အား…အား…အား
စူးရှသော အော်သံနှင့်အတူ အားဆန်၏ ခြေထောက်တစ်ဘက် ကျိုးသွားကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် အရိုးဖြူဖြူက အရေပြားကို ဖောက်ပြီး ငေါခနဲ ထွက်လာသည်။
ခြေတစ်ဘက်ထောက်၍ ဒူးထောက်ထားရင်း သူ သွေး၊ချွေးတို့နှင့် ရွှဲနစ်နေသည်။
နာကျင်မှုကြောင့် အားဆန် တုန်ယင်နေသည်။ ထို့နောက် နောက်ထပ် ဒဏ်ရာတစ်ခု ဖြစ်ပေါ်လာသည်။
ခွပ်!
ယဲ့ဖန်က အားဆန်၏ နောက်ခြေထောက်တစ်ဘက်ကိုပါ ရိုက်ချိုးလိုက်သဖြင့် သူ့ဒူးနှစ်ဘက်လုံး ဒူးထောက်လျက်သား ဖြစ်သွားသည်။
အသည်းခိုက်မတတ် နာကျင်မှုကြောင့် အားဆန် သတိလစ်မတတ် ဖြစ်နေသည်။
“တောင်းပန်မလား၊ အသေခံမလား”
ယဲ့ဖန်၏ ငရဲမှလာသကဲ့သို့ ခက်ထန်သည့်အသံကြောင့် အားဆန် ကြောက်လန့်ကာ ဖိမ့်ဖိမ့်တုန်လာသည်။
*တောင်းပန်မလား၊ အသေခံမလား*
ထိုစကားမှတစ်ဆင့် ယဲ့ဖန်၏ ရက်စက်သော ချီဓာတ်ကို အားဆန် ခံစားမိသည်။
*သူ ငါ့ကို တကယ် သတ်ရဲတာပဲ*
အားဆန် ရှိသမျှ ဆံပင်မွှေးအားလုံး ထောင်သွားသလို ခံစားလိုက်ရသည်။ ယဲ့ဖန်ရှေ့တွင် သူက လက်တစ်ချောင်းတည်းနှင့် သတ်လိုက်လို့ရသည့် ပုရွတ်ဆိတ်လေးလိုပင်။
“ကျွန် … ကျွန်တော် တောင်းပန်ပါတယ်။ ကျွန်တော် မှားသွားပါတယ်”
အားဆန် အချိန်မဆွဲရဲဘဲ မြေကြီးပေါ် ဒူးထောက်၍ ယဲ့ဖန်ကို ဆက်တိုက် တောင်းပန်နေမိသည်။
သူ့အသံတွင် ကြောက်လန့်နေမှုများ ပါဝင်နေကာ နတ်ဆိုးတစ်ကောင်ကို ဖြောင့်ချက်ပေးနေသလိုပင်။
သူ့စကားကို ကြားပြီးနောက် ယဲ့ဖန်က ခေါင်းတဆတ်ဆတ် ညိတ်ကာ တုတ်ကို နောက်တစ်ခါ ပင့်မလိုက်သည်။
ခွပ်! ခွပ်!
နောက်ထပ် ဆံပင်အဝါရောင်နှင့် ကောင်လေး တစ်ယောက်၏ ခြေထောက်တွေလည်း ကျိုးသွားလေသည်။
စူးခနဲ အော်ဟစ်မိလိုက်ပြီးနောက် ထိုကောင်လေးသည်လည်း အချိန်မဆိုင်းဘဲ ဒူးထောက်ကာ ယဲ့ဖန်ကို ဆက်တိုက် တောင်းပန်နေမိသည်။
ထိုအခါမှသာ ယဲ့ဖန်က တုတ်ကို ပစ်ချပြီး လင်းလန်ဆီသို့ ဖြည်းဖြည်းချင်း လျှောက်သွားသည်။
ဒီကောင်လေးနှစ်ယောက်ကို သူ သနားညှာတာမှု ပေးလိုက်ပြီးသား ဖြစ်သည်။ သူ့ဒေါသနှင့်ဆိုလျင် ဒီစကြဝဠာအတွင်းတွင် သူ့ကို စော်ကားသူမှန်သမျှကို သူ့လက်နှင့် သတ်လေ့ရှိသည်။
သူမထံ လှမ်းလာနေသော ယဲ့ဖန်အား လင်းလန် နဝေတိမ်တောင်နှင့် ကြည့်နေမိသည်။ သူ၏ အပြစ်ကင်းစင်သော မျက်နှာကို ကြည့်ပြီး လင်းလန် တွေဝေသွားရသည်။
ဒီလူနှင့် ခုနက နတ်ဆိုးလို ရက်စက်သည့်သူနှင့် မည်သို့မှ မတူညီပေ။ သူတို့ခြေထောက်တွေကို ရိုက်ချိုးပြီးနောက် ယဲ့ဖန်က ဘာမှ မဖြစ်သလို ပြုမူနေသည်။ သူ့ပုံစံက ရက်စက်ခြင်း၊ မျက်နှာပြောင်တိုက်ခြင်း၊ လွှမ်းမိုးနိုင်ခြင်း အလျင်းမရှိတော့သလိုပင်။
“သွားကြစို့”
ယဲ့ဖန်က ပြောပြီး လင်းလန်ကို ပြုံးပြကာ ကားပေါ်တက်လိုက်သည်။
….
