“မင်း ကြားပြီးပြီလား ဒီကောင်လေး ဇူယွမ်က ကောင်းကင်ဘုံငယ် ကျင့်စဉ်ကို ရှောင်ထျန်းရွှမ်တို့ အုပ်စုတို့ လက်ထဲကနေ လုယူသွားခဲ့တာတဲ့”
“ဒါ မဖြစ်နိုင်ပါဘူး။ ဇူယွမ်က အခုမှ ချီစုဆောင်းမှု အဆင့်ပဲ ရှိသေးတာ မဟုတ်လား”
“ငါ ကြားတာကတော့ ရှောင်ထျန်းရွှမ်နဲ့ အဆင့်လေး မှော်သားရဲတို့ နှစ်ဖက်လုံး ပင်ပန်းနေတဲ့ အချိန်မှာ သူကဝင်ပြီး အမြတ်ထုတ် သွားတာတဲ့”
“ဘယ်လောက်တောင် ကံကောင်းလိုက်လဲ။ ကောင်းကင်ဘုံငယ် ကျင့်စဉ်ကို ရရှိတာ”
“ဟမ် … ရှောင်ထျန်းယွမ်က ဇူယွမ်ကို ဖမ်းလာပေးနိုင်မဲ့ ဘယ်သူ့ကိုမဆို မှော်သလင်းကျောက် သုံးသန်း ပေးမယ်လို့ ကတိပေး ထားတယ်။ လူအများအပြားပဲ သူ့ကို နောက်ဆုံးတွေ့ခဲ့တဲ့ ဒီနေရာမှာ ဖမ်းဖို့အတွက် လိုက်ရှာ နေကြတယ်။ ကောင်းကင်ဘုံငယ် ကျင့်စဉ်နဲ့ သူ့ခေါင်းကို ရဖို့အတွက်ပေါ့”
“တန်ဖိုးရှိတဲ့ ကျောက်စိမ်း လက်စွပ်ကလည်း အန္တရာယ်တွေ ဖြစ်လာစေ နိုင်တာပဲ။ သူက ကောင်းကင်ဘုံငယ် ကျင့်စဉ်ကို ထိန်းသိမ်းထားဖို့ အင်အားနည်းတဲ့အတွက် သူ သေရတော့မှာပဲ”
“ငါတို့လည်း ငါတို့ရဲ့ ကံကောင်းမှုလေးကို သွားရှာဖွေ သင့်တယ်။ ငါတို့ သူ့ကိုသာ တွေ့ခဲ့ရင် ရတနာပုံ ကိန်းစိုက်တာပဲ”
ဟီးဟီး။ ငါ တကယ်ကို စိတ်လှုပ်ရှား နေပြီ။ သူက အခုမှ ချီစုဆောင်းမှု အထက် အဆင့်မှာမလား ငါတို့ သူနဲ့တွေ့ရင် အေးဆေး ရင်ဆိုင် နိုင်ပါတယ်။
“ဒါဆိုလည်း မြန်မြန် သွားကြစို့ …”
“…..”
***
ရှောင်ထျန်းရွှမ်က လက်နောက်ပြန်ပစ်၍ တောင်ထိပ် တစ်ခုပေါ်တွင် ရပ်နေသည်။ သူက ကောင်းကင်ပေါ်တွင် တစ်စုံ တစ်ဦးကို လိုက်လံ ရှာဖွေနေသော ပုံရိပ်များကို ကြည့်နေပြီး သူ့မျက်လုံးများက ထိတ်လန့်ဖွယ် ကောင်းအောင် အေးစက်နေသည်။
“ဒီကောင် တကယ့်ကို အပုန်း ကောင်းတာပဲ …”
ရှောင်ထျန်းရွှမ်က အေးစက်စက် ပြောလိုက်သည်။ သူက ဂူလင်း အကြံပေးသည့် အတိုင်း လုပ်ခိုင်းပြီး လူအများအပြားက ဇူယွမ်ကို ရှာဖွေနေသော်လည်းပဲ အခုထိ မည်သူမှ ဇူယွမ်ရှိနေသည့် နေရာကို မရှာဖွေနိုင်သေးပေ။
