Switch Mode

အခန်း (၇၅၁)

တော်ဝင်မိသားစု၏ တစ္ဆေပူးခံထားရခြင်း 

ထို လောဘစိတ်များမှာ ရုတ်ချည်းဆိုသလို ပေါ်ပေါက်လာခြင်းဖြစ်၏။ မဟာတောင်ထိပ်ဂိုဏ်း၏ မဟာထိပ်သီးအကြီးအကဲကြီးမှာ ကိုယ်ပွားတစ်ခုအဖြစ်နှင့်သာ ဤနေရာတွင် ရှိနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ ခန္ဓာကိုယ်အစစ်လောက် အစွမ်းမထက်ပေ။ ၎င်းမှာ ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက်၏ အစွမ်းအချို့ကို ပိုင်ဆိုင်ထားပါသော်လည်း သာမန် ယွမ်ယင်အဆင့် ကျင့်ကြံသူများကိုသာ ယှဉ်ပြိုင်တိုက်ခိုက်နိုင်စွမ်း ရှိပေသည်။ သို့ဖြစ်ရာ ၎င်းမှာ ဝမ်ပေါင်လဲ့အား လုံးဝယှဉ်နိုင်မည်မဟုတ်ပေ။

ထို့အပြင် သူသည် ဝမ်ပေါင်လဲ့၏ တိုက်ကွက်များနှင့် သန္ဓေပြောင်းသတ္တဝါကြီးလေးကောင် ရုပ်ပျက်ဆင်းပျက်နှင့် သေဆုံးသွားသည်ကို မျက်ဝါးထင်ထင် မြင်ခဲ့ရသည်မဟုတ်ပါလော။ သာမန်လူများမှာဆိုလျှင် ထိုအချင်းအရာများကို မြင်လိုက်ရပါက အသိစိတ်ပြန်ဝင်လာကြပြီး ပေါက်ကရအတွေးများကို ခေါင်းထဲမှ ဖယ်ရှားလိုက်ကြမည်သာဖြစ်သည်။

သို့သော် ယခုတွင်မူ မဟာထိပ်သီးအကြီးအကဲကြီး၏ ကိုယ်ပွားမှာ ၎င်း၏ လောဘစိတ်များကို ချုပ်တည်းနိုင်စွမ်းမရှိလောက်အောင် ဖြစ်နေရပြီဖြစ်သည်။ ထိုလောဘစိတ်များမှာ မီးတောက်များအဖြစ် ပြောင်းလဲသွားကာ သူ့အား လွှမ်းခြုံသွားပြီး သူ၏ ဆင်ခြင်တုံတရားများကို တိုက်စားပစ်နေသကဲ့သို့ပင်။

သို့သော်… သူ အသိစိတ်ပျောက်ကာ ဝမ်ပေါင်လဲ့အား အသေခံတိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည့် အခိုက်အတန့်မှာပင် ပျက်သုဉ်းနေပြီဖြစ်သော ထာဝရကြယ်ဆီမှ အသံတစ်သံ ထွက်ပေါ်လာ၏။ ဝမ်ပေါင်လဲ့ ရှိနေသည့် ဂြိုဟ်ကြီး အပြင်းအထန် တုန်ရီသွားပြီး ၎င်းပေါ်ရှိ သန္ဓေပြောင်းသတ္တဝါများအားလုံး သေကျေပျက်စီးသွားစဥ်မှာပင် အလွန်အင်မတန်မှ ရှေးဆန်သော အငွေ့အသက်များ ကိန်းအောင်းနေသည့် အသံကြီးတစ်သံမှာ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထိုအသံကြီး ပေါက်ကွဲထွက်ပေါ်လာသောအခါ သန္ဓေပြောင်း လူမှုအဖွဲ့အစည်း ရှိနေသော အာကာသကြီးထဲ၌ တုန်ခါမှုလှိုင်းများ ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့မှာ ၎င်းတို့အား သတိထားမိလိုက်သဖြင့် ချက်ချင်း ခေါင်းမော့ကြည့်လိုက်သောအခါ အနည်းငယ်ခန့် မျက်လုံးများ မှေးသွားရသည်။ မဟာထိပ်သီးအကြီးအကဲကြီး မမြင်နိုင်သည့် သူ၏ ပတ်ပတ်လည်တွင်ရှိနေသော နတ်ဆိုးမျက်လုံးများ အားလုံးမှာမူ နောက်သို့ အနည်းငယ်ခန့် ဆုတ်ခွာသွားကြ၏။ ထိုမျက်လုံးများမှာ မှိတ်နေကြသည့်တိုင်အောင် အန္တရာယ်များကို အာရုံခံနိုင်စွမ်း ရှိနေကြသည့်ပုံပင်။