အသစ်ပြန်လည် ပြင်ဆင်ထားခြင်းဖြစ်သော်လည်း အင်ဂျင်စက်က အတော်လေး စုတ်ပြတ်နေပြီဖြစ်သည်။
လင်းလန်၏ အိမ်သို့ ရောက်သောအခါ အင်ဂျင်က မီးခိုးများထွက်ကာ ပျက်စီးသွားလေတော့သည်။
ယဲ့ဖန် ပခုံးတွန့်နေသည်ကို ကြည့်ပြီး လင်းလန်က ယဲ့ဖန်ကို မေးလိုက်သည်။
“ယဲ့ဖန်… ရှင့်ကားကို ကျွန်မဆီ ပြန်ရောင်းပါလား”
*ရောင်းမယ်*
ယဲ့ဖန် ဇဝေဇဝါ ဖြစ်သွားသည်။ ထို့နောက် ပခုံးကို အသာတွန့်ကာ ညစ်တီးညစ်ပတ် အပြုံးမျိုး ပြုံး၍ ပြောလိုက်သည်။
“မနေ့ညက ၁ ဘီလီယံကျော် တန်တဲ့ကိစ္စအတွက် ကျုပ် ပေးတဲ့ လက်ဆောင်လို့ သဘောထားလိုက်ပါ”
ထို့သို့ ပြောပြီး ယဲ့ဖန်က လက်ပြနှုတ်ဆက်ကာ ပြောလိုက်သည်။
“နောက်မှ တွေ့ကြတာပေါ့ အလှလေးရေ”
* မနေ့ညက ၁ ဘီလီယံကျော် တန်တဲ့ကိစ္စအတွက် လက်ဆောင်*
*အရှက်မရှိတဲ့ကောင်စုတ်*
ယဲ့ဖန်၏ ကျောပြင်ကို ကြည့်ရင်း လင်းလန် အံ့ကို တင်းတင်းကြိတ်ကာ သူ့အား မသေမချင်း ထုရိုက်ချင်စိတ် ပေါက်နေလေသည်။ သို့သော် သူမ သူ့ကို အကြွေးပေးစရာ ရှိနေသေးတာကို သူမ ပြန်သတိရလိုက်မိသည်။
ထို့အတွက်ကြောင့် သူမ သူ့ကို လှမ်းခေါ်လိုက်ချင်သော်လည်း ယဲ့ဖန်က ပျောက်ချင်းမလှ ပျောက်သွားခဲ့လေပြီ။
“ပြီးရော … ငါ သူ့ကို နောက်မှပဲ ပေးတော့မယ်”
သူမ သူနှင့် အိပ်ယာပေါ်မှာ နှစ်ကြိမ်တိတိ ဆုံတွေ့ခဲ့သည်ကို သတိရမိပြီး လင်းလန်၏ လှပသော မျက်နှာလေး နီမြန်းသွားသည်။ ထို့နောက် သူမ ဖုန်းထုတ်၍ တစ်စုံတစ်ယောက်ထံသို့ ဖုန်းခေါ်လိုက်သည်။
“ပါမောက္ခလီ … ကျွန်မပါ” ဟု လင်းလန် ပြောလိုက်သည်။
သူမ အသံကို ကြားပြီးနောက် တစ်ဖက်မှ အဘိုးအိုက ပြန်ပြောလာသည်။
“ဥက္ကဋ္ဌလင်း.. ကျွန်တော် ဘာများ ကူညီပေးရမလဲ?”
“ပါမောက္ခလီ… ရှင်က မော်တော်ကား ထုတ်လုပ်တဲ့ပိုင်းမှာ အရေးပါတဲ့လူဆိုတော့ ဖို့ဒ်ကားက ပြန်ပြင်လိုက်တာနဲ့ ပြိုင်ကားတစ်စီးရဲ့ လုပ်ဆောင်နိုင်စွမ်းကို မှီနိုင်သလား ဆိုတာလေး ကျွန်မ သိချင်လို့ပါ”
*ဘာ*
သူမ စကားကြောင့် ပါမောက္ခလီက မယုံနိုင်သလိုမျိုး ခေါင်းခါမိသည်။ ထို့နောက် သူ ပြန်ဖြေလိုက်သည်။
“ဥက္ကဋ္ဌလင်း… ခင်ဗျား ကျွန်တော့်ကို နောက်နေတာလား။ ဖို့ဒ်ကားရဲ့ အင်ဂျင်က Jiangling အင်ဂျင်ဗျ။ အလေးချိန် ၂၇၇၁ မီလီလီတာနဲ့ ပါဝါက ၆၇ ကီလိုဝဒ်ပဲ ရှိတာ။ အလွန်ဆုံး တစ်နာရီကို ၁၁၀ ကီလိုမီတာအထိပဲ သွားနိုင်တာ။ ဒါပေမယ့် ပြိုင်ကားတွေက ၄၀၀၀ကနေ ၆၀၀၀ မီလီလီတာ အထိ လေးပြီးတော့ တစ်နာရီကို ၄၀၀ ကီလိုမီတာ အထိ မောင်းနိုင်တယ်။ ဒီနှစ်မျိုးကို ဘယ်လိုမှ ယှဉ်လို့မရဘူးဗျ”
ထိုလူ၏ စကားကြောင့် လင်းလန် မျက်မှောင်ကြုတ်ကာ ဆက်ပြောလိုက်သည်။
“ပါမောက္ခလီ … တကယ်လို့ ကျွန်မက တစ်ယောက်ယောက်က ဖိုဒ့်ကားရဲ့ အင်ဂျင်ကို ပြန်ပြင်လိုက်ပြီးတော့ ၁စက္ကန့် ၂စက္ကန့်အတွင်းမှာပဲ တစ်နာရီ ၁၀၀ ကီလိုမီတာ ရောက်ပြီးတော့ တစ်နာရီကို ၃၀၀ ကီလိုမီတာထိ ရောက်လာတယ်လို့ ပြောရင် ရှင် ယုံနိုင်မလား?”
ဒုတ်!
လင်းလန် စကားကြောင့် ဖုန်းတစ်ဘက်မှ ကျကွဲသံ တစ်ချို့ ထွက်ပေါ်လာပြီး ပါမောက္ခလီ ထိတ်လန့်သွားသည်။
“မဖြစ်နိုင်ဘူး… ဥက္ကဋ္ဌလင်း… ဒါ လုံးဝ မဖြစ်နိုင်ဘူး။ ဒီလိုမျိုး ဘယ်သူမှ မလုပ်နိုင်ဘူး။ မော်တော်ကား ထုတ်လုပ်ရေးနဲ့ ပြန်လည်ပြင်ဆင်ရေး လုပ်ငန်းတစ်ခုလုံးတောင် မလုပ်နိုင်ဘူး”
ပါမောက္ခလီ၏ အသံက ထေ့ငေါ့ပြောနေဟန် ပေါက်သည်။ သူက လင်းလန် ပေါက်ကရ ပြောနေသည်ဟု ထင်နေလေသည်။
သူ ပြန်ပြောလိုက်သည့်ပုံကြောင့် လင်းလန်က ခါးသီးစွာ ပြုံးလိုက်မိသည်။ အစောပိုင်းတုန်းက သူမလည်း မယုံနိုင်ခဲ့ပါ။ သို့သော် သူမ မျက်စိရှေ့မှာ ဖြစ်သွားမှတော့ သူမ ဘယ်လိုလုပ် မယုံဘဲ နေနိုင်ပါမည်နည်း။
ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် လင်းလန် စကားစလိုက်သည်။
“ပါမောက္ခလီ ကျွန်မအိမ်ကို လာခဲ့ပါလား။ ကျွန်မ ရှင့်ကို အင်ဂျင်စက် ပြပါ့မယ်”
“ကောင်းပါပြီ။ ကျွန်တော် ခဏနေရင် လာခဲ့ပါ့မယ် ဥက္ကဋ္ဌလင်း” ဟု ပါမောက္ခလီက သူမကို ကတိပေး၍ ဖုန်းချလိုက်သည်။
ဆယ်မိနစ်ကြာပြီးနောက် ပါမောက္ခလီတစ်ယောက် လင်းလန်၏ အိမ်သို့ အလျင်အမြန် ရောက်ရှိလာလေသည်။
“ဥက္ကဋ္ဌလင်း”
