Switch Mode

အခန်း (၇၅၂)

သဲ့ခွန်းကျိအား သိမ်းသွင်းခြင်း

သူသည် မဟာတောင်ထိပ်ဂိုဏ်း၏ မဟာထိပ်သီး အကြီးအကဲကြီးဖြစ်ရာ အတွင်းလူများသာသိသော လျှို့ဝှက်ချက်အချို့ကို သိရှိထားသည်။ ထို့အပြင် သူသည် ပုံမှန်အခြေအနေများတွင် နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းကိုလည်း အောက်ကျို့ခံ၍ ဆက်ဆံတတ်သေးသည်ဖြစ်ရာ နတ်မျက်လုံး လူမှုအဖွဲ့အစည်း၏ တော်ဝင်မိသားစုမှာ အပေါ်ယံတွင် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် တည်ငြိမ်းအေးချမ်းသော ဆက်ဆံရေးတစ်ခုကို ပိုင်ဆိုင်ထားသည်ဟု ထင်ရသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ သူတို့ကြားရှိ တင်းမာမှုများမှာ ပဋိပက္ခများအဖြစ်သို့ အချိန်မရွေး ပြောင်းလဲသွားနိုင်သည့် အနေအထားတွင် ရှိနေကြောင်းကိုလည်း သိထားသည်။

မည်သည့် တော်ဝင်မိသားစုကမှ သူတို့၏ အုပ်ချုပ်မှုအောက်တွင် ရှိနေသော ဘုရင်ခံများ၏ လက်ထဲသို့ သူတို့၏ လုပ်ပိုင်ခွင့်အာဏာများကို အပ်မည်မဟုတ်သလို နေအိမ်အကျယ်ချုပ် ချခံထားရသကဲ့သို့ နေထိုင်နေရသည်ကိုလည်း နှစ်သက်ကြမည်မဟုတ်ပေ။ တော်ဝင်မိသားစုမှာ အင်အားဆုတ်ယုတ်နေပြီ ဖြစ်ပါသော်လည်း သူတို့၏ အခြေခံအုတ်မြစ်များမှာ တောင့်တင်းခိုင်မာမှု ရှိနေသောကြောင့် ဂိုဏ်းကြီးသုံးဂိုဏ်းမှာ သူတို့အား ကြောက်ရွံ့နေကြရဆဲဖြစ်ကြောင်း မဟာထိပ်သီးအကြီးအကဲကြီးက နားလည်ထားသည်။

သူတို့ အကြောက်ရဆုံးအရာမှာ… တော်ဝင်မိသားစု၏ အလျှို့ဝှက်ဆုံး ပညာရပ်တစ်ခုဖြစ်သလို၊ အသန့်စင်ဆုံးသော သွေးမျိုးဆက်များကိုသာ ပိုင်ဆိုင်ထားသည့် မိသားစုဝင်များသာ လေ့လာနိုင်သော…. နတ်မျက်လုံးပညာရပ် ဖြစ်ပေသည်။

တစ်ချိန်ထဲမှာပင် တော်ဝင်မိသားစုနှင့် ဂိုဏ်းကြီးသုံးဂိုဏ်းတို့၏ ကြားရှိ ပဋိပက္ခများနှင့် ပတ်သတ်၍ သူ မသိသေးသော အသေးစိတ်အချက်အလက်များ ရှိနေနိုင်သေးသည်ဟု သူက ခန့်မှန်းထား၏။

မည်သို့ပင်ဆိုစေကာမူ သူသည် ဂိုဏ်းကြီးသုံးဂိုဏ်းနှင့် တော်ဝင်မိသားစုတို့၏ ကြားရှိ ပဋိပက္ခကြီးထဲ၌ ဝင်ပါရန် ဆန္ဒမရှိပေ။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲမှ အငွေ့အသက်များ ထွက်ပေါ်လာသည်ကို အာရုံခံမိလိုက်သောအခါ ထိုနေရာမှ ထွက်ခွာသွားချင်စိတ်များ ပို၍ ပေါ်ပေါက်လာတော့သည်။ သူသည် နတ်မျက်လုံး ပညာရပ်အစစ်အား မျက်လုံးဖြင့် မမြင်ရသေးသည့်တိုင်အောင် ထိုကဲ့သို့ ခံစားနေရပြီဖြစ်သည်။

