်ပြီးနောက် ယခုအကြိမ်တွင် ကျိုးရိရှန်၏ ဖခင်အဖြစ်သို့ ပြောင်းလဲရန် ဆုံးဖြတ်လိုက်တော့သည်။
” အခု ငါ ရခဲ့တဲ့ပစ္စည်းတွေကို စစ်ဆေးပြီးရင် ငါ မျှော်လင့်ထားတဲ့အတိုင်း ဆက်ဖြစ်လာမလားဆိုတာ စောင့်ကြည့်ရမယ်… ” ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် သူ စုဆောင်းရရှိခဲ့သော ပစ္စည်းများအတွက် စိတ်လှုပ်ရှားနေရသလို မြည်းလေး ၎င်းတို့အား သူမသိအောင် ခိုးစားပစ်မည်ကိုလည်း စိုးရိမ်နေရသည်။ ထို့ကြောင့် သူသည် မြည်းလေးဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ သတိပေးလိုက်၏။ ဝမ်ပေါင်လဲ့မှာ သူ သတ်ဖြတ်ခဲ့သည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ခုနစ်ယောက်ဆီမှလည်း သိုလှောင်အိတ်များ ခိုးယူခဲ့သေးသည်။
ထိုစဉ်တွင် နဂါးနက်တပ်ရင်း တိုက်ခိုက်ခံခဲ့ရသည့်နေရာတွင် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ နှလုံးသွေးများ ပွက်ပွက်ဆူနေရပြီဖြစ်သည်။
သူတို့မှာ အများကြီး ထိခိုက်နစ်နာဆုံးရှုံးလိုက်ရသည် မဟုတ်ပါလော။ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူဆယ့်နှစ်ယောက်ထဲမှ ခုနစ်ယောက်မှာ သတ်ဖြတ်ခံလိုက်ရပြီ ဖြစ်သည်။ ထို့အပြင် ပထမဆုံးအကြိမ်တုန်းကလည်း ငါးယောက်တိတိ အသတ်ခံခဲ့ရသေးသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ နဂါးနက်တပ်ရင်းထဲရှိ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ဆယ့်ခုနစ်ယောက်ထဲမှ ဆယ့်နှစ်ယောက်အား သတ်ဖြတ်ခဲ့သည်ဟု ဆိုနိုင်ပေသည်။
သူတို့မှာ သူတို့၏ အဆင့်မြင့် ကျင့်ကြံသူများ၏ ခုနစ်ဆယ်ရာခိုင်နှုန်းတိတိကို ဆုံးရှုံးလိုက်ရခြင်း ဖြစ်သည်။
ထို့အပြင် သူတို့၏ စစ်သင်္ဘောကြီးများမှာလည်း ထိခိုက်ပျက်စီးသွားကြသည်ဖြစ်ရာ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ ရူးသွပ်လုမတတ် ခံစားနေရတော့သည်။ သူမသည် လိုက်လံရေတွက်ခဲ့ပြီးနောက် သူတို့၏ ဇီဝစစ်သင်္ဘောကြီးများထဲမှ တစ်ဝက်တိတိမှာ ပေါက်ကွဲပျက်စီးသွားကြပြီဖြစ်ကြောင်း သိလိုက်ရ၏။ ကျန်ရှိနေသေးသည့် စစ်သင်္ဘောကြီးများမှာလည်း ဒဏ်ရာဗရပွနှင့် ဖြစ်နေကြသည်။ သူတို့မှာ နဂါးနက်တပ်ရင်း၏ လက်ရှိ ဘဏ္ဍာအခြေအနေနှင့် သူတို့၏ ဇီဝစစ်သင်္ဘောကြီးများအား ယခင်အခြေအနေအထိ ပြန်ရောက်အောင် ပြန်လည်တည်ဆောက်နိုင်တော့မည် မဟုတ်ပေ။
သို့ဖြစ်ရာ ဤတိုက်ပွဲကြီးကြောင့် နဂါးနက်တပ်ရင်းမှာ အမှန်တကယ်ပင် မွဲပြာကျသွားခဲ့ရသည်ဟု သတ်မှတ်နိုင်ပေသည်။ သူတို့မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းထဲရှိ သူတို့၏ လက်ရှိ ရာထူးအဆင့်အတန်းကိုပင် ထိန်းသိမ်းထားနိုင်တော့မည်မဟုတ်ပေ။