မီးခိုးရောင်ဆံပင်နှင့် မျက်မှန်တပ်ထားသော လူကြီးတစ်ယောက်က လင်းလန်ကို နှုတ်ဆက်လိုက်ပြီး “ဘယ်လိုအင်ဂျင်မျိုးလဲ” ဟု မေးလိုက်သည်။
လင်းလန်က ပါမောက္ခလီအား ကားဆီသို့ တည့်တည့်မတ်မတ် ခေါ်သွားကာ အကျည်းတန်၍ ပျက်စီးနေသော အင်ဂျင်ကို လက်ညှိုးထိုးပြလိုက်ပြီး “ဒီဟာပဲ”
*ဟင်*
ပျက်စီးနေသော အင်ဂျင်ကို ကြည့်ပြီး ပါမောက္ခလီ စိတ်ရှုပ်ထွေးသွားသည်။ ဒါက ရိုးရိုးကားအင်ဂျင်မှန်း သိသာလှသည်။
“ဒါပြိုင်ကားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းအတိုင်း လုပ်နိုင်တဲ့ အင်ဂျင်ပဲ”
အိမ်ပြန်လာသည့်လမ်းတစ်လျှောက် ဖြစ်ခဲ့သည်များကို တွေးရင်း အိပ်မက်မက်နေတာများလား ဟု လင်းလန် တွေးမိသည်။
*ဘာ*
ပါမောက္ခလီ မှင်တက်သွားပြီနောက် ခေါင်းကိုခါ၍ ပြောလိုက်သည်။
“ဥက္ကဋ္ဌလင်း ဒါ မဖြစ်နိုင်ပါဘူး။ ဒီအင်ဂျင် တည်ဆောက်ပုံက အညံ့စားမျိုးပဲ။ သူ့ရဲ့ပစ္စည်းတွေကတော့ ထူးဆန်းတယ်။ ပြီးတော့ ပြန်ပြင်ထားတဲ့ လိုင်းတွေက…အာ? နေပါဦး?”
ပါမောက္ခလီ ပြန်ပြင်ဆက်ထားသည့် လိုင်းတွေကို ကြည့်ပြီး ကြက်သေ သေသွားရသည်။ ချက်ချင်းပင် ပါမောက္ခလီ ဆောင့်ကြောင့်ထိုင်ချလိုက်ကာ ပြန်ပြင်ဆက်ထားသည့်နေရာများကို အသေအချာ လေ့လာဆန်းစစ်နေသည်။
သူ့မျက်နှာက လေးနက်လာပြီးနောက် တဖြည်းဖြည်း ထိတ်လန့်လာသည်။
“မဖြစ်နိုင်ဘူး! ဒါ တကယ်ပဲ အလုပ်ဖြစ်တာလား? ဒါ အံ့ဩစရာပဲ။ အိုး…ဘုရားရေ.. ဒါ မယုံနိုင်စရာပါပဲလား!”
Chapter (33) အဲ့…ဒါမင်းလား?
မယုံနိုင်စရာပဲ!
ပါမောက္ခလီက ရှုပ်ပွနေသော လိုင်းများကို ငေးစိုက်ကြည့်ရင်း ရေရွတ်လိုက်သည်။
“ဒီပြန်ပြင်ထားတဲ့ နည်းလမ်းက စနစ်မကျပင်မယ့် သေချာ ဂရုတစိုက်ကြည့်မယ်ဆိုရင် တစ်လိုင်းချင်းစီကို အနုစိတ် လုပ်ထားတယ်ဆိုတာကို တွေ့ရလိမ့်မယ်။ တကယ်တော့ ဒီပြန်ပြင်ထားတဲ့ ပုံစံက အများလက်ခံထားတဲ့ထဲက ဖောက်ထွက်ထားတဲ့ပုံစံပဲ။ ဒါ… ဒါ လုံးဝ မယုံနိုင်စရာပဲ”
ပါမောက္ခလီက သူ့နဖူးမှ ချွေးကိုသုတ်ကာ အင်ဂျင်စက်မှ တစ်လိုင်းချင်းစီကို ကြည့်နေသည်။
သူ တဖြည်းဖြည်း ပို၍ပို၍ ထိတ်လန့်လာသည်။ သူ့အမြင်တွင် ဒီပြန်ပြင်ထားသည့် နည်းလမ်းသည် ခေတ်သစ် သိပ္ပံပညာနှင့် နည်းပညာတို့ကိုပါ ကျော်လွန်နေသည်။
ပါမောက္ခလီ၏ အံ့အားသင့်နေသော အမူအရာကို ကြည့်ရင်း လင်းလန် သိချင်စိတ်ဖြင့် မေးလိုက်မိသည်။
“ပါမောက္ခလီ… ဒီ ပြန်ပြင်ထားတဲ့ အင်ဂျင်ကို ဘယ်လိုသဘောရလဲ?”
