ဝမ်ပေါင်လဲ့မှာ ထိုကဲ့သို့သော ဝိညာဉ်စွမ်းအင် လှိုင်းများကို ယခင်တုန်းကလည်း ကြုံဖူးထားသည်ဖြစ်ရာ သူ၏ ခန့်မှန်းချက်အား ယုံကြည်မှုအပြည့်ရှိနေ၏။
ထို လက်ဖဝါးကြီးဆီမှ ထွက်ပေါ်နေသည့် အငွေ့အသက်များမှာ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်တွင် ရှိနေသည်။ ၎င်းမှာ ထာဝရဝိညာဉ်အဆင့်အစစ် မဟုတ်သည့်တိုင်အောင် ဝိညာဉ်ကြားခံနယ် ထိပ်ဆုံးအဆင့်ထက် ပို၍သာလွန်နေဆဲပင်။
သို့ဖြစ်ရာ ထိုလူငယ်လေးမှာ သာမန်ကျင့်ကြံသူတစ်ယောက် မဖြစ်နိုင်ပေ။ လူတစ်ယောက်အား မိမိ၏ ထာဝရဝိညာဉ်အဆင့် ကာကွယ်စောင့်ရှောက်မှုများ ပေးထားခြင်းမှာ မိမိ၏ ကိုယ်ပွားအား ထိုပုဂ္ဂိလ်ဆီ၌ ချန်ရစ်ထားခဲ့ရသကဲ့သို့ပင်။ ထိုကိုယ်ပွား၏ အစွမ်းမှာ ထိုပုဂ္ဂိုလ်၏ ခန္ဓာကိုယ်ပေါ်၌ ချန်ရစ်ထားခဲ့သည့် နတ်ဘုရားအာရုံ၏ အစွမ်းပေါ် မူတည်ပေသည်။ ၎င်းမှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး အစွမ်းထက်နေနိုင်သလို ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နီးပါးလည်း အစွမ်းထက်နိုင်ပေသည်။ ယခုတွင် ထိုလူငယ်လေး၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်လာသော လက်ဖဝါးကြီးမှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်တွင် ရှိနေသည့် ကျင့်ကြံသူတစ်ယောက်ထက်ပင် ပို၍အစွမ်းထက်နေ၏။ သို့ဖြစ်ရာ ထာဝရဝိညာဉ်အဆင့်တွင် ရှိနေသည့် ကျင့်ကြံသူအစစ်တစ်ယောက်မှာ ထိုတိုက်ကွက်အား ထုတ်လွှတ်လိုက်သကဲ့သို့ပင်။
ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများပင်လျှင် ထိုကဲ့သို့သော အကာအကွယ် ကိုယ်ပွားများကို အရေအတွက် အနည်းငယ်ထက်ပို၍ ဆင့်ခေါ်နိုင်ကြမည် မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ ထို ကျင့်ကြံသူ၏ နောက်ကြောင်းရာဇဝင်နှင့် ထိုလက်ဖဝါးကြီးများ၏ ပိုင်ရှင်အကြောင်းတို့အား အသေးစိတ် စဉ်းစားတွေးတောနေရန် အချိန်မရှိပေ။ ထိုပုဂ္ဂိုလ်မှာ ထာဝရဝိညာဉ်အဆင့်တွင် အမှန်တကယ် ရှိနေသည်ဖြစ်စေ၊ ထာဝရဝိညာဉ်တစ်ပိုင်းအဆင့်တွင်သာ ရှိနေသည်ဖြစ်စေ အရေးမကြီးပေ။ သူသည် အသက်အန္တရာယ်ကြီးတစ်ခုနှင့် ရင်ဆိုင်နေရပြီဖြစ်ရာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရပြီး နောက်သို့ ချက်ချင်း ဆုတ်ခွာသွားလိုက်တော့သည်။ ထို့နောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်သောအခါ သူ၏ရှေ့တွင် ဓမ္မလက်နက် အမြောက်အမြား ပေါ်ပေါက်လာ၏။ နောက်ဆုံးတွင် သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ ၎င်းတို့အား ဖောက်ခွဲပစ်လိုက်ပြီး ထိုလက်ဖဝါးတိုက်ကွက်ကြီးအား တုံ့ပြန်တိုက်ခိုက်ရန် ကြိုးစားလိုက်တော့သည်။
ထိုအခါ ပေါက်ကွဲမှုများ ဆက်တိုက်ဆိုသလို ပေါ်ပေါက်လာသဖြင့် စကြဝဠာကြီးမှာ တုန်ရီသွားရ၏။ ထိုပေါက်ကွဲမှုများမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ တုန်ခါမှုလှိုင်းများအသွင် ပြောင်းလဲသွားပြီး အနီရောင် လက်ဖဝါးကြီးဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားသည်။ သို့သော် ထိုလက်ဖဝါးကြီးထဲ၌ ကိန်းအောင်းနေသည့် စွမ်းအားများမှာ အားကောင်းလွန်းနေ၏။ သူ၏ ဓမ္မလက်နက်များကို ဖောက်ခွဲပစ်လိုက်ရာမှ ထွက်ပေါ်လာသည့် စွမ်းအားများမှာ အားပြင်းပါသော်လည်း အနီရောင်လက်ဖဝါးကြီး၏ စွမ်းအားများကို မယှဉ်နိုင်ပေ။ ထို့ကြောင့် ထို အနီရောင်လက်ဖဝါးကြီးမှာ အရှိန်လျော့ကျသွားခြင်း မရှိဘဲ ထိုတုန်ခါမှုလှိုင်းများကို ကျော်ဖြတ်ကာ ဝမ်ပေါင်လဲ့ဆီသို့ ဆက်လက်ဦးတည်လာနေတော့သည်။
ဝမ်ပေါင်လဲ့မှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေပြီး ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့် ကျင့်ကြံသူတစ်ယောက်နီးပါး အစွမ်းထက်နေပါသော်လည်း ထိုကဲ့သို့သော တိုက်ကွက်မျိုးကို ယှဉ်နိုင်စွမ်း မရှိသေးပေ။ အကယ်၍ သူသည် သူ၏ခန္ဓာကိုယ်အစစ်နှင့် တိုက်ခိုက်နေသည်ဆိုပါက ယခုထက်ပို၍ အခြေအနေ ကောင်းနေနိုင်ပေသည်။ သူ၏ ခန္ဓာကိုယ်အစစ်၏ အပြင်ခန္ဓာကိုယ် သန်မာမှုမှာ ဤတိုက်ပွဲထဲ၌ သူ့အတွက် အသုံးဝင်နေမည် မဟုတ်ပါလော။
သို့သော် ယခုတွင် သူသည် သူ၏ကိုယ်ပွားထဲသို့ ရောက်နေ၏။ သူသည် ပုံရိပ်ယောင်ပညာရပ်အား အသုံးပြု၍ ထိုကိုယ်ပွားအား ဖန်တီးထားခြင်း ဖြစ်သည့်တိုင်အောင် ၎င်းမှာ သူ၏ခန္ဓာကိုယ်အစစ်လောက် သန်မာမှု မရှိပေ။ ဝမ်ပေါင်လဲ့မှာ ထိုလက်ဖဝါးကြီး သူ၏အနီးသို့ ရောက်လာသည်ကို ငေးကြည့်နေရင်း ၎င်းအား ရှောင်တိမ်းနိုင်တော့မည်မဟုတ်ကြောင်း သိလိုက်ရသဖြင့် အံကြိတ်ကာ မြူခိုးများအဖြစ်သို့ ထပ်၍ ပြောင်းလဲသွားလိုက်ပြန်သည်။
