အဝေးမှကြည့်လိုက်ပါက ထိုမြင်ကွင်းမှာ အရောင်အဝါ ထွန်းလင်းတောက်ပနေ၏။
ရုပ်သေးရုပ် အရုပ်ခုနစ်ထောင်နှင့် အလင်းတန်း ခုနစ်ထောင်တို့မှာ နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်ပေါ်တွင် ရစ်ပတ်နေကြသောကြောင့် သူမသည် ဧရာမ ပိုးအိမ်ကြီးတစ်ခုကဲ့သို့ ဖြစ်သွား၏။ ဝမ်ပေါင်လဲ့မှာ ပြည်ထောင်စုကြီးနှင့် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ ပညာရပ်များကို ပေါင်းစည်းထားသောကြောင့် ထိုအလင်းတန်းများမှာ ယွမ်ယင်အဆင့် စွမ်းအားများကို ယာယီခန့် ထုတ်လွှတ်နိုင်စွမ်းရှိနေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သူမအား ထိခိုက်ဒဏ်ရာရသွားအောင် မလုပ်နိုင်သည့်တိုင်အောင် အချိန်အနည်းငယ်ခန့် ဖမ်းဆီးချုပ်နှောင်ထားနိုင်မည် ဖြစ်သည်။
သို့ဖြစ်ရာ သူ ၎င်းအား အချုပ်အနှောင်တစ်ခုအဖြစ် သတ်မှတ်ထားသည်မှာ မထူးဆန်းပေ။
နဂါးနက်တပ်ရင်းထဲမှ ကျင့်ကြံသူများမှာ သူတို့၏ ခေါင်းဆောင်ကြီး ရောက်ရှိလာမှုကြောင့် စိတ်လှုပ်ရှားနေခဲ့ရာမှ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အံ့သြတုန်လှုပ်သွားကြ၏။ ထို အချုပ်အနှောင်အား ဖန်တီးနိုင်ရန် ကုန်ကျစရိတ် အများကြီး အသုံးပြုခဲ့ရမည်ဖြစ်ကြောင်း သူတို့က သိထားကြပေသည်။ တစ်ချိန်ထဲမှာပင် သူတို့မှာ ထို အချုပ်အနှောင်ကြီးသည် အမှန်တကယ်ပင် အလုပ်ဖြစ်နေကြောင်း လက်ခံလိုက်ကြရ၏။
အလင်းတန်း ခုနစ်ထောင်၏ ဖမ်းဆီးချုပ်နှောင်ခြင်းကို ခံထားရသော နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ ခြေလက်များအားလုံးကို အသုံးပြု၍ ကြိုးစားရုန်းကန်ကာ အသံကုန်အော်ဟစ်နေ၏။ သူမသည် သူမ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ထွက်ပြေးနိုင်ရန် ကြိုးစားနေပါသော်လည်း အလင်းတန်းအချို့နှင့် ရုပ်သေးရုပ်အချို့ကိုသာ ဖျက်ဆီးနိုင်ခဲ့သည်။ သို့ဖြစ်ရာ သူမသည် ထို အချုပ်အနှောင်ထဲမှ ချက်ချင်း လွတ်မြောက်နိုင်မည့်ပုံ မပေါ်ပေ။
” နဂါးနက်တပ်ရင်း။ ငါ့ကို အပြစ်လုပ်မိရင် အခုလို နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရမယ်ဆိုတာ မသေမချင်းမှတ်ထား ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် မျက်ဝန်းများထဲမှ သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ပေါက်ကွဲထွက်ပေါ်လာ၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းမနေဘဲ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ၏ နောက်သို့ ပြေးလိုက်သွားလိုက်တော့သည်။
