Switch Mode

အခန်း ( ၆၇ )

ငါ့ဘဝကို နားလည်တဲ့ ချန်ရှို့

နတ်မင်းနှစ်ပါးသည် ကောင်းကင်ဘုံခုံရုံး၏ ဌာနတစ်ခုဖြစ်သော ရှန်းဝေခန်းမအတွင်းရှိ ကြယ်တာရာ အိမ်မက်ကိရိယာ ရှေ့တွင် ရပ်နေကြသည်။

တုနတ်ဝိဇ္ဇာဂိုဏ်း၏ တပည့်တစ်ဦးဖြစ်သော လန်လင်းအယ်ထံ ဒုတိယအိပ်မက်ပေးပြီးနောက်…

အိပ်မက်နတ်မင်း၏ စိတ်အာရုံသည် ကြယ်တာရာ အိပ်မက်ကိရိယာအတွင်းမှ ပြန်ထွက်လာသည်။ သူသည် လှံတံရှည်ကြီးတစ်ခုကို ကိုင်ကာ အံကြိတ်လိုက်သည်။

သူ အော်‌ပြောလိုက်၏။
“ သူက ငြင်းတောင်ငြင်းလိုက်သေးတယ်။ သူ အခု ဆေးဖော်နေလို့ မအားဘူးတဲ့။ လဘိုးဘိုး…ကျုပ် အဲဒီကိုဆင်းသွားပြီး အဲ့ကောင်လေးကို ဂုတ်ကဆွဲပြီး ခေါ်လာခဲ့မယ် ”

လဘိုးဘိုးသည် ကြောင်သွားပြီး ချက်ချင်းပင် ရှေ့သို့တိုးကာ သူ့ကိုတားလိုက်သည်။

ထိုနတ်မင်းသည် အမှန်တကယ်သွားခေါ်မည် မဟုတ်ဘဲ ဟန်လုပ်နေခြင်းသာဖြစ်ကြောင်း သူ သိလေသည်။ မည်မျှပင် ဂိုဏ်းသေးလေးဖြစ်စေကာမူ ထိုဂိုဏ်းသည် ရန်ကျောင်းတော်၏ လက်အောက်မှ ဂိုဏ်းတစ်ဂိုဏ်း ဖြစ်၏။ တုနတ်ဝိဇ္ဇာဂိုဏ်းသည် သူတို့ကဲ့သို့ နတ်ပမွှားလေးများကို သူတို့ဂိုဏ်းမှတပည့်ကို ခေါ်သွားခိုင်းဖို့ မဆိုနှင့် အဖက်ပင်လုပ်မည်မဟုတ်ပေ။

သို့သော် လဘိုးဘိုးသည် ကိုယ့်ဘက်မှ လိုချင်သောအရာရှိ၍ အောက်ကျို့ရပေ‌တော့မည်။
“ မလုပ်ပါနဲ့ အိပ်မက်နတ်မင်း … ဒီကိစ္စကို ရေရှည်အတွက်ကြည့်ပြီး သေချာတိုင်ပင်ကြတာပေါ့ ”

လဘိုးဘိုးသည် အိပ်မက်နတ်မင်းကို ခေတ္တမျှ စိတ်ငြိမ်သွားအောင် ဖျောင်းဖျလိုက်ရ၏။ ‌နောက်ဆုံးတွင် အိပ်မက်နတ်မင်းသည် စိတ်ပြေသွားလေ၏။

လဘိုးဘိုးက မေးလိုက်သည်။
“ သူတို့က ဘာပြောလိုက်လဲ ”

အိပ်မက်နတ်မင်းက ပြန်ဖြေလိုက်သည်။
“ သူ့ ဆရာတူညီမလေးကတော့ ယဉ်ကျေးပြီး သိတတ်ပါတယ်။ သူပြောတာကတော့ သူ့အစ်ကိုကြီးက ဆေးဖော်နေလို့ စိတ်ပျံ့လွင့်လို့ မရဘူးတဲ့။ ကျုပ်တို့ သူ့အစ်ကိုကြီးနဲ့ ဘာလို့တွေ့ချင်တာလဲ ဆိုတာလည်း မေးလိုက်သေးတယ်။ တကယ်လို့ အရေးကြီးကိစ္စဆိုရင် သူ့ကို ပြောပြဖို့ပြောတယ် ”

“ အင်း… ”
လဘိုးဘိုးသည် ချက်ချင်းပင် စိတ်ရှုပ်သွားလေသည်။

သူသည် သိက္ခာကျမည်စိုး၍ ထိုအကြောင်းကို မည်သူ့ကိုမှ ပြောပြ၍မရပေ။ အကယ်၍ ထိုအကြောင်းသာ ကျောက်စိမ်းဧကရာဇ်၏ ရွှေနားတော်သို့ ပေါက်ကြားသွားလျှင် သူ့ကို အပြစ်တင်မည်မှာ သေချာသည်။

လဘိုးဘိုးသည် ခေတ္တမျှတွေးတောနေပြီးနောက် မေးလိုက်သည်။
“ အဲ့ ဆရာတူညီမဆိုတဲ့ တစ်ယောက်ကို ထပ်သွားတွေ့ပေးလို့ရမလားခင်ဗျာ… ကျေးဇူးတင်ပါတယ် ”

“ အဲ့လောက် ယဉ်ယဉ်ကျေးကျေး တောင်းဆိုနေဖို့မလိုပါဘူးဗျာ လဘိုးဘိုးကလည်း… ဒါက အသေးအဖွဲကိစ္စလေးပါ ”

အိပ်မက်နတ်မင်းသည် နောက်လှည့်ကာ ကြယ်တာရာ အိပ်မက်ကိရိယာနှင့် မျက်နှာချင်းဆိုင်လိုက်သည်။ သူသည် ခပ်မဲ့မဲ့ပြုံးလိုက်၏။

သူ အိပ်မက်တစ်ခေါက်ပေးရတိုင်း သူ၏ မူလဝိညာဉ်သည် အားအင်များစွာ ကုန်ခမ်းလေ၏။ သူသည် နောက်ထပ် အကြိမ်နည်းနည်းထပ်လုပ်ရလျှင် မူးမေ့သွားပေတော့မည် ဖြစ်သည်။

တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ဆေးဖောင်ဆောင်တစ်ခုအတွင်း၌ လီချန်ရှို့သည် သူ၏ ဆရာတူညီမလေး ပြောပြနေသော အခြေအနေများကို နားထောင်နေပြီး သူမကို ညွှန်ကြားချက် အနည်းငယ်ပေးလိုက်သည်။