သို့သော်… နောက်ကျသွားပြီဖြစ်သည်။

သူ ရှေ့သို့ ပြေးထွက်သွားစဥ်မှာပင် အနက်ရောင်နတ်ဆိုးမျက်လုံးကြီး၏ သူငယ်အိမ်ထဲမှ ထွက်လာသော ဝမ်ပေါင်လဲ့၏ လူရိပ်မှာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွား၏။ ၎င်းမှာ ပြန်လည်ပေါ်ပေါက်လာချိန်တွင် မဟာထိပ်သီးအကြီးအကဲကြီး၏ ကိုယ်ပွား၏ ရှေ့သို့ ရောက်နေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့၏ ရုတ်တရက်ဆိုသလို ပေါ်ပေါက်လာမှုကြောင့် မဟာထိပ်သီးအကြီးအကဲကြီး၏ ကိုယ်ပွားမှာ တစ်ကိုယ်လုံးတုန်ရီသွားရ၏။ ၎င်းမှာ မျက်ဝန်းများထဲ၌ ကြောက်စိတ်များဖြင့် ပြည့်နှက်သွားပြီး ရင်တထိတ်ထိတ် ဖြစ်နေရပြီ ဖြစ်သည်။ ထို့ကြောင့် ၎င်းမှာ နောက်သို့ ခြေလှမ်းအနည်းငယ်ခန့် အလိုလို ဆုတ်ခွာသွားလိုက်ပြီးနောက် ဟန်ဆောင်ပြုံးကာ ရိုသေလေးစားမှုအပြည့်ရှိသော လေသံဖြင့် ဆိုလိုက်တော့သည်။

” အထင်မလွဲပါနဲ့၊ အကြီးအကဲ လုံနန်ကျစ်။ အကြီးအကဲ ဖောက်ထွက်တော့မယ်ဆိုတာကို ကျွန်တော်က အာရုံခံမိခဲ့လို့ စိတ်ပူပြီးတော့ အကြီးအကဲကို ကာကွယ်ပေးဖို့ လိုက်လာခဲ့တာပါ။ ဟဲဟဲ။ ဝိညာဉ်ကြားခံနယ်အဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တဲ့အတွက် ဂုဏ်ပြုပါတယ် အကြီးအကဲလုံနန်ကျစ်ခဗျား ” မဟာထိပ်သီးအကြီးအကဲကြီးမှာ ထိုသို့ဆိုလိုက်ပြီးနောက် ဟန်ဆောင်ရယ်မောလိုက်ပြန်သည်။ သို့သော် သူသည် သူ ထိုသို့ ရယ်မောနေစဉ် သူ၏ရှေ့တွင်ရပ်နေသော ဝမ်ပေါင်လဲ့မှာ နှုတ်ဆိတ်ကာ သူ့အား အေးစက်စွာ စိုက်ကြည့်နေဆဲဖြစ်ကြောင်း သတိထားမိလိုက်၏။ ထို့ကြောင့် သူ၏ရယ်သံမှာ တဖြည်းဖြည်းနှင့် ကိုးရိိုးကားယား ဖြစ်သွားပြီး သူ၏‌နဖူးပေါ်တွင်လည်း ဇောချွေးများ ပြန်လာရတော့သည်။

မဟာထိပ်သီးအကြီးအကဲကြီးမှာ ထို ချွေးများကို သုတ်လိုက်ပြီး ကိုးရိုးကားယား ဖြစ်နေသည့် အခြေအနေအား ပြန်၍အဖတ်ဆယ်ရန် ကြိုးစားလိုက်သည်။ သူသည် အသက်အန္တရာယ်တစ်ခုနှင့် ရင်ဆိုင်နေရသလို ခံစားနေရပြီဖြစ်ရာ အကယ်၍ တစ်ခုခုမလုပ်ပါက သေချာပေါက် သေဆုံးသွားလိမ့်မည်ဖြစ်ကြောင်း ခံစားနေရ၏။ ဝမ်ပေါင်လဲ့၏ သတ်ဖြတ်မှုများနှင့် သတ်ဖြတ်လိုစိတ်များကို ကြည့်လျှင် သူသည် စစ်သင်္ဘောကြီးအား ချက်ချင်းလိုက်မီသွားမည်ဖြစ်ပြီး မဟာထိပ်သီးအကြီးအကဲကြီး၏ ခန္ဓာကိုယ်ကိုအစစ်အား သတ်ဖြတ်ပစ်နိုင်စွမ်းရှိကြောင်း သိနိုင်ပေသည်။

