တောင်အတွင်း ဘက်မှာ ရှိသော လိုဏ်ဂူ၏ အတွင်း အနက်ပိုင်း၌ ဇူယွမ်က ကျောက်တုံး တစ်တုံးပေါ်မှာ ထိုင်နေကာ မျက်လုံး မှိတ်ထားလျက် ရှိသည်။ ဇူယွမ်၏ ချီသိုလှောင်ခန်းထဲ၌ အစောပိုင်းက သူမျိုချခဲ့သော အဖြူရောင် မူလချီ အစက်လေးများက အနည်ကျလျက် ရှိနေသည်။ အလုံးစုံ စပါးအုံးချီက ပြန်လည် သန့်စင်မွမ်းမံ ပေးနေသောကြောင့် မူလချီ အမျှင်တန်းလေးများက အဆုံးမရှိ ထွက်ပေါ်နေသကဲ့သို့ ရှိလေသည်။
ဇူယွမ်က သူ့မူလချီ သိုလှောင်ခန်းထဲတွင် မူလချီများ ပိုမိုကာ များပြား လာနေသည်ကို ခံစားရသည်။
“ဒီအချိန်က ချိုးဖျက်သင့် နေပါပြီ…” ဇူယွမ်က သူ့ကိုယ်သူ ပြောလိုက်ပါသည်။
သူက ကြီးမားသော ကျောက်တုံးကြီးဖြင့် ပိတ်ထားခဲ့သည့် ဂူပေါက်ဝကို တစ်ချက် ကြည့်လိုက်သည်။ သူက ထိုကျောက်တုံးပေါ်၌ မူလချီ အရှိန်အဝါများကို ဖုံးကွယ် ပေးထားသည့် မှော်စာလုံး တချို့ကိုလည်း ရေးဆွဲ ထားသေးသည်။ သူက သည်နေရာက သူ့လုံခြုံမှု အတွက် စိတ်ချရသည်လို့ ယုံကြည်ချက် ရှိ၏။
ရှောင်ထျန်းရွှမ်က ဇူယွမ်ကို ခွင့်လွှတ်နိုင်မည် မဟုတ်ဘဲ ကျိန်းသေပေါက် လိုက်ရှာ ပေလိမ့်မည်။ သို့သော် ဒီဧရိယာတွင် တောင်တွေ အများကြီး ရှိနေပြီး ဇူယွမ်ကလည်း သူရှိနေသော နေရာကို ချီဖုံးကွယ်မှု မှော်စာလုံးများဖြင့် ကာကွယ် ထားသေးသည်။ ထို့ကြောင့် ရှောင်ထျန်းရွှမ်က သူ့ကို မည်သို့မျှ ရှာနိုင်မည် မဟုတ်ချေ။
ဇူယွမ်က အေးစက်စက် ရယ်မော လိုက်သည်။ ထပ်မံ အချိန်ဆွဲခြင်း မရှိတော့ဘဲ သူက မျက်လုံး မှိတ်လိုက်ပြီး သူ၏ ချီသိုလှောင်ခန်းကို အာရုံ စူးစိုက်လိုက်ပြီး အလုံးစုံ စပါးအုံးချီများဖြင့် သန့်စင်သော မူလချီများကို ထိန်းချုပ် ဝါးမျိုလိုက်သည်။
သူ့ခန္ဓာကိုယ် ဝန်းကျင်မှာ မူလချီများက တဖြည်းဖြည်း ရစ်သိုင်းလို့ လာသည်။
ထိုအချိန်မှာပင် တောင်တန်းများ၏ တခြား တစ်နေရာ၌ …
ရှောင်ထျန်းရွှမ်က သူ့ရှေ့ရှိ ကြီးမားလှသည့် တောင်တန်းကြီးကို ကြည့်ပြီး ဒေါသတကြီး ဖြစ်နေသည်။ သူက တစ်နေကုန်လုံး ကြိုးစား ရှာဖွေခဲ့တာတောင်မှ အဆုံးမှာ မည်သည့် ရလဒ်ကောင်းမှ မရခဲ့။ ဇူယွမ်က လေထဲမှာ ပျောက်ကွယ် သွားသလိုပင်။
