Switch Mode

အခန်း (၇၅၇)

နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ နယ်စပ်ဒေသ

နဂါးနက်တပ်ရင်း ခေါင်းဆောင်ကြီး၏ ခန့်မှန်းချက်မှာ မှန်ကန်ပေသည်။ ဝမ်ပေါင်လဲ့မှာ အမှန်တကယ်ပင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ဆီသို့ ဦးတည်သွားနေခြင်းဖြစ်၏။ ခရမ်းရောင် ‌ရွှေတာအိုသစ်ဂိုဏ်းနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းတို့၏ ကြားရှိ ဆက်ဆံရေးကြောင့် သူတို့မှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲသို့ အလွယ်တကူ ဝင်ရောက်နိုင်လိမ့်မည်မဟုတ်ကြောင်း သူက သိထားသည်။

သူတို့မှာ ပြိုင်ဘက်များဖြစ်နေကြသည် မဟုတ်ပါလော။ သူတို့မှာ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မျက်နှာချင်းဆိုင်တွေ့သည်နှင့် ခိုက်ရန်ဖြစ်ပွားကြသည့် အဆင့်အထိ မရောက်သေးပါသော်လည်း အခြားတစ်ဂိုဏ်း၏ ပိုင်နက်ထဲသို့ ကျူးကျော်ပါက မည်သည့်အကြောင်းကြောင့်ဖြစ်စေ ရန်စမှုတစ်ခုအဖြစ် သတ်မှတ်ခံလိုက်ရမည်သာ ဖြစ်သည်။

ထိုအမျိုးသမီးကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့၏ အကြံအား ရိပ်မိသွားသည်နှင့် တစ်ပြိုင်နက် မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာ၏။ ထို့ကြောင့် သူမသည် နှာမှုတ်ကာ ညာဘက်လက်ကို မြှောက်၍ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သည်။ ထို့နောက် သူမသည် သူမ၏ လျှာထိပ်ကို ကိုက်ကာ သွေးတစ်ပွက် ထွေးထုတ်လိုက်၏။

ထို အနီရောင် သွေးပွက်မှာ သူမ၏ ပါးစပ်ထဲမှ ထွက်လာသည်နှင့် တစ်ပြိုင်နက် သွေးရောင် ပုစဉ်းကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွားသည်။

ထိုပုစဉ်းကြီး၏ ခန္ဓာကိုယ်နှင့် တောင်ပံများမှာ ရဲရဲနီနေပြီး ၎င်းမှာ သတ်ဖြတ်လိုစိတ် အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ၎င်းမှာ လူတစ်ယောက်၏ စိတ်ဆန္ဒများမှ ပေါ်ပေါက်လာသည့်ပုံပင်။ ၎င်းမှာ ရုပ်လုံးပေါ်လာသည်နှင့် ချက်ချင်းဆိုသလိုပင် ရှေ့သို့ ပျံထွက်လာပြီး မြားတစ်စင်းကဲ့သို့ စကြဝဠာကြီးအား ထိုးခွင်းသွား၏။ ၎င်း၏ အမြန်နှုန်းမှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ယောက်ထက်ပင် သာလွန်နေပြီး ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအစစ်တစ်ယောက်၏ အမြန်နှုန်းနီးပါး ရှိပေသည်။

အရာအားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်းဖြစ်သည်။ သွေးရောင် ပုစဉ်းကြီးမှာ အံ့ဩမှင်တက်ဖွယ်ရာ အမြန်နှုန်းမျိုးဖြင့် ပျံသန်းလာပြီး စကြဝဠာကြီးအား ထိုးခွင်းကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီဖြစ်သည်။

ထိုအခါ အဝေးသို့ တည်နေရာပြောင်းရွှေ့သွားသည့် ဝမ်ပေါင်လဲ့မှာ ထိတ်လန့်တုန်လှုပ်ကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။ သူသည် ပြန်လည်ပေါ်ပေါက်လာသည့် အချိန်တွင် တစ်ခေါင်းလုံး ထူပူနေရပြီ ဖြစ်သည်။ သူသည် စဉ်းစားတွေးတောနေရန် အချိန်မရှိသောကြောင့် ချက်ချင်းဆိုသလိုပင် မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့လွင့်သွား၏။

