Switch Mode

အခန်း ( ၆၆ )

ဒီတော့ မင်းကလှည့်စားနေတာပေါ့

ဝမ်လင်းယွမ်နှင့် လီချန်ရှို့တို့သည် အစားအသောက်များကို နှစ်ခြိုက်စွာ စားခဲ့၏။

ဝမ်လင်းယွမ်သည် လီချန်ရှို့ယူလာသော အရက်နှစ်အိုးမှ အရက်နည်းနည်းသာသောက်ခဲ့သည်။ ထိုအကြီးအကဲသည် အရက်သောက်ရသည်ကို မကြိုက်ပေ။ အစားအသောက်များကိုလည်း ထိုမျှစိတ်မဝင်စားလှချေ။ သူသည် အဆိပ်များအကြောင်းနှင့် အဆိပ်သဘောတရားများအကြောင်းကိုသာ စားသောက်ရင်း လီချန်ရှို့နှင့် ပြောနေခဲ့သည်။

လီချန်ရှို့သည် ဝမ်လင်းယွမ်နှင့် အချိန်အတော်ကြာ စကားပြောနေခဲ့၏။ သူ သုံးချောင်းထောက်ဆေးတောင်မှ ပြန်လာသောအခါ အကြီးအကဲ ဝမ်လင်းယွမ်ပေးလိုက်သော ဆေးပင်များ ပါလာခဲ့သည်။

သူ အနည်းငယ် ရှိုးတိုးရှန်းတန်း ဖြစ်နေ၏။ သူသည် ပုံမှန်အတိုင်း အလည်သက်သက် သွားခြင်းဖြစ်သော်လည်း အကြီးအကဲသည် လွန်စွာစိတ်အားထက်သန်နေ၏။

‘အဆိပ်’ ဟူသော စကားလုံးကို စိတ်ဝင်စားသော ချီကျင့်ကြံသူ သိပ်မရှိချေ။

လီချန်ရှို့၏ အဆပ်ပညာ အစွမ်းသည် မနိမ့်ပေ။ သူသည် အဆိပ်အကြောင်းကို ဝမ်လင်းယွမ်နှင့်ပင် ဆွေးနွေးနိုင်၏။
‘ ငါ သုံးချောက်ထောက်ဆေးတောင်ကို ခဏခဏ သွားလို့မရဘူး။ လူတွေအာရုံစိုက်တာ ခံရလိမ့်မယ် ’

‘ နောက်(၂)နှစ်နေမှ ထပ်သွားတာပေါ့ ’
လီချန်ရှို့သည် ထိုသို့တွေးပြီးနောက် ချုံတောင်လေး၏ ဆေးဖော်ဆောင်အရှေ့တွင် ဆင်းသက်လိုက်သည်။

သူသည် လှုပ်ကုလားထိုင်ပေါ်တွင်ထိုင်ရင်း သက်တမ်းရှည်မှော်အတတ်ဖြင့် ပြုလုပ်ထားသဖြင့် မပျက်မစီးရှိနေသည့် ရှေးဟောင်းဝါးပေလိပ်လေးကို ကိုင်၍ ထိုနေ့အတွက် စာဖတ်ခြင်းကို စတင်လိုက်၏။

ဆေးဖော်ဆောင် တဝိုက်ရှိ မန္တန်အစီအရင်များ ပိတ်ထားသည်ကို အာရုံခံမိသဖြင့် လန်လင်းအယ်သည် မျက်နှာမှုန်ကုတ်ကုတ်ဖြင့် ဆေးဖော်ဆောင်သို့ ပျံသန်းသွားပြီးနောက် စကားပြောရန် ချီတုံချတုံဖြစ်နေလေသည်။

သူမသည် သူမ၏ ဟင်းချက်စွမ်းရည်ကို အစ်ကိုကြီး ချီးကျူးတာ ခံလို၏။ သို့သော် အစ်ကိုကြီး ချက်ပေးထားသောဟင်းအား မစားလိုက်ရသည်ကို သိလျှင် သူမကို ဆူမည်ကိုလည်း‌ ကြောက်၏။

လီချန်ရှို့ အတန်ကြာ စောင့်နေသော်လည်း သူမသည် စကားမပြောသေးပေ။ သူသည် သူမကို မော့ကြည့်လိုက်ပြီး မေးလိုက်သည်။
“ ဘာဖြစ်လို့လဲ ”

“ အစ်ကိုကြီး… ”
လန်လင်းအယ်သည် ခေါင်းငုံ့၍ ဆက်ပြောလိုက်သည်။
“ ဆရာက တောင်ထိပ်သခင် တွေ့ဆုံပွဲကိုသွားတယ်။ ပြဿနာ တစ်ခုခုများ ဖြစ်နိုင်မလား ”

