ဘန်း!
အသံကျယ်လောင်စွာ ထွက်ပေါ်လာပြီးနောက် Lamborghini ကား၏ ရှေ့ပိုင်း ပျက်စီးသွားလေသည်။ ကားထဲမှ လူငယ်နှစ်ယောက်သည်လည်း ကားလေအိတ်ကြောင့် အနည်းငယ် မူးဝေသွားကြသည်။
ထိုကဲ့သို့ သေရေးရှင်ရေး အခြေအနေတွင် သူတို့ ကားဘရိတ်မအုပ်လိုက်ပါက ကားလေအိတ် ခံနေလျင်တောင်မှ သူတို့ ပြင်းထန်စွာ ဒဏ်ရာရသွားနိုင်သည်။
“ခွေးမသား”
ဒီကိစ္စ၏ လက်သည်တရားခံကို သိနေသည့်အတွက် လူငယ်လေးနှစ်ယောက် သွေးဆူကာ ဒေါသထွက်နေကြသည်။
ထို့နောက် သူတို့နှစ်ယောက် ကားနောက်ခန်းမှ ဘေ့စ်ဘောရိုက်တံ နှစ်ချောင်းကို ယူကာ ယဲ့ဖန်တို့၏ကားဆီသို့ ကြမ်းတမ်းစွာ ပြေးသွားသည်။
ယဲ့ဖန်သည်လည်း ကားကို လမ်းဘေး၌ ရပ်ထားပြီးပြီဖြစ်၏။ ကားတံခါး ပွင့်သွားပြီးနောက် သွေးမရှိတော့သလို ဖြူရော်နေသော မျက်နှာနှင့် လင်းလန် ကားထဲမှ ဆင်းလာသည်။
သူမ ခေါင်းမူးကာ အန်ချင်သလို ဖြစ်နေသည်။ ယဲ့ဖန် drift ဆွဲလိုက်တာက သူမ နှလုံးပေါက်ထွက်တော့မတတ် ခံစားလိုက်ရသည်။
“ကောင်စုတ်”
ဒါ ယဲ့ဖန် ပထမဆုံးအကြိမ် ကားမောင်းတာပါဆိုတာကို လင်းလန် ဘယ်နည်းနဲ့မှ မယုံနိုင်ပါ။ သူ၏ ကျွမ်းကျင်လှတဲ့ drift ဆွဲနည်းတွေက ပရော်ဖက်ရှင်နယ် ပြိုင်ကားမောင်းတဲ့သူတွေနှင့်တောင် ယှဉ်လို့ရသည်။
ထိုစဉ် ဆံပင်အဝါရောင်နှင့် နှစ်ကောင်က ယဲ့ဖန်ဆီ သွားနေတာကို မြင်လိုက်သောကြောင့် လင်းလန် တုံ့ဆိုင်းသွားသည်။
“ဟေ့ကောင် မင်း သေချင်နေတာလား”
သူတို့ ယဲ့ဖန်ဆီ လျှောက်လာနေရင်း ပိုပြီး ဒေါသထွက်လာကြသည်။သူတို့ ဒေါသထွက်ရသည့်အကြောင်းရင်းကတော့ သူတို့ရဲ့ Lamborghini ကားကို သာမန်ကားလေးက ကျောသွားသည့်အတွက် ဖြစ်သည်။ ဒီကိစ္စသာ လူသိရှင်ကြား ဖြစ်သွားပါက ပြိုင်ကားမောင်းသူများကြား သူတို့ လူရယ်စရာ ဖြစ်တော့မည်။
ထို့ပြင် ဒီသကောင့်သားကြောင့် Lamborghini ကား၏ ရှေ့ပိုင်း ပျက်စီးသွားသလို သူတို့နှစ်ယောက်လည်း သေမလို ဖြစ်ခဲ့သည်မဟုတ်ပါလား။
ထို့ကြောင့် သူတို့ ယဲ့ဖန်ကို အရမ်း မုန်းတီးနေကြသည်။
သို့သော် ယဲ့ဖန်က ဒေါသထွက်နေသော နှစ်ယောက်ကို ကြည့်ကာ ခပ်အေးအေး ပြောလိုက်သည်။
“ဘာလဲ။ မင်းတို့က သေဖို့ ကြောက်နေတာလား?”
