ကျင့်ကြံခြင်းအဆင့် အတိုင်းအတာတစ်ခုအထိ ရောက်ရှိနေသည့် လူများထဲတွင် အခြားသူများနည်းတူ လိမ္မာပါးနပ်မှု မရှိကြသည့် လူအနည်းစုခန့် ရှိပါသော်လည်း ငတုံးငတ တစ်ယောက်မှ မပါကြပေ။ ချပ်ဝတ်တန်ဆာနက်တပ်ရင်းမှ ကျင့်ကြံသူအများစုသည် ဝမ်ပေါင်လဲ့၏ ကတိမှာ ရည်ရွယ်ချက်နှစ်ခုရှိကြောင်း နားလည်ထားကြ၏။ သူ ထိုကဲ့သို့ ကတိပေးခဲ့ရခြင်းမှာ တစ်ဖက်တွင် သူ့ကိုယ်သူ ကာကွယ်နိုင်ရန် ဖြစ်သလို အခြားတစ်ဖက်တွင်မူ ချပ်ဝတ်တန်ဆာနက်တပ်ရင်းနှင့် ခင်မင်ရင်နှီးသော ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ရန် ဖြစ်သည်။
တစ်စုံတစ်ယောက်အား ကျေးဇူးကြွေးတင်နေပါက ထိုသူနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်ရန်မှာ အလွန်အင်အင်မတန်မှ လွယ်ကူပေသည်။ ထိုအကြွေးအား ကုန်အောင် မဆပ်ခင်အချိန်အထိ ထို ဆက်ဆံရေးမှာလည်း တည်မြဲနေမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့မှာ ငယ်စဉ်ဘဝကတည်းက ထိုအချက်အား ကောင်းစွာနားလည်ထား၏။ ထို့ကြောင့်လည်း သူသည် တွေဝေတုံ့ဆိုင်းနေခြင်း မရှိဘဲ ထိုနည်းလမ်းအား ချက်ချင်း အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင် ထိုဆက်ဆံရေးကြောင့်လည်း သူသည် အရဲစွန့်ကာ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး၏ တပည့်အား သတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။
သူသည် ဒေါသထွက်နေခဲ့ပါသော်လည်း လုံးဝသည်းမခံနိုင်တော့သည့် အဆင့်အထိ ရောက်နေခဲ့ခြင်းတော့ မဟုတ်ပေ။ သို့သော် သူ၏ရှေ့တွင် အခွင့်အရေးတစ်ခု ပေါ်လာသည်ဖြစ်ရာ သူသည် ၎င်းအား လက်လွှတ်ခံ၍ မဖြစ်ပေ။ တစ်ချိန်ထဲမှာပင် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲ၌ နာမည်ရလိုပါက သူ၏အစွမ်းအစများကို လူအများသိအောင် ထုတ်ပြရန်လိုအပ်ပေသည်။
ထို့ကြောင့်လည်း သူသည် နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး၏ တပည့်အား ယခုလို ဒေါသတကြီးနှင့် သတ်ဖြတ်ပြလိုက်ခြင်း ဖြစ်သည်။
ဘေးပတ်ပတ်လည်ရှိ လူအုပ်ကြီး အံ့ဩတုန်လှုပ်သွားသည်ကို ကြည့်လျှင် ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ မှန်ကန်ကြောင်း သိနိုင်ပေသည်။ သို့သော် သူသည် သာမန် ချပ်ဝတ်တန်ဆာနက်တပ်ရင်း ကျင့်ကြံသူများ၏ တုံ့ပြန်မှုထက် ချပ်ဝတ်တန်ဆာနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ တုံ့ပြန်မှုအား ပို၍ စိတ်ဝင်စားနေ၏။
