ထို စစ်သင်္ဘောအစင်းရေ တစ်ရာကျော်၏ ပေါက်ကွဲမှုများမှာ နဂါးနက်တပ်ရင်း၏ကြား၌ ပေါ်ပေါက်လာသည့် လေမုန်တိုင်းကြီးတစ်ခု ကဲ့သို့ပင်။ ၎င်းတို့၏ ပြင်းအားမှာ အရပ်မျက်နှာအနှံ့သို့ အဆက်မပြတ် ပျံ့နှံ့သွားနေ၏။ ထို ပေါက်ကွဲမှုနှင့် အနီးဆုံးတွင် ရှိနေကြသော နဂါးနက်တပ်ရင်း စစ်သင်္ဘောကြီးများမှာဆိုလျှင် ရှောင်တိမ်းချိန် မရလိုက်သဖြင့် ၎င်းတို့၏ ကိုယ်ထည်များပေါ်ရှိ ထိခိုက်ပျက်စီးမှုများမှာ ပို၍ပင် ဆိုးရွားလာကြတော့သည်။ ထိုပေါက်ကွဲမှုနှင့် အဝေးကြီးတွင် ရှိနေကြသည့် စစ်သင်္ဘောကြီးများပင်လျှင် ထိုပြင်းအားများကို ခံစားလိုက်ကြရ၏။
ထို့ကြောင့် နဂါးနက်တပ်ရင်း တစ်ခုလုံးမှာ ချက်ချင်းဆိုသလိုပင် ဖရိုဖရဲဖြစ်သွားကြသည်။ စစ်သင်္ဘောကြီးများထဲတွင် စူးရှကျယ်လောင်သော အချက်ပေးခေါင်းလောင်းသံများ ထွက်ပေါ်လာပြီး ကျင့်ကြံသူများအားလုံးမှာ အမူအရာများ ပြောင်းလဲသွားကြတော့သည်။
” ရန်သူတွေ တိုက်ခိုက်နေကြပြီဟေ့ ”
” ဒီနေရာမှာ ချုံခိုတိုက်ခိုက်တဲ့လူတွေ ရှိနေတာပဲ ”
” ဘာတွေ စိတ်ပူနေကြတာလဲကွ။ နံပါတ်သုံး အစီအစဉ်အတိုင်း လုပ်ကြလေ ” နဂါးနက်တပ်ရင်း ကျင့်ကြံသူများ အလန့်တကြားနှင့် အော်ဟစ်မြည်တမ်းနေကြစဉ် ထိုစစ်တပ်ထဲရှိ ဝိညာဉ်ကြားခံနယ်အဆင့် အစွမ်းထက်ကျင့်ကြံသူကြီး၏ စကားသံမှာ လူတိုင်း၏ အသိစိတ်ထဲ၌ ပဲ့တင်ထပ်သွား၏။
သူတို့မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ အစွမ်းအထက်ဆုံး စစ်တပ်ဆယ်ခုထဲတွင် ပါနေကြသည်ဖြစ်ရာ ကိုယ်ပိုင် အစွမ်းအစများကို ပိုင်ဆိုင်ထားရပေမည်။ ဝမ်ပေါင်လဲ့၏ တိုက်ခိုက်မှုကြီးမှာ ချုံခိုတိုက်ခိုက်မှုတစ်ခု ဖြစ်သောကြောင့် သူတို့မှာ ခုခံကာကွယ်ကြရတော့မည် ဖြစ်သည်။ သို့သော် သူတို့မှာ ယခုကဲ့သို့ ရုတ်တရက်ကြီး ပေါ်ပေါက်လာသည့် ပေါက်ကွဲမှုကြီးကြောင့်သာ ဖရိုဖရဲ ဖြစ်သွားကြခြင်းဖြစ်သည်။
သူတို့မှာ ပြန်လည် ထိန်းချုပ်၍ မရနိုင်လောက်အောင် ကစဉ့်ကလျားဖြစ်နေသည့် အနေအထားသို့ ရောက်သွားကြခြင်း မဟုတ်သောကြောင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီး၏ အမိန့်များအောက်တွင် ချက်ချင်းဆိုသလိုပင် စနစ်တကျ ပြန်လည် စုဝေးလိုက်ကြ၏။
တစ်ချိန်ထဲမှာပင် စစ်သင်္ဘောအစင်းရေ တစ်ရာကျော်၏ ပေါက်ကွဲမှုမှာ ပြင်းထန်ပါသော်လည်း နဂါးနက်တပ်ရင်းအား အများကြီး ထိခိုက်ပျက်စီးသွားအောင် မလုပ်နိုင်ခဲ့ပေ။
ထို့ကြောင့် နဂါးနက်တပ်ရင်းမှာ ချက်ချင်းဆိုသလိုပင် စနစ်တကျ အုပ်စုပြန်ဖွဲ့လိုက်ကြပြီး တုံ့ပြန်တိုက်ခိုက်ရန် ပြင်လိုက်တော့သည်။ တစ်ချိန်ထဲမှာပင် ခရမ်းရောင် စစ်သင်္ဘော ဆယ်စင်းကျော်မှာ ၎င်းတို့၏ အငွေ့အသက်များကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ချဉ်းကပ်သွားလိုက်ကြပြီး သူ့အား ဖိနှိပ်ချုပ်တည်းရန် ကြိုးစားလိုက်တော့သည်။
နဂါးနက်တပ်ရင်း၏ အပြင်ဘက်အစွန်ဆုံးတွင် ရှိနေကြသော စစ်သင်္ဘောကြီးများပင်လျှင် အခြား စစ်သင်္ဘောကြီးများနည်းတူ လှုပ်ရှားလိုက်ကြ၏။ ထိုသို့ဖြင့် တစ်အောင့်ခန့်အကြာတွင် ၎င်းတို့မှာ အလင်းတန်းများကို ထုတ်လွှတ်ကာ ဖိနှိပ်ချုပ်တည်းမှု စွမ်းအားများ ကိန်းအောင်းနေသည့် မန္တန်အစီအရင်တစ်ခုအား ဖန်တီးလိုက်ကြတော့သည်။ သူတို့မှာ ထိုနေရာကြီးအား အလုံပိတ်ကာ ချုံခိုတိုက်ခိုက်ခဲ့သည့် ရန်သူအား မထွက်ပြေးနိုင်အောင် တားဆီးရန် ကြိုးစားနေကြခြင်း ဖြစ်၏။
ထို တန်ပြန်တိုက်ကွက်အတွက် လိုအပ်သည့် ပြင်ဆင်မှုများအားလုံးမှာ ချက်ချင်းပင် ပြီးစီးသွားကြ၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့ပင်လျှင် ထိုမြင်ကွင်းကိုကြည့်ကာ အံ့ဩတုန်လှုပ်သွားရသည်။ သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းအား လျှော့တွက်၍ မရကြောင်း သိရှိထားသည်ဖြစ်ရာ အလုံအလောက် ပြင်ဆင်ထားခဲ့၏။ သို့ဖြစ်ရာ သူသည် နဂါးနက်တပ်ရင်း၏ တုံ့ပြန်မှုကြောင့် အံ့အားသင့်သွားရသည့်တိုင်အောင် ကြောက်ရွံ့နေခြင်း မရှိပေ။
နဂါးနက်တပ်ရင်း သူတို့၏ တန်ပြန်တိုက်ကွက်အား ထုတ်လွှတ်လိုက်သည့် အချိန်တွင် ဝမ်ပေါင်လဲ့မှာ သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ မြူခိုးများအဖြစ် ပြောင်းလဲသွားလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သည်။ ယခုအကြိမ်တွင်မူ သူသည် စစ်သင်္ဘော အစင်းရေ နှစ်ရာခန့် ထုတ်လိုက်၏။ ထို စစ်သင်္ဘောကြီးများမှာ ပေါ်ပေါက်လာပြီးနောက် ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားကြပြီး ပေါက်ကွဲသွားကြပြန်သည်။ ထို့ကြောင့် မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သော မီးပင်လယ်ကြီးတစ်စင်းမှာ ထိုနယ်မြေကြီးတစ်ခုလုံးအား နောက်ထပ်တစ်ကြိမ် ထပ်၍ ဖုံးလွှမ်းသွား၏။
ထို ပေါက်ကွဲမှုပြင်းအားများကြောင့် မျက်လုံးဖြင့် မမြင်နိုင်သည့် ဧရာမလက်ကြီးနှစ်ဖက် ပေါ်ပေါက်လာသကဲ့သို့ပင်။ ၎င်းတို့မှာ အားပါပါ ဝှေ့ယမ်းလိုက်ကြသောကြောင့် နဂိုကတည်းက အတိုင်းအတာတစ်ခုအထိ ထိခိုက်ပျက်စီးနေခဲ့ကြသည့် စစ်သင်္ဘောကြီးများမှာ ဆက်လက်တောင့်ခံနိုင်စွမ်း မရှိတော့ပေ။ ထို့ကြောင့် ၎င်းတို့၏ ဒဏ်ရာဟောင်းများမှာ အဆက်မပြတ် ပြန်လည်ပေါ်ပေါက်လာကြပြီး ၎င်းတို့မှာ ပေါက်ကွဲသွားကြတော့သည်။
စစ်သင်္ဘော တစ်စင်းတည်းသာ ထိုသို့ ဖြစ်သွားသည်မဟုတ်ပေ။ ဇီဝစစ်သင်္ဘော ခုနစ်စင်း၊ ရှစ်စင်းခန့်မှာ တစ်စင်းပြီးတစ်စင်း ပေါက်ကွဲပျက်စီးသွားကြခြင်း ဖြစ်၏။ ၎င်းတို့ ပျက်စီးသွားကြသောအခါ အခြား ဇီဝစစ်သင်္ဘောကြီးများမှာလည်း အထိန်းအကွပ် မဲ့သွားကြ၏။ နောက်ဆုံးတွင် ၎င်းတို့မှာ စနစ်တကျ မရှိတော့ဘဲ ဖရိုဖရဲ ဖြစ်ကုန်ကြတော့သည်။
ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများ ပေါက်ကွဲသွားကြသောအခါ ကျင့်ကြံသူများသာ အာကာသကြီးထဲသို့ လွင့်ထွက်သွားကြခြင်းမဟုတ်ဘဲ ကုန်ကြမ်းပစ္စည်းများနှင့် ရင်းမြစ်ပစ္စည်းမျိုးစုံမှာလည်း အရပ်မျက်နှာအနှံ့သို့ လွင့်စင်သွားကြ၏။
ထို ပစ္စည်းများထဲတွင် ကျောက်မျက်ရတနာများ၊ ဆေးပင်များနှင့် သတ္တုများ ပါပေသည်။ ၎င်းတို့ အားလုံးနီးပါးမှာ ဆေးလုံးများနှင့် အဆောင်ပစ္စည်းများ ဖန်တီးသန့်စင်ရာတွင် မရှိမဖြစ်လိုအပ်သော ပစ္စည်းများ ဖြစ်ကြ၏။ သို့ဖြစ်ရာ ယခုအကြိမ်တွင် နဂါးနက်တပ်ရင်းမှာ ပစ္စည်းအမြောက်အမြား လုယက်သိမ်းဆည်းရမိခဲ့သောကြောင့် ထည့်စရာနေရာ မလောက်တော့သဖြင့် ၎င်းတို့အား စစ်သင်္ဘောကြီးများပေါ်တွင်ပါ သယ်ဆောင်လာရခြင်း ဖြစ်ရပေမည်။ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများ ပေါက်ကွဲသွားကြသောအခါ ထိုပစ္စည်းများမှာ အာကာသထဲသို့ လွင့်စင်သွားကြ၏။
ဝမ်ပေါင်လဲ့မှာ ထိုပစ္စည်းများကို မြင်လိုက်ရသောအခါ မျက်လုံးများ ပြူးကျယ်သွား၏။ ထို့နောက် သူသည် ချက်ချင်းဆိုသလိုပင် သူ၏ မြည်းလေးကို ရှေ့သို့လှမ်းပစ်လိုက်ပြီး အသံကုန်အော်ဟစ်လိုက်တော့သည် ” သား။ ဒီပစ္စည်းတွေအကုန်လုံးကို သွားယူခဲ့စမ်း။ ပြီးရင် မစားပစ်နဲ့ဦးနော်။ မင်း အငတ်ကြမ်းနေရင် အိမ်ပြန်ရောက်တာနဲ့ ငါ မင်းကို စားပစ်မယ် ”
ထိုအချင်းအရာများမှာ အသက်ရှူကြိမ် အနည်းငယ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ ခရမ်းရောင် စစ်သင်္ဘောကြီးများမှာ ပေါက်ကွဲမှုများကြောင့် အပြင်းအထန် တုန်ရီနေကြပြီဖြစ်သည်။ ၎င်းတို့ထဲတွင် လိုက်ပါစီးနင်းလာကြသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများအားလုံးမှာလည်း အပြင်ဘက်သို့ ပျံထွက်လာကြပြီး ဝမ်ပေါင်လဲ့အား ဒေါသတကြီးနှင့် စိုက်ကြည့်နေကြ၏။ မြည်းလေးမှာ အပြင်ဘက်၌ ပေါ်ပေါက်လာသောအခါ စစချင်းတွင် မကျေမချမ်း ဖြစ်နေသည့်ပုံ ပေါ်နေပါသော်လည်း ဘေးပတ်ပတ်လည်ရှိ ပစ္စည်းများကို မြင်လိုက်ရသဖြင့် မျက်ဝန်းများ အရောင်တောက်ပသွားပြီး အော်ဟစ်မြည်တမ်းကာ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။
ဝမ်ပေါင်လဲ့မှာလည်း အချိန်ဖြုန်းနေခြင်းမရှိဘဲ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ်များ တောက်ပသွား၏။ သူသည် သူ၏ ဘေးပတ်ပတ်လည်ရှိ လူများအားလုံး ဖရိုဖရဲဖြစ်နေသည့်အချက်ကို အခွင့်ကောင်းယူကာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားလိုက်တော့သည်။ တစ်ချိန်ထဲမှာပင် သူသည် နောက်ထပ် စစ်သင်္ဘော အစင်းရေ တစ်ရာခန့် ထပ်၍ ထုတ်ယူလိုက်ပြီး ၎င်းတို့အား အရပ်မျက်နှာအနှံ့သို့ ဖြန့်ကြက်ကာ ဖောက်ခွဲပစ်လိုက်ပြန်သည်။ သူသည် နဂါးနက်တပ်ရင်းအား အနားယူခွင့်မပေးရန် ဆုံးဖြတ်ထား၏။
” လုံနန်ကျစ်ပဲ ” အရာအားလုံးမှာ ပရမ်းပတာ ဖြစ်နေခဲ့သောကြောင့် ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ သူ့အား ချက်ချင်းမျက်မှန်းတန်းမိခဲ့ကြခြင်း မရှိပေ။ သူ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး သူတို့ဆီသို့ ဦးတည်လာသောအခါမှသာ သူတို့ထဲမှ တစ်ယောက်မှာ သူ့အား သတိထားမိသွား၏။
သူတို့မှာ ဝမ်ပေါင်လဲ့အား မမြင်ဖူးထားကြလျှင်တောင် နဂါးနက်တပ်ရင်းထဲမှ အဖွဲ့ဝင်များ ဖြစ်ကြသည်ဖြစ်ရာ လွန်ခဲ့သည့် လအနည်းငယ်ခန့်တုန်းက သူတို့၏ စစ်တပ် အရှက်ခွဲခံခဲ့ရသည့် အကြောင်းကို သိရှိထားကြပြီးဖြစ်သည်။ နဂါးနက်တပ်ရင်းမှာ ဝမ်ပေါင်လဲ့အား အလိုရှိစာရင်းထဲသို့ ထည့်သွင်းထားသည်ဟု ထုတ်ပြန်ကြေညာခဲ့သည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထိုစစ်တပ်ထဲမှ လူတိုင်းမှာ သူ့အား သတ်ဖြတ်ရန် ဆန္ဒပြင်းပြနေကြသည်သာ ဖြစ်သည်။
သူတို့မှာ လုံနန်ကျစ်အကြောင်း အသေးစိတ်စုံစမ်းထားကြပြီး ဖြစ်၏။ ထို့ကြောင့် ယခုတွင် သူတို့မှာ သူ့ကြောင့် ထိခိုက်ပျက်စီးမှုများနှင့် ကြုံတွေ့လိုက်ရပြီဖြစ်ရာ ချက်ချင်းဆိုသလိုပင် အမျက်ချောင်းချောင်း ထွက်သွားကြပြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားကြတော့သည်။
သူတို့မှာ ဝမ်ပေါင်လဲ့၏ အစွမ်းအစများနှင့် သူ သူတို့၏ ခေါင်းဆောင်ကြီးထံမှ အောင်မြင်စွာ ထွက်ပြေးလွတ်မြောက်နိုင်ခဲ့သည့် အကြောင်းများကို ကြားသိထားကြသည့်တိုင်အောင် လက်ရှိတွင် လူအင်အား အသာစီးရနေကြသည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူတို့မှာ သူ့အား အနည်းငယ်ခန့် အချိန်ဆွဲထားလိုက်မည်ဆိုပါက သူတို့၏ စစ်သင်္ဘောကြီးများမှာ စနစ်တကျ ပြန်လည်စုဝေးနိုင်သွားကြမည်သာ ဖြစ်သည်။ ထိုသို့ စုဝေးပြီးသွားလျှင် သူတို့မှာ စစ်တပ်ကြီးတစ်ခုလုံး၏ စွမ်းအားများကို ထုတ်သုံးနိုင်စွမ်း ရှိသွားမည်ဖြစ်ရာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား အလွယ်တကူ သတ်ဖြတ်ပစ်လိုက်ရုံပင်။
ထိုသို့ဖြင့် နှစ်ဖက်စလုံး ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြသောအခါ ဆူညံသံများမှာ အရပ်မျက်နှာအနှံ့တွင် ပဲ့တင်ထပ်သွားတော့သည်။ ထို အသံများထဲတွင် ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးများ အဆက်မပြတ် ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် ပေါက်ကွဲသံများ ပါသလို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ သေဆုံးမသွားခင် ထွက်ပေါ်လာကြသည့် အော်ဟစ်မြည်တမ်းသံများလည်း ပါပေသည်။
ဝမ်ပေါင်လဲ့၏ စွမ်းအားများကြောင့် နဂါးနက်တပ်ရင်းထဲမှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ အကြီးအကျယ် အံ့ဩတုန်လှုပ်သွားကြရသည်ဟု ဆိုနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ မြူခိုးများအဖြစ် ပြောင်းလဲကာ သူတို့၏ နတ်ဘုရားစွမ်းရည်များကို ခုခံတွန်းလှန်လိုက်၏။ ထို့နောက် သူ၏ ခန္ဓာကိုယ် ပြန်လည်ပေါ်ပေါက်လာချိန်တွင် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ သူ့အား ခေါင်းအစခြေအဆုံး လွှမ်းခြုံထားပြီ ဖြစ်သည်။ ထို့နောက် သူသည် နတ်ဘုရားလက်နက် လက်ကြီးဖြင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ဦးခေါင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်၏။ သူသည် ထို ကျင့်ကြံသူအား ထွက်ပြေးလွတ်မြောက်ခွင့် မပေးဘဲ သူ၏လက်အား အားထည့်၍ ညှစ်လိုက်သောအခါ ထိုကျင့်ကြံသူ၏ ဦးခေါင်းခွံမှာ တစ်စစီ ကြေမွသွားရတော့သည်။
” မင်းတို့က ငါ့ကို ဓားပြတိုက်ရဲတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာ လူတစ်ယောက်အား သတ်ဖြတ်ပစ်လိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သို့သော် သူသည် အခြားသူများ သူ၏ ကျင့်ကြံခြင်းပညာရပ်ကို သတိထားမိသွားမည် စိုးသောကြောင့် အပြင်းအထန်ကြိုးစားကာ နတ်ဆိုးမျက်လုံးပညာရပ်အား ချုပ်တည်းထားခဲ့ရသဖြင့် ရန်သူများ၏ ဝိညာဉ်များကို မစုပ်ယူနိုင်ခဲ့ပေ။ ထို့နောက် သူသည် နောက်သို့ ချာခနဲ လှည့်သွားပြီး နောက်ထပ် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား စစ်သင်္ဘောကြီးတစ်စင်း၏ အရှိန်ဖြင့် ဝင်တိုက်လိုက်၏။
” မင်းတို့က ငါ့ကို အလိုရှိစာရင်းထဲမှာ ထည့်ရဲတယ်ပေါ့ ”
သူ၏ စကားသံကြီး ကောင်းကင်ယံထဲ၌ ပဲ့တင်ထပ်သွားစဉ် သူ ဝင်တိုက်လိုက်သည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီးမှာ ပါးစပ်ထဲမှ သွေးတစ်ပွက် အန်ထွက်လာပြီး သူ၏ ခန္ဓာကိုယ်မှာလည်း ချက်ချင်းဆိုသလိုပင် ပေါက်ကွဲသွားတော့သည်။ ထိုမြင်ကွင်းကြောင့် အခြား ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာ တုန်လှုပ်ချောက်ချားသွားကြပြီး ကြောက်လန့်တကြားနှင့် ထွက်ပြေးဆုတ်ခွာသွားကြ၏။
” မင်းတို့က ထွက်ပြေးရဲတယ်ပေါ့ ”
ဝမ်ပေါင်လဲ့မှာ လူနှစ်ယောက်အား သတ်ဖြတ်နိုင်ရုံနှင့် လူတိုင်းအား အံ့အားသင့်သွားအောင် လုပ်နိုင်ဦးမည် မဟုတ်ကြောင်း မှတ်ယူလိုက်၏။ ထို့ကြောင့် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲ လှုပ်ရှားကာ ထွက်ပြေးသွားသည့် ကျင့်ကြံသူများအား လိုက်လံဖမ်းဆီးရန် ပြင်လိုက်သည်။ ထိုအချိန်တွင် ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးထဲမှ အမျက်ချောင်းချောင်းထွက်နေသည့် အော်ဟစ်သံကြီးတစ်သံ ရုတ်တရက်ဆိုသလို ထွက်ပေါ်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ ထိုအော်သံကြီးအား ရင်းရင်းနှီးနှီး မှတ်မိနေ၏။ ၎င်းမှာ နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ အော်သံ ဖြစ်ပေသည်။ သူသည် သူမ ထိုစစ်တပ်ကြီးနှင့်အတူ လိုက်ပါမလာသည့် အကြောင်းအရင်းကို မသိပါသော်လည်း ယခုတွင်မူ သူမသည် ရောက်ရှိလာပြီဖြစ်သည်။ သူမသည် အလွန်အင်မတန်မှ မြန်ဆန်နေပြီး သူတို့နှစ်ယောက်၏ ပထမဆုံးအကြိမ် ရင်ဆိုင်ကြုံတွေ့မှုကြောင့် သင်ခန်းစာ ရသွားခဲ့သည့် ပုံပင်။ ထို့ကြောင့် ယခုအကြိမ်တွင် သူမသည် အမည်မသိ ပညာရပ်တစ်မျိုးကို ထုတ်လွှတ်လိုက်ပြီးနောက် စစ်မြေပြင်ကြီးထဲသို့ မျက်စိတစ်မှိတ်အတွင်း ရောက်ရှိလာ၏။
သူမ ပေါ်ပေါက်လာသောအခါ သူမ၏ ထာဝရဝိညာဉ်တစ်ပိုင်း ကျင့်ကြံခြင်းအငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး အာကာသကြီးအား ဖိနှိပ်ချုပ်တည်းလိုက်သည်။
” လုံနန်ကျစ် ” သူမသည် ထိုသို့ကြိမ်းဝါးလိုက်ပြီး လျှပ်စီးထက် ပို၍မြန်သော အမြန်နှုန်းမျိုးဖြင့် ဝမ်ပေါင်လဲ့ဆီသို့ ပြေးလာ၏။ သူမသည် ဝမ်ပေါင်လဲ့၏ အနီးသို့ ချက်ချင်းဆိုသလိုပင် ရောက်ရှိလာပြီး သူမ၏ ညာဘက်လက်ကိုမြှောက်ကာ သူ၏ နဖူးအား လက်ဝါးဖြင့် လှမ်းရိုက်လိုက်တော့သည်။
” ဘာလို့ ကိုယ့်အဖေကို ပြန်အော်နေရတာလဲ ” ဝမ်ပေါင်လဲ့မှာ ကြောက်ရွံ့တုန်လှုပ်နေသည့်တိုင်အောင် အမူအရာ ပြောင်းလဲသွားခြင်းမရှိပေ။ သူ ထိုမေးခွန်းအား အသံအကျယ်ကြီးဖြင့် အော်မေးလိုက်သောအခါ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာ ပို၍ပင် ဒေါသထွက်သွားရတော့သည်။ ထို့နောက် သူမသည် သူ၏အနီးသို့ ချက်ချင်းရောက်ရှိလာပြီး သူ့အား ဝင်တိုက်ပစ်လိုက်၏။ ထိုအခါ သူ၏ ချပ်ဝတ်တန်ဆာကြီးမှာ ထိုရိုက်ခတ်မှုအား ခုခံတွန်းလှန်နိုင်ရန် အစွမ်းကုန် ကြိုးစားလိုက်တော့သည်။
တစ်အောင့်ခန့်အကြာတွင် ထစ်ချုန်းသံ အကျယ်ကြီးတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့မှာ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးဖြင့် သူ့ကိုယ်သူ ကာကွယ်ခဲ့သည့်တိုင်အောင် ၎င်းမှာ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးအား မယှဉ်နိုင်ပေ။ ထို့ကြောင့် နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးမှာ ချက်ချင်းဆိုသလိုပင် ကြေမွပျက်စီးသွားရ၏။ သို့သော် ထို ကြေမွပျက်စီးသွားသည့် အပိုင်းအစများမှာ လွင့်ပါးပျောက်ကွယ်သွားခြင်းမရှိဘဲ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
” သူ့ကို ချုပ်နှောင်လိုက်ကြစမ်း ” ဝမ်ပေါင်လဲ့မှာ သွေးတစ်ပွက် အန်ထွက်လာပြီးနောက် အော်ဟစ်အမိန့်ပေးလိုက်၏။ ထိုအခါ ထို အပိုင်းအစများမှာ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်ပေါ်၌ စုဝေးသွားကြပြီး သူမအား ချုပ်နှောင်ထားလိုက်တော့သည်။
ထိုစဉ်တွင် ဝမ်ပေါင်လဲ့မှာ ထို ရိုက်ခတ်မှုကြီးအား တောင့်ခံနိုင်ရန် မြူခိုးများအဖြစ် အကြိမ်ကြိမ် ပြောင်းလဲခဲ့သည့်တိုင်အောင် ဒဏ်ရာအပြင်းအထန် ရသွားခဲ့ဆဲပင်။ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးမှာမူ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၏ အပိုင်းအစများကို လျစ်လျူရှုလိုက်၏။ ထို့နောက် သူမသည် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်ကာ ဝမ်ပေါင်လဲ့အား သတ်ဖြတ်နိုင်ရန် သူ၏ နောက်သို့ ပြေးလိုက်သွားရန် ကြိုးစားလိုက်တော့သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ မျက်ဝန်းများအရောင်လက်သွား၏။ သူသည် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးအား ခုနစ်ကြိမ်တိတိ ချုပ်နှောင်မည့် အစီအစဉ်အား စွန့်လွှတ်လိုက်ပြီး သူမအား တစ်ကြိမ်တည်းသာ ချုပ်နှောင်ရန် ဆုံးဖြတ်လိုက်တော့သည်။
သူသည် ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် သူ၏ညာဘက်လက်ကို မြှောက်ကာ ဝှေ့ယမ်းလိုက်၏။ ထိုအခါ အချုပ်အနှောင်များအဖြစ် အသုံးပြုရန် သူ ဖန်တီးထားခဲ့သည့် ရုပ်သေးရုပ် အရုပ် ခုနစ်ထောင်ခန့်မှာ ချက်ချင်းပင် ပေါ်ပေါက်လာကြသည်။ ထို့နောက် ၎င်းတို့မှာ စက်ဝိုင်းခုနစ်ခုပုံစံဖြင့် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးအား ဝန်းရံသွားကြပြီး သူမအား ချုပ်နှောင်ရန် ပြင်လိုက်ကြတော့သည်။
” ချုပ်နှောင်စေ ”
သူ ထိုသို့အော်ဟစ်လိုက်သောအခါ ထို ရုပ်သေးရုပ်များမှာ စူးရှတောက်ပသော အလင်းရောင်များကို တစ်ပြိုင်နက်တည်း ထုတ်လွှတ်လိုက်ကြ၏။ ထိုအလင်းရောင်များမှာ အလင်းတန်းများအဖြစ် ပြောင်းလဲသွားကြပြီး နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး၏ ခန္ဓာကိုယ်အား ရစ်ပတ်လွှမ်းခြုံသွားကြသည်။ ထိုသို့ဖြင့် ရုပ်သေးရုပ် အရုပ်ခုနစ်ထောင်မှာ အလင်းတန်း ခုနစ်ထောင်ကို ထုတ်လွှတ်ကာ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီးအား ချုပ်နှောင်လိုက်ကြပြီ ဖြစ်သည်။