“ဒီခွေးကောင်…” ရှောင်ထျန်းရွှမ်က လက်သီး တင်းကျပ်စွာ ဆုပ်ထားကာ သူ့ပုံစံက ရူးသွပ်မတတ် ဖြစ်နေသည်။
ထိုအရာက သူ့အား ပထမဆုံးအကြိမ် အရုပ်တစ်ရုပ်လို ကစားခြင်းကို ခံရခြင်း ဖြစ်နေသည်။ ထို့ပြင် ချီစုဆောင်းမှု အဆင့်သာ ရှိသေးသည့် အမှိုက်ကောင်၏ ကစားခြင်းကို ခံရခြင်းပင် ဖြစ်၏။
“စိုးရိမ်စရာ မလိုပါဘူး…။ သူအကြာကြီး ပုန်းမနေနိုင်ပါဘူး…” ဘေးနားမှာရှိသည့် ဂူလင်းက ရှောင်ထျန်းရွှမ်ကို ပြောလိုက်သည်။ သူမက ကောက်ကျစ်စွာ ဆက်ပြောလိုက်သည်။ ”ငါတို့က ဇူယွမ်ဟာ အဆင့်နိမ့် ကောင်းကင် ကျင့်စဉ်ကို ရသွားတဲ့အကြောင်း သတင်း ဖြန့်လိုက်မယ်…။ ဒီကောင်က ချီစုဆောင်းမှု အဆင့်ပဲ ရှိသေးတဲ့အတွက် လူအများက သူ့ကို စိတ်ဝင်စား မိကြလိမ့်မယ်…”
ရှောင်ထျန်းရွှမ်က သူ့ဒေါသကို ချိုးနှိမ်လိုက်ပြီး မျက်လုံး အနည်းငယ် မှေးလိုက်သည်။ နောက်တော့ သူက ဂူလင်းကို ခေါင်းညိတ် ပြလိုက်သည်။ ကောင်းပြီ…။ သူက ငါပိုင်တာကို ကြားဖြတ် ယူရဲတဲ့အတွက် သူ့ကို လူတိုင်းရဲ့ အာရုံစိုက်မှုကို ခံစေပြီး ဆက်ပြီး အေးအေးချမ်းချမ်း မနေရအောင် လုပ်ပေးရမယ်…။
“ဒါ့အပြင် ငါက ဆုလာဘ်တစ်ခု ထုတ်ပြန်မယ်…။ ဇူယွမ်ကို သတ်နိုင်တဲ့ ဘယ်သူမဆို မူလ သလင်းကျောက် သုံးသန်းကို ချီးမြှင့်ပေးမယ်…”
ရှောင်ထျန်းရွှမ်၏ မျက်နှာပေါ်၌ ရက်စက်သော အပြုံးတစ်ခု ခိုတွဲသွားသည်။ ဇူယွမ်သာ ထွက်ပေါ်လာပါက မဆုံးနိုင်သည့် ပြဿနာများ၊ ဒုက္ခများကို ရင်ဆိုင် ရလိမ့်မည် ဖြစ်သည်။
ဂူလင်းက ပြုံး၍ ခေါင်းညိတ် လိုက်သည်။ သူမက တောင်တန်းများ၏ အတွင်း အနက်ပိုင်းကို စူးစိုက် ကြည့်လိုက်သည်။ ဇူယွမ်က သူတို့ကို ခေါင်းတုံးပေါ် ထိပ်ကွက်ပြီး ပျော်နေပုံပဲ။ ဒါပေမဲ့ သူမသိတာက သူအပြင်ထွက် လာသည်နှင့် ပြဿနာ၊ ဒုက္ခ အများအပြားက ဆီးကြိုနေသည် ဆိုတာကိုပင်…။
သူက တစ်ယောက်ယောက်ကို အပြစ်တင်ချင်လျှင် သူကိုယ်တိုင် ခွန်အား ကင်းမဲ့တာကိုသာ အပြစ်တင်သင့် ပေသည်။ ထို အားနည်းလွန်းသည့် ကောင်က အဆင့်နိမ့် ကောင်းကင် ကျင့်စဉ်ကို ပိုင်ဆိုင် လိုချင်နေခြင်းပင် ဖြစ်သည်။