သူသည် သူလိုချင်သော တုံ့ပြန်မှုအား ချက်ချင်းဆိုသလိုပင် မြင်လိုက်ရသည်။
ဝမ်ပေါင်လဲ့တစ်ယောက် နောက်သို့ဆုတ်ခွာသွားစဉ် သူမ၏ တပည့်ရင်းအား ဆုံးရှုံးလိုက်ရသော နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာ အသံကုန်အော်ဟစ်မြည်တမ်းကာ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပနေသည့် မျက်ဝန်းတစ်စုံဖြင့် သူ၏နောက်သို့ ပြေးလိုက်လာ၏။ ထိုအချိန်တွင် သက်တံ့ရောင် လေပူဖောင်းထဲရှိ အနက်ရောင် နွားချေးပိုးကြီးပေါ်၌ ထိုင်နေသော အဘိုးကြီးမှာမူ ပထမဆုံးအကြိမ်အဖြစ် အထူးတဆန်းဖြစ်နေသည့် မျက်ဝန်းများဖြင့် ဝမ်ပေါင်လဲ့အား အဓိပ္ပါယ်ပါပါကြည့်ကာ ရယ်မောလိုက်တော့သည်။
” စိတ်ဝင်စားစရာပဲ ” သူသည် ထိုသို့ဆိုလိုက်ပြီးနောက် ညာဘက်လက်ကိုမြှောက်ကာ အနက်ရောင် နွားချေးပိုးကြီး၏ အခွံအား လက်ဖြင့် တို့ထိလိုက်၏။ ထိုအခါ ထို ဧရာမနွားချေးပိုးကြီးမှာ ချက်ချင်းဆိုသလိုပင် ခေါင်းမော့လာပြီး ပါးစပ်ဟကာ အော်ဟစ်မြည်တမ်းလိုက်တော့သည်။ ထို အော်ဟစ်သံကြီးမှာ သက်တံ့ရောင် လေပူဖောင်းအား ကျော်ဖြတ်သွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ ၎င်း၏ ပြင်းအားမှာ အလင်းတန်းများ၏ အပြင်ဘက်အထိ ပျံ့နှံ့သွားပြီး ဝမ်ပေါင်လဲ့နှင့် နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီး၏ ကြား၌ လေမုန်တိုင်းတစ်ခုအား ဖန်တီးပေးလိုက်တော့သည်။
ထို့ကြောင့် ထစ်ချုန်းသံများ ချက်ချင်းဆိုသလိုပင် ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး တုန်ရီသွားရ၏။ သို့သော် သူသည် အံကြိတ်ကာ အလင်းတန်းများ၏ အတွင်းပိုင်းထဲသို့ ပြန်ရောက်အောင် ဆုတ်ခွာသွားလိုက်သည်။ နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ အစွမ်းထက်ပါသော်လည်း သူမသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအစစ်တစ်ယောက် မဟုတ်ဘဲ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်တွင်သာ ရှိနေသေးသည်မဟုတ်ပါလော။ ထို့ကြောင့် သူမသည် ထိုလေမုန်တိုင်းကြီးကြောင့် အရှိန်လျော့ကျသွားရပြီး ဝမ်ပေါင်လဲ့တစ်ယောက် အလင်းတန်းများ၏ အတွင်းပိုင်းထဲသို့ ပြန်ရောက်သွားသည်ကို ငေးကြည့်နေရုံမှတစ်ပါး အခြား မတတ်နိုင်တော့ပေ။ သူမသည် မခံမရပ်နိုင်လောက်အောင် ခံစားနေရပြီဖြစ်ရာ ဒေါသတကြီး အော်ဟစ်မြည်တမ်းလိုက်၏။