ယဲ့ဖန်က သူတို့ကို ကြည့်ကာ သရော်လိုက်သည်။ ထိုစဉ်အတွင်းမှာလည်း သူ့မျက်လုံးများက အေးစက်နေသည်။
“မင်းတို့က မင်းတို့အသက်ကိုကျ တန်ဖိုးထားတတ်ပြီးတော့ သူများအသက်ကိုတော့ တန်ဖိုးမထားတတ်ဘူးလား? တစ်ခြားသူတွေတောင် သေလို့ရရင် မင်းတို့က ဘာလို့ သေလို့မရတာလဲ?”
အစောပိုင်းတုန်းက သူတို့ကြောင့် ယဲ့ဖန်နှင့် လင်းလန်တို့ သေမလို ဖြစ်ခဲ့သေးသည်ပဲ။ ထို့ကြောင့် ယဲ့ဖန်က သူတို့လုပ်ခဲ့သည့်အတိုင်း ပြန်လုပ်ပြခဲ့ခြင်းပင်။
ယဲ့ဖန်စကားကြောင့် သူတို့နှစ်ယောက် ပို၍ ဒေါသထွက်သွားသည်။ ဒီတောသားက သူတို့ကို ကြောက်ရွံ့ခြင်းမရှိဘဲ ပြန်ပြောလိမ့်မည်ဟု သူတို့ မထင်ထားခဲ့။
“ဟေ့ကောင် တောသား … ဒီကား ဘယ်လောက်တန်လဲ မင်း သိလား။ နားထောင် … ပျက်စီးသွားတဲ့ ကားရှေ့ပိုင်းတင် ၁ မီလီယံ RMB တန်တယ်ကွ။ မင်း တစ်သက်လုံး ပေးနိုင်တဲ့ ပိုက်ဆံမျိုး မဟုတ်ဘူး”
အားဆန်က ယဲ့ဖန်အား တည့်တည့်ကြည့်ကာ လှောင်ပြုံးပြုံးလိုက်သည်။
“ဟီးဟီး… မင်းက ဆင်းရဲသားဆိုတော့ ငါ မင်းကို ပြန်မဆပ်ခိုင်းတော့ပါဘူး။ မင်း ၂ခုထဲက တစ်ခုပဲ ရွေးလိုက်။ မင်းခြေထောက်တွေကို ငါတို့ကို ရိုက်ချိုးခွင့် ပေးရင်ပေး ဒါမှမဟုတ် မင်းကောင်မလေးကို ငါတို့နဲ့ ၃ရက် လိုက်အိပ်ခိုင်းလိုက်”
အားဆန်စကားကို သူမ ကြားသောအခါ လင်းလန် ခေတ္တမျှ ငေးကြောင်သွားပြီးနောက် ချက်ချင်း မျက်နှာက သုန်မှုန်လာသည်။
“ငါကတော့ မင်းတို့ကို အဲ့မှာရပ်ပြီး ငါ့ကို တောင်းပန်စေချင်တယ်။ မဟုတ်လို့ကတော့ မင်းတို့ ငါ့ကို ဒူးထောက်ပြီး တောင်းပန်နေရမယ်။ ဒူးထောက်ရတယ်ဆိုတာက မင်းတို့ခြေထောက်တွေ ကျိုးနေလို့လို့ ပြောချင်တာပဲ”
“မင်းတို့က ခွင့်လွှတ်လို့ရတဲ့ အခွင့်အရေးကို လက်လွှတ်ချင်နေတာလား?”
ယဲ့ဖန်က ကောင်လေးနှစ်ယောက်ကို ကြည့်ကာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် ပြုံးလိုက်သည်။ ယဲ့ဖန်စကားကြောင့် သူတို့ မျက်နှာပျက်သွားသည်။
*ဘာ*
*တောင်းပန်ရမယ်*
ဆံပင်အဝါရောင်နှင့် ကောင်လေးနှစ်ယောက် သူတို့နားတောင် သူတို့ မယုံနိုင်ဖြစ်သွားကြသည်။
သူတို့က ယဲ့ဖန်ထက် အင်အားသာသလို ဘေ့စ်ဘောတုတ်တွေလည်း ပါနေသေးသည်။ ဒါတောင်မှ ဒီတောသားက သူတို့ကို မျက်နှာပြောင်တိုက်ပြီး ပြောရဲသေးတာလား?
