တစ်နှစ်ကျော် ကြာမြင့်ခဲ့သည့် ရှာဖွေရေးခရီးစဉ်ကြီးမှာ မဟာတောင်ထိပ်ဂိုဏ်းအတွက် အလွန်အင်မတန်မှ အကျိုးရှိခဲ့၏။ သူတို့မှာ ရင်းမြစ်ပစ္စည်း အမြောက်အမြား စုဆောင်းရရှိခဲ့သောကြောင့် သူတို့၏ ကြွေးမြီများအားလုံးကို ပြန်ဆပ်ကာ စစ်သင်္ဘောကြီးအား ပြန်လည်ပြုပြင်ရာမှ ကုန်ဆုံးသွားခဲ့သည့် ဂိုဏ်း၏ ဘဏ္ဍာကိုလည်း ပြန်လည် ဖြည့်တင်းနိုင်တော့မည်ဖြစ်သည်။
သူတို့မှာ နတ်ဆိုးတစ်သောင်းမျက်လုံး ပို့ဆောင်ပေးခဲ့သည့်နေရာကို သူတို့၏ နောက်ဆုံးပန်းတိုင်အဖြစ် ရွေးချယ်ရန် ဆုံးဖြတ်ခဲ့ကြသောကြောင့် ယခုကဲ့သို့သော အကျိုးကျေးဇူးများ ခံစားနေရခြင်းဖြစ်သည်။ သူတို့ တည်နေရာပြောင်းရွှေ့ခံလိုက်ရသည့် နေရာမှာ နတ်မျက်လုံး လူမှုအဖွဲ့စည်းထဲမှ အခြားဂိုဏ်းများ၏ ခိုးဆိုးလုယက်မှုဒဏ်များကို မခံရသေးသည့် နယ်မြေတစ်ခု ဖြစ်နေသည်မဟုတ်ပါလော။ သူတို့မှာ ထိုခရီးစဉ်ထဲတွင် အန္တရာယ်အချို့နှင့် ကြုံတွေ့ခဲ့ရပါသော်လည်း ဝမ်ပေါင်လဲ့နှင့် သဲ့ခွန်းကျိတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ထိုအန္တရာယ်များအား ဘေးမသီရန်မခ ကျော်လွှားနိုင်ခဲ့ကြ၏။
သူတို့ ရှာဖွေစုဆောင်းမိခဲ့သည့် ရင်းမြစ်ပစ္စည်းများမှာ များပြားလွန်းနေသောကြောင့် သူတို့မှာ မိခင်ဂြိုဟ်သို့ ပြန်ရောက်ပြီး ထိုပစ္စည်းများအား စနစ်တကျ ခွဲဝေရာတွင် အခက်အခဲများနှင့် ရင်ဆိုင်ကြုံတွေ့ကြရမည်သာဖြစ်သည်။ ထို့အပြင် လက်ရှိတွင် သူတို့မှာ ထည့်စရာနေရာ မလောက်သည့် ပြဿနာနှင့်လည်း ကြုံတွေ့နေကြရ၏။ နောက်ဆုံးတွင် ဝမ်ပေါင်လဲ့မှာ သူ၏ စစ်သင်္ဘောကြီးထဲ၌ ထိုပစ္စည်းများကို ထည့်ထားရန် ဆုံးဖြတ်လိုက်ရသည်။ သို့ဖြစ်ရာ သူသည် သူ၏ စစ်သင်္ဘောကြီးအား သူ၏ သိုလှောင်အိတ်ထဲ၌ ထည့်သိမ်းထားနိုင်စွမ်း မရှိတော့ဘဲ အာကာသကြီးထဲ၌သာ ထုတ်ထားရတော့သည်။
ဝမ်ပေါင်လဲ့မှာ သူ၏ ပိုင်ဆိုင်မှုများအား ထိုကဲ့သို့ ပေါ်ပေါ်ထင်ထင် ထုတ်ပြနေရသည်ကို စိုးရိမ်နေပါသော်လည်း အခြား ရွေးချယ်စရာမရှိပေ။ ထို့ကြောင့် သူသည် သူ၏ စစ်သင်္ဘောကြီးအား အပြင်ပန်းတွင် ဟောင်းနွမ်းနေသည့်ပုံ ပေါက်နေစေရန် ၎င်း၏ ပုံပန်းသွင်ပြင်အား ပြုပြင်ထားရ၏။ ထို့အပြင် သူသည် တန်ဖိုးအကြီးမားဆုံးသော ရင်းမြစ်ပစ္စည်းများကို သူ၏ သိုလှောင်အိတ်များနှင့် အခြားသူများ၏ သိုလှောင်အိတ်များထဲတွင် သိမ်းဆည်းထားသေးသည်။
