Switch Mode

စာစဉ် (၁၁) အပိုင်း (၁၄၉)

ဇူယွမ်၏ စောင့်ပြီး ရိတ်သိမ်းမှု

ဘုန်း … ဘုန်း…

တောထဲ တစ်နေရာ၌ မူလချီများက တဝုန်းဝုန်း ပေါက်ကွဲသံများ ထွက်ပေါ်လျက် ရှိသည်။ လေမိုးကြိုးသားရဲ၏ ကြီးမားသော ခန္ဓာကိုယ်ကြီးမှ သွေးများ တစ်စက်စက် ကျလျက်ရှိပြီး ၎င်းက မြေကြီး အချွန် အခင်းအကျင်းကြားမှာ ကြိုးစား ရုန်းကန်နေရပုံ ပေါ်သည်။ ထိုမြင်ကွင်းကြောင့် လေမိုးကြိုး သားရဲကြီးက ဒဏ်ရာ အနာတရများ ပြည့်နှက်နေကြောင်း အလွယ်တကူ သိနိုင်ပေသည်။

သို့ရာတွင် သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့လည်း လုံးဝ မသက်သာချေ။ ရှောင်ထျန်းရွှမ်က ဝှက်ဖဲ အမျိုးမျိုးသုံးပြီး လေမိုးကြိုးသားရဲကို ဒဏ်ရာ ရစေသော်လည်း ၎င်း အဆင့်လေး မူလသားရဲက မူလစဦး အဆင့် ကျွမ်းကျင်သူ တစ်ယောက်ကို ယှဉ်နိုင် နေသေးသည်။

သူ့ရဲ့ရူးသွပ်နေသော တန်ပြန် တိုက်ခိုက်မှုများက ပါရမီရှင် တစ်ယောက်ပြီး တစ်ယောက်ကို စုတ်ပြတ် သွားစေသည်။

တိုက်ပွဲဝန်းကျင် တစ်ခုလုံးက လုံးဝ စုတ်ပြတ်သတ် နေသည်။

“မြန်မြန်လုပ်… သူလဲတော့မယ်…” ရှောင်ထျန်းရွှမ်က အသည်းအသန် အော်လိုက်သည်။ မူလတုန်းက ယုံကြည်မှုရှိခဲ့သည့် ကြာရှည်ဆက်၍ ရှိနိုင်တော့မည့်ပုံ မပေါ်ပေ။ သူက မျက်လုံးများ နီရဲလာပြီး ရုန်းကန် လှုပ်ရှားနေသော လေမိုးကြိုး သားရဲကြီးကို ဆက်၍ ကြည့်လိုက်သည်။ သူက သည်အမဲလိုက်မှုတွင် သူ့ရဲ့ဝှက်ဖဲအားလုံးကို အသုံးပြုပြီး ဖြစ်ကာ ခုအခြေအနေက အလောင်းအထပ် ပြုနေရသည့် အခြေအနေပင်။

သူ့အော်သံကို ကြားလိုက်သည့်အခါ သူတော်စင် အကြွင်းအကျန် အဖွဲ့က  သူတို့နောက်ဆုံး လက်ကျန် အင်အားများကို ညှစ်ထုတ်လိုက်ပြီး ရူးသွပ်လုနီးပါး ဖြစ်နေသည့် လေမိုးကြိုး သားရဲကြီးကို မူလချီများ စုစည်း၍  တိုက်ခိုက် လိုက်သည်။

သူတို့ဘက်က တဖြည်းဖြည်း ကောင်းမွန်လာသော အခြေအနေကို စောင့်ကြည့်ရင်း ရှောင်ထျန်းရွှမ်က သူ့ပခုံးပေါ်မှ လေးလံသည့် ဝန်ထုပ်ဝန်ပိုးကြီးကို လျှော့ချလိုက်ပြီး သက်သာရာရစွာ သက်ပြင်းချကာ အသက်ရှူထုတ် လိုက်သည်။ သူ့မျက်နှာပေါ်ရှိ ဘဝင်ခိုက်ခြင်းနှင့် စိတ်လှုပ်ရှားမှုကို ကြာရှည်စွာ မဖုံးကွယ်ထား နိုင်တော့ချေ။