” အကြီးအကဲ လုံနန်ကျစ်။ ကျွန်တော်က အရမ်း အသုံးဝင်တယ်နော်။ စောစောတုန်းက ကျွန်တော် ဘာမှ မမြင်ခဲ့ပါဘူး… ကျွန်… ကျွန်တော်က ဂိုဏ်းကြီးသုံးဂိုဏ်းကို အရမ်းမုန်းတာဗျ။ ကျွန်တော် တော်ဝင်မိသားစုအပေါ် သစ္စာစောင့်သိတာကို မိုးကောင်းကင်ထဲနဲ့ ကမ္ဘာမြေကြီးတစ်ခုလုံး သက်သေထူပေးနိုင်ပါတယ် ”

ဝမ်ပေါင်လဲ့မှာ သူ၏စကားများကို နားထောင်နေရင်း မျက်ဝန်းများ အရောင်လက်သွား၏။ မဟာထိပ်သီး အကြီးအကဲကြီး၏ ခန့်မှန်းချက်မှာ မမှားပေ။ ဝမ်ပေါင်လဲ့မှာလည်း အမှန်တကယ်ပင် ထိုကဲ့သို့ စဉ်းစားတွေးတောနေမိခဲ့ခြင်း ဖြစ်သည်။ သို့သော် သူသည် မဟာထိပ်သီး အကြီးအကဲကြီးအား သတ်ဖြတ်ပြီးနောက် သူ၏နေရာတွင် အစားမထိုးနိုင်ပါက နတ်ဧကရာဇ် တရားမျှတမှုဂိုဏ်းမှာ သူတို့၏ လက်အောက်မှ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ သေဆုံးမှုအား သတိထားမိသွားမည်သာ ဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ မဟာထိပ်သီး အကြီးအကဲကြီးအား သတ်ကာ သူ့ပုံစံအဖြစ် ပြောင်းလဲခြင်းမှာလည်း သင့်တော်မှုမရှိဟု ခံစားနေရ၏။

သူ ထိုကဲ့သို့ ပြောင်းလဲမှုများ လုပ်လေလေ အမှားတစ်ခုခု လုပ်မိနိုင်ခြေ ပိုများလာလေလေ ဖြစ်နေမည် ဖြစ်သည်။ ထို့အပြင် သူသည် သူနှင့်ရင်းနှီးနေပြီးသား ဖြစ်သော လုံနန်ကျစ်၏ ဘဝအား လက်လွှတ်ဆုံးရှုံးလိုက်ရရန်မှာ နှမြောစရာတစ်ခုဖြစ်ကြောင်း ခံစားနေရသည်။

အကယ်၍ မဟာထိပ်သီး အကြီးအကဲကြီးအဖြစ် ပြောင်းလဲကာ ခရီးထွက်သွားခြင်း သို့မဟုတ် တံခါးပိတ်ကျင့်စဉ်ထဲသို့ ဝင်ရောက်သွားခြင်းတို့ကဲ့သို့သော အခြားနည်းလမ်းများ ရှိနေလျှင်တောင် ၎င်းတို့အားလုံးမှာ သူ့အတွက် အလုပ်ရှုပ်နေမည်ဖြစ်သည်။ သို့သော် မဟာထိပ်သီး အကြီးအကဲကြီးအား မသတ်ဘဲ လွှတ်ပေးလိုက်ပါက သူ့အတွက် ပိုဆိုးနေနိုင်သည် မဟုတ်ပါလော။

ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ အကောင်းအဆိုး အကျိုးအပြစ်များကို သုံးသပ်နေစဉ် မဟာထိပ်သီး အကြီးအကဲကြီး၏ နှုတ်မှ တော်ဝင်မိသားစုဆိုသည့် စကားကို ကြားလိုက်ရသောအခါ ချက်ချင်းဆိုသလိုပင် သူ၏ညာဘက်လက်ကို မြှောက်ကာ မဟာထိပ်သီး အကြီးအကဲကြီးအား လှမ်းဖမ်းလိုက်တော့သည်။

မဟာထိပ်သီး အကြီးအကဲကြီးမှာ သတိဝီရိယအပြည့် ရှိနေခဲ့ပြီး အချိန်မရွေး ထွက်ပြေးသွားနိုင်ရန် အဆင်သင့် ပြင်ထားပြီးသားဖြစ်သည်။ သို့သော် သူတို့နှစ်ယောက် အင်အားခြားနားမှုအဆင့်အတန်းမှာ ကြီးမားလွန်းနေသောကြောင့် မဟာထိပ်သီး အကြီးအကဲကြီးမှာ တုံ့ပြန်ချိန်ပင် မရလိုက်ပေ။ သူသည် မည်မျှပင် ကြိုးစားရုန်းကန်နေစေကာမူ အချည်းနှီးပင်။ ထို့ကြောင့် သူသည် ဝမ်ပေါင်လဲ့၏ လက်ထဲ၌ ချက်ချင်း ဖမ်းဆီးခံလိုက်ရ၏။

တစ်ချိန်ထဲမှာပင် ထို လူမှုအဖွဲ့အစည်းနှင့် သိပ်မဝေးသော အာကာသကြီးထဲရှိ မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးထဲ၌ တရားထိုင်နေသည့် မဟာထိပ်သီး အကြီးအကဲကြီး၏ ခန္ဓာကိုယ်အစစ်မှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး မျက်လုံးများပွင့်လာ၏။ ထို့နောက် သူသည် စိတ်မပါလက်မပါဖြင့် သူနှင့် သူ၏ကိုယ်ပွား၏ကြားရှိ အချိတ်အဆက်အား ဖြတ်တောက်ရန် ကြိုးစားလိုက်တော့သည်။ သို့သော် ခဏအကြာတွင် သူ၏ မျက်နှာအမူအရာမှာ လုံးဝပြောင်းလဲသွားရ၏။

” ဖြတ်တောက်လို့ မရပါလား ”

သူ၏ ခန္ဓာကိုယ်အစစ်နှင့် ကိုယ်ပွား၏ကြားတွင် ရှိနေသော ဝိညာဉ်အချိတ်အဆက်မှာ မန္တန်တစ်ခုကြောင့် ရုတ်တရက်ဆိုသလို အားအင်ဖြည့်တင်းခံလိုက်ရသကဲ့သို့ပင်။ ထို့ကြောင့် သူသည် ထိုအချိတ်အဆက်အား ဖြတ်တောက်နိုင်စွမ်းမရှိဘဲ ဖြစ်သွားရ၏။ သူ အံ့ဩတုန်လှုပ်နေစဉ်မှာပင် သန္ဓေပြောင်း လူမှုအဖွဲ့အစည်းထဲရှိ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင် အမှောင်မီးတောက်များ ပေါ်ပေါက်လာတော့သည်။

” အမှောင်ဂိုဏ်းရဲ့ရှေ့မှာ ဝိညာဉ်မန္တန်တွေ သုံးရဲတယ်ပေါ့ ” ဝမ်ပေါင်လဲ့မှာ လေသံတိုးတိုးဖြင့် ရေရွတ်လိုက်ပြီးနောက် သူ၏ မျက်ဝန်းများထဲမှ ကျောချမ်းဖွယ်ရာ အလင်းရောင်များမှာ ပို၍တောက်ပလာသည်။ ထို့နောက် သူသည် ဝိညာဉ်ရှာဖွေခြင်းမန္တန်အား မဟာထိပ်သီး အကြီးအကဲကြီး၏ ကိုယ်ပွားပေါ်၌ အသုံးပြုလိုက်တော့သည်။