ထို မြူခိုးများ အနီရောင် လက်ဖဝါးကြီးနှင့် ရိုက်ခတ်မိသွားသောအခါ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထို့နောက် လေပြင်းများ စတင်တိုက်ခတ်လာပြီး ဝမ်ပေါင်လဲ့၏ မြူခိုးများထဲမှ တစ်ဝက်ကျော်မှာ လွင့်စင်ပျောက်ကွယ်သွားသည်။ သို့ဖြစ်ရာ သူသည် မြူခိုးများအဖြစ် ဆက်၍ ရှိမနေနိုင်တော့ပေ။ နောက်ဆုံးတွင် ကျန်ရှိနေသေးသည့် မြူခိုးများမှာ အတူတကွ စုဝေးသွားကြပြီးနောက် တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီနေသည့် ဝမ်ပေါင်လဲ့ အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားကြ၏။ သူသည် သူ၏ ကိုယ်ပွားခန္ဓာကိုယ်ကြီးကိုပင် ပျောက်ပျက်မသွားအောင် မနည်းကြိုးစားကာ ထိန်းသိမ်းထားရသည်။
သို့သော် သူရင်ဆိုင်နေရသည့် အန္တရာယ်များမှာ ပြီးဆုံးသွားခြင်း မရှိသေးပေ။ ထို အနီရောင်လက်ဖဝါးကြီးမှာ အနည်းငယ်ခန့် အားလျော့သွားသည့်ပုံ ပေါ်ပါသော်လည်း ၎င်း၏ စွမ်းအင်ရင်းမြစ်ဖြစ်သော လူငယ်လေး၏ ခန္ဓာကိုယ်မှာ အနီရောင်မြူခိုးများကို ဆက်လက်ထုတ်လွှတ်နေဆဲပင်။ ထို မြူခိုးများမှာ အတူတကွ ပေါင်းစည်းသွားကြပြီနောက် ဒုတိယမြောက် လက်ဖဝါးကြီးတစ်ခုအသွင် ပြောင်းလဲသွားတော့သည်။
” ဒီကောင်က အဲဒီ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးရဲ့ သားလားဟ ” ဝမ်ပေါင်လဲ့မှာ သူငယ်အိမ်များ ကျဉ်းမြောင်းသွားရ၏။ ထို့နောက် တစ်အောင့်ခန့်အကြာတွင် သူသည် ခပ်လှမ်းလှမ်းမှ ဝိညာဉ်စွမ်းအင်လှိုင်းများ ရောက်ရှိလာနေသည်ကို ထပ်၍ အာရုံခံမိလိုက်ပြန်သည်။ ၎င်းမှာ သူတို့ ရှိနေသည့် နေရာသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာနေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်သွားရ၏။
” သူ့ရဲ့ ခန္ဓာကိုယ်အစစ်ကပါ ဒီကို ရောက်လာတာလားဟ ” ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများ မတည်မငြိမ် ဖြစ်လာရပြီဖြစ်သည်။ ထိုခန္ဓာကိုယ်အစစ်သာ ရောက်မလာပါက သူသည် ထိုလက်ဖဝါးကြီးနှစ်ခုအား ဖြည်းဖြည်းချင်း အားလျော့သွားအောင်လုပ်ရန် အချိန်ရှိနေဦးမည် ဖြစ်သည်။ သို့သော် ယခုတွင်မူ ထိုလက်ဖဝါးများ၏ ပိုင်ရှင်အစစ် ရောက်လာပြီဖြစ်ရာ အခြေအနေများမှာ ပြောင်းလဲသွားပြီဖြစ်၍ သူ့ဆီတွင် အချိန်အလုံအလောက် မရှိတော့ပေ။