” လုံနန်ကျစ်…. ”
” ငါ နင့်ကို ကမ္ဘာမကြေဘူးဟေ့ ” နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ သူမ၏ နှလုံးသားထဲမှ ဒေါသများကို ချုပ်တည်းနိုင်စွမ်းမရှိတော့ဘဲ သွေးတစ်ပွက် အန်ထွက်လာရ၏။ ထို့နောက် သူမသည် မျက်လုံးနီကြီးများဖြင့် ခေါင်းမော့ကာ စူးရှကျယ်လောင်စွာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။
သူမသည် စစ်မြေပြင်ထဲသို့ ရောက်ရှိလာခဲ့ပြီးနောက် ချက်ချင်းဆိုသလိုပင် ချုပ်နှောင်ခံခဲ့ရပြီး သူမ၏ စစ်တပ်ကြီး ဖျက်ဆီးချေမှုန်းခံလိုက်ရသည်ကို ရပ်ကြည့်နေခဲ့ရသည် မဟုတ်ပါလော။ ထို့အပြင် သူမဘက်မှ အများကြီးပေးဆပ်ခဲ့ပြီးနောက် ပြန်လည်လွတ်မြောက်လာသည့်အချိန်တွင် ဝမ်ပေါင်လဲ့မှာ တည်နေရာပြောင်းရွှေ့သွားခဲ့၏။
သူမသည် ထို တည်နေရာပြောင်းရွှေ့မှုမှာ နတ်ဆိုးတစ်သောင်းမျက်လုံး ပညာရပ်ဖြစ်ကြောင်း မြင်လိုက်ရသဖြင့် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်ကြီးဆီသို့ ရောက်နေမည်ဖြစ်ကြောင်း သိရှိထားသည့်တိုင်အောင် သူတို့၏ကြားမှ အကွာအဝေးမှာ ကြီးမားလွန်းနေ၏။ သို့ဖြစ်ရာ သူမသည် သူ၏နောက်သို့ ယခုချက်ချင်း ပြေးလိုက်သွားလျှင်တောင် ထိုနေရာသို့ သွားနိုင်ရန် နာရီပေါင်းများစွာ အချိန်ပေးရမည်ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ အမြန်နှုန်းနှင့်ဆိုလျှင် ထိုအချိန်တွင် သူသည် သူမ လိုက်မမီနိုင်တော့သည့် နေရာအထိ ရောက်နေလောက်ပြီဖြစ်သည်။
ထို့ကြောင့် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ ထိုအကြောင်းများကို တွေးတောရင်း နောက်ထပ်တစ်ကြိမ် ထပ်၍ သွေးတစ်ပွက် အန်ထွက်လာရပြန်သည်။ သို့သော် သူမအား ပို၍စိတ်ဓာတ်ကျသွားစေခဲ့သည့် ဖြစ်ရပ်ကြီးမှာ… နောက်ထပ် သုံးရက်အကြာတွင် ပေါ်ပေါက်လာ၏။
ထိုတိုက်ပွဲကြီး၏ ရုပ်သံမှတ်တမ်းများနှင့် သတင်းများမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးထဲတွင် ပျံ့နှံ့သွားခြင်းဖြစ်ပေသည်။
နဂါးနက်တပ်ရင်းမှာ ဂုဏ်သတင်းကျော်စောသည့် စစ်တပ်တစ်ခု ဖြစ်သောကြောင့် ထိုတိုက်ပွဲကြီးမှာ လူအများ၏အာရုံကို ဖမ်းစားနိုင်ခဲ့၏။ ထို ရုပ်သံမှတ်တမ်းများထဲတွင် ဝမ်ပေါင်လဲ့တစ်ယောက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများအား သတ်ဖြတ်ခဲ့သည့် ပုံရိပ်များ၊ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး ချုပ်နှောင်ခံခဲ့ရသည့် ပုံရိပ်များနှင့် စစ်သင်္ဘောကြီးများ ပေါက်ကွဲသွားကြသည့် ပုံရိပ်များ ပါနေသောကြောင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးမှာ အံ့ဩတုန်လှုပ်သွားကြတော့သည်။