အကယ်၍ သူ၏ပစ်မှတ်မှာ မဟာထိပ်သီး အကြီးအကဲကြီး၏ ခန္ဓာကိုယ်အစစ် ဖြစ်နေမည်ဆိုပါက ဝမ်ပေါင်လဲ့မှာ အရင်ဆုံး အဆင်သင့်ပြင်ထားရန် လိုအပ်နေမည်ဖြစ်သည်။ သို့သော် လက်ရှိတွင် ၎င်းမှာ ကိုယ်ပွားတစ်ခု ဖြစ်နေသည်ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ သူ၏ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံခြင်းစွမ်းအားများနှင့် အမှောင်ပညာရပ်တို့ကို အသုံးပြုကာ မဟာထိပ်သီး အကြီးအကဲကြီး၏ အသိစိတ်ထဲမှ ခုခံကာကွယ်မှုများကို ဖျက်ဆီးနိုင်စွမ်း ရှိသွား၏။ ထို့နောက် သူသည် ထိုကိုယ်ပွားကို အသုံးပြု၍ မဟာထိပ်သီး အကြီးအကဲကြီး၏ မှတ်ဉာဏ်များကို ကြည့်ရှုလိုက်တော့သည်။

” ထာဝရကြယ်သစ်သီးဆိုပါလား။ အဲတာ ထာဝရကြယ်တစ်လုံး ပျက်စီးသွားပြီးရင် ပေါ်ပေါက်လာနိုင်တဲ့ အမြုတေတစ်ခုကို ပြောတာလား ” ဝမ်ပေါင်လဲ့မှာ ထိုသို့တွေးကာ ခေါင်းမော့လာပြီး သူနှင့် မလှမ်းမကမ်းတွင် ရှိနေသော ထာဝရကြယ်အား လှမ်းကြည့်လိုက်၏။ ထို့နောက် သူသည် အနည်းငယ်ခန့် ခေါင်းယမ်းကာ မဟာထိပ်သီး အကြီးအကဲကြီး၏ မှတ်ဉာဏ်များကို ဆက်လက်ရှာဖွေနေလိုက်တော့သည်။

၎င်းမှာ ကိုယ်ပွားတစ်ခုသာ ဖြစ်သောကြောင့် ဝမ်ပေါင်လဲ့မှာ မှတ်ဉာဏ်များများစားစား ရှာမတွေ့ခဲ့ပါသော်လည်း သူ့အတွက် လုံလောက်ပေသည်။ သူသည် သူ လိုအပ်နေသည့် မှတ်ဉာဏ်များကို ရှာတွေ့သွားခဲ့ပြီး နားလည်မှုလွဲနေရခြင်း၏ နောက်ကွယ်မှ အကြောင်းအရင်းအား သိရှိသွား၏။

” တော်ဝင်မိသားစုရဲ့ ထိပ်တန်းအဆင့် လျှို့ဝှက်ပညာရပ်ဖြစ်တဲ့ နတ်မျက်လုံးပညာရပ်ဆိုပါလား ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများ မှေးသွား၏။ မဟာထိပ်သီး အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့၏ နောက်တွင် ပေါ်ပေါက်လာသည့် မျက်လုံးကြီးနှင့် သူ၏ ကျင့်ကြံအဆင့် မြင့်တက်သွားသည့် ဖြစ်စဉ်ကြီးတစ်ခုလုံးကို နတ်မျက်လုံးပညာရပ်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ သူ၏အမြင်တွင် ဝမ်ပေါင်လဲ့မှာ တော်ဝင်မိသားစုမှ အဘိုးကြီးတစ်‌ယောက် ဝင်ပူးထားသည့် လုံနန်ကျစ်ဖြစ်နေ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ သူထုတ်သုံးခဲ့သည့် မန္တန်သည် နတ်မျက်လုံးပညာရပ် မဟုတ်ဘဲ နတ်ဆိုးမျက်လုံးပညာရပ်သာ ဖြစ်ကြောင်း အပြည့်အဝ ယုံကြည်နေသည်။

အကယ်၍ နတ်မျက်လုံးပညာရပ်အား ထိုမန္တန်၏ မူရင်းပညာရပ်၏အဖြစ် သတ်မှတ်လိုက်မည်ဆိုပါက နတ်ဆိုးမျက်လုံးပညာရပ်မှာ အမှောင်ဂိုဏ်းမှလူများ အမှောင်ပညာရပ်အားအသုံးပြုကာ ၎င်းအား အတင်းအဓမ္မ ပြုပြင်ခဲ့ခြင်းကြောင့် ပေါ်ပေါက်လာသည့်ပညာရပ်တစ်ခု ဖြစ်ရပေမည်။