ထို နတ်ဆိုးမျက်လုံးများ၏ ဆုတ်ခွာသွားမှုကြောင့်လားတော့ မသိပေ။ မဟာထိပ်သီးအကြီးအကဲကြီး၏ ကိုယ်ပွား၏ လောဘစိတ်များမှာလည်း သိသိသာသာ လျော့ကျသွား၏။ ထိုအခါ ၎င်းတို့၏နေရာ၌ သူ၏ဆင်ခြင်တုံတရားများ ပြန်လည် အစားထိုးဝင်ရောက်လာတော့သည်။ မဟာထိပ်သီးအကြီးအကဲကြီးမှာ အတွေ့အကြုံရင့်သန်သည့် ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတစ်ယောက် မဟုတ်ပါလော။ ထို့ကြောင့် သူသည် ထိုကဲ့သို့ အသိစိတ် ပြန်ကပ်သွားသည်နှင့် တစ်ပြိုင်နက် သူ၏လုပ်ရပ်များမှာ အလွန်အင်မတန်မှ ထူးဆန်းနေခဲ့ကြောင်း ချက်ချင်းပင် ရိပ်မိသွားတော့သည်။

ထို့ကြောင့် သူသည် နဖူးပေါ်တွင် ဇောချွေးများ ပြန်လာပြီး သူ၏ အမူအရာမှာလည်း သိသိသာသာ ပြောင်းလဲသွား၏။ သူသည် တုန်လှုပ်ချောက်ချားနေရပြီဖြစ်ရာ ထိုနေရာတွင် ဆက်နေနေရန် ဆန္ဒမရှိတော့ပေ။ သူ ထိုနေရာမှ ထွက်ခွာသွားနိုင်မည့် နည်းလမ်းများကို စဉ်းစားနေစဉ်မှာပင် ပျက်သုဉ်းနေပြီဖြစ်သော ထာဝရကြယ်ဆီမှ နောက်ထပ် ထစ်ချုန်းသံတစ်သံ ထွက်ပေါ်လာပြန်သည်။

ထို ထစ်ချုန်းသံကြီးကြောင့် အာကာသကြီးထဲတွင် တုန်ခါမှုလိုင်းများ ထပ်၍ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့၏ မျက်ဝန်းများထဲတွင်မူ တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေပြီဖြစ်သည်။ သူသည် ထိုထာဝရကြယ်ပေါ်တွင် အထူး သန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင် ရှိနေသည်ကို အာရုံခံမိနေ၏။

” အဲဒီ သန္ဓေပြောင်းသတ္တဝါကြီးကို သတ်ပြီးရင် ငါ သေချာပေါက် ဖောက်ထွက်နိုင်သွားမှာ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲ၌ အလိုလိုသိနေ၏။ ထို့နောက် သူသည် မျက်လုံးများမှေးသွားပြီး လေပေါ်သို့ ခုန်တက်သွားလိုက်သဖြင့် ထစ်ချုန်းသံကြီးတစ်သံ ထွက်ပေါ်လာတော့သည်။ သူ၏ခန္ဓာကိုယ်မှာမူ ကြယ်ပျံတစ်လုံးထဲသို့ ညကောင်းကင်ယံကြီးအား ထိုးခွင်းသွားပြီး အာကာသထဲသို့ ရောက်သည့်အထိ မရပ်မနား ပျံသန်းသွားတော့သည်။

