သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့က လျင်မြန်စွာပင် ဖွဲ့စည်းလို့ ပြီးသွားခဲ့သည်။ ထိုအဖွဲ့သည် လူအယောက် သုံးဆယ်ပါဝင်ပြီး တစ်ယောက်ချင်းစီက ကောင်းကင်တံခါး ထိပ်ဆုံးအဆင့်များ ဖြစ်ကြ သောကြောင့် အင်အား တောင့်သည့် အဖွဲ့တစ်ခု ဖြစ်လာသည်။ ထိုအဖွဲ့က တစ်စုတစ်စည်းတည်း ပေါင်းစပ် သွားသည့်အခါ ထိတ်လန့်ဖွယ် အရှိန်အဝါများ ထွက်ပေါ်လာခဲ့ပြီး လူအုပ်ကြီးက လေးစားစွာ ကြည့်ရှု မိကြရသည်။
ရှောင်ထျန်းရွှမ်၏ မျက်လုံးထဲ၌ ကျေနပ် အားရမှုများ ပြည့်နှက်နေသည်။ သူတို့အဖွဲ့က မူလစဦး ကျင့်ကြံသူ တစ်ယောက်ကိုပင် ရင်ဆိုင်နိုင်ပေ၏။
ရှောင်ထျန်းရွှမ်က သူ့အဖွဲ့ကို ကြည့်လိုက်ပြီး ပြုံး၍ ပြောလိုက်သည်။ ”မင်းတို့ အားလုံးက ငါ့ရဲ့သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့ကို ပါဝင်လာတဲ့အတွက် အခု ငါတို့က တစ်ယောက်တည်း ဖြစ်သွားပြီ။ သူတော်စင် အကြွင်းအကျန် နယ်မြေမှာ မြောက်မြားစွာသော ကံကောင်းမှု လက်ဆောင်တွေ ရှိပြီး ငါတို့က ကြိုးစား ရှာဖွေကြမယ်…။ ခုချိန်ကစပြီး ဘယ်သူမှ ကြောက်စရာ မလိုတော့ဘူး…”
သူ၏ စကားများက လူအများကို ယုံကြည်မှု ရှိလာစေပြီး လွှမ်းမိုးနိုင်စွမ်းလည်း ရှိသည်။ သူတော်စင် အကြွင်းအကျန်မြို့၏ မြို့စားငယ်ဆိုသည့် အဆင့်အတန်းနှင့် ဂုဏ်သိက္ခာကို လူတိုင်းက ရှင်းရှင်းလင်းလင်း သိ၏။ ထို့ကြောင့် သူက ခေါင်းဆောင် တစ်ယောက် လုပ်နေသည်ကို မည်သူ တစ်ဦး တစ်ယောက်မှ ကန့်ကွတ် ပိတ်ပင်ခြင်း မရှိကြချေ။
ရှောင်ထျန်းရွှမ်က အမှန်ပင် အရည်အချင်း အချို့ ရှိပုံရသည်။
“ငါအများကြီး ပြောစရာတော့ မရှိပါဘူး…။ သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့ရဲ့ ပထမဆုံး ဦးတည်ချက်က အဆင့်လေး မူလသားရဲပဲ…။ ငါတို့က ငါတို့အဖွဲ့ရဲ့ ဂုဏ်သိက္ခာကို ကြီးထွားလာအောင် လုပ်ပြီး အောင်မြင်မှု ရအောင်လည်း လုပ်ရမယ်…” သူတို့က အထက်တန်းစား ပါရမီရှင်များ စုစည်းထား သော်လည်း အဖွဲ့ဝင် အသစ်များ၏ ပထမဆုံး တိုက်ပွဲအပေါ် မူတည် နေသေး၏။
သူတို့တပ်ဖွဲ့က ကောင်းမွန်သည့် အောင်မြင်မှုများ ရလေလေ သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့၏ နာမည်က ပိုမို ပျံ့နှံ့လေလေ ဖြစ်ကာ အခြား ထိပ်တန်း ပါရမီရှင်များကိုပါ ဆွဲဆောင် နိုင်လာလိမ့်မည် ဖြစ်သည်။ ထိုသို့သာ ဖြစ်လာခဲ့ရင် ရှောင်ထျန်းရွှမ်က အင်အားများစွာ ကြီးလာပြီး လက်တစ်ဆုပ်စာ ပါရမီရှင်များဖြင့် ရင်ဆိုင်လာနိုင်မည် ဖြစ်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်း ပြလိုက်ပြီး ဦးဆောင်၍ ပျံသန်း ထွက်ခွာသွားပြီး သူ့အဖွဲ့သားများကလည်း ချက်ချင်းပင် သူ့နောက်သို့ လိုက်သွား၏။
ကောင်းကင်တံခါး ကျွမ်းကျင်သူ အယောက် သုံးဆယ်က လေထဲသို့ ခုန်တက်သွားပြီး မူလချီများ ထုတ်ဖော် လိုက်သည့်အခါ ထိုမြင်ကွင်းက အမှန်ပင် အထင်ကြီးစရာ ကောင်းနေတော့သည်။
သူတို့ထဲက အများစုက အဆင့်လေး မူလသားရဲနှင့် ၎င်း၏ အဆင့်နိမ့် ကောင်းကင်အဆင့် မူလနည်းလမ်းကို ရနိုင်မည် မဟုတ်သည်ကိုတော့ သိကြပေသည်။ သူတို့က အဆင့်လေး သားရဲ၏ နောက်လိုက် သားရဲကောင်များကို သတ်နိုင်မည့် အခွင့်ရေးရှိပြီး ထိုသားရဲများထံမှ အကျိုးအမြတ်များ ကိုသာ ရယူနိုင်မည် ဖြစ်သည်။
ဇူယွမ်က ထွက်ခွာသွားသည့် လူများကို ကြည့်လိုက်ပြီး လူအုပ်ကြားထဲ၌ ရောနှော နေလိုက်၏။
ကြီးမားလှသည့် လူအုပ်ကြီးက ဆူနာမီမုန်တိုင်း တိုက်သလို တောင်ကြော တစ်လျှောက် မွှေနှောက်လို့ သွားသည်။ သူတို့ လမ်းကြောင်းရှိ သားရဲ အကုန်လုံးက လွယ်ကူစွာပင် သတ်ဖြတ်ခြင်း ခံရလိုက်သည်။
တစ်နာရီခန့် ကြာပြီးနောက် တောင်တန်းတွေ ကြားရှိ နက်ရှိုင်းသော နေရာသို့ ရောက်ရှိ လာကြ၏။
ရှောင်ထျန်းရွှမ်က သူတော်စင် အကြွင်းအကျန် တပ်ဖွဲ့ကို ဦးဆောင်ပြီး တောင်ကုန်း တစ်ခုပေါ်မှာ ရပ်လိုက်သည်။ သူတို့ရှေ့သို့ ကြည့်လိုက်သည့်အခါ ကြီးမားသည့် တောင်ကြားကြီး တစ်ခုကို တွေ့လိုက်ရ၏။ တောင်ကြား တစ်ခုလုံးက ငွေရောင်ခြယ် ဆိုးထားသလို ရှိသည်။ အတွင်းဘက်မှ လေနှင့် မိုးကြိုးများက တဝုန်းဝုန်း ထွက်ပေါ်လျက် ရှိသည်။
ထိုအချိန်၌ သားရဲအုပ်စုများက တောင်ကြား အပြင်ဘက်တွင် အစကတည်းက ရှိနေပုံရပြီး တောင်ကြား တစ်ခုလုံး ရှင်းလင်းလို့ နေသည်။
“အဆင့်လေး လေမိုးကြိုး မူလသားရဲက တောင်ကြားထဲ၌ ရှိပေသည်။ ဂူလင်းက တောင်ကြား အတွင်းဘက်သို့ ကြည့်လိုက်ပြီး သူမမျက်နှာမှာ ကြောက်ရွံ့မှု အနည်းငယ် ဖြတ်ပြေး သွားသည်။ သူတို့က အုပ်စုသာ မဖွဲ့ထားဘူးဆိုလျှင် သူတို့ထဲက တစ်ယောက်ကမှ အဆင့်လေး မူလသားရဲ တစ်ကောင်ကို ရန်မစရဲကြပေ။
