ထိုစကားသံကြီးမှာ လူတစ်ယောက်တည်းဆီသို့ လှမ်းပြောလိုက်ခြင်းမဟုတ်ဘဲ အာကာသကြီးထဲ၌ ပဲ့တင်ထပ်သွားသည်ဖြစ်ရာ လူတိုင်းမှာ ၎င်းအား ကြားလိုက်ရ၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်နှာပျက်သွားပြီး မျက်လုံးများ မှေးသွားတော့သည်။ သူ့နေရာတွင် တခြားတစ်ယောက်ယောက်သာဆိုလျှင် စိုးရိမ်တုန်လှုပ်နေမည် ဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့မှာမူ နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးကိုသာ လှမ်း၍ ကြည့်လိုက်၏။ သူသည် လက်ရှိအခြေအနေကြီးအား ရိပ်စားမိသွားပြီ ဖြစ်သည်။
” ဒီ မိန်းမဆီမှာ ဝှက်ဖဲတွေ ရှိနေလောက်တယ်။ သူက အလဲအလှယ် လုပ်ချင်နေတဲ့ပုံ ပေါ်ပေမဲ့ တကယ်တမ်းက သူ့ရဲ့ သိက္ခာကို အဖတ်ဆယ်နိုင်ဖို့ ကြိုးစားနေတာပဲ။ အဲတာမလို့ သူက လူတိုင်းကြားရအောင် အခုလို အသံအကျယ်ကြီးနဲ့ အော်ပြောလိုက်တာ…. သူသာ တကယ် အလဲအလှယ် လုပ်ချင်တယ်ဆိုရင် အသံလွှင့်အကြောင်းကြားစာနဲ့ပဲ လှမ်းပြောမှာပေါ့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ ခန့်မှန်းလိုက်၏။ ထာဝရဝိညာဉ်အဆင့်အထိ ရောက်နေပြီဖြစ်သော စစ်တပ်ခေါင်းဆောင်ကြီးမှာ ငတုံးငအတစ်ယောက် မဖြစ်နိုင်ပေ။
ဝမ်ပေါင်လဲ့မှာ ထိုသို့ တွေးမိလိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် လက်ရှိအခြေအနေကြီးအား အသုံးချကာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲမှ အစွမ်းအထက်ဆုံးသော တပ်ရင်းတစ်ခုနှင့် ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်လောက်သည်ဖြစ်ကြောင်း တွေးမိနေသည်။
” ငါ ဒီနေ့ အများကြီး ဆုံးရှုံးခဲ့ရပြီးပြီ။ ငါ့ရဲ့ နှလုံးသားထဲမှာ ခံစားနေရတဲ့ မကျေနပ်ချက်တွေကို ဘယ်သူ့ပေါ်မှာမှလည်း ပုံချလို့ ရမှာမဟုတ်ဘူး။ အဲတာမလို့… မီးစဉ်ကြည့်ကပြီးတော့ သင့်တော်တဲ့ အဖွဲ့အစည်းတစ်ခုခုကို ဖားနိုင်ဖို့ ကြိုးစားရမှာပဲ ” ဝမ်ပေါင်လဲ့၏ ခေါင်းထဲ၌ အတွေးမျိုးစုံ ပေါ်ပေါက်လာပြီဖြစ်သည်။
ထို့နောက် ချပ်ဝတ်တန်ဆာနက်တပ်ရင်း၏ ခေါင်းဆောင်ကြီး အကြောင်းမပြန်နိုင်ခင်မှာပင် သူသည် ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူကာ သူ၏ နတ်ဘုရားအာရုံအား ၎င်းထဲသို့ ထည့်သွင်းလိုက်၏။ ထို့နောက် သူသည် ၎င်းအား လေပေါ်သို့မြှောက်ကာ အော်ပြောလိုက်တော့သည် ” အစ်ကိုကြီးရှုဖေးကျိခဗျား။ ညီလေးလုံနန်ကျစ်ရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ကျွန်တော် ကျေးဇူးပြန်ဆပ်တဲ့အနေနဲ့ နဂါးနက်ငါး အကောင်တစ်ရာတိတိကို ချပ်ဝတ်တန်ဆာနက်တပ်ရင်းဆီ လှူပါ့မယ်။ သုံးနှစ်အတွင်းမှာ အကောင်တစ်ရာပြည့်အောင် လှူဖို့ ကျွန်တော် ကတိပေးပါတယ် ”
