ထာဝရကြယ် မျက်လုံးထဲရှိ အသိစိတ်ကြီး ပေါက်ကွဲထွက်ပေါ်လာသောအခါ ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွား၏။ သူ၏ နတ်ဘုရားအာရုံမှာ ပျောက်ကွယ်သွားခြင်း မရှိသေးဘဲ ထို အသိစိတ်နှင့် ချိတ်ဆက်နေဆဲဖြစ်သောကြောင့် သူ ထုတ်လွှတ်လိုက်သည့် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒကြီးမှာ လက်တစ်ဖက်အသွင် ပြောင်းလဲသွားကာ နတ်ဆိုးတစ်သောင်းမျက်လုံးထဲမှ တစ်စုံတစ်ခုအား လှမ်းဆွဲနေလိုက်တော့သည်။ ထိုအချိန်တွင် သတင်းအချက်အလက်ပေါင်း မြောက်မြားစွာမှာ ဝမ်ပေါင်လဲ့၏ အသိစိတ်ထဲ၌ ရုတ်ခြည်းဆိုသလို ပေါ်ပေါက်လာ၏။ ထို့ကြောင့် သူသည် တစ်ကိုယ်လုံးတုန်ရီသွားရပြီး ဦးခေါင်းတစ်ခုလုံး ပေါက်ကွဲသွားတော့မည့်အလား ခံစားလိုက်ရတော့သည်။
အကယ်၍ သူ၏နေရာတွင် အခြားတစ်ယောက်ယောက်သာဆိုပါက သေသွားလောက်ပြီဖြစ်သည်။ ကံကောင်းစွာဖြင့် ဝမ်ပေါင်လဲ့၏ ကိုယ်ပွားမှာ တမူထူးခြားနေသောကြောင့် ချက်ချင်းဆိုသလိုပင် မြူခိုးများအဖြစ် ပြောင်းလဲသွားကာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီးနောက် ပြန်လည်စုဝေးသွားကြ၏။ ဝမ်ပေါင်လဲ့မှာ ထိုနည်းလမ်းကိုသုံးကာ ထို အားပြင်းလွန်းလှသော စွမ်းအားကြီးအား မနည်းကြိုးစား၍ တောင့်ခံလိုက်ရသည်။
သူ ထိုစွမ်းအားကြီးအား တောင့်ခံလိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်မှာ ထပ်၍ ပြောင်းလဲသွားပြန်သည်။ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်များထဲမှ သွေးများစီးကျနေသည့်တိုင်အောင် သူ၏မျက်ဝန်းများထဲတွင်မူ မယုံကြည်နိုင်လောက်အောင် ဖြစ်နေသည့် အရိပ်အယောင်များနှင့် ပျော်ရွှင်မှုများ ပေါ်ပေါက်လာတော့သည်။
” ဒါက… ” ဝမ်ပေါင်လဲ့၏ ဝိညာဉ်နှင့် ခန္ဓာကိုယ် နှစ်ခုစလုံးမှာ အပြင်းအထန် တုန်ရီသွားရသည်။ သူသည် သူ၏မှတ်ဉာဏ်များထဲ၌ နတ်ဆိုးမျက်လုံးပညာရပ်၏ အဆက်အား တစ်စိတ်တစ်ပိုင်းခန့် ရှာတွေ့သွားခြင်းဖြစ်၏။
၎င်းတို့မှာ ယွမ်ယင်အဆင့် ပညာရပ်များမဟုတ်ဘဲ ဝိညာဉ်ကြားခံနယ်အဆင့် ပညာရပ်များ ဖြစ်ကြပေသည်။
ပို၍ တိတိကျကျ ဆိုရမည်ဆိုလျှင် သူ၏ အသိစိတ်ထဲသို့ ဝင်ရောက်လာသော ကျင့်ကြံခြင်းပညာရပ်များမှာ နတ်ဆိုးမျက်လုံးပညာရပ် မဟုတ်ဘဲ နတ်မျက်လုံးပညာရပ် ဖြစ်နေ၏။