မကြာမီ လန်လင်းအယ်သည် တိမ်တစ်အုပ်ကို မြင်လိုက်၍ ကြက်သေသေသွားသည်။
“ အစ်ကိုကြီး… သူတို့ထပ်လာပြန်ပြီ ”

“ သွားလိုက်ပါ ”
လီချန်ရှို့သည် ပြုံး၍ပြောလိုက်ပြီး ခေါင်းညိတ်ပြလိုက်၏။

လန်လင်းအယ်သည် မျက်လုံးမှိတ်၍ လျင်မြန်စွာပင် အိပ်မက်အတွင်းသို့ ဝင်သွားလိုက်သည်။ လီချန်ရှို့သည် ‌ဘေးမှနေ၍ သူမကိုစောင့်ကြည့်နေ၏။

သူမ အိပ်ပျော်သွားပေပြီ။

တာအိုလည်ပတ်မှုများနှင့် အခြားလှုပ်ရှားမှုများ တစ်ခုမှ မရှိတော့ပေ။

လီချန်ရှို့သည် လက်မြှောက်၍ လင်းအယ်၏ လက်မောင်းလေးကို တို့ကြည့်လိုက်ရာ သူမသည် ညင်သာစွာ ညည်းညူလိုက်သည်။ သူမ အိပ်မပျော်တပျော်ရှိနေပုံ ပေါ်၏။

ကောင်းကင်ဘုံခုံရုံးများသည် ကောင်ကင်နှင့် မြေပြင်ရှိ ကိစ္စအရပ်ရပ်ကို ထိန်းချုပ်ရန် ကောင်းကင်တာအိုက တည်ထောင်ပေးခဲ့သော အဖွဲ့အစည်း ဖြစ်သည်။ အိပ်မက်မက်ရန် ကောင်းကင်တာအို၏ ရတနာတစ်ပါးဖြင့် ပြုလုပ်ခဲ့ခြင်း ဖြစ်ရမည်။ ဆန်းကြယ်လေစွ။

လီချန်ရှို့သည် သူ၏ နတ်အာရုံကိုသုံး၍ ချုံတောင်လေးအနှံ့ကို အာရုံခံလိုက်ပြီး နက်နက်နဲနဲတွေးတောနေပေ၏။

ဤကိစ္စ၏ နောက်ကွယ်မှသူသည် လဘိုးဘိုးတစ်ပါးတည်း မဟုတ်လောက်ပေ။

လဘိုးဘိုးသည် အိပ်မက်နတ်မင်းကဲ့သို့ အသုံးချခံတစ်ခု ဖြစ်ရပေမည်။

နတ်မင်းချိတ်ပတ် အပြစ်ဒဏ်သည် မပေါ်ပေါက်သေးပေ။ ကောင်းကင်ဘုံခုံရုံးသည် တည်ထောင်ခါစဖြစ်၍ ကျောက်စိမ်းဧကရာဇ်ပင်လျှင် သတိကြီးကြီးထား၍ နေရသည့်အချိန် ဖြစ်သည်။ ထို့ကြောင့် ကျောက်စိမ်းဧကရာဇ်ခန့်အပ်ထားသော လဘိုးဘိုးသည် သိုသိုသိပ်သိပ်နေတတ်သူသာ ဖြစ်ရမည်။

ဥပမာအားဖြင့် ကျောင်း‌တော်သုံးကျောင်းကို တည်ထောင်သူ တန်ခိုးရှင်များ၏ တိုက်ရိုက်တပည့်များသည် ကောင်းကင်ဘုံခုံရုံများသို့ သွားလျှင် ကျောက်စိမ်းဧကရာဇ်ကို ဆရာဦးလေး ဟောင်ထျန်းဟု ခေါ်ရလေသည်။ ကျောက်စိမ်းဧကရာဇ်သည်လည်း ထိုသူတို့ကို လေးစားသမှုဖြင့် ဆက်ဆံလေသည်။

ရန်ကျောင်းတော်တွင် တပည့်အနည်းငယ်သာရှိ၍ တည်ထောင်သူမှာ အရှင်ထိုက်စန့်လောင်ကျွင်းဖြစ်သည်။

အရှင်ထိုက်စန့်လောင်ကျွင်းသည် ကောင်းကင်ဘုံရှိ တုသိတာနန်းတော်တွင် နေထိုင်နေပြီဖြစ်သည်။ ကျောက်စိမ်းဧကရာဇ်သည် ရန်ကျောင်းတော်ကို အကောက်ကြံဝံ့မည်မဟုတ်သလို အကောက်ကြံရန်ပင် စဉ်းစားဝံ့မည် မဟုတ်ချေ။

ထို့ပြင် ကောင်းကင်ဘုံခုံရုံးသည် လုံခြုံသော ကောင်းကင်ဘုံတစ်ခုအဖြစ်ရှိနေသေးပြီး အနောက်ကျောင်းတော်များ၏ ထိန်းချုပ်မှုကိုမခံရသေးပေ။

ချန်ကျောင်းတော်နှင့် ကျဲကျောင်းတော်သည်လည်း တစ်ဖက်နှင့် တစ်ဖက် အမြင်မကြည်ကျသော်လည်း ထိပ်တိုက်တော့ မတွေ့ကြသေးပေ။

ရန်ကျောင်းတော်သည် တာအိုအမွေဆက်ခံမည့် တပည့်များ သိပ်မရှိသည့်အပြင် ကျဲကျောင်းတော်၊ ချန်ကျောင်းတော်တို့နှင့်လည်း ရန်ငြိုးရန်စမရှိပေ။ ရန်ငြိုးရှိလာရန်လည်း ဖြစ်နိုင်ချေတော့ သိပ်မရှိချေ။

အခြေအနေများကို သုံးသပ်ကြည့်သောအခါ ရန်ကျောင်းကို ပြဿနာတက်အောင်လုပ်နိုင်သည်မှာ ရန်ကျောင်းတော်သာ ဖြစ်ကြောင်း သိရှိနိုင်လေသည်။

ရန်ကျောင်းတော်မှ ပညာရှင်တစ်ဦးသည် ရန်ကျောင်းတော်တွင် တာအိုအမွေဆက်ခံမည့် တပည့်များနည်းနေသဖြင့် ပိုးကြိုးနီများကို သုံးကာ တပည့်အချင်းချင်း လက်ဆက်စေပြီး မျိုးဆက်သစ်လေးများ မွေးထုတ်ပေးလိုစေခြင်းပေလော။