ဒီနေ့တိုက်ပွဲက အလွန် ခက်ခဲခဲ့သော်လည်း သူက နောက်ဆုံးတော့ အောင်နိုင်သူ ဖြစ်လာတော့ ပေမည်။ သူ့နာမည်က မကြာခင် ပျံ့နှံ့သွားတော့မည်ကို  အလွယ်တကူ တွေးကြည့်နိုင်ပြီး သူ့နာမည် ဂုဏ်သတင်းကလည်း လက်တစ်ဆုပ်စာ ပါရမီရှင်များထက် ဘယ်လိုမှ မလျော့ကျ နိုင်တော့ချေ။

သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့က သူတို့ကိုယ်သူတို့ သက်သေပြ နိုင်တော့မှာ ဖြစ်ပြီး လူသစ်များလည်း ပိုမို တိုးပွားလာကာ နာမည် ကျော်ကြားလို့ လာပေလိမ့်မည်။ သူတော်စင် အကြွင်းအကျန် နယ်မြေ၌ သူတို့က တဖြည်းဖြည်းနှင့် အာဏာရှင်များ ဖြစ်လာကြပေမည်။

ဤသို့သာ ဖြစ်လာခဲ့လျှင် ရှောင်ထျန်းရွှမ်က လက်တစ်ဆုပ်စာ ထိပ်ဆုံး ပါရမီရှင်များဖြင့် ယှဉ်ပြိုင် နိုင်လာပေမည်။ ဇူယွမ်လို အမှိုက်ကောင်က သူ့အတွက် ဘာပြဿနာမှ ရှိမည် မဟုတ်တော့ပေ။

ရှောင်ထျန်းရွှမ်က သူ့အနာဂတ်ကြောင်း စိတ်ကူးမိနေစဉ် ပရမ်းပတာ ဖြစ်နေသော တိုက်ပွဲထဲသို့ တရွေ့ရွေ့ အနားတိုးလာသော ပုံရိပ်တစ်ခုကို သတိမပြုမိဘဲ ရှိသည်။ ပင်ကိုအားဖြင့် ထိုပုံရိပ်က ဇူယွမ်ပင်။ တိုက်ပွဲအတွင်း ရှုပ်ယှက်ခတ် နေသောကြောင့် မည်သူမျှ သူ့ကို သတိမထားမိ လိုက်ကြပေ။

တိုက်ခိုက်မှုများစွာ ခံနေရသောကြောင့် လေမိုးကြိုးသားရဲ၏ ဒဏ်ရာများက ပိုမို ဆိုးဝါးလာနေသည်ကို ဇူယွမ်က စောင့်ကြည့်နေပြီး သူ့မျက်လုံးထဲ၌ အတွေးတစ်ခုကြောင့် အရောင်တစ်ချက် လက်သွားသည်။ သူက ရှောင်ထျန်းရွှမ်နှင့် သူ့အဖွဲ့အား ထိုသားရဲကို သတ်ရန် ခွင့်မပြုနိုင်ချေ။ အဆုံးမှာ သူက အရာအားလုံးကို ရိတ်သိမ်း နိုင်လိုက်သည့်သူ ဖြစ်လာအောင် လုပ်ရပေမည်။ ထို့အတွက် သူက ရုတ်တရက် ရှေ့သို့ တိုးသွားလိုက်ပြီး လေမိုးကြိုးသားရဲကို တိုက်ခိုက် လိုက်သည်။

ဘုန်း…

သို့ရာတွင် လေမိုးကြိုးသားရဲက ပြင်းထန်စွာ ဒဏ်ရာရ ထားသော်လည်း ကြမ်းကြုတ် ရက်စက်မှု အပြည့် ရှိနေသေး၏။ လက်သီးတစ်လုံးက ဇူယွမ်ထံ တိုးဝင်လာပြီး အဝေးသို့ လွင့်ထွက် သွားစေသည်။ ထိုအခိုက်တွင် မည်သူကမျှ သူ့လက်ထဲမှ သေးငယ်သော အရိပ်လေးတစ်ခု မှော်စာလုံး အစီအရင်၏ တစ်နေရာပေါ်သို့ ပြုတ်ကျ သွားသည်ကို သတိမပြုမိ လိုက်ကြပေ။