“စိုးရိမ်ဖို့ မလိုပါဘူး။ ဇူယွမ်က ဒီပတ်ဝန်းကနေ ဘယ်ကိုမှ ထွက်မသွားနိုင်ဘူး” ဂူလင်းက သူ့အနောက်မှာ လာရောက် နှစ်သိမ့်ပေးသည်။ သူမ၏ သွယ်ပြီး ရှည်လျားသော မျက်တောင်များနှင့် မျက်ဝန်းက ကျဉ်းမြောင်းသွားပြီး တောင်တန်းတွေနှင့် တောအုပ်ကို မြွေပွေး တစ်ကောင်၏ အကြည့်မျိုးဖြင့် ကြည့်ပြီးနောက် ဆက်ပြော လိုက်သည်။ “သူက ငါတို့ရဲ့ ပိုက်ကွန်ထဲမှာ ဖမ်းရမယ့် ကြွက်တစ်ကောင် သာသာပဲ။ သူအကြာကြီး မပုန်းနိုင်ပါဘူး နောက်ဆုံးမှာ ငါတို့ရဲ့ ပိုက်ကွန်ကို ဝင်တိုးမိမှာပဲ”
“အဲဒီအချိန်ကျရင် သူ့ရဲ့ ချီစုဆောင်းမှု အဆင့်က သူ့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး သူမကြာခင် သေလိမ့်မယ်”
ရှောင်ထျန်းရွှမ်က ခေါင်းညိတ် လိုက်သည်။ သူက ဇူယွမ်ကို မကျေမချမ်း ဖြစ်စွာ လေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။
သူ၏ ဘဝက သူတော်စင် အကြွင်းအကျန် မြို့တော်က မြို့စား သခင်လေးဟူသော ဂုဏ်ပုဒ်ဖြင့် သူ့ဘဝက နှစ်ပေါင်းများစွာ ချောမွေ့ခဲ့ပြီး သူလိုတာ မှန်သမျှ အရယူနိုင်ခဲ့သည်။ ချီစုဆောင်းမှု အဆင့်က ကောင်လေး တစ်ယောက်၏ ကစားကွက်ထဲ သူကျရောက် ခဲ့လိမ့်မည်ဟု ဘယ်တော့မှ မတွေးဖူးခဲ့ပေ။
ဘာကိစ္စပဲရှိရှိ သူအနားယူ နိုင်လိမ့်မည် မဟုတ်ပေ။
ဂူလင်းက ညှို့ငင်စွာ ပြောလိုက်သည်။ “လာပါ ကြွက်လိုကောင် အတွက်နဲ့ ဒေါသထွက် မနေပါနဲ့။ နင့်ကို သူလုံးဝ မယှဉ်နိုင်ပါဘူး။ မင်း ကြေညာထားတဲ့ ဆုလာဘ်ကို ကြားပြီးတဲ့အချိန်မှာ ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် လက်ရွေးစင်တွေက သူ့ကို ရှာဖွေနေကြပြီ။ မင်းရဲ့ နံဘေးမှာရှိနေတဲ့ လူတွေနဲ့ဆို ကန်မင်ကုန်းမြေ တိုက်ကြီးထဲက လူငယ်မျိုးဆက်ထဲမှာ နင့်ကို ယှဉ်နိုင်မယ့်သူရှိမှာ မဟုတ်ဘူး …”
ရှောင်ထျန်းရွှမ်က ရယ်မောလိုက်ပြီး “ငါ့ရဲ့ ဝှက်ဖဲတွေ အားလုံးကို လေမိုးကြိုးသားရဲနဲ့ တိုက်ခိုက်တုန်းကသာ အသုံးမပြုခဲ့ရင် ငါ ဒီအနည်းငယ်သာ ရှိနေတဲ့ စွမ်းအားကြီး ပါရမီရှင်တွေကို ကြောက်ရွံ့နေမှာ မဟုတ်ဘူး”
သူသာ လေမိုးကြိုးသားရဲကို ဝှက်ဖဲတွေ အသုံးပြုပြီး သတ်နိုင်ခဲ့ရင် သူ့ရဲ့ ဂုဏ်သတင်းက တိုးတက်လာမှာပဲ။
စိတ်မကောင်းစွာနဲ့ပဲ …