” သေစမ်း ” ဝမ်ပေါင်လဲ့မှာ ထိုသို့အော်ဟစ်လိုက်ပြီးနောက် လျှပ်စီးတန်းတစ်ခုကဲ့သို့ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ရှေ့သို့ ရောက်ရှိလာ၏။ ထိုကျင့်ကြံသူမှာ သက်လတ်ပိုင်းအရွယ်တွင် ရှိပြီး ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ အမူအရာများ ပြောင်းလဲသွားသည်။ သူသည် ထွက်ပြေးလွတ်မြောက်နိုင်တော့မည်မဟုတ်ကြောင်း သိလိုက်သဖြင့် သွေးရူးသွေးတန်းနှင့် သူ၏ ဝှက်ဖဲအား ချက်ချင်းထုတ်သုံးလိုက်တော့သည်။ သူသည် စစ်ကူများ ရောက်လာသည့်အချိန်အထိ အချိန်ဆွဲနိုင်ရန် မျှော်လင့်နေခြင်းဖြစ်သည်။
အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ အံကြိတ်ကာ ချက်ချင်းဆိုသလို ရောက်ရှိလာကြပြီး အဖွဲ့လိုက် တုံ့ပြန်တိုက်ခိုက်၍ သူတို့၏ ခေါင်းဆောင်ကြီးအား ထွက်ပြေးလွတ်မြောက်နိုင်အောင် ကူညီပေးရန် ပြင်လိုက်ကြသည်။
သို့သော်…. သူတို့၏ စဉ်းစားတွေးခေါ်ပုံများမှာ ရိုးအလွန်းနေသည်ဟု ဆိုရပေမည်။
ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ အုပ်စုဖွဲ့ရန် ပြင်လိုက်ကြစဉ်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏လက်ကို ဝှေ့ယမ်းလိုက်သဖြင့် စစ်သင်္ဘော အစင်းရေဒါဇင်ပေါင်းများစွာ ထွက်ပေါ်လာကြပြီး ချက်ချင်းပေါက်ကွဲသွားကြ၏။ ထိုအခါ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ထစ်ချုန်းသံများ ထွက်ပေါ်လာပြီး ထိုပေါက်ကွဲအားများကြောင့် လေပြင်းမုန်တိုင်းကြီးတစ်ခု စတင်တိုက်ခတ်လာတော့သည်။ ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်ရန် မန္တန်များ ထုတ်သုံးလိုက်ကြရသဖြင့် အရှိန်လျော့ကျသွားကြရ၏။
သူတို့ အရှိန်လျော့ကျသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ သူ၏အရှိန်ကို မြှင့်တင်လိုက်သည်။ ထို့နောက် သူသည် ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ၏ ခုခံကာကွယ်မှုများကို လျစ်လျူရှုကာ သူတို့ထဲမှ တစ်ယောက်အား အရှိန်အဟုန်ပြင်းစွာ ဝင်တိုက်လိုက်တော့သည်။ ထို့ကြောင့် ထစ်ချုန်းသံကြီးများမှာ အရပ်မျက်နှာအနှံ့သို့ ပဲ့တင်ထပ်သွား၏။
ထို ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားချိန်တွင် ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီး၏ ခန္ဓာကိုယ်မှာလည်း တစ်စစီ ပေါက်ကွဲသွားတော့သည်။ ဝမ်ပေါင်လဲ့မှာမူ ထို ကျင့်ကြံသူကြီး ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် သွေးပွက်ကြီးထဲမှ အရှိန်အဟုန်ဖြင့် ပြေးထွက်လာပြီး နောက်ထပ် ကျင့်ကြံသူတစ်ယောက်ဆီသို့ ဦးတည်သွားလိုက်ပြန်သည်။
” လုံနန်ကျစ် ” ထိုအချိန်တွင် ချုပ်နှောင်
ခံထားရသော နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးဆီမှ ဒေါသတကြီး အော်ဟစ်သံကြီးတစ်သံ ထွက်ပေါ်လာသည်။ ရုပ်သေးရုပ် ရာပေါင်းများစွာမှာ ထိုအော်သံကြီးအား တောင့်ခံနိုင်စွမ်းမရှိသောကြောင့် ပေါက်ကွဲသွားကြ၏။