ထိုအရာသည် လီချန်ရှို့တစ်ယောက် အချစ်ကပ်ပါးပိုးကို သုံးကာ ဝိညာဉ်သားရဲများကို မိတ်လိုက်စေပြီး မျိုးပွားလိုစေခြင်းနှင့် ဆင်တူလေသည်။

ထိုပညာရှင်သည် မည်သူဖြစ်နိုင်သနည်း။

ခွန်းလွန်တောင်တွင် တရားကျင့်ကြံနေသော တုနတ်ဝိဇ္ဇာဂိုဏ်း၏ တည်ထောင်သူ အတုမဲ့တုအယ်ပင်လော။

မဖြစ်နိုင်ပေ…
အရှင်ထိုက်စန့်လောင်ကျွင်းကဲ့သို့ပင် ထိုအမည်ခံတပည့်သည်လည်း သူ၏ ကျင့်ကြံခြင်းကို ဂရုစိုက်လေသည်။ သူသည် ကျော်ကြားမှုလည်းသိပ်မရှိသလို အဆင်မပြေဖြစ်သွားလျှင် ပြန်ခံရမည့် အကုသိုလ်များကိုလည်း ခံဝံ့မည်မဟုတ်ပေ။

အရှင်ထိုက်စန့်လောင်ကျွင်း၏ တာအိုသင်ခန်းစာများကို ကြားဖူးသူတိုင်း သူ၏ တပည့်အဖြစ် အမည်ခံနိုင်၏။

သေချာတွေးတောပြီးသောအခါ ရန်ကျောင်းတော်၏ တည်ထောင်သူထံတွင် ဤကိစ္စကို လဘိုးဘိုးထံအကူအညီတောင်းနိုင်လောက်အောင် အချိန်၊ အာဏာ၊ စွမ်းအား အလုံအလောက်ရှိသော တိုက်ရိုက်တပည့်တစ်ဦးသာရှိကြောင်း လီချန်ရှို့ တွေးမိသွားသည်။

အရှင်ရွှမ်းဒူပင်…

သူပင်ဖြစ်ရမည်။

သို့သော် ဤအခေါက်တွင် သူ၏ အိပ်မက်အတွင်းသို့ အလည်လာလိုသူမှာ လဘိုးဘိုးဖြစ်နေ၏။ လီချန်ရှို့သည် လွန်ခဲ့သော နှစ်ဝက်ကျော်ခန့်က သူ့ထံတွင် ဖြစ်ပွားခဲ့သော ထူးဆန်းသည့် အခြင်းအရာများကို ပြန်တွေးမိသွားသည်။

ယခုအခြေအနေသည် သူ၏ ထိမ်မြားခြင်းကိစ္စနှင့် ပတ်သက်နိုင်ပေသည်။ အရှင်ရွှမ်းဒူသည် အမှားတစ်ခုလုပ်မိ၍ လဘိုးဘိုးက လိုက်၍ ရှင်းပေးနေရခြင်း ဖြစ်နိုင်၏။

‘ ငါသိသားပဲ… အဲ့လောက်အဆိပ်ပြင်းတဲ့ အဆိပ်မက ဘာအကြောင်းမှမရှိဘဲ ငါ့ကို ဘာလို့စိတ်ဝင်စားရမှာလဲ ’
လီချန်ရှို့ မျက်ခုံးပင့်လိုက်သည်။ သူနားမလည်သေးသည့်အရာများ ရှိနေဆဲပင်။

ယုံချင်ရွှမ်းယာသည် လဘိုးဘိုးကြောင့် သူ့အား စိတ်ဝင်စားနေရခြင်း ဖြစ်နိုင်ကြောင်း သူနားလည်၏။ သို့သော် အဘယ်ကြောင့် ယုံချင်ရွှမ်းယာ၏ ဖူးစာဖက်အဖြစ် သူ့အား ရွေးရသနည်း။
‘ ငါ့ကို အရှင်ရွှမ်းဒူက ပစ်မှတ်ထားနေပြီလား ’

‘ နောက်မှ ပိုပြီး သေချာစုံစမ်းရမယ်… ထိမ်းမြားဖို့ကိစ္စဆိုရင်တော့ ငါ့ဆရာတူညီမလေးကို ဒိုင်းကာအနေနဲ့ သုံးရမှာပဲ… ’
သူ၏ ဆရာ လန်လင်းအယ်ကို တပည့်အဖြစ်လက်ခံခဲ့စဉ်က ထိုကိစ္စကိုလည်း ထည့်စဉ်းစားခဲ့နိုင်၏။
“ ကောင်းကင်တာအိုရဲ့ ကံကြမ္မာက တကယ် မှန်းရခက်တာပဲ ”

“ အာဒိကပ္ပလောကက အရမ်းကျယ်ပြောတော့ ငါတို့က ပိုးကောင်တစ်ကောင် သာသာပါပဲ ”
လီချန်ရှို့သည် သက်ပြင်းသဲ့သဲ့ချလိုက်ပြီး ဤပြဿနာအား မည်သို့ ဖြေရှင်းရမည်ကို ဆက်၍ စဉ်းစားနေလိုက်သည်။

သူသည် လက်နှစ်ဖက်နောက်ပစ်၍ သူ၏ ဆရာတူညီမလေး နိုးလာမည့် အချိန်ကို စောင့်နေလိုက်၏။ တချိန်တည်းမှာပဲ ဘေးပတ်ဝန်းကျင်ရှိ မန္တန်အစီအရင်များကို နှိုးလိုက်သည်။

‘ လဘိုးဘိုး ဂိုဏ်းနဲ့ ထိပ်တိုင်ရင်မဆိုင်ရဲဘဲ ငါ့လို တပည့်ပမွှားလေးဆီလာပြီး ခြိမ်းခြောက်မှာလား ညှိနှိုင်းမှာလားတော့ မသိဘူး။ ဒီကနေ ငါဘာအကျိုးအမြတ်ရနိုင်လဲ… ’

‘ မဟုတ်သေးဘူး… ငါအတင်းအကြပ်လုပ်လို့ မရဘူး ’

