လူတိုင်းက နက်ရွှေရောင် မူလချီတိုင်လုံးများ ကောင်းကင်ဘုံသို့ တိုင်အောင် မြင့်တက် နေသည်ကို သေချာ စူးစိုက် ကြည့်လိုက် ကြသည်။
ထိုမြင်ကွင်းက လူတိုင်းအတွက် မစိမ်းပေ။ သူတို့ ကောင်းကင်တံခါး အဆင့်သို့ ရောက်ရှိသည့် အချိန်တွေတုန်း ကလည်း ထိုတူညီသော အဖြစ်အပျက်မျိုး ဖြစ်ခဲ့လေသည်။
ကောင်းကင်တံခါးကို ဖြတ်၍ ချီများ တိုးထွက်ခြင်းလို့ သိကြပြီး ထိုချီအမြင့်ကို ပေဖြင့်တိုင်းတာ ကြသည်။
တစ်စုံတစ်ယောက်၏ ချီများက ပိုမိုမြင့်လေလေ မူလချီများ ပေများစွာ ရှိလေလေ ဖြစ်သည်။ ထို့ပြင် ထိုသို့ တိုင်းတာရာ၌ နောက်ထပ် အကြောင်းရင်းများလည်း ရှိသည်။ ဥပမာ… မူလချီရဲ့အဆင့်၊ ချီသိုလှောင်ခန်းရဲ့ အဆင့်…။
မူလချီများ ပိုမိုမြင့်မားခြင်းက အနာဂတ်မှာ သန်မာသည့် လူတစ်ယောက် အမြဲ ဖြစ်နေမည်ဟု ဆိုလိုရင်းတော့ မရှိပေ။ သို့ရာတွင် ပိုမိုသာလွန်ကာ ဦးဆောင်နိုင်စွမ်း ရှိစေမှာ ဖြစ်သည်။
ထိုအောင်မြင်မှုက လူတစ်ယောက်၏ အခြေခံ ခိုင်မာမှုကိုတော့ ကိုယ်စားပြု နိုင်ပေသည်။ တစ်စုံတစ်ယောက်က အခြေခံခိုင်မာကာ သန်မာလေလေ ကောင်းကင်တံခါး အဆင့်ကို ကျော်ဖြတ်သည့်အခါ သူ၏ မူလချီများက ပိုမို သာလွန် မြင့်မားလေလေ ဖြစ်သည်။
ဒီကောင်က အမှန်ပဲ ကောင်းကင်တံခါး အဆင့်ကို ရောက်သွားပြီပဲ…။
ပေလေးဆယ်ထက် ကျော်ရင် မဆိုးလှဘူးလို့ ပြောလို့ရတယ်…။
“ဒါပေမဲ့ ဒါက ဆက်မြင့်နေတုန်းပဲ…”
“အကန့်အသတ်ကို မကြာခင် ရောက်တော့မှာပါ…။
“……”
လူများစွာက တီးတိုးတီးတိုး ပြောနေကြစဉ်မှာပင် နက်ရွှေရောင်ချီများက တဖြည်းဖြည်း ဆက်၍ မြင့်တက်နေတုန်း ရှိသည်။ အသက် အနည်းငယ်ရှူစာ ကြာပြီး နောက်မှာ တီးတိုးပြောသံများ တိတ်ဆိတ်သွားပြီး လူတိုင်း၏ အမူအရာက ပြောင်းလဲ ကုန်ကြသည်။
ထိုနက်ရွှေရောင် ချီများက အမြင့်ပေ ၇ဝ ကို ကျော်လွန် လာခဲ့သည်။ ထိုအမြင့်က အခုရှိနေသည့် လူများထက် သာလွန် နေပြီ ဖြစ်သည်။
“ဟက် … သူက အရည်အချင်း နည်းနည်းတော့ ရှိသားပဲ…။ ဂူလင်း၏ လှပသော မျက်နှာလေးက အနည်းငယ် အေးစက်စက် ဖြစ်သွားသည်။ သူမ ကောင်းကင်တံခါး အဆင့်ကို ရောက်တုန်းက ဆိုလျှင် ပေ၇ဝ စွန်းစွန်းလေးသာ ရှိသည်။ ဇူယွမ်၏ ရလဒ်က အခုပင် သူမနှင့် ယှဉ်နိုင်နေပေပြီ”
ရှောင်ထျန်းရွှမ်က မည်သည့် မှတ်ချက်မှ မပြု။ သူ့မျက်လုံး အမူအရာက နက်ရွှေရောင် ချီတိုင်လုံးကြီးကို ကြည့်ပြီး တက်လိုက်ကျလိုက် ဖြစ်နေ၏။ သူ့စိတ်ထဲ၌ စိုးရိမ်ပူပန်မှုများ မြင့်တက် လာခဲ့တော့သည်။ သူက ထိုရွှေရောင် ချီတိုင်လုံးကြီးက မည်သည့် ယုတ်လျော့ မှေးမှိန်သည့် အရိပ်အယောင်မှ မပြဘဲ ဆက်လက် စုစည်းလျက် ရှိလာနေသည်ကို သတိထားမိခဲ့သည်။
သူ မျှော်လင့်ထား သလိုပင်။ ထိုနက်ရွှေရောင် ချီမြင့်တက် လာသည့်နှုန်းက လျော့ကျလာခြင်း မရှိဘဲ ထိုအစား ပိုတိုး၍ပင် လာနေသေးသည်။
ဝိုး…။ လူအများအပြား၏ အကြည့်များက အလွန် အံ့သြမှင်တက် နေကြသည်။
အသက် ဆယ်ခါရှူစာ ကြာပြီးနောက် နက်ရွှေရောင် ချီတိုင်များက ပေ၉ဝ ကျော်လာပြီး ပေ၁ဝဝ သို့ တန်းရောက် လာသည့်အတွက် ရှောင်ထျန်းရွှမ်၏ အသားအရေက ဖြူဖပ်ဖြူရော် ဖြစ်သွားသည်။
လူများစွာ၏ မျက်နှာများက စိတ်လှုပ်ရှားမှုကြောင့် နီရဲ တက်လာကြသည်။ ပေတစ်ရာ…။ ထိုရလဒ်က ထိပ်ဆုံးက ပါရမီရှင်များနှင့် ယှဉ်နိုင်နေပြီ ဖြစ်သည်။
“ဇူယွမ်က ထိုသို့သော အရည်အချင်းများကို အမှန်တကယ် ပိုင်ဆိုင် ထားတာလား…”
အောက်မှာ ကြည့်နေသော လူများထဲက တစ်ယောက်က သူ့နဖူးပေါ်ရှိ အေးစက်စက် ချွေးများကို သုတ်လိုက်ပြီး တိုးတိုး ပြောလိုက်သည်။ “ဒါက ပေ ၁ဝဝ ကို ရောက်နေနှင့်ကာ ဆက်ပြီး မြင့်နေဦးမဲ့ပုံပဲ”
ထိုနက်ရွှေရောင်ချီများက ပေ ၁ဝဝ ကို ရောက်သည်နှင့် ရုတ်တရက် အမြန်နှုန်းက မြင့်တက်လို့ သွားသည်။ တစ်ပေချင်း တစ်ပေချင်း မြင့်တက်နေရာမှ ချက်ချင်းပင် ၁ဝ ပေချင်း ထိုးတက်လို့ သွားသည်။ စွမ်းအင်လှိုင်းများက တစ်လှိုင်းပြီးတစ်လှိုင်း မရပ်တန့်တော့မည့် အတိုင်း တောင် တစ်တောင်လုံးကို ဖြတ်သန်း သွားနေသည်။
ထိုအခါ ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့၏ အမူအရာများက ပို၍ ပို၍ ရုပ်ဆိုးလာသည်။
ပေ ၁၃ဝ၊ ပေ ၁၅ဝ၊ ပေ ၂ဝဝ…။
အချိန်ခဏလေး အတွင်းမှာပင် နက်ရွှေရောင် ချီတိုင်လုံးကြီးက ပေ ၂ဝဝ လောက်ထိ မြင့်တက်လို့ သွားသည်။
နေရာတစ်ခုလုံး တိတ်ဆိတ်လို့သွားပြီး လူတိုင်း၏ မျက်နှာများက မယုံကြည်နိုင် ဖြစ်နေကြသည်။
ခုထိ မရပ်တန့် နိုင်သေးဘူးလား…။ နက်ရွှေရောင် ချီတိုင်လုံးကြီးကို ကြည့်နေသည့်ထဲမှ တစ်ယောက်က ထိတ်လန့်စွာ အော်ဟစ်မိလိုက်သည်။ ”ဒီကောင်က တကယ့်ကို မွန်းစတားပဲ…” ထိုသို့သော ချီတိုင်လုံးကို ပေ၂ဝဝ ထိရောက်သည့် လူများက ကန်မင်ကုန်းမြေကြီး တစ်ခုလုံး၌ပင် လက်တစ်ဖက်စာပင် ပြည့်မည် မဟုတ်ချေ။
ထိုကဲ့သို့သော ပါရမီရှင်များ၏ နာမည်က ကန်မင်ကုန်းမြေ တစ်ခုလုံးတွင် ထင်ရှား ကျော်ကြားကြသူများပင် ဖြစ်သည်။
ကြည့်နေသော လူများက ထိုနက်ရွှေရောင် ချီတိုင်လုံးများက ဆက်၍ မြင့်တက်နေသည်ကို ကြည့်ရင်း တုန်လှုပ်မိလို့ လာကြသည်။ နောက်ဆုံးမှာတော့ ၎င်းက အကန့်အသတ်သို့ ရောက်လာပြီး ၄၈၄ ပေ၌ ရပ်တန့်လို့ သွားသည်။
၄၈၄ ပေ…။
တောင်တစ်ခုလုံးက အသက်မရှိတော့သလို တိတ်ဆိတ်လို့ သွားသည်။
လူတိုင်းက ချွေးပြန် ကုန်ကြသည်။ သူတို့အားလုံးက ထိုသို့သော အမြင့်ကို ရောက်သည့်လူကို တစ်ခါမျှ မကြားဘူးချေ။
ဒီလို အောင်မြင်မှု အမြင့်ထိ ရောက်ရန် မူလ ချီဘယ်လောက်တောင်များ လိုလိုက်မလဲ…။
ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူ တစ်ယောက်ပင် ထိုသို့ မပြုလုပ်နိုင်ချေ။ သို့သော် ဇူယွမ်က ကောင်းကင်တံခါး အဆင့်ကို ရောက်ခါစနှင့်ပင် ဤကဲ့သို့ စွမ်းဆောင် နိုင်နေခြင်းပင် ဖြစ်သည်။
ပြောလို့ရသည်မှာ ကောင်းကင်တံခါးစဦး အဆင့်မှာ ဇူယွမ် ပိုင်ဆိုင်ထားသည့် ချီပမာဏက ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူများထက် နည်းပါးခြင်း မရှိပေ။
“ဒီကောင် ဘယ်လို လုပ်လိုက်တာလဲ…”
ရှောင်ထျန်းရွှမ်၏ ပုံစံက အလွန်ပင် ဒေါသထွက်ကာ ရုပ်ဆိုးလျက် ရှိနေသည်။ ပြီးခဲ့သည့် အချိန် တစ်လျှောက်လုံး သူ့မျက်လုံးထဲ၌ ဇူယွမ်ကို ဘယ်တုန်းကမှ အထင်ကြီးခဲ့ခြင်း မရှိဘဲ ပြဿနာ နည်းနည်း ပေးနိုင်သည့် ကြွက် တစ်ကောင်လောက်သာ ထင်မြင် နေခဲ့ခြင်း ဖြစ်၏။
အခုတော့ … ထိုကြွက်လေးက ရှောင်ထျန်းရွှမ်အား သူတို့ နှစ်ယောက်ကြား မည်မျှ ကွာခြားကြောင်း ရှင်းရှင်းလင်းလင်း ပြသပြီး ဖြစ်သည်။
၄၈၄ပေ ဟူသည့် ရလဒ်က ဝူဟောင်ထက် အမှန်ပင် သာလွန်နေသည်။
ဂူလင်းက အံတင်းတင်း ကြိတ်လိုက်မိသည်။ ဇူယွမ်၏ ထိုသို့ လွှမ်းမိုးနိုင်စွမ်းရှိမှုကို သူမက မမြင်ချင်သည်မှာ ရှင်းလင်းစွာ သိနိုင်ပေသည်။ ထို့အတွက် သူမ နှလုံးသားက စိုးရိမ် ထိတ်လန့် မိနေတုန်းပင်။ သူမက မျက်စိရှေ့မှာ ရှိနေသော မြင်ကွင်းကြောင့် ဇူယွမ်၏ အနာဂတ်ဟာ အကန့်အသတ် မရှိကြောင်း သဘောပေါက် မိသည်။ သူ့အရည်အချင်းများက ခန့်မှန်းလို့ပင် ရနိုင်မည် မဟုတ်ချေ။
ဂူလင်း၏ ဘေးနားရှိ ရှောင်ထျန်းရွှမ်က အေးစက်စက် ပြောလိုက်သည်။
”သူ… သေကို သေရမယ်…”
သူ့အသံတွင် ပါဝင်နေသော အသတ်အဖြတ် စိတ်ဆန္ဒက ဂူလင်းကိုပင် အနည်းငယ် တုန်ရီစေ၏။
သူမက ခေါင်းလှည့်ကြည့် လိုက်သည့်အခါ ရှောင်ထျန်းရွှမ်၏ အမူအရာမှာ တည်ငြိမ်နေသည်ကို တွေ့ရ၏။ သို့ရာတွင် ဂူလင်းက ရှောင်ထျန်းရွှမ်၏ မျက်လုံးထဲ၌ ကြောက်ရွံ့မှုတချို့ ဖြတ်ပြေး သွားသည်ကို ရှင်းလင်းစွာ မြင်လိုက်ရသည်။ ထိုကြောက်ရွံ့မှုများ အစား ရက်စက်မှုများ အစား ဝင်လာခဲ့သည်။
ပြီးခဲ့သည့် အချိန်များက ရှောင်ထျန်းရွှမ်သည် ဇူယွမ်အား ကြွက်တစ်ကောင် လောက်သာ ရှိသည်လို့ ထင်နေခဲ့ပြီး အခုချိန်မှာတော့ သူက ထိတ်လန့်လို့ လာမိသည်။ အလွန် စိုးရိမ် ကြောက်လန့်လို့ပင် လာမိလေသည်။
ကောင်းကင်တံခါး အဆင့်သို့ ရောက်သည်နှင့် ဇူယွမ်က မူလချီများကို ၄၈၄ပေ ထိရောက်ရှိအောင် ထုတ်လွှင့်နိုင် နေခြင်းက သူ၏ ခိုင်မာသော အခြေခံ အုတ်မြစ်နှင့် အရည်အချင်း တို့ကို သက်သေပြပြီး ဖြစ်၏။ ထိုသို့သော စွမ်းဆောင်ရည် ရှိသူတစ်ယောက်က အနာဂတ်မှာ အံ့သြဖွယ် အရာများကို လုပ်ပြနိုင်စွမ်း ရှိလာပေလိမ့်မည်။
ထို့အတွက် သည်လူက ရှောင်ထျန်းရွှမ်နှင့် သူတော်စင် အကြွင်းအကျန် မြို့အတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာပေတော့မည်။ ရန်ကြွေးက အစောကတည်းက ရှိနှင့်နေပြီး ဖြစ်သည့်အတွက် သူက ဤကဲ့သို့သော လူမျိုးကို မကြီးထွားလာခင်ထဲက အမြစ်ဖြတ် ထားရပေမည်။
“ဇူယွမ်ကို သတ်နိုင်တဲ့ ဘယ်သူမဆို မူလ သလင်းကျောက် ငါးသန်း ပေးမယ်…” ရှောင်ထျန်းရွှမ်၏ အသံက ကျယ်လောင်စွာ ထွက်ပေါ်လို့ လာသည်။
ဒီဧရိယာမှာ ရှိနေသည့် လူတိုင်း၏ မျက်လုံးများက လောဘများဖြင့် ပြည့်နှက်လို့ လာသည်။ မူလသလင်းကျောက် ငါးသန်း ဆိုသည်မှာ သေးငယ်လှသည့် ပမာဏတစ်ခု မဟုတ်ပေ။ ကြည့်ရသည်မှာ ရှောင်ထျန်းရွှမ်၏ ဇူယွမ်အား သတ်ဖြတ်ချင်စိတ်က အထိတ်အထိပ်သို့ ရောက်နေပြီ ဖြစ်သည်။
လူ အမျာအပြားက ရှောင်ထျန်းရွှမ်၏ သွေးဆောင် ဖြားယောင်းခြင်းကို ခံလိုက်ရသည်။ သို့ရာတွင် ရှောင်ထျန်းရွှမ်နှင့် ဇူယွမ်တို့၏ ရန်ကြွေးကြားမှာ ကြားမဝင်လိုသည့် လူအနည်းငယ်လည်း ရှိသေးသည်။
ဇူယွမ်က ချီစုဆောင်းမှု အဆင့်မှာ ရှိနေသည့် ပမွှားကောင်သာ ဖြစ်နေသေးမည် ဆိုလျှင် သူတို့က ရှောင်ထျန်းရွှမ် ဘက်က ရပ်တည်ဖြစ်မှာ သေချာပေမဲ့ အခုက အခြေအနေ မတူတော့ပေ။
ဇူယွမ်က ကောင်းကင်တံခါး အဆင့်ကို ရောက်ရှိနေရုံ သာမက သူ၏ ထိတ်လန့်ဖွယ် အရည်အချင်း ကိုလည်း ဖော်ထုတ် ပြသပြီး ဖြစ်သည်။ ရုတ်တရက် ပမွှားကောင်က ကြီးမားသော ဝေလငါး ချက်ချင်း ဖြစ်သွားခြင်းပင်။
ပင်ကိုအားဖြင့် သည်လိုလူမျိုးကို ခုပင် သတ်ပစ်သင့် ပေသည်။ သို့သော် သူသာ လွတ်မြောက်ကာ ကြီးထွားခွင့် ပေးလိုက်မည် ဆိုပါက သူ၏ပြန်လည် လက်စားချေမှုကြောင့် ကပ်ဘေးတစ်ခု မလွဲမသွေ ဖြစ်ပွား သွားပေလိမ့်မည်။
သူတို့ မျိုးဆက်၌ ဇူယွမ်လို တည်ရှိမှုက သေချာပေါက် ထိပ်ဆုံးမှာ ရှိသည်။ အတွေးတချို့ တွေးပြီးနောက် လူတိုင်းက ဆုံးဖြတ်ချက် ကိုယ်စီ ချလိုက်သည်။
ပါဝင် မပတ်သက်သည့် လူများကို ကြည့်ရင်း ရှောင်ထျန်းရွှမ်က မျက်နှာမဲ့ သွားသည်။ သူ့မျက်လုံးထဲ၌ သတ်ဖြတ်လိုစိတ်များ မြင့်တက်လို့ လာသည်။ လူအချို့က ကျန်ရစ်နေတုန်းပင် ရှိပြီး သူတို့က အလျင်မလိုကြချေ။ အခြေအနေကို စောင့်ကြည့် နေကြခြင်း ဖြစ်သည်။
ထိုခဏ၌ တောင်ကြားထဲမှ ရှင်းလင်းသော အသံတစ်ခု ထွက်ပေါ် လာသည်။ ထိုအသံက ကောင်းကင်သို့ ထိုးတက်သွားပြီး တောင်ထိပ် တစ်ခုလုံး ကြေမွလို့ သွားသည်။ ထို့နောက် ပုံရိပ်တစ်ခုက ထိုအပျက်အစီးများ ပေါ်သို့ ဝုန်းခနဲ ဆင်းသက် လာသည်။
သူက ပျက်စီး ကြေမွနေသော တောင်ထိပ်ကို ခြေချလိုက်ပြီး အားပါးတရ အသက် ရှူသွင်းလိုက်သည်။
၄၈၄ ပေထိ ရောက်နေသာ နက်ရွှေရောင် မူလချီများက မြန်ဆန်စွာ ပြန်သေးငယ် သွားကာ ထိုလူငယ် သဏ္ဌာန်ပုံရိပ်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက် ပျောက်ကွယ် သွားသည်။ သူ့ခန္ဓာကိုယ်မှ စွမ်းအား ပြည့်ဝသော မူလချီများက တရှိန်ရှိန် ထွက်ပေါ်နေပြီး သူ့အနားရှိ လေထုပင် တုန်ခါလို့ နေသည်။
လူငယ်၏ အဝတ်အစားများက လေတိုက်၍ တဖျပ်ဖျပ် လွင့်နေပြီး သူက ရှောင်ထျန်းရွှမ် ရှိရာသို့ ဦးတည် ကြည့်လိုက်သည်။ ထိုသူက ဇူယွမ်ပင်။
သူက ရှောင်ထျန်းရွှမ်ကို စူးစိုက် ကြည့်လိုက်ပြီး သူ့မျက်နှာပေါ်၌ အပြုံးတစ်ခု ပေါ်လာသည်။
“မူလ သလင်းကျောက် ငါးသန်း ပမာဏ…။ ဒါက ငါ့ကိုတောင် ဆွဲဆောင်နိုင်ပြီး ငါ့ခေါင်းကို ငါ့လက်နဲ့ငါ ဖြတ်ပြီး မင်းကို ပေးချင်မိနေပြီ…”
ဇူယွမ်က လက်သီးကို တင်းကျပ်စွာ ဆုပ်ပြီး ဆက်ပြော လိုက်သည်။
“ဒါပေမဲ့ … ဒါကိုမတွေးခင် ငါတို့ရဲ့ အကြွေးကို အရင်ဆုံး ရှင်းရမယ့် အခြေအနေပဲ…”