သို့သော် ထို နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက် ဖြစ်ပေသည်။ သူမ၏ အမျက်ဒေါသများမှာ ရေဆူမှတ်အထိ ရောက်နေသည့်တိုင်အောင် သူမသည် ဝမ်ပေါင်လဲ့အား တစ်ချက်ပင် မကြည့်ဘဲ နောက်သို့လှည့်ကာ ထွက်ခွာသွား၏။
သူမ ထိုသို့ ထွက်ခွာသွားသည်ကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ ပို၍ပင် စိတ်ရှုပ်သွားရ၏။ အဘယ်ကြောင့်ဆိုသော ထိုကဲ့သို့သော လူများမှာ အမှန်တကယ် ရက်စက်ကြမ်းကြုတ်သည့် လူများဖြစ်ကြောင်း သူက သိထားသောကြောင့်ပင်။
” ဒီပြဿနာကြီးကို အမြန်ဆုံး ဖြေရှင်းဖို့လိုတယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး ရေရွတ်လိုက်၏။ ထို့နောက် သူသည် သူ၏အကြည့်ကို ပြန်လည်ရုတ်သိမ်းကာ ချပ်ဝတ်တန်ဆာနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးအား ဂါရဝပြုလိုက်တော့သည်။
” ကျွန်တော့်ကို ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ”
လေပူဖောင်းထဲတွင် ရှိနေသည့် အဘိုးကြီးမှာမူ ဝမ်ပေါင်လဲ့၏ စကားကို မကြားသည့်ပုံပင်။ သူသည် အောက်သို့ ပြန်၍လဲလျောင်းသွားပြီး မျက်လုံးများမှိတ်လိုက်၏။
ဝမ်ပေါင်လဲ့မှာမူ အမူအရာ ပြောင်းလဲသွားခြင်းမရှိဘဲ ထိုအဘိုးကြီးအား နောက်ထပ်တစ်ကြိမ်ထပ်၍ ဂါရဝပြုလိုက်ပြန်သည်။ ထို့နောက် သူသည် ရိုသေလေးစားမှု အပြည့်ရှိသော အမူအရာဖြင့် သူ့အား မျက်နှာမူရင်း တဖြည်းဖြည်းနှင့် နောက်သို့ဆုတ်ခွာသွားလိုက်၏။ ထိုသို့ဖြင့် သူသည် ပေတစ်သောင်းအကွာအထိ ရောက်ရှိသွားသည်။ ထိုအခါမှသာ သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
ထိုအချိန်တွင် ရှုဖေးကျိမှာ ဝမ်ပေါင်လဲ့၏ အပြုအမူများကို ကျေနပ်အားရသွားသည့် အမူအရာဖြင့် စကားလှမ်းပြောလိုက်၏။
” လုံနန်ကျစ်။ မင်း သုံးနှစ်အတွင်း နဂါးနက်ငါး အကောင်သုံးရာ လှူပေးဖို့ ကတိပေးထားတယ်နော်။ ငါ သေချာ မှတ်ထားတယ် ”
ဝမ်ပေါင်လဲ့မှာ ထိုစကားများကို ကြားလိုက်ရသောအခါ အသက်ရှူကြိမ် အနည်းငယ်ခန့် နှုတ်ဆိတ်သွား၏။ ထို့နောက် သူသည် ညာလက်သီးပေါ် ဘယ်လက်ဝါးတင်ကာ ရှုဖေးကျိအား ထပ်၍ အရိုအသေ ပေးလိုက်ပြန်သည်။ နောက်ဆုံးတွင် သူသည် ရိုသေလေးစားမှုအပြည့်ရှိသော လေသံဖြင့် ပြန်ပြောလိုက်၏။