လီချန်ရှို့ ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းအသာအယာခါ၍ ဖြေလိုက်သည်။
“ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဆရာ့ရဲ့ ရန်သူက ဘယ်တော့မှ တောင်ထိပ်သခင် ဖြစ်မလာနိုင်တော့ဘူးလေ။ မပူပါနဲ့။ ဆရာက ဒီအတိုင်း ထောင့်တစ်ထောင့်မှာ ထိုင်ပြီးပဲ နားထောင်နေမှာပါ။ သူက အဲဒီမှာ ဝါအနုဆုံးဆိုတော့ ဘာမှ ဝင်ပြောရဲမှာ မဟုတ်ပါဘူး။ ဆရာ့ရဲ့ လေးစားတတ်ပြီး နာခံတတ်တဲ့ အမူအကျင့်အရဆို ရိုရိုကျိုးကျိုးထိုင်နေမှာပါ ”

ကောင်းကင်ခွင်းတောင်ရှိ ပိုင်ဖန်ခန်းမအတွင်း ထောင့်တစ်နေရာတွင်ထိုင်နေသော တာအိုရသေ့အိုကြီးသည် သူ၏ တင်ပါးကိုနေရာ‌ရွှေ့၍ ခပ်မတ်မတ်ပြန်ထိုင်လိုက်သည်။

ဆေးဖော်ဆောင်အတွင်း၌ လီချန်ရှို့သည် စိတ်ပျံ့လွင့်နေသော လန်လင်းအယ်ကို ကြည့်လိုက်၏။ ထို့နောက် သူသည် ပြုံး၍ ပြောလိုက်သည်။
“ ဒီတစ်ခါ ညီမလေးတော်ပါတယ်။ ဆရာ့ကို စိတ်ပူရကောင်းမှန်းသိပြီး အစ်ကိုနဲ့ လာဆွေးနွေးတာပဲ။ ဘာလို့အရင်က ဒီလောက် အကင်းမပါးရ၊ သတိမထားရတာလဲ။ ကောင်းပြီ၊အရင်က အပြစ်တွေကို လျှော်ပေးလိုက်မယ်။ အခုကစပြီး ကျင့်ကြံတဲ့ အပေါ်မှာပဲ အာရုံစိုက်တော့ ”

လင်းအယ်သည် မျက်တောင်ခတ်၍ မေးလိုက်သည်။
“ အစ်ကိုကြီး… အခု ညီမလေးကို ချီးကျူးနေတာလား ”

လီချန်ရှို့ တဟားဟား ရယ်လိုက်၏။
“ အစ်ကိုက ညီမလေးကို နေ့တိုင်းဆူနေတဲ့ လူကြမ်းကြီး ဖြစ်နေပြီလား ”

“ ဟုတ်တယ်လေ… အစ်ကိုကြီးက ညီမလေးကို အမြဲပဲ အပြစ်ရှာနေတာကို ”
လင်းအယ်သည် မျက်နှာစူပုတ်ပုတ်လေးဖြင့် ပြောလိုက်သော်လည်း စိတ်ထဲတွင် ပျော်သွားလေသည်။ သူမသည် ရောက်လာစက နှင်းကိုက်နေသော ခရမ်းသီးပုံစံဖြစ်နေပြီး ယခုတွင်မူ လတ်ဆတ်တောက်ပနေသော ခရမ်းချဉ်သီးပုံစံ ဖြစ်သွားလေပြီ။
“ အစ်ကိုကြီး … ဒီဆေးပေါင်းဖိုက တော်တော်လှတာပဲ ”

“ သွားမထိနဲ့နော်… အဲဒါက ကိုက်တတ်တယ် ”

“ ဟွန်း… အစ်ကိုကြီး… ညီမလေးက ဆယ့်နှစ်နှစ်..ဆယ့်သုံးနှစ် မဟုတ်တော့ပါဘူး။ ညီမလေး အဲဒါကို သွားကိုထိဦးမယ်… အ… ဘာလို့အဲ့မှာ လျှပ်စီးမန္တန်ရှိနေရတာလဲ ”

“ တခြားသူတွေ ဒီဆေးပေါင်းဖိုကို လာဖွင့်မှာဆိုးလို့ အစ်ကို အကာအကွယ်အနေနဲ့ ခံထားတာ ”
လီချန်ရှို့သည် တည်ငြိမ်စွာပြုံးလိုက်ပြီး တံခါးအပြင်တွင် စာဆက်ဖတ်နေ၏။

လင်းအယ်သည် ဆေးပေါင်းဖိုဘေးတွင် ရပ်ကာ ခေါင်းလေးစောင်း၍ ကြည့်နေပြီး နီရဲသွားသော သူမ လက်ညှိုးလေးကို ပွတ်သပ်ကာ သက်သာအောင်လုပ်နေလေသည်။

ထို့နောက် သူမသည် ဆေးဖော်‌ဆောင်အတွင်း နောက်တစ်ပတ် လှည့်ကြည့်လိုက်ပြီး သူမ ယခင်က တစ်ဝက်ခန့်ဖတ်ပြီးထားသော ကျမ်းစာတစ်စောင်ကို တွေ့လိုက်၏။ သူမသည် ထိုကျမ်းစာနှင့် တရားထိုင်ခုံတစ်