သူသည် စစ်သင်္ဘောကြီးများအားလုံး ကြားရအောင် အော်ပြောလိုက်ခြင်းဖြစ်ပြီး ၎င်းအား ” လှူတန်းမှု ” တစ်ခုဟု သုံးနှုန်းလိုက်သည် မဟုတ်ပါလော။ သို့ဖြစ်ရာ သူ၏ ကမ်းလှမ်းချက်မှာ နဂါးနက်တပ်ရင်း၏ ကမ်းလှမ်းချက်ထက် ပို၍သာလွန်နေတော့သည်။
ထို့ကြောင့် ချပ်ဝတ်တန်ဆာနက်တပ်ရင်းမှ ကျင့်ကြံသူများမှာ ဝမ်ပေါင်လဲ့အား နောက်ထပ်တစ်ကြိမ် ထပ်၍ အကဲခတ်မိလိုက်ကြ၏။ သက်တံ့ရောင် လေပူဖောင်းထဲရှိ အနက်ရောင် ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသော နွားချေးပိုးကြီးပေါ်တွင် ထိုင်နေသည့် ခေါင်းဆောင်ကြီးပင်လျှင် သူ့အား မျက်စောင်းထိုး၍ လှမ်းကြည့်ကာ ပြုံးမိသွားသည်။ ထို့နောက် သူသည် နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီး ရှိရာဘက်သို့ အထင်သေးသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်ကာ တည်ကြည်စွာဆိုလိုက်တော့သည်။
” ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်မှာ ရှိနေပြီး နဂါးနက်တပ်ရင်းရဲ့ ခေါင်းဆောင်ကြီးတစ်ယောက်ဖြစ်တဲ့ ကျင့်ကြံသူတစ်ယောက်က ငါတို့ရဲ့ လက်အောက်ခံဂိုဏ်းထဲက အမည်မသိ ကျင့်ကြံသူလေး တစ်ယောက်လောက်တောင် လိမ္မာပါးနပ်မှု မရှိပါလား။ နင် တကယ်ပဲ ဒီကောင်လေးရဲ့ အသက်ကို လိုချင်ရင် နဂါးနက်ငါး အကောင်တစ်ရာနဲ့ ကမ်းလှမ်းလေ ”
ထိုအခါ အမျိုးသမီးကျင့်ကြံသူမှာ ချက်ချင်းဆိုသလိုပင် မျက်စိမျက်နှာပျက်သွားပြီး ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်နေလိုက်တော့သည်။ နဂါးနက်ငါးမှာ အလွန်အင်မတန်မှ တမူထူးခြားသည့် သက်ရှိတစ်မျိုး ဖြစ်ပေသည်။ ၎င်းတို့မှာ အရွယ်ရောက်လာပါက ဇီဝစစ်သင်္ဘောကြီးများအဖြစ် ပြောင်းလဲသွားကြသည်သာဖြစ်သည်။ ထို့အပြင် အရွယ်မရောက်သေးသည့် ငါးများကိုလည်း အခြား ဇီဝစစ်သင်္ဘောကြီးများ တည်ဆောက်ရာတွင် ကုန်ကြမ်းပစ္စည်းများအဖြစ် အသုံးပြုနိုင်၏။ ၎င်းတို့မှာ စစ်သင်္ဘောကြီး၏ အစွမ်းများကို မြှင့်တင်ရာတွင် အလွန်အင်မတန်မှ အသုံးဝင်ပေသည်။ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာ နဂါးနက်ငါးများအား ဖမ်းဆီးနိုင်သည့် နည်းလမ်းများကို လက်ဝါးကြီးအုပ် သိမ်းပိုက်ထားကြသည်ဖြစ်ရာ ထိုဂိုဏ်းမှ မဟုတ်ပါက ၎င်းတို့အား ဖမ်းဆီးနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဥ်းပေသည်။ ထို့ကြောင့်လည်း နဂါးနက်ငါးတစ်ကောင်၏ တန်ကြေးမှာ အဖိုးမဖြတ်နိုင်လောက်အောင် မြင့်မားနေခြင်းဖြစ်၏။
ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာ ထိုငါးများအား တစ်ကောင်၊ နှစ်ကောင်ခန့် ထုတ်ပေးရသည်ကို တွက်ကတ်နေမည် မဟုတ်ပါသော်လည်း အကောင်တစ်ရာလောက်ကိုမူ အလွယ်တကူ ထုတ်ပေးမည် မဟုတ်ပေ။ သူမသည်လည်း ထိုပမာဏလောက်အထိ ပိုင်ဆိုင်ထားနိုင်မည်မဟုတ်ပေ။ အကယ်၍ သူမသည် အခြားသူများဆီမှ ချေးငှားနိုင်လျှင်တောင် ၎င်းတို့အား လက်ဆောင်ပေးလိုက်မည်ဆိုပါက ဂိုဏ်း၏စည်းမျဉ်းများကို ချိုးဖောက်နေသကဲ့သို့ ဖြစ်နေမည်သာ ဖြစ်သည်။
ဝမ်ပေါင်လဲ့၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ သူမသည် သူ၏အသက်ကို လိုချင်နေပါသော်လည်း သူ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲသို့ ထွက်ပြေးလွတ်မြောက်သွားသည့် အချိန်ကတည်း ဤကိစ္စကြီးအား မေ့ထားလိုက်ရတော့မည်သာ ဖြစ်သည်။ တစ်ဒင်္ဂစာ စိတ်ကျေနပ်မှုလေးအတွက်နှင့် သူတို့၏ ပြိုင်ဘက်များ၏ ပိုင်နက်ထဲသို့ ကျူးကျော်ဝင်ရောက်ကာ စည်းမျဉ်းများအား ချိုးဖောက်ရန်မှာ လုံးဝမတန်ပေ။
သို့သော် လုံနန်ကျစ်အား လွှတ်ပေးလိုက်မည်ဆိုပါက သူမသည် နာမည်ပျက်ရမည် မဟုတ်ပါလော။ ဤ ဖြစ်ရပ်ကြီးကြောင့် အခြားသူများမှာ သူမ၏ ဩဇာအာဏာအပေါ် မေးခွန်းထုတ်လာကြမည်ဖြစ်သည်။ ထို့ကြောင့်လည်း သူမသည် သေသေချာချာ စဉ်းစားတွေးခဲ့ပြီးနောက် ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်၏။ အကယ်၍ ချပ်ဝတ်တန်ဆာနက်တပ်ရင်းမှာ သူမ၏ ကမ်းလှမ်းချက်အား လက်ခံလိုက်မည်ဆိုလျှင် အကောင်းဆုံးဖြစ်ပါသော်လည်း လက်မခံလျှင်မူ သူမဘက်မှ လက်လျှော့လိုက်ရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိပေ။ သူမသည် လုံနန်ကျစ်အား မသတ်နိုင်ခြင်း မဟုတ်ပါသော်လည်း လက်ရှိတွင် ချပ်ဝတ်တန်ဆာနက်တပ်ရင်းမှာ သူ့အား ကာကွယ်ပေးထားသည်မဟုတ်ပါလော။ ထို့အပြင် လုံနန်ကျစ်မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲတွင် တစ်သက်လုံး ရှိနေနိုင်မည်မဟုတ်ပေ။ နောက်ဆုံးတွင် သူသည် ထိုပိုင်နက်ထဲမှ ထွက်ခွာလာရမည်သာဖြစ်သည်။
သို့သော် ဝမ်ပေါင်လဲ့၏ နဂါးနက်ငါး အကောင်တစ်ရာအား သုံးနှစ်အတွင်း အလှူပေးမည်ဆိုသော စကားကြောင့် သူမ၏ အစီအစဉ်များအားလုံးမှာ ကမောက်ကမ ဖြစ်သွားရ၏။ သူ၏ ကတိကြောင့် သူ၏တန်ဖိုးမှာ မြင့်တက်သွားရပြီ ဖြစ်သည်။ သို့ဖြစ်ရာ သူမသည် သူ့အား သတ်လိုပါက တိတ်တဆိတ် လှုပ်ရှားမှသာ ရတော့မည်ဖြစ်သည်။ အကယ်၍ သူမသည် သူ့အား သတ်ဖြတ်ရန် ပေါ်ပေါ်ထင်ထင် ကြိုးစားအားထုတ်လိုက်မည်ဆိုပါက ချပ်ဝတ်တန်ဆာနက်တပ်ရင်းမှာ နဂါးနက်တပ်ရင်းဆီမှ နစ်နာကြေးတောင်းရန် အကြောင်းပြချက်တစ်ခု ရသွားမည်မဟုတ်ပါလော။