ထိုအရိပ်က မှော်စာလိပ် တစ်ခုပင်။ မူလ မှော်စာလုံးလိပ် ဖြစ်ကြောင်း ရှင်းလင်းပေ၏။

ထိုခဏ၌ မူလမှော်စာလိပ်မှ အလင်းတန်းတစ်ခု ပေါက်ကွဲ ထွက်လာသည်။ ထိုအရာက သိပ်မကြီးမား သော်လည်း မူလ မှော်စာလုံး အစီအရင်၏ အလယ်ဗဟိုကို ဖုံးလွှမ်း သွားသည်။

ခရက်…

သေးငယ်သော အက်ကွဲသံလေး တစ်ခု ကြားလိုက်ရသည်။ မရေမတွက်နိုင်သော ချွန်ထက်သည့် ကျောက်တုံးလေးများဖြင့် ထိုးနှက်လိုက်သည်နှင့် ဆင်တူပြီး လေမိုးကြိုးသားရဲကို ဆွဲငင် ချုပ်နှောင်ထားသည့် အစီအရင် တစ်ခုလုံး ဖျတ်ခနဲ ပျောက်ကွယ် သွားတော့၏။

လေမိုးကြိုးသားရဲက ထိုဆွဲငင်အားများ ပျောက်ကွယ် သွားသည့်အတွက် မှင်တက်မိ သွားသည်။ သို့သော် သူက မည်သို့ ဖြစ်ပျက်သွားသည်ကို အလျင်အမြန် နားလည် လိုက်သည်။ လေမိုးကြိုးသားရဲက ချက်ချင်းပင် ကျယ်လောင်စွာ ဟိန်းလိုက်ပြီး သူ၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်ကြီးကို ရှေ့သို့ ထိုးထွက်လိုက်သည်။ လက်သည်းများ ဖြင့်လည်း ရိုက်ပုတ် လိုက်သည့်အတွက် သူ့ရှေ့ရှိ နှစ်ယောက်မှာ မွစာကြဲသွားရသည်။

“မူလ မှော်စာလုံး အစီအရင် ပျက်စီး သွားတာလား…”

တစ်စုံတစ်ယောက်က တစ်ခုခု မှားနေပြီ ဆိုတာကို သိလိုက်သည်။

သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့က ပုံမှန်အားဖြင့် လေမိုးကြိုး သားရဲကို တိုက်ခိုက်နေရာမှ ချက်ချင်းနောက်သို့ ပေ ၁၈ဝ လောက် ဆုတ်လိုက်ကြသည်။ တိုက်ခိုက်မှုများကို အလျင်စလို ပြန်ရုပ်သိမ်းလိုက်ပြီး အနားသို့ တစ်ယောက်မှ မကပ်ရဲကြတော့ချေ။ ထိုသားရဲက အပြင်းအထန် ဒဏ်ရာ ရထားသော်လည်း သူတို့ထဲက မည်သူ့ကိုမဆို သတ်ဖြတ်နိုင်စွမ်း ရှိသေးသည်။

ရှောင်ထျန်းရွှမ်၏ အမူအရာက ပြောင်းလဲသွားပြီး သူက အလျင်စလို အော်လိုက်သည်။ “ဘာမှ ကြောက်မနေနဲ့…။ ဒီသားရဲက သေလုနီးပါး ဖြစ်နေပြီ။ မြန်မြန် တားကြ…။ ငါတို့သူ့ကို အလွတ်မြောက် မခံနိုင်ဘူး…”

လေမိုးကြိုး သားရဲက သူတို့၏ အချုပ်အနှောင်က လွတ်မြောက် ကတည်းက ထွက်ပြေးရန် ကြံနေသည်ကို သူက သိပေသည်။ သို့ရာတွင် သူ့အော်သံက နည်းနည်းပင် အသုံး မဝင်တော့ချေ။ လူများစွာ သေဆုံးပြီးနောက် ကျန်သည့် လူများက သူတို့ပါ သေဆုံး သွားမည်ကို ကြောက်ရွံ့ လာကြသည်။

ဝေါင်း…

အနည်းငယ် ကွာဟသွားသော အချိန်လေးမှာပင် လေမိုးကြိုးသားရဲက ရုတ်တရက် ရှေ့သို့ တစ်ဟုန်ထိုး ထွက်သွားသည်။ ၎င်းခန္ဓာကိုယ်ပေါ်မှ မူလချီများ ထွက်ပေါ်လာပြီး အစိမ်းရောင် အလင်းတန်းအဖြစ် ပြောင်းကာ ကြီးမား ထူထပ်သည့် တောင်ကြောထဲသို့ တစ်ဟုန်ထိုး ပြေးဝင် သွားတော့သည်။

