Switch Mode

အခန်း (၇၅၃)

လမ်းကြောင်းတစ်ခု သတ်မှတ်ခြင်း

ဝမ်ပေါင်လဲ့မှာ ထိုစကားများကိုကြားလိုက်ရသောအခါ မျက်မှောင်ကြုတ်သွားပြီး နောက်သို့လှည့်ကာ မဟာထိပ်သီးအကြီးအကဲကြီးအား အေးစက်စွာ စိုက်ကြည့်လိုက်၏။ ထိုလူကြီးမှာ လက်ရှိအခြေအနေအား ယခုလောက် လျင်မြန်စွာ လက်ခံသွားပြီး သူ့အား ဖားယားရန်ပင် ကြိုးစားနေလိမ့်မည်ဟု သူက ထင်မှတ်မထားခဲ့ပေ။

” တခြားဂြိုဟ်ပေါ်က လူ‌တွေလည်း ဖားတတ်တာပဲလားဟ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ နှာမှုတ်လိုက်၏။ သူသည် ပြည်ထောင်စုဥက္ကဋ္ဌလောင်းတစ်ယောက် ဖြစ်ရာ သူ၏ ဘဝတစ်လျှောက်တွင် ဖော်လံဖားသူ အမြောက်အမြားနှင့် ဆုံတွေ့ခဲ့ပြီးဖြစ်သည်။ သူသည် တခြားသူများ၏ မြှောက်ပင့်စကားများကြောင့် သာယာမနေသင့်ကြောင်း မှတ်ယူထားသဖြင့် အေးစက်စွာ ပြန်ပြောလိုက်၏ ” ခဗျားကြီး စောစောတုန်းက ကျုပ်ရဲ့လက်ချက်ကြောင့် သေသွားတော့မလို့နော် ”

သူ၏ စကားများထဲတွင် သတ်ဖြတ်လိုစိတ် အငွေ့အသက်များ ကိန်းအောင်းနေ၏။ မဟာထိပ်သီးအကြီးအကဲကြီးမှာ ထိုစကားများကို ကြားလိုက်ရသောအခါ တစ်ကိုယ်လုံး တုန်ရီသွားပြီး ဝမ်ပေါင်လဲ့အား အလွန်အင်မတန်မှ ကျေးဇူးတင်သည့် မျက်ဝန်းများဖြင့် စိတ်လှုပ်ရှားစွာ စိုက်ကြည့်နေလိုက်တော့သည်။ အကယ်၍ သေသေချာချာ ကြည့်လိုက်မည်ဆိုပါက သူ၏မျက်ဝန်းများမှာ မျက်ရည်များဖြင့် တလက်လက် တောက်ပနေသည်ကို မြင်နိုင်ပေသည်။

” သခင်။ အဲဒီအချက်ကြောင့်ပဲ သခင့်ရဲ့ သဘောထားကြီးမြတ်မှုက ပိုပြီးတော့ ပေါ်လွင်နေတာပါ။ ဂိုဏ်းကြီးသုံးဂိုဏ်းရဲ့ လက်ချက်ကြောင့် လက်ရှိမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲက လူတိုင်းက တစ်ကိုယ်ကောင်းဆန်ပြီး လုယက်သတ်ဖြတ်မှုတွေ ကျူးလွန်နေကြတာ။ အဲ‌တာတောင် ကျွန်တော်က သခင့်လို လူမျိုးနဲ့ ဆုံတွေ့ခွင့်ရခဲ့တာပါ။ ဒါ ကျွန်တော့်ရဲ့ ဘဝတစ်လျှောက်လုံးမှာ ကံအကောင်းဆုံး ဖြစ်ရပ်ကြီးပါပဲ ”