” တောက် ” နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီးမှာ မျက်စိမျက်နှာ ပျက်နေရပြီဖြစ်ပါသော်လည်း အံကြိတ်ကာ နောက်သို့လှည့်၍ ထွက်ခွာသွားရုံမှတစ်ပါး အခြားရွေးချယ်စရာမရှိတော့ပေ။
သူမ၏ တပည့်မှာ သူမ၏ဘေးတွင် ရပ်နေ၏။ သူသည် ဝမ်ပေါင်လဲ့၏ လက်ချက်ကြောင့် အသက်ပျောက်လုနီးပါး ဖြစ်သွားခဲ့ရသည့် လူငယ်လေး ဖြစ်ပေသည်။ သူသည် လက်ရှိအခြေအနေကြီးအား သူ၏ ဆရာကဲ့သို့ နားလည်ထားခြင်း မရှိသေးပေ။ ထို့အပြင် သူသည် ဉာဏ်ပညာအပိုင်းတွင်လည်း ဝမ်ပေါင်လဲ့နှင့် မယှဉ်နိုင်ပေ။ ထို့ကြောင့် သူသည် လက်ရှ်ိတွင် သူ၏ဆရာ ဘေးကျပ်နံကျပ် ဖြစ်နေရသည်ကို သတိထားမိခြင်း မရှိချေ။ သို့သော် သူသည် ယနေ့တွင် လက်တုံ့ပြန်နိုင်တော့မည် မဟုတ်ကြောင်း သိထား၏။ ထို့ကြောင့် သူသည် နောက်သို့လှည့်ကာ ထွက်ခွာသွားရင်း နယ်စပ်မျဉ်း၏ အစွန်း၌ ရပ်နေသော ဝမ်ပေါင်လဲ့အား ရန်လိုစိတ်များ ပြည့်နှက်နေသည့် မျက်ဝန်းတစ်စုံဖြင့် လှမ်းကြည့်လိုက်တော့သည်။ ထို့နောက် သူနှုတ်မှ ရုန့်ရင်းကြမ်းတမ်းသော စကားလုံးများ ထွက်လာ၏။
” မျိုးမစစ်ကောင်။ မင်း နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ ပိုင်နက်ထဲမှာ အမြဲတမ်း ပုန်းနေနိုင်မှာ မဟုတ်ပါဘူး။ တစ်ရက်ရက်ကျရင် ငါ မင်းကို အမိိဖမ်းပြမယ်။ အဲဒီနေ့ရောက်ရင် မင်းကို အရှင်လက်လက် အရေဆုတ်၊ အသားနွှာပြီး မီးကင်ပစ်မယ်။ ပြီးရင် မင်းရဲ့ဝိညာဉ်ကို ဆွဲထုတ်ပြီး ငါ့ရဲ့ အမျိုးသမီးအစေခံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲ ထည့်ပစ်မယ်။ အဲဒီအချိန်ကျရင် မင်း သေရတာထက် ပိုဆိုးတဲ့ ဝေဒနာတွေကို ခံစားရဖို့သာ ပြင်ထား ” သူသည် ထိုသို့ကြိမ်းဝါးကာ နှာမှုတ်၍ နောက်သို့လှည့်သွားပြီး သူ၏ဆရာနှင့်အတူ ထွက်ခွာသွားရန် ပြင်လိုက်တော့သည်။
သူ၏ စကားလုံးများမှာ ရုန့်ရင်းကြမ်းတမ်းလွန်းလှသောကြောင့် ချပ်ဝတ်တန်ဆာနက်တပ်ရင်းမှ ကျင့်ကြံသူအများစုမှာ ဝမ်ပေါင်လဲ့အား လှမ်းကြည့်လိုက်ကြ၏။ သူတို့ထဲမှ အချို့မှာ ထိုလူငယ်လေးပြောခဲ့သည့် စကားများကို သူတို့၏ အတွေးများထဲ၌ သရုပ်ဖော်နေကြသည့်ပုံပင်…