“အသုံးမကျတဲ့ အမှိုက်တွေ…။ မင်းတို့ အကုန်လုံး အသုံးမကျတဲ့ လူမလေး ခွေးမခန့်တွေပဲ…”

လေမိုးကြိုးသားရဲ လွတ်မြောက် သွားသည်ကို မြင်လိုက် ရသောကြောင့် ရှောင်ထျန်းရွှမ်က သူ့ကိုယ်သူ မထိန်းချုပ် နိုင်တော့ပဲ  ထိန်းမရသိမ်းမရ ဒေါသများ ထွက်လာ၏။ လက်တွေ့အားဖြင့် သူက လေမိုးကြိုး သားရဲကို အမဲလိုက်နိုင်ရန် အတွက် သူ့ဝှက်ဖဲ အားလုံးကို သုံးခဲ့ရခြင်းဖြစ်ပြီး ထိုအရာများက သူ့ကို ထိပ်ဆုံးက ပါရမီရှင်များနှင့် ခဏတာ ယှဉ်နိုင်စွမ်း ရှိစေသည်။

ထို့အပြင် အဆင့်လေး မူလသားရဲကို သတ်ဖြတ်နိုင်လျှင် ၎င်း၏ သန့်စင်သော မူလချီများကို စုပ်ယူနိုင်ပြီး ထိုအရာက သူ့ကို ကောင်းကင်တံခါး အထွတ်အထိပ်ကို ရောက်စေ နိုင်လိမ့်မည်။ သို့မဟုတ် သူက မူလစဦး အဆင့်ဖြင့်ပင် ထိတွေ့ချင် ထိတွေ့ နိုင်ပေလိမ့်မည်။ ကံမကောင်းစွာပင် အရာအားလုံးက အဆုံးသတ် သွားလေပြီ။

ရှောင်ထျန်းရွှမ် နောက်ရှိ ဂူလင်း၏ လှပသော မျက်နှာလေးကလည်း ရုပ်ဆိုးလို့ သွားသည်။ သူတို့က တန်ဖိုးများ ရင်းနှီးထားရပြီး အခုတော့ အရာအားလုံးက အချည်းနှီး ဖြစ်သွားပေပြီ။

ရှောင်ထျန်းရွှမ်က  သူတော်စင် အကြွင်းအကျန် အဖွဲ့ဝင်များကို အော်ဟောက် လိုက်သည်။ “ငဒူတွေ… အဲဒီသားရဲကို နောက်ယောင်ခံ လိုက်ကြ…”

အဖွဲ့ဝင်များ၏ မျက်နှာများပေါ်၌  မကျေမနပ်၊ ဒေါသဖြစ်မှုများ ဖြစ်ပေါ် လာသည်။ သူတို့က ရှောင်ထျန်းရွှမ်ထံသို့ အဖွဲ့ဝင်လာခြင်းမှာ အဆင့်လေး မူလသားရဲနှင့် ပတ်သက်သော သူ့ကတိကြောင့်ပင် ဖြစ်ကြသည်။ သို့သော် အခုချိန်တွင် သူတို့ တော်တော် များများက ဒဏ်ရာ ရသည့်သူများ၊ အသတ်ခံရသူများ ဖြစ်ကုန်ကြသည်။ သူတို့ အသက်တွေကို ရင်းထား ရသော်လည်း ရလဒ်က အခုတော့ ပြောင်းပြန် ဖြစ်သွားသည်။

“ဟက် … ငါတို့သာ ဒီလေမိုးကြိုး သားရဲကို သတ်ဖြတ်နိုင်ခဲ့ရင် ပထမဆုံး အကျိုးရှိတဲ့လူက မင်းပဲဖြစ်မှာ…။ မင်း အကျိုးအတွက် ငါတို့ အသက်တွေကို ဘာလို့ ပေးဆပ်ရမှာလဲ…။ ဒီ သခင်က မင်းရဲ့ သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့မှာ ဆက်မပါဝင်တော့ဘူး…”  မကျေမနပ် ဖြစ်နေသည့် လူတွေထဲက တစ်ယောက်က ရှောင်ထျန်းရွှမ်၏ ဒေါသကို ဂရုမစိုက်ဘဲ နှာခေါင်းရှုံ့ကာ ထွက်သွားတော့သည်။