သူတို့နှစ်ယောက် အပြန်အလှန် စကား ပြောနေစဉ်မှာပင် ကောင်းကင် အထက်မှာ ဖြစ်ပေါ်လာသည့် ထူးဆန်းသော လှုပ်ရှားမှုတစ်ခုကို အာရုံခံမိလိုက်သည်။
“ဒါက ဘာကြီးလဲ…”
ရှောင်ထျန်းရွှမ်က အလိုအလျောက် အော်မိလိုက်သည်။ ထိုကျောက်ပြားက သူတို့နှင့် အလွန်ဝေးကွာ နေသော်လည်း မျက်လုံးဖြင့်ပင် ရှင်းလင်းစွာ မြင်နိုင်ပေသည်။ ဤအရာက ထူးဆန်း အံ့သြမှု ခံစားချက်ကို ပေးစွမ်းနိုင်၏။
ဂူလင်းက ကောင်းကင်ထက်မှာ ရုတ်တရက် ပေါ်ပေါက်လာသည့် ကျောက်ပြားကို အလွန် မှင်တက်မိစွာ ငေးကြည့်မိသည်။ အနည်းငယ် လေ့လာ ဆန်းစစ်ပြီးနောက်မှာ သူမက မှတ်ချက် ပြုလိုက်သည်။
“ကျောက်ပြားပေါ်မှာ စကားလုံးအချို့ ရှိနေတဲ့ပုံပဲ…”
ရှောင်ထျန်းရွှမ်ကလည်း အာရုံစိုက်မိ လိုက်သည်။ သေချာပါသည်။ သူက ရှေးဟောင်း စာလုံးတချို့ကို တွေ့မြင်ခဲ့၏။ ထိုကျောက်ပြားပေါ်၌ အထွတ်အထိပ် နယ်မြေသို့ ဝင်ရောက် သွားနိုင်ခဲ့သော သူများ၏ နာမည်များကို ရေးထိုးထားသည်။
လက်ဝါး၏ ထိပ်တွင် စကားသုံးလုံး ရှိလေ၏။ ကျော်ကြားသော…၊ တိုက်ပွဲ…၊ အောင်မြင်မှုများ…။
ရှောင်ထျန်းရွှမ်က ရုတ်တရက် မျက်လုံးများ ပူလောင်ပြီး ပြင်းထန်စွာ စိတ်လှုပ်ရှား မိသည်။ “အထွတ်အထိပ် နယ်မြေ…” သူတော်စင် အကြွင်းအကျန် နယ်မြေထဲမှာ အထိတ်အထိပ် နယ်မြေလို့ ခေါ်သော နေရာတစ်ခု တည်ရှိကြောင်း ငါ ကြားခဲ့ဖူးသည်။ ထိုနေရာက သူတော်စင် အကြွင်းအကျန် နယ်မြေထဲ၌ ဖုံးကွယ်နေသည့် အကြီးကျယ်ဆုံး၊ တန်ဖိုး အရှိဆုံး လက်ဆောင် တစ်ခုပဲ။
“ဒီမတိုင်ခင်တုန်းက ဒီနေရာက တစ်ခါမှ မပေါ်လာခဲ့ဖူးဘူး။ ဘာကြောင့် အခုမှ ပေါ်လာရတာလဲ…”
ဂူလင်း၏ နှုတ်ခမ်းရဲရဲလေးက တုန်လှုပ်လို့ သွားမိသည်။
ဂူလင်းက အကူအညီမဲ့စွာ တိုးတိုး ပြောလိုက်သည်။ ”ဒီလူတွေက သူတို့ နာမည်တွေကို ကျောက်ပြားပေါ်မှာ ချန်ထား နိုင်ခဲ့တယ်။ ဒါက ဘာကို ဆိုလိုတာလဲ…။ တစ်ယောက်ယောက်က သူ့နာမည်ကို ဘယ်လို ထားခဲ့နိုင်တာလဲ…”
ရှောင်ထျန်းရွှမ်က ခဏကြာ တွေးဆလိုက်ပြီး ခပ်ဖြည်းဖြည်း ပြန်ပြော လိုက်သည်။ “ငါသာ မမှားဘူးဆိုရင် ဒီအရာက ကျော်ကြားသော တိုက်ပွဲ အောင်မြင်မှုများကို ရည်ညွှန်း နေတာပဲ ဖြစ်ရမယ်…”
“ကျော်ကြားသော တိုက်ပွဲ အောင်မြင်မှုများ…” ဂူလင်းက မျက်မှောင်ကြုတ် လိုက်မိသည်။