” တောက်ကွာ ” ဝမ်ပေါင်လဲ့မှာ မခံမရပ်နိုင်လောက်အောင် ဖြစ်နေရ၏။ သူသည် ထိုလက်ဖဝါးကြီးနှစ်ခု ဖိနှိပ်စွမ်းအားများ ထုတ်လွှတ်ကာ ဟင်းလင်းပြင်ကြီးအား ကျော်ဖြတ်လာသည်ကို စိုက်ကြည့်ရင်း မျက်ဝန်းများထဲ၌ ရူးသွပ်မှု အရိပ်အယောင်များ ထင်ဟပ်သွားတော့သည်။
” နည်းလမ်းတစ်ခုပဲ ကျန်တော့တယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ အံကြိတ်၍ မန္တန်လက်ကွက်များ ဖော်လိုက်၏။ ထို့နောက် သူသည် အာကာသထဲ၌ ရစ်ဝဲနေသည့် သူ၏ စစ်သင်္ဘောကြီးအား လှမ်း၍ လက်ညှိုးထိုးလိုက်တော့သည်။
အချိန်တိုလေးအတွင်း တန်ပြန်တိုက်ကွက်တစ်ကွက်အား ထုတ်လွှတ်နိုင်မည့် တစ်ခုတည်းသော နည်းလမ်းမှာ အလွန်အင်မတန်မှ အစွမ်းထက်သော အဆောင်ပစ္စည်းတစ်ခုအား ဖောက်ခွဲပစ်ရန်သာ ဖြစ်ပေသည်။ ယခုတွင်မူ သူ၏ စစ်သင်္ဘောကြီးအား ဖောက်ခွဲပစ်ရတော့မည်ဖြစ်ရာ သူသည် သူ၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် အခြား အဖိုးတန် အဆောင်ပစ္စည်းများကို ဖောက်ခွဲပစ်ခဲ့စဉ်တုန်းကထက် ပို၍ နှမြောတသ ဖြစ်နေရ၏။ သို့သော်လည်း လက်ရှိအခြေအနေတွင် ၎င်းမှာ အကောင်းဆုံး နည်းလမ်းဖြစ်ပေသည်။ အပေါ်ယံတွင် သူသည် ထာဝရဝိညာဉ်အဆင့် လက်ဖဝါးကြီးများကို ခုခံတွန်းလှန်နိုင်ရန် ထို စစ်သင်္ဘောကြီးအား ဖောက်ခွဲပစ်နေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူ၏ပစ်မှတ်မှာ… ဝိညာဉ်ကြားခံနယ်အဆင့် လူငယ်လေး ဖြစ်ပေသည်။
ထို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီးမှာ ထိုလူငယ်လေးအား ကူညီပေးရန် အပြေးရောက်လာခြင်း ဖြစ်ရမည်ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က လောင်းကြေးထပ်လိုက်ခြင်း ဖြစ်၏။
” ပေါက်ကွဲစေ ” ဝမ်ပေါင်လဲ့မှာ သူ၏နှလုံးသားထဲမှ နာကြည်းမှုများကို မျိုသိပ်ကာ သူ အချိန်အကြာကြီးပေး၍ တည်ဆောက်ခဲ့ရသည့် စစ်သင်္ဘောကြီးအား ဖောက်ခွဲပစ်လိုက်တော့သည်။
ထိုအခါ မျက်စိကျိန်းစရာကောင်းသော အဖျက်စွမ်းအားများမှာ ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးအား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွား၏။ ထို့နောက် ထို စစ်သင်္ဘောကြီးနှင့် ၎င်းပေါ်တွင် တင်ဆောင်လာသော ပစ္စည်းများအားလုံးမှာ ပေါက်ကွဲသွားတော့သည်။ ထို ပေါက်ကွဲမှုများမှ ထွက်ပေါ်လာသည့် တုန်ခါမှုလှိုင်းများမှာ လက်ဖဝါးကြီးနှစ်ခုဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားပြီး ၎င်းတို့နှင့် ရိုက်ခတ်သွားတော့သည်။