ရှောင်ထျန်းရွှမ်နှင့် ဂူလင်းတို့ စကားပြောနေစဉ် အတွင်း အနည်းငယ် ကွာဝေးသော တောင်ဆီမှ တစ်စုံတစ်ခုကို ရှာဖွေတွေ့ရှိသဖြင့် ဆူပူလှုပ်ရှား သွားသည်။ သူတို့နှစ်ယောက်လုံး တစ်ယောက်နှင့် တစ်ယောက် ကျေနပ် ပျော်ရွှင်နေသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။
ကြွက်လေး ဖြစ်မယ်။ သူတို့၏ ပုံရိပ်တွေက ရုတ်ခြည်းပင် ကြီးမားလှသော သစ်ပင်တွေကို ဖြတ်သန်းပြီးနောက် မိနစ် အချို့အကြာမှာ သူတို့၏ အကြည့်တွေက လူရိပ်များ စူးစိုက်ကြည့်နေသော နေရာသို့ ရောက်သွားသည်။
သည်ပုံရိပ်တွေ၏ ပတ်ဝန်းကျင်မှာ မြင်နိုင်ဖို့ရန် အတွက် ဖုံးကွယ်ထားသည့် ကျောက်တုံးနှင့် ပိတ်ထားသော ဂူတစ်ဂူအား တွေ့လိုက်ရသည်။
“ဒါဆို သူက မှော်စာလုံး အစီအရင် တစ်ခုကို သုံးပြီးတော့ သူ့ရဲ့ မူလချီတွေကို ပေါ်ထွက်မလာအောင် လုပ်ထားတာပဲ။ သူ့ကို ရှာမတွေ့နိုင်ခဲ့တာ အံ့ဩစရာ မဟုတ်ပါဘူး” ရှောင်ထျန်းရွှမ်က မူလမှော်စာလုံးနှင့် မမြင်နိုင်အောင် ဖုံးကွယ်ထားတဲ့ ဂူကို စိုက်ကြည့်ပြီး အေးစက်စွာ ပြောလိုက်သည်။ “ကြွက်လေးက အထဲမှာ ပုန်းနေတာပဲ။ ဘယ်သူမဆို သူ့ကို သတ်နိုင်ရင် မူလသလင်းကျောက် သုံးသန်းရမယ်”
ရှောင်ထျန်းရွှမ်၏ အေးစက်စက် အသံက ပတ်ဝန်းကျင် တစ်ခုလုံးကို ပျံ့နှံ့သွားသည်။
ပတ်ဝန်းကျင်ရှိ ပုံရိပ်များ၏ မျက်လုံးများမှာ တောက်ပ လာသည်။ မူလ သလင်းကျောက် သုံးသန်း ဆိုသည်မှာ သေးငယ်သော ပမာဏ မဟုတ်ချေ။
“ဟီးဟီး။ ချီစုဆောင်းမှု အဆင့်မှာပဲ ရှိသေးတဲ့ ကြွက်လေးက တော်တော် တန်ကြေးရှိတာပဲ။ ငါ ဝမ်းမြောက်စွာ ဆုလာဘ်ကို ယူပေးရတာပေါ့”
အသံတွေ ထွက်ပေါ်လာပြီး ဒါဇင်ချီသော ပုံရိပ်တွေက ရှေ့သို့တက်လာပြီး ဂူပေါက်ဝရှိ မှော်စာလုံး အစီအရင်များကို ချိုးဖျက်ရန် အတွက် သူတို့၏ မူလ ချီစွမ်းအားများကို ထုတ်လွှတ် လိုက်ကြသည်။
ဘုန်း …
တောင်အတွင်းသို့ ဝင်သည့် အပေါက်မှာ တုန်ခါသွားပြီး အစီအရင်နှင့်အတူ ပိတ်ဆို့ထားသော ကျောက်တုံးမှာလည်း ပျက်စီး သွားတော့သည်။
“သတ်ကြ …”
ဒါဇင်ချီတဲ့ ပုံရိပ်တွေက ကျောက်တုံး ကျောက်စတွေ ပြိုကျဆဲ ကြားမှာပင် ဂူအတွင်းသို့ ပြေးဝင် သွားကြသည်။ အားလုံး၏ စိတ်ထဲတွင် သူတို့၏ ပစ်မှတ်ကို ဦးဆုံး ရှာတွေ့ရန် အရေးကြီးကြောင်း သိပေသည်။