သို့သော် နောက်ကျသွားပြီဖြစ်သည်။ သူ မြူခိုးများအဖြစ် ပြောင်းလဲသွားစဉ်မှာပင် သွေးရောင်ပုစဉ်းကြီးမှာ သူ၏နောက်တွင် ပေါ်ပေါက်လာပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူ့အား ထိုးဖောက်သွားလိုက်တော့သည်။

ထို ပုစဉ်းကြီးမှာ ဝမ်ပေါင်လဲ့၏ မြူခိုးများထဲသို့ ဝင်ရောက်သွားပြီးနောက် သွေးရောင်အရည်များအဖြစ် အရည်ပျော်ကျသွားသဖြင့် ထိုမြူခိုးများမှာလည်း အနီရောင် ပြောင်းသွားရတော့သည်။

ထိုအခါ စကြဝဠာကြီးထဲတွင် ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့၏ မြူခိုးများမှာ စတင်တုန်ရီလာတော့သည်။ နောက်ဆုံးတွင် ၎င်းတို့မှာ မလှမ်းမကမ်း‌ နေရာတစ်ခု၌ ပြန်လည်စုဝေးသွားကာ လူတစ်ယောက်ပုံစံအဖြစ် ပြန်လည်ပြောင်းလဲသွား၏။ ထို့နောက် ၎င်းမှာ အပြင်းအထန် တုန်ရီသွားပြီး သွေးတစ်ပွက် အန်ထွက်လာတော့သည်။ ထိုသွေးများမှာ သူ၏ သက်စောင့်စွမ်းအားများ ဖြစ်၏။ ဝမ်ပေါင်လဲ့မှာမူ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး သူ၏ရင်ဘတ်ပေါ်တွင် ပုစဉ်းတစ်ကောင်ပုံစံ ရှိသော ဒဏ်ရာကြီးတစ်ခုကို မြင်နိုင်ပေသည်။ ထိုဒဏ်ရာကြီးမှာ ပျောက်ကင်းသက်သာသွားခြင်း မရှိပေ။

သွေးရောင် အမျှင်အတန်းလေးများမှာ ထို ပုစဉ်းပုံစံ ဒဏ်ရာကြီးထဲမှ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးဆီသို့ ဖြာထွက်နေကြ၏။ ၎င်းတို့မှာ သူ၏ ခန္ဓာကိုယ်ပေါ်တွင် လူးလွန့်ကာ သူ၏ သက်စောင့်စွမ်းအားများကို စုပ်ယူနေကြသည်။ သို့ဖြစ်ရာ ၎င်းတို့မှာ အသက်အန္တရာယ်ပြုနိုင်သော အသားပိုကြီးတစ်ခုကဲ့သို့ပင်။

” ကျိန်စာတစ်ခုလားဟ ” ဝမ်ပေါင်လဲ့မှာ မျက်စိမျက်နှာ ပျက်သွားရပြီး ချက်ချင်းဆိုသလိုပင် သူ၏ အမှောင်မီးတောက်ကို ဆင့်ခေါ်ကာ ထို ကျိန်စာအား အတတ်နိုင်ဆုံး ချုပ်နှောင်လိုက်၏။ လက်ရှိတွင် ၎င်းမှာ သူ့အတွက် အကောင်းဆုံး နည်းလမ်းဖြစ်ပေသည်။ သူသည် ထိုကျိန်စာအား အပြီးတိုင်ဖယ်ရှားရန် အချိန်မရှိပေ။ ထိုဒဏ်ရာကြီးမှာ ကျိန်စာတစ်ခု ဖြစ်နေရုံသာမက သူ၏တည်နေရာအား သတ်မှတ်ပေးနိုင်သည့် ခြေရာခံကိရိယာတစ်ခု ဖြစ်နေသည်ကို သူက သိထား၏။ ထို့ကြောင့် သူသည် တွေဝေတုံ့ဆိုင်းမနေတော့ဘဲ သူ၏ ညာဘက်လက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်ပြီး သူ၏ သိုလှောင်လက်ကောက်ထဲမှ ဓမ္မလက်နက်ကို ထုတ်ယူလိုက်တော့သည်။