” ဒီ လုံနန်ကျစ်ဆိုတဲ့ကောင်က ရူးမိုက်လွန်းလှပါလား။ စစ်တပ်တစ်ခုကို တစ်ယောက်တည်း ရင်ဆိုင်တိုက်ခိုက်ရဲရတယ်လို့ ”
” နဂါးနက်တပ်ရင်းက တော်တော်လေးကို ညံ့တာပဲကွ။ စစ်သင်္ဘော အစင်းရေတစ်ရာကျော်နဲ့ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူဆယ်ယောက်ကျော် ရှိနေတာတောင် အခုလောက်အထိ ရုပ်ပျက်ဆင်းပျက် ဖြစ်သွားရတယ်လို့ ”
” ဒီ ရုပ်သံမှတ်တမ်းက အတုကြီးပဲ ဖြစ်မှာပါကွာ။ ဒီလုံနန်ကျစ်ဆိုတဲ့ကောင်က အကောင်ကြီးကြီးတစ်ယောက်ရဲ့ သားများ ဖြစ်နေမလား။ နဂါးနက်တပ်ရင်းက သူနဲ့ပူးပေါင်းပြီးတော့ သူ့ကို နာမည်ကြီးလာအောင် လုပ်နေတာဆိုရင်ရော ”
နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ဂြိုဟ်များအားလုံးသာမက ဂိုဏ်းများအားလုံးထဲရှိ လူများမှာ ထိုအကြောင်း ပြောဆိုဆွေးနွေးနေကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့အား အထင်ကြီးလေးစားနေကြသည့် လူများလည်း ရှိသလို ထို ရုပ်သံမှတ်တမ်းတစ်ခုလုံးမှာ အတုအယောင်တစ်ခုသာ ဖြစ်သည်ဟု မှတ်ယူထားကြသည့် လူများလည်း ရှိပေသည်။
နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ လူအများ၏ ထင်မြင်ချက်များကို ကြားသိလိုက်ရသောအခါ နောက်ထပ်တစ်ကြိမ် ထပ်၍ အရူးမီးဝိုင်း ဖြစ်သွားရပြန်သည်။ သူမသည် အမျက်ချောင်းချောင်း ထွက်နေသည့်တိုင်အောင် ထို ရုပ်သံမှတ်တမ်းမှာ အတုအယောင်ဖြစ်ပြီး သူမသည် ဝမ်ပေါင်လဲ့အား အလျှော့ပေးလိုက်ခြင်းသာဖြစ်ကြောင်း ပြောဆိုနေကြသည်လူအချို့ ရှိနေကြသည် မဟုတ်ပါလော။
သို့သော် မည်သည့် ထင်မြင်ယူဆချက်များ ပေါ်ပေါက်လာစေကာမူ ဝမ်ပေါင်လဲ့၏ အစီအစဉ်မှာ အောင်မြင်သွားသည်ဟု ဆိုနိုင်ပေသည်။ ထိုတိုက်ပွဲကြီးကြောင့် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ ဟိုးလေးတကျော် ဖြစ်သွားခဲ့သည် မဟုတ်ပါလော။ ထိုသို့ဖြင့် သူသည် နေ့ချင်းညချင်း နာမည်ကြီးသွားတော့သည်။
ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှ သူ့ကို အလိုရှိစာရင်းထဲသို့ ထည့်သွင်းလိုက်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည့် အချိန်တွင် လူတိုင်းမှာ သူ၏နာမည်အား သိရှိသွားကြတော့သည်။
ယခင်တုန်းက နဂါးနက်တပ်ရင်းမှာ သူ့အား အလိုရှိကြောင်း ထုတ်ပြန်ကြေညာထားပြီးသားဖြစ်ပါသော်လည်း ထိုကြေညာချက်မှာ ဂိုဏ်းကြီးတစ်ဂိုဏ်း၏ ထုတ်ပြန်ကြေညာချက်လောက် မကြီးမားပေ။ ထို့အပြင် သူ့အတွက် သတ်မှတ်ထားသည့် ဆုကြေးငွေပမာဏမှာ အများကြီး မဟုတ်သည့်တိုင်အောင် လူအများမှာ စိတ်ဝင်စားသွားကြဆဲပင်။
” သခင်။ သခင့်ကို သတ်နိုင်တဲ့ လူမှန်သမျှ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းထဲမှာ စစ်တပ်တစ်ခု ဖွဲ့စည်းခွင့် ရမှာတဲ့နော်… ” ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိတစ်ယောက် ကတုန်ကယင် ဖြစ်နေသည့် လေသံဖြင့် ပေးပို့လိုက်သည့် အသံလွှင့်အကြောင်းကြားစာကို လက်ခံရရှိလိုက်သောအခါ မျက်လုံးများ မှေးသွား၏။
သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ စစ်တပ်များ၏ အရေးပါပုံကို သိရှိနားလည်ထားပြီးသားဖြစ်သည်။ ထို့အပြင် သူသည် ထာဝရကြယ်မျက်လုံးကြီးဆီတွင် ရှိနေခဲ့စဉ်တုန်းက စစ်တပ်တစ်ခု၏ အဆင့်အတန်းမှာ အမွေအနှစ် ရရှိနိုင်စွမ်းနှင့် တိုက်ရိုက်ချိတ်ဆက်နေသည်ဖြစ်ကြောင်း သိရှိခဲ့ရသည် မဟုတ်ပါလော။
ဂိုဏ်းကြီးများ၏ စစ်တပ်များနှင့် ဂိုဏ်းငယ်လေးများ၏ စစ်တပ်များကို တပ်ရင်းများဟုသာ နာမည်အတူတူ သတ်မှတ်ထားကြပါသော်လည်း ၎င်းတို့၏ အဆင့်အတန်းများမှာ မိုးနှင့်မြေလို ကွာခြားနေကြောင်း သူက သိထား၏။ ၎င်းတို့ ရရှိပိုင်ဆိုင်နိုင်သည့် လုပ်ပိုင်ခွင့်အာဏာများနှင့် အကျိုးခံစားခွင့်များမှာလည်း နှိုင်းယှဉ်၍ မရလောက်အောင် ကွာခြားကြပေသည်။
သာဓကပြ၍ နှိုင်းယှဉ်ပြရမည်ဆိုလျှင် ဂိုဏ်းကြီးများ၏ တပ်ရင်းများမှာ အသားစားရသည့် စစ်တပ်များဖြစ်ကြပြီး ဂိုဏ်းငယ်လေးများ၏ တပ်ရင်းများမှာမူ အကျန်ဟင်းချိုသာ သောက်ရသည့် စစ်တပ်များဖြစ်ကြပေသည်။
၎င်းတို့၏ ဖွဲ့စည်းတည်ဆောက်ပုံများမှာလည်း လုံးဝ မတူညီကြပေ။ ဂိုဏ်းငယ်လေးများမှာ အရင်းအနှီး အလုံလောက်ရှိပါက အရွယ်အစားအမျိုးမျိုးရှိသော စစ်တပ်များကို စိတ်ကြိုက် ဖွဲ့စည်းခွင့်ရှိပေသည်။ သူတို့မှာ ဂိုဏ်းကြီးများဆီ၌ စာရင်းသွင်းလိုက်ရုံပင်။ သို့သော် ဂိုဏ်းကြီးများ၏ တပ်ရင်းများကိုမူ ထိုကဲ့သို့ ဖွဲ့စည်းခွင့်မရှိပေ။ မိမိဆီတွင် လုပ်ပိုင်ခွင့် ရှိနေမှသာလျှင် တပ်ရင်းတစ်ခုအား ဖွဲ့စည်းနိုင်ပေသည်။ ဂိုဏ်း၏အကျိုးကို အတိုင်းအတာ တစ်ခုအထိ သယ်ပိုးဆောင်ရွက်ပေးနိုင်မှသာလျှင် ထိုလုပ်ပိုင်ခွင့်အား ရှိနိုင်မည်ဖြစ်သည်။
သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းသည် ထိုလုပ်ပိုင်ခွင့်အား ဆုချမည်ဟု ကြေညာထားသည်ဖြစ်ကြောင်း ကြားသိလိုက်ရသောအခါ စိုးထိတ်သွားရ၏။ ထို့ကြောင့် သူသည် သူပုန်းကွယ်နေသည့် နေရာ၌ အောက်သို့ထိုင်ချကာ စဉ်းစားတွေးတောနေလိုက်တော့သည်။
” ဘာကြောက်စရာ လိုလို့လဲကွာ။ ငါက ကိုယ်ပွားတစ်ခုပဲကို ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ့ကိုယ်သူ ဖြေသိမ့်လိုက်၏။ ထို့နောက် သူသည် သူ၏သိုလှောင်အိတ်ထဲမှ ခရမ်းရောင်သေတ္တာတစ်လုံးကို ထုတ်ယူလိုက်သည်။
သိုသေတ္တာပေါ်တွင် ကိုက်ရာတစ်ခု ရှိနေ၏….
ဝမ်ပေါင်လဲ့မှာ ထိုကိုက်ရာအား မြင်လိုက်ရသောအခါ တစ်ဖက်တွင် စိတ်အေးသွားရသလို အခြားတစ်ဖက်တွင်လည်း ဒေါသထွက်သွားရ၏။ သူသည် လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း သူ စုဆောင်းရရှိမိခဲ့သော ပစ္စည်းများကို စစ်ဆေးကြည့်ရှုခဲ့ပြီးနောက် မြည်းလေးမှာ ပစ္စည်းအချို့အား ခိုးစားထားသည်ဖြစ်ကြောင်း သိခဲ့ရသည်။ သို့သော် ၎င်းမှာ သူ၏ ပစ္စည်းအများစုကို မစားဘဲ ချန်ရစ်ထားခဲ့သဖြင့် သူသည် ၎င်းအား အပြစ်မပေးခဲ့ပေ။ ဤသေတ္တာလေးကိုမူ မြည်းလေးမှာ ဖွက်ထားခဲ့၏။ ဝမ်ပေါင်လဲ့ ၎င်းအား ရှာတွေ့လိုက်ချိန်တွင် မြည်းလေးမှာ ထိုသေတ္တာပေါ်ရှိ အချုပ်အနှောင်အများစုအား ကိုက်ဖောက်ပြီးသွားပြီ ဖြစ်သည်။ ယခုတွင် သူသည် လူမိသွားပြီဖြစ်ရာ စိုးရိမ်တကြီး ဖြစ်နေသည့်အမူအရာဖြင့် ထိုသေတ္တာနှင့် ၎င်းထဲတွင် ရှိနေသည့် ပစ္စည်းများကို ဝါးစားရန် ပြင်လိုက်၏။
သို့သော် ဝမ်ပေါင်လဲ့မှာ သူ့အား ရပ်တန့်လိုက်သောကြောင့် ထိုမြည်းလေးမှာ မချိတင်ကဲ အော်ဟစ်မြည်တမ်းလိုက်ရ၏။ ဝမ်ပေါင်လဲ့မှာ ထိုသေတ္တာအား ဖွင့်လိုက်သောအခါ ခရမ်းရောင် အလင်းရောင်များ ထုတ်လွှတ်နေသည့် ဆေးလုံးတစ်လုံးကို မြင်လိုက်ရတော့သည်။
သူသည် ထိုဆေးလုံးထဲတွင် လေထဲ၌ ပျံသန်းနေကြသည့် ကြိုးကြာငှက်များနှင့် မှုန်ဝါးဝါး အဆောက်အဦများကို မြင်လိုက်ရသည်။ တစ်ချက်မျှ ကြည့်လိုက်ရုံနှင့် ထိုဆေးလုံးမှာ တမူထူးခြားကြောင်း သိနိုင်ပေသည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ ကျိုးရိရှန်၏ ဖခင်အဖြစ် အသွင်ပြောင်းလဲလိုက်ပြီးနောက် အပြင်ဘက်သို့ထွက်ကာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုက်၏။ နောက်ဆုံးတွင် သူသည် အံ့ဩမှင်တက်ဖွယ်ရာ အဖြေတစ်ခုအား ရှာတွေ့သွားသည်။ ထိုအခါ သူသည် ထိုခရမ်းရောင်သေတ္တာလေးအား ပြန်ဖွင့်ကာ အတွင်းထဲရှိ ဆေးလုံးလေးအား ကြည့်ရင်း အသက်ပြင်းပြင်းရှူကာ ရေရွတ်မိလိုက်တော့သည်။
” အဆင့်မြင့် ထာဝရဆေးလုံးပဲ ” ဝမ်ပေါင်လဲ့မှာ ထိုဆေးလုံးအား ကြည့်ရင်း အသက်ရှူသံများ မြန်ဆန်လာပြီး သွားရည်များပင် ယိုကျလုမတတ် ဖြစ်သွားရတော့သည်။