ထို့ကြောင့် စကြဝဠာကြီးထဲတွင် ကျယ်လောင်သော ထစ်ချုန်းသံကြီးတစ်သံ ပဲ့တင်ထပ်သွားသည်။ မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးမှာလည်း ထို တုန်ခါမှုလှိုင်းများ၏ ရိုက်ခတ်မှုဒဏ်မှ မလွတ်မြောက်နိုင်သောကြောင့် ချက်ချင်းဆိုသလိုပင် ပျက်စီးသွားရ၏။ နဂါးနက်တပ်ရင်းမှာလည်း အမှောင်မီးပင်လယ်ထဲ၌ ပိတ်မိနေသည်ဖြစ်ရာ ထွက်ပြေးစရာမြေ မရှိတော့သဖြင့် ထိုတုန်ခါမှုလှိုင်းများဆီမှ လွတ်မြောက်နိုင်ကြတော့မည် မဟုတ်ပေ။
စစ်သင်္ဘောတစ်စင်း၏ ပေါက်ကွဲမှုမှာ အားပြင်းပါသော်လည်း ၎င်း၏ ထိခိုက်ပျက်စီးမှုနှုန်းမှာ အတိုင်းအတာ တစ်ခုအထိသာ ရှိနေမည်ဖြစ်သည်။ သို့သော် ယခုတွင်မူ ထို ပေါက်ကွဲမှုမှာ ထာဝရဝိညာဉ်အဆင့် လက်ဖဝါးများနှင့် ရိုက်ခတ်သွားသည်ဖြစ်ရာ ထိုရိုက်ခတ်မှုကြောင့် ပေါ်ပေါက်လာသည့် တုန်ခါမှုလှိုင်းများမှာ နဂါးနက်တပ်ရင်း၏ စစ်သင်္ဘောကြီးများကို ဖျက်ဆီးပစ်လိုက်ရုံသာမက ၎င်းတို့အား ဝန်းရံထားကြသည့် အမှောင်မီးတောက်များကိုပါ ဖယ်ရှားပစ်လိုက်တော့သည်။
ဝမ်ပေါင်လဲ့၏ လောင်းကြေးထပ်မှုမှာ မှန်ကန်သွားသည်ဟု ဆိုရပေမည်။ ထာဝရဝိညာဉ်အဆင့် လက်ဖဝါးကြီးနှစ်ခုမှာ ဝိညာဉ်ကြားခံနယ်အဆင့် လူငယ်လေးအား ကာကွယ်ပေးနိုင်ရန် အစွမ်းကုန်ကြိုးစားလိုက်သဖြင့် ဝမ်ပေါင်လဲ့မှာ အချိန်အနည်းငယ်ခန့် ရသွား၏။
သူသည် မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော် ဖြစ်နေပြီး တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ နောက်သို့ ချက်ချင်းဆုတ်ခွာသွားလိုက်၏။ ထို့နောက် သူသည် နောက်သို့ ချာခနဲလှည့်ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။ သဲ့ခွန်းကျိနှင့် ကျန် မဟာတောင်ထိပ်ဂိုဏ်းသားများမှာဆိုလျှင် ထိုနေရာတွင် ရှိမနေကြတော့ပေ။ သူတို့မှာ ဝမ်ပေါင်လဲ့၏ တိုက်ကွက်ကြီးကြောင့် ကြောက်လန့်တကြားနှင့် ထွက်ပြေးသွားခဲ့ကြ၏။