ထို ဓမ္မလက်နက်များမှာ ပြည်ထောင်စုကြီးထဲမှ လက်နက်များ မဟုတ်ဘဲ သူ နတ်မျက်လုံးလူမှုအဖွဲ့အစည်းထဲသို့ ရောက်လာခဲ့ပြီးမှ ဖန်တီးခဲ့သော အဆောင်ပစ္စည်းများ ဖြစ်ပေသည်။ ၎င်းတို့မှာ သူ သူ၏ စစ်သင်္ဘောကြီးအား တည်ဆောက်နိုင်ရန် လေ့လာခဲ့စဉ်တုန်းက အစမ်းဖန်တီးသန့်စင်ကြည့်ခဲ့သော ပစ္စည်းများ ဖြစ်ကြပေသည်။ ထို အဆောင်ပစ္စည်း တစ်ခုချင်းစီတိုင်းမှာ အသုံးတစ်ခုစီ ရှိကြ၏။ ဝမ်ပေါင်လဲ့မှာ အဆောင်ပစ္စည်းများ ဖန်တီးသန့်စင်ရာတွင် လုပ်တတ်သည့် အကျင့်နှစ်ခု ရှိပေသည်။ ပထမတစ်ခုမှာ အဆောင်ပစ္စည်း တစ်ခုချင်းစီတိုင်းအတွက် အရေးပေါ် အသုံးပြုနိုင်သည့် နည်းလမ်းများ ဖန်တီးထားခြင်းဖြစ်ပြီး ဒုတိယတစ်ခုမှာမူ အဆောင်ပစ္စည်း တစ်ခုချင်းစီတိုင်းထဲတွင် အလိုအလျောက် ပေါက်ကွဲနိုင်သည့် စနစ်များ တပ်ဆင်ထားခြင်းပင် ဖြစ်ပေသည်။

ထိုကဲ့သို့သော အလိုအလျောက် ပေါက်ကွဲမှုများ၏ ပြင်းအားမှာ အဆောင်ပစ္စည်း အမြောက်အမြားအား တစ်ပြိုင်နက်တည်း ဖောက်ခွဲခြင်းလောက် အားမပြင်းနိုင်ပါသော်လည်း ထောင်ပေါင်းများစွာသော အဆောင်ပစ္စည်းများကို တစ်ပြိုင်နက်တည်း အလိုအလျောက် ပေါက်ကွဲသွားစေလိုက်မည်ဆိုပါက ထိုပေါက်ကွဲမှု၏ ပြင်းအားမှာ ကြောက်မက်ဖွယ်ရာ ကောင်းနေမည်သာ ဖြစ်သည်။

သူ ထို အလိုအလျောက် ပေါက်ကွဲမှုစနစ်များအား စတင်ရန် ပြင်လိုက်စဉ်မှာပင် သူ၏နောက်တွင်ရှိနေသော ကောင်းကင်ယံကြီးမှာ တုန်ရီသွားပြီး စကြဝဠာကြီးထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာ၏။ နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာ ထို အက်ကွဲကြောင်းထဲမှ ထွက်လာရန် ပြင်လိုက်စဉ်မှာပင် မျက်နှာအမူအရာ ပြောင်းလဲသွားရတော့သည်။ သူမသည် ဝမ်ပေါင်လဲ့၏ ဓမ္မအဆောင်များဆီမှ ထွက်ပေါ်လာနေသည့် ပေါက်ကွဲမှုစွမ်းအင်များကို အာရုံခံမိလိုက်ခြင်းဖြစ်၏။ ထို့ကြောင့် သူမသည် သူမ၏ ညာဘက်လက်အား အလျင်အမြန် ဝှေ့ယမ်းလိုက်ပြီး မန္တန်လက်ကွက်များဖော်ကာ ထိုတိုက်ကွက်ကြီးအား ခုခံတွန်းလှန်ရန် ကြိုးစားရင်း နောက်သို့ အလောတကြီး ဆုတ်ခွာသွားလိုက်တော့သည်။