အထူးသဖြင့် အဆင့်နိမ့် ကောင်းကင် ကျင့်စဉ်ကို နားလည်နေသော အဆင့်လေး မူလသားရဲပင်။
ရှောင်ထျန်းရွှမ်၏ နောက်မှ ကောင်းကင်တံခါး ကျင့်ကြံသူ တစ်ယောက်က ပြောလိုက်သည်။ “အုပ်စုခေါင်းဆောင် … ကျွန်တော်တို့ထဲက ဘယ်သူကမှ လေမိုးကြိုးသားရဲရဲ့ အဆင့်နိမ့် ကောင်းကင် ကျင့်စဉ်ကို ခံနိုင်ရည် ရှိမယ်လို့ မထင်ပါဘူး…”
အခြား လူများကလည်း ခေါင်းညိတ် လိုက်ကြသည်။ ကောင်းကင်တံခါး ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူ သုံးဆယ်က အထင်ကြီးစရာ ကောင်းသော်လည်း သူတို့က အမှားတစ်ခု ပြုလုပ်မိလျှင် လေမိုးကြိုးသားရဲ၏ အဆင့်နိမ့် ကောင်းကင် ကျင့်စဉ်ကြောင့် တစ်အုပ်စုလုံး ပျောက်ကွယ် သွားနိုင်ပေသည်။
ရှောင်ထျန်းရွှမ်က အနည်းငယ်ပြုံး၍ ပြန်ဖြေလိုက်သည်။ “ဒီသတ္တဝါက အဆင့်နိမ့် ကောင်းကင် ကျင့်စဉ်ကို အသုံးပြုမယ်ဆိုရင်လည်း ငါ့မှာ ဒီအရာနဲ့ ပတ်သက်လို့ နည်းလမ်း ရှိပြီးသားပါ…”
ရှောင်ထျန်းရွှမ်၏ သူ့ကိုယ်သူ အလွန် ယုံကြည်မှုရှိသည့် အသွင်ကြောင့် အခြားလူများက အနည်းငယ် သက်သာရာ ရကြသည်။ ရှောင်ထျန်းရွှမ်ကသာ သူ့အောင်မြင်မှု အတွက် သူတို့ အသက်တွေကို စတေးမည်ဆိုလျှင် မည်သူကမျှ သူ့နောက်ကို ထပ်လိုက်မှာ မဟုတ်တော့ချေ။
ကံကောင်းစွာပင် ရှောင်ထျန်းရွှမ်က မြို့စားငယ် တစ်ယောက် ဖြစ်နေခြင်းနှင့် သူ့တွင် အားကောင်းသည့် ဝှက်ဖဲတစ်ချပ် ရှိနေခြင်းကြောင့် လူအများက သူ့ကို ယုံကြည် ကြလေသည်။
ရှောင်ထျန်းရွှမ်က ညွှန်ကြား လိုက်သည်။
”လေမိုးကြိုး သားရဲကို တိုက်ခိုက်ရန် ပြင်ဆင်ကြ…”
အဖွဲ့ဝင်ထဲက တစ်ယောက်က တုံ့ပြန်လိုက်ပြီး တောင်ကြားထဲသို့ ဂရုတစိုက် ချဉ်းကပ် သွားသည်။
ဇူယွမ်က တောင်ကြား၏ အကွာအဝေး တစ်ခုမှာ ရှိနေပြီး သူက ထိုမြင်ကွင်းတွင် သေချာ စူးစိုက် လေ့လာနေသည်။ ဇူယွမ်က အခုချိန်ဟာ သူ လှုပ်ရှားရမည့် အချိန် မဟုတ်မှန်း သိသည်။
“ရှောင်ထျန်ရွှမ် … မင်းလက်ထဲမှာ ဘာလှည့်ကွက်တွေ သိမ်းထားလဲ ကြည့်ကြတာပေါ့…”
ဝေါင်း…
တောင်ကြား အနီးသို့ သွားရောက် ထောက်လှမ်းသည့်သူများ နီးကပ် လာသည့်အခါ ထိတ်လန့်ဖွယ် ဟိန်းသံကြီး တစ်ခုက အတွင်းဘက်မှ ထွက်လာခဲ့သည်။ ထိုဟိန်းသံကြီးကြီးက မိုးကြိုး ပစ်ချလိုက် သလိုနှင့် ဆင်တူပြီး တောင်ကြား တစ်ခုလုံး တုန်ခါလို့ သွားသည်။