တစ်ယောက်က ဦးဆောင်ပြီး ထွက်သွားသည်နှင့် ကျန်တဲ့လူ အသီးသီးကလည်း တစ်ယောက်ပြီး တစ်ယောက် ထွက်ခွာ သွားတော့သည်။ သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့က အစက အင်အား တောင့်တင်းခဲ့ သော်လည်း အခုတော့ လူအနည်းငယ်သာ ကျန်ရှိတော့သည်။

ထိုမြင်ကွင်းကြောင့် ရှောင်ထျန်းရွှမ်က အလွန့်အလွန် ဒေါသထွက်ရပြီး နောက်သို့ ပက်လက်လန်မတတ် ဖြစ်ကာ သွေးတစ်လုတ် အန်ထုတ် လိုက်ရသည်။ သူ မျှော်လင့်ထားသည့် အရာများဖြင့် လုံးဝ ခြားနားလို့ နေသည်။ သူက အဖြေမရှာနိုင်ဘဲ ဖြစ်နေသည်။ “တည်ငြိမ်နေသော အခြေအနေက ဘာလို့ ထိန်းချုပ်မှုကနေ ရုတ်တရက် လွတ်သွား ရတာလဲ…”

ရှောင်ထျန်းရွှမ်က ဒေါသ ထွက်လွန်းသဖြင့် ခုန်ဆွခုန်ဆွ ဖြစ်နေစဉ်မှာပင် ဇူယွမ်က တောင်ကြားထဲသို့ တိတ်တဆိတ် ဝင်ရောက် သွားသည်။ သူ့ဦးတည်ချက်က တစ်နေရာတွင် ရှိနေသည်။

ဇူယွမ်က လေမိုးကြိုး မူလသားရဲ ဒဏ်ရာ ပြင်းထန်စွာ ရထားသည်ကို မြင်ကတည်းက အငမ်းမရ လိုချင်နေခဲ့တာ ဖြစ်သည်။ တကယ်တော့ သူက အစောကြီးတည်းက ထိုမြင်ကွင်းကို စောင့်ကြည့်နေခဲ့ပြီး  အတွေးတချို့ပင် ကြိုတွေးထားပြီး ဖြစ်သည်။

သို့ရာတွင် လေမိုးကြိုး သားရဲက မြန်လွန်းလှသည်။ ထိုကြီးမား ကျယ်ပြန့်လှသည့် တောင်များကြားတွင် ၎င်းကို ရှာတွေ့ရန် မလွယ်ကူချေ။ ထို့ကြောင့် ဇူယွမ်က ကြိုတင် ပြင်ဆင်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်၏။ အစောပိုင်း ကတည်းက သူက မူလ သားရဲကောင်၏ ကိုယ်ပေါ်မှာ အမှုန့်တချို့ ဖြူးထားခဲ့ပြီး  ထိုအရာက ၎င်းကို နောက်ယောင်ခံ လိုက်နိုင်ကြောင်း မည်သူမျှ မသိလိုက်ကြချေ။ ဇူယွမ်က သူ့အမြန်နှုန်းကို အကန့်အသတ်ထိ မြှင့်တင်လိုက်ပြီး တစ်တောင်ပြီး တစ်တောင်ကို တစ်ဟုန်ထိုး ကျော်ဖြတ်ကာ နောက်ယောင်ခံ လိုက်လာခဲ့သည်။

သူ့နောက်က လိုက်လာသည်မှာ လေးနာရီပင် ရှိပြီ ဖြစ်၏။

ဆိုရိုးစကား ရှိသည်မှာ “ကောင်းကင်ဘုံက ဆုံးဖြတ်ချက် ခိုင်မာ ပြတ်သားသည့်သူကို ရှုံးနိမ့်အောင် မလုပ်နိုင်ပါဘူး…”

သူ့ရှေ့တွင် ရှိသော မြင်ကွင်းကြောင့်  ဇူယွမ်က သူ့ပခုံးပေါ်မှ ဝန်ထုပ်ဝန်ပိုးကြီး တစ်ခုကို ဖြေလျော့ နိုင်လိုက်ပြီး စိတ်သက်သာရာ ရကာ အသက်ရှူထုတ် လိုက်တော့သည်။

“နောက်ဆုံးတော့ သူက သည်သားရဲကို ရှာတွေ့ခဲ့ပြီလေ”

Comment

Leave a Reply

Options

not work with dark mode
Reset