ထိုအခိုက်အတန့်တွင် စကြဝဠာကြီးထဲ၌ မိုးခြိမ်းသံကဲ့သို့သော ပေါက်ကွဲသံကြီးများ ပဲ့တင်ထပ်သွား၏။ ထောင်ပေါင်းများစွာသော ဓမ္မအဆောင်ပစ္စည်းများ တစ်ပြိုင်နက်တည်း ပေါက်ကွဲသွားရာမှ ထွက်ပေါ်လာသည့် ပြင်းအားမှာ ထိုနယ်မြေတစ်ခုလုံးအား လွှမ်းခြုံသွားပြီး အလွန်အင်မတန်မှ အားကောင်းသည့် လေမုန်တိုင်းတစ်ခုအား ဖန်တီးပေးလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာလည်း ထိုလေမုန်တိုင်းထဲမှ ဘေးမသီရန်မခ လွတ်မြောက်လာခြင်းမရှိပေ။ သူသည် ပါးစပ်ထဲမှ နောက်ထပ်သွေးတစ်ပွက် အန်ထွက်လာပြီးနောက် အံကြိတ်လိုက်၏။ ထို့နောက် သူသည် အရှိန်လျော့ကျသွားခြင်းမရှိဘဲ နောက်ထပ်တစ်ကြိမ် တည်နေရာပြောင်းရွှေ့ကာ ပျောက်ကွယ်သွားပြီး ဆက်လက် ထွက်ပြေးသွားလိုက်ပြန်သည်။

သူ ပျောက်ကွယ်သွားပြီး သုံးစက္ကန့်အကြာတွင် နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာ သူမ၏ တပည့်အား ထိုလေမုန်တိုင်းကြီး၏ အလယ်မှ ဆွဲ‌ခေါ်လာ၏။ သူတို့မှာ ထိုပေါက်ကွဲမှုကြီး၏ ပြင်းအားကို ရှောင်တိမ်းနိုင်ပါသော်လည်း သူမ၏ မျက်နှာအမူအရာမှာမူ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့၏ တုံ့ပြန်တိုက်ခိုက်မှုကြောင့် သူမသည် နှစ်ကြိမ်တိတိ အံ့ဩတုန်လှုပ်သွားခဲ့ရ၏။ ပထမအကြိမ်မှာ သူမ၏ ကျိန်စာသည် သူ့အပေါ်တွင် အကျိုးသက်ရောက်မှု မရှိသည့်ပုံ ပေါက်နေခြင်းကြောင့်ပင်။ ‌သွေးရောင်ပုစဉ်းကြီးမှာ သူမ၏ လျှာထိပ်ထဲမှ သွေးများကို သယ်ဆောင်သွားသည်ဖြစ်ရာ ၎င်း၏ ကျိန်စာမှာ သက်ရှိများနှင့် သက်ရှိများ၏ အသွေးအသားများအပေါ်တွင် အထူး အကျိုးသက်ရောက်မှုရှိပေသည်။ ၎င်းမှာ သူမ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ ဂြိုဟ်အဆင့်ခေါင်းဆောင်ကြီးတစ်ယောက်ဆီမှ လက်ခံရရှိခဲ့သော လျှို့ဝှက်ဆန်းကြယ် ပညာရပ်တစ်ခု ဖြစ်သည်။ သို့ဖြစ်ရာ ထိုကျိန်စာမိသွားသည့် လူများမှာ ထာဝရဝိညာဉ်အဆင့်နှင့် အထက်တွင် ရှိမနေသရွေ့ ချက်ချင်း သေဆုံးသွားရမည်သာ ဖြစ်သည်။

ထို့နောက် သူမသည် ဒုတိယအကြိမ် ထပ်၍ အံ့သြတုန်လှုပ်သွားခဲ့ရပြန်သည်။ သူမသည် သူမ၏ကျိန်စာ အလုပ်မဖြစ်သည့် အချက်ကို အထူးတလည် စိတ်ပူနေခြင်း မရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာ အလျင်အမြန် တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည် မဟုတ်ပါလော။ သူမသည် သူ၏ တည်နေရာအတိအကျကို သိရှိထားသောကြောင့် ထိုသွေးရောင်ပုစဉ်းကြီး သူ့အား ကျိန်စာတိုက်ပြီးသွားသည်နှင့် တစ်ပြိုင်နက် သူ့ဆီသို့ ချက်ချင်း တည်နေရာပြောင်းရွှေ့ခဲ့ခြင်း ဖြစ်သည်။ သို့သော်လည်း သူသည် သူမအား ချုံခိုတိုက်ခိုက်ခဲ့ပြီး သူမ၏ လိုက်လံဖမ်းဆီးမှုအား နှောင့်နှေးကြန့်ကြာသွားအောင် တားဆီးနိုင်ခဲ့ဆဲပင်။

