Switch Mode

စာစဉ် (၁၁) အပိုင်း (၁၅၄)

မှော်ဆန်သော ရွှေရောင် စပါးအုံးကြေးခွံ

တောင်ထွတ် တစ်ခု ပေါ်တွင်။

ဇူယွမ်၏ အဝတ်အစားတွေက တဖျပ်ဖျပ် လွင့်နေပြီး သူ၏ မျက်လုံးများက အနည်းငယ် ကွာဝေးသော နေရာတွင် ရှိနေသည့် ရှောင်ထျန်းရွှမ်ကို အေးစက်စက် စိုက်ကြည့် နေသည်။

လေလံပွဲကတည်းက သူတို့ နှစ်ယောက်၏ ဆက်ဆံရေး မကောင်းခဲ့ပေ။ ရှောင်ထျန်းရွှမ် အနေဖြင့် သူ့ကို ဆုငွေထုတ်ခဲ့ခြင်းက ဇူယွမ်နှင့် ထိပ်တိုက် တွေ့ဆုံစေသည်။

ရှောင်ထျန်းရွှမ်က ဇူယွမ်၏ အေးစက်သည့် အကြည့် လျစ်လျူရှု၍ လှောင်ရယ်၍ ပြောလိုက်သည်။ “ဘယ်လောက်တောင် ရဲရင့်တဲ့ စကားလုံးတွေလဲ”

“မင်းကိုယ်မင်း ကောင်းကင်ဘုံ တံခါးအဆင့်သို့ ရောက်သွားတာနဲ့ ဒီကလူတွေရဲ့ အပေါ်ကို ရောက်သွားပြီး လွှမ်းမိုးနိုင်မယ် ထင်နေတာလား။ ဒီမှာရှိတဲ့ လူတိုင်းက ကောင်းကင်တံခါး အဆင့် ရောက်နေတဲ့ လူတွေပဲ”

“မင်းရဲ့ မူလချီတွေက ပေ ၄ဝဝ ကျော် အထိ ရောက်ရှိခဲ့လဲ ဘာဖြစ်လဲ။ ဒီနေ့က မင်းရဲ့ နောက်ဆုံးနေ့ပဲ။ မင်းရဲ့အဆင့်က ကနဦး ကောင်းကင်ဘုံ တံခါးအဆင့်ပဲ ရှိပါသေးတယ် …”

သူက သူ့ရှေ့က ဧရိယာ အတွင်းမှာ ရှိနေသည့် လူများကို ကြည့်လိုက်ပြီး ဆက်ပြောခဲ့သည်။ … “သူ့ရဲ့ခေါင်းကို ယူဆောင်ပေးပြီး သူ့ကို အဆုံးသတ်ပေးမဲ့ မည်သူမဆို မူလ သလင်းကျောက် ငါးသန်းကို ငါဆုလာဘ် အနေနဲ့ပေးမယ်”

ထိုအရာက ဆွဲဆောင်နိုင်သော ဆုလာဘ် တစ်ခုပဲ။ ငါးသန်း ဆိုသည်မှာ သေးငယ်လှသည့် ပမာဏ တစ်ခုမဟုတ်ပေ။ ထိုပမာဏနှင့် သူတို့ ကျင့်ကြံမှုတွင် လိုအပ်သော အရင်းအမြစ်များကို ဝယ်ယူ နိုင်ပေသည်။

ထိုစဉ် အန္တရာယ်ပေးချင်တဲ့ ရည်ရွယ်ချက်တွေနှင့် အကြည့်များက ဇူယွမ်ဆီသို့ ဦးတည်လာသည်။

ရှောင်ထျန်းရွှမ် ပြောသလိုပင် ဇူယွမ်၏ မူလချီ အမြင့်ပေက ရင်သပ် ရှုမောဖွယ် ကောင်းအောင် ပေ ၄ဝဝ အထိ မြင့်တက်ခဲ့ သော်လည်း ထိုအရာက သူ၏ခိုင်မာသော ကျင့်ကြံခြင်း အုတ်မြစ် ကြောင့်သာ ဖြစ်သည်။ ဘယ်လို ဖြစ်နေပါစေ သူ၏ကျင့်ကြံခြင်း အဆင့်က ယခုမှ ကနဦး ကောင်းကင်တံခါး အဆင့်မျှသာ ဖြစ်သည်။ သူတို့ထဲက ကောင်းကင်တံခါး အဆင့်အချို့လည်း သူတို့၏ မူလချီများကို ထုတ်လွှတ်လိုက်ပါက ပေ၄ဝဝ အထက်တွင် ရှိနိုင်ပေသည်။