” နဂါးနက်တပ်ရင်း ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ ဒေါသတကြီး ကြိမ်းဝါးကာ အရှိန်ကုန်မြှင့်တင်၍ အာကာသကြီးထဲ၌ ပျံသန်းနေ၏။ ဤ ဖြစ်ရပ်ကြီးတစ်ခုလုံးမှာ နဂါးနက်တပ်ရင်း၏ အနိုင်ကျင့်ဗိုလ်ကျမှုကြောင့် ပေါ်ပေါက်လာရသည် မဟုတ်ပါလော။ သူတို့မှာ မဟာတောင်ထိပ်ဂိုဏ်း၏ ရင်းမြစ်ပစ္စည်းများအားလုံးကို အပိုင်သိမ်းရန် ကြံရွယ်ခဲ့သည့်အပြင် သူ၏ စစ်သင်္ဘောကြီးကိုလည်း သူတို့၏ လက်ထဲသို့ လွှဲပေးရန် အတင်းအကြပ် ဖိအားပေးခဲ့ခြင်း ဖြစ်သည်။
” အခြေအနေတွေ ပိုဆိုးလာရင် ငါ ဒီနေရာကနေ ထွက်သွားလိုက်ရုံပဲ ရှိတာပေါ့ ” ဝမ်ပေါင်လဲ့မှာ အာကာသထဲ၌ ပျံသန်းနေရင်း မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ တောက်ပလာတော့သည်။ ထို့နောက် သူ၏နောက်တွင် ရှိနေသော စစ်မြေပြင်ကြီးထဲမှ ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီး စကြဝဠာကြီးထဲ၌ ပဲ့တင်ထပ်သွား၏။
ထိုအခါ ဝမ်ပေါင်လဲ့မှာ နောက်သို့လှည့်ကြည့်စရာပင် မလိုဘဲ ထ်ို ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူကြီး ရောက်ရှိလာပြီဖြစ်ကြောင်း သိလိုက်၏။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့ နဂါးနက်တပ်ရင်းနှင့် တိုက်ခိုက်ခဲ့သည့် နေရာရှိ ဟင်းလင်းပြင်ကြီးထဲ၌ အက်ကွဲကြောင်းတစ်ခု ပေါ်ပေါက်လာသည်။ ထို့နောက် တာအိုဝတ်ရုံများ ဆင်မြန်းထားသည့် သက်လတ်ပိုင်း အမျိုးသမီး ကျင့်ကြံသူတစ်ယောက်မှာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေသည့် မျက်နှာအမူအရာဖြင့် ထိုအက်ကွဲကြောင်းကြီးထဲမှ ထွက်လာတော့သည်။
သူမသည် သူမ၏ လက်ဖဝါးနှစ်ခုဖြင့် ကယ်တင်ခဲ့သည့် လူငယ်ကျင့်ကြံသူလေး၏ ရှေ့တွင် ပေါ်ပေါက်လာ၏။ ထို့နောက် သူမ၏ညာဘက်လက်ကို ဝှေ့ယမ်းလိုက်သောအခါ ထိုလူငယ်လေးမှာ သတိပြန်ရလာပြီး မျက်လုံးများ ပြန်ပွင့်လာတော့သည်။ သူ ပြန်လည်နိုးထလာချိန်တွင် သူ၏ ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများမှာလည်း ချက်ချင်းဆိုသလိုပင် ပျောက်ကင်းသက်သာသွား၏။
” ဆရာ ” ထို လူငယ်လေးမှာ သူ၏ရှေ့တွင်ရပ်နေသည် သက်လတ်ပိုင်း အမျိုးသမီးကျင့်ကြံသူအား မြင်လိုက်ရသောအခါ စိတ်လှုပ်တရှား ဖြစ်သွား၏။ ထိုကျင့်ကြံသူမှာ သူ၏ ဆရာဖြစ်သလို နဂါးနက်တပ်ရင်း၏ ခေါင်းဆောင်ကြီးလည်း ဖြစ်ပေသည်။
သူသည် ဖြစ်ကြောင်းကုန်စင်အား ချက်ချင်း ပြောပြလိုက်၏။ ထိုအခါ ထို အမျိုးသမီးကျင့်ကြံသူမှာ ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့ ထွက်ပြေးသွားသည့်ဘက်သို့ လှမ်းကြည့်လိုက်တော့သည်။ သူမ၏ မျက်ဝန်းများထဲတွင်မူ သတ်ဖြတ်လိုစိတ် အရိပ်အယောင်များ တောက်ပနေ၏။