၎င်းမှာ ပညာရပ်တစ်ခုလုံး မဟုတ်ဘဲ တစ်စိတ်တစ်ပိုင်းမျှသာ ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာ နတ်ဆိုးမျက်လုံးပညာရပ်အား ကျွမ်းကျင်တတ်မြောက်ထားသည်ဖြစ်ရာ ၎င်းမှာ အတုမဟုတ်ဘဲ သူ လိုက်လံရှာဖွေနေသည့် နတ်ဘုရားစွမ်းရည် ပညာရပ်၏ အဆက်ဖြစ်ကြောင်း ချက်ချင်းပင် သိရှိသွားတော့သည်။
သူသည် ထိုပညာရပ်အား တိုက်ရိုက် သင်ယူလေ့လာရန်မှာ မဖြစ်နိုင်ပါသော်လည်း အချိန်အတိုင်းအတာတစ်ခုအထိ ပေးလိုက်ပါက အမှောင်ပညာရပ်အား ဤ နတ်မျက်လုံးပညာရပ်၏ တစ်စိတ်တစ်ပိုင်းဖြင့် ပေါင်းစည်းကာ ၎င်းအား သူ လေ့ကျင့်နိုင်မည့် နတ်ဆိုးမျက်လုံးပညာရပ်အဖြစ်သို့ ပြောင်းလဲပစ်နိုင်မည်သာ ဖြစ်သည်။
ထို လက်ဆောင်ကြီးမှာ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်ဖြစ်ရာ ဝမ်ပေါင်လဲ့ကိုယ်တိုင်ပင်လျှင် အံ့ဩတုန်လှုပ်သွားရ၏။ ထို့နောက် သူ၏မျက်ဝန်းများထဲတွင် စိတ်ဓာတ်တက်ကြွမှု အရိပ်အယောင်များ ပေါ်ပေါက်လာတော့သည်။ သူသည် သူ၏လက်ရှိအခြေအနေကြီးကိုပင် ဂရုစိုက်မနေတော့ဘဲ သူ၏ နတ်ဘုရားအာရုံအား ထပ်၍ထုတ်လွှတ်ကာ သတင်းအချက်အလက်များကို ထပ်၍ ရယူနိုင်ရန် ကြိုးပမ်းလိုက်၏။
သို့သော် ဝမ်ပေါင်လဲ့ မျှော်လင့်ထားသလောက် လွယ်ကူမနေခဲ့ပေ။ သူသည် မည်မျှပင် ကြိုးစားစေကာမူ သတင်းအချက်အလက် အသစ်များကို ရှာဖွေတွေ့ရှိခဲ့ခြင်း မရှိဘဲ ရရှိထားပြီးသား အချက်အလက်များကိုသာ ပြန်၍ ရှာတွေ့ခဲ့၏။
သို့ဖြစ်ရာ သူသည် သတင်းအချက်အလက်အသစ်များ အလိုရှိပါက သူ၏ နတ်ဘုရားအာရုံနှင့် အသိစိတ်ကြီး၏ ကြားရှိ ချိတ်ဆက်မှုအား ပို၍အားကောင်းလာအောင် လုပ်မှရမည့် ပုံပင်။ သို့သော်… ဝမ်ပေါင်လဲ့မှာ ထိုသို့လုပ်ရန် ကြိုးစားကြည့်လိုက်ပါသော်လည်း မအောင်မြင်ခဲ့ပေ။
သူသည် သူ၏ နတ်ဘုရားအာရုံနှင့် ထာဝရကြယ်မျက်လုံး၏ အသိစိတ်၏ ကြားရှိ ချိတ်ဆက်မှုမှာ အားပျော့နေဆဲဖြစ်ကြောင်း အာရုံခံမိနေ၏။ သူသည် ပိုမိုအားကောင်းသော အချိတ်အဆက်များကို ဖန်တီးတည်ဆောက်လိုပါသော်လည်း သူ အလွယ်တကူ ကျော်ဖြတ်နိုင်စွမ်းမရှိသော အတားအဆီးများ ရှိနေသောကြောင့် သတင်းအချက်အလက်များ ထပ်၍ရယူနိုင်ရန် အခက်တွေ့နေရတော့သည်။
ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်မျက်လုံးကြီး ဖြည်းဖြည်းချင်း ပျောက်ကွယ်သွားပြီး ၎င်းထဲရှိ အသိစိတ်ကြီး နောက်ထပ်တစ်ကြိမ် လွင့်ပါးပျောက်ကွယ်သွားသည့်အထိ ထပ်ခါတလဲလဲ ကြိုးစားနေလိုက်၏။ ထာဝရကြယ်ကြီး ပုံမှန်အနေအထားသို့ ပြန်ရောက်သွားသောအခါ ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိလိုက်တော့သည်။ သူသည် မလှုပ်မယှက်ရပ်ကာ အချိန်အတော်အတန်ကြာအောင် စဉ်းစားတွေးတောနေလိုက်ပြီးနောက် သူ၏လက်ထဲမှ မဟာတောင်ထိပ်ဂိုဏ်းတပ်ရင်း၏ အသိအမှတ်ပြု တံဆိပ်ပြားကို ငုံ့ကြည့်လိုက်သည်။ ထိုအခါ သူသည် မျက်ဝန်းများအရောင်လက်သွား၏။ ထို့နောက်သူသည် အခြေအနေတစ်ခုလုံးအား လေ့လာသုံးသပ်လိုက်ပြီးနောက် ခန့်မှန်းကြည့်လိုက်တော့သည်။
” မဟုတ်မှလွဲရော… ဒီ နတ်ဆိုးတစ်သောင်းမျက်လုံးက လူတိုင်းမရနိုင်တဲ့ အမွေအနှစ်တစ်ခုများ ဖြစ်နေမလား။ သူနဲ့ မူလဇစ်မြစ်တူတဲ့ ကျင့်ကြံခြင်းပညာရပ်တွေကို လေ့ကျင့်ထားတဲ့လူတွေပဲ ဒီအမွေအနှစ်ကို ရယူခွင့်ရှိတာဖြစ်မယ် ”
” အဲတာဆိုရင် တခြားသူတွေ ယူခွင့်မရှိပေမဲ့ ငါကတော့ ယူခွင့်ရှိနေတာပေါ့… ငါ့ရဲ့ ခန့်မှန်းချက်သာ မှန်မယ်ဆိုရင် ကိုယ့်ဆီမှာ လုပ်ပိုင်ခွင့် ရှိနေရင်တောင် လိုအပ်တဲ့ သတ်မှတ်ချက်တွေနဲ့ ပြည့်စုံနေမှ အဆင့်အမျိုးမျိုးမှာရှိတဲ့ အမွေအနှစ် အမျိုးမျိုးကို ရယူနိုင်မှာ။ အဲလိုသာဆိုရင် ငါ အခုလောလောဆယ် အမွေအနှစ်နည်းနည်းလေးပဲ ရယူနိုင်တဲ့ အကြောင်းအရင်းက… ငါ့ဆီမှာ လုပ်ပိုင်ခွင့် အလုံအလောက် မရှိသေးလို့ပေါ့ ” ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲရှိ အသိအမှတ်ပြုတံဆိပ်ပြားအား နောက်ထပ်တစ်ကြိမ် ထပ်၍ ငုံ့ကြည့်လိုက်ပြီး အတွေးများထဲတွင် နစ်မျောသွားပြန်သည်။
” အတိအကျ ပြောရမယ်ဆိုရင် ငါနဲ့ ထာဝရကြယ်မျက်လုံးရဲ့ကြားက ချိတ်ဆက်မှုက အပေါ်ယံပဲ ရှိနေသေးတာမလို့ အားပျော့နေသေးတယ်လို့ သတ်မှတ်လို့ရတယ်။ ဒါပေမဲ့ ငါက ပိုပြီးတော့ အားကောင်းတဲ့ အချိတ်အဆက်တစ်ခုကို ဖန်တီးဖို့ ကြိုးစားခဲ့ပေမဲ့ တားဆီးခံခဲ့ရတာ ”
” အဲတာ မဟာတောင်ထိပ်ဂိုဏ်းတပ်ရင်းမှာ လုပ်ပိုင်ခွင့် အလုံအလောက် မရှိလို့များလား ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် ထို အသိအမှတ်ပြု တံဆိပ်ပြားအား သိမ်းဆည်းလိုက်သည်။ သူသည် သူ၏ ယူဆချက်များအား မှန်မမှန် အဖြေထုတ်ရန် လိုအပ်ပေသည်။ သို့သော် ကာလံဒေသံမှာ သင့်တော်မှုမရှိသေးပေ။ လက်ရှိတွင် သူ့အတွက် အရေးအကြီးဆုံးမှာ လူတိုင်းအား အံ့သြသွားစေနိုင်မည့် ကိစ္စရပ်ကြီးတစ်ခုကို လုပ်ပြရန်သာ ဖြစ်သည်။