ထိုပြဿနာများအားလုံးကို ဖြေရှင်းပြီးသွားသောအခါ သဲ့ခွန်းကျိမှာ ဂိုဏ်းသားများအားလုံးနှင့် စစ်သင်္ဘောကြီးများအား လွှမ်းခြုံထားသည့် နတ်ဆိုးတစ်သောင်းမျက်လုံးပညာရပ်၏ အငွေ့အသက်များကို အသုံးပြုလိုက်၏။ ထိုအခါ တည်နေရာပြောင်းရွှေ့ခြင်း အလင်းရောင်များ စတင်တောက်ပလာတော့သည်။ ၎င်းမှာ ဘေးပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးအား ချက်ချင်းဆိုသလိုပင် လွှမ်းခြုံသွား၏။ ထို့နောက် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာပြီးနောက် မဟာတောင်ထိပ်ဂိုဏ်းသားများနှင့် သူတို့၏ စစ်သင်္ဘောကြီးများမှာ မျက်စိတစ်မှိတ်အတွင်းတွင် ပျောက်ကွယ်သွားတော့သည်။
သူတို့မှာ ပြန်လည်ပေါ်ပေါက်လာသောအခါ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ ထာဝရကြယ်၏ ရှေ့တွင် ရောက်နေကြပြီဖြစ်သည်။
စစ်သင်္ဘောကြီးများပေါ်ရှိ ဂိုဏ်းသားများမှာ သူတို့ မြင်ဖူးနေကြဖြစ်သည့် ကြယ်များနှင့် သူတို့၏ မိခင်ဂြိုဟ်ကြီးအား မြင်လိုက်ရသောအခါ စိတ်လှုပ်တရှား ဖြစ်သွားကြ၏။ ထို့နောက် သူတို့မှာ သူတို့ ရှာဖွေစုဆောင်းမိခဲ့သည့် ရင်းမြစ်ပစ္စည်းများအကြောင်း တွေးမိသွားသောအခါ မျှော်လင့်ချက်များ ကြီးထွားလာကြတော့သည်။
ဝမ်ပေါင်လဲ့မှာလည်း သူတို့နည်းတူ ခံစားနေရ၏။ သို့သော် သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲသို့ ပြန်ရောက်လာခြင်းကြောင့် စိတ်လှုပ်ရှားနေခြင်း မဟုတ်ပေ။ သူသည် တော်ဝင်မိသားစုပိုင်ဆိုင်သော ကျင့်ကြံခြင်းပညာရပ်အား ရယူလိုသည့် စိတ်ဆန္ဒများကြောင့် စိတ်လှုပ်ရှားနေရခြင်း ဖြစ်သည်။ သူသည် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်ထဲတွင် ကိန်းအောင်းနေသော အသိစိတ်အား ဂရုစိုက်နေခြင်းမရှိပေ။ ၎င်းမှာ မည်မျှပင် အစွမ်းထက်လာစေကာမူ သူသည် အမှောင်ပညာရပ်အား အသုံးပြုကာ ၎င်းအား ထိန်းချုပ်နိုင်စွမ်း ရှိနေမည်သာဖြစ်သည်။ ထို့ကြောင့် သူသည် နတ်ဆိုးမျက်လုံးပညာရပ်ထက် ပို၍အဆင့်မြင့်သော ကျင့်ကြံခြင်းပညာရပ်များကို ပိုင်ဆိုင်နိုင်ရန်သာ အာရုံစိုက်ထားသည်။ ထိုပညာရပ်များမှာ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းကို မြင့်တင်ပေးနိုင်မည်ဖြစ်ပြီး သူ့အား ထာဝရဝိညာဉ်အဆင့်နှင့် ဂြိုဟ်အဆင့်များသို့ ရောက်သွားအောင် တွန်းပို့ပေးမည်ဖြစ်သည်။