” ဆရာ သိပါပြီ။ သူ့ကို အရှင်လက်လက် အရေဆုတ်၊ အသားနွှာပြီး ဝအောင်နှိပ်စက်ပြီးရင် သူ့ရဲ့ဝိညာဉ်ကို မင်းရဲ့ အမျိုးသမီး အစေခံတစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲမှာ ထည့်ထားလိုက်ကြတာပေါ့။ အဲတာဆိုရင် မင်း သူ့ကို လုပ်ချင်တာ လုပ်လို့ရပြီ ” ထို အမျိုးသမီးကျင့်ကြံသူ၏ နှုတ်မှ ထွက်ပေါ်လာသည့် စကားများအရ သူမသည် ထိုကဲ့သို့သော ရက်စက်ကြမ်းကြုတ်မှုများကို အမြဲတမ်း ကျူးလွန်နေသည့် လူတစ်ယောက်ဖြစ်ကြောင်း သိနိုင်ပေသည်။ ထိုလူငယ်လေးမှာလည်း သူမ၏ စကားများကို အံ့အားသင့်နေသည့်ပုံ မပေါ်သည့်အပြင် မျက်ဝန်းများပင် အရောင်တောက်လာ၏။
” ဆရာ့နောက်ကိုလိုက်ခဲ့။ သူ့ကို သွားဖမ်းကြစို့ ” ထို အမျိုးသမီးကျင့်ကြံသူမှာ ထိုသို့ဆိုလိုက်ပြီးနောက် သူမ၏လက်ကို ဝှေ့ယမ်းကာ သူမ၏တပည့်အား ခေါ်ဆောင်သွားပြီး အဝေးသို့ ပြေးထွက်သွားလိုက်တော့သည်။ သူမသည် ခြေတစ်လှမ်းလှမ်းကာ စကြဝဠာကြီးအား ကျော်ဖြတ်သွားလိုက်ပြီးနောက် ဝမ်ပေါင်လဲ့ ထွက်ပြေးသွားသည့် လမ်းကြောင်းအား ရှာတွေ့သွား၏။
ပုံမှန်အားဖြင့် ဆိုရင်လျှင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်အား အလွယ်တကူ လိုက်လံဖမ်းဆီးနိုင်ပေသည်။ အထူးသဖြင့် မိမိ၏ ပစ်မှတ်အား သိထားပါက ပို၍ပင် လွယ်ကူနေမည် ဖြစ်သည်။ သို့သော် ယခုတွင်မူ… သူမသည် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူအစစ်တစ်ယောက် မဟုတ်သည့်အပြင် သူမ၏ ပစ်မှတ်မှာလည်း သာမန် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပေ။
သူမသည် ထာဝရဝိညာဉ်အဆင့်အစစ်သို့ တက်လှမ်းနိုင်ရန် တစ်ဆင့် လိုနေသေးသည် ဖြစ်ပြီး ဝမ်ပေါင်လဲ့မှာ အများနှင့်မတူလောက်အောင် အစွမ်းထက်သော ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ထို အမျိုးသမီးကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့အား ချင်ချင်း ဖမ်းမိနိုင်မည် မဟုတ်ပေ။ သူမသည် မြန်ဆန်ပြီး တည်နေရာပြောင်းရွှေ့နိုင်စွမ်း ရှိပါသော်လည်း ဝမ်ပေါင်လဲ့မှာလည်း သူမနည်းတူ အာကာသထဲ၌ လျင်မြန်စွာ ပျံသန်းနိုင်စွမ်း ရှိနေ၏။ ထို့အပြင် သူသည် မြူခိုးများအဖြစ်သို့ ပြောင်းလဲလိုက်ပြီးနောက် ပို၍ပင် မြန်ဆန်လာသေးသည်။