သွားရောက် ထောက်လှမ်းသူ ကောင်းကင်တံခါး အဆင့် ကျွမ်းကျင်သူက ထိုအသံကြောင့် သေလုနီးပါးဖြစ်ကာ ဖျော့တော့လို့ သွားသည်။ ထို့အတွက် သူက အချိန်ဆွဲခြင်း မရှိဘဲ နောက်သို့ ပြန်လှည့်ပြေး တော့သည်။
စွက်…
သို့ရာတွင် သူ့ခန္ဓာကိုယ်က နောက်ပြန် လှည့်လိုက်စဉ်မှာပင် အလင်းတန်း တစ်ခုက တောင်ကြားမှ ထွက်ပေါ်လို့လာပြီး သူ့နောက်ကျောကို လာရောက် ထိမှန်သည်။ ထိုအလင်းတန်း လက်သည်းကုတ်ချက် တစ်ခုက ထိုလူပေါ်သို့ ကျရောက်သွား၏။
ဘန်း…
သွားရောက် ထောက်လှမ်းသူက ထိုရိုက်ချက်ကြောင့် သွေးအပြည့် အန်ထုတ် လိုက်ရသည်။ သူ့ခန္ဓာကိုယ်က မြေကြီးပေါ်သို့ ဘောလုံး တစ်လုံးလို လှိမ့်ထွက် သွားသည်။ မည်သူကမျှ သူသေသလား၊ ရှင်သလား မသိရချေ။
ထိုသို့ ဖြစ်ပြီးနောက် လူတိုင်းက သူတို့မြင်ကွင်း၌ ပုံရိပ်တစ်ခုကို ရှင်းလင်းစွာ တွေ့လိုက်ရသည်။ ထိုပုံရိပ်က ကြီးမားသော သားရဲကြီး တစ်ကောင်ဖြစ်ပြီး ဆယ့်နှစ်ပေခန့် မြင့်မားကာ ခြေထောက် အောက်တွင်လည်း အလင်းများက စုစည်းလျက် ရှိသည်။ သူ့ခန္ဓာကိုယ်က ရှည်မျောမျော၊ တောင့်တောင့်ကြီး ဖြစ်နေသော်လည်း ခေါင်းကတော့ အစိမ်းရောင် နွားသိုးခေါင်းပုံစံ ဖြစ်နေပါသည်။ ကိုယ်ပေါ်တွင်လည်း အလင်းများ ကခုန်လျက်ရှိကာ အသက်ရှူထုတ် လိုက်သည့် အခါမှာလည်း လေပြင်းများ တိုက်ခတ်သွား သလိုပင်။
ထိုပုံရိပ်ကြီးက အဆင့်လေး လေမိုးကြိုးသားရဲပင် ဖြစ်ပေသည်။
၎င်းခန္ဓာကိုယ်မှ မူလချီများက မိုးကြိုးတစ်ခုလို တဝုန်းဝုန်း ဒေါမာန်တကြီး ထွက်ပေါ်လျက် ရှိသည်။ ပတ်ဝန်းကျင် တစ်ခုလုံးပင် တုန်ခါလို့ နေသည်။ သည်ဧရိယာ တစ်ခုလုံး၌ အံ့အားသင့် ထိတ်လန့်ဖွယ် ကောင်းသော ကြမ်းကြုတ် ရက်စက်သည့် အရှိန်အဝါများ ပြည့်နှက်လျက် ရှိ၏။
အဝေးမှာ စောင့်ကြည့်နေကြသော လူအုပ်ကြီးက အကူအညီမဲ့သလို ခံစားလိုက်ရပြီး အချို့က အလိုအလျောက် နောက်သို့ ဆုတ်မိကြသည်။ အဆင့်လေး မူလသားရဲ၏ အရှိန်အဝါက သူတို့အတွက် အလွန်ပင် မခံမရပ်နိုင် ဖြစ်ရ၏။
ရှောင်ထျန်းရွှမ်၏ အမူအရာက အနည်းငယ် ပိုမို လေးနက်လို့ သွားသည်။ သို့ရာတွင် သူက လုံးဝ နောက်ဆုတ်ခြင်း မရှိဘဲ ထိုအစား သူက အနီရောင် လှံရှည်တစ်ခုကို သူ့လက်ထဲတွင် ထုတ်ဖော် လိုက်သည်။ ထိုအနီရောင် လှံထိပ်ထံမှ ချောရည်ပူများ တစ်စက်စက် ကျနေပုံရ၏။ သူ့လက်ထဲရှိ လှံကြောင့် ရှောင်ထျန်ရွှမ်က ပိုမို တည်ငြိမ် လာခဲ့သည်။