” အဲဒီ အဆင့်မြင့် ကျင့်ကြံခြင်းပညာရပ်နဲ့ နတ်ဆိုးမျက်လုံးပညာရပ်က ပေးစွမ်းနိုင်တဲ့ ကျင့်ကြံခြင်းအဆင့် တိုးတက်နှုန်းကို ပေါင်းလိုက်မယ်ဆိုရင် ငါ ဂြိုဟ်အဆင့်ကို ရက်အနည်းငယ်အတွင်း တက်လှမ်းသွားနိုင်မှာပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ သို့သော် သူသည် သတိကြီးကြီးထားနေဆဲပင်။ သူ သိထားသလောက်ဆိုလျှင် နတ်ဆိုးမျက်လုံးပညာရပ်နှင့် နတ်မျက်လုံးပညာရပ် နှစ်ခုစလုံးမှာ သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်မှုနှုန်းအား မြှင့်တင်ပေးနိုင်စွမ်း ရှိလောက်ပေသည်။
ဝမ်ပေါင်လဲ့တစ်ယောက် အတွေးများထဲ၌ နစ်မျောနေစဉ် မဟာထိပ်သီးအကြီးအကဲကြီး သဲ့ခွန်းကျိမှာလည်း နှလုံးသားထဲ၌ ခံစားချက်များရှုပ်ထွေးနေရ၏။ သူသည် အစေခံကျိန်စာဖြင့် ချုပ်နှောင်ခံထားရဆဲ မဟုတ်ပါလော။ ထို့အပြင် သူသည် သူကိုယ်သူ အဆက်မပြတ် လိမ်လည်ကာ နှစ်သိမ့်နေခဲ့သောကြောင့်…. တော်ဝင်မိသားစု၏ အစေခံတစ်ယောက်အဖြစ်သို့ ရောက်သွားရသည်မှာ ဂုဏ်ယူစရာဖြစ်ကြောင်း အမှန်ကယ် ယုံကြည်လာတော့သည်။
” ငါတို့တွေ ပြန်ရောက်ပြီဟေ့။ မိခင်ဂြိုဟ်ဆီကို ပြန်တဲ့လမ်းမှာ သတိထားဖို့တော့ လိုလိမ့်မယ်။ ဘာပြဿနာမှတော့ မရှိလောက်ပါဘူး ”
သူ ထိုသို့ဆိုလိုက်သောအခါ မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးနှစ်စင်းမှာ ရုတ်တရက်ဆိုသလို အရှိန်မြှင့်တင်လိုက်ကြပြီး နတ်မျက်လုံးပင်မဂြိုဟ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။
နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ စကြဝဠာပိုင်နက်အား ဂိုဏ်းကြီးသုံးဂိုဏ်း၏ အုပ်ချုပ်မှုအောက်တွင်ရှိသော အပိုင်းသုံးပိုင်းအဖြစ် ခွဲခြားထား၏။ နတ်မျက်လုံးပင်မဂြိုဟ်မှာ လူမှုအဖွဲ့အစည်း၏ အလယ်ဗဟိုတွင် တည်ရှိသည်။ ထို ပင်မဂြိုဟ်အား ဗဟိုပြု၍ စကြဝဠာပိုင်နက်အား အပိုင်သုံးပိုင်း ခွဲထားခြင်းဖြစ်သည်။ ထို ပင်မဂြိုဟ်၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်ကြီးထဲတွင် တော်ဝင်မိသားစုအား နေအိမ်အကျယ်ချုပ်ချထားသည်။ သို့ဖြစ်ရာ ထိုနယ်မြေများကို ပြည်သူပိုင်နယ်မြေများအဖြစ် သတ်မှတ်ကြ၏။