မည်သည့် ပညာရပ်က ပို၍အစွမ်းထက်သည်ကိုမူ အတိအကျ သိရှိနိုင်ရန်မှာ မဖြစ်နိုင်ပေ။

” ဒီလို နားလည်မှုလွဲတာမျိုးက… မဆိုးဘူးကွ ” ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွားပြီး မဟာထိပ်သီး အကြီးအကဲကြီးအား သတ်ဖြတ်လိုသည့် အတွေးများကို မေ့ထားလိုက်တော့သည်။ ထို့နောက် သူသည် သူ၏ညာဘက်လက်ကိုမြှောက်ကာ မန္တန်လက်ကွက်တစ်ခု ဖော်လိုက်သောအခါ သူ၏ လက်ဖဝါးထဲ၌ အမှောင်မီးလုံးတစ်လုံး ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထို့နောက် သူသည် သူ၏နောက်တွင်ရှိနေသော အနက်ရောင် မျက်လုံးကြီးထဲမှ အသေးစားနတ်ဆိုးမျက်လုံးတစ်လုံးကို ထုတ်ယူကာ အမှောင်မီးတောက်နှင့် ပေါင်းစည်းလိုက်ပြီးနောက် အချုပ်အနှောင်တစ်ခုကို ဖန်တီးလိုက်တော့သည်။ နောက်ဆုံးတွင် သူသည် ၎င်းအား မဟာထိပ်သီး အကြီးအကဲကြီး၏ ကိုယ်ပွား၏နဖူးပေါ်သို့ လှမ်းရိုက်လိုက်၏။

ထိုအခါ ထိုအချုပ်အနှောင်မှာ ကိုယ်ပွား၏ နဖူးထဲသို့ ချက်ချင်းဆိုသလိုပင် ဝင်ရောက်သွားပြီး မျက်လုံးတစ်လုံးပုံစံ ပြောင်းလဲသွားသည်။ ၎င်းမှာ အရေပြားနှင့် အရိုးများပေါ်တွင်သာ မဟုတ်ဘဲ ဝိညာဉ်ပေါ်တွင်ပါ တံဆိပ်ရိုက်နှိပ်ခံလိုက်ရခြင်း ဖြစ်၏။ ဝမ်ပေါင်လဲ့မှာ သူ၏ ဘယ်ဘက်လက်ဖြင့် မန္တန်လက်ကွက်များ ထပ်ဖော်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်အပြင်ဘက်တွင် ရှိနေသော အမှောင်မီးတောက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားပြီး သူ၏နောက်တွင် ရှိနေသည့် နတ်ဆိုးမျက်လုံးကြီးထဲမှ အနက်ရောင် အလင်းတန်းများ ပေါက်ကွဲထွက်ပေါ်လာတော့သည်။ ၎င်းတို့မှာ ထိုအချုပ်အနှောင်အား အားဖြည့်ပေးလိုက်ကြ၏။ ဝမ်ပေါင်လဲ့မှာမူ ထိုကိုယ်ပွားပေါ်၌ တံဆိပ်ရိုက်နှိပ်လိုက်ခြင်းဖြင့် မဟာထိပ်သီး အကြီးအကဲကြီး၏ ခန္ဓာကိုယ်အစစ်ပေါ်တွင်လည်း တံဆိပ်ရိုက်နှိပ်ပြီးသား ဖြစ်သွားတော့သည်။

ထိုအခါ အာကာသကြီးထဲရှိ မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးထဲတွင် ထိုင်နေသော မဟာထိပ်သီး အကြီးအကဲကြီး၏ ခန္ဓာကိုယ်အစစ်မှာ အပြင်းအထန်တုန်ရီသွားပြီး သွေးတစ်ပွက်အန်ထွက်လာ၏။ သူသည် အစွမ်းကုန် ကြိုးစားရုန်းကန်နေပါသော်လည်း တထေရာတည်း တူသည့် အချုပ်အနှောင်ကြီးမှာ သူ၏ မျက်ခုံးနှစ်ခုကြား၌ ပေါ်ပေါက်လာဆဲပင်။