” ကျွန်တော် နားလည်ပါတယ် ” သူသည် အားအင်နုံးချည့်နေသည့် အမူအရာဖြင့် ထိုသို့ဆိုလိုက်ပြီးနောက် သူ၏ရင်ဘတ်ကို လက်ဖြင့်ဖိကာ ဖြည်းဖြည်းချင်း ထွက်ခွာသွားလိုက်တော့သည်။ သူသည် ထာဝရဝိညာဉ်အဆင့် နတ်ဘုရားအာရုံများ လွှမ်းခြုံနေသည့် နယ်မြေကြီး၏ အပြင်ဘက်သို့ ရောက်သွားသောအခါမှ မျက်လုံးများမှေးသွားပြီး နောက်သို့လှည့်ကာ ချပ်ဝတ်တန်ဆာနက်တပ်ရင်း ရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။
” သုံးဆတောင် ပိုတောင်းရတယ်လို့။ ဒီ ချပ်ဝတ်တန်ဆာနက်တပ်ရင်း ခေါင်းဆောင်ကြီးက တော်တော်ကို ရက်စက်တာပဲ။ သူက ငါ့ကို ဒုက္ခမရောက်ရောက်အောင် လုပ်နေတာလားဟ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မျက်လုံးများ မှေးသွားရ၏။ အစတွင် သူသည် သူ၏ကတိအား ဖောက်ဖျက်ရန် စိတ်ကူးမရှိပေ။ အကယ်၍ အခွင့်သာပါက သူသည် နဂါးနက်ငါးများကို လှူကာ ချပ်ဝတ်တန်ဆာနက်တပ်ရင်းနှင့် ခင်မင်ရင်းနှီးသော ဆက်ဆံရေးတစ်ခုကို တည်ဆောက်ရန် ကြံရွယ်ထားသည်။
သို့သော် ရှုဖေးကျိ၏ စကားများကြောင့် သူသည် ထိုအတွေးများအား မေ့ပျောက်လိုက်ရပြီ ဖြစ်သည်။ သူသည် ချပ်ဝတ်တန်ဆာနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ အကြံအစည်များကို ရိပ်မိသွားပြီ မဟုတ်ပါလော။ သူသည် ဝမ်ပေါင်လဲ့၏ တန်ကြေးအား မြှင့်တင်ရန် ကြိုးစားနေခြင်း ဖြစ်သည်။ သို့မှသာ သူသည် ဝမ်ပေါင်လဲ့ သေဆုံးသွားပါက အမြတ်ပိုထုတ်နိုင်မည် ဖြစ်သည်။
” သုံးနှစ်လောက်အထိတောင် ခံမှာမဟုတ်ဘူးကွာ။ အများဆုံး တစ်နှစ်လောက်နေလို့မှ ငါ နဂါးနက်ငါးတွေကို ထုတ်မပေးနိုင်ဘူးဆိုရင် သူက ငါ နဂါးနက်တပ်ရင်းလက်ချက်နဲ့ သေသွားအောင် အကွက်ဆင်ပြီး နဂါးနက်တပ်ရင်းဆီက နစ်နာကြေး ပြန်တောင်းလောက်တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်နေရင်း အရှိန်လျော့ကျသွားခြင်း မရှိဘဲ ရှေ့သို့ဆက်လက်ပျံသန်းနေ၏။ သူ၏ ခရီးပန်းတိုင်မှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ် မဟုတ်ပေ။ သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲတွင် ကျင့်ကြံခြင်း လေ့ကျင့်နိုင်မည့် နေရာတစ်ခုကို လိုက်လံရှာဖွေနေခြင်း ဖြစ်သည်။
ထိုကဲ့သို့သော နေရာမျိုးအား ရှာဖွေရသည်မှာ မခဲယဉ်းပေ။ အသေးစားဂြိုဟ်လေးများနှင့် အချို့သော ဥက္ကာပျံများမှာ သင့်တော်သောနေရာများ ဖြစ်ကြပေသည်။