သူ ကောင်းကင်ပေါ်သို့ ပျံတက်သွားသောအခါ သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်၊ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး၊ နတ်ဘုရားလက်နက်နှင့် သူ၏ ပတ်ပတ်လည်တွင် ရှိနေကြသည့် နတ်ဆိုးမျက်လုံးပေါင်း မြောက်မြားစွာမှာ အလွန်အင်မတန်မှ အားကောင်းသော ဖိနှိပ်အားများကို ထုတ်လွှတ်လိုက်ကြသည်။ နောက်ဆုံးတွင် ၎င်းတို့မှာ အတူတကွ ပေါင်းစည်းသွားကြသဖြင့် ၎င်းတို့၏ အငွေ့အသက်များမှာ လမင်းကြီးနှင့် ကြယ်တာရာများကိုပင် ထက်ခြမ်းခွဲပစ်နိုင်စွမ်းရှိသော ဧရာမ ဓားကြီးတစ်လက်ကဲ့သို့ ပြောင်းလဲသွားတော့သည်။ ထို ဖိနှိပ်အားများ ထွက်ပေါ်လာစဉ်တွင် ဝမ်ပေါင်လဲ့မှာ ထာဝရကြယ်ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီဖြစ်သည်။

ဝမ်ပေါင်လဲ့ ကောင်းကင်ပေါ်သို့ ပျံတက်သွားချိန်တွင် ထာဝရကြယ်ဆီမှ ဟိန်းဟောက်သံနှစ်သံ ထပ်၍ ပေါ်ထွက်လာသည်။ ထို့နောက် ၎င်း၏ မျက်နှာပြင်ပေါ်တွင် အက်ကွဲကြောင်းများပေါ်ပေါက်လာကာ ကျောက်စကျောက်နပေါင်း မြောက်မြားစွာမှာ ထိုဂြိုဟ်ကြီးပေါ်မှ ကွာကျလာကြပြီး အာကာသထဲသို့ မျောလွင့်သွားကြ၏။ ထို့အပြင် ထို ထာဝရကြယ်ပေါ်တွင် ဧရာမတောင်စဉ်တန်းကြီးတစ်ခု ပေါ်ပေါက်လာနေသည်ကိုလည်း မြင်နိုင်ပေသည်။

ထိုတောင်စဉ်တန်းကြီးမှာ အလွန်အင်မတန်မှ ခမ်းနားထည်ဝါပြီး အရွယ်အစားကြီးမား၏။ ၎င်း၏ ဘယ်ညာနှစ်ဖက်တွင်လည်း အသေးစား တောင်စဉ်တန်းလေးများမှာ အရပ်မျက်နှာအနှံ့သို့ ခွဲထွက်သွားနေကြသေးသည်။ မဟာထိပ်သီးအကြီးအကဲကြီးမှာမူ ထိုမြင်ကွင်းအား မြင်လိုက်ရသောအခါ အသက်ရှူသံများ မြန်ဆန်လာရပြန်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ထို တောင်စဉ်တန်းကြီး လှုပ်ရှားသွားသည်ကို မြင်လိုက်ရသောကြောင့်ပင်။

၎င်းမှာ တောင်စဉ်တန်းကြီးတစ်ခု မဟုတ်ဘဲ ကင်းခြေများနှင့် ဆင်တူသည့် အလွန်အင်မတန်မှ ကြီးမားသော သန္ဓေပြောင်းသတ္တဝါကြီးတစ်ကောင် ဖြစ်နေသည်။ ထို ” တောင်စဉ်တန်းကြီး ” နှင့် ချိတ်ဆက်နေကြသည့် အရာများမှာမူ ထို သတ္တဝါကြီး၏ ခြေလက်များနှင့် ဦးမှင်များ ဖြစ်နေကြ၏။