ရှောင်ထျန်းရွှမ်က ခေါင်းညိတ် လိုက်သည်။ “သူတော်စင် အကြွင်းအကျန် နယ်မြေက သူတော်စင်ရဲ့သွေးကနေ ဖြစ်တည် လာတာပဲ။ ဒါကြောင့် ထူးဆန်း အံ့သြဖွယ်ရာများနှင့် ပြည့်နှက် နေတယ်။ သူတော်စင် ကျောက်ပြား ပေါ်ပေါက်လာတာကို သူတော်စင် အကြွင်းအကျန် နယ်မြေတစ်ခုလုံးမှာ ရှိတဲ့လူတွေ အကုန်လုံး ဘာဖြစ်သွားတယ် ဆိုတာကို သတိထား မိကြလိမ့်မယ်…”
“ပြောကြတာကတော့ သူတော်စင် ကျောက်ပြားက ကျော်ကြားသော တိုက်ပွဲအောင်မြင်မှုများ ရှိတဲ့သူတွေကို ဆုံးဖြတ်ပေးကာ သူတို့နာမည်တွေကို ကျောက်ပြားပေါ်မှာ ပေါ်လာပြီး အထိတ်အထိပ် နယ်မြေကို ဝင်ရောက် ခွင့်ပြုတယ်တဲ့…”
ရှောင်ထျန်းရွှမ်ဘေးမှာ ရှိသည့် အခြား ပါရမီရှင်များက သူတို့စိတ်ထဲ၌ စိတ်လှုပ်ရှားမှုများ တောက်လောင်လို့ လာသည်။ အထိတ်အထိပ် နယ်မြေက အကြီးကျယ်ဆုံး လက်ဆောင် တစ်ခုပင် ဖြစ်၏။ သူတို့သာ အထဲကို ဝင်ရောက်နိုင်ခဲ့မည် ဆိုလျှင် ကောင်းကင်ဘုံပေါ်သို့ တန်းတန်း မတ်မတ် တစ်ခါတည်း တက်သွားခြင်းဖြင့် အတူတူပင် ဖြစ်လိမ့်မည်။
“ကြည့်ရတာ ငါတို့က ကျော်ကြားသော တိုက်ပွဲအောင်မြင်မှုက ဘယ်အရာလဲ ဆိုတာကို ရှာဖွေဖို့ လိုအပ်တဲ့ ပုံပဲ…” ရှောင်ထျန်းရွှမ်က တိုးတိုး ပြောလိုက်သည်။
သို့ရာတွင် ရက်စက်သော အကြည့်က သူ့မျက်လုံးထဲ၌ ပေါ်လာခဲ့သည်။
“ဒီအရာကို မလုပ်ခင် ငါတို့က ဇူယွမ်ကိုသတ်ဖို့ အရင်ဆုံး ဦးတည် ထားရမယ်…”
သူတော်စင် အကြွင်းအကျန် နယ်မြေတစ်ခုလုံးရှိ လူတိုင်းက ကောင်းကင်ထက်တွင် သူတော်စင် ကျောက်ပြား ပေါ်ထွက် လာသည်ကို အာရုံခံမိ ကြပေသည်။ ထို့အတွက် သူတို့က ခေါင်းမော့ ကြည့်လိုက်ကြသည်။ လူတိုင်းက ကျောက်ပြားပေါ်ရှိ ရှေးဟောင်း စကားလုံးများအား ရှင်းလင်းစွာ မြင်ရပေသည်။
သူတော်စင် အကြွင်းအကျန် နယ်မြေတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်လို့ နေသည်။ မရေမတွက်နိုင်သော ပါရမီရှင်များ၏ မျက်လုံးထဲ၌ မျှော်လင့်ချက်များဖြင့် တောက်လောင်လို့ နေသည်။ လူတိုင်းက ထိုအရာသည် အထိတ်အထိပ် နယ်မြေကို ဝင်ရောက်နိုင်သည့်ဟာ ဆိုတာ ကောင်းကောင်းကြီး နားလည်ပေသည်။ ထိုနေရာ၌ အကြီးမြတ်ဆုံး လက်ဆောင်ကို ရှာတွေ့ နိုင်ပေသည်။ ထို့ကြောင့် မရေမတွက်နိုင်သော ပါရမီရှင်များက ဦးနှောက် ခြောက်အောင် စဉ်းစား လိုက်ကြသည်။ “ကျော်ကြားသော တိုက်ပွဲ အောင်မြင်မှုက ဘယ်လို ခွဲခြားထားထာလဲ…”