ရှောင်ထျန်းရွှမ်က ဂူရှေ့တွင် ရှိနေသော ဒါဇင်ချီသည့် ပုံရိပ်များကို ကြည့်ပြီး ကောက်ကျစ်စွာ ပြုံးလိုက်သည်။ ထိုသူအားလုံးက ကောင်းကင်တံခါး ထိပ်ဆုံး အဆင့်တွင် ရှိနေကြပေသည်။ ဒီတစ်ကြိမ်တော့ ဇူယွမ်အတွက် လွတ်လမ်း မရှိတော့ပေ။
ဘုန်း …
သို့သော်လည်း ရှောင်ထျန်းရွှမ်က ဇူယွမ်အား တရွတ်တိုက် ဆွဲခေါ်လာမည့် မြင်ကွင်းကို စောင့်နေတုန်းမှာပဲ အံ့အားသင့်ဖွယ် ကောင်းသော မူလချီများက ဂူအတွင်းမှ မီးတောင်တစ်ခု ပေါက်ကွဲသလို ထွက်ပေါ် လာခဲ့သည်။
ဝရုန်း …
မူလချီ လှိုင်းဂယက်များက အားလုံးကို ဖုံးလွှမ်းသွားပြီး ဂူတစ်ခုလုံးပင် အက်ကြောင်းများ ဖြစ်ပေါ် လာသည်။
ဒုန်း … ဒုန်း …
အံ့အားသင့်ဖွယ် ကောင်းသော မူလချီများ ထွက်ပေါ်လာသော အချိန်တွင် ပုံရိပ် တစ်ဒါဇင်ခန့်က ဂူထဲမှ လွင့်ထွက် လာကြသည်။
အားလုံးက ဘူသီးများလို မြေကြီးပေါ်တွင် လူးလိမ့်နေရပြီး သူတို့၏ မျက်နှာတွင် သွေးများဖြင့် ရွှဲနစ်နေသည်။
“ဘာဖြစ်သွားတာလဲ …” ရှောင်ထျန်းရွှမ်က တုန်လှုပ်စွာ ပြောလိုက်သည်။
ပုံရိပ်တစ်ခု ထွက်ပြေးရင်း ကြောက်ရွံ့ တုန်လှုပ်စွာ ပြောလိုက်သည်။
“သူ … သူ ကောင်းကင်ဘုံ တံခါးအဆင့်ကို အဆင့် တက်နေပြီ”
သူက မရေရာ မသေချာဟန်ဖြင့် မျက်မှောင်ကြုတ် လိုက်သည်။ ဇူယွမ်က ကောင်းကင်ဘုံ တံခါးအဆင့်ကို တက်လှမ်းနေတာလား ဒါပေမဲ့ အစောနက ထွက်ပေါ်လာသော ချီစွမ်းအားတွေက ကောင်းကင်ဘုံ တံခါးအဆင့်ကို တက်လှမ်း နေချိန်အတွင်း ထွက်ပေါ်လာသော ချီစွမ်းအားနှင့် မတူပေ။
ဖျစ်… ဖျစ်…
အားလုံး ပဟေဠိ ဖြစ်နေစဉ်အတွင်း မူလချီများက လှုပ်ခတ်လာပြီး တဖြည်းဖြည်းနှင့် ဂူအပြင်သို့ ထိန်းချုပ်၍ မရဟန်ဖြင့် တောင်အတွင်းပိုင်းမှ ထိုးတက် လာကြသည်။
ဝရုန်း…
မူလချီတွေက ရူးသွပ်စွာပင် ဂူအတွင်းမှ တောင်နံရံကိုဖြတ်၍ ထိုးတက်လာခဲ့ပြီး ကောင်းကင်ပေါ်သို့ တစ်ဟုန်ထိုး ထိုးတက် သွားသည်။
လူတိုင်းက ၁၂ပေခန့် မြင့်တက်လာသော နက်ရွှေရောင် မူလချီများကို ငေးကြည့်ရင်းမှ ချီများက တဖြည်းဖြည်း အမြင့်သို့ ထိုးတက်လာသည်။
“သူက ကောင်းကင်တံခါး အဆင့်ကို တက်လှမ်းနေပြီ ဟုတ်လား” ရှောင်ထျန်းရွှမ်က အေးစက်စက် ပြောလိုက်သည်။