” တော်စမ်း သဲ့ခွန်းကျိ။ ဒီလို စကားမျိုးတွေ ထပ်မပြောနဲ့။ ငါက အဲ‌လို ဖော်ဖံဖားတဲ့ စကားတွေကို နားထောင်ရတာ ကြိုက်တာမဟုတ်ဘူး။ ကိုယ့်အဆင့်ကို သိစမ်း ” ဝမ်ပေါင်လဲ့မှာ စိတ်ကသိကအောက် ဖြစ်နေသည့် အမူအရာဖြင့် သဲ့ခွန်းကျိအား ကြည့်ကာ ဆိုလိုက်သည်။ သူသည် သူ့အား မသတ်မိခဲ့သည်ကိုပင် အနည်းငယ်ခန့် နောင်တရလာတော့သည်။ ထို့နောက် သူသည် အေးစက်စွာ နှာမှုတ်လိုက်ပြီး ရှေ့သို့ လျှောက်လှမ်းသွားလိုက်၏။

မဟာထိပ်သီးအကြီးအကဲကြီး၏ ကိုယ်ပွားမှာမူ သူ၏စကားများကို ကြားလိုက်ရပြီးနောက် ပို၍ပင် အမူအရာ တည်ကြည်သွားပြီး စကားဆက်ပြောလိုက်ပြန်သည်။

” သဲ့ခွန်းကျိ သခင့်ရဲ့အမိန့်ကို နာခံပါ့မယ်။ သခင့်ရဲ့ စကားတွေက ကျွန်တော့်အတွက်တော့ ကောင်းကင်ကြီးကို ဖုံးအုပ်ထားတဲ့ မြူခိုးတွေကို ဖယ်ရှားပေးလိုက်သလိုပါပဲ။ သခင့်ကြောင့် ကျွန်တော် နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ အနာဂတ်ကို ‌တွေ့မြင်ခွင့် ရသွားသလို မျှော်လင့်ချက်တွေလည်း ပြန်လည်ရှင်သန်လာရပါပြီ။ သခင့်ရဲ့ ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်ကလည်း နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ထောက်ပံ့ပေးထားတဲ့ ထောက်တိုင်ကြီးတစ်ခုနဲ့ တူပြီး ရဲစွမ်းသတ္တိတွေကို ထုတ်လွှတ်ပေးနေသလိုမျိုး ဖြစ်နေတာမလို့ ကျွန်တော်မျိုး… ”

ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိ၏ စကားများကို ကြားလိုက်ရသောအခါ လုံးဝစိတ်မရှည်တော့ပေ။ သူသည် နောက်သို့ ရုတ်တရက်ဆိုသလို လှည့်သွားလိုက်ပြီး သဲ့ခွန်းကျိအား ဆူပူကြိမ်းမောင်းရန် ပြင်လိုက်၏။ သူသည် ရိုးသားဖြောင့်မတ်သည့် ပြည်ထောင်စုဥက္ကဋ္ဌကြီးတစ်ယောက်ဖြစ်ရာ ထိုကဲ့သို့သော ဖော်လံဖားသူများကို သူ၏ဘေးနားတွင် မထားသင့်ကြောင်း မှတ်ယူလိုက်၏။ သို့ဖြစ်ရာ သူသည် သဲ့ခွန်းကျိအား စကားဆက်ပြောခွင့် ပေးနေမည်ဆိုပါက သူ၏ ဂုဏ်သတင်းအား ထိခိုက်နိုင်ပေသည်။ သို့သော် သူသည် သဲ့ခွန်းကျိအား မဆူနိုင်ခင်မှာပင် သူ၏ နောက်ဆုံးစကားများကို ကြားလိုက်ရတော့သည်…