ဇူယွမ်က ကနဦး ကောင်းကင်တံခါး အဆင့် တစ်ယောက်သာ ဖြစ်သည်။ သူ၏ ကျင့်ကြံခြင်း အခြေမှာ ခိုင်မာသော်လည်း ကောင်းကင်တံခါး ထိပ်ဆုံး အဆင့်များနှင့် ကွာခြား ပေသေးသည်။

ထို့ကြောင့် ခဏအကြာမှာ ခေါင်းတုံးပြောင်နှင့် လူတစ်ယောက် လမ်းလျှောက် ထွက်လာသည်။ သူ၏မျက်နှာမှာ ခက်ထန် ကြမ်းတမ်းနေပြီး သူ၏ မျက်လုံးများတွင် ရက်စက်တတ်သည့် အငွေ့အသက်များ ယှက်သန်း နေသည်။

သူက ဇူယွမ်ကို ရက်စက်တော့မည့် အပြုံးတစ်ခု ပြုံးပြလိုက်ပြီး … “ငါပါရမီရှင် တော်တော်များများကို သတ်ခဲ့ဖူးပေမဲ့ စီးပွားရေးအရ သတ်ရတာကတော့ မင်းက ပထမဦးဆုံးပဲ”

ဘုန်း …

ရုတ်ရင်း ကြမ်းတမ်းသော မူလချီများက သူ၏ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲ ထွက်လာခဲ့သည်။ ထိုသူက ကောင်းကင်ဘုံတံခါး ထိပ်ဆုံး အဆင့်သို့  ရောက်ရှိနေသူ ဖြစ်သည်။

ဘန်း…

သူ၏ ခန္ဓာကိုယ်က အောက်သို့ နှိမ့်ချကာ အားယူလိုက်ပြီး မြေပြင်ကို ဆောင့်နင်းကာ ဇူယွမ်ဆီသို့ အမြောက်ဆန်လိုမျိုး တိုးဝင် သွားသည်။

“အလယ်အလတ် အဆင့် မူလကျင့်စဉ်။ သတ္တုနတ်ဆိုး ဦးခေါင်း”

ခေါင်းတုံးပြောင်နှင့် လူကြီးက မိုးချုန်းသံလိုမျိုး အသံဖြင့် အော်လိုက်သည်။ သူက အံ့အားသင့်ဖို့ ကောင်းစွာပင် သူ၏ဦးခေါင်းအား လက်နက်အဖြစ် အသုံးချနေသည်။ သူ၏ ချောမွေ့နေတဲ့ ဦးခေါင်း ပြောင်ပေါ်တွင် မူလ စဦးချီများက လှိုင်းထနေပြီး သတ္တုအလင်းများက ဝင်းလက် တောက်ပနေသည်။ ပတ်ဝန်းကျင် လေထုက ကြောက်မက်ဖွယ် ကောင်းစွာ ပြောင်းလဲသွားသည်။ တိုက်ခိုက်မှု တစ်ခုက လွန်စွာ ခိုင်မာပြီး အားပြည့် လှပေသည်။

ခေါင်းတုံးပြောင်နှင့် လူ၏ တိုက်ခိုက်မှုက ကြည့်ရသည်မှာ ရယ်ရွှင်ဖွယ် ကောင်းသော်လည်း ထိုတိုက်ကွက်၏ ရက်စက်မှုက လူအချို့၏ မျက်နှာ အမူအရာများကို အနည်းငယ် ပြောင်းလဲ သွားစေသည်။