” နဂါးနက်တပ်ရင်း။ မင်းတို့တွေ နေနှင့်ဦးပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်ဝန်းများအရောင်လက်သွား၏။ ထို့နောက် သူသည် သူ၏ ပတ်ပတ်လည်ရှိ နတ်ဆိုးတစ်သောင်းမျက်လုံး ပညာရပ်၏ အငွေ့အသက်များကို အာရုံခံမိလိုက်သောအခါ ချက်ချင်းဆိုသလိုပင် နောက်သို့ဆုတ်ခွာသွားပြီး ထာဝရကြယ်ကြီး၏ အနီးမှ ထွက်ခွာသွားတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ပုံရိပ်ယောင်ပညာရပ်အား အသုံးပြုကာ သူ၏ပုံပန်းသွင်ပြင်အား ပြောင်းလဲလိုက်ပြီးနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ လွတ်လပ်စွာ သွားလာလှုပ်ရှားနေလိုက်၏။ သူသည် အခွင့်အရေးများကို လိုက်လံရှာဖွေနေရင်း သဲ့ခွန်းကျိအား လှမ်း၍ ဆက်သွယ်ကာ နဂါးနက်တပ်ရင်းအား စောင့်ကြည့်ထားရန် အမိန့်ပေးလိုက်သည်။ ထိုသို့ဖြင့် လဝက်တိတိ ကုန်ဆုံးသွားပြီးနောက် သူသည် သူ ရှာဖွေတွေ့ရှိခဲ့သည့် အချက်အလက်များနှင့် သဲ့ခွန်းကျိဆီမှရရှိသော သတင်းအချက်အလက်များကို ပေါင်စည်းလိုက်သောအခါ နဂါးနက်တပ်ရင်း၏ လှုပ်ရှားမှုများကို သိရှိသွားတော့သည်။
” ငါ့ကို နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးထဲမှာ အလိုရှိစာရင်းထဲ ထည့်ထားပြီးတော့ သူတို့က ရတနာတွေ လိုက်ပြီး ရှာဖွေနေကြတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာ ဥက္ကာပျံတစ်လုံးပေါ်တွင် ထိုင်ရင်း ခပ်လှမ်းလှမ်းရှိ စကြဝဠာကြီးအား လှမ်းကြည့်လိုက်ပြီးနောက် မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ သူသည် ထိုအတောအတွင်းတွင် သတင်းအချက်အလက်များ လိုက်လံစုစည်းခဲ့သောကြောင့် နဂါးနက်တပ်ရင်းမှာ သူ့အား ဓားပြမတိုက်ခင် ပြင်ပအာကာသထဲ၌ ဆုံးရှုံးမှုအမြောက်အမြားနှင့် ကြုံတွေ့ခဲ့ရသည်ဖြစ်ကြောင်း သိရှိခဲ့ရသည်။ ထို့ကြောင့်လည်း သူတို့မှာ ပြန်ရောက်လာကြသည့် အချိန်တွင် အမျက်ချောင်းချောင်းထွက်ကာ စိတ်ဓာတ်များ ကျနေခဲ့ကြခြင်း ဖြစ်သည်။
