ဝမ်ပေါင်လဲ့မှာ ထို စစ်သင်္ဘောကြီးများ၏ ခိုင်ခံ့မှု၊ အမြန်နှုန်းနှင့် တိုက်ရည်ခိုက်ရည်စွမ်းအားများကို သိသိသာသာ လျှော့ချထားသည်ဖြစ်ရာ ၎င်းတို့အား စစ်သင်္ဘောကြီးများဟုပင် မခေါ်သင့်တော့ပေ။
၎င်းတို့အား အကြီးစား ဓမ္မအဆောင်ပစ္စည်းများအဖြစ် သတ်မှတ်ခြင်းမှာ ပို၍သင့်တော်ပေသည်။ သူသည် လအနည်းငယ်အတွင်းတွင် ထိုကဲ့သို့သော စစ်သင်္ဘောကြီးများကို အစင်းရေတစ်ထောင်နီးပါး တည်ဆောက်နိုင်ခဲ့၏။ ဝမ်ပေါင်လဲ့မှာ အကုန်အကျ သက်သာစေရန် ၎င်းတို့အား အသိစိတ်ဖြင့် ထိန်းချုပ်ရန် လိုအပ်သည့် အမြုတေများကိုပင် ထည့်သွင်းအသုံးပြုထားခြင်း မရှိပေ။
သို့ဖြစ်ရာ ၎င်းတို့မှာ မပေါက်ကွဲခင်အချိန်တွင် အမှိုက်သာသာအဆင့်တွင်သာ ရှိပေသည်။ သို့သော် ၎င်းတို့ ပေါက်ကွဲသွားသည့် အချိန်တွင်မူ ၎င်းတို့၏ စုပေါင်းစွမ်းအားများမှာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့ကိုပင် တုန်ရီသွားစေနိုင်သည့် လေမုန်တိုင်းကြီးတစ်ခုကို ဖန်တီးပေးနိုင်ပေသည်။
ဝမ်ပေါင်လဲ့မှာ အစွမ်းကုန်ကြိုးစားကာ ထို စစ်သင်္ဘောကြီးများ၏ ပေါက်ကွဲအားကို မြှင့်တင်ပေးထားသောကြောင့် ၎င်းတို့အား အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ဗုံးများဟုပင် သတ်မှတ်နိုင်ပေသည်။
သူသည် ၎င်းတို့၏ ပေါက်ကွဲအားများ အားပျော့နေမည်ကို စိုးရိမ်သောကြောင့် ပြည်ထောင်စုကြီး၏ အဆောင်ပစ္စည်း သန့်စင်ခြင်းပညာရပ်များကိုပါ အသုံးပြုထားသေးသည်။ သို့သော်လည်း သူသည် နောက်ဆုံးအချိန်အထိ စိတ်ကျေနပ်မှု အပြည့်အဝ မရှိသေးပေ။
” ထားပါတော့။ လက်ရှိမှာ ဒီလောက်အထိပဲ ရမှာပဲ ” ဝမ်ပေါင်လဲ့မှာ ဥက္ကာပျံကြီး၏ အတွင်းပိုင်းထဲ၌ တင်ပျဉ်ခွေထိုင်ရင်း သူ၏ ဘေးပတ်ပတ်လည်ရှိ စစ်သင်္ဘော အစင်းရေ တစ်ထောင်နီးပါးခန့်အား ကြည့်ကာ သက်ပြင်းချလိုက်၏။ ထို့နောက် သူသည် ခေါင်းငုံ့ကာ သူ၏ သိုလှောင်လက်ကောက်ထဲ၌ လှန်လှောရှာဖွေကြည့်လိုက်သည်။ သူသည် ၎င်းထဲတွင် ကျန်ရှိနေသေးသည့် ပစ္စည်းများကို မြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။