ထာဝရကြယ် ရှိနေသည့်နယ်မြေမှာ ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ မည်သည့်ဂိုဏ်းမှ မပိုင်သော နယ်မြေများထဲတွင် ရှိနေ၏။ ၎င်းမှာ ပြည်သူပိုင်နယ်မြေများထဲမှ တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့်လည်း မဟာတောင်ထိပ်ဂိုဏ်းမှာ မိခင်ဂြိုဟ်ဆီသို့ ပြန်ရာတွင် ထို ပြည်သူပိုင်နယ်မြေများထဲမှ ပြန်လေ့ရှိကြခြင်း ဖြစ်၏။
၎င်းမှာ ပြည်သူပိုင်နယ်မြေတစ်ခု ဖြစ်နေသောကြောင့် စစ်သင်္ဘောကြီးများမှာ ထိုနယ်မြေထဲ၌ နေ့စဉ်နေ့တိုင်း ဖြတ်သန်းသွားလာကြ၏။ ထို့ကြောင့် ထိုနယ်မြေများထဲတွင် သွားလာလှုပ်ရှားပါက အန္တရာယ်များနှင့် ရင်ဆိုင်ရနိုင်ပေသည်။ ဂိုဏ်းကြီးသုံးဂိုဏ်းမှာ ၎င်းတို့၏ ကြားမှ တင်းမာမှုများကို အတတ်နိုင်ဆုံး ချုပ်တည်းထားကြပါသော်လည်း တစ်ခါတစ်ရံတွင် ပဋိပက္ခများ ဖြစ်ပွားတတ်ကြသည်သာ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော ပဋိပက္ခများမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ လက်အောက်တွင်ရှိသော စစ်တပ်များ၏ ကြားတွင်သာ ပေါ်ပေါက်လာတတ်ကြ၏။
မဟာတောင်ထိပ်ဂိုဏ်းကဲ့သို့သော အသေးစားဂိုဏ်းလေးများမှာမူ နယ်မြေဖြတ်သန်းခများ ပေးဆောင်လိုက်ရုံနှင့် ဘေးကင်းစွာ သွားလာနိုင်ပေသည်။ ဂိုဏ်းကြီးများမှာ ထိုကဲ့သို့သော ဂိုဏ်းငယ်လေးများကို ပြဿနာရှာလေ့ မရှိကြပေ။ ၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲရှိ တရားမဝင် စည်းမျဉ်းများထဲမှ တစ်ခု ဖြစ်ပေသည်။ ထိုကဲ့သို့ အခကြေးငွေ ကောက်ခံရာမှ ရရှိသော ငွေကြေးများမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ လက်အောက်တွင် ရှိနေသော စစ်တပ်များအတွက် ထောက်ပံ့ငွေများ ဖြစ်ကြလာ၏။
ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိဆီမှ ထိုအကြောင်းများကို ကြားသိထားပြီးသား ဖြစ်သည်။ သူတို့မှာ အပြန်လမ်းတစ်လျှောက်တွင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ လက်အောက်ရှိ စစ်တပ်သုံးခုနှင့် ကြုံတွေ့ခဲ့ရ၏။ ထိုသို့ ကြုံတွေ့ခဲ့ရသည့်အချိန်တိုင်း သဲ့ခွန်းကျိမှာ အလိုက်တသိနှင့် အခကြေးငွေများ ပေးဆောင်ခဲ့သောကြောင့် သူတို့၏ ခရီးစဉ်မှာ နှောင့်နှေးကြန့်ကြာမှု မရှိခဲ့ပေ။ ထိုသို့ဖြင့် သူတို့မှာ နတ်မျက်လုံးပင်မဂြိုဟ်၏ အနီးသို့ ဖြည်းဖြည်းချင်း ချဉ်းကပ်လာတော့သည်။