သူ၏ ထောင်ထောင်မောင်းမောင်း ခန္ဓာကိုယ်အား ချီးကျူးလိုက်သည့် သဲ့ခွန်းကျိ၏ စကားများကြောင့် ဝမ်ပေါင်လဲ့မှာ ချောင်းဟန့်မိသွား၏။ သဲ့ခွန်းကျိမှာလည်း သူ၏အမူအရာ ပြောင်းလဲသွားသည်ကို ချက်ချင်းပင်သတိထားမိလိုက်သည်။ ထို့ကြောင့် ဝမ်ပေါင်လဲ့တစ်ယောက် နောက်သို့လှည့်လာသည်နှင့် တစ်ပြိုင်နက် သဲ့ခွန်းကျိမှာ အလျင်အမြန် စကားဆက်ပြောလိုက်၏။

” သခင်။ ကျွန်တော် စောစောတုန်းက ပြောခဲ့တဲ့စကားတွေက သိပ်ပြီးတော့ အရေးမကြီးပါဘူး။ အရေးအကြီးဆုံး အချက်က ကျွန်တော်က သခင့်လို ရုပ်ရည်ချောမောပြီး ရဲစွမ်းသတ္တိနဲ့ ပြည့်စုံတဲ့ လူတစ်ယောက်ကို ခစားခွင့်ရတဲ့ အချက်ပါပဲ။ နတ်မျက်လုံး လူမှုအဖွဲ့အစည်း တစ်ခုလုံးထဲက ရုပ်အချောဆုံးလူရဲ့ ဘေးမှာ နေခွင့်ရတာ ကျွန်တော့်ဘဝရဲ့ ဂုဏ်ယူစရာအကောင်းဆုံး အောင်မြင်မှုကြီးပါပဲ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိအား အဓိပ္ပါယ်ပါပါ စိုက်ကြည့်လိုက်၏။ တစ်အောင်ခန့် ကြာပြီးနောက် သူ၏မျက်နှာပေါ်ရှိ တင်းမာမှုများမှာ သိသိသာသာ ပြေလျော့သွားတော့သည်။ သူသည် နှလုံးသားထဲ၌ ခံစားချက်မျိုးစုံ ရောထွေးသွားသဖြင့် စိတ်ထဲတွင်ကျိတ်၍ သက်ပြင်းချမိလိုက်၏။

” သူ့ကို အပြစ်တင်လို့မရပါဘူးလေ။ ဒါ‌ ငါ့ရဲ့ အပြစ်တွေပါပဲ။ ငါက ပြည်ထောင်စုကြီးထဲမှာလည်း ရုပ်အချောဆုံး ဖြစ်နေတဲ့အပြင် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲမှာပါ ရုပ်အချောဆုံးဖြစ်နေတာကိုး… ထားပါတော့။ ငါ မှားသွားတာပါ။ သူက ငါ့ကို ဖားနေတာ မဟုတ်ဘဲ အမှန်ကို အမှန်အတိုင်းပြောနေတာ‌ပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ သက်ပြင်းချလိုက်၏။ ပြည်ထောင်စုဥက္ကဋ္ဌကြီးတစ်ယောက်အနေဖြင့် လူများအား မဟုတ်မမှန်သည့် စကားများကို ပြောရန် ဖိအားပေးခြင်းမှာ ကောင်းမွန်သည့်လုပ်ရပ်တစ်ခုမဟုတ်ကြောင်း သူက မှတ်ယူလိုက်တော့သည်။

ထိုသို့ဖြင့် မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးဆီသို့ ပြန်သည့် သူတို့၏ အပြန်လမ်းတစ်လျှောက်လုံးတွင် မဟာထိပ်သီးအကြီးအကဲကြီးမှာ သူ၏ ” လျှို့ဝှက်ဆန်းကြယ် ပညာရပ် ” အား အစွမ်းကုန်ထုတ်သုံးနေတော့သည်။ သူသည် ဝမ်ပေါင်လဲ့၏ ရုပ်ရည်အား စကားလုံးအမျိုးမျိုးဖြင့် အဆက်မပြတ် ချီးမွန်းခန်းဖွင့်နေခဲ့၏။ ဝမ်ပေါင်လဲ့မှာလည်း သူ၏စကားများကိုနားထောင်ရင်း မပြုံးချင်ပြုံးချင်နှင့် ပြုံးကာ ခေါင်းတညိတ်ညိတ် ဖြစ်နေတော့သည်။