” ငါက နတ်ဘုရားအာရုံနဲ့ ချိတ်ဆက်နိုင်တဲ့ အမြုတေတွေကို ထည့်မသုံးထားဘူးဆိုတော့ ဒီ စစ်သင်္ဘောကြီးတွေကို အပြည့်အဝ ထိန်းချုပ်နိုင်မှာမဟုတ်ဘူး… ဒါပေမဲ့ သူတို့ကို ထိန်းချုပ်ဖို့လည်း မလိုပါဘူးလေ။ ငါ့ရဲ့ ရုပ်သေးရုပ်တွေကို ထိန်းချုပ်နိုင်ရင်ရပြီ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်ဝန်းများတောက်ပသွား၏။ ၎င်းမှာ သူ၏ အစီအစဉ် ဖြစ်ပေသည်။ သူသည် ရုပ်သေးရုပ်အမြောက်အမြားကို ထိန်းချုပ်နေမည်ဖြစ်ပြီး ထို ရုပ်သေးရုပ်များမှာ စစ်သင်္ဘောကြီးများအား ထိန်းချုပ်နေကြမည်ဖြစ်သည်။
” နဂါးနက်တပ်ရင်း။ မင်းတို့က ငါ့ကို ဓားပြတိုက်ရဲတယ်ပေါ့။ ဒီတစ်ခေါက် ငါ မင်းတို့ကို အစအနရှာမရအောင် ဖောက်ခွဲပစ်မယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ကြိမ်းဝါးလိုက်ပြီးနောက် စစ်သင်္ဘောကြီးများအကြောင်းကို မေ့ထားလိုက်တော့သည်။ ထို့နောက် သူသည် နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးအား ရင်ဆိုင်နိုင်မည့် နည်းလမ်းများကို စတင် စဉ်းစားတွေးတောနေလိုက်၏။
သူသည် ထိုခေါင်းဆောင်ကြီးအား မယှဉ်နိုင်ပါက သူ၏ အစီအစဉ်အားလုံးမှာ သဲထဲရေသွန် ဖြစ်သွားရမည်ဖြစ်ကြောင်း နားလည်ထားသည်။ ထို့အပြင် သူသည် သူ့ကိုယ်သူ သေကြောင်းကြံသကဲ့သို့ပင် ဖြစ်နေမည် ဖြစ်သည်။
” ငါတို့ရဲ့ကြားက ကျင်ကြံခြင်းအဆင့် ခြားနားမှုက ကြီးလွန်းနေတာ။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်နဲ့ မဟုတ်ရင် ငါက သူ့ကို ယှဉ်နိုင်မှာမဟုတ်ဘူး။ ဒါပေမဲ့ သူ့ကို ယှဉ်မတိုက်ဘဲနဲ့ ထောင်ချောက်ဆင်ပြီး ချုပ်နှောင်ထားလို့ရတယ်လေ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သူ၏မေးစေ့အား လက်ဖြင့်ပွတ်လိုက်ပြီး မျက်ဝန်းများအရောင်တောက်ပသွား၏။
” ထောင်ချောက်ဆင်တဲ့နေရာမှာ ငါက ကျွမ်းပြီးသားပါ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ရေရွတ်လိုက်ပြီးနောက် ရွှေခေါင်းလောင်းဒိုင်းကာ၊ ထူးဆန်းထွေလာကြိုးကြီးနှင့် မန္တန်အစီအရင် အမျိုးမျိုးတို့ကို တွေးမိသွား၏။ သို့သော် နောက်ဆုံးတွင် သူသည် ထိုအရာများအားလုံးကို မေ့ထားလိုက်ရသည်။