ဝမ်ပေါင်လဲ့မှာမူ ကြက်သေသေသွား၏။ သူသည် သူ၏ဘဝတစ်လျှောက်လုံးတွင် အခြားသူများ၏ ဆဲဆိုကြိမ်းမောင်းမှုများကို ကြိမ်ဖန်များစွာ ကြားဖူးခဲ့ပြီးသား ဖြစ်သည်။ သူတို့မှာ သူ့အား အရှင်လက်လက် အရေဆုတ်ကာ အသားနွှာပစ်မည်ဟု ကြိမ်းဝါးခဲ့ကြသလို သူ့အား အရှက်မရှိကာ ရွံရှာစက်ဆုပ်ဖွယ်ရာကောင်းသည့် သတ္တဝါတစ်ကောင်အဖြစ်လည်း နာမည်တပ်ခဲ့ကြသည်သာ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် ထိုကဲ့သို့သော စကားလုံးများလောက်နှင့် မဖြုံတော့ပေ။ သို့သော် သူ၏ ဝိညာဉ်အားဆွဲထုတ်ကာ မိန်းမတစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ ထည့်ပစ်မည်ဆိုသည့် စကားမျိုးကို သူသည် ယခုမှ ပထမဆုံးအကြိမ်အဖြစ် ကြားဖူးခြင်းဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုစကားအား စိတ်ကူးထဲ၌ ပုံဖော်ကြည့်မိလိုက်သောအခါ တစ်ကိုယ်လုံးတုန်ရီသွားကာ အမျက်ချောင်းချောင်း ထွက်သွားရတော့သည်။
” မျိုးမစစ်ကောင်။ ဘယ်လို ဦးနှောက်မျိုးနဲ့များ ဒီလောက်ရွံဖို့ကောင်းတဲ့ အကြံအစည်မျိုးကို တွေးနိုင်ရတာလဲ။ သူက ငါ့ကို အဓမ္မကျင့်ချင်နေတာလား။ ဒီလိုကောင်မျိုးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး ” ဝမ်ပေါင်လဲ့၏ နှလုံးသားထဲ၌ သတ်ဖြတ်လိုစိတ်များ ကြီးထွားလာရတော့သည်။ သူသည် ဤ အရှုပ်ထုပ်ကြီး တစ်ခုလုံးကြောင့် အများကြီး ထိခိုက်နစ်နာသွားခဲ့ရသည် မဟုတ်ပါလော။ သူတို့မှာ သူ၏ ရင်းမြစ်ပစ္စည်းများကို ဓားပြတိုက်ကာ သူ၏စစ်သင်္ဘောကြီးအား လုယူရန် ကြိုးစားခဲ့သောကြောင့် သူသည် ပြန်လည်ခုခံသည့်အနေဖြင့်သာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ ထို့နောက် သူ ထိုလူငယ်လေးအား အနိုင်မယူနိုင်ခင်မှာပင် သူ၏ ဆရာရောက်ရှိလာပြီး သူ့အား ကယ်တင်သွားခဲ့၏။ ယခုတွင်မယ ထိုလူငယ်လေးမှာ သူ့အား ယခုကဲ့သို့ ဆဲရေးတိုင်းထွာနေပြီ ဖြစ်သည်။
” တော်တော် တရားလွန်တာပဲကွ ” ဝမ်ပေါင်လဲ့မှာ ထိုအကြောင်းအား တွေးရင်းတွေးရင်း အမျက်ချောင်းချောင်း ထွက်လာရတော့သည်။ သူသည် သူ၏ ဒေါသစိတ်များကို မျိုသိပ်ထားနိုင်စွမ်းမရှိတော့သလို ဤ ကိစ္စကြီးအား ကျေအေးပေးလိုက်ရန်လည်း ဆန္ဒမရှိပေ။ ထို့ကြောင့် နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီး သူမ၏ တပည့်နှင့်အတူ ထွက်ခွာသွားရန် ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့မှာ တိုက်ခိုက်လိုက်တော့သည်။
သူသည် ဒေါသတကြီးဖြင့် နယ်စပ်မျဉ်းအား အလျင်အမြန် ဖြတ်ကျော်သွားလိုက်၏။ အခြားသူများအားလုံးမှာမူ သူ့အား မယုံကြည်နိုင်လောက်အောင် ဖြစ်နေသော မျက်ဝန်းများဖြင့် စိုက်ကြည့်နေကြသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ရှေ့သို့ အရှိန်အဟုန်ဖြင့် ပြေးထွက်သွားပြီး နဂါးနက်တပ်ရင်းခေါင်းဆောင်ကြီး၏ တပည့်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီဖြစ်သည်။
သူသည် လျှပ်စီးတန်းတစ်ခုကဲ့သို့ မြန်ဆန်နေသောကြောင့် ထို လူငယ်လေး၏အနီးသို့ ချက်ချင်းပင်ရောက်ရှိသွား၏။ သို့သော် သူ၏ဆရာဖြစ်သူမှာ အရင်ဆုံး တုံ့ပြန်တိုက်ခိုက်လိုက်သည်။ သူမသည် အထိတ်တလန့်ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် နောက်သို့ ချာခနဲလှည့်လာပြီး သူမ၏ ညာဘက်လက်အား မြှောက်ကာ ဝှေ့ယမ်းလိုက်သည်။ ထိုအခါ ဧရာမ အချုပ်အနှောင်ကြီးတစ်ခုမှာ ဝမ်ပေါင်လဲ့အား အဝေးသို့ တွန်းထုတ်ပစ်တော့မည့် ပုံစံဖြင့် သူ့ဆီသို့ ဦးတည်လာတော့သည်။
ဝမ်ပေါင်လဲ့မှာ နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ တိုက်ကွက်ကြီး သူ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ကို မြင်လိုက်ရသောအခါ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် သူ၏ညာလက်လက်ကိုမြှောက်ကာ အရှိန်ကုန်မြှင့်တင်လိုက်ပြီး ထို အချုပ်အနှောင်ကြီးအား ဝင်တိုက်သွားလိုက်တော့သည်။ ထိုရိုက်ခတ်မှုကြောင့် ဝမ်ပေါင်လဲ့မှာ တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီသွားရပြီး ပါးစပ်ထဲမှ သွေးများစီးကျလာ၏။ တစ်ချိန်ထဲမှာပင် သူ၏ ညာဘက်လက်မှာ အပိုင်းပိုင်းပြတ်သွားပြီး ပေါက်ကွဲသွားတော့သည်။ သူ၏ ခန္ဓာကိုယ်မှာမူ ထို အချုပ်အနှောင်ကြီးဆီမှ ထွက်ပေါ်လာနေသည့် တုန်ခါမှုလှိုင်းများကြောင့် နောက််သို့လွင့်ထွက်သွားရ၏။
သို့သော် သူသည် ရပ်တန့်သွားခြင်း မရှိပေ။ သူ၏ အပိုင်းပိုင်းပြတ်သွားသော လက်ကြီးထဲမှ လက်ချောင်းတစ်ချောင်းမှာ ပေါက်ကွဲသွားပြီးနောက် အနက်ရောင်မီးတောက်များအဖြစ် ချက်ချင်းပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ ထို အချုပ်အနှောင်ကြီး၏ အကာအရံအား ထိုးဖောက်သွားပြီး ထိုလူငယ်လေးဆီသို့ လျှပ်စီးကဲ့သို့သော အမြန်နှုန်းမျိုးဖြင့် ဦးတည်သွားတော့သည်။ ထိုလူငယ်လေးမှာမူ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ကာ တုန်လှုပ်ချောက်ချားနေခဲ့ရာမှ အသက်ဘေးမှ လွတ်မြောက်သွားပြီဟု ခံစားလိုက်ရသဖြင့် စိတ်အေးသွားပြီး သက်ပြင်းများချနေ၏။ သို့သော် ထိုအချိန်တွင် မီးများတောက်လောင်နေသည့် လက်ချောင်းကြီးမှာ သူ၏ရှေ့တွင် ပေါ်ပေါက်လာပြီး သူ၏နဖူးအား ထုတ်ချင်းပေါက် ထိုးဖောက်သွားတော့သည်။