သူတို့မှာ မိခင်ဂြိုဟ်သို့ ရောက်ရန် နှစ်ရက်သာ လိုတော့သည့်အချိန်တွင် တမူထူးခြားသည့် ပုံပန်းသွင်ပြင်များ ပိုင်ဆိုင်ထားသော စစ်သင်္ဘော ခုနစ်စင်း၊ ရှစ်စင်းခန့်ဖြင့် ဖွဲ့စည်းထားသည့် အသေးစားစစ်တပ်တစ်ခုနှင့် ကြုံလိုက်ရ၏။ ထို စစ်သင်္ဘောကြီးများမှာ လက်ရှစ်ဘက်ပါသည့် ရေဘဝဲကြီးများနှင့် ဆင်တူပြီး အထူးကုန်ကြမ်းပစ္စည်းများဖြင့် ဆောက်လုပ်ထားကြသည့်ပုံပင်။ ၎င်းတို့မှာ သက်ရှိများနှင့် သက်မဲ့ပစ္စည်းများအား ပေါင်းစည်းထားရာမှ ပေါ်ပေါက်လာကြသည့် စစ်သင်္ဘောကြီးများ ဖြစ်ရပေမည်။
ထိုကဲ့သို့သော စစ်သင်္ဘောကြီးများမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ စစ်တပ်များထဲတွင်ပင် အလွန်အင်မတန်မှ ရှားပါးသောကြောင့် အစွမ်းအထက်ဆုံး စစ်တပ်ဆယ်ခုသာလျှင် ၎င်းတို့အား ပိုင်ဆိုင်ထားကြ၏။ ၎င်းတို့မှာ သာမန် စစ်သင်္ဘောကြီးများထက် အများကြီးပို၍ အစွမ်းထက်ပေသည်။ ၎င်းတို့မှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများသာ မောင်းနှင်နိုင်သည့် ဓမ္မစစ်သင်္ဘောကြီးများလောက် အစွမ်းမထက်ပါသော်လည်း ၎င်းတို့နှင့် မတိမ်းမယိမ်းအဆင့်တွင် ရှိသည်။
မဟာတောင်ထိပ်ဂိုဏ်း နောက်ဆုံးကြုံခဲ့ရသည့် စစ်တပ်သုံးခုမှာလည်း ဂိုဏ်းကြီးသုံးဂိုဏ်း၏ လက်အောက်တွင်ရှိသော စစ်တပ်များ ဖြစ်ကြပေသည်။ သို့သော် ၎င်းတို့၏ အင်အားမှာ ယခုလက်ရှိ သူတို့ကြုံနေရသည့် စစ်တပ်အား မယှဉ်နိုင်ကြပေ။
သဲ့ခွန်းကျိပင်လျှင် ထို စစ်တပ်ကြီးအား မြင်လိုက်ရသောအခါ ပင့်သက်ရှိုက်မိသွား၏။ ထို ဇီဝစွမ်းအင်သုံး စစ်သင်္ဘောကြီးများမှာ မကြာသေးမီကမှ တိုက်ပွဲကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသဖြင့် အနည်းငယ်ခန့် ထိခိုက်ပျက်စီးနေသည့်ပုံ ပေါက်နေပါသော်လည်း ၎င်းတို့ ထုတ်လွှတ်နေသည့် သတ်ဖြတ်လိုစိတ် အငွေ့အသက်များကြောင့် မဟာတောင်ထိပ်ဂိုဏ်းသားများ အားလုံးမှာ ကြောက်ရွံ့တုန်လှုပ်သွားရဆဲပင်။
သူတို့မှာ ထို စစ်သင်္ဘောကြီးများပေါ်တွင် ရှိနေသည့် ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်ရှစ်ခုကြောင့် ကြောက်ဒူးတုန်နေကြရခြင်းဖြစ်သည်။ ထို အငွေ့အသက်များမှာ ဆူနာမီလှိုင်းလုံးကြီးတစ်ခုအဖြစ် အတူတကွပေါင်းစည်းသွားကြပြီး ထိုနယ်မြေကြီးတစ်ခုလုံးအား လွှမ်းခြုံထားသကဲ့သို့ပင်။