” လက်ရှိ ငါ့မှာက ကုန်ကြမ်းပစ္စည်းအလုံအလောက် ရှိတာမဟုတ်ဘူး။ အဲတာမလို့ အဲဒီပစ္စည်းတွေ ဖန်တီးနိုင်မယ်ဆိုရင်တောင် အများကြီးရမှာမဟုတ်ဘူး။ ပြီးရင် မတော်တဆမှုတွေနဲ့လည်း ကြုံရင်ကြုံနိုင်သေးတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်လိုက်ပြီးနောက် ခေါင်းမော့လာပြီး သူ၏ပတ်ပတ်လည်တွင် အလုပ်ရှုပ်နေကြသော ရုပ်သေးရုပ်များအား ကြည့်လိုက်၏။ လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် သူသည် စစ်သင်္ဘောကြီးများအား လျင်မြန်စွာ တည်ဆောက်နိုင်ရန် ရုပ်သေးရုပ် ထောင်ပေါင်းများစွာကို ဖန်တီးခဲ့သည်။
” စစ်သင်္ဘော တစ်စင်းကို ထိန်းချုပ်ဖို့ ရုပ်သေးရုပ်သုံးရုပ်ပဲ လိုတာ။ အဲတာဆိုရင် ငါ့ဆီမှာ ရုပ်သေးရုပ် အရုပ်ခုနစ်ထောင်ကျော် ကျန်နေဦးမှာပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏ခေါင်းထဲ၌ တွက်ချက်မှုများကိုပြုလုပ်ရင်း မျက်လုံးများ အရောင်လက်လာတော့သည်။
” နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ ဓမ္မလက်နက်ပညာရပ်နဲ့ ဒီ ရုပ်သေးရုပ်တွေကို အဆင့်မြှင့်ပြီးရင် အရုပ်တစ်ထောင်ကို စက်လုံးပုံစံ အချုပ်အနှောင်တစ်ခုရအောင် ပေါင်းစည်းလိုက်မယ်။ အဲဒီ ခေါင်းဆောင်ကြီးကို အကြာကြီး လှောင်ပိတ်ထားဖို့ မလိုပါဘူး။ တစ်ခေါက်ကို အသက်ရှူကြိမ် ဆယ်ကြိမ်လောက်ဆိုရင် ရပြီ ”
” အဲတာဆိုရင် ငါက သူ့ကို တစ်ခေါက်ကို အသက်ရှူကြိမ် ဆယ်ကြိမ်နှုန်းနဲ့ စုစုပေါင်း အသက်ရှူကြိမ် အကြိမ်ခုနစ်ဆယ်တိတိ ချုပ်နှောင်ထားနိုင်မှာပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးလိုက်ပြီးနောက် ဆုံးဖြတ်ချက်ချလိုက်၏။ ၎င်းမှာ သူ စဉ်းစားမိသမျှ နည်းလမ်းများအားလုံးထဲတွင် ကုန်ကျစရိတ် အသက်သာဆုံးနည်းလမ်း ဖြစ်ပေသည်။ ထို့ကြောင့် သူသည် အချိန်ဖြုန်းမနေတော့ဘဲ သူ၏ ရုပ်သေးရုပ်များအား ချက်ချင်းပင် အဆင့်မြှင့်တင်နေလိုက်တော့သည်။
ထိုသို့ဖြင့် အချိန်များ ကုန်လွန်သွားပြီး သုံးလတိတိ ကုန်ဆုံးသွားပြန်သည်။
ဝမ်ပေါင်လဲ့တစ်ယောက် ရုပ်သေးရုပ် အရုပ်ခုနစ်ထောင်စလုံးအား အဆင့်မြှင့်တင်ကာ စစ်သင်္ဘော အစင်းရေတစ်ထောင်တိတိ ဖန်တီးတည်ဆောက် ပြီးသွားသည့် အချိန်တွင် သူ၏ သိုလှောင်အိတ်မှာ ကိုးဆယ်ရာခိုင်နှုန်းခန့် ပြောင်သလင်းခါသွားပြီ ဖြစ်သည်။ ထိုသို့ဖြင့် သူသည် သဲ့ခွန်းကျိ၏ အကူအညီများနှင့်အတူ လူတစ်ယောက်တည်းသာပါသော စစ်တပ်ကြီးတစ်ခုအား ဖန်တီးနိုင်ခဲ့၏။