” ဒီကောင်လေးကို အသက်ရှင်ခွင့် ပေးလို့မဖြစ်ဘူး ” နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာ မျက်ဝန်းများထဲ၌ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပသွား၏။ ထို့နောက် သူမသည် ညာဘက်လက်ဖြင့် မန္တန်လက်ကွက်များ ဖော်ကာ သွေးရောင်ပုစဉ်းကြီး၏ အချိတ်အဆက်မှတစ်ဆင့် ရရှိထားသည့် သူမ၏ပစ်မှတ် ရှိနေသော နေရာဆီသို့ တည်နေရာပြောင်းရွှေ့ရန် ပြင်လိုက်ပြန်သည်။ သူမ၏ ဘေးတွင်မူ ဝမ်ပေါင်လဲ့၏ လက်ချက်ကြောင့် သေမင်းခံတွင်းဝသို့ ရောက်သွားခဲ့ရသည့် လူငယ်လေး ရှိနေ၏။ သူသည် ကြောက်စိတ်များကြောင့် အသားများ တဆတ်ဆတ် တုန်ရီနေရပြီ ဖြစ်သည်။ သူသည် သူ၏ဆရာနောက်မှ မခွာတမ်း လိုက်လာခဲ့သည်ဖြစ်ရာ သူမ၏ မျက်နှာအမူအရာ တဖြည်းဖြည်းနှင့် ပို၍ ရုပ်ပျက်ဆင်းပျက် ဖြစ်လာရသည်ကို သတိထားမိနေ၏။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့အား ပို၍ပင် ကြောက်ရွံ့လာရတော့သည်။ ထိုအချိန်တွင် သူသည် သူမ၏ မျက်နှာအမူအရာ ရုတ်တရက်ဆိုသလို ပြောင်းလဲသွားသည်ကို သတိထားမိလိုက်၏။ သူမသည် ဝမ်ပေါင်လဲ့အား ရှာမတွေ့တော့သည့်ပုံပင်။ ထို့ကြောင့် သူသည် သူငယ်အိမ်များ ကျဉ်းမြောင်းသွားရတော့သည်။

” ချုပ်နှောင်ခံလိုက်ရတာလား ” ခေါင်းဆောင်ကြီးမှာ အံကြိတ်ကာ ရေရွတ်လိုက်ပြီး သူ၏နောက်သို့ ဆက်၍ ပြေးလိုက်သွားလိုက်ပြန်သည်။ သူမသည် သူ၏ တည်နေရာအတိအကျကို ရှာမတွေ့နိုင်တော့ပါသော်လည်း သူ ထွက်ပြေးသွားသည့် အရပ်မျက်နှာအား အာရုံခံနိုင်စွမ်းရှိနေဆဲပင်။ သူတို့မှာ ပြည်သူပိုင်နယ်မြေနှင့် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ကြားရှိ နယ်စပ်ဒေသအနီးသို့ ရောက်လာပြီဖြစ်သည်။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ အရှိန်ကုန်မြှင့်တင်ကာ စကြဝဠာကြီးထဲ၌ ကြယ်ပျံတစ်လုံးကဲ့သို့ ပျံသန်းနေ၏။

သူ၏ မျက်နှာမှာ အသက်မရှိတော့သည့်အလား ဖြူဆွတ်နေပြီ ဖြစ်သည်။ သူသည် ပုစဉ်းကြီးကြောင့် ရခဲ့သည့်ဒဏ်ရာအား အမှောင်မီးတောက်ဖြင့် သူ၏ခန္ဓာကိုယ်ထဲ၌ ချုပ်နှောင်ထားနိုင်ခဲ့ပါသော်လည်း ထိုပုစဉ်းကြီး ရှိနေသေးသရွေ့ သူ၏ခန္ဓာကိုယ်မှာ ဒုက္ခဝေဒနာများ ဆက်လက်ခံစားနေရမည်သာဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ ထိုနာကျင်မှုများကြောင့် တစ်ကိုယ်လုံး တုန်ရီနေရ၏။ ထိုနာကျင်မှုမှာ ပြင်းထန်လွန်းလှသောကြောင့် သူ၏ ဝိညာဉ်သာမက သူ၏ ခန္ဓာကိုယ်အစစ်ပါ ၎င်းအား ခံစားနေရပြီ ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ လမ်းတစ်လျှောက်တွင် အနှောင့်အယှက် အတားအဆီးများနှင့် ကြုံတွေရသည့်တိုင်အောင် သူ၏အမြန်နှုန်းအား လျော့ကျမသွားအောင် ထိန်းသိမ်းထားနိုင်ခဲ့သည်။ ထို့ကြောင့် သူသည် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်အနီးသို့ တဖြည်းဖြည်းနှင့် ရောက်ရှိလာ၏။ သူသည် သူ၏ရှေ့တွင် အလင်းတန်းတစ်ခုကိုပင် မြင်နေရပြီဖြစ်သည်။