“၎င်းက သူတော်စင် အကြွင်းအကျန်မြို့ရဲ့ မီးနတ်ဆိုးလှံ ဖြစ်ပြီး အနက်ရောင် အဆင့်မြင့် လက်နက်တစ်ခုလည်း ဖြစ်တယ်…။ ဒီအရာက ရှောင်ထျန်းရွှမ် ပိုင်ဆိုင် နေလိမ့်မယ်လို့ အခြားလူများက မတွေးမိကြပါ…”
“ကောင်းတယ်…၊ အနက်ရောင် အဆင့်မြင့် မူလ လက်နက်တစ်ခုက အဆင့်လေး လေမိုးကြိုး မူလသားရဲကို အန္တရာယ် ပေးနိုင်မှာပါ…”
“……”
တောင်ကြားအနှံ့ တီးတိုးသံများ ပျံ့နှံ့သွားသည်။
ရှောင်ထျန်းရွှမ်က သူတော်စင် အကြွင်းအကျန် အဖွဲ့ဝင်များ အသိ ပြန်လည်လာအောင် သူ့ကိုယ်ရောင် ကိုယ်ဝါကို ထုတ်ဖော်လိုက်သည်။ ထိုအခါ သူတို့က အံကြိတ်လိုက်ပြီး သူတို့ လက်နက်များကို ထုတ်ဖော် လိုက်ကြသည်။
ခန့်ညားထည်ဝါသော အရှိန်အဝါများက မြင့်တက် လာသည့်အတွက် လေမိုးကြိုးသားရဲက အာရုံစိုက်မိ လိုက်ကာ သူ့ကိုယ်ပေါ်ရှိလေနှင့် မိုးကြိုးက ပိုမို ပြင်းထန်လို့ လာသည်။
ဝေါင်း…
၎င်းက ဟိန်းလိုက်ပြီး လေနှင့်မိုးကြိုးများက အလင်းတန်းအဖြစ် မြန်ဆန်စွာ ပြောင်းလဲသွားကာ ရှောင်ထျန်းရွှမ်ထံသို့ တစ်ဟုန်ထိုး ပြေးထွက်သွားသည်။ ၎င်းသည် ရှောင်ထျန်းရွှမ်က သူ့ရှေ့ရှိ အုပ်စုထဲမှာ အသန်မာဆုံး ဖြစ်ကြောင်း အာရုံခံမိလေသည်။
အဆင့်လေး သားရဲတစ်ကောင်၏ တိုက်ခိုက်မှုက လုံးဝ ခြိမ်းခြောက်နိုင်စွမ်း ရှိလေသည်။ လေနှင့်မိုးကြိုးများက ပတ်ဝန်းကျင် လေထုကိုပင် တဝုန်းဝုန်း ပေါက်ကွဲစေသည်။
ရှောင်ထျန်းရွှမ်က သူရှိရာသို့ မြန်ဆန်စွာ လာနေသော လေမိုးကြိုးသားရဲကို လုံးဝ ကြောက်ရွံ့ခြင်း မရှိဘဲ ထိုအစား သူ့လက်ကို ဝှေ့ယမ်းက သူ့လူတွေကို လူစုခွဲရန် အချက် ပြလိုက်သည်။
ရှောင်ထျန်းရွှမ် ရပ်နေခဲ့သော တောင်ထိပ်က မိုးကြိုး ပစ်ချလိုက်သလို ကျယ်လောင်စွာ မြည်ဟည်း သွားပြီး ပေါက်ကွဲ ထွက်ကုန်သည်။
ဘုန်း…
တောင်ထိပ် တစ်ခုလုံး အစိတ်စိတ် အမြွှာမြွှာ ဖြစ်ကုန်၏။ လေမိုးကြိုးသားရဲ၏ ကြမ်းကြုတ် ပြင်းထန်သော တိုက်ချက်က ဖျက်ဆီးနိုင်စွမ်း ကြီးမားလှပေသည်။