လဝက်တိတိ ကုန်ဆုံးသွားပြီးနောက် ဝမ်ပေါင်လဲ့မှာ သင့်တော်သော ဥက္ကာပျံတစ်လုံးအား ရှာတွေ့သွား၏။ သူသည် ၎င်းပေါ်တွင် တင်ပျဉ်ခွေထိုင်ချကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထိန်းညှိလိုက်သည်။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ် အနှံ့အပြားတွင် ခံစားနေရသည့် ဝေဒနာများကို ကြိတ်မှိတ်သည်းခံကာ သူ၏ရင်ဘတ်ပေါ်ရှိ သွေးရောင်ပုစဉ်းကြီး၏ ကျိန်စာအား ဖယ်ရှားပစ်လိုက်တော့သည်။ ထိုသို့ဖယ်ရှားလိုက်ပြီးနောက် သူသည် အစီအစဉ်များ စတင်ရေးဆွဲလိုက်၏။
” ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ ရာထူးအဆင့်အတန်းက နိမ့်ကျနေလို့ ငါက နဂါးနက်တပ်ရင်းရဲ့ အနိုင်ကျင့်ဗိုလ်ကျမှုတွေနဲ့ ချပ်ဝတ်တန်ဆာနက်တပ်ရင်းရဲ့ ခြိမ်းခြောက်မှုတွေကို ခံခဲ့ရတာ ” ဝမ်ပေါင်လဲ့မှာ ထိုဥက္ကာပျံပေါ်တွင် တင်ပျဉ်ခွေထိုင်ရင်း ခေါင်းမော့လာပြီး သူ၏ရှေ့တွင်ရှိနေသည့် စကြဝဠာကြီးအား စိုက်ကြည့်နေလိုက်၏။ ထို့နောက် သူသည် သူသည် သူ၏ ပတ်ပတ်လည်ရှိ မြေပြင်ကြီးအား လက်ဖြင့်ဆုပ်ကာ ကျောက်တုံးတစ်တုံးအား တူးထုတ်လိုက်ပြီးနောက် ၎င်းအား သူ၏လက်ထဲတွင် ဆော့ကစားနေလိုက်သည်။
” ငါ့ရဲ့ ပုံပန်းသွင်ပြင်ကို ပြောင်းရတာက မခက်ခဲပေမဲ့ အနာဂတ်မှာ အန္တရာယ်တွေနဲ့ ကြုံရနိုင်တယ်။ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို အချိန်တိုလေးအတွင်း မြှင့်တင်ဖို့ကလည်း မဖြစ်နိုင်ဘူး။ ဒါပေမဲ့… ဒီအခြေအနေကြီးကို ပြောင်းလဲပစ်နိုင်မယ့် နည်းလမ်းတစ်ခု ရှိပါသေးတယ် ”
” အဲတာက ကျော်ကြားမှုပဲ ” ဝမ်ပေါင်လဲ့မှာ သူ၏လက်ထဲတွင် ရှိနေသည့် ကျောက်တုံးလေးအား အားဖြင့် ညှစ်လိုက်သောအခါ ၎င်းမှာ တစ်စစီ ကြေမွသွား၏။ ထို့နောက် သူသည် မျက်ဝန်းများအရောင်လက်သွားတော့သည်။
” တကယ်လို့ ငါသာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက လူတိုင်းသိတဲ့ နာမည်ကျော်လူပုဂ္ဂိုလ်တစ်ယောက် ဖြစ်နေမယ်ဆိုရင် လက်ရှိအခြေအနေကြီး တစ်ခုလုံးကို ပြောင်းပြန်လှန်ပစ်နိုင်စွမ်း မရှိရင်တောင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ အာရုံကို ဖမ်းစားနိုင်တာနဲ့ ပြဿနာတွေ အကုန်လုံးကို ပြေလည်သွားအောင် ဖြေရှင်းနိုင်မှာပဲ ”
” အဓိက ပြဿနာက ငါလိုချင်တဲ့ အဆင့်အထိ တက်လှမ်းနိုင်အောင် ဘယ်လိုနည်းနဲ့ အာရုံဖမ်းစားရမလဲ ဆိုတဲ့အချက်ပဲ… လူတိုင်းကို အံ့ဩတုန်လှုပ်သွားစေနိုင်မယ့် ကိစ္စရပ်ကြီးတစ်ခုခု လုပ်ပြနိုင်မှ ရမယ် ”