ထို အလင်းတန်းမှာ စကြဝဠာကြီးအား နှစ်ပိုင်းခွဲထားပြီး ၎င်း၏ အတွင်းဘက်တွင် ဧရာမ စစ်သင်္ဘောကြီးများ ရှိနေကြသည်။

ထို စစ်သင်္ဘောကြီးများ၏ နောက်တွင်မူ လေပူဖောင်းများ မျောလွင့်နေကြသည်။ ၎င်းတို့မှာ ရာပေါင်းများစွာ ရှိနေကြပြီး စကြဝဠာကြီးထဲ၌ စုဝေးနေကြ၏။ ထို လေပူဖောင်း တစ်လုံးချင်စီထဲတွင် ကမ္ဘာငယ်လေးတစ်ခုစီ ရှိနေကြပြီး ၎င်းတို့ထဲတွင် ကျင့်ကြံသူများ၏ လူရိပ်များမှာ ပေါ်လိုက်ပျောက်လိုက် ဖြစ်နေကြသည်။

ထို လေပူပေါင်းများ၏ နောက်တွင်မူ သက်တံ့ရောင် လေပူဖောင်းတစ်လုံး ရှိနေ၏။ ထို လေပူဖောင်းထဲတွင်မူ အနက်ရောင် ချပ်ဝတ်တန်ဆာများ ဆင်မြန်းထားသည့် နွားချေးပိုးကြီးတစ်ကောင် ရှိနေသည်။ ထို နွားချေးပိုးကြီးမှာ မျက်လုံးများမှိတ်နေပါသော်လည်း ၎င်းဆီမှ ထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်ရာ အငွေ့အသက်များမှာ ထိုနယ်မြေကြီးတစ်ခုလုံးအား လွှမ်းခြုံထားဆဲပင်။ ထို အနက်ရောင် နွားချေးပိုးကြီး၏ ဦးခေါင်းပေါ်တွင်မူ အဘိုးကြီးတစ်ယောက် ရှိနေ၏။ သူသည် မေးစေ့ပေါ် လက်ထောက်ကာ ဝမ်ပေါင်လဲ့ ရှိနေသည့်ဘက်သို့ အထင်သေးသည့် မျက်ဝန်းများဖြင့် လှမ်းကြည့်နေသည်။

” နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲက ပဉ္စမမြောက် အစွမ်းအထက်ဆုံး တပ်ရင်းဖြစ်တဲ့… ချပ်ဝတ်တန်ဆာနက်တပ်ရင်းပဲ ” ဝမ်ပေါင်လဲ့မှာ ထို အလင်းတန်း၏ နောက်တွင် ရစ်ဝဲနေသည့် လေပူပေါင်းများကို လှမ်းကြည့်လိုက်ပြီးနောက် မျက်ဝန်းများ အရောင်လက်သွား၏။ သူသည် သဲ့ခွန်းကျိဆီမှ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းနှင့် ပတ်သတ်သည့် အချက်လက်အများစုကို လေ့လာသိရှိခဲ့ပြီးဖြစ်သည်။ ထို့ကြောင့် လက်ရှိတွင် ချပ်ဝတ်တန်ဆာနက်တပ်ရင်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ နယ်စပ်ဒေသများကို ကာကွယ်စောင့်ရှောက်နေသည့်ဖြစ်ကြောင်း သူက သိထား၏။