ထို ဧရာမ သန္ဓေပြောင်းသတ္တဝါကြီးမှာ တစ်ကိုယ်လုံး အပြင်းအထန်တုန်ရီသွားပြီး ၎င်း၏ ခန္ဓာကိုယ်တစ်ဝက်တိတိမှာ ထာဝရကြယ်ပေါ်၌ မတ်တတ်ထလာသည်။ ထို့နောက် ၎င်းမှာ လှစ်ခနဲလှုပ်ရှားလိုက်ပြီး အပုပ်နံ့များနှင့် ကြောက်မက်ဖွယ်ရာ ဖိနှိပ်အားကြီးတစ်ခုကို ထုတ်လွှတ်ရင်း ရှေ့သို့ပြေးထွက်လာတော့သည်။ ၎င်းမှာ လမ်းတစ်လျှောက်ရှိ အရာအားလုံးကို ဝါးမျိုပစ်တော့မည့်ပုံဖြင့် အသံကုန် အော်ဟစ်မြည်တမ်းကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေဖြစ်သည်။

ထိုမြင်ကွင်းကြောင့် မဟာထိပ်သီးအကြီးအကဲကြီးမှာ ကြံရာမရ ဖြစ်သွားရ၏။ သူသည် ထိုဖိနှိပ်အားများကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်ရီနေပြီး အသိစိတ်ပျောက်လုမတတ် ဖြစ်နေရပြီဖြစ်သည်။ တစ်ချိန်ထဲမှာပင် ဝမ်ပေါင်လဲ့မှာမူ တိုက်ခိုက်လိုစိတ်များ ပို၍ ပြင်းထန်လာပြီး အသံကုန် အော်ဟစ်လိုက်တော့သည်။

ထိုအော်သံကြီးမှာ မိုးခြိမ်းသံထက်ပင် ပို၍ကျယ်လောင်နေ၏။ ထိုအော်သံကြီး ပဲ့တင်ထပ်သွားသောအခါ သူ၏ ခန္ဓာကိုယ်ပေါ်ရှိ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီးနှင့် သူ၏ ကြယ်တာရာ ယွမ်ယင်ဝိညာဉ်တို့မှာ ၎င်းတို့၏ စွမ်းအားများအားလုံးကို ထုတ်လွှတ်လိုက်ကြသည်။ ထို့နောက် သန္ဓေပြောင်းသတ္တဝါကြီး သူ၏အနီးသို့ ရောက်လာသောအခါ သူ၏ နောက်တွင်ရှိနေကြသည့် နတ်ဆိုးမျက်လုံးပေါင်း မြောက်မြားစွာမှာလည်း ရုတ်ခြည်းဆိုသလို… ပွင့်သွားကြတော့သည်။

ထို နတ်ဆိုးမျက်လုံးများမှာ တစ်ပြိုင်နက်တည်း ပွင့်လာကြပြီး အလင်းရောင်များနှင့် တမူထူးခြားသော စွမ်းအားတစ်မျိုးကို ထုတ်လွှတ်လိုက်ကြ၏။ ၎င်းတို့၏ အရေအတွက်မှာ များပြားလွန်းနေသောကြောင့် ၎င်းတို့ ထုတ်လွှတ်လိုက်သည့် စွမ်းအားပမာဏမှာလည်း စိတ်ကူးနှင့် မမှန်းဆနိုင်လောက်အောင် ကြီးမားလွန်းနေတော့သည်။ ထို့ကြောင့် တစ်အောင့်ခန့်အကြာတွင် ထို သန္ဓေပြောင်းသတ္တဝါမှာ တစ်ကိုယ်လုံး တုန်ရီသွားပြီး ၎င်း၏ ဧရာမ ခန္ဓာကိုယ်ကြီးမှာ အာကာသထဲ၌ ရပ်တန့်သွား၏။