သို့သော် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး မည်မျှပင် အော်ဟစ်နေစေကာမူ ဝမ်ပေါင်လဲ့မှာ မကြားချင်ယောင် ဆောင်နေ၏။ ထို့အပြင် သူသည် သူမအား ထိပ်တိုက်ရင်ဆိုင်တွေ့ရန် အစီအစဉ်မရှိပေ။ သူမသည် လက်ရှိတွင် ချုပ်နှောင်ခံထားရပါသော်လည်း ဝမ်ပေါင်လဲ့မှာ သူမအား သတ်ဖြတ်နိုင်လိမ့်မည်မဟုတ်ဟု ယုံကြည်ထားသည်။ ထို့အပြင် သူသည် အကောင်းအဆိုး အကျိုးအပြစ်များကို ချင့်ချိန်နှိုင်းဆခဲ့ပြီးနောက် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးအား ဒဏ်ရာရအောင် လုပ်ရခြင်းမှာ သူတို့၏ အနာဂတ်အစီအစဉ်များအား ပျက်ပြားသွားအောင် နှောင့်ယှက်ရခြင်းလောက် စိတ်ကျေနပ်စရာကောင်းမည်မဟုတ်ကြောင်း မှတ်ယူလိုက်သည်။
သူမ၏ ကျင့်ကြံခြင်းအဆင့်မှာ မည်မျှပင် မြင့်မားနေစေကာမူ သူမသည် လူတစ်ယောက်တည်းသာ ဖြစ်နေသည် မဟုတ်ပါလော။ သို့သော် နဂါးနက်တပ်ရင်းမှာမူ စစ်တပ်ကြီးတစ်ခု ဖြစ်ပေသည်။
ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ တွေဝေတုံ့ဆိုင်းမနေပဲ စိတ်ပိုင်းဖြတ်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်တော့သည်။ သူသည် မတော်တဆမှုများနှင့် ကြုံတွေ့ရမည် စိုးသောကြောင့် နတ်ဆိုးမျက်လုံးပညာရပ်အား ထုတ်သုံးခဲ့ခြင်း မရှိပါသော်လည်း သူ၏ ထိခိုက်ပျက်စီးနေသော နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် ကြယ်တာရာယွမ်ယင်ဝိညာဉ်တို့၏ အဆင့်မြှင့်တင်ပေးမှုများကြောင့် သူ၏ အငွေ့အသက်များမှာ စစ်မြေပြင်ကြီးထဲ၌ အလွန်အင်မတန်မှ အားကောင်းနေဆဲပင်။
သူသည် သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား လှမ်းဖမ်းလိုက်ပြီးနောက် သူ၏ ဦးခေါင်းခွံအား ခြေမွှကာ သူ့အား သတ်ဖြတ်ပစ်လိုက်ပြန်သည်။
သူ ထို ဒုတိယမြောက်ကျင့်ကြံသူအား သတ်ဖြတ်လိုက်သောအခါ အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ အတူတကွ စုစည်းသွားကြပြီးနောက် သူတို့၏ နတ်ဘုရားစွမ်းရည်များကို ထုတ်လွှတ်လိုက်ကြတော့သည်။
ထို နတ်ဘုရားစွမ်းရည်များမှာ အစွမ်းထက်ပါသော်လည်း နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ ကာကွယ်စောင့်ရှောက်မှုအောက်တွင် ရှိနေသည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မြူခိုးများအဖြစ် ပြောင်းလဲသွားသောကြောင့် ၎င်းတို့မှာ သူ့အား ဒဏ်ရာအပြင်းအထန်ရသွားအောင် မလုပ်နိုင်ခဲ့ပေ။ သူသည် ပါးစပ်ထဲမှ သွေးတစ်ပွက်သာ အန်ထွက်လာ၏။ သို့သော် ထိုအချိန်တွင် နဂါးနက်တပ်ရင်းမှာ ပြန်လည် ပေးဆပ်လိုက်ရတော့သည်။
တတိယမြောက် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူမှာ နောက်သို့ အဆက်မပြတ် ဆုတ်ခွာသွားနေပါသော်လည်း မြူခိုးများအဖြစ် ပြောင်းလဲသွားသည့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလိုက်၏။ ထို့နောက် ဝမ်ပေါင်လဲ့ ပြန်လည်ထွက်ပေါ်လာသောအခါ ထို ကျင့်ကြံသူ၏ နာကြည်းဖွယ်ရာ အော်ဟစ်မြည်တမ်းသံကြီးမှာ စစ်မြေပြင်ကြီး တစ်ခုလုံးထဲ၌ ပဲ့တင်ထပ်သွားတော့သည်။
