Switch Mode

အခန်း (၇၅၅)

ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ ကာကွယ်စောင့်ရှောက်မှု

သဲ့ခွန်းကျိမှာ ဝမ်ပေါင်လဲ့၏ သတ်ဖြတ်လိုစိတ်များကို အာရုံခံမိလိုက်သောအခါ စိတ်ထဲတွင်ကြိတ်၍ ညည်းတွားလိုက်၏။ သူသည် အစေခံကျိန်စာတစ်ခုဖြင့် ချုပ်နှောင်ခံထားရသည်ဖြစ်ရာ ဝမ်ပေါင်လဲ့၏ စကားများကို တစ်ခွန်းမကျန် နားထောင်ရန် လိုအပ်ပါသော်လည်း ဂိုဏ်းကြီးသုံးဂိုဏ်းအား အပြစ်လုပ်မိမည်ကို ဝန်လေးနေသည်။ အထူးသဖြင့် ‌ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းမှာ မကြာသေးမီကမှ အင်အားကြီးထွားလာခဲ့သည့် ဂိုဏ်းကြီးတစ်ဂိုဏ်း ဖြစ်သည်။ သို့ဖြစ်ရာ သူတို့မှာ သူတို့၏အဖွဲ့ဝင်များကို ဆတ်ဆတ်ထိမခံကြပေ။ ထိုဂိုဏ်းအကြောင်း ကြားဖူးထားသည့် လူများမှာ ထိတ်လန့်ကြောက်ရွံ့သွားကြရသည်သာ ဖြစ်သည်။ သူတို့မှာ ဂိုဏ်းများအား အမြစ်ပြတ် သုတ်သင်ရှင်းလင်းရာ၌ နာမည်ဆိုးနှင့် ကျော်ကြား၏။

ထို့ကြောင့် သဲ့ခွန်းကျိမှာ ဝမ်ပေါင်လဲ့အား စိတ်ကိုတည်ငြိမ်အောင်ထားကာ စိတ်လိုက်မာန်ပါ မပြုမူရန် နားချဖို့ ပြင်လိုက်၏။ သို့သော် သူ စကားမပြောနိုင်ခင်မှာပင် နဂါးနက်တပ်ရင်းမှာ စတင်တိုက်ခိုက်လိုက်တော့သည်။

နဂါးနက်တပ်ရင်းထဲမှ ခရမ်းရောင် အလင်းတန်းရှစ်ခု ထိုးထွက်လာပြီး မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီး‌များပေါ်သို့ ကျရောက်လာသောအခါ စကြဝဠာကြီးမှာ တုန်ရီသွားသည်။ ထိုအလင်းတန်းများမှာ ခရမ်းရောင် ပိုက်ကွန်ရှစ်ခုအဖြစ် ပြောင်းလဲသွားကြကာ မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီများအား ချုပ်နှောင်လိုက်ကြပြီး ၎င်းတို့အား ဆွဲခေါ်သွားတော့သည်။ နဂါးနက်တပ်ရင်းမှာ သူတို့အား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားကြရန် ကြံရွယ်ထားသည့်ပုံပင်။

ထိုပိုက်ကွန်များထဲမှ အလွန်အင်မတန်မှ ဖိနှိပ်အားကောင်းသော စွမ်းအားတစ်မျိုး ထွက်ပေါ်နေပြီး မဟာတောင်ထိပ်ဂိုဏ်းသားများ၏ အသိစိတ်များကို တိုက်ခိုက်နေသောကြောင့် သူတို့မှာ ပါးစပ်ထဲမှ သွေးများ စီးကျလာကျတော့သည်။ သူတို့မှာ ထိုဖိနှိပ်အားများကို လုံးဝတောင်ခံနိုင်စွမ်း မရှိကြပေ။ ယွမ်ယင်အဆင့်တွင် ရှိနေသည့် လူများပင်လျှင် နာကျင်မှုများ ခံစားနေကြရပြီဖြစ်သည်။ သဲ့ခွန်းကျိပင်လျှင် အနည်းငယ်ခန့် ကတုန်ကယင် ဖြစ်နေပြီး နှလုံးသားထဲ၌ စိုးရိမ်စိတ်များနှင့် ကြောက်စိတ်များ ကြီးထွားလာရတော့သည်။ သူသည် ဝမ်ပေါင်လဲ့အား စိုက်ကြည့်ကာ သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ချက်ချင်းပေးပို့လိုက်သည်။