ဂူလင်းက အေးစက်စက် နှခေါင်းရှုံ့လိုက်ပြီး “ကောင်းကင်တံခါး အဆင့်ကို တက်ရင် ထွက်ပေါ်လာတဲ့ ချီတွေကို တိုင်းတာ နိုင်တယ်။ နင် ကောင်းကင်တံခါး အဆင့် ရောက်သွားတဲ့ အချိန်တုန်းကကော မူလချီတွေက ဘယ်နှပေလောက် မြင့်တက် လာခဲ့လဲ”
ရှောင်ထျန်းရွှမ်က သာမန်မျှပင် ဖြေလိုက်သည်။
“၉၄ ပေပဲ …”
သူ၏အသံမှာ ပုံမှန် ဖြစ်သော်လည်း ထင်ရှားစွာပင် ထို့အတွက် ဂုဏ်ယူနေဟန်များ ပါဝင်နေသည်။ သူ ရောက်ရှိခဲ့သော အမြင့်က သူ့မျိုးဆက်တွင် အမြင့်ဆုံး၌ ရပ်တည် နေပေသည်။
ဂူလန်က သူမ၏ နှုတ်ခမ်းပါးလေးဖြင့် ပြုံးလိုက်ပြီး “မူလချီတွေက ပေ ၂ဝ အထိ မြင့်တက်နိုင်ခဲ့ရင် ကောင်းကင်တံခါး အဆင့်သို့ ရောက်ရှိတယ်။ နင်က ၉၄ပေအထိ ရောက်ခဲ့တာ ဆိုတော့ လူတွေ အများကြီးထက် တကယ် သာလွန်တာပဲ”
“ဘာကြောင့်လဲ ငါကြားတာတော့ ဝူဟောင်က သူကောင်းကင်ဘုံ တံခါးအဆင့်ကို ဝင်ရောက်တဲ့ အချိန်မှာ သူ့ရဲ့မူလစဦးချီတွေက ကောင်းကင်ပေါ်ကို ၂၃၈ပေ အထိ မြင့်တက်ခဲ့တယ်တဲ့ …”
ဂူလင်းက ထိုစကားကို ကြားတော့ သက်ပြင်းချလိုက်ပြီး “ဝူဟောင်ရဲ့ ချီတွေက ရွှေရောင်မူလစဦး ချီတွေပဲ အဲဒီအမြင့်ကို ရောက်ခဲ့တာ မထူးဆန်းပါဘူး …”
သူမ၏ မျက်လုံးများက နက်ရွှေရောင် မူလချီများ ထိုးတက်လာနေသည့် တောင်ဆီသို့ ဝှေ့ကြည့်လိုက်ပြီး လှောင်ပြောင်ဟန်ဖြင့် ပြောလိုက်သည်။ “ဒီကလေး ပုန်းနေတာ အတော်ကြာပြီ အခု သူ့ကိုယ်သူ ဖော်ထုတ်ပြီး ကောင်းကင်တံခါး အဆင့်ကို တက်လှမ်းတယ် ဆိုတော့ သူ့ရဲ့ မူလချီတွေက ဘယ်နှပေအထိ မြင့်တက်နိုင်မလဲ ငါတကယ် သိချင်မိတယ်”
ရှောင်ထျန်းရွှမ်က အတွင်းစိတ်မှ ကျိတ်ရယ် လိုက်သည်။ သူလုံးဝကို မစောင့်ဆိုင်း နိုင်တော့ပေ။ ဇူယွမ် အပြည့်အဝ အဆင့်တက်ပြီးသော အချိန်ကျလျှင် ထိုအကောင်ကို တရွတ်တိုက် ဆွဲခေါ်လာပြီး သူ၏ စိတ်ထဲရှိ အရိပ်မည်းကြီးအား ဖျက်ဆီးပစ်ရပေမည်။
ရှောင်ထန်းရွှမ်က သူ့လက်ကို နောက်ပစ်လျက် ရပ်နေပြီး မျက်နှာသေကြီးဖြင့် သူ့ရှေ့ရှိ မြင်ကွင်းကို ကြည့်နေသည်။
သည်ဧရိယာ အတွင်းမှာ ရှိသောလူတိုင်းက စိတ်ဝင်စားစွာ ရပ်ကြည့် နေကြသည်။
မြောက်မြားစွာသော အကြည့်အောက်တွင် နက်ရွှေရောင် မူလချီများက ဂူထဲမှတစ်ဆင့် တဖြည်းဖြည်း မြင့်တက် လာခဲ့သည်။