“ပါရမီရှင်ပဲ”
အချိန်ခဏမျှ လေ့လာပြီးနောက် ပါမောက္ခလီက ချွေးများဖြင့် ရွှဲနစ်နေသော သူ့အဝတ်အစားကို သပ်သပ်ရပ်ရပ် ဖြစ်အောင်လုပ်လိုက်သည်။ထို့နောက် ပင့်သက်ရှိုက်၍ ပါမောက္ခလီက ပြောလိုက်သည်။
“ဥက္ကဋ္ဌလင်း.. ဒီအင်ဂျင်ကို ပြန်ပြင်လိုက်တဲ့ ဆရာကြီးက ဘယ်သူလဲဆိုတကာ ကျုပ်ကို မြန်မြန်ပြောပြပါ၊ ကျုပ် သူ့ကို ဆရာတင်မှ ဖြစ်မယ်။ ဒီဆရာကြီးရဲ့ အသိပညာက ဒီနယ်ပယ်မှာ လုံးဝကို ပထမပဲ”
*ဘာရယ်*
*သူ့ကို ဆရာတင်မယ်*
ပါမောက္ခလီ၏ စကားကို ကြားပြီး လင်းလန် အံ့အားသင့်သွားသည်။ ပါမောက္ခလီသည် ကားထုတ်လုပ်ခြင်းနှင့် အသစ်ပြန်လည် တပ်ဆင်သည့်နယ်ပယ်၌ ဆရာတစ်ဆူ ဖြစ်သည်ကို သူမ အသေအချာသိသည်။
တစ်ကမ္ဘာလုံးမှ ပညာရှင်များက သူ့ဆီက အပတ်တကုပ် သင်ယူချင်နေတာတောင်မှ သူက ယဲ့ဖန်ကို ဆရာတင်ချင်သည်တဲ့လား?
*ဒါ… လုံးဝ မဖြစ်နိုင်ဘူး*
“ပါမောက္ခလီ… တကယ်တော့…”
လင်းလန် ခဏမျှ တုံ့ဆိုင်းနေပြီးနောက် အားတုံ့အားနာနှင့် ပြောလိုက်သည်။
“တကယ်တော့ ဒီအင်ဂျင်ကို ဆရာတစ်ယောက်က ပြင်ထားတာ မဟုတ်ပါဘူး။ ယာဉ်မောင်းလိုင်စင်တောင် မရှိတဲ့ သာမန်လူတစ်ယောက်က ပြင်သွားတာပါ”
*ဘာရယ်*
ပါမောက္ခလီ ကြက်သေ သေသွားသည်။ ဒီလောက် ရင်သက်ရှုမောဖွယ်ကောင်းသည့် အသစ် ပြန်လည်ပြင်ဆင်သည့် နည်းလမ်းကို သာမန်လူတစ်ယောက်က သိနေသည်ဟူသည့် အချက်ကို သူ မယုံနိုင်ဖြစ်နေသည်။
“မဟုတ်ဘူး… မဖြစ်နိုင်ဘူး!”