” သခင်။ ဒီတစ်ခေါက်တော့ ရှိပါစေတော့ဗျာ။ နဂါးနက်တပ်ရင်းကို ရန်လုပ်မိတာက ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို စိန်ခေါ်မိတာနဲ့ တူတူပဲဗျ။ ကျွန်တော်တို့တွေ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းရဲ့ ပိုင်နက်ထဲမှာပဲ တစ်သက်လုံး နေနေဖို့ စိတ်မကူးထားဘူးဆိုရင် ဒီတစ်ခေါက် ပြဿနာရှာမိတာနဲ့ နောက်အလှည့်တွေကျ သေချာပေါက် ဒုက္ခရောက်မှာနော် ”

ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိ၏ အသံလွှင့်အကြောင်းကြားစာကို ကြားလိုက်ရသောအခါ သူ၏ မျက်ဝန်းများမှာ ပို၍ပင် အေးစက်သွား၏။ အစတွင် သူသည် ပြဿနာမရှာဘဲ နဂါးနက်တပ်ရင်းအား သူတို့၏ ရင်းမြစ်ပစ္စည်းများကို သိမ်းယူခွင့်ပေးရန် ကြံရွယ်ထားခဲ့သည်သာဖြစ်သည်။ သူသည် ထိုဆုံးရှုံးမှုများအတွက် နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်နေရမည် ဖြစ်ပါသော်လည်း ၎င်းမှာ ရေရှည်အတွက်ကောင်းမွန်သည့် ဆုံးဖြတ်ချက်တစ်ခုသာ ဖြစ်သည်ဟု မှတ်ယူထားခဲ့၏။ သို့သော် သူကိုယ်တိုင် တည်ဆောက်ထားခဲ့ရသည့် စစ်သင်္ဘောကြီးမှာ သူ့အတွက် အလွန်အင်မတန်မှ အဖိုးတန်သည် မဟုတ်ပါလော။ သူသည် ၎င်းအား တည်ဆောက်နိုင်ရန် အချိန်ကုန်လူပင်ပန်းခံ၍ ကြိုးစားခဲ့ရပေသည်။ သို့ဖြစ်ရာ သူသည် ၎င်းအား လုံးဝ လက်လွှတ်ဆုံးရှုံးနိုင်မည် မဟုတ်ပေ။

ထိုအချိန်တွင် နဂါးနက်တပ်ရင်း၏ စစ်သင်္ဘောကြီးပေါ်ရှိ လူတစ်ယောက်မှာ နှာမှုတ်ကာ ဆိုလိုက်၏။

” မင်းတို့တွေ ငါ့ ရှေ့ကနေ ထွက်သွားဖို့ အချိန်သုံးစက္ကန့်ရမယ် ” ထို စကားသံနှင့်အတူ ခရမ်းရောင် ပိုက်ကွန်များထဲ၌ အက်ကွဲကြောင်းတစ်ခု ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာသည်။ ထို့နောက် ထိုအက်ကွဲကြောင်းထဲမှ စွမ်းအားတစ်မျိုး ရုတ်တရက်ဆိုသလို ထွက်ပေါ်လာပြီး မဟာတောင်ထိပ်ဂိုဏ်းသားများအား အာကာသထဲသို့ တွန်းထုတ်ပစ်လိုက်တော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက်သာလျှင် စစ်သင်္ဘောကြီး မလှုပ်မယှက်ရပ်ကာ ကျန်ခဲ့၏။

” မသွားသေးဘူးပေါ့ ” ထိုပုဂ္ဂိုလ်မှာ ဝမ်ပေါင်လဲ့တစ်ယောက် မလှုပ်မယှက် ရပ်နေသည်ကို မြင်လိုက်ရသောအခါ နှာမှုတ်လိုက်ပြန်သည်။ ထို့နောက် ကျင့်ကြံသူရှစ်ယောက် ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာပြီး ဝမ်ပေါင်လဲ့၏ စစ်သင်္ဘောကြီးအား ဝိုင်းထားလိုက်ကြ၏။ သူတို့မှာ တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ သူတို့၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်လွှတ်လိုက်ကြသဖြင့် သူတို့၏ စွမ်းအားများမှာ ထိုနယ်မြေတစ်ခုလုံးထဲ၌ ပြည့်နှက်သွားတော့သည်။