” ဒီလောက်နဲ့ မရသေးဘူး။ အသက်ကယ်ပညာရပ်တစ်ခု လိုသေးတယ် ” ဝမ်ပေါင်လဲ့မှာ သူ၏ ရုပ်သေးရုပ်များနှင့် စစ်သင်္ဘောကြီးများကို သိမ်းဆည်းလိုက်ပြီးနောက် ဥက္ကာပျံကြီး၏ အထက်တွင်ရပ်ကာ သူ၏ရှေ့တွင်ရှိနေသည့် စကြဝဠာကြီးအား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် လှစ်ခနဲလှုပ်ရှားကာ အာကာသကြီးထဲသို့ ဝင်ရောက်သွားလိုက်တော့သည်။
သူ လမ်းတစ်ဝက်သို့ ရောက်သွားချိန်တွင် သူ၏ ပုံပန်းသွင်ပြင်မှာ ချက်ချင်းဆိုသလိုပင် ပြောင်းလဲသွား၏။ သူသည် ပြည်သူပိုင်နယ်မြေထဲသို့ ရောက်သွားချိန်တွင် ကျိုးရိရှန်အဖြစ်သို့ ပြောင်းလဲလိုက်ခြင်းဖြစ်၏။ သူ ထိုသို့ပြောင်းလဲလိုက်ရသည့် အကြောင်းအရင်းမှာ တစ်ဖက်တွင် သူ့အား မည်သူမှ ခြေရာခံမလိုက်နိုင်ရန် ဖြစ်သလို အခြားတစ်ဖက်တွင်မူ နဂါးနက်တပ်ရင်းမှာ သူ့အား အလိုရှိစာရင်းထဲ၌ ထည့်ထားကြောင်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ ထုတ်ပြန်ကြေညာထားသည်ဟု သဲ့ခွန်းကျိက သတိလှမ်းပေးခဲ့သောကြောင့် ဖြစ်ပေသည်။
” ငါ့ရဲ့ အသက်ကယ်ပညာရပ်က နတ်ဆိုးတစ်သောင်းမျက်လုံးရဲ့ အစွမ်းကို အသုံးပြုပြီး ထာဝရကြယ်ကြီးရဲ့ ဘေးကိုရောက်အောင် တည်နေရာပြောင်းရွှေ့ဖို့ပဲ ”
” အဲတာကြောင့်မလို့ ငါ နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ် အသုံးပြုခွင့်ကို ဝယ်ထားမှ ဖြစ်မယ် ”
ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ထိုသို့ရေရွတ်လိုက်ပြီး အရှိန်မြှင့်တင်လိုက်၏။ သူ ဦးတည်သွားနေသည့် နေရာမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ထာဝရကြယ် ရှိနေသောနေရာ ဖြစ်ပေသည်။
သူသည် ထိုအတွေးအား ယခုမှ ကောက်ကာငင်ကာ တွေးမိသွားခြင်းမဟုတ်ပေ။ သူ ဥက္ကာပျံကြီးပေါ်၌ အစီအစဥ်များ စတင်ရေးဆွဲနေခဲ့စဉ်ကတည်းက ထိုအတွေးမှာ သူ၏ခေါင်းထဲ၌ ပေါ်ပေါက်လာခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူသည် လွန်ခဲ့သည့် လအနည်းငယ်အတွင်းတွင် သဲ့ခွန်းကျိအား နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ်အကြောင်းနှင့် ပတ်သတ်၍ သွယ်ဝိုက်မေးမြန်းခဲ့၏။