“ကောင်းတယ်။ သိပ်ကောင်းတယ်”
အားဆန် ဒေါသထွက်ပြီး ရယ်တောင်ရယ်ချင်နေသည်။ သူက ယဲ့ဖန်အား ရက်စက်ကြမ်းကြုတ်သည့် အကြည့်များဖြင့် ကြည့်ကာ ပြောလိုက်သည်။
“မင်းက သေချင်နေတာပဲ”
ဆံပင်အဝါရောင်နှင့်ကောင်နှစ်ယောက်က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ပြီးနောက် တစ်ယောက်က ပြောလာသည်။
“ကြည့်ရတာ ငါတို့ မင်းခြေထောက်ကို ရိုက်ချိုးပြီး မင်းကောင်မနဲ့ အိပ်ရမယ်ထင်တယ်… ဟီးဟီး”
ထိုသို့ပြောပြီး သူတို့နှစ်ယောက်သည် ဘေ့စ်ဘောတုတ်ကို ဝင့်ကာ ယဲ့ဖန်ထံသို့ ပြိုင်တူပြေးဝင်လာကြသည်။
ဘေ့စ်ဘောတုတ်က ယဲ့ဖန်နှင့် တဖြည်းဖြည်း နီးကပ်လာသည်။ လင်းလန်၏ စူးစူးဝါးဝါးအော်လိုက်သံကို ကြားလိုက်ရသည့်အတွက် သူတို့ အားရပါးရ ပြုံးမိသည်။
ထိုစဉ် တုတ်နှစ်ချောင်းက ယဲ့ဖန်ခေါင်းနှင့် ထိတော့မည့်အချိန်၌ လက်နှစ်ဘက်က တုတ်နှစ်ချောင်းကို ဟန့်တားလိုက်သဖြင့် ရပ်တန့်သွားသည်။
“ဟင်”
လူငယ်နှစ်ယောက် ရုတ်တရက် ကြောင်သွားသည်။ ယဲ့ဖန် ဒီလောက် မြန်မြန်နှင့် တိကျစွာ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူတို့ မထင်ထားခဲ့ပါ။
သူတို့နှစ်ယောက် တုတ်တွေကို ပြန်ဆွဲယူရန် ကြံလိုက်သည်။ သို့သော် ယဲ့ဖန်၏ လက်များက ပြုတ်တူအလား သန်မာလှကာ သူတို့ ဘယ်လောက် ဆောင့်ရုန်းရုန်း ယဲ့ဖန်လက်ထဲမှ တုတ်ကို ဆွဲလို့မရပေ။
နောက်ထပ် ဖြစ်ပေါ်လာသည့် အရာကြောင့် သူတို့နှစ်ယောက် ကြောက်ချေးပါသွားကြသည်။ ယဲ့ဖန်က သူတို့တုတ်တွေကို လက်ချည်းသက်သက် ချိုးပစ်လိုက်သည်ကို အားဆန်တို့ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
ထို့နောက် ယဲ့ဖန် လက်ဖြန့်လိုက်သောအခါ သစ်သားစများက လေထဲ ပျံ့လွင့်လာသည်။ ယဲ့ဖန်က လက်တစ်ဘက်တည်းနဲ့ တုတ်ကို ချိုးလိုက်တယ်!
“မ…မဖြစ်နိုင်ဘူး”
အားဆန်နှင့် သူ့သူငယ်ချင်းတို့ ထိတ်လန့်သွားကြသည်။
တုတ်ကို ရိုက်ချိုးလိုက်ရုံသာမက သစ်သားစတွေ ဖြစ်သွားအောင်ပါ လုပ်လိုက်တယ်!
*သူက လူမဟုတ်ဘူး*
ကောင်လေးနှစ်ယောက် ကြောက်ဒူးတုန်လာသည်။ ယဲ့ဖန် ပြောလိုက်သည့် စကားကြောင့် သူတို့ ပို၍ ကြောက်လန့်သွားကြသည်။
“မင်းတို့ ခြေထောက်တွေ ဒီမှာထားခဲ့”
ထို့သို့ပြောပြီး အားဆန်၏ အကောင်းအတိုင်း ကျန်နေသေးသည့် တုတ်တစ်ပိုင်းကို ယူကာ ယဲ့ဖန် ထိုတုတ်အား အားဆန်ခြေထောက်ပေါ် မြှောက်လိုက်သည်။
ထို့နောက်မှာတော့ အားဆန်၏ နားကွဲမတတ် အော်လိုက်သံ ထွက်ပေါ်လာလေတော့သည်။