” ဝိညာဉ်ကြားခံနယ်အဆင့်လောက်နဲ့များ။ မင်းက ဒီမှာပဲ ဆက်နေချင်တယ်ဆိုမှတော့ ငါကလည်း မင်း ထွက်သွားလို့မရအောင် လုပ်ပေးရတာပေါ့ ” ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များဖြင့် ပြည့်နှက်နေသည့် ထိုစကားသံကြီးမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ ပဲ့တင်ထပ်သွားပြန်သည်။ ထိုစကားသံကြီး၏ ပိုင်ရှင်မှာ အဘိုးကြီးတစ်ယောက်ဖြစ်ပြီး တစ်ခေါင်းလုံး ဆံပင်ဖြူများပေါက်နေ၏။ သူ၏ မျက်နှာအမူအရာမှာ အေးတိအေးစက်နှင့် မောက်မာဝင့်ကြွားမှု အပြည့်ရှိသည့်ပုံ ပေါ်နေပြီး သူ၏ အကြည့်မှာလည်း ရေများကို ခဲသွားစေနိုင်လောက်သည့်အထိ အေးစက်နေသည်။

သဲ့ခွန်းကျိ၏ မျက်နှာအမူအရာမှာ ရုပ်ပျက်ဆင်းပျက် ဖြစ်နေပြီဖြစ်သည်။ သူသည် သူ၏ စစ်သင်္ဘောကြီးထဲမှ တွန်းထုတ်ခံလိုက်ရပြီး ယခုတွင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူရှစ်ယောက်နှင့် ရင်ဆိုင်နေရပြီ မဟုတ်ပါလော။ သူသည် သူ၏ စစ်သင်္ဘောကြီး၏ မလှမ်းမကမ်းရှိ လေထဲတွင် ရစ်ဝဲနေပြီး နှလုံးထဲ၌ ဗြောင်းဆန်ဖြစ်နေရပြီ ဖြစ်သည်။ သူသည် ဂိုဏ်းကြီးတစ်ဂိုဏ်းနှင့် ရင်ဆိုင်နေရသောကြောင့် ကြောက်စိတ်များ ခံစားနေရသလို ဓားပြတိုက်ခံလိုက်ရသည့်အတွက် ရှက်စိတ်များနှင့် အမျက်ဒေါသများကိုလည်း ခံစားနေရ၏။ သူသည် ထိုကဲ့သို့ ခံစားချက်မျိုးစုံဖြင့် ဝေခွဲမရဖြစ်နေသောကြောင့် သူ၏လက်သီးနှစ်ဖက်အား ကျစ်ကျစ်ပါအောင် ဆုပ်မိသွားလိုက် ၎င်းတို့အား ပြန်လည် ဖြေလျော့လိုက် လုပ်နေမိတော့သည်။

သူနှင့်ယှဥ်လိုက်ပါက ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူ ရှစ်ယောက်၏ ဝန်းရံခြင်းကို ခံထားရသည့်တိုင်အောင် အမူအရာ တည်ကြည်နေဆဲပင်။ သူသည် သူ၏ စစ်သင်္ဘောကြီးပေါ်တွင် ရပ်ရင်း ထို ကျင့်ကြံသူရှစ်ယောက်အား ဝေ့ဝိုက်ကြည့်ရှုလိုက်၏။ ထို့နောက် သူသည် စောစောတုန်းက စကားပြောနေသည့် အဘိုးကြီးအား စိုက်ကြည့်လိုက်သည်။