ဇူယွမ်၏ မျက်လုံးတွင် အံ့အားသင့်မှုများ ဖြစ်ပေါ်နေပြီး သူ့ဆီ ပြေးဝင်လာသော အနက်ရောင် ပုံရိပ်အား ကြည့်နေသည်။ လူတိုင်းတွင် အထူးပြုသော တိုက်ခိုက်နည်းများ အမျိုးမျိုး ရှိသော်လည်း ဒီလူက သူ၏ ဝင်းလက် တောက်ပနေသော ဦးခေါင်းအား လက်နက်အဖြစ် အသုံးချနေသည်။

“ငါ ကောင်းကင်တံခါး အဆင့်ကို ရောက်ရှိနေပေမဲ့လည်း ဒီခေါင်းနဲ့ဝှေ့တဲ့ တိုက်ကွက်ကို သတိထားရမယ်” ဇူယွမ်က မေးစေ့ကို အသာအယာ ပွတ်ရင်း တိုးတိုးလေး ရေရွတ် လိုက်သည်။

သူက တိုက်ခိုက်လာမှုကို ရှောင်ခြင်းမပြုဘဲ သူ့လက်ငါးချောင်းကို ဖြည်းညင်းစွာ ဆုပ်လိုက်ပြီး သူ၏ သေးငယ်သော လက်သီးတွင် ရွှေရောင် အကြေးခွံများ ဖုံးအုပ် လာသည်။

အသက် တစ်ရှိုက်စာ အချိန်အတွင်း ရွှေရောင်ကြေးခွံ အလွှာက သူ၏ လက်တစ်ခုလုံးအား ဖုံးအုပ်သွားသည်။

ထိုအရာများက မှော်ဆန်သော စပါးအုံး ကြေးခွံဖြစ်သည်။ ဇူယွမ် ကောင်းကင်တံခါး အဆင့်ရောက်ပြီးနောက် ကြေးခွံများကလည်း တိုးတက် ပြောင်းလဲလာပြီး ပထမအဆင့် အစိမ်းရောင်မှ ယခု ဒုတိယအဆင့် ရွှေရောင်သို့ ပြောင်းလဲ သွားသည်။

ထိုအရာက အရောင်ပြောင်းရုံတင် မဟုတ်ဘဲ သန်မာမှု စွမ်းအားကလည်း အလွန်ပင် သာလွန်နေပြီ ဖြစ်သည်။

ဇူယွမ်က သူရှေ့သို့ ဦးတည်လာသော အနက်ရောင် ဦးခေါင်းဆီသို့ လက်သီးတစ်လုံး ပစ်သွင်း လိုက်သည်။ အင်အား နှစ်ခုက ကြမ်းတမ်းစွာပင် ထိခတ် မိသွားသည်။

ခွမ်း…

ထိုအချိန်တွင် ကွဲအက်သံ တစ်ခု ထွက်ပေါ်လာသည်။

ဘန်း…

ခဏအတွင်းမှာ လူတိုင်းက ဇူယွမ်၏ လက်သီးက ရှေ့သို့ ဆက်တိုး လာသည်ကို မြင်ရပြီး ခေါင်းတုံးနှင့် လူကြီး၏ ခန္ဓာကိုယ်က နောက်သို့ အလျင်အမြန် ဆုတ်ပေးလိုက်ရပြီး ခေါင်းတုံးနှင့် လူကြီး၏ ဦးခေါင်းတွင် သွေးများ ထွက်လာပြီးနောက် သူ၏ ခန္ဓာကိုယ်မှာလည်း သစ်တော အတွင်းသို့ လွင့်ထွက် သွားသည်။ သူ၏ ခန္ဓာကိုယ်နှင့် တိုက်မိသော သစ်ပင်အချို့မှာ ကျိုးကျ သွားပြီးနောက် တဖြည်းဖြည်း အရှိန်လျော့ကာ ရပ်တန့်သွားသည်။

ဘယ်သူမှ သူသေလား ရှင်လားဆိုတာ မသိနိုင်ပေ။

တိတ်ဆိတ် သွားခဲ့သည်။ လုံးဝကို တိတ်ဆိတ် သွားခဲ့သည်။

လူတိုင်းက သည်မြင်ကွင်းအား ပါးစပ် အဟောင်းသားနှင့်ပင် စိုက်ကြည့် နေကြသည်။ ခေါင်းတုံးနှင့်လူကြီး၏ ရက်စက် ကြမ်းကြုတ်သော ခေါင်းနှင့်ခွေ့သည့် တိုက်ချက်မှာ ဇူယွမ်၏ ထိုးချက် တစ်ချက်တည်းနှင့် အဆုံးသတ်သွားပြီး ထိုလူကိုယ်တိုင်လည်း လွင့်ထွက် သွားလိမ့်မည်ဟု မည်သူမှ ထင်မထားပေ။