ထိုသို့ဖြင့် သူတို့မှာ အာကာသကြီးထဲ၌ ဝမ်ပေါင်လဲ့အား စောင့်ဆိုင်းနေသည့် စစ်သင်္ဘောကြီးဆီသို့ ပြန်ရောက်သွား၏။ ထိုအခါ သဲ့ခွန်းကျိ၏ ခန္ဓာကိုယ်အစစ်မှာ အပြင်သို့ထွက်လာပြီး သူ့အား ကြိုဆိုလိုက်သည်။ ဝမ်ပေါင်လဲ့မှာလည်း စစ်သင်္ဘောကြီးပေါ်သို့ တက်သွားလိုက်၏။ မဟာထိပ်သီးအကြီးအကဲကြီးမှာမူ အမူအရာ ပျက်သွားခြင်းမရှိဘဲ သူ၏ကိုယ်ပွားအတိုင်း ဝမ်ပေါင်လဲ့အား ဆက်လက်ဖားယားနေဆဲပင်။

ထို့နောက် ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိ၏ ခန္ဓာကိုယ်အစစ်ပေါ်၌ ဝိညာဉ်ရှာဖွေခြင်းပညာရပ်အား အသုံးပြုလိုက်၏။ သေမင်းကျိန်စာကြီးမှာ ရှိနေဆဲဖြစ်သောကြောင့် သဲ့ခွန်းကျိမှာ သူ့အား အာမခံရဲပေ။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိ၏ ခန္ဓာကိုယ်အစစ်အား‌ ခေါင်းအစခြေအဆုံး ရှာဖွေလိုက်ပြီးနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ အကြောင်းကို ပို၍ ထဲထဲဝင်ဝင် နားလည်သွားတော့သည်။

အထူးသဖြင့် သူသည် တော်ဝင်မိသားစုနှင့် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကြားမှ ပဋိပက္ခများ၏ အကြောင်းကို ပြည့်ပြည့်စုံစုံ နားလည်သွား၏။ သို့သော် တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာ ခေါင်းခဲလာရတော့သည်။

သူသည် တော်ဝင်မိသားစုနှင့် ရင်းနှီးအောင်လုပ်ကာ နတ်ဆိုးမျက်လုံးပညာရပ်၏ နောက်ပိုင်းအဆင့်များကို ရယူရန် လိုအပ်နေ‌သည် မဟုတ်ပါလော။ သူသည် သူ၏ ကျင့်ကြံခြင်းအဆင့် တိုးတက်နေသည့် အမြန်နှုန်းကို ထိန်းသိမ်းထားလိုပါက နတ်ဆိုးမျက်လုံးပညာရပ်နှင့် ဆက်နွယ်နေသည့် ပညာရပ်များကို

ပိုင်ဆိုင်ထားရန် လိုအပ်ပေသည်။ သူသည် ထိုပညာရပ်များ မရှိဘဲ ဆက်လက် လေ့ကျင့်နေ၍ ရပါသော်လည်း သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းအဆင့်အား ယွမ်ယင်အဆင့် ကျင့်ကြံခြင်းပညာရပ်များဖြင့် တိုးတက်အောင် လုပ်နေခြင်းမှာ ဧရာမ မြင်းလှည်းကြီးတစ်စင်းအား မြင်းပေါက်လေးတစ်ကောင်ဖြင့် ဆွဲရန် ကြိုးစားနေသကဲ့သို့ ဖြစ်နေမည်သာ ဖြစ်သည်။