၎င်းမှာ နတ်ဆိုးမျက်လုံးပညာရပ်ထဲ၌ မှတ်တမ်းတင်ထားသော တားမြစ်ပညာရပ်တစ်ခုဖြစ်ပြီး အမှောင်ဂိုဏ်းက ၎င်းအား တီထွင်းဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သတ်မှတ်နိုင်ပေသည်။ ထိုပညာရပ်မှာ သေမင်းကျိန်စာတစ်ခုနှင့် ဆင်တူ၏။ လူတစ်ယောက်အား တံဆိပ်ရိုက်နှိပ်ပြီးသွားသည်နှင့် ဝမ်ပေါင်လဲ့မှာ ထိုပုဂ္ဂိုလ်၏ သေရေးရှင်ရေးအား ထိန်းချုပ်နိုင်စွမ်း ရှိသွားမည် ဖြစ်သည်။ သူ တစ်ချက်မျှ တွေးလိုက်ရုံနှင့် ထိုပုဂ္ဂိုလ်မှာ ချက်ချင်းသေဆုံးသွားပြီး နတ်ဆိိုမျက်လုံးတစ်လုံးအဖြစ် ပြောင်းလဲသွားနိုင်ပေသည်။

မဟာထိပ်သီး အကြီးအကဲကြီး၏ ကိုယ်ပွားမှာ ခံစားချက်များ ရှုပ်ထွေးနေရပြီဖြစ်သည်။ သို့သော် ဝမ်ပေါင်လဲ့မှာ ထိုသို့ တံဆိပ်ရိိုက်နှိပ်လိုက်ပြီးနောက် ထိုကိုယ်ပွားပေါ်သို့ တင်ထားသည့် လက်ကိုမြှောက်ကာ တည်ကြည်စွာဆိုလိုက်၏။

” ပြန်ကြစို့ ” ဝမ်ပေါင်လဲ့မှာ ထိုသို့ဆိုကာ ရှေ့သို့ လှမ်းသွားလိုက်၏။ မဟာထိပ်သီး အကြီးအကဲကြီး၏ မှတ်ဉာဏ်များထဲတွင် မြင်ခဲ့သည့် ထာဝရကြယ်သစ်သီးနှင့် ပတ်သတ်၍မူ ထိုသစ်သီးမှာ ခြောက်သွေ့ညှိုးနွမ်းကာ ပျက်စီးသွားခဲ့ပြီဖြစ်ကြောင်း ဝမ်ပေါင်လဲ့က အာရုံခံမိထားပြီးသား ဖြစ်သည်။ မဟာထိပ်သီး အကြီးအကဲကြီး အာရုံခံမိခဲ့သည့်အရာမှာ ဧရာမ သန္ဓေပြောင်းသတ္တဝါကြီး၏ လက်ကျန်အငွေ့အသက်များသာ ဖြစ်ပေသည်။

ထိုအခါ ဝမ်ပေါင်လဲ့၏ နောက်တွင် ခံစားချက်များရှုပ်ထွေးနေသည့် မျက်နှာအမူအရာဖြင့် မတ်တတ်ရပ်‌နေသော မဟာထိပ်သီး အကြီးအကဲကြီး၏ ကိုယ်ပွားမှာ စိတ်အေးသွားပြီး သက်ပြင်းချမိလိုက်၏။ သူသည် အသက်သေမသွားခဲ့သည့်အတွက် စိတ်အေးသွားရပါသော်လည်း သူ၏ သေရေးရှင်ရေးအား ထိန်းချုပ်နိုင်စွမ်း မရှိတော့သည့်အချက်ကြောင့် မကျေမချမ်းဖြစ်နေရဆဲပင်။ သို့သော်လည်း လက်ရှိတွင် ဤအခြေအနေကြီးမှာ သူ့အတွက် အကောင်းဆုံးဖြစ်ကြောင်း သူက နားလည်ထား၏။ ထို့အပြင် သူသည် သူ၏ဝိညာဉ်ပေါ်မှ အချုပ်အနှောင်ကြီးကို အာရုံခံမိလိုက်သောအခါ သူ၏သံသယများမှာ မှန်ကန်နေကြောင်း ပို၍ပင် ယုံကြည်သွားတော့သည်။