သူတော်စင် အကြွင်းအကျန် နယ်မြေ တစ်နေရာ၌…
သန့်ရှင်းသော စမ်းချောင်းလေး တစ်ခုဘေးနားမှာ နှိုင်းယှဉ်စရာ မရှိအောင် ကြည့်ကောင်း လွန်းသည့် ပုံရိပ်တစ်ခုက သူမရဲ့ခြေချောင်း ကလေးများကို အေးစက် ကြည်လင်နေသော ရေထဲသို့ ဆန့်ထုတ်ပြီး ထိုင်နေသည်။ သူမက စိတ်လက် ကြည်နူးမှုကို ခံစားနေပြီး သူမ၏ လှပသော မျက်လုံးလေးများကို မှိတ်ထားလျက် ရှိသည်။
ထိုရင်းနှီးသော အသွင်အပြင်လေးက ယောင်ယောင်ကလွဲလို့ အခြား မရှိနိုင်ပါ။
တစ်ချိန်တည်းမှာပဲ သူမ၏ နက်မှောင် ရှည်လျားသော ဆံပင်များကို ကျောဘက်သို့ ဖြန့်ခင်းထားပြီး ခါးလယ်ထိပင် ရောက်လို့ နေသည်။ သူမက အေးမြသော ရေလေးမျာကို ထိတွေ့ပြီး စိတ်ကြည်နူး နေစဉ်မှာပင် ကောင်းကင်ထက်၌ သူတော်စင် ကျောက်ပြားတစ်ခု ပေါ်ထွက်လာသည့် အတွက် သူမက တဖြည်းဖြည်းချင်း ခေါင်းမော့ ကြည့်လိုက်သည်။
“ကျော်ကြားသော တိုက်ပွဲ အောင်မြင်မှုများ…”
ယောင်ယောင်က ပျင်းရိစွာ ကျောဆန့်လိုက်ပြီး သူမကိုယ်သူမ တိုးတိုး ပြောလိုက်လေသည်။ “ဇူယွမ် ဘယ်လိုနေလဲ ငါ သိချင်လိုက်တာ…။ တစ်နေရာရာမှာ ရန်သူ တစ်ယောက်ယောက်နဲ့ တွေ့မိပြီး အထိအခိုက် မရှိဖို့၊ မသေဆုံးဖို့ မျှော်လင့်မိတယ်…”
ထို့နောက် သူမက ခေါင်းနည်းနည်း ယမ်းလိုက်မိသည်။ “သူ့အကြောင်းကို အရင်ဆုံး မတွေးမိသင့်ဘူး။ ငါလုပ်စရာ ရှိတာ လုပ်ရဦးမယ်…”
သူမက ထလိုက်သည်။ သွယ်လျသော ခန္ဓာကိုယ်လေးက အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်လိုက်သည့် အခါမှာ လှပမှုနှင့် ချောမောမှုတို့က တစ်ခါထပ်ပြီး ပေါင်းစပ် သွားဟန်ရသည်။ အခုတော့ သူမက အလွန် ချောမောသော လူငယ်လေး တစ်ယောက် ကဲ့သို့ပင်…။
သို့ရာတွင် လူငယ်၏ နားလည်ရန် ခက်ခဲသော မျက်လုံးထဲ၌ အေးစက်စက် ဖြစ်သွားသည်။ သူ၏ သန့်ရှင်း စင်ကြယ်သော နဖူးပေါ်တွင် အလင်းတချို့ တောက်ပလာပြီး စွမ်းအား ပြည့်ဝလှသည့် စိတ်ဝိညာဉ် စွမ်းအားများက တစီစီ ထွက်ပေါ်လျက် ရှိသည်။