” ဒါပေမဲ့ အဲတာနဲ့ ငါ့ကို ဓားပြတိုက်စရာ ဘာအကြောင်းမှ မရှိဘူးလေ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးက အေးစက်စက် နှာမှုတ်လိုက်၏။ သူသည် လိုက်လံစုံစမ်းခဲ့ပြီးနောက် နဂါးနက်တပ်ရင်း အိမ်သို့ပြန်ရာ၌ အသုံးပြုသည့် လမ်းကြောင်းကို ရှာဖွေတွေ့ရှိခဲ့သည်။ ယခုတွင် သူသည် ထိုနေရာ၌ ရောက်နေခြင်းဖြစ်၏။ သူသည် နဂါးနက်တပ်ရင်းအား သင်ခန်းစာပေးရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ထိုသို့ဆုံးဖြတ်လိုက်ပြီးနောက် သူ၏ သိုလှောင်အိတ်ထဲမှ ပစ္စည်းများကို အကဲခတ်စစ်ဆေးကြည့်လိုက်၏။ မည်သည့်ပြဿနာမှ မရှိကြောင်း သေချာသွားသောအခါမှသာ သူ၏ ခန္ဓာကိုယ်မှာ မြူခိုးများအဖြစ် ဖြည်းဖြည်းချင်း ပြောင်းလဲသွားပြီး ဥက္ကာပျံကြီးနှင့် တစ်သားတည်း ပေါင်းစည်းသွားသကဲ့သို့ ဖြစ်သွား၏။ ထို့နောက် သူသည် အစအန ရှာမရလောက်အောင် ပျောက်ကွယ်သွားပြီး တိတ်ဆိတ်ငြိမ်သက်စွာ စောင့်ဆိုင်းနေလိုက်တော့သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ထိုသို့စောင့်ဆိုင်းနေစဉ် လဝက်တိတိ ကုန်ဆုံးသွား၏။ ဝမ်ပေါင်လဲ့မှာ စိတ်ရှည်ရှည်ထားနေဆဲပင်။ ထို လဝက်အတွင်းတွင် နဂါးနက်တပ်ရင်း ရောက်မလာခဲ့သည့်တိုင်အောင် သူသည် မလှုပ်မယှက်နှင့် ဆက်လက်စောင့်ဆိုင်းနေခဲ့၏။
ထိုသို့ဖြင့် နောက်ထပ်တစ်လတိတိ ထပ်၍ ကုန်ဆုံးသွားပြီးနောက် စကြဝဠာကြီး၏ အစွန်းမှ အသေးစား တုန်ခါမှုလှိုင်းများ စတင်ပျံလွင့်လာ၏။ ထိုအခါ ဥက္ကာပျံကြီးပေါ်တွင် ရှိနေသည့် မြူခိုးများမှာ ရုတ်တရက်ဆိုသလို အရွယ်အစားသေးငယ်သွားပြီး ၎င်းတို့ထဲတွင် ခပ်ရေးရေးမျှသာ မြင်ရသည့် စူးရှတောက်ပသော မျက်ဝန်းတစ်စုံ ပေါ်ပေါက်လာတော့သည်။
” သူတို့တွေ ရောက်လာပြီလား ” ဝမ်ပေါင်လဲ့တစ်ယောက် စိတ်ထဲတွင် ရေရွတ်လိုက်စဉ်မှာပင် သူနှင့် မလှမ်းမကမ်းတွင် ရှိသော အာကာသကြီးထဲ၌ ဧရာမစစ်သင်္ဘောကြီးများ ရာပေါင်းများစွာဖြင့် ဖွဲ့စည်းထားသည့် စစ်တပ်ကြီးတစ်ခုမှာ သူ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီဖြစ်သည်။
ထို စစ်တပ်၏ စစ်သင်္ဘောကြီးများအားလုံးမှာ မဟာတောင်ထိပ်ဂိုဏ်းတပ်ရင်းထဲရှိ စစ်သင်္ဘောကြီးများထက် အဆပေါင်းများစွာပို၍ အရွယ်အစားကြီးမားကာ ပို၍ ခမ်းနားထည်ဝါကြပေသည်။ ၎င်းတို့အားလုံးမှာ ရေဘဝဲများနှင့် တူနေကြ၏။ ထို စစ်သင်္ဘော တစ်စင်းချင်းစီတိုင်းမှာ ဇီဝစစ်သင်္ဘောကြီးများ ဖြစ်ရာ ၎င်းတို့အား အဝေးမှ ကြည့်လိုက်သည့်လူများမှာ အာကာသထဲ၌ သားရဲအုပ်ကြီးတစ်အုပ်အား တွေ့မြင်လိုက်ရသကဲ့သို့ ခံစားလိုက်ရမည်ကဖြစ်သည်။
၎င်းတို့ထဲတွင် တစ်စင်းလုံး ခရမ်းရောင်သန်းနေသည့် ဇီဝစစ်သင်္ဘော ဆယ်စင်းကျော် ပါနေသေးသည်။ ၎င်းတို့မှာ အခြားစစ်သင်္ဘောကြီးများထက် အရွယ်အစားပို၍ကြီးမားပြီး ၎င်းတို့ ထုတ်လွှတ်နေသည့် ဖိနှိပ်စွမ်းအားများမှာလည်း ပို၍ အားကောင်းပေသည်။ သို့ဖြစ်ရာ ၎င်းတို့မှာ ထိုသားရဲအုပ်ကြီး၏ ခေါင်းဆောင်ကြီးများနှင့် တူနေ၏။
ထို ဇီဝစစ်သင်္ဘောကြီးများမှာ အတော်အသင့် ထိခိုက်ပျက်စီးနေကြပြီး ခက်ခဲကြမ်းတမ်းသော တိုက်ပွဲကြီးတစ်ခုနှင့် ကြုံလာရသည့်ပုံ ပေါ်နေပါသော်လည်း စိတ်လှုပ်ရှားမှု အငွေ့အသက်များကိုလည်း ထုတ်လွှတ်နေကြဆဲပင်။
ထိုဇီဝစစ်သင်္ဘောကြီးများမှာ အလွန်အင်မတန်မှမြန်ဆန်ပြီး ယခုတွင် လမ်းတစ်လျှောက်ရှိ အတားအဆီးများအားလုံးကို ဖယ်ရှားကာ ဝမ်ပေါင်လဲ့ ရှိနေသည့် ဥက္ကာပျံကြီး၏အနီးသို့ တဖြည်းဖြည်းနှင့် ချဥ်းကပ်လာနေကြပြီဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ တစ်လက်မလေးပင် မလှုပ်ဘဲ ထို စစ်သင်္ဘောကြီးများအား အကဲခတ်နေရင်း သူ၏ မျက်ဝန်းများမှာ အထူးတဆန်း ဖြစ်သွားရသည်။ ခရမ်းရောင် စစ်သင်္ဘောကြီးများ ထုတ်လွှတ်နေသည့် အငွေ့အသက်များမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေကြပါသော်လည်း သူသည် အချိန်ပေး၍ ရှာဖွေခဲ့သည့်တိုင်အောင် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး၏ ဓမ္မစစ်သင်္ဘောကြီးကို ရှာမတွေ့ခဲ့သလို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အငွေ့အသက်များကိုလည်း အာရုံခံမိခဲ့ခြင်းမရှိပေ။
ထို့ကြောင့် သူသည် ဇဝေဇဝါဖြစ်သွားရ၏။
” သူက ဒီစစ်တပ်ထဲမှာ ပါမလာတာများလား။ ဒါမှမဟုတ် တခြား စစ်သင်္ဘောတစ်စင်းပေါ်မှာ ပုန်းနေတာများလား။ ဒါပေမဲ့ သူက ငါ့ရဲ့ အစီအစဉ်ကို ဘယ်လိုနည်းနဲ့မှ ကြိုတင်ခန့်မှန်းထားနိုင်မှာ မဟုတ်ပါဘူးဟ… ” ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ်မှာပင် နဂါးနက်တပ်ရင်း၏ စစ်သင်္ဘောကြီးများမှာ သူရှိနေသည့် ဥက္ကာပျံကြီးဆီသို့ ရောက်ရှိလာကြပြီဖြစ်သည်။ သူတို့မှာ ထို ဥက္ကာပျံကြီး ထူးဆန်းနေသည့်အချက်ကို သတိထားမိကြခြင်းမရှိပေ။ စစ်သင်္ဘော အများစုမှာဆိုလျှင် ၎င်း၏ဘေးမှ ကျော်ဖြတ်သွားကြပြီဖြစ်သည်။