ထိုအခါ ထိုလူငယ်လေးမှာ တစ်ကိုယ်လုံးတုန်ရီသွားပြီး သူ၏နဖူးပေါ်တွင် အပေါက်ကြီးတစ်ပေါက် ပေါ်ပေါက်လာ၏။ ထိုရိုက်ခတ်မှု၏ ပြင်းအားကြောင့် သူသည် နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် ဒယိမ်းဒယိုင် ဖြစ်သွားရသည်။ သူသည် ဇဝေဇဝါဖြစ်နေသည့် မျက်ဝန်းများဖြင့် နောက်သို့လှည့်ကာ သူ၏ဆရာကို ရှာရန် ပြင်လိုက်ပါသော်လည်း နောက်သို့မလှည့်နိုင်မှာပင် သူ၏ဦးခေါင်းမှာ ပေါက်ကွဲသွားပြီး သူသည်လည်း ဇီဝိန်ချုပ်သွားရတော့သည်။
ထိုအချင်းအရာ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်၏။ သာမန်လူများမှာဆိုလျှင် ဝမ်ပေါင်လဲ့၏ လုပ်ရပ်များကို မြင်လိုက်ရပါက သူ့အား စိတ္တဇဝေဒနာသည် တစ်ယောက်အဖြစ်သာ သတ်မှတ်လိုက်ကြမည်သာ ဖြစ်သည်။ မည်သူကမှ သူ ထိုသို့ပြုမူလိမ့်မည်ဟု မျှော်လင့်မထားသောကြောင့်လည်း သူသည် ယခုလို အောင်မြင်သွားရခြင်းဖြစ်ပေသည်။
” ခွန်းအာ ” နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာမူ သူမ၏ရှေ့မှ အဖြစ်အပျက်များကို ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရ၏။ ထို့နောက် သူမသည် ဒေါသတကြီး အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့အား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်တော့သည်။ ဝမ်ပေါင်လဲ့မှာမူ သူ အချုပ်အနှောင်ကြီးနှင့် ရိုက်ခတ်သွားခဲ့ရာမှ ထွက်ပေါ်လာသည် တုန်ခါမှုလှိုင်းများကို အသုံးပြုကာ နယ်စပ်မျဉ်း၏ အခြားတစ်ဖက်ဆီသို့ ပြန်လည်ဆုတ်ခွာသွားနေပြီ ဖြစ်သည်။
သူ၏ ရင်ဘတ်ကြီးမှာ ကြေမွပျက်စီးနေပြီဖြစ်သလို သူ၏ ညာဘက်လက်မှာလည်း တစ်စစီ ပေါက်ကွဲသွားပြီဖြစ်သည်။ ထို့အပြင် သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်ကာ အသက်ရှူသံများ မတည်မငြိမ် ဖြစ်နေရ၏။ သို့သော်လည်း သူ၏ မျက်ဝန်းများထဲတွင် စိတ်ကျေနပ်မှု အရိပ်အယောင်များကို အတိုင်းသား မြင်နေရဆဲပင်။ ထိုမြင်ကွင်းကြီးအား မြင်လိုက်ရသည့် ကျင့်ကြံသူများအားလုံးမှာမူ ပျာယာခတ်သွားကြပြီး တအံ့တဩနှင့် ပင့်သက်ရှိုက်မိသွားကြတော့သည်။
” ဒီကောင်လေးက သတ္တိကောင်းလှပါလားဟ ”
” ဒီလုံနန်ကျစ်ဆိုတဲ့ကောင်က နှယ်နှယ်ရရတော့ မဟုတ်ဘူးဟေ့ ”
” ဒီလို အခြေအနေမျိုးနဲ့ ကြံနေရတာတောင် တိုက်ခိုက်ရဲရတယ်လို့။ နေပါဦး။ သူက စောစောတုန်းက နဂါးနက်ငါး အကောင်တစ်ရာ ပေးမယ်လို့ ကတိပေးခဲ့တဲ့ အချိန်ကတည်းက ထွက်ပြေးဖို့ ကြံနေခဲ့တာလားဟ။ ဒီကောင်လေးက… တော်တော်ကို ဉာဏ်ပြေးတာပဲကွ “