ယောင်ယောင်က ဖြည်းညင်းစွာ လှည့်လိုက်ပြီး သူ့ဘေးနားရှိ ကောင်းကင်ထက်မှာ ခန့်ညား၊ လွှမ်းမိုးနိုင်စွမ်း ရှိသော ဟန်ပန်တစ်ခု တစ်ဟုန်ထိုး ဖြတ်သွားရာသို့ ရှေးရှုကာ ကြည့်လိုက်သည်။ ယောင်ယောင်က ထိုပုံရိပ်မှ ထွက်ပေါ်နေသော အနီရောင်ချီများကို အေးစက်စက် စိုက်ကြည့် လိုက်သည်။ ထို့နောက် သူမက လေထဲသို့ ညင်သာစွာ လက်ညှိုး ထိုးလိုက်သည်။
ပွတ်…
ရုတ်တရက် မမြင်ရသော စိတ်ဝိညာဉ်များက ပေါက်ကွဲ ထွက်လာပြီး ပြင်းထန်သော စိတ်ဝိညာဉ်များက အနီရင့်ရောင်ချီများ ဆီသို့ သွားရောက် ထိမှန်သည်။
ဘုန်း…
ထိုခဏ၌ ကောင်းကင်ပင် ကွဲထွက်သွားသလို ရှိကာ ထိုအနီရင့်ရောင် ချီများက ကောင်းကင်မှ ဆင်းသက်လို့လာပြီး စမ်းချောင်း ဘေးနားရှိ တောင်ထိပ် တစ်ခုပေါ်တွင် ခြေချလိုက်သည်။
အနီရင့်ရောင်ချီများ တဖြည်းဖြည်း ပျောက်ကွယ် သွားချိန်၌ ရွှေရောင်ဝတ်စုံဖြင့် ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ထိုလူကတော့ ဝူဟောင်ပင်။
ဝူဟောင်က ခေါင်းငုံ့ကာ အသက်မပါသလို ကြည့်လိုက်သည်။ သူက ယောင်ယောင်ကို ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။
“မင်းငါ့ကို ဘာလို့ ရယ်တာလဲ…”
ယောင်ယောင်က ဝူဟောင်ကို စူးရဲစွာ ပြန်ကြည့် လိုက်သည်။ သူမ မျက်လုံးထဲရှိ အေးစက်မှုက စမ်းချောင်း တစ်ခုလုံးထက်ပင် ပိုနေသေး၏။
“နင်က ပြဿနာပေးတာ၊ အနှောင့်အယှက် ပေးတာ မကြိုက်ဘူးမလား…။ ဒါပေမဲ့ ငါက နင့်ကို နှောင့်ယှက်ချင်တယ်…”
စိတ်လှုပ်ရှားမှု တစ်စက် ကလေးတောင် မရှိသည့် ယောင်ယောင်၏ အသံက ရှင်းလင်းစွာ ထွက်ပေါ်လာခဲ့သည်။ သူမက ခဏတွေးလိုက်ပြီး ဆက်ပြောသည်။
”တစ်ချိန်တည်းမှာပဲ ကျော်ကြားသော တိုက်ပွဲ အောင်မြင်မှု ဆိုတဲ့ စကားလုံးကို နင် နားလည်နိုင်မှာ မဟုတ်ဘူး ဆိုတာ သိစေချင်တယ်…” သူမက ထိုသို့ ပြောပြီးပြီးချင်း သူမ၏ လက်အိတ်ထဲမှ မှော်စာလိပ်များ တစ်ခုပြီးတစ်ခု သူမရှေ့မှာ ထွက်ပေါ် လာခဲ့သည်။ ထိုမှော်စာလိပ် တစ်ခုချင်းစီက အလွန် အံ့အားသင့်ဖွယ် ကောင်းသော မူလချီများ ပျံ့နှံ့လျက် ရှိပေသည်။