” တစ်ယောက်တည်းနဲ့ စစ်တပ်ကြီးတစ်ခုလုံးကို နှိမ်နင်းပြတဲ့ လုပ်ရပ်မျိုးထက် ပိုပြီးတော့ အံ့သြဖို့ကောင်းတဲ့ လုပ်ရပ် ရှိပါဦးမလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်ဝန်းများ အေးစက်စွာတောက်ပသွား၏။ ထို့နောက် သူသည် သူ ပင်ပင်ပန်းပန်း ကြိုးစားတည်ဆောက်ခဲ့ရသည့် စစ်သင်္ဘောကြီးအား ဖျက်ဆီးပစ်ခဲ့ရသည့် အခိုက်အတန့်များ၊ နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး၏ လိုက်လံဖမ်းဆီးခြင်းကို ခံခဲ့ရသည့် အချိန်များနှင့် သူ သွေးရောင်ပုစဉ်းကြီး၏ ကျိန်စာအား မဖယ်ရှားနိုင်ခင် အချိန်အထိ ခံစားခဲ့ရသည့် နာကျင်မှုဝေဒနာများကို ပြန်၍ သတိရသွားသဖြင့် စိတ်ပိုင်းဖြတ်လိုက်တော့သည်။
” ငါ့ရဲ့ လက်ရှိ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် အဲလိုလုပ်နိုင်ဖို့အတွက် စစ်သင်္ဘောကြီးတွေ လိုအပ်တယ် ”
” အဆင့်မြင့် စစ်သင်္ဘောကြီးတွေ ဖြစ်နေစရာ မလိုဘူး။ အလိုအလျောက် ပေါက်ကွဲနိုင်စွမ်း ရှိနေရုံနဲ့တင် ရပြီ။ ပြီးရင် သူတို့ရဲ့ ပေါက်ကွဲမှုတွေ တစ်ခုနဲ့တစ်ခု ချိတ်ဆက်နေအောင်လို့ သူတို့ရဲ့ ကမ္ဗည်းစာလုံးတွေကို လိုသလို ပြောင်းလဲလိုက်ရုံပဲ… ဒီ စစ်သင်္ဘောကြီးတွေကို ထိန်းချုပ်နိုင်ဖို့ လူအင်အားအလုံအလောက် ရှိနေဖို့လည်းလိုတယ် ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှိတ်ကာ တစ်ခဏမျှ စဉ်းစားတွေးတောလိုက်ပြီးနောက် မျက်လုံးများ ပြန်ပွင့်လာ၏။
” ငါ့ရဲ့ ရုပ်သေးရုပ်တွေကို အသုံးပြုဖို့ အချိန်ကျပြီ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ဆုံးဖြတ်ချက်ချလိုက်ပြီးနောက် အချိန်ဆွဲမနေတော့ပေ။ ပထမဦးစွာ သူသည် သူ၏ ဘေးပတ်ဝန်းကျင်၌ မန္တန်အစီအရင်တစ်ခု တည်ဆောက်လိုက်၏။ ထို့နောက် သူသည် သူ၏သိုလှောင်လက်ကောက်အား ဖွင့်ကာ ၎င်းထဲမှ သိုလှောင်အိတ်ပေါင်းများစွာကို ထုတ်ယူလိုက်သည်။ ထို သိုလှောင်အိတ်များထဲတွင် သူ မဟာတောင်ထိပ်ဂိုဏ်းနှင့် ခရီးလှည့်လည်သွားလာခဲ့စဉ်တုန်းက လုယက်ခဲ့သော ပစ္စည်းများ ရှိနေ၏။
” ဒီလောက်နဲ့ မလုံလောက်သေးဘူး ” ဝမ်ပေါင်လဲ့မှာ သူ၏ ပစ္စည်းများကို အကဲခတ်လိုက်ပြီးနောက် ခေါင်းထဲ၌ အစီအစဉ်များရေးဆွဲကာ သူ၏ အသံလွှင့် ကျောက်စိမ်းပေလွှာအား အသုံးပြုလိုက်၏။ သူသည် သဲ့ခွန်းကျိဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ပေးပို့ကာ သူ့အား သူလိုအပ်သည့် ကုန်ကြမ်းပစ္စည်းများအားလုံးကို စုဆောင်းခိုင်းပြီး သူ့ဆီသို့ ပေးပို့ပေးရန် မှာကြားလိုက်ခြင်း ဖြစ်သည်။ ထို့နောက် သူသည် သဲ့ခွန်းကျိဆီသို့ စာရင်းတစ်ခု ပေးပို့လိုက်ပြီး ထိုပစ္စည်းများအား အခြားတစ်နေရာ၌ ဝယ်ယူရန် အမိန့်ပေးလိုက်သည်။