၎င်းမှာ စက္ကန့်ပိုင်းလေးမျှသာ ရပ်တန့်သွားခြင်းဖြစ်ပါသော်လည်း ဝမ်ပေါင်လဲ့အတွက် လုံလောက်ပေသည်။ သူ၏ ခန္ဓာကိုယ်မှာ မိုးကောင်းကင်ကြီးကိုပင် ထိုးဖောက်နိုင်စွမ်းရှိသော အသွားထက် ဓားတစ်လက်အသွင် ပြောင်းလဲသွား၏။ ထို့နောက် သူသည် သူ၏ နတ်ဘုရားလက်နက်ကြီးအား ဓားထိပ်၊ သူ၏ခန္ဓာကိုယ်အား ဓားသွားအဖြစ် အသုံးပြုကာ အစွမ်းကုန်ထုတ်လွှတ်၍ ရှေ့သို့ ပြေးထွက်သွားလိုက်တော့သည်။ သန္ဓေပြောင်းသတ္တဝါကြီး နတ်ဆိုးမျက်လုံးများကြောင့် ရပ်တန့်နေစဉ်တွင် သူသည် အာကာသကြီးထဲရှိ ဟင်းလင်းပြင်ကြီးအား ထိုးခွင်းကာ အရာအားလုံးကို ဖြတ်ကျော်သွားပြီးနောက် ထို သတ္တဝါကြီး၏ ခန္ဓာကိုယ်အား ထိုးဖောက်သွားလိုက်တော့သည်။

ဝမ်ပေါင်လဲ့မှာ စကြဝဠာကြီးထဲ၌ ပဲ့တင်ထပ်သွားသည့် အသံကျယ်ကြီးနှင့် သူ၏ နတ်ဘုရားလက်နက်ကြီး တုန်ရီနေသည့်အချက်တို့ကို ဂရုစိုက်နေခြင်းမရှိဘဲ ထို သန္ဓေပြောင်းသတ္တဝါကြီး အရေပြားကို ထိုးဖောက်ကာ ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားလိုက်၏။

သူသည် ၎င်း၏ ခန္ဓာကိုယ်ထဲသို့ ရောက်သွားသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံခြင်းပညာရပ်သုံးခုကို ထုတ်သုံးလိုက်တော့သည်။

” ဝါးမျိုခြင်းသစ်စေ့ ”

” အမှောင်မီးတောက် ”

” နတ်ဆိုးမျက်လုံးပညာရပ် ”

ထို ကျင့်ကြံခြင်း ပညာရပ်သုံးခု၏ စွမ်းအားများမှာ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာခြင်းဖြစ်ပြီး နတ်ဆိုးမျက်လုံးပညာရပ်မှာ အားအပြင်းဆုံး ဖြစ်၏။ ၎င်းမှာ အာကာသတွင်းနက်ကြီးတစ်ခုကို ဖန်တီးပေးလိုက်ပြီး အရာအားလုံးကို စုပ်ယူပစ်တော့မည့်ပုံပင်။ ဝါးမျိုခြင်းသစ်စေ့၏ စွမ်းအားများမှာလည်း ၎င်းကို အားဖြည့်ပေးထားသောကြောင့် နတ်ဆိုးမျက်လုံးပညာရပ်၏ စွမ်းအားမှာ ဝမ်ပေါင်လဲ့ ထိန်းသိမ်းနိုင်စွမ်းရှိသော အဆင့်ထက် ပို၍ မြင့်တက်သွား၏။ ထို့ကြောင့် ၎င်း ဖန်တီးပေးထားသည့် အာကာသတွင်းနက်ကြီးမှာ သန္ဓေပြောင်းသတ္တဝါကြီး၏ ခန္ဓာကိုယ်အပြင်ဘက်သို့ ရောက်သွားပြီး ၎င်း၏ ဘေးပတ်ပတ်လည်တွင် ပေါ်ပေါက်လာတော့သည်။