ရှောင်ထျန်းရွှမ်က လေထဲသို့ ခုန်တက်လိုက်ပြီး လက်သီးဖြင့် ထိုးလိုက်၏။ လူတိုင်းက သူ့လက်ထဲ၌ ရွှံ့လုံးတစ်လုံး ရှိနေသည်ကို တွေ့လိုက်ရပြီး ထိုရွှံ့က နက်နက်ပြီး ထူးဆန်းသည့် ပုံစံကွက်များဖြင့် ဖုံးအုပ်ထားသည်။
ရှောင်ထျန်းရွှမ် လက်ထဲရှိ ရွှံ့အလုံးက အောက်သို့ ကျဆင်းလာပြီး ကောင်းကင်မှ ကျလာသည့် နက်ရှိုင်းသော အဝါရောင် ရေတံခွန်ပုံစံကဲ့သို့ ပြောင်းသွားပြီး ကြီးမားသည့် လေမိုးကြိုးသားရဲ၏ ကိုယ်ပေါ်သို့ ပြိုကျ ဖိနှိပ်လာသည်။
ထိုရွှံ့များက လေမိုးကြိုး သားရဲကြီးကို ထိစပ်သွားပြီး ခဏလေးဖြင့် ခဲစေသည်။ ထိုအရာက အလွန် လေးလံသည့်ပုံရှိပြီး သားရဲကြီး၏ အမြန်နှုန်းကို လုံးဝ ဖိနှိပ်လို့ထားသည်။
ဝေါင်း … ဝေါင်း …
လေမိုးကြိုး သားရဲက ဒေါသတကြီး ဟိန်းဟောက် လိုက်ပြီး လေနှင့် မိုးကြိုးများက သူ့ခန္ဓာကိုယ်မှ ဖြာထွက်လို့ လာတော့သည်။ သို့ရာတွင် ပြန့်ကျဲကုန်သော ရွှံ့များက ချက်ချင်း ပြန်စုမိပြီး ၎င်းက လုံးဝ အရည် မပျော်နိုင်သည့်ဟန် ရှိနေ၏။
ရှောင်ထျန်းရွှမ်က လေမိုးကြိုးသားရဲ၏ အန္တရာယ် အပေးနိုင်ဆုံး ဖြစ်သည့် အမြန်နှုန်းကို ကန့်သတ် ထားနိုင်လိုက်သည်။
ဇူယွမ်က ထိုမြင်ကွင်းအား တွေ့လိုက်သည့်ခါ မျက်မှောင်ကြုတ် မိသွားပြီး သူ့အမူအရာက လေးနက် သွားသည်။
“ဒီရွှံ့ … ဒါက ဆန်းကြယ်လေးလံရွှံ့ ထင်တယ် …”
ဆန်းကြယ်လေးလံရွှံ့က မူလ ရတနာတစ်မျိုး ဖြစ်သည်။ ၎င်းက ပြုလုပ်ရန် ခက်ခဲပြီး ဈေး အလွန်ကြီးသော်လည်း တစ်ကြိမ်သာ အသုံးပြုလို့ ရသည်။ ရှောင်ထျန်းရွှမ်က ထိုအရာအတွက် မူလ သလင်းကျောက် သိန်းဂဏန်းလောက် အကုန်ကျခံခဲ့ပုံပင်။
ထိုရွှံ့နှင့် တိုက်ခိုက်ခံရသည့်လူက သူ့ခါးပေါ်မှာ လေးလံသော တောင်ကြီး တစ်လုံး ဖိနှပ်ထား ခံရသလို ဖြစ်ကာ တစ်ယောက်ယောက်က မူလချီများ အသုံးပြုပြီးမှ ထိုရွှံ့များကို ပျံ့နှံ့အောင် ပြုလုပ်ရန် လိုသည်။ ရွှံ့များက ပိုမိုများပြား ကြီးထွားလာလျှင် ခန္ဓာကိုယ် တစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး ရွှံ့ဖြင့် မံထားသလိုဖြစ်ပြီး ၎င်း၏ အကျဥ်းချခြင်းကို ခံရပေမည်။
ဇူယွမ်က သူ့ကိုယ်သူ တိုးတိုး ပြောလိုက်သည်။
”ဒီကောင်က တကယ်ကို ကြိုတင် ပြင်ဆင်လာတာပဲ…။ ဒီအတွက် သူတို့က အဆင့်လေး သားရဲလေမိုးကြိုးကို အမဲလိုက်ရာတွင် အောင်မြင်ဖို့ များပါတယ်…”
ဇူယွမ်က ဟက်ခနဲ ရယ်လိုက်သည်။