” ကျုပ်တို့‌တွေ ဆွေးနွေးညှိနှိုင်းပြီးတော့ ကျုပ်ရဲ့ စစ်သင်္ဘောကြီးကို မသိမ်းဘဲ လွှတ်ပေးလို့မရဘူးလား။ ဒါ ကျုပ် ဒီ စစ်သင်္ဘောကြီးကို တည်ဆောက်နိုင်ဖို့အတွက် သုံးခဲ့ရတဲ့ ပစ္စည်းစာရင်းပဲ။ တကယ်လို့ ခဗျားကမှ ကျုပ်ရဲ့ စစ်သင်္ဘောကြီးကို လိုချင်တယ်ဆိုရင် ကျုပ်ရဲ့ ကြိုးစားအားထုတ်မှုတွေအတွက် နစ်နာကြေးပြန်ပေးလေ ” ဝမ်ပေါင်လဲ့မှာ တစ်ခဏမျှ နှုတ်ဆိတ်နေလိုက်ပြီးနောက် ဖြည်းဖြည်းချင်း ဆိုလိုက်၏။ ထို့နောက် သူသည် ညာဘက်ကိုမြှောက်ကာ ဝှေ့ယမ်းလိုက်သောအခါ ကျောက်စိမ်းပေလွှာတစ်ခုမှာ ထိုအဘိုးကြီးဆီသို့ ဝဲပျံသွားသည်။

” မင်းက နစ်နာကြေးလိုချင်နေတယ်ပေါ့ ဟုတ်လား ” ထိုအဘိုးကြီးမှာ ပြက်လုံးတစ်ခုကို ကြားလိုက်ရသည့်အလား အော်ဟစ်ရယ်မောလိုက်၏။ သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများမှာလည်း ဝါးခနဲ ပွဲကျသွားကြသည်။ အထူးသဖြင့် သူ၏ညာဘက်တွင် ရပ်နေသည့် အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူကြီး၏ မျက်နှာအမူအရာမှာဆိုလျှင် အထင်သေးကာ လှောင်ပြောင်ရယ်မောလိုသည့်ပုံ ပေါက်နေသည်။ သူ စကားပြောရန် ပြင်လိုက်စဉ်မှာပင် အဘိုးကြီးမှာ ထို ကျောက်စိမ်းပေလွှာအား လှမ်းဖမ်းလိုက်၏။ ထို့နောက် သူသည် သူ၏လက်အား ကျစ်ကျစ်ပါအောင်ဆုပ်ကာ ထိုကျောက်စိမ်းပေလွှာအား ဖျက်ဆီးပစ်လိုက်တော့သည်။ ထိုအခါ ထိုကျောက်စိမ်းပေလွှာထဲမှ အနက်ရောင်မီးတောက်များ ချက်ချင်းဆိုသလိုပင် ထွက်ပေါ်လာပြီး ထိုနေရာတစ်ခုလုံးအား လွမ်းခြုံသွားတော့သည်။

ထို အခြင်းအရာများ အားလုံးမှာ မျက်စိတစ်မှိတ်အတွင်း ဖြစ်ပျက်သွားခဲ့ခြင်း ဖြစ်၏။ ထို အနက်‌ရောင် မီးတောက်များမှာ လှိုင်းလုံးများအဖြစ် မြင့်တက်သွားပြီး အာကာသကြီးထဲ၌ အနက်ရောင် မီးပင်လယ်ကြီးတစ်စင်းအဖြစ် ပြောင်းလဲသွားသည်။ ၎င်းတို့မှာ ထိုနယ်မြေတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး နဂါးနက်တပ်ရင်းအား ဖမ်းဆီးချုပ်နှောင်ထားလိုက်သကဲ့သို့ပင်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင်များမှာ ထိုနေရာအား အဝင်အထွက် မလုပ်နိုင်ကြတော့ပေ။

ထိုအချုပ်အနှောင်ကြီး ပေါ်ပေါက်လာသည်နှင့် ဝမ်ပေါင်လဲ့မှာ မြားတစ်စင်းကဲ့သို့ ရှေ့သို့ ပြေးထွက်သွားကာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီနောက် နဂါးနက်တပ်ရင်း၏ ရှေ့တွင် ပြန်ပေါ်လာ၏။ ထို့နောက် သူ၏ ရန်သူများ မတုံ့ပြန်နိုင်ခင်မှာပင်် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်အား ရှေ့သို့ ဆန့်ထုတ်လိုက်ပြီး သူ့အား ပြက်ရယ်ပြုခဲ့သည့် အဘိုးကြီး၏ ဦးခေါင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