အမှောင်မီးတောက်မှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် မီးပင်လယ်ကြီးတစ်စင်းမှာ အရာအားလုံးကို ဖုံးလွှမ်းသွား၏။ ၎င်းမှာ စကြဝဠာကြီး၏ အစိတ်အပိုင်းတစ်ခုကိုပင် အလင်းပေးနေသကဲ့သို့ ဖြစ်နေသည်။

သို့သော် ၎င်း ထုတ်လွှတ်နေသည့် အလင်းရောင်မှာ အနက်ရောင် ဖြစ်ပေသည်။

သို့ဖြစ်ရာ ထိုမြင်ကွင်းမှာ စကားလုံးများနှင့် ဖော်ပြပါက ထူးဆန်းနေသည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ လုံးဝ မထူးဆန်းပေ။ ဤလူမှုအဖွဲ့အစည်းထဲရှိ မတူညီသော စည်းမျဉ်းဥပဒေသများကြောင့်လားတော့ မသိပေ။ အနက်ရောင် မီးတောက်များမှာ ဤနေရာရှိ စကြဝဠာကြီးတစ်ခုလုံးကို အလင်းပေးထား၏။

ထို့အပြင် ဧရာမ သန္ဓေပြောင်းသတ္တဝါမှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းကာ ၎င်း၏ ခန္ဓာကိုယ်အား လူးလွန့်နေသေးသည်။ မဟာထိပ်သီး အကြီးအကဲကြီးမှာ ၎င်း၏ ခန္ဓာကိုယ်ကြီး တဖြည်းဖြည်းနှင့် ခြောက်သွေ့ပျက်စီးလာနေသည်ကို မြင်နေရသောကြောင့် လိပ်ပြာလွင့်လုမတတ် ကြောက်ရွံ့တုန်လှုပ်နေရပြီ ဖြစ်သည်။ သူသည် တစ်ကိုယ်လုံး အပြင်းအထန် တုန်ရီနေပြီး ထိုနေရာမှ ထွက်ခွာသွားနိုင်ရန်ကိုသာ တွေးနေမိတော့သည်။

ဝမ်ပေါင်လဲ့၏ ပေါ်ပေါက်လာမှုကြောင့် ဤ စကြဝဠာကြီးထဲရှိ အန္တရာယ်များမှာ သူ ရင်ဆိုင်နိုင်သည့် အဆင့်ထက် ကျော်လွန်သွားပြီ ဖြစ်သည်။ ထို့ကြောင့် သူသည် သူ၏ကိုယ်ပွားအား ဤနေရာတွင် ချန်ရစ်ထားမိခဲ့သည့်အတွက် သူ့ကိုယ်သူပင် အပြစ်တင်နေမိတော့သည်။ အကယ်၍ သူ၏ကိုယ်ပွားသာ သေဆုံးသွားမည်ဆိုပါက သူ၏ ခန္ဓာကိုယ်အစစ်မှာလည်း အများကြီး ထိခိုက်နစ်နာသွားမည်ဖြစ်သည်။

” ငါ အလောတကြီး မလုပ်ခဲ့သင့်ဘူးကွာ။ ဒီ လုံနန်ကျစ်ဆိုတဲ့ကောင်က တော်ဝင်မိသားစုထဲက တစ်ယောက်ယောက် ဖြစ်မှာ ” မဟာထိပ်သီး အကြီးအကဲကြီးမှာ သူသည် တော်ဝင်မိသားစုမှ လူတစ်ယောက်အား သတ်ဖြတ်ရန် တွေးမိခဲ့သည်ဖြစ်ကြောင်း ပြန်သတိရသွားသောအခါ နောင်တကြီးစွာ ရသွားတော့သည်။