ပါမောက္ခလီက ခေါင်းခါလိုက်ပြီး လင်းလန်အား လေးနက်စွာ ပြောလိုက်သည်။
“ဥက္ကဋ္ဌလင်း… ဒါကို ပြင်သွားတဲ့သူက သာမန်လူ လုံးဝ မဖြစ်နိုင်ဘူး။ ဒါ ထိပ်တန်းပညာရှင် တစ်ယောက်ပဲ။ သူ့ရဲ့ သိပ္ပံနည်းပညာဆိုင်ရာ အသိပညာက လူသားတွေရဲ့ ဘောင်ကို ကျော်လွန်နေတာပဲ”
ပါမောက္ခလီက လေးစားသည့်အသံဖြင့် ဆက်ပြောလာသည်။
“ဒါ ကျုပ် မြင်ဖူးသမျှထဲမှာ အကောင်းဆုံး အသစ်ပြန်လည်တပ်ဆင်ခြင်း နည်းလမ်းပဲ။ ဒီအင်ဂျင်က ကျုပ်တို့နယ်ပယ်မှာ ထိတ်လန့်အံ့ဩစရာအဖြစ် ပျံ့နှံ့သွားမှာပဲ။ ဒါ ခေတ်တစ်ခေတ် ပြောင်းသွားစေနိုင်တယ်”
….
လင်းလန် လုံးဝ မယုံနိုင်ဘဲ ထိတ်လန့်သွားရသည်။
*နယ်ပယ်တစ်ခုလုံးကို ထိတ်လန့်သွားစေနိုင်တယ်*
*ခေတ်တစ်ခေတ် ပြောင်းသွားမယ်*
*မ…မဖြစ်နိုင်ဘူး*
လင်းလန် ပျက်စီးနေသော အင်ဂျင်စက်ကို ကြည့်ကာ အတွေးနက်နေသည်။ ဒီ အသစ်ပြန်လည်တပ်ဆင်သည့် နည်းလမ်းက ကောင်းမွန်တဲ့ နည်းလမ်းမှန်း သူမ သိသော်လည်း ဒီလောက် ကောင်းလိမ့်မယ်လို့ သူမ မထင်ထားခဲ့ပေ။
“ဥက္ကဋ္ဌလင်း… ဒီအသစ်ပြန်လည်တပ်ဆင်တဲ့ နည်းလမ်းကို မူပိုင်ခွင့် မှတ်ပုံတင်ထားဖို့ ကျုပ် အကြံပေးပါရစေ။ ဒီလိုဆိုရင် ခင်ဗျား နောက်ဆို ဈေးသက်သာတဲ့ အကောင်းစားကားတွေ ထုတ်လာနိုင်မှာ”
ပါမောက္ခလီက လင်းလန်၏ ထိတ်လန့်နေသော အမူအရာကို လျစ်လျူရှုကာ ပညာရှင် ပီသစွာ အကြံပေးလိုက်သည်။
“အကောင်းစား ကားတွေ ဈေးကြီးနေရတဲ့ အကြောင်းရင်းက ထုတ်လုပ်တဲ့စရိတ် များလွန်းလို့ပါ။ ဒါပေမယ့် ဒီနည်းလမ်းနဲ့ဆို ဈေးသက်သာတဲ့ ကုန်ကြမ်းတွေကို သုံးပြီး အခုလက်ရှိ ကားတွေရဲ့ လုပ်ဆောင်နိုင်စွမ်းနဲ့ တူညီတဲ့ ဈေးသက်သာတဲ့ အကောင်းစားကားတွေကို ထုတ်နိုင်ပြီ။ ဒီလိုဆို ကျုပ်တို့ ထုတ်လုပ်တဲ့စရိတ်ကို ၇၀% တောင် လျော့ချနိုင်ပြီ”
ထိုသို့ ပြောရင်း ပါမောက္ခလီ၏ မျက်နှာက နီသထက်နီလာသည်။
“ဈေးသက်သာတဲ့ အကောင်းစားကားတွေက တစ်ကမ္ဘာလုံးမှာ လူကြိုက်များလာမယ်လို့ ကျုပ် အာမခံရဲတယ်။ ကျုပ်တို့ ဈေးကွက်မှာ နာမည်ရလာပြီး မော်တော်ကားထုတ်လုပ်တဲ့ နယ်ပယ်တစ်ခုလုံးကိုတောင် လက်ဝါးကြီးအုပ်နိုင်နေပြီ”
ပါမောက္ခလီသည် စိတ်လှုပ်ရှားမှုကြောင့် ကတုန်ကယင် ဖြစ်လာပြီး လင်းလန်၏ မျက်လုံးလှလှလေးများသည်လည်း တောက်ပလာသည်။
*ဟုတ်တယ်*
*ဒါ လင်းကုမ္ပဏီ ထွန်းတောက်လာမယ့် အခွင့်အရေးပဲ*
“ဟူး… ကျွန်မ ရှင် ပေးတဲ့အကြံကို လက်ခံပါတယ် ဒါပေမယ့် ကျွန်မတို့ အရင်ဆုံး တီထွင်သူရဲ့ သဘောတူညီချက်ကို ရအောင် အရင်လုပ်ရမယ်”
လင်းလန် ခေါင်းညိတ်၍ ပြောလိုက်သည်။ ပျက်စီးနေသော အင်ဂျင်ကို ကြည့်ရင်း သူမမှတ်ဉာဏ်ထဲမှ ယဲ့ဖန်၏ ပုံရိပ်ကို သတိရမိသည်။ သူမအမြင်တွင် ယဲ့ဖန်က ပို၍ ထူးဆန်းလာသည်။
*သူက တစ်စုံတစ်ယောက်ရဲ့ သိချင်စိတ်ကို မြင့်တက်လာအောင် လုပ်ပေးတဲ့ ပဟေဠိလိုပါပဲလား*
*သူက ဘယ်လိုလူစားမျိုးလဲ*
*သူက လူနဲ့ မတူသလိုပဲ*
….