‘ ငါ စိတ်ရှိသလို လုပ်ပစ်လို့ရရင် ကောင်းမှာပဲ ’
သူသည် တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်တစ်ဦးဖြစ်သော်လည်း သူ့အကြံနှင့်သူရှိလေသည်။ သူသည် အခြားသူများအပေါ် မှီခိုရန်မလိုပေ။ သူကိုယ်တိုင် အကွက်စရွှေ့ရမှာသာ သူ စိတ်အေးနိုင်ပေမည်။

သို့သော် အကယ်၍ သူသည် လဘိုးဘိုးနှင့် ဆက်ဆံရေးအဆင်ပြေအောင် လုပ်နိုင်လျှင် အနာဂတ်တွင် သူ သာမက သူ့ဆရာနှင့် လင်းအယ်တို့အတွက် ကောင်းကင်ဘုံခုံရုံးသို့ဝင်ရန် ပို၍လွယ်ကူသွားပေမည် ဖြစ်သည်။

လဘိုးဘိုးသည် ထိမ်းမြားမင်္ဂလာကိစ္စများကို တာဝန်ယူရသူဖြစ်၍ ကောင်ကင်ဘုံခုံရုံးများတွင် အဆက်အသွယ်များစွာ ရှိမည်မှာ သေချာ၏။

ဤအကြိမ်တွင် လဘိုးဘိုးနှင့် ရင်းနှီးမှုရယူခြင်းမှ စရပေမည်။ သူ တမင်လိုက်လျောလိုက်ကြောင်း လဘိုးဘိုးထင်သွားအောင် လုပ်၍ သူ့အပေါ် ကျေးဇူးကြွေးတင်အောင် လုပ်ရပေမည်။ တစချိန်တည်းမှာပင် သူ့၏ ဝှက်ဖဲများကိုလည်း လုံခြုံ‌အောင် လျှို့ဝှက်ထားရပေမည်။

ဤကိစ္စကို သူ ဂရုတစိုက် ကိုင်တွယ်ရပေမည်။

ခေတ္တမျှကြာသောအခါ လင်းအယ်တစ်ယောက်ပြန်၍ နိုးလာ၏။

သူမသည် အတန်ကြာတွေးတောပြီးနောက် လဘိုးဘိုးနှင့် အိပ်မက်နတ်မင်းတို့ လီချန်ရှို့ကို ပြောခိုင်းလိုက်သည့်အရာများကို ပြန်ပြောပြလိုက်သည်။
“ လဘိုးဘိုးကပြောတယ်။ သူ ရွှံ့ရုပ်တွေကို ရေတွက်နေရင်း အစ်ကိုကြီးရဲ့ အရုပ်ကိုသွားထိမိလို့ နည်းနည်းပျက်ဆီးသွားတယ်တဲ့။ လဘိုးဘိုးက အဲဒါအတွက် စိတ်မသက်မသာခံစားနေရလို့ အစ်ကိုကြီးနဲ့တွေ့ပြီး အဲ့အကြောင်းဆွေးနွေးချင်တာပါတဲ့။ ပြီးတော့ အစ်ကိုကြီးမှာ တစ်ခုခုများ ဖြစ်သွားသေးလားဆိုတာ သိချင်လို့တဲ့ ”

လီချန်ရှို့သည် လဘိုးဘိုးတစ်ယောက် သူ့ကိုရှာရခြင်းမှာ ကမ္မနှောင်ကြိုးမတွယ်လို၍ ဖြစ်ကြောင်း ရုတ်ချည်းသဘောပေါက်သွား၏။

ထိုသို့ဆိုလျှင် လွယ်ပေသည်။

လင်းအယ်သည် စိတ်လှုပ်ရှားစွာဖြင့် ခပ်တိုးတိုးပြောလိုက်၏။
“ အစ်ကိုကြီး… အဆင်ပြေရဲ့လား။ တကယ်လို့ ရွှံ့ရုပ်ပျက်ဆီးသွားတာဆိုရင် နောက်ကျရင် အစ်ကိုကြီး လက်ထပ်လို့မရတော့ဘူးလား ”

“ အစ်ကိုလည်း မသိဘူးလေ ”
လီချန်ရှို့‌ ခေါင်းယမ်း၍ ပြန်ပြောလိုက်သည်။
“ ကောင်းပြီလေ… အစ်ကို အဲဒီနတ်မင်းနဲ့သွားတွေ့လိုက်ပါမယ် ”

မည်သို့ပင်ဆိုစေကာမူ လဘိုးဘိုးသည် သူ့ကို တလေးတစား လာတွေ့ခဲ့ခြင်းဖြစ်၏။

သူသည် မိမိကိုယ်မိမိ တုနတ်ဝိဇ္ဇာဂိုဏ်းမှ တပည့်ငယ်လေးတစ်ယောက်သာဖြစ်ကြောင်း သတိပေး၍ အောက်ကျို့ဆက်ဆံပေးရန်လိုလေသည်။
“ ညီမလေး… အစ်ကို့ကို ကာကွယ်ပေးနေ ”

“ ဟုတ်ကဲ့ပါ ”
လန်လင်းအယ်သည် တုန်ရီနေသောလေသံဖြင့် ပြန်ဖြေလိုက်၏။

သူမသည် လှုပ်ကုလားထိုင်မှနေ၍ လှပစွာ ထလိုက်ပြီး လက်ထဲတွင်လည်း ရတနာအနည်းငယ်ကို ကိုင်ထားလေသည်။

လီချန်ရှို့သည် ထိုလှုပ်ကုလားထိုင်တွင် ဝင်ထိုင်လိုက်ပြီး စက္ကူရုပ်နှစ်ရုပ်ကို အသင့်ကိုင်၍ စိတ်ကိုလျှော့ချရန် ကြိုးစားလိုက်သည်။

မျှော်မှန်းထားသကဲ့သို့ပင် သူသည် မြူများထူထပ်နေသော အိပ်မက်ကမ္ဘာထဲသို့ ရောက်ရှိသွားလေသည်။

သူ၏ အရှေ့ ‌တောင်ထွတ်တစ်ခုပေါ်တွင် တည်ရှိနေသော နတ်ဗိမာန်ကြီးတစ်ခုရှိ၏။ ထိုဗိမာန်ထဲတွင် မင်္ဂလာဝတ်ရုံကို ဝတ်ဆင်ထားသော ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် သူ့ကိုဦးညွှတ်၍ နေလေသည်။