သူသည် ဂိုဏ်းကြီးသုံးဂိုဏ်းကသာလျှင် တော်ဝင်မိသားစုအား ယှဉ်နိုင်လိမ့်မည်ဟု မှတ်ယူထား၏။ အကယ်၍ သူသာ တော်ဝင်မိသားစုနှင့် ပဋိပက္ခတစ်ခုခုထဲ၌ ငြိစွန်းမိမည်ဆိုပါက ဘဝပျက်သွားနိုင်ပေသည်။

သို့သော် မဟာထိပ်သီး အကြီးအကဲကြီး သူပုန်းနေသည့် ဂြိုဟ်ပေါ်မှ ထွက်ခွာကာ အဝေးသို့ ထွက်ပြေးသွားနိုင်ရန် ကြိုးစားလိုက်စဉ်မှာပင် ဧရာမ သန္ဓေပြောင်းသတ္တဝါကြီးမှာ နောက်ဆုံးတစ်ကြိမ် အသံကုန်ဟစ်လိုက်ပြီးနောက် သူ၏နောက်တွင်ရှိနေသော ထာဝရကြယ်၏ဘေး၌ သေဆုံးသွားတော့သည်။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်မှာ အမှောင်မီးတောက်များထဲ၌ ပြာကျသွားပြီး ဧရာမ အနက်ရောင်မျက်လုံးကြီးတစ်လုံးအဖြစ်သို့ ပြောင်းလဲသွားသည်။

ထို မျက်လုံးကြီး၏ သူငယ်အိမ်ထဲတွင် အရပ်ရှည်ရှည် ပိန်သွယ်သွယ် လူရိပ်တစ်ခု ရှိနေ၏။ ထိုသူမှာ… ဝမ်ပေါင်လဲ့ ဖြစ်ပေသည်။

သူ၏ ဆံပင်ရှည်များမှာ လေထဲ၌ တလူလူလွင့်နေပြီး သူသည် ကျင့်ကြံခြင်းအဆင့် ဖောက်ထွက်သွားပြီဖြစ်သည်။ ဝမ်ပေါင်လဲ့မှာ သူ့ကိုယ်သူ ချုပ်တည်းနေခြင်းမရှိဘဲ ဝိညာဉ်ကြားခံနယ်အဆင့် ဖိနှိပ်အားများကို ထုတ်လွှတ်လိုက်သောကြောင့် ၎င်းတို့မှာ သူ၏ ဘေးပတ်ဝန်းကျင်တစ်ခုလုံးအား လွှမ်းခြုံသွားတော့သည်။

ထို အငွေ့အသက်များကြောင့် မဟာထိပ်သီး အကြီးအကဲကြီးမှာ အသားများ တဆတ်ဆတ် တုန်ရီသွားရ၏။ သူသည် အနက်ရောင်မျက်လုံးကြီးကြောင့် လိပ်ပြာလွင့်လုမတတ် ဖြစ်နေရပြီ ဖြစ်သည်။ ထို နတ်ဆိုးမျက်လုံးကြီး ထုတ်လွှတ်နေသည့် ကြောက်မက်ဖွယ်ရာ နတ်ဆိုးအငွေ့အသက်များမှာ အရာအားလုံးကို အေးခဲပစ်နိုင်စွမ်း ရှိနေသည့်ပုံပင်။ သူ မှတ်မိသလောက်ဆိုလျှင် ထို အနက်ရောင် မျက်လုံးကြီးမှာ နတ်ဆိုးတစ်သောင်းမျက်လုံးကြီးနှင့် အရွယ်အစားပိုင်းတွင်သာလွဲ၍ အခြားနေရာများအားလုံးတွင် တစ်ထေရာတည်း ဆင်တူနေ၏။

” သူက တကယ့်ကို တော်ဝင်မိသားစုထဲက တစ္ဆေတစ်ကောင် ပူးတာ ခံထားရတာပဲ “

Comment

Leave a Reply

Options

not work with dark mode
Reset