ကျောင်းချိန်ကုန်ပြီးနောက် ယဲ့ဖန် သူ့အိမ်သို့ လမ်းလျှောက်၍ ပြန်လာနေသည်။ သို့သော် သူ ကျောင်းပေါက်ဝမှ ထွက်လာသည်နှင့် ကြည်လင်၍ တက်ကြွရွှင်လန်းနေသော အသံလေးကို ကြားလိုက်ရသည်။
“ဖန်လေး”
*ဟင်*
ထိုအသံကို ကြားလိုက်ပြီးနောက် ယဲ့ဖန် တွေဝေသွားရသည်။ အပြစ်ကင်းစင်သော ထိုမိန်းကလေးတစ်ဦးကသာ သူ့အား ဖန်လေးလို့ ခေါ်လေ့ရှိသည်။
ယဲ့ဖန် ဘေးဘီဝဲယာသို့ လှည့်ကာ လိုက်ရှာမိသည်။ ထိုစဉ် ဝမ်းဆက်ဝတ်စုံ ဝတ်ဆင်ထားသော ကောင်မလေးတစ်ယောက် ခုန်ပေါက်မြူးထူးကာ သူ့ဆီ လှမ်းလာနေသည်ကို တွေ့လိုက်ရသည်။ ထို့နောက် သူမက ယဲ့ဖန်လက်မောင်းကို ကိုင်ကာ တောက်ပစွာ ပြုံး၍ ပြောလိုက်သည်။
“ဖန်လေး… ငါ နင့်ကို လိုက်ရှာနေတာ ကြာလှပြီ။ အခုမှပဲ တွေ့ရတော့တယ်”
ထိုမိန်းမပျိုလေးသည် အနက်ရောင်ဆံနွယ်ရှည်များနှင့် မျက်နှာဝိုင်းဝိုင်းလေး ရှိသည်။
မိန်းမချောလေး!
သူမက လှပလွန်းသည့်အတွက် ယဲ့ဖန် ရင်ခုန်သွားရသည်။ သို့သော် သူမမျက်နှာကို သတိထားလိုက်မိသောအခါ ယဲ့ဖန် တုန်လှုပ်သွားရသည်။
“ဟွမ်…ဟွမ်လေး… ဒါမင်းလား?”