သူတို့မှာ တိုက်ပွဲထဲမှ ဆာလောင်မွတ်သိပ်စွာဖြင့် ပြန်လာသည့် မြေခွေးကြီးတစ်ကောင်နှင့် ရင်ဆိုင်နေရသကဲ့သို့ ခံစားနေရ၏။ ၎င်းမှာ ထိုတိုက်ပွဲထဲတွင် ရှုံးနိမ့်သွားခဲ့သောကြောင့် အမျက်ချောင်းချောင်းထွက်ကာ ပြန်ရောက်လာခဲ့ခြင်း ဖြစ်သည်။ ၎င်းနှင့် ရင်ဆိုင်ကြုံတွေ့လိုက်ရသည့် သတ္တဝါတိုင်းမှာ ၎င်း၏ဒေါသများကို ခါးစည်းခံကြရမည်သာ ဖြစ်သည်။
” ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းရဲ့ လက်အောက်က မှင်နဂါးတပ်ရင်းပဲ ” သဲ့ခွန်းကျိမှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ လက်အောက်ရှိ နာမည်ကျော်ကြားသော စစ်တပ်များ၏ အကြောင်းကို နှံ့စပ်စွာ သိရှိထား၏။ သူသည် သူတို့၏ရှေ့တွင် ပေါ်ပေါက်လာသည့် ရေဘဝဲပုံစံ စစ်သင်္ဘောကြီးများကို မြင်လိုက်ရသောအခါ နှလုံးသားထဲ၌ စိုးရိမ်စိတ်များ ကြီးထွားလာတော့သည်။ ထို့ကြောင့် သူသည် လေသံတိုးတိုးဖြင့် ဆိုလိုက်၏။
” မှင်နဂါးတပ်ရင်းက ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းထဲမှာ သတ္တမမြောက် အစွမ်းအထက်ဆုံး တပ်ရင်းပဲ။ သူတို့က ရက်စက်ကြမ်းကြုတ်ပြီး လူသတ်ကြမ်းတယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့အပြင် အနိုင်ကျင့်ဗိုလ်ကျတဲ့ နေရာမှာလည်း ထိပ်ဆုံးပဲတဲ့။ ပြီးတော့ အဲဒီတပ်ရင်းရဲ့ ခေါင်းဆောင်ကြီးက ထာဝရဝိညာဉ်အဆင့်မှာ ရှိနေတာ။ ကြည့်ရတာ သူတို့တွေ ပြဿနာတစ်ခုခုနဲ့ ကြုံလာခဲ့ကြတဲ့ ပုံပဲ။ ငါတို့တွေ သတိကြီးကြီးထားဖို့ လိုတယ်ဟေ့ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ သူသည် ထို ဇီဝစွမ်းအင်သုံး စစ်သင်္ဘောကြီးများပေါ်တွင် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူများ ရှိနေသည်ကို အာရုံခံမိနေသည်။ သူတို့မှာ စုစုပေါင်း ရှစ်ယောက်တိတိ ရှိကြပြီး ငါးယောက်မှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိကာ ကျန်သုံးယောက်မှာ အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေကြသည်။ သူသည် ထို ရှစ်ယောက်အား ဂရုစိုက်နေခြင်းမရှိပါသော်လည်း သူတို့၏ နောက်ကွယ်တွင် ရှိနေကြသည့် ထိုစစ်တပ်၏ ခေါင်းဆောင်ကြီးနှင့် သူတို့ခစားနေကြသည့် ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းတို့ကိုမူ လက်ရှိတွင် ထိပ်တိုက်ရင်ဆိုင်တွေ့နိုင်ဦးမည် မဟုတ်ပေ။