ဝမ်ပေါင်လဲ့မှာ သူ၏မေးခွန်းများကို လိမ္မာပါးနပ်စွာ မေးမြန်းခဲ့သောကြောင့် သဲ့ခွန်းကျိမှာ သူ့အား သံသယ ဝင်နေခဲ့သည့်တိုင်အောင် အဖြေပြန်မပေးဘဲ မနေရဲခဲ့ပေ။ ထို့ကြောင့် လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းကို လုံးစေ့ပတ်စေ့ နားလည်ထားပြီ ဖြစ်သည်။
” အထူးလုပ်ပိုင်ခွင့်တစ်ခု ပိုင်ဆိုင်မထားဘူးဆိုရင် နတ်ဆိုးတစ်သောင်းမျက်လုံးကို ယဇ်ပူဇော်ခွင့် မရှိသလို အဲဒီပညာရပ်ကိုလည်း အသုံးပြုခွင့် မရှိဘူး။ လက်ရှိမှာ စစ်တပ်တွေကပဲ အဲဒီ လုပ်ပိုင်ခွင့်ကို ပိုင်ဆိုင်ထားကြတာ ”
ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ မြန်ဆန်နေသောကြောင့် သုံးရက်အတွင်းတွင် နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ထာဝရကြယ်ဆီသို့ ရောက်ရှိသွား၏။ သူသည် ထာဝရကြယ်ကြီးအား အဝေးမှ လှမ်းမြင်လိုက်ရသောအခါ ၎င်း၏ ကြောက်မက်ဖွယ်ရာ ဖိနှိပ်အားများကို ခံစားလိုက်ရသဖြင့် တစ်ခဏမျှ ရပ်တန့်သွား၏။ သို့သော် သူသည် အံကြိတ်ကာ ရှေ့သို့ ဆက်လက်ပျံသန်းသွားလိုက်ဆဲပင်။
သူ ထာဝရကြယ်ကြီး၏ အနီးသို့ ရောက်သွားသောအခါ ၎င်းဆီမှ ထွက်ပေါ်နေသည့် မြင့်မားသော အပူရှိန်ကြီးအား ခံစားလိုက်ရ၏။ ထို ထာဝရကြယ်ကြီး ထုတ်လွှတ်နေသည့် အဖျက်စွမ်းအားများကြောင့် ဝမ်ပေါင်လဲ့၏ ဝိညာဉ်မှာ တုန်ရီလာရတော့သည်။ သူသည် ရှေ့ဆက်မတိုးနိုင်တော့သည့် နေရာသို့ ရောက်သွားသောအခါ သူ၏ သိုလှောင်လက်ကောက်ထဲမှ အသိအမှတ်ပြု တံဆိပ်ပြားတစ်ခုကို ချက်ချင်းထုတ်ယူလိုက်၏။
၎င်းမှာ မဟာတောင်ထိပ်ဂိုဏ်းတပ်ရင်းအား ကိုယ်စားပြုသော တံဆိပ်ပြား ဖြစ်ပေသည်။ ဝမ်ပေါင်လဲ့မှာ ၎င်းအား ထုတ်ယူလိုက်ပြီးနောက် သဲ့ခွန်းကျိ ပြောခဲ့သည့်အတိုင်း မန္တန်လက်ကွက်များ ဖော်ကာ ထိုတံဆိပ်ပြားအား အသက်သွင်းလိုက်၏။ ထို့နောက် သူသည် ထာဝရကြယ်ကြီးအား စိုက်ကြည့်ကာ အသံအကျယ်ကြီးဖြင့် အော််ပြောလိုက်တော့သည်။
” မဟာတောင်ထိပ်ဂိုဏ်းရဲ့ ဒုခေါင်းဆောင်ကြီး လုံနန်ကျစ် နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ်ကို အသုံးပြုနိုင်ဖို့ ခွင့်တောင်းပါတယ် ”