ထိုအခါ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာပြီးနောက် ကြောက်မက်ဖွယ်ရာ လက်သည်းကြီးများအဖြစ် ပြောင်းလဲသွား၏။ အာကာသကြီးထဲတွင်လည်း ထစ်ချုန်းသံများ မြည်ဟည်းသွားသည်။ အဘိုးကြီးများမှာမူ မျက်လုံးများ ပြူးသွားရပြီဖြစ်သည်။ သို့သော် သူ မတုံ့ပြန်နိုင်ခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်အား အားပါပါ ညှစ်လိုက်၏။ ထိုအခါ ထိုအဘိုးကြီး၏ ဦးခေါင်းခွံမှာ တူဖြင့်ထုခံလိုက်ရသည့် ဖရဲသီးတစ်လုံးကဲ့သို့ အစိတ်စိတ်အမြွှာမြွှာ ပေါက်ကွဲသွားတော့သည်။

သူသည် အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေသည့်တိုင်အောင် ထိုအခိုက်အတန့်တွင် မည်သည့်အရာကမှ သူ့အား ကယ်တင်နိုင်တော့မည် မဟုတ်ပေ။ ဝမ်ပေါင်လဲ့၏ရှေ့တွင် သူသည် သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများကို ထုတ်ပြခွင့်ပင် မရလိုက်ပေ။

သွေးစသွေးနများ အရပ်မျက်နှာအနှံ့ လွင့်စင်သွားပြီးနောက် ထိုအဘိုးကြီး၏ သက်စောင့်စွမ်းအားများမှာ သူ၏ ရုပ်အလောင်းထဲမှ ထိုးထွက်လာပြီး ဝမ်ပေါင်လဲ့၏ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးထဲသို့ စုပ်ယူခံလိုက်ရသည်။ ဦးခေါင်းမရှိတော့သည့် ထိုရုပ်အလောင်းကြီးမှာမူ စက္ကန့်ပိုင်းအတွင်း ခြောက်သွေ့ရှုံးတွသွားပြီး ဝမ်ပေါင်လဲ့တစ်ယောက် သူ၏လက်ထဲမှ လွှတ်ချလိုက်သောအခါ အာကာသကြီးထဲသို့ မျောလွင့်သွားတော့သည်။

ထိုအခါ လူတိုင်းမှာ နှုတ်ဆိတ်သွားကြ၏။ ကျန်ရစ်နေခဲ့သည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူခုနစ်ယောက်နှင့် နဂါးနက်တပ်ရင်း၏ စစ်သင်္ဘောကြီးများပေါ်ရှိ ကျင့်ကြံသူများအားလုံးမှာ ထိုမြင်ကွင်းအား စိုက်ကြည့်ရင်း မယုံကြည်နိုင်လောက်အောင် ဖြစ်ကာ မျက်လုံးများ ပြူးသွားကြတော့သည်။ အဖြစ်အပျက်အားလုံးမှာ မြန်ဆန်လွန်းနေသည် မဟုတ်ပါလော။ သူတို့မှာ တိုက်ပွဲအတွေ့အကြုံ ရင့်သန်နေကြသည့် စစ်သည်တော်များ ဖြစ်သည့်တိုင်အောင် ထိုဖြစ်ရပ်ကြီးအား လက်ခံနိုင်စွမ်းမရှိလောက်အောင် ဖြစ်နေရသည်။ သူတို့မှာ သူတို့၏ နယ်မြေထဲ၌ ဂိုဏ်းငယ်လေးတစ်ဂိုဏ်းနှင့်သာ ရင်ဆိုင်နေရသည် မဟုတ်ပါလော။

ထို့အပြင် သူတို့မှာ ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်း၏ လက်အောက်ရှိ သတ္တမမြောက်အစွမ်းအထက်ဆုံးသော စစ်တပ်ကြီး ဖြစ်ပေသည်။ သို့ဖြစ်ရာ နဂါးနက်တပ်ရင်းမှာ ယခုကဲ့သို့ ထင်မှတ်မထားသည့် ဖြစ်ရပ်မျိုးနှင့် ကြုံတွေ့လိုက်ရသောအခါ သူတို့၏ စစ်သင်္ဘောကြီးများ အားလုံးမှာ ချက်ချင်းဆိုသလိုပင် အဆင်သင့်ပြင်လိုက်ကြ၏။ ထို့နောက် ၎င်းတို့မှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ၏ အမိန့်များကို စောင့်ဆိုင်းနေခြင်းမရှိဘဲ ၎င်းတို့၏ တိုက်ခိုက်ရေး လက်နက်များကို ထုတ်ကာ ဝမ်ပေါင်လဲ့အား ချိန်ရွယ်ထားကြပြီ ဖြစ်သည်။ နောက်ဆုံးတွင် ၎င်းတို့မှာ ၎င်းတို့၏ အစွမ်းအထက်ဆုံးသော တိုက်ကွက်များကို ထုတ်လွှတ်ကာ ချက်ချင်း တုံ့ပြန်တိုက်ခိုက်လိုက်ကြတော့သည်။