ခေါင်းတုံးပြောင်နှင့် လူကြီးက သူ၏ စွမ်းအား အားလုံးကို တိုက်ခိုက်မှုတွင် ထည့်သွင်း ထားခဲ့သည်။ ကောင်းကင်ဘုံတံခါး အထက်အဆင့် အဆင့်တူ အချင်းချင်းပင် ထိုတိုက်ခိုက်မှုအား ခုခံဖို့သာ ရွေးချယ် ရပေမည်။

သို့သော်လည်း အဘယ်ကြောင့် ဇူယွမ်၏ တိုက်ခိုက်မှုတစ်ခုက သူ့အား ပျံထွက် သွားစေခဲ့သနည်း။

သူသည် ကောင်းကင်တံခါး အဆင့်ကို ရောက်ရုံမျှသာ ရှိသေးသော်လည်းပဲ ရှင်းလင်းစွာပင် သူ၏ စွမ်းအားက ကြီးမားပေသည်။

အားလုံး၏ အကြည့်တွေ အောက်မှာ ဇူယွမ်လည်း ခေါင်းငုံ့လိုက်ပြီး ရွှေရောင်ကြေးခွံတွေ ဖုံးအုပ်နေသည့် သူ၏ လက်သီးကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

“ဒါ မှော်ဆန်သော ရွှေရောင် စပါးအုံးကြေးခွံ၏ သက်ရောက်မှုလား…” ဇူယွမ်က လျင်မြန်စွာပဲ နားလည် သဘောပေါက်ခဲ့ပြီး သူ၏ မျက်လုံးများတွင် အံ့သြမှုဖြင့် ပြည့်နှက်နေသည်။

မှော်ဆန်သော စပါးအုံးကြေးခွံ ဒုတိယအဆင့်က ကာကွယ်နိုင်သော အလွှာ တစ်ခုအဖြစ် သာမက သူ၏ သန်မာမှုနှင့် စွမ်းအားတို့ကိုပါ တိုးတက်စေသည်။

ဇူယွမ်က ရယ်မောလိုက်ပြီး သူ့ရှေ့တွင် ရှိနေသည့် လူအုပ်ကို ကြည့်ပြီး ပြောလိုက်သည်။ “ငါ့လမ်းကို ပိတ်ဆို့ချင်တဲ့လူ ရှိသေးလား။ ဒါဆို မြန်မြန် ထွက်လာခဲ့ …”

လူတိုင်းက တစ်ယောက်နှင့် တစ်ယောက် စိုက်ကြည့်လိုက်ကြပြီး သူတို့၏ ခေါင်းများကို ခါယမ်းကာ အဆုံးမှာ သူတို့က စတင်ပြီး ဆုတ်ခွာ ပေးလိုက်ကြသည်။

ဇူယွမ်၏ အစောပိုင်းက လက်သီးချက်က သူ၏ သန်မာမှုကို ရှင်းလင်းစွာ သိမြင်စေသည်။ သူ၏ လက်သီး တစ်ချက်သာ အထိုးခံလိုက်ရသော ကောင်းကင်ဘုံ တံခါးအဆင့် တစ်ယောက်မှာ သေသည် ရှင်သည်ကို ယခုထိ မသိနိုင်သေးပေ။ သူတို့ အားလုံး၏ သန်မာမှုကလည်း ထိုသူနှင့် မတိမ်းမယိမ်းသာ ရှိကြသည်။ သူတို့သာ ခေါင်းမာပြီး နောက်သို့ မဆုတ်ခွာပါက သူတို့၏ အဆုံးသတ်လည်း ခေါင်းတုံးပြောင်နှင့် လူကြီးနှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