” ကဲပါ။ သူ့လက်က မလွတ်နိုင်မှတော့ သည်းခံရုံပဲပေါ့…. တစ်ခုကောင်းတာက သူ တော်ဝင်မိသားစုက ဖြစ်နေတဲ့အချက်ကို ငါက လက်မခံနိုင်စရာ မရှိတာပဲ ” မဟာတောင်ထိပ်ဂိုဏ်း၏ မဟာထိပ်သီး အကြီးအကဲကြီးမှာ စိတ်ထဲ၌ ဖြေသိမ့်ကာ သူ့ကိုယ်သူအားပေးလိုက်ပြီး ဝမ်ပေါင်လဲ့၏နောက်သို့ ပြေးလိုက်သွားလိုက်၏။ ထို့နောက် သူသည် အနာဂတ်တွင် သူနှင့်တည့်အောင်ပေါင်းရန် စဉ်းစားတွေးတောနေတော့သည်။

” ငါ နှစ်တွေအများကြီး ကွယ်ဝှက်ထားခဲ့ပြီးတော့ လုံးဝ ထုတ်မသုံးဖြစ်ခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ် ပညာရပ်ကို ထုတ်သုံးမှ ရတော့မယ်နဲ့တူတယ်။ ဒီတစ်ခေါက်တော့ ငါ အစွမ်းကုန်ထုတ်မှရမယ်…. ” မဟာထိပ်သီး အကြီးအကဲကြီးမှာ စိတ်ထဲ၌ ထိုသို့ရေရွတ်လိုက်ပြီးနောက် မျက်ဝန်းများထဲ၌ စိတ်ဓာတ်ပြတ်သားမှု အရိပ်အယောင်များ ထင်ဟပ်သွား၏။ ထို့နောက် သူသည် ရုတ်တရက်ဆိုသလို ခေါင်းမော့လာပြီး ဝမ်ပေါင်လဲ့၏ နောက်ကျောအား လှမ်းကြည့်လိုက်သည်။ နောက်ဆုံးတွင် သူသည် မျက်ဝန်းများ အရောင်တလက်လက် တောက်ပသွားပြီး ဝမ်ပေါင်လဲ့ ကြားနိုင်သည့် လေသံဖြင့် ရေရွတ်လိုက်တော့သည်။

” သဲ့ခွန်းကျိဆိုတဲ့ ကျွန်တော် ဒီအချိန်ရောက်မှ ပြောင်းလဲသွားလိမ့်မယ်လို့ လုံးဝ ထင်မထားခဲ့ဘူး… ”

” အရင်တုန်းကဆိုရင် ကျွန်တော်က ကိုယ်ကျိုးတွေပဲ ရှာခဲ့ပြီးတော့ အဆင့်အတန်းနိမ့်ကျတဲ့ လှည့်ကွက်တွေကိုပဲ အသုံးပြုခဲ့တာ။ ပြီးရင် ကျွန်တော့်ထက်ပိုပြီးတော့ ဂုဏ်ကျက်သရေ ကြီးမြတ်တဲ့ လူတွေအားလုံးကိုလည်း မနာလိုခဲ့ဘူး။ ဒါပေမဲ့ အခုတော့… ကျွန်တော် အရမ်း သဘောထားသေးသိမ်ခဲ့တယ်ဆိုတာ နားလည်သွားပါပြီ။ ဘာလို့လဲဆိုတော့ အခုကစပြီး ကျွန်တော့်မှာ သခင်တစ်ယောက် ရှိလာလို့ပါပဲ။ သခင်နဲ့ မတွေ့ခင်တုန်းကဆိုရင် ကျွန်တော်က ကမ္ဘာပေါ်မှာ သူတော်စင်အစစ်တွေ ရှိတယ်ဆိုတဲ့အချက်ကို သံသယဝင်နေခဲ့တာပါ။ ဒါပေမဲ့ အခုတော့ ကျွန်တော် အပြည့်အဝ ယုံသွားပါပြီ “

Comment

Leave a Reply

Options

not work with dark mode
Reset