အသက်ရှင်ကျန်ရစ်ခဲ့သည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူခုနစ်ယောက်မှာလည်း ချက်ချင်းဆိုသလိုပင် ပြိုင်တူတိုက်ခိုက်လိုက်ကြ၏။ သူတို့ထဲမှ လေးယောက်မှာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာကြပြီး ကျန်သုံးယောက်မှာ ပြင်ပကမ္ဘာကြီးနှင့် ဆက်သွယ်နိုင်ရန် ကြိုးစားလိုက်ကြပါသော်လည်း အချည်းနှီးပင်။ ထိုအခါမှသာ သူတို့မှာ ဝမ်ပေါင်လဲ့သည် အဓိကသော့ချက်ဖြစ်ကြောင်း သိလိုက်ရ၏။ ထို့ကြောင့် သူတို့မှာ အသံကုန်အော်ဟစ်ကာ သူတို့၏ ကျင့်ကြံခြင်းစွမ်းအားအကုန်လုံးကို ထုတ်လွှတ်၍ သူတို့အား ပိတ်လှောင်ထားသည့် အနက်ရောင်မီးတောက်များအား ရှင်းလင်းဖယ်ရှားရန် ကြိုးစားလိုက်ကြသည်။ သို့မှသာ သူတို့မှာ တိုက်ခိုက်ခံနေရသည့်ဖြစ်ကြောင်း အချက်ပြနိုင်မည် ဖြစ်သည်။

ဝမ်ပေါင်လဲ့မှာ နဂါးနက်တပ်ရင်းမှ ကျင့်ကြံသူများ သူအား လျင်မြန်စွာ တုံ့ပြန်တိုက်ခိုက်လိုက်ကြသည်ကို မြင်လိုက်ရသောအခါ မျက်လုံးများ မှေးသွား၏။ ရန်သူများ၏ စစ်သင်္ဘောကြီးများထဲမှ အလင်းတန်းများထွက်ပေါ်လာသောအခါ သူသည် အေးစက်စွာ ရေရွတ်လိုက်သည် ” ငါက ဒီနေရာမှာ ငါ့ရဲ့အစွမ်းတွေကို ထုတ်ပြဖို့ အစီအစဉ်မရှိပေမဲ့ ကြည့်ရတာ တခြား ရွေးချယ်စရာ မရှိတော့တဲ့ပုံပဲ…. ရှိစေတော့။ မင်းတို့အကုန်လုံးကို သတ်ပေးရတာပေါ့ ”

ဝမ်ပေါင်လဲ့ ထိုသို့ရေရွတ်လိုက်ချိန်တွင် မန္တန်အလင်းတန်းများမှာ သူ၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားကြ၏။ သူ့ဆီသို့ ဦးတည်လာနေသော ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူလေးယောက်မှာလည်း သူ၏ရှေ့သို့ ရောက်လာကြပြီဖြစ်သည်။ ထို့ကြောင့် စကြဝဠာကြီးထဲတွင် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွား၏။ သို့သော် စစ်သင်္ဘောကြီးများနှင့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ ထုတ်လွှတ်လိုက်ကြသည့် မန္တန်များနှင့် နတ်ဘုရားစွမ်းရည်များ အားလုံးမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကြသောအခါ ၎င်းအား မထိဘဲ ကျော်ဖြတ်သွားကြသည်သာ ဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်မှာမူ မှုန်ဝါးဝါးဖြစ်သွားပြီး အကြည်ရောင်ပြောင်းသွား၏။ ထို့နောက် ၎င်းမှာ မြူခိုးများကဲ့သို့ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားကာ သူ၏ရှေ့တွင်ရှိနေသည့် အရာများအားလုံးကို ကျော်ဖြတ်သွားပြီး အနက်ရောင်မီးတောက်များအား ဖယ်ရှားရန် ကြိုးစားနေသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