ခဏအကြာတွင် ထိုနေရာတစ်ဝိုက်တွင် ရှိနေကြသည့် ဂိုဏ်းများမှာ နတ်မျက်လုံး လူမူအဖွဲ့အစည်း၏ ပြည်သူပိုင်နယ်မြေထဲ၌ ထိုကဲ့သို့ စိန်ပြေးတမ်းကစားနေကြသည့် သူတို့နှစ်ယောက်အား သတိထားမိသွားကြတော့သည်။ နတ်ဧကရာဇ်တရားမျှတမှုဂိုဏ်းနှင့် ဆဋ္ဌဂံမြေဂိုဏ်းတို့၏ လက်အောက်တွင်ရှိနေသော စစ်တပ်များမှာ ထိုအကြောင်းအား အရင်ဆုံး သိရှိသွားကြ၏။ ထို့ကြောင့် သူတို့မှာ ထိုအခြေအနေကြီးအား စိတ်ဝင်တစားနှင့် စောင့်ကြည့်နေကြပြီဖြစ်သည်။
” မဟာတောင်ထိပ်ဂိုဏ်းထဲမှာ တော်တော်လေးကို အစွမ်းထက်တဲ့ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူအသစ်တစ်ယောက် ပေါ်လာတယ်လို့ ငါကြားထားတယ်။ သူက နဂါးနက်တပ်ရင်းထဲက အဖွဲ့တစ်ဖွဲ့လုံးကို သတ်ဖြတ်ချေမှုန်းပစ်ခဲ့တာတဲ့ကွ ”
” စိတ်ဝင်စားစရာပဲ။ အဲဒီ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူက သာမန်လူတစ်ယောက်တော့ မဟုတ်နိုင်ဘူး။ သူ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းက နဂါးနက်တပ်ရင်းကို သွားပြီးတော့ ရန်စရဲတာ မထူးဆန်းပါဘူး ”
ထို သတင်းများမှာ တောမီးများကဲ့သို့ ပျံ့နှံ့နေပြီ ဖြစ်သည်။ အမျိုးသမီးကျင့်ကြံသူမှာ ဝမ်ပေါင်လဲ့အား သုံးကြိမ်တိုင်တိုင် လိုက်မီသွားခဲ့ပါသော်လည်း ထိုသုံးကြိမ်စလုံးတွင် ဝမ်ပေါင်လဲ့မှာ ဝှက်ဖဲမျိုးစုံ ထုတ်သုံးကာ သူ၏အမြန်နှုန်းအား မြှင့်တင်ခဲ့သည်သာ ဖြစ်သည်။ သို့သော်ငြားလည်း သူသည် သူမ၏ဝေးရာသို့ ထွက်ပြေးနိုင်ခဲ့ခြင်း မရှိပေ။ ထိုသို့ဖြင့် ထို အမျိုးသမီးကျင့်ကြံသူ၏ သတ်ဖြတ်လိုစိတ်များမှာ ပို၍ အားကောင်းလာရတော့သည်။ နောက်ဆုံးတွင် လူတိုင်းမှာ ထိုကိစ္စကြီးအား သတိထားမိသွားကြပြီ ဖြစ်သောကြောင့် သူမသည် အရှက်ရကာ အမျက်ချောင်းချောင်း ထွက်လာရတော့သည်။
” နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ ပိုင်နက်ထဲကို ထွက်ပြေးဖို့ ကြိုးစားနေတယ်ပေါ့ ” နဂါးနက်တပ်ရင်း၏ အမျိုးသမီး ခေါင်းဆောင်ကြီးမှာ ဝမ်ပေါင်လဲ့၏ အကြံအား ရိပ်မိသွားသည့်ပုံပင်။ သူမသည် ဝမ်ပေါင်လဲ့တစ်ယောက် အဝေးသို့ တည်နေရာပြောင်းရွှေ့သွားသည်ကို ကြည့်ရင်း မျက်ဝန်းများထဲ၌ ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ဖျတ်ခနဲ တောက်ပသွားတော့သည်။