လီချန်ရှို့သည် တိမ်ပေါ်တွင် လမ်းလျှောက်နေသကဲ့သို့ ခံစားနေရသည်။ လီချန်ရှို့သည် လက်ခနဲ အကြံတစ်ခုရသွားပြီး တိမ်စီးကာ ထိုအဘိုးအိုထံသို့သွားလိုက်ပြီး ပြန်၍ ဦးညွှတ်အရိုအသေပေးလိုက်၏။
“ ကျနော်က တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့် လီချန်ရှို့ပါ။ အရှင်နတ်မင်းကို အရိုအသေပေးပါတယ် ”
လဘိုးဘိုးသည် ဝမ်းသာအားရ ပြုံးလိုက်သည်။
“ နောက်ဆုံးတော့ ငါ မင်းကိုတွေ့ရပြီပေါ့။ အရိုအသေတွေ ပေးမနေပါနဲ့တော့… ”

“ ဒါက အိပ်မက်ဆိုတော့ မင်းကို ကောင်းကောင်းမွန်မွန် ဧည့်မခံနိုင်ဘူး ဖြစ်နေတယ်။ ထိုင်ပြီးတော့ စကားပြောကြတာပေါ့ ”

လီချန်ရှို့သည် ပြုံး၍ ခေါင်းညိတ်ပြလိုက်သည်။ သူတို့နှစ်ဦးသည် တစ်ဦးကို တစ်ဦး အရိုအသေပေး၍ ထိုင်ခုံတွင် ထိုင်လိုက်ကြသည်။

သူတို့သည် တစ်ဦးကို တစ်ဦးကြည့်ရင်း ပြုံးလိုက်ကြ၏။ သို့သော် သူတို့၏ ခေါင်းထဲတွင်မူ အတွေးများ ပြည့်နှက်နေလေသည်။

လဘိုးဘိုးသည် ဤသူငယ်လေးသည် ပြော၍ဆို၍ကောင်းမည့်ပုံဟု တွေးလိုက်သည်။

သို့သော် လီချန်ရှို့သည် ယင်းလဘိုးဘိုးကား အားနည်းသူတစ်ယောက်ပုံမပေါ်ဟု တွေးမိလိုက်၏။
“ အရှင်နတ်မင်း… ကျေးဇူးပြုပြီး ဘာကိစ္စလည်းဆိုတာ ကျနော့်ကို ပြောပါခင်ဗျာ။ အရှင်နတ်မင်းက အလုပ်များမှန်း ကျနော်သိပါတယ်… ကျနော့်ကြောင့်နဲ့ အချိန်တွေမကုန်စေချင်ပါဘူး… ”

“ အေး …ကောင်းပြီလေ… ”
လဘိုးဘိုးသည် ပြေရမည့်စကားများကို ပြန်စဉ်းစားလိုက်ပြီး လည်ချောင်းရှင်းလိုက်ကာ ပြောလိုက်သည်။
“ လွန်ခဲ့တဲ့ နှစ်နှစ်အတွင်း မင်းရဲ့ခန္ဓာကိုယ် အဆင်ပြေတယ်မလား ”

လီချန်ရှို့ ပြုံး၍ ပြန်ပြောလိုက်သည်။
“ ကျနော် တစ်ချက်တစ်ချက် ယားလာတာပဲရှိတာပါ။ ကိစ္စကြီးမဟုတ်ပါဘူး ”

လဘိုးဘိုးသည် မျက်မှောင်ကြုတ်၍ ခပ်သွက်သွက်မေးလိုက်သည်။
“ အင်း…ဟိုဟာ.. မင်းရဲ့ ယန်ဓာတ်တွေကိုရော စုစည်းနိုင်ရဲ့လား။ မင်းနှလုံးခုန်မြန်ပြီး လိင်စိတ်ကြွလာတာတွေ ဘာတွေ ခံစားရသေးလား ”

“ အဲဒီလိုတော့ မခံစားရပါဘူး ခင်ဗျ ”

“ နပေါဦး… ”
လဘိုးဘိုးသည် လက်ဝှေ့ယမ်းလိုက်ရာ သူ၏လက်အတွင်း၌ အကေးရှားအပင်အိုးလေးပေါ်လာ၏။
“ ဒါက ဝိညာဉ်ရတနာ အကေးရှားပင်ပဲ။ မင်းဘာများခံစားရမလဲလို့ အဲ့အပင်ရဲ့ အကိုင်းနဲ့ မင်းကို တို့ကြည့်မယ် ”

လီချန်ရှို့သည် သဘောတူကြောင်း ခေါင်းညိတ်ပြလိုက်သည်။ သို့သော် ရင်ထဲတွင်မူ သူသည် အခြားအရာများကို တွေးတောနေခြင်းဖြစ်သည်။

ဤအိပ်မက်သည် အမှန်ပင် ထူးခြားဆန်းကြယ်လှ၏။

စဉ်းစားကြည့်သောအခါ အိပ်မက်ခရီးသွားခြင်းအကြောင်းကို မှတ်တမ်းတင်ထားသော စာအုပ်အနည်းကို သူတွေ့ခဲ့ဖူးသလိုပင်။

အကေးရှားကိုင်းလေးတစ်ကိုင်းသည် သူ့ကို တို့ထိရန် ရှေ့သို့တိုးလာရာ သူက အတို့ခံလိုက်သည်။ သူ၏ ခေါင်းထဲတွင်မူ အတွေးများနှင့် ပြည့်နေလေသည်။ သူ၏ အသက်ရှူနှုန်း အတန်ငယ်မြန်သွား၏။

လဘိုးဘိုးသည် ခေတ္တရပ်၍ စိတ်ပူဟန်ဖြင့် မေးလိုက်သည်။
“ မင်း တစ်ခုခုခံစားရလား ”

“ ဟုတ်..ခံစားရပါတယ် ”
လီချန်ရှို့သည် သူ၏ ကိုယ်တွင်းမှ ယန်ဓာတ်များ ကြွတက်လာသည်ကို ခံစားလိုက်ရ၍ စိတ်ထဲတွင် ကြိတ်ပြုံးလိုက်သည်။ သို့သော် သူသည် မျက်မှောင်ကြုတ်ကာ သိပ်၍ မထူးခြားဟန် ဆောင်လိုက်၏။

“ ဒါပေမဲ့ အများကြီးတော့ မခံစားရပါဘူး ”

“ ကောင်းပြီ…ကောင်းပြီ… ”
လဘိုးဘိုးသည် မျက်မှောင်ကြုတ်၍ ခါးသက်သက်ပြုံးကာ ဆက်ပြောလိုက်သည်။
“ နောက်ထပ် အကြိမ်နည်းနည်း ထပ်စမ်းကြည့်ကြတာပေါ့ ”