” သူတို့ကို အရင်သွားခိုင်းလိုက်တာပေါ့ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားကာ အကြံပြုလိုက်၏။ သဲ့ခွန်းကျိမှာလည်း သူ့နည်းတူပင် တွေးနေခြင်း ဖြစ်သည်။ ထို့ကြောင့် သူသည် စစ်သင်္ဘောကြီးအား ချက်ချင်းထိန်းချုပ်ကာ သင်္ဘောဦးပိုင်းအား အနည်းငယ်ခန့် အောက်သို့ငိုက်ကျသွားအောင် လုပ်လိုက်၏။ သို့ဖြစ်ရာ ၎င်းမှာ သူတို့၏ ရှေ့မှ ဖြတ်သန်းသွားနေသော စစ်တပ်ကြီးအား တရိုတသေ ဦးညွှတ်နေသည့်ပုံ ပေါက်နေတော့သည်။ မှင်နဂါးတပ်ရင်းမှာမူ သူတို့၏ရှေ့မှ တခမ်းတနား ကျော်ဖြတ်သွား၏။
သဲ့ခွန်းကျိမှာ ထိုစစ်တပ်ကြီး သူတို့အား ဂရုမစိုက်ဘဲ ရှေ့သို့ ဆက်လက်ချီတက်သွားသည်ကို ငေးကြည့်နေလိုက်၏။ သူ စိတ်အေးလက်အေးဖြင့် သက်ပြင်းချရန် ပြင်လိုက်စဉ်မှာပင် ထိုစစ်တပ်ကြီးအား အကဲခတ်နေဆဲဖြစ်သည့် ဝမ်ပေါင်လဲ့မှာ ရုတ်တရက်ဆိုသလို မျက်မှောင်ကြုတ်သွားတော့သည်။
ထိုအချိန်တွင် မှင်နဂါးတပ်ရင်းထဲမှ စစ်သင်္ဘောကြီးတစ်စင်းမှာ ရုတ်တရက်ဆိုသလို ရပ်တန့်သွား၏။ ထို့နောက် ထို စစ်သင်္ဘောကြီးထဲမှ နတ်ဘုရားအာရုံတစ်ခု ထွက်ပေါ်လာကာ မဟာတောင်ထိပ်ဂိုဏ်း စစ်သင်္ဘောနှစ်စင်း၏ ခုခံကာကွယ်ရေးစနစ်များကို ဖျက်ဆီးပစ်လိုက်ပြီးနောက် ထိုသင်္ဘောနှစ်စင်းပေါ်ရှိ လူတိုင်း၏ အသိစိတ်များကို လွှမ်းခြုံသွားတော့သည်။
” ငါတို့တွေ မင်းတို့သယ်လာသမျှ ပစ္စည်းတွေအကုန်လုံးကို သိမ်းတယ်။ ပြီးရင် မင်းတို့တွေ… ဒီနေရာကနေ ချက်ချင်းထွက်သွားကြစမ်း ”
ထိုစကားသံကြီးမှာ လူတိုင်း၏ အသိစိတ်ထဲ၌ ရုတ်ခြည်းဆိုသလို ပေါက်ကွဲထွက်ပေါ်လာသည်ဖြစ်ရာ သူတို့အားလုံးမှာ အထိတ်တလန့် ဖြစ်သွားကြ၏။ သဲ့ခွန်းကျိမှာဆိုလျှင် သူ၏ဒေါသများကို မနည်းချုပ်တည်းလိုက်ရပြီး မျက်နှာတစ်ခုလုံး နီမြန်းသွားသည်။ ဝမ်ပေါင်လဲ့မှာမူ သူ၏ မျက်ဝန်းများထဲမှ အေးစက်စက် အလင်းရောင်များမှာ ပို၍ စူးရှတောက်ပလာတော့သည်။