သဲ့ခွန်းကျိမှာ နတ်မျက်လုံးလူမှုအဖွဲ့အစည်း၏ ပင်မဂြိုဟ်ပေါ်သို့ ပြန်ရောက်နေပြီဖြစ်သည်။ အစပိုင်းတွင် သူသည် ကြောက်လန့်တကြား ဖြစ်နေခဲ့ရ၏။ ထို့နောက် သူသည် လုံနန်ကျစ်နှင့် နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးတို့၏ ကြားရှိ ပဋိပက္ခကြီး၏ အကြောင်းနှင့် ချပ်ဝတ်တန်ဆာနက်တပ်ရင်းပါ ထိုကိစ္စထဲ၌ ပါဝင်လာသည့်အကြောင်း ကြားသိလိုက်ရသောအခါ စိတ်အေးသွားခြင်းမရှိဘဲ ပို၍ပင် စိုးထိတ်လာရတော့သည်။ နဂါးနက်တပ်ရင်းနှင့် ချပ်ဝတ်တန်ဆာနက်တပ်ရင်း နှစ်ခုစလုံးမှာ သူ အနည်းငယ်လေးပင် အပြစ်မလုပ်ရဲသည့် စစ်တပ်ကြီးနှစ်ခု ဖြစ်ပေသည်။
ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ အမိန့်များကို လက်ခံရရှိလိုက်သောအခါ ဘေးကျပ်နံကျပ် အခြေအနေသို့ ရောက်သွားရတော့သည်။ နောက်ဆုံးတွင်မူ သူသည် အံကြိတ်ကာ ဝမ်ပေါင်လဲ့ ခိုင်းသည့်အတိုင်း ဆောင်ရွက်ပေးရန် ဆုံးဖြတ်လိုက်၏။
ထိုသို့ဖြင့် သုံးလဆိုသော အချိန်မှာ မျက်စိတစ်မှိတ်အတွင်း ကုန်ဆုံးသွားသည်။ ဝမ်ပေါင်လဲ့ ရှိနေသည့် ဥက္ကာပျံကြီး၏ ပုံပန်းသွင်ပြင်မှာ အပေါ်ယံတွင် ပုံမှန်အတိုင်း ရှိနေသည့်ပုံ ပေါ်ပါသော်လည်း ၎င်း၏ အတွင်းပိုင်းမှာမူ လုံးဝ ပြောင်းလဲသွားပြီဖြစ်သည်။ ထိုဥက္ကာပျံကြီး၏ အတွင်းပိုင်းမှာ ဟောင်းလောင်းပေါက်ကြီး ဖြစ်နေပြီး ထိုနေရာတွင် မီးပင်လယ်ကြီးတစ်စင်း တောင်လောက်နေ၏။ ၎င်း၏ အလယ်ဗဟိုတွင်မူ ဆံပင်များ ဖရိုဖရဲဖြစ်နေသည့် ဝမ်ပေါင်လဲ့ တစ်ယောက်တည်းသာမက အရွယ်အစား မျိုးစုံရှိသော ရုပ်သေးရုပ်ပေါင်း ထောင်ပေါင်းများစွာ ရှိနေကြသည်။
ထိုရုပ်သေးရုပ်များမှာ ထိုဥက္ကာပျံကြီးအား ဝင်ချည်ထွက်ချည်လုပ်ရင်း အလုပ်ရှုပ်နေကြ၏။ ထို ဥက္ကာပျံကြီးထဲတွင်မူ အလိုအလျောက် ပေါက်ကွဲမှုစွမ်းအား တစ်မျိုးတည်းကိုသာ ဦးစားပေးတည်ဆောက်ထားသည့် စစ်သင်္ဘောကြီးများကို အမြောက်အမြား ဖန်တီးသန့်စင်နေကြသည်။
” ဒီလောက်နဲ့ မရသေးဘူး။ နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးရာ။ ခဗျားကြီး နေနှင့်ပေါ့ ” ဝမ်ပေါင်လဲ့မှာ သူ၏ညာဘက်လက်ကို ဝှေ့ယမ်းကာ နောက်ထပ် ရုပ်သေးရုပ်သုံးရုပ်အား ထပ်၍ ထုတ်ယူလိုက်၏။ သူသည် ၎င်းတို့အား ဆောက်လုပ်ရေး လုပ်ငန်းများထဲ၌ နေရာချထားလိုက်ပြီးနောက် စစ်သင်္ဘောကြီးများအား ဆက်လက် သန့်စင်နေလိုက်ပြန်သည်။