ဒါကြောင့် မူလ သလင်းကျောက်များက အရေးပါသော်လည်း သူတို့၏ အသက်လောက် အရေးမကြီးပေ။

ယခု ပတ်ဝန်းကျင် အနေအထားမှာ လူတွေ အားလုံးက ဘေးနှစ်ဖက်သို့  နောက်ဆုတ် ပေးလိုက်ကြသည်။

သူတို့အားလုံး နောက်ဆုတ် သွားသည်ကို မြင်ရသည့် အခါမှာတော့ ဇူယွမ်က ကျေနပ်စွာပင် ခေါင်းညိတ် လိုက်သည်။ သူက သည်လူတွေနှင့် ပြဿနာ မဖြစ်ချင်ပေ။ သူတို့နှင့် တိုက်ခိုက်ခြင်းက အင်အားများကို အလဟဿ ဖြုန်းတီးရာ ရောက်သည်။ ဟမ့်၊ သူ၏ အကြည့်က ရှောင်ထျန်းရွှမ်ဆီသို့ ရောက်ရှိသွားသည်။

​ရှောင်ထျန်းရွှမ်၏ အမူအရာက အလွန်ပင် ရုပ်ဆိုးနေပြီး ခေါင်းတုံးပြောင်နှင့် သူကြီး၏ တိုက်ခိုက်မှုက ဇူယွမ်ကို အနာတရ တစ်ခုမှ မဖြစ်စေခြင်းက သူ့ကို လွန်စွာ အံ့အားသင့် စေသည်။ ထို့အပြင် ခေါင်းတုံးပြောင်နှင့် လူကြီးက ဥပမာတစ်ခု အဖြစ် သူတို့ကို ခြိမ်းခြောက်ခဲ့သည်။

ရှောင်ထျန်းရွှမ်က သက်ပြင်းချလိုက်ပြီး သူ၏ တင်းမာသော မျက်နှာ အနေအထားသို့ တဖြည်းဖြည်း ပြောင်းလဲ လာသည်။

စွမ်းအား ပြည့်ဝလှကော မူလချီများက သူ၏ ခန္ဓာကိုယ် အတွင်းမှ ပေါက်ကွဲ ထွက်လာပြီး ပတ်ဝန်းကျင်ရှိ အရာအားလုံးကို တုန်ခါစေသည်။

ကြီးမားလှသော ဖိအားက ပတ်ဝန်းကျင်ပေါ်သို့ ကျရောက် လာသည်။

ပတ်ဝန်းကျင်မှာ ရှိသော သူတွေက သူ့ကို လေးစားစွာ ကြည့်လိုက် ကြသည်။ ရှောင်ထျန်းရွှမ်၏ သန်မာမှုက အခြားသော သာမန် ကောင်းကင်တံခါး ထိပ်ဆုံးအဆင့်တွေနှင့် ကွဲပြားစွာ ရှိနေသည်။

သူ၏ လက်တစ်ဖက်က တဖြည်းဖြည်း မြင့်တက်လာပြီး ဇူယွမ်ဆီသို့ လှံတစ်ချောင်းလိုမျိုး ထိုးထားလျက် သူ၏  အေးစက်လှသော အသံက တောင်တစ်လျှောက် ပျံ့နှံ့သွားသည်။

“ငါက ငါ့ပြဿနာတွေကို ငါကိုယ်တိုင် မရှင်းချင်ဘူး ဒါပေမဲ့ ကြည့်ရတာ ငါ ဒီ ပုဂ္ဂိုလ်ရေးကိစ္စကို ဖြေရှင်း ရတော့မယ့်ပုံပဲ။ ကောင်းတယ် … ငါ့ရဲ့ မူလ သလင်းကျောက် ငါးသန်း မကုန်တော့ဘူးပေါ့”

တောင်ပေါ်ရှိ များစွာသော ပုံရိပ်များက အနောက်သို့ ဆုတ်လိုက် ကြသည်။ သူတို့က ရှေ့တွင်ရှိသော ရှောင်ထျန်းရွှမ်ကို မျှော်လင့်ချက်များဖြင့် စိုက်ကြည့် နေကြသည်။ နောက်ဆုံးတော့ သူတော်စင် အကြွင်းအကျန် မြို့၏ မြို့စားငယ်က တိုက်ခိုက် တော့မည်။


Comment

Leave a Reply

Options

not work with dark mode
Reset