နဂါးနက်တပ်ရင်း၏ စစ်သင်္ဘောကြီးများအားလုံး သူ့အား ကျော်ဖြတ်သွားတော့မည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ စဉ်းစားတွေးတောနေရန် အချိန်မရှိတော့ပေ။ သူသည် နောက်ပြန်လှည့်၍ မရတော့သည့် အဆင့်သို့ ရောက်နေပြီမဟုတ်ပါတော့။
” ရှိစေတော့။ သူ ရှိမနေဘူးဆိုရင် ပိုလို့တောင် ကောင်းသေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီနောက် တွေဝေတုံ့ဆိုင်းမနေတော့ပေ။ ထို့နောက် မြူခိုးများ အပြင်းအထန်တုန်ရီသွားပြီး သူရှိနေသည့် ဥက္ကာပျံကြီးမှာ ရုတ်တရက်ဆိုသလို ပေါက်ကွဲသွားတော့သည်။
ထိုအခါ ထစ်ချုန်းသံများမှာ အရပ်မျက်နှာအနှံ့သို့ ချက်ချင်းပင် ပျံ့နှံ့သွားပြီး ကျောက်စကျောက်နများမှာလဲ နဂါးနက်တပ်ရင်းကြားထဲသို့ လွင့်စင်သွားကြ၏။ နဂါးနက်တပ်ရင်း ပြန်လည်တုံ့ပြန်လိုက်သည့် အချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာ မြူခိုးများထဲ၌ ပေါ်ပေါက်လာသည်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ အားပါပါ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ ရုပ်သေးရုပ်များ၏ ထိန်းချုပ်ခြင်းကို ခံထားရပြီး အလိုအလျောက် ပေါက်ကွဲနိုင်စွမ်းရှိသော စစ်သင်္ဘော ရာပေါင်းများစွာမှာ နဂါးနက်တပ်ရင်းထဲ၌ ပေါ်ပေါက်လာတော့သည်။
” ပေါက်ကွဲစေ ” ဝမ်ပေါင်လဲ့ ထိုသို့ အော်ဟစ်လိုက်သောအခါ ထို စစ်သင်္ဘောကြီးများမှာ ပေါက်ကွဲသွားကြပြီး ဘေးပတ်ပတ်လည်ရှိ နဂါးနက်တပ်ရင်း စစ်သင်္ဘောကြီးများအား အရှိန်အဟုန်ဖြင့် ဝင်တိုက်သွားကြတော့သည်။
၎င်းတို့မှာ နဂါးနက်တပ်ရင်း စစ်သင်္ဘောကြီးများအား ဝင်တိုက်လျှင်တိုက် သို့မဟုတ် ၎င်းတို့၏အနီးတွင် ပေါက်ကွဲသွားကြသည်သာ ဖြစ်သည်။ ထို ရာပေါင်းများစွာသော စစ်သင်္ဘောကြီးများ၏ ပေါက်ကွဲမှုကြောင့် နဂါးနက်တပ်ရင်းမှာ အငိုက်မိသွားရ၏။ ထို့ကြောင့် ထိုပေါက်ကွဲမှုများမှာ မိုးကောင်းကင်ကြီးကိုပင် တုန်ရီသွားစေနိုင်သည့် ထစ်ချုန်းသံကြီးများကို ထုတ်လွှတ်ကာ နဂါးနက်တပ်ရင်းအား မျက်စိတစ်မှိတ်အတွင်း အထိနာသွားစေတော့သည်။
စကြဝဠာကြီးထဲတွင်မူ နားစည်များပင် ကွဲအက်သွားစေနိုင်သည့် ထစ်ချုန်းသံများ ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။