ထို့ကြောင့် သူသည် ချပ်ဝတ်တန်ဆာနက်တပ်ရင်း၏ ယာယီစခန်းဆီသို့ ရောက်ရှိလာခြင်း ဖြစ်ကြောင်းကိုလည်း သိလိုက်သည်။ ထို အလင်းတန်းကြီးမှာ နယ်စပ်မျဉ်းဖြစ်ပြီး နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းသားများနှင့် ၎င်း၏လက်အောက်ခံ ဂိုဏ်းများထဲမှ အဖွဲ့ဝင်များသာလျှင် ထိုနယ်စပ်မျဉ်းအား ဘေးမသီရန်မခ ကျော်ဖြတ်ခွင့်ရှိပေသည်။ အပြင်လူများမှာ… ဝင်ခွင့်ရမည်မဟုတ်ပေ။

ဝမ်ပေါင်လဲ့မှာ ထိုနယ်စပ်မျဉ်း၏ အနီးသို့ ရောက်လာသည့်တိုင်အောင် စိတ်အေးသွားသည့်ပုံ မပေါ်သေးပေ။ သူသည် အံကြိတ်ကာ သူ၏ ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ပြီး ထပ်၍ အရှိန်မြှင့်တင်လိုက်ပြန်သည်။ အသက်ရှူကြိမ်ဆယ်ကြိမ်ခန့် အကြာတွင် သူသည် သူ၏နောက်၌ ထစ်ချုန်းသံကြီးတစ်သံ ပေါ်ပေါက်လာသည်ကို ကြားလိုက်ရ၏။ နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာ သူ့အား လိုက်မီသွားခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ ခြေလှမ်းကျဲကြီးဖြင့် လှမ်းခုန်လိုက်ပြီး အလင်းတန်းကြီး၏ အခြားတစ်ဖက်တွင် ရှိနေသော နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း၏ ပိုင်နက်ထဲသို့ ရောက်ရှိသွားတော့သည်။

သူ ထိုနယ်စပ်မျဉ်းအား ဖြတ်သန်းသွားသည်နှင့် တစ်ပြိုင်နက် သူ၏ သိုလှောင်အိတ်ထဲ၌ ရှိနေခဲ့သော လုံနန်ကျစ်၏ အသိအမှတ်ပြု တံဆိပ်ပြားမှာ လင်းလက်စွာ တောက်ပသွား၏။ သူသည် အစစ်အဆေးခံပြီးသွားပြီ ဖြစ်သောကြောင့် ဝင်ခွင့်ရသွားသည့်ပုံပင်။

ချပ်ဝတ်တန်ဆာနက်တပ်ရင်းမှာမူ ဝမ်ပေါင်လဲ့ ဝင်ရောက်လာသည်ကို ဂရုစိုက်နေခြင်း မရှိပေ။ ထို စစ်သင်္ဘောကြီးများပေါ်ရှိ ကျင့်ကြံသူများမှာ သူ့အား တစ်ချက်သာလှမ်းကြည့်၍ အကဲခတ်လိုက်ကြ၏။ သို့ဖြစ်ရာ သူတို့မှာ ဖျော်ဖြေရေးအစီအစဉ်တစ်ခုအား ကြည့်ရှုနေသကဲ့သို့ပင်။ မည်သူကမှ သူ့အား တားဆီးခြင်းမရှိသလို သွားရောက်ကူညီကြခြင်းလည်း မရှိပေ။

ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ လက်အောက်မှဖြစ်သော နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးမှာမူ အလင်းတန်းကြီး၏ အပြင်ဘက်တွင် ရပ်တန့်လိုက်ရ၏။ သူမ၏ မျက်နှာအမူအရာမှာမူ အမျိုးမျိုး ပြောင်းလဲနေပြီဖြစ်သည်။ နောက်ဆုံးတွင် သူမသည် ခေါင်းမော့လာပြီး ချပ်ဝတ်တန်ဆာနက်တပ်ရင်း၏ နောက်ဆုံးရှိ သက်တံ့ရောင် လေပူဖောင်းထဲရှိ ချပ်ဝတ်တန်ဆာများ ဆင်မြန်ထားသော နွားချေးပိုးကြီးပေါ်တွင် ထိုင်နေသည့် အဘိုးကြီးအား လှမ်းကြည့်လိုက်တော့သည်။ သူမ၏ စကားသံကြီးမှာမူ အာကာသထဲ၌ ပဲ့တင်ထပ်သွား၏။

” တာအိုရောင်းရင်း ရှုဖေးကျိ။ သူ့ရဲ့အသက်နဲ့ နဂါးနက်ငါးတစ်ကောင်နဲ့ လဲမလား “

Comment

Leave a Reply

Options

not work with dark mode
Reset