သို့သော် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တော်ဝင်မိသားစုမှာ နေအိမ်အကျယ်ချုပ် ချခံထားရပြီး ဂိုဏ်းကြီးသုံးဂိုဏ်း၏ အနီးကပ်စောင့်ကြည့်ခြင်းကို ခံထားရသည် မဟုတ်ပါလော။ ထို့အပြင် သူတို့မှာ ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်သည့် နည်းလမ်းများအားလုံးနီးပါးကိုလည်း ဖြတ်တောက်ထားသေးသည်။ နည်းလမ်းအချို့ ကျန်ရှိနေဆဲ ဖြစ်ပါသော်လည်း ၎င်းတို့မှာ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကြီးကြပ်မှုအောက်တွင်သာ ရှိနေကြ၏။

ထို့ကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်း သတိမထားမိအောင် တော်ဝင်မိသားစုနှင့် ဆက်သွယ်ကာ နတ်ဆိုးမျက်လုံးပညာရပ်၏ နောက်ပိုင်းအဆင့်များကို ရယူနိုင်ရန်မှာ အလွန်အင်မတန်မှ ခဲယဉ်းလွန်းနေ၏။ သူ၏ ပုံရိပ်ယောင် ပညာရပ်ကိုအသုံးပြုကာ အသွင်ပြောင်းလိုက်လျှင်တောင် ထိုအခက်အခဲများမှာ ပျောက်ကွယ်သွားမည်မဟုတ်ပေ။ သူ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ယောက်ကို သတ်ကာ ထိုကျင့်ကြံသူ၏ နေရာတွင် အစားထိုးနိုင်ပါမှ အခွင့်ရေးတစ်ခုခု ရရှိနိုင်လောက်ပေသည်။

သို့သော် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများအား သတ်ဖြတ်ကာ သူတို့၏နေရာ၌ အစားထိုးရန်မှာ လွယ်ကူသည့်အလုပ်တစ်ခု မဟုတ်ပေ။ လက်ရှိတွင် ဝမ်ပေါင်လဲ့မှာ ဝိညာဉ်ကြားခံနယ်ထိပ်ဆုံးအဆင့်ရှိ ကျင့်ကြံသူများကို ဖိနှိပ်ချုပ်တည်းနိုင်စွမ်း ရှိနေသည့်တိုင်အောင် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူတစ်ယောက်ကို ယှဥ်နိုင်ဦးမည်မဟုတ်ပေ။ သူတို့မှာ အစောပိုင်း အဆင့်တွင်သာ ရှိနေလျှင်တောင် အလွန်အင်မတန်မှ အစွမ်းထက်နေကြမည်သာဖြစ်သည်။

ထိုနည်းလမ်းအား ထည့်မတွက်ပါက နောက်ထပ်နည်းလမ်းတစ်ခုသာ ကျန်ရှိတော့ပေသည်။ ၎င်းမှာ နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲ၌ အနှစ်သုံးဆယ်လျှင်တစ်ကြိမ် ကျင်းပ‌သည့် တပ်ရင်းပြိုင်ပွဲထဲ၌ ထိပ်ဆုံးအဆင့်တပ်ရင်း၏ ခေါင်းဆောင်ကြီးအဖြစ်သို့ တက်လှမ်းရန်ဖြစ်သည်။ တော်ဝင်မိသားစုမှာ ထိုခေါင်းဆောင်ကြီးများအား လက်ခံကာ လျှို့ဝှက်ဆန်းကြယ် ပညာရပ်များ ဆုချကြပေသည်။

နတ်မျက်လုံး လူမှုအဖွဲ့အစည်းတစ်ခုလုံးကို ဂိုဏ်းကြီးသုံးဂိုဏ်းက ထိန်းချုပ်ထားကြသည်ဖြစ်ရာ ထိပ်ဆုံးတပ်ရင်းမှာလည်း ဂိုဏ်းကြီးသုံးဂိုဏ်းထဲမှ ထွက်ပေါ်လာကြမည်သာဖြစ်သည်။ ထိုအချက်ကိုကြည့်လျှင် တော်ဝင်မိသားစုမှာ အနစ်နာခံ၍ ညှိနှိုင်းထားရသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ အခြားသူများ မသိသော တော်ဝင်မိသားစု၏ လျှို့ဝှက်အကြံအစည်များကို သတိထားမိနေ၏။