ယဲ့ဖန် ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ဖြစ်သွားရသည်။ ဒီကောင်မလေးသည် သူ၏ တစ်ဦးတည်းသော မိန်းမပျိုလေးနှင့် ဆင်တူလွန်းလှသည်။
သူတို့နှစ်ယောက်သည် တက်သစ်စ ပန်းပွင့်လေးကဲ့သို့ ဖြူစင်၍ ချစ်စရာကောင်းလှသည်။ သူမ ပြုံးနေသည်ကို ကြည့်ရင်း ယဲ့ဖန် လွန်ခဲ့သည့်နှစ်ပေါင်းများစွာကို ပြန်ရောက်သွားသလို ခံစားလိုက်ရသည်။
ထိုစဉ်တုန်းက သူ အားနည်းနေသေးသည်။ ဂြိုဟ်များစွာ၌ အမဲလိုက်သည့် မုဆိုးဖြစ်သည့်သူသည် နတ်ဘုရားအကြီးအကဲတစ်ဦးက စကြဝဠာအတွင်းရှိ နိုင်ငံများစွာကို ဖြတ်၍ သူ့အား လိုက်လံဖမ်းဆီးခဲ့သည်။
နောက်ဆုံး သူ ပြင်းထန်စွာ ဒဏ်ရာရကာ သေလုမြောပါး ဖြစ်ခဲ့ရသည်။ ထိုသို့ သေလုဆဲဆဲ အချိန်တွင် ရိုးသားဖြူစင်သော မိန်းကလေး ရုတ်တရက် ရောက်လာကာ သူ့ဆီ တိုးဝင်လာသော ဓားအား သူမကိုယ်ကို သုံး၍ ဟန့်တားခဲ့သည်။
နတ်ဘုရားအကြီးအကဲ၏ ဓားက သူမကိုယ်ကို ဖောက်ထွင်းသွားသောကြောင့် သူမ အဝတ်အစားတွင် သွေးများဖြင့် ရွှဲရွှဲစိုသွားသည်။
သို့သော် သူမက ထိုဓားအား သူမလက်ဖြင့် မြဲနေအောင် ဆုပ်ကိုင်ထားခဲ့သည်။ ထို့ကြောင့် နတ်ဘုရားအကြီးအကဲ သူ့ဓားအား ပြန်ဆွဲနုတ်လို့မရခဲ့ပေ။ ထိုအခွင့်အရေးကို အသုံးချကာ ယဲ့ဖန် နတ်ဘုရားအကြီးအကဲအား ခေါင်းဖြတ်သတ်လိုက်သည်။
ထိုတိုက်ပွဲ ပြီးသွားပြီးနောက် ယဲ့ဖန် စကြဝဠာအတွင်း နာမည်ကြီးလာသည်။ ထိုဖြူစင်သော ကောင်မလေး သွေးစက်လက်နှင့် သေလုမတတ် ဖြစ်နေသည်ကို ယဲ့ဖန် မှတ်မိနေသေးသည်။
မြေအောက်ကမ္ဘာသို့ သွားနေစဉ်မှာလည်း သူမက တက်သစ်စပန်းပွင့်လေးလို တောက်ပစွာ ပြုံးနေဆဲ ဖြစ်သည်။
“ဟွမ်အာက ရူးမိုက်တယ်။ ဟွမ်အာက တုံးအတယ်။ တကယ်လို့ ကျွန်မသေသွားခဲ့ရင် ကျွန်မအတွက် ဝမ်းနည်းမနေပါနဲ့။”
“ကျွန်မ အသက်ရှင်နေတဲ့အချိန်မှာဆို ကျွန်မက ရှင့်ရဲ့ မိန်းကလေးပဲ။ ကျွန်မ သေသွားတဲ့ အချိန်မှာတော့ ကျွန်မက ရှင့်ရဲ့ စိတ်ဝိညာဉ်ပါ”
“ဖန်လေး… တစ်ချိန်မှာ ရှင် စကြဝဠာရဲ့ ထိပ်ဆုံးကို ရောက်တဲ့အချိန်၊ သက်ရှိအားလုံးကို အထက်စီးကနေ ငုံ့ကြည့်နိုင်တဲ့အချိန် ရောက်လာခဲ့ရင် တစ်ခါတုန်းက ရှင့်ကို သိပ်ချစ်ခဲ့ဖူးတဲ့ ရူးမိုက်တဲ့ မိန်းကလေးတစ်ယောက် ရှိတယ်ဆိုတာ မှတ်မိနေမယ်လို့ ကျွန်မ မျှော်လင့်ပါတယ်။
ထိုအချိန်တုန်းက သူမရဲ့အပြုံးက ချိုမြိန်ပြီး ဖြူစင်လှသည်။ ယဲ့ဖန်ကို ချစ်မိတာက သူမအသက်ထက် ပို၍ တန်ဖိုးရှိသလိုမျိုး ဖော်ပြနေသည်။
သူမအတွက်တော့ သူက အရာအားလုံးပင်။ ယခုအချိန်တွင် သူမ၏ ပြီးပြည့်စုံသော တောက်ပသည့် အပြုံးကို ကြည့်ရင်း ယဲ့ဖန် ပူဆွေးကာ သက်ပြင်းချလိုက်မိသည်။ သင်းကွဲဝံပုလွေတစ်ကောင်က သူချစ်ရသည့်သူကို တွေ့လိုက်ရသကဲ့သို့ တုန်ယင်လာသည်။
“ဟွမ်လေး…ဟွမ်အာ…ဒါ မင်းလား?”