ဝမ်ပေါင်လဲ့ ထိုသို့ဆိုလိုက်သောအခါ ထာဝရကြယ်ကြီးမှာ များများစားစား ပြောင်းလဲသွားသည့်ပုံ မပေါ်ပေ။ သို့သော် ၎င်း၏ အတွင်းပိုင်းထဲရှိ မြင့်မားသော အပူချိန်မှာ မတည်မငြိမ် ဖြစ်သွားရသည်။ ဝမ်ပေါင်လဲ့မှာမူ စိတ်မရှည်သည့် အမူအရာဖြင့် နှုတ်ဆိတ်ကာ ဆယ့်ငါးမိနစ်ခန့် စောင့်ဆိုင်းနေလိုက်၏။ ထိုအချိန်တွင် သူသည် ထာဝရကြယ်ကြီးပေါ်၌ အနက်ရောင် အစက်အပြောက်တစ်ခု ဖြည်းဖြည်းချင်း ပေါ်လာသည်ကို သတိထားမိလိုက်တော့သည်။
ထို အစက်အပြောက်လေးမှာ ချက်ချင်းဆိုသလိုပင် အရွယ်အစား ကြီးမားလာ၏။ ထို့နောက် ထာဝရကြယ်ထဲ၌ အိပ်မောကျနေသည့် အသိစိတ်ကြီးတစ်ခု နိုးထလာသည့်ပုံပင်။ ထို အနက်ရောင် အစက်အပြောက်ကြီး အရွယ်အစားတစ်ခုအထိ ကြီးမားလာသောအခါ ဧရာမ မျက်လုံးကြီးတစ်လုံးမှာ ထာဝရကြယ်ကြီး၏နေရာ၌ အစားထိုးဝင်ရောက်လာပြီး စကြဝဠာကြီးထဲ၌ ပေါ်ပေါက်လာတော့သည်။
၎င်းမှာ ထာဝရကြယ်ကြီး၏ မျက်လုံး ဖြစ်ပေသည်။
၎င်းမှာ နတ်ဆိုးတစ်သောင်းမျက်လုံး ဖြစ်ပေသည်။
ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရပြီး သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးပညာရပ်မှာ အလိုအလျောက် အသက်ဝင်လာ၏။ ထို့နောက် ယခင်တုန်းက ပေါ်ပေါက်လာခဲ့ဖူးသည့် စိတ်ဆန္ဒကြီးမှာ အရှိန်အဟုန်ဖြင့် ပေါက်ကွဲထွက်ပေါ်လာပြန်သည်။
” ပြီးရင် ငါ့ရဲ့ နတ်ဘုရားအာရုံကို နတ်ဆိုးတစ်သောင်းမျက်လုံးနဲ့ ပေါင်းစည်းပြီး သဘောတူညီချက်တစ်ခု ယူရမယ် ” ဝမ်ပေါင်လဲ့မှာ အလွန်အင်မတန်မှ စိတ်လှုပ်ရှားနေ၏။ သို့သော် သူသည် သဲ့ခွန်းကျိမှာ မည်သည့်အချက်အလက်ကိုမှ ထိမ်ချန်ခဲ့ခြင်းမရှိဘဲ သူ့အား အကုန်လုံး ပြောပြခဲ့သည်ဖြစ်ကြောင်း သေချာနေပါသော်လည်း သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒကြီးကြောင့် ရပ်တန့်သွားရဆဲပင်။
သို့သော် သူသည် အချိန်အကြာကြီး ရပ်တန့်သွားခြင်းမရှိဘဲ မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ နတ်ဘုရားအာရုံအား ထုတ်လွှတ်ကာ ၎င်းအား သူ၏ရှေ့တွင်ရှိနေသည့် ထာဝရကြယ်မျက်လုံးထဲ၌ နိုးထလာသော အသိစိတ်ကြီးဆီသို့ စေလွှတ်လိုက်တော့သည်။