ထိုတိုက်ကွက်ကြီးမှာ မြန်ဆန်လွန်းနေသောကြောင့် နဂါးနက်တပ်ရင်းမှာ နောက်ထပ်တစ်ကြိမ်ထပ်၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။ အမှောင်မီးတောက် အချုပ်အနှောင်ကြီးအား ဖယ်ရှားနိုင်ရန် ကြိုးစားနေသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာလည်း မှင်တက်သွားကြပြီး လူစုခွဲကာ ကြောက်လန့်တကြားဖြင့် အရပ်မျက်နှာအနှံ့သို့ ထွက်ပြေးဆုတ်ခွာသွားကြ၏။ သူတို့မှာ ဝမ်ပေါင်လဲ့ အခြားသူများကြောင့် အလုပ်ရှုပ်နေစဉ် အချုပ်အနှောင်ကြီးအား တိုက်ခိုက်ရန် ကြံရွယ်ထားကြခြင်းဖြစ်သည်။ ထိုနည်းဗျူဟာမှာ အခြားသူများအတွက် အသုံးဝင်နိုင်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက်မူ အသုံးမဝင်ပေ။

သူ၏ခန္ဓာကိုယ်မှာ မြူခိုးများအဖြစ် ပြောင်းလဲသွားပြီး ထိုမြူခိုးများထဲတွင်မူ သူ၏ရန်သူများ မမြင်နိုင်သော အမှောင်နတ်ဆိုးမျက်လုံးကြီး ရှိနေ၏။ သူ၏ ခန္ဓာကိုယ်ကြီးမှာ ထို နယ်မြေတစ်ခုလုံးထဲရှိ အရာအားလုံးကို လွှမ်းခြုံထားသည်ဖြစ်ရာ ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူသုံးယောက်မှာ ကိုယ်ပွားများ ဆင့်ခေါ်လိုက်ကြသည့်တိုင်အောင် ၎င်းတို့အားလုံးမှာ သူ၏လက်မှ ပြေးမလွတ်ကြပေ။ ဝမ်ပေါင်လဲ့မှာ တစ်ချက်မျှ တွေးလိုက်ရုံနှင့် သူ၏ မြူခိုးခန္ဓာကိုယ်ကြီးဖြင့် သူတို့အားလုံးကို ချက်ချင်း လွှမ်းခြုံပစ်နိုင်စွမ်းရှိပေသည်။

ထိုသို့ဖြင့် စကြဝဠာကြီးထဲ၌ နာကျင်မှုများဖြည့် ပြည့်နှက်နေသည့် အော်ဟစ်မြည်တမ်းသံများ ပဲ့တင်ထပ်သွား၏။ မြူခိုးများ ‌ပျောက်ကွယ်သွားပြီး ဝမ်ပေါင်လဲ့အဖြစ်သို့ ပြန်လည်ပြောင်းလဲသွားချိန်တွင် သူ၏ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲ၌ ရုပ်အလောင်းသုံးခု မျောလွင့်နေပြီဖြစ်သည်။ ၎င်းတို့အားလုံးမှာ သက်စောင့်စွမ်းအား အားလုံး စုပ်ယူခံထားရသဖြင့် ခြောက်သွေ့ရှုံ့တွနေကြ၏။

ဝမ်ပေါင်လဲ့မှာ သူ့ဆီတွင် အချိန်အများကြီးမရှိကြောင်း သိထားသည်။ သူ ဤတိုက်ပွဲကြီးအား မြန်မြန် အဆုံးသတ်နိုင်လေလေ သူ့အတွက် ပိုကောင်းလေ‌လေ ဖြစ်သည်။ သို့ဖြစ်ရာ သူသည် တွေဝေတုံ့ဆိုင်းနေခြင်းမရှိဘဲ မြူခိုးများအဖြစ် ထပ်၍ ပြောင်းလဲသွားပြီးနောက် အချုပ်အနှောင်နယ်မြေ၏ အလယ်တွင် ရှိနေသည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူလေးယောက်ဆီသို့ ထပ်၍ ဦးတည်သွားလိုက်တော့သည်။

ထို ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူလေးယောက်ထဲတွင် နှစ်ယောက်မှာ အဘိုးကြီးများဖြစ်ကြပြီး၊ တစ်ယောက်မှာ သက်လတ်ပိုင်းလူကြီးတစ်ယောက်ဖြစ်ကာ နောက်ဆုံးတစ်ယောက်မှာ လူငယ်လေးတစ်ယောက် ဖြစ်သည်။ သူတို့အားလုံးမှာ သူတို့၏ မိတ်‌ဆွေကျင့်ကြံသူများ ကြက်ငှက်လေးများကဲ့သို့ သတ်ဖြတ်ခံလိုက်ရသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရသဖြင့် ကြောက်ရွံ့တုန်လှုပ်နေကြပြီဖြစ်သည်။ ယခုတွင် ထိုအန္တရာယ်ကြီးမှာ သူတို့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီဖြစ်ရာ သူတို့မှာ အသံကုန်အော်ဟစ်ကာ သူတို့၏ အစွမ်းအထက်ဆုံးသော ပညာရပ်များကို ထုတ်သုံးရင်း ထွက်ပြေးဆုတ်ခွာသွားကြတော့သည်။

ဝမ်ပေါင်လဲ့တစ်ယောက် မြူခိုးများအဖြစ် ရှိနေသရွေ့ ထိုပညာရပ်များမှာ အလုပ်ဖြစ်မည် မဟုတ်ပေ။ ထို့ကြောင့် ထိုကျင့်ကြံသူများမှာ ချက်ချင်းဆိုသလိုပင် ဝမ်ပေါင်လဲ့၏ ဝန်းရံခြင်းကို ခံလိုက်ရသည်သာ ဖြစ်သည်။ ထို့နောက် အဘိုးကြီးနှစ်ယောက်ဆီမှ အော်ဟစ်မြည်တမ်းသံများ အရင်ဆုံး ထွက်ပေါ်လာပြီး သူတို့၏ ခန္ဓာကိုယ်များမှာ ခြောက်သွေ့ရှုံ့တွသွားကြ၏။ အသက်ရှူကြိမ် သုံးကြိမ် ကုန်ဆုံးသွားပြီးနောက် သက်လတ်ပိုင်းလူကြီးမှာလည်း ထိုနည်းတူပင် ဇီဝိန်ချုပ်သွားရသည်။ ထို့ကြောင့် နောက်ဆုံးတွင် လူငယ်ကျင်ကြံသူတစ်ယောက်သာ ကျန်ရစ်ခဲ့တော့သည်။ ဝမ်ပေါင်လဲ့တစ်ယောက် သူ၏အနီးသို့ ချဉ်းကပ်သွားလိုက်ပြီး သူ၏လက်ဖဝါးဖြင့် ထိုလူငယ်လေး၏ နဖူးအား လှမ်းရိုက်ရန် ပြင်လိုက်စဉ်မှာပင်…

ထိုလူငယ်လေး၏ ခန္ဓာကိုယ်ထဲမှ ဝမ်ပေါင်လဲ့အား အံ့အားသင့်သွားစေသည့် ဝိညာဥ်စွမ်းအင်များ ထွက်ပေါ်လာ၏။ ထို့နောက် ထို လူငယ်လေး၏ ခန္ဓာကိုယ်ပေါ်ရှိ အပေါက်များအားလုံးထဲမှ အနက်ရောင်မြူခိုးများ စိမ့်ထွက်လာပြီး သူ၏ရှေ့တွင် လက်ဖဝါးကြီးတစ်ခုအဖြစ် စုဝေးသွားကြသည်။ ထိုလက်ဖဝါးကြီးနှင့်အတူ မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးကိုပင် တုန်ရီသွားစေနိုင်ပြီး အရာအားလုံးကို ဖိနှိပ်ချုပ်တည်းပစ်နိုင်စွမ်းရှိသော စွမ်းအားတစ်မျိုးမှာ ဝမ်ပေါင်လဲ့ဆီသို့ အရှိန်အဟုန်ဖြင့် ဦးတည်လာတော့သည်။

” သူက ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ရဲ့ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိနေတာပါလား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွားရ၏။

Comment

Leave a Reply

Options

not work with dark mode
Reset