လီချန်ရှို့တစ်ယောက် ချောင်းဆိုးသွားပြီး ခပ်မြန်မြန်ပင် ငြင်းဆန်လိုက်ရ၏။

သူထပ်၍အတို့ခံရလျှင် အမှန်တကယ် တစ်ခုခုဖြစ်သွားနိုင်လေသည်။
“ မတို့တော့ပါဘူး… အရှင်နတ်မင်း…ကျနော်ပြန်ပြီးပဲ ကျင့်ကြံပါတော့မယ်။ ကျနော့်ဘေးမှာ ညီမလေးရှိနေသေးတယ်။ တစ်ခုခုဖြစ်သွားရင် မသင့်တော်ပါဘူး ”

လဘိုးဘိုး မျက်မှောင်ကြုတ်လိုက်သည်။

လီချန်ရှို့သည် အတန်ငယ် ချီတုံချတုံဖြစ်နေပြီးနောက် ပြုံး၍ စကားဆက်ပြောလိုက်လေ၏။

*****

တစ်နာရီကြာပြီးနောက်…

ကောင်းကင်ဘုံခုံရုံးရှိ ကြယ်တာရာ အိပ်မက်ကိရိယာ၏ ရှေ့ရှိ လဘိုးဘိုး၏ ခန္ဓာကိုယ်သည် လှုပ်ရှား၍ နိုးထလာပေသည်။ သူသည် ဝမ်းနည်းဝမ်းသာဖြစ်ကာ မုတ်ဆတ်မွေးကို သပ်၍ ပြုံးနေ၏။

သူသည် အင်္ကျီလက်ကိုကိုင်၍ကြည့်လိုက်ရာ သိုလှောင်ပမာဏကို နှစ်ဆအထိတိုးပေးနိုင်သော သိုလှောင်ဓမ္မရတနာ လက်စွပ်လေးမရှိတော့ ကြောင်းသိလိုက်ရသည်။ သူသည် စိတ်သက်သာရသွားဟန် သက်ပြင်းချလိုက်သည်။
“ ‌တော်တော် စိတ်ကောင်းရှိတဲ့ လူငယ်လေးပဲ… သူ့မှာ ဂုဏ်သိက္ခာရှိတဲ့ ဂိုဏ်းက တပည့်တစ်ယောက်မှာရှိသင့်တဲ့ အမူအကျင့်ကောင်းတွေ ရှိတယ် ”

သူ့ဘေးရှိ အိပ်မက်နတ်မင်းသည် ချောင်းဆိုးကာ လဲကျမလိုဖြစ်သွားသော်လည်း ကိုယ်ဟန်ပြန်၍ ထိမ်းနိုင်လိုက်သည်။ သူသည် လဘိုးဘိုးကို ပြုံး၍ ကြည့်လိုက်သည်။

သူသည် ယခု အိပ်မက်တွင် မပါဝင်ခဲ့သော်လည်း သူ၏ နတ်တန်ခိုးကိုသုံး၍ ထိုအိပ်မက်ကို ဖန်တီးပေးခဲ့ရခြင်းဖြစ်၏။

သူသည် အဆက်မပြတ် အိပ်မက်ပေးခဲ့ရသည်ဖြစ်ရာ သူ့ မူလဝိညာဉ်၏ စွမ်းအားများသည် ကုန်လုနီးနီးဖြစ်နေပေပြီ။

“ လဘိုးဘိုး… ကိစ္စတွေ အကုန်အဆင်ပြေရဲ့လား ”

“ ကျေးဇူးတင်ပါတယ်… အိပ်မက်နတ်မင်း… ကျေးဇူးတင်ပါတယ် ”
လဘိုးဘိုးသည် အင်္ကျီရင်ဘတ်အတွင်း၌ သိမ်းဆည်းထားသော ယွန်းဘူးလေးတစ်ဘူးကို ထုတ်လိုက်သည်။
“ ဒါက နတ်မင်းအတွက် ကျုပ်ရဲ့ အသေးအမွှား ကျေးဇူးဆပ်တာလေးပါ။ ကျေးဇူးတင်ပါတယ် ”

အိပ်မက်နတ်မင်း၏ မျက်နှာသည် ဖြောင့်မတ်မှုများနှင့် ပြည့်နှက်နေပြီး ထိုလက်ဆောင်ကို ပြတ်ပြတ်သားသား ငြင်းလိုက်လေသည်။
“ အာ… ကျုပ်က လောဘကြီးတဲ့ နတ်မင်းမဟုတ်ပါဘူး ”

“ ကျုပ်ကို အလကား ကူညီပေးလိုက်တာမျိုးကြီးတော့ ကျုပ်မဖြစ်စေချင်ဘူး။ တောင်းပန်ပါတယ်…ဒါလေးကို လက်ခံပေးပါ ”
လဘိုးဘိုးသည် ယဉ်ယဉ်ကျေးကျေး ပြန်ပြောလိုက်သည်။

တစ်ယောက်ကငြင်း၍ တစ်ယောက်ကပေးရင်း နောက်ဆုံးတွင် ယွန်းဘူးလေးသည် အိပ်မက်နတ်မင်း၏ အင်္ကျီလက်အတွင်းသို့ ကျရောက်သွားလေတော့သည်။

ထို့နောက် လဘိုးဘိုးသည် တာအိုအရိုအသေပေးလိုက်ပြီး ရှန်းဝေခန်းမမှ ပြန်ခဲ့လေ၏။

လဘိုးဘိုးကို အပြင်သို့လိုက်ပို့ပေးပြီးနောက် အိပ်မက်နတ်မင်းသည် ခန်းမအတွင်း၌ ထိုင်ကာ စိတ်သက်သာရာရသွားဟန် သက်ပြင်းတစ်ချက်ချလိုက်သည်။

သူသည် လွန်ခဲ့သော နှစ်ဝက်ကထက် ပို၍ ပိန်နေပေပြီ။

လဘိုးဘိုးမှာမူကား စိတ်ခံစားချက်ကောင်းနေကာ ပြုံး၍ ပျံသန်းနေလေသည်။
‘ ချန်ရှို့က တကယ်ကောင်းတဲ့ သူငယ်လေးပဲ.. ’