ဝမ်ပေါင်လဲ့မှာ သူတို့၏ ဉာဏ်ရည်အားပြိုင်မှုများကို အပြည့်အဝနားမလည်ပဲ အပေါ်ယံမျှသာ ရိပ်မိထားခြင်းဖြစ်သည်။ သို့သော် သူ၏ ဆုံးဖြတ်ချက်မှာ ဝေဝါးသွားခြင်းမရှိပေ။ သူသည် ထိုနည်းလမ်းအတိုင်းသာ ဆောင်ရွက်နိုင်မည်ဆိုပါက သူလိုအပ်သည့် ကျင့်ကြံခြင်းပညာရပ်များကို ရရှိနိုင်ခြေမှာ အလွန်အင်မတန်မှ မြင့်မားနေလိမ့်မည်ဟု ယုံကြည်ထားသည်။ အကယ်၍ သူသည် ထိုပညာရပ်များကို မရနိုင်လျှင်တောင် ထိုအခွင့်အရေးကို အသုံးချကာ အခြားနည်းလမ်းများကို ဖန်တီးနိုင်မည်ဖြစ်သည်။

” ဒါပေမဲ့ ထိပ်ဆုံးတပ်ရင်း ဖြစ်လာဖို့က ခက်ခဲနေတုန်းပဲ ” ဝမ်ပေါင်လဲ့မှာ သက်ပြင်းချမိသွား၏။ သဲ့ခွန်းကျိ၏ မှတ်ဉာဏ်များနှင့် သူ ရှာဖွေစုဆောင်းထားသမျှ အချက်အလက်များအရဆိုလျှင် ဂိုဏ်းကြီးသုံးဂိုဏ်း၏ ထိပ်ဆုံးအဆင့် စစ်ခေါင်းဆောင်ကြီးများအားလုံးမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများသာ ဖြစ်ကြောင်း ဝမ်ပေါင်လဲ့က သိထားသည်။

” ဂိုဏ်းကြီးသုံးဂိုဏ်းထဲက တစ်ဂိုဏ်းချင်းစီမှာ ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူ ခြောက်ယောက်၊ ခုနစ်ယောက်လောက်ကို ရှိနေတာပဲ … ငါ ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့လိုတယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးနေသလို မဟာတောင်ထိပ်ဂိုဏ်းနှင့်လည်း ပူးပေါင်းရန် ဆုံးဖြတ်လိုက်၏။ သူသည် ထိုဂိုဏ်းငယ်လေးကို အသုံးချကာ နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းထဲသို့ ဝင်ရောက်နိုင်ရန် ကြိုးစားမည်ဖြစ်သည်။ ထိုမှတစ်ဆင့် သူသည် တပ်ရင်းကြီးတစ်ခုထဲသို့ ဝင်ကာ သူ၏အခွင့်အရေးကို စောင့်ဆိုင်းရန် ကြံရွယ်ထားသည်။

” ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ဖို့က အချိန်လိုတယ်။ ဒါပေမဲ့ ငါ့ရဲ့ တိုက်ရည်ခိုက်ရည်စွမ်းရည်ကို မြှင့်တင်နိုင်ဖို့အတွက်ဆိုရင်က ဖြတ်လမ်းတစ်ခု ရှိတယ်လေ။ အဲဒီဖြတ်လမ်းက… နတ်မျက်လုံး လူမှုအဖွဲ့အစည်းရဲ့ ဓမ္မစစ်သင်္ဘောကြီးတွေပဲ ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ မျက်လုံးများ မှေးသွား၏။ သူသည် သဲ့ခွန်းကျိ၏ ဝိညာဉ်အား ရှာဖွေခဲ့ပြီးနောက် နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ စစ်သင်္ဘောကြီးများထက် ပို၍ပင်အစွမ်းထက်သည့် အရာများ ရှိနေသေးသည့် အချက်ကို သိခဲ့ရသည်။ ၎င်းတို့အား ဓမ္မစစ်သင်္ဘောကြီးများဟု ခေါ်ပေသည်။