ထိုအချိန်တွင် ဘေးပတ်ပတ်လည်ရှိ စစ်သင်္ဘောကြီးများ ထုတ်လွှတ်လိုက်သော တိုက်ကွက်များမှာ သူ့ဆီသို့ ရောက်ရှိလာကြ၏။ အလင်းတန်းကြီးများ တစ်ခုပြီးတစ်ခု သူ၏ ပတ်ပတ်လည်၌ ပေါက်ကွဲနေကြစဉ်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ လက်ကိုဝှေ့ယမ်းလိုက်၏။ ထိုအခါ စစ်သင်္ဘော အစင်းရေ ဒါဇင်ပေါင်းများစွာ ထပ်၍ထွက်ပေါ်လာကာ အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားကြပြီး ပေါက်ကွဲသွားကြပြန်သည်။ ထို့ကြောင့် စနစ်တကျ ပြန်လည်စုဝေးထားကြသည့် နဂါးနက်တပ်ရင်းမှာ နောက်ထပ်တစ်ကြိမ် ထပ်၍ ဖရိုဖရဲ ဖြစ်သွားရပြန်သည်။
နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ပို၍ပင် အားစိုက်ကာ ရုန်းကန်လိုက်၏။ သူမ၏ အော်ဟစ်မြည်တမ်းသံများမှာလည်း ပို၍ကျယ်လောင်လာသဖြင့် ရုပ်သေးများမှာလည်း ထပ်၍ ပေါက်ကွဲပျက်စီးသွားကြပြန်သည်။
သို့သော် ရုပ်သေးရုပ် အမြောက်အမြား ပေါက်ကွဲသွားလျှင်တောင် ရုပ်သေးရုပ် အရုပ် ခုနစ်ထောင်ခန့်မှာ အချိန် အတိုင်းအတာတစ်ခုအထိ တောင့်ခံနိုင်စွမ်း ရှိနေမည်သာဖြစ်သည်။ သူမ ချုပ်နှောင်ခံလိုက််ရသည့်အချိန်မှ ဝမ်ပေါင်လဲ့ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်အား သတ်ဖြတ်လိုက်သည့် အချိန်အထိဆိုလျှင် အသက်ရှူကြိမ် ဆယ်ကြိမ်မျှသာ ကုန်ဆုံးသွားသေးသည် မဟုတ်ပါလော။
သို့သော် ထိုမျှလောက်နှင့် ပြီးဆုံးမသွားသေးပေ။ ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများ အေးစက်စွာတောက်ပသွားကာ သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားလိုက်ပြီးနောက် ရှေ့သို့ ထပ်၍ပြေးထွက်လာပြန်သည်။ သူသည် အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများကို အဓိကပစ်မှတ်ထား သတ်ဖြတ်နေပါသော်လည်း အလယ်အလတ်အဆင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများကိုလည်း မကြာခဏဆိုသလို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်သာ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ နဂါးနက်တပ်ရင်းထဲရှိ နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူနှစ်ယောက်ကိုမူ အတတ်နိုင်ဆုံးကြိုးစားကာ ရှောင်တိမ်းခဲ့၏။ သူသည် ခုခံကာကွယ်မှုအပိုင်းနှင့် အမြန်နှုန်းအပိုင်းတွင် အသာစီးရနေသည်ဖြစ်သလို စစ်သင်္ဘောကြီးများကိုလည်း မကြာခဏဆိုသလို ဖောက်ခွဲပစ်နေသည်ဖြစ်ရာ စစ်မြေပြင်ကြီး၏ အခြေအနေအား အချိန်တိုလေးအတွင်း ထိန်းချုပ်နိုင်စွမ်း ရှိသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများအား တစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်ဆိုသလို သတ်ဖြတ်ခဲ့သောကြောင့် နောက်ဆုံးတွင် နဂါးနက်တပ်ရင်းထဲ၌ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ငါးယောက်သာ ကျန်ရစ်ခဲ့တော့သည်။
တစ်ချိန်ထဲမှာပင် စစ်သင်္ဘောကြီးများ၏ ပေါက်ကွဲမှုများကြောင့် နဂါးနက်တပ်ရင်း၏ စစ်သင်္ဘောကြီးများမှာ အထိနာနေရပြီဖြစ်သည်။ မြည်းလေးမှာမူ သူတို့ လုယက်လာခဲ့သည့် ပစ္စည်းများအား သွေးရူးသွေးတန်းနှင့် လိုက်လံစုဆောင်းနေ၏။
ထိုအချင်းအရာများ အားလုံးကြောင့် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ ပို၍ပင် စူးရှကျယ်လောင်စွာ အော်ဟစ်လိုက်တော့သည်။ သူမသည် အချုပ်အနှောင်ကြီးထဲမှ အလျင်အမြန် ရုန်းထွက်နိုင်ရန် သူမ၏ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကိုပင် အသုံးပြုလိုက်၏။ သူမသည် ထိုသို့အသုံးပြုနိုင်ရန် အများကြီး ပေးဆပ်ရမည်ဖြစ်သည့်တိုင်အောင် အခြားရွေးချယ်စရာမရှိတော့ပေ။
အဘယ်ကြောင့်ဆိုသော်… လုံနန်ကျစ်၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ သူမထက် အနည်းငယ်မျှသာ နိမ့်ကျပါသော်လည်း သူ၏လုပ်ရပ်များမှာ ရက်စက်ကြမ်းကြုတ်လွန်းနေသောကြောင့်ပင်။ ပို၍ ကြောက်စရာကောင်းသည့်အချက်မှာ သူသည် သူတို့နှစ်ယောက်၏ ကြားရှိ ကျင့်ကြံခြင်းအဆင့် ခြားနားချက်ကို ဂရုမစိုက်သည့်ပုံပင်။
ထို့အပြင် သူ၏ ချုံခိုတိုက်ခိုက်မှုမှာ အချိန်ကိုက် ဖြစ်နေသောကြောင့် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ ဗျာများနေရပြီ ဖြစ်သည်။ အမှန်တွင် နဂါးနက်တပ်ရင်း၏ လုယက်မှု ခရီးစဉ်မှာ ယခုအကြိမ်တွင် အောင်မြင်ခဲ့သည်ဟု ဆိုနိုင်ပါသော်လည်း သူတို့မှာ အများကြီး ထိခိုက်နစ်နာဆုံးရှုံးခဲ့ရဆဲပင်။ ထို့ကြောင့် သူတို့၏ စစ်သင်္ဘောကြီးများနှင့် ကျင့်ကြံသူများအားလုံးမှာ အပြန်လမ်းတွင် အားအင်ချည့်နဲ့နေခဲ့ကြသည်။
ထို့ကြောင့်လည်း ဝမ်ပေါင်လဲ့မှာ သူတို့၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ အချိန်တိုလေးအတွင်း နဂါးနက်တပ်ရင်း တစ်ခုလုံးနီးပါးကို ဖျက်ဆီးပစ်နိုင်ခဲ့ခြင်းဖြစ်သည်။
” လုံနန်ကျစ်။ ငါ နင့်ကို သတ်မယ် ” နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ အသိစိတ်ပျောက်လုမတတ် ဖြစ်နေရပြီ ဖြစ်သည်။ သူမသည် လျှို့ဝှက်ဆန်းကြယ် ပညာရပ်အား ထုတ်သုံးလိုက်သည်ဖြစ်ရာ သူမ၏ ပတ်ပတ်လည်ရှိ ရုပ်သေးရုပ်အများစုမှာ ပေါက်ကွဲပျက်စီးသွားကြ၏။ ထို့ကြောင့် မျက်စိတစ်မှိတ်အတွင်းတွင် ၎င်းတို့ထဲမှ အရုပ်လေးထောင်ကျော်မှာ တစ်ရုပ်ပြီးတစ်ရုပ် ဆက်တိုက်ဆိုသလို ပေါက်ကွဲသွားကြတော့သည်။ ကျန်ရှိနေသေးသည့် အရုပ်တစ်ထောင်ကျော်မှာလည်း ပေါက်ကွဲသွားတော့မည် ဖြစ်သည်။
နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ သူ မျှော်လင့်ထားသည်ထက် ပို၍လျင်မြန်စွာ လွတ်မြောက်လာတော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ချက်ချင်းဆိုသလိုပင် မျက်စိမျက်နှာပျက်သွားရ၏။ သူသည် ထိုဖြစ်နိုင်ခြေအား ကြိုတင်မှန်းဆထားခဲ့သဖြင့် လိုအပ်သည့်ပြင်ဆင်မှုများ ကြိုတင်ပြုလုပ်ထားပြီးသား ဖြစ်သည့်တိုင်အောင် စိတ်ထဲ၌ သက်ပြင်းချမိသွားဆဲပင်။
” ကြည့်ရတာ ဒီလောက်နဲ့ပဲ ရပ်ရတော့မယ်နဲ့ တူတယ်။ ရှိပါစေတော့လေ။ ဒီနေရာက ထွက်မသွားခင် သူ့အတွက် နောက်ထပ် လက်ဆောင် အကြီးကြီးတစ်ခု ထပ်ပေးခဲ့လိုက်မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပသွားပြီး လှစ်ခနဲ လှုပ်ရှားလိုက်ပြန်သည်။ ယခုအကြိမ်တွင်မူ သူ၏ပစ်မှတ်မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ မဟုတ်တော့ပေ။ သူသည် မြူခိုးများအဖြစ် ပြောင်းလဲသွားလိုက်ပြီးနောက် နဂါးနက်တပ်ရင်း ဖရိုဖရဲဖြစ်နေစဉ် စစ်သင်္ဘောကြီးများဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်ခြင်းဖြစ်၏။
သူသည် ထိုစစ်သင်္ဘောကြီးများအား ဖျက်ဆီးရန် မဟုတ်ဘဲ ၎င်းတို့၏ ထိခိုက်ပျက်စီးမှုများကို ပို၍ ကြီးမားလာအောင်လုပ်ရန် ကြံရွယ်နေ၏။
ပြီးဆုံးသွားခဲ့ပြီဖြစ်သော ပေါက်ကွဲမှုများကြောင့် နဂါးနက်တပ်ရင်းထဲရှိ စစ်သင်္ဘောအများစု၏ ဒဏ်ရာဟောင်းများမှာ ပြန်လည်ပေါ်ပေါက်လာကြပြီ ဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ မြူခိုးများအဖြစ် ပြောင်းလဲသွားကာ ရှေ့သို့ ဦးတည်သွားလိုက်၏။ ထိုအခါ ထို စစ်သင်္ဘောကြီးများမှာ ချက်ချင်းဆိုသလိုပင် တုန်ရီလာကြပြီး အသံမျိုးစုံ ထွက်ပေါ်လာကြတော့သည်။
ထိုအချင်းအရာများမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ ဝမ်ပေါင်လဲ့မှာ ထို ဇီဝစစ်သင်္ဘောကြီးများအား ထိခိုက်ပျက်စီးသွားအောင် လုပ်လိုက်ပြီးနောက် သူ၏ညာဘက်လက်ကိုမြှောက်ကာ သူ၏ သိုလှောင်လက်ကောက်ထဲ၌ ကျန်ရှိနေသေးသည့် စစ်သင်္ဘော အစင်းရေ ရာဂဏန်းအနည်းငယ်ခန့်အား ထုတ်ယူလိုက်သည်။ ထို့နောက် သူသည် ၎င်းတို့အား ဖောက်ခွဲပစ်လိုက်တော့သည်။
ထို့ကြောင့် ထစ်ချုန်းသံများ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး စကြဝဠာကြီးတစ်ခုလုံးမှာ တုန်ရီသွားရ၏။ ထို ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသည့် လေမုန်တိုင်းများပင်လျှင် တစ်ခုနှင့်တစ်ခု ချိတ်ဆက်မိသွားကြပြီ ဖြစ်သည်။ နဂါးနက်တပ်ရင်း၏ ဇီဝစစ်သင်္ဘောကြီးများမှာမူ နဂိုကတည်းက ထိခိုက်ပျက်စီးနေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများဆီမှ ထွက်ပေါ်လာသည့် ပေါက်ကွဲမှုများနှင့် သူ၏ မြူခိုးများ၏ တိုက်စားမှုဒဏ်များကို ရင်ဆိုင်ကြုံတွေ့လိုက်ရသောအခါ ၎င်းတို့မှာ တောင့်ခံနိုင်စွမ်း မရှိတော့ဘဲ ပေါက်ကွဲပျက်စီးသွားကြတော့သည်။