သူသည် သူ၏ အသိစိတ်အား နတ်ဆိုးတစ်သောင်းမျက်လုံး၏ အသိစိတ်နှင့် အပြည့်အဝ ပေါင်းစည်းခဲ့ခြင်းမရှိဘဲ အပေါ်ယံမျှသာ ချိတ်ဆက်ထား၏။ သို့သော်လည်း သူသည် သဘောတူညီချက်တစ်ခု ရသွားသောကြောင့် တစ်ခေါင်းလုံး ထူပူသွားရဆဲပင်။ ထိုအချိန်တွင် နတ်ဆိုးတစ်သောင်းမျက်လုံးထဲမှ အနက်ရောင်မီးခိုးငွေ့များ ထွက်ပေါ်လာကာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အား ရစ်ပတ်သွားပြီး သူ့အား တစ်ကြိမ် တည်နေရာပြောင်းရွှေ့ခွင့် ပြုလိုက်တော့သည်။
သဲ့ခွန်းကျိ၏ ပြောစကားများအရဆိုလျှင် ယခုတွင် ဤ လုပ်ငန်းစဉ်ကြီးတစ်ခုလုံးမှာ ပြီးဆုံးသွားတော့မည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာလည်း သူ၏ နတ်ဘုရားအာရုံအား ပြန်လည်ရုပ်သိမ်းနိုင်သွားပြီ ဖြစ်သည်။ ထိုအချိန်တွင် နတ်ဆိုးတစ်သောင်းမျက်လုံး၏ အသိစိတ်ကြီးမှာလည်း ဖြည်းဖြည်းချင်း လွင့်ပါးပျောက်ကွယ်သွားနေပြီ ဖြစ်သလို ထာဝရကြယ်ကြီးအဖြစ်မှ အသွင်ပြောင်းလဲသွားခဲ့သည့် မျက်လုံးကြီးမှာလည်း မှုန်ဝါးဝါးဖြစ်လာပြီး ပြန်လည် အိပ်မောကျသွားတော့မည့် ပုံပင်။
ဝမ်ပေါင်လဲ့မှာ အရားအားလုံး ပြီးဆုံးသွားတော့မည်ဖြစ်ကြောင်း သိလိုက်ရသောအခါ အမူအရာ ပြောင်းလဲသွား၏။ သူသည် တစ်ခုခုမှာ လွဲနေသည်ဟု ခံစားနေရခြင်းဖြစ်သည်။ အထူးသဖြင့် သူ၏ ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒကြီးကြောင့် သူသည် အသက်ရှူကြိမ် အနည်းငယ်ခန့် အတွေးများထဲ၌ နစ်မျောသွားရ၏။ ထို့နောက် နတ်ဆိုးတစ်သောင်းမျက်လုံးထဲရှိ အသိစိတ်အများစု လွင့်ပါးပျောက်ကွယ်သွားပြီး ထိုမျက်လုံးကြီး မှိတ်သွားတော့မည့်အချိန်တွင် သူသည် အံကြိတ်လိုက်တော့သည်။
” ဘာကို ကြောက်နေရမှာလဲကွာ။ အများဆုံး နောက်ထပ်ကိုယ်ပွားတစ်ခု ထပ်ပြီးတော့ ဖန်တီးလိုက်ရုံပဲကို ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးတော လိုက်ပြီးနောက် သူ၏ခန္ဓာကိုယ်ထဲရှိ နတ်ဆိုးမျက်လုံးပညာရပ်၏ စိတ်ဆန္ဒကြီးအား ထိန်းချုပ်မနေတော့ဘဲ အပြည့်အဝ ထုတ်လွှတ်လိုက်တော့သည်။
သူ သူ၏ နတ်ဆိုးမျက်လုံးပညာရပ်အား ထုတ်သုံးလိုက်သောအခါ ပြန်မှိတ်သွားတော့မည့်ဆဲဆဲ ဖြစ်နေသည့် ထာဝရကြယ်မျက်လုံးကြီးမှာ ရုတ်တရက်ဆိုသလို ပြန်ပွင့်လာ၏။
ထိုအခိုက်အတန့်တွင် လွင့်ပါးပျောက်ကွယ်သွားတော့မည့်ပုံ ပေါက်နေသည့် အသိစိတ်ကြီးမှာလည်း အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။
gg