ပုံမှန်အားဖြင့် အကြီးစားတပ်ရင်းကြီးများကသာ ထို ဓမ္မစစ်သင်္ဘောကြီးများကို ပိုင်ဆိုင်ထားကြပြီး အများအားဖြင့် ထာဝရဝိညာဉ်အဆင့် ကျင့်ကြံသူများမှာ ၎င်းတို့အား ထိန်းချုပ်မောင်းနှင်ကြသည်။ ၎င်းတို့မှာ ဓမ္မလက်နက်များအဖြစ် အတိုင်းအတာတစ်ခုအထိ သတ်မှတ်၍ရပြီး အဆင့်အတန်းအမျိုးမျိုး ကွဲပြားကြပေသည်။

ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား ဖန်တီးသန့်စင်သည့်နည်းလမ်းနှင့် အဆင့်ခွဲခြားသည့် နည်းလမ်းများကို မသိပါသော်လည်း မိမိ၏ စစ်သင်္ဘောကြီးများကို အဆက်မပြတ် သန့်စင်နေမည်ဆိုပါက ၎င်းတို့အား ဓမ္မစစ်သင်္ဘောကြီးများအဖြစ် ပြောင်းလဲနိုင်သည်ဖြစ်ကြောင်း နားလည်ထား၏။ ထို့ကြောင့် ဝမ်ပေါင်လဲ့မှာ သန့်စင်ခြင်းလုပ်ငန်းသုံး ကုန်ကြမ်းပစ္စည်းများကို ပို၍ပင် လိုချင်တပ်မက်လာတော့သည်။

ထို့ကြောင့် နောက်ရက်အနည်းငယ်အတွင်းတွင် သူသည် နှောင်းပိုင်း ယွမ်ယင်အဆင့်နှင့် မတိမ်းမယိမ်းတွင်ရှိသော အလယ်အလတ် ယွမ်ယင်အဆင့် ကျင့်ကြံခြင်းစွမ်းအားများကို ထုတ်ပြလိုက်၏။ ထို့နောက် ခေါင်းဆောင်ကြီး သဲ့ခွန်းကျိမှာ သူ့အား မဟာတောင်ထိပ်ဂိုဏ်းတပ်ရင်း၏ ဒုခေါင်းဆောင်ကြီးအဖြစ် ရာထူးတိုးပေးလိုက်သည်။

တခြားသူများမှာ ထိုဆုံးဖြတ်ချက်အား သဘောမတူကြပါသော်လည်း သဲ့ခွန်းကျိ၏ ရှေ့တွင်မူ နှုတ်ဆိတ်နေကြရဆဲပင်။ ထို့အပြင် ဝမ်ပေါင်လဲ့မှာ သဲ့ခွန်းကျိအား သူနှင့်အတူ ပူးပေါင်းဆောင်ရွက်စေခဲ့၏။ ထိုသို့ဖြင့် မဟာတောင်ထိပ်ဂိုဏ်းမှာ အာကာသကြီးထဲ၌ လုယက်မှုများ လိုက်လံကျူးလွန်နေစဉ် အပျက်အစီးများ၏ ကြား၌ စစ်သင်္ဘောကြီးတစ်စင်းအား ရှာတွေ့သွားသည်။