‘ တုနတ်ဝိဇ္ဇာဂိုဏ်းက လမင်းကြီးနဲ့ ကြယ်တာရာသုံးခုကို ရတာ အံ့ဩစရာ မရှိတော့ပါဘူး။ သူက လူကြီးသူမကို ရိုသေရကောင်းမှန်းသိပြီး အပြုအမူလည်း ယဉ်ကျေးတယ်။ သူက ငါ့လို မထင်မရှား နတ်မင်းလေးအတွက်တောင် စဉ်းစားပေးလိုက်သေးတယ်… ’

‘ လူတော်တော်များများက ငါနဲ့တွေ့ရင် သူတို့ရဲ့ မင်္ဂလာကိစ္စတွေကိုပဲ တောင်းဆိုနေကြတာ… ’

‘ အခု ချန်ရှို့နဲ့ စကားအကြာကြီးပြောခဲ့တာ ဒါပေမဲ့ သူက မင်္ဂလာကိစ္စနဲ့ ပတ်သတ်တဲ့ အကြောင်းတစ်ခုတောင် ထုတ်မပြောဘူး… ’
ထိုအရာသည် လဘိုးဘိုးကို လွန်စွာ သက်တောင့်သက်သာ ရှိစေလေ၏။

လီချန်ရှို့သည် ‘ သဘာဝတရားကြီးက သူ့အလုပ်သူလုပ်ပါစေ ’ ဟု ပညာရှိ ဆန်ဆန်ပြောခဲ့၏။ ထို့ပြင် သူသည် ကောင်းကင်ဘုံခုံရုံးရှိ နတ်စစ်သူကြီးများထက် ပို၍ တော်လေသည်။

မည်သို့ပင်ဖြစ်စေ နောက်ဆုံး၌ ဖူးစာဟူသည် သဘာဝအတိုင်း ဖြစ်ပေါ်လာမည့် ကိစ္စတစ်ခုပင် မဟုတ်ပေလော။

‘ ချန်ရှို့က ငါ့လို အဘိုးကြီး တစ်ယောက်ကို စိတ်သက်သာရာရအောင် အတွေးကောင်းကောင်းနဲ့ ကျမ်းသစ္စာတောင် ဆိုပြလိုက်သေးတယ် ’

သို့ရာတွင် လီချန်ရှို့ဆိုပြသော ကျမ်းသစ္စာသည် အလှမ်းဝေးလွန်းလှပြီး ဤကိစ္စနှင့် သိပ်၍ မပတ်သက်သလို ခံစားခဲ့ရ၏။

သို့သော် သေချာပြန်၍ တွေးတောပြီးသောအခါ ထိုကျမ်းသစ္စာသည် အလွန် ပြီးပြည့်စုံကြောင်း လဘိုးဘိုး ခံစားလိုက်ရသည်။ သူသည် အခြေအနေအရပ်ရပ်၊ အကြောင်းအမျိုးမျိုးကို ထည့်၍ စဉ်းစားခဲ့ခြင်းပင်။

လီချန်ရှို့သည် ‌အနာဂတ်တွင် ထိုရွှံ့ရုပ်ပျက်ဆီးသွားသည့် ကိစ္စကို နှစ်ဖက်လုံး မည်သူကမှ ထုတ်မပြောပါဟု တာအိုကျမ်းသစ္စာဆိုခဲ့ခြင်း ဖြစ်သည်။ လဘိုးဘိုးသည် လီချန်ရှို့၏ မင်္ဂလာကိစ္စတွင် ဝင်မရှုပ်ဘဲ လီချန်ရှို့သည်လည်း ဤအိပ်မက်အကြောင်းကို မည်သူ့ကိုမှမပြောဟု သစ္စာဆိုခဲ့ကြခြင်း ဖြစ်၏။

လဘိုးဘိုးသည် လီချန်ရှို့၏ ရွှံ့ရုပ်ကို သေချာကြည့်ရှုပြီးနောက် ၎င်းရွှံ့ရုပ်ကို ကောင်းကင်တာအို၏ စွမ်းအားများက လွှမ်းခြုံထားကြောင်း သိခဲ့ရ၏။ ထို့ကြောင့် ထိုအရုပ်တွင် ပျက်ဆီးမှု မရှိကြောင်း သူသိ၏။ ထိုအရုပ်မှနေ၍ ပိုးကြိုးနီများ ထပ်ထွက်လာ၍ ၎င်းအလုပ်ကို ၎င်းဆက်လုပ်နိုင်သေးသည်။

လဘိုးဘိုးသည် အတန်ငယ် စိုးရိမ်နေခဲ့ခြင်းသာဖြစ်သည်။

သို့သော် လီချန်ရှို့သည် သူ၏ လဘိုးဘိုးရာထူးအတွက် ထိုမျှ ပူပန်ပေးလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ချေ။ ထိုစကားလုံးများသည် သူ၏ နှလုံးသားကို အမှန်ပင် ဖောက်ထွင်းသွားနိုင်၏။

လဘိုးဘိုးအတွက် ထိုရာထူးရရန် လွယ်ကူခဲ့လေသလော။

သူ့တွင် မည့်သည့်နောက်ခံမှ မရှိသည့်အပြင် သူ၏ ကျင့်ကြံခြင်းအဆင့်သည်လည်း မမြင့်မားပေ။ သူသည် ဤရာထူးကို ကျောက်စိမ်းဧကရာဇ်၏ ချီးမြှင့်မှုကြောင့် ရခဲ့ခြင်းဖြစ်သည်။ သူသည် လောကသုံးပါးရှိ မင်္လာကိစ္စများကို ‌ဆောင်ရွက်ရပြီး ကောင်းကင်ဘုံခုံရုံများနှင့် ကောင်းကင်တာအိုတို့၏ လက်တိုလက်တောင်း ကိစ္စများကိုလည်း လုပ်ပေးရလေသည်။

သူသည် ကောင်းကင်ဘုံခုံရုံးများရှိ ရာထူးကြီးသော နတ်မင်းများကို အပြစ်မပြုမိ ဝံ့ချေ။

သူသည် သူ့ထက် ကျင့်ကြံခြင်းအဆင့်မြင့်သူများကိုလည်း အပြစ်မပြုမိ ဝံ့ပေ။

သူသည် နောက်ခံအင်အားတောင့်တင်းသူများကိုလည်း ရန်မစမိဝံ့ချေ။

သို့သော် မင်္ဂလာခန်းမသည် တာဝန်ယူထိန်းသိမ်းရန် မလွယ်သောနေရာတစ်ခုဖြစ်သည်။ သူ့တွင် တစ်ကိုယ်ကောင်းအကြံများ ဖြစ်ပေါ်ခဲ့လျှင် ခရမ်းရောင်ကောင်းကင်မိုးကြိုးကြောင့် သူ ပြာဖြစ်သွားပေမည်။

“ အရှင်နတ်မင်းရဲ့ဘဝက သိပ်ခက်ခဲကြမ်းတမ်းတာပဲ ”
လဘိုးဘိုးသည် လက်နှစ်ဖက်နောက်ပစ်ကာ အပေါ်သို့မော့ကြည့်လိုက်၏။ သူ၏ မျက်ဝန်းများတွင် ခံစားချက်များနှင့် ပြည့်နှက်နေလေသည်။

နှစ်တစ်သောင်းကျော် သက်တမ်းရှိသော လဘိုးဘိုးသည် သူ၏ ဘဝခက်ခဲကြမ်းတမ်းကြောင်း သူ သိလေသည်။
‘ ချန်ရှို့က ငါ့ဘဝကို နားလည်တာပဲ ’

‘ ဖြစ်နိုင်ရင် အဲ့ တုနတ်ဝိဇ္ဇာဂိုဏ်းက တပည့်ကို ငါ့ရဲ့ ဘဝလက်တွဲဖော် အဖြစ်တောင် လုပ်ပစ်ချင်တယ် ’

‘ အင်း… သူက သူရဲ့ဆရာအကြောင်းကိုလည်း ပြောပြသွားသေးတယ် ’

‘ အခက်အခဲတွေ အများကြီးကို ကျော်ဖြတ်ခဲ့ရတဲ့ တာအိုရသေ့ချီယွမ်က သူ့ကို မကောင်းပြော ဝေဖန်တဲ့ စကားတွေကို ဂရုမစိုက်ခဲ့ဘူး။ အဲဒါအပြင် သူ့ရဲ့ စိတ်တန်ခိုးကို အသုံးချပြီး မြေနတ်ဝိဇ္ဇာတစ်ပါးအထိ ဖြစ်အောင်လုပ်နိုင်ခဲ့တယ်တဲ့ ’

‘ ချန်ရှို့ကို အဲ့အကြောင်းပြောပြတယ်ဆိုတာ ငါ့ရဲ့ ခက်ခဲတဲ့ ဘဝကို ဆက်ကြိုးစားရှင်သန်ဖို့ အားပေးချင်တာပဲ ’

‘ တကယ်လို့ နောက်ပိုင်းကျ တာအိုရသေ့ချီယွမ် ကောင်းကင်ဘုံခုံရုံးကို ဝင်ချင်တယ်ဆိုရင် ငါသူ့ကို ကူညီပေးရမယ် ’

‘ ငါ့မိတ်ဆွေ ချန်ရှို့အတွက် တောင်းပန်တဲ့အနေနဲ့ ပေးလိုက်တဲ့ လက်ဆောင်က နည်းများနေမလား ’
သူသည် လက်ဆောင်များများ ပြင်မသွားသော သူ့ကိုယ်သူ စိတ်တိုနေလေသည်။

တုနတ်ဝိဇ္ဇာဂိုဏ်းရှိ ချုံတောင်လေး၏ ဆေးဖော်ဆောင်အတွင်း၌ လီချန်ရှို့သည် အိပ်မက်မှ ပြန်နှိုးလာပြီး သူ၏ ပတ်ဝန်းကျင်ကို အာရုံခံလိုက်သည်။ သူ၏ ညီမလေးသည် သူနှင့် (၃)ကျန့်အကွာတွင် ရှိနေပြီး သူ့ကို ကျောပေးကာ မျက်နှာများ နီရဲနေကြောင်း ချက်ချင်းပင် သိရှိလိုက်၏။

လီချန်ရှို့သည် သူ၏ တာအိုဝတ်ရုံကို ငုံ့ကြည့်လိုက်သည်။
‘ အမ်… ’

ထိုအရာသည် ရှင်းပြရန်ခက်၏။

သူ၏ အိပ်မက်ထဲတွင် အကေးရှားပင်၏ အကိုင်းနှင့် အတို့ခံခဲ့ရသည်ဖြစ်ရာ သူလည်း မည်သို့မှမတတ်နိုင်ပေ။ သူသည် ကိလေသာများမကုန်စင်သေးသော သာမန် နတ်ဝိဇ္ဇာ‌လေးတစ်ပါးသာ ဖြစ်လေသည်။

လီချန်ရှို့သည် ဖြည်းဖြည်းချင်းထ၍ အဝတ်အစားများကို ခြေရာလက်ရာမကျန်စေရန် ပြင်ဆင်လိုက်သည်။ သူသည် မည်သည့်နေရာမှ ပေါ်လာမှန်းမသိသော လက်စွပ်လေးကို ကောက်၍ သိမ်းကာ ပြုံးလိုက်သည်။
“ ငါနိုးလာပြီပဲ ”

“ အစ်…အစ်ကိုကြီး… ”
လန်လင်းအယ်၏ ပုခုံးများသည် တုန်လှုပ်နေပြီး သူမသည် သူ့ကို လှည့်၍ပင် မကြည့်ရဲပေ။ သူမသည် တုန်ရီလှိုက်ဖိုနေသော လေသံလေးဖြင့် ပြောလိုက်သည်။
“ ညီ…ညီမလေး အရင်ပြန်လိုက်တော့မယ်… ညီမ‌လေး နောက်မှ ပြန်လာခဲ့မယ် ”

သူမသည် စကားဆုံးသည်နှင့် တပြိုင်နက် လှည့်၍ပင်မကြည့်တော့ဘဲ ပျံ၍ပြေးလေတော့သည်။ သူမ၏ ခေါင်းပေါ်မှ အဖြူရောင်အငွေ့များပင် ထွက်ပေါ်နေ၏။ ‌

လီချန်ရှို့သည် လင်းအယ်ထွက်သွားပြီး‌နောက် ပြုံးကာ ဘေးပတ်လည်ရှိ မန္တန်အစီအရင်များကို ပြန်နှိုးလိုက်သည်။ သူသည် စိတ်ထဲတွင် စောဒကတက်လိုက်၏။
‘ တကယ်ပါပဲ … သူက ငါ့ကို အဲ့လောက်လည်း မကြိုက်ပါဘူး… ’

Comment

Leave a Reply

Options

not work with dark mode
Reset