” သခင်။ မဟာတောင်ထိပ်ဂိုဏ်းက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်း လက်အောက်က ဂိုဏ်းငယ်လေးတစ်ခုပါ။ သူတို့က ခရမ်းရောင် ရွှေတာအိုသစ်ဂိုဏ်းကို ခစားနေတဲ့ သတ္တမမြောက် အစွမ်းအထက်ဆုံး စစ်တပ်ကြီးနော်။ ကျွန်တော်တို့တွေ သူတို့ကို ယှဉ်နိုင်မှာ မဟုတ်ဘူး။ ပြီးတော့ အခု ကျွန်တော်တို့က ပြည်သူပိုင်နယ်မြေထဲမှာ ရောက်နေတာ။ သူတို့ရဲ့ ခေါင်းဆောင်ကြီးကလည်း ထာဝရဝိညာဉ်အဆင့်မှာ… ” သဲ့ခွန်းကျိမှာ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲမှ အေးစက်စက် အလင်းရောင်များကို မြင်လိုက်ရသောအခါ အသက်ပြင်းပြင်းရှူကာ သူ၏ဒေါသစိတ်များကို မျိုသိပ်လိုက်ရ၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အား နားချနိုင်ရန် သူ့ဆီသို့ အသံလွှင့်အကြောင်းကြားစာတစ်စောင် ချက်ချင်းပေးပို့လိုက်သည်။
ဝမ်ပေါင်လဲ့မှာမူ မကျေမချမ်းဖြစ်နေရ၏။ သူသည် အမြဲတမ်း အခြားသူများကို ဓားပြတိုက်ခိုက်သည်ဖြစ်ပြီး ယခုမှ ပထမဆုံးအကြိမ်အဖြစ် ဓားပြတိုက်ခံနေရသည် မဟုတ်ပါလော။ သို့သော် သဲ့ခွန်းကျိ၏ စကားများမှာ ကျိုးကြောင်းဆီလျော်မှု ရှိပေသည်။ မဟာတောင်ထိပ်ဂိုဏ်းမှာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းအား ခစားနေခြင်း မဟုတ်သောကြောင့် လက်ရှိတွင် တိုက်ပွဲတစ်ခု ပေါ်ပေါက်လာမည်ဆိုပါက သူတို့မှာ ထိုဂိုဏ်းဆီမှ အကူအညီ အလုံအလောက် ရရှိနိုင်မည်မဟုတ်ပေ။
ဝမ်ပေါင်လဲ့မှာ သူတို့၏ ရင်းမြစ်ပစ္စည်းများအား လက်လွှတ်ဆုံးရှုံးလိုက်ရတော့မည်ဖြစ်ရာ နှလုံးသားထဲ၌ တဆစ်ဆစ် နာကျင်လာရ၏။ သို့သော်ငြားလည်း သူသည် အကောင်းအကျိုး အဆိုးအပြစ်များကို ချင့်ချိန်နှိုင်းဆလိုက်ပြီးနောက် အသက်ပြင်းပြင်းရှူကာ သူတို့အား အကြောင်းပြန်ရန် ပြင်လိုက်တော့သည်။ သို့သော် ထိုအချိန်တွင် မှင်နဂါးတပ်ရင်း၏ ဒုတိယမြောက် စစ်သင်္ဘောကြီးထဲမှ နောက်ထပ် နတ်ဘုရားအာရုံတစ်ခု ထပ်၍ ထွက်ပေါ်လာ၏။ ၎င်းမှာ ပထမဆုံး နတ်ဘုရားအာရုံထက်ပင် ပို၍ကျယ်လောင်နေပြီး ပို၍ပင် ဗိုလ်ကျသည့်လေသံ ပေါက်နေသည်။
” ဒီ စစ်သင်္ဘောက စိတ်ဝင်စားစရာပဲ။ ငါ သိမ်းတယ်ကွာ ”
ထိုအခါ ဝမ်ပေါင်လဲ့မှာ ခေါင်းမော့လာ၏။ သူသည် အနိုင်ကျင့်ခံရပါက ငြိမ်ခံနေတတ်သည့် လူစားမျိုး မဟုတ်ပေ။ ထို့ကြောင့် သူသည် ထို စကားများကို ကြားလိုက်ရသောအခါ ရုတ်တရက်ဆိုသလို ရယ်မောလိုက်တော့သည်။
” မင်းတို့က ငါ့ရဲ့ စစ်သင်္ဘောကို လိုချင်တယ်ပေါ့ ဟုတ်လား။ မင်းတို့ဘက်မှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက် ရှိနေတော့ရော ဘာလုပ်ရမှာလဲ။ ငါက မင်းတို့ကို ကြောက်နေမယ်လို့ ထင်နေတာလား “
Gg