အပေါ်ယံတွင် သူတို့မှာ ၎င်းအား မတော်တဆ ရှာတွေ့သွားသည့်ပုံ ပေါက်နေပါသော်လည်း လက်တွေ့တွင်မူ ၎င်းမှာ ဝမ်ပေါင်လဲ့ကိုယ်တိုင် တည်ဆောက်ထားသည့် စစ်သင်္ဘောကြီး ဖြစ်ပေသည်။ သူသည် သင့်တင့်လျောက်ပတ်သည့် နည်းလမ်းတစ်ခုကို အသုံးပြုကာ ၎င်းအား လူတိုင်း၏ရှေ့၌ ထုတ်ပြလိုက်ခြင်းသာဖြစ်၏။ ထို စစ်သင်္ဘောကြီးကြောင့် မဟာတောင်ထိပ်ဂိုဏ်းတပ်ရင်း၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ သိသိသာသာ တိုးတက်သွားခဲ့သဖြင့် အခြား အကြီးအကဲအများ၏ ကန့်ကွက်မှုများမှာလည်း အတော်အသင့် လျော့နည်းသွားတော့သည်။

ထို့နောက် သူသည် မဟာတောင်ထိပ်ဂိုဏ်းတပ်ရင်းနှင့်အတူ ကုန်ကြမ်းပစ္စည်းများအား အဆက်မပြတ် လိုက်လံစုဆောင်းနေတော့သည်။ ထိုသို့ဖြင့် အချိန်များ တရွေ့ရွေ့ကုန်လွန်သွားပြီး နောက်ဆုံးတွင် တစ်နှစ်တိတိ ကုန်ဆုံးသွားပြီဖြစ်သည်။

ထို တစ်နှစ်အတွင်းတွင် ဝမ်ပေါင်လဲ့ ထုတ်ပြခဲ့သည့် ကျင့်ကြံခြင်းစွမ်းအားများမှာ နှောင်းပိုင်း ယွမ်ယင်အဆင့်သို့ ဖြည်းဖြည်းချင်း တိုးတက်လာခဲ့၏။ သူသည် စုဆောင်းမိခဲ့သည့် ကုန်ကြမ်းပစ္စည်းထဲမှ အများစုကို သူ၏ စစ်သင်္ဘောကြီးအား သန့်စင်ရာ၌ အသုံးပြုခဲ့သည်။ တစ်ချိန်ထဲမှာပင် သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်မှာလည်း တည်ငြိမ်လာပြီ ဖြစ်သည်။ သူသည် ဝိညာဉ်ကြားခံနယ်အဆင့်သို့ အမှန်တကယ် တက်လှမ်းနိုင်သွားခဲ့ပြီဖြစ်ပြီး သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာလည်း တိုးတက်လာပြီ ဖြစ်သည်။

ထိုအတောအတွင်းတွင် သူသည် တိုက်ပွဲများ၌ လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ပြီး နောက်ဆုံးတွင် သူ၏ ကျင့်ကြံခြင်းအဆင့် အစစ်အမှန်ကို ဖုံးကွယ်နေရန်ပင် ကြိုးစားမနေတော့ပေ။ ထို့ကြောင့် သူသည် သဲ့ခွန်းကျိနှင့် ပူးပေါင်းဆောင်ရွက်ကာ လူတိုင်း၏ရှေ့တွင် ဝိညာဉ်ကြားခံနယ်အဆင့်သို့ ဖောက်ထွက်ပြလိုက်တော့သည်။

သူသည် ဝိညာဉ်ကြားခံနယ်အဆင့်သို့ ရောက်ရှိသွားသောအခါ သဲ့ခွန်းကျိနှင့်အတူ အမိန့်များ ထုတ်ပြန်လိုက်၏။ သူ၏ အမိန့်များအရ မဟာတောင်ထိပ်ဂိုဏ်းတပ်ရင်းမှာ တစ်နှစ်ကျော် ကြာမြင့်နေပြီဖြစ်သည့် ခရီးစဉ်ကြီးအား အဆုံးသတ်ကာ… နတ်မျက်လုံး လူမှုအဖွဲ့အစည်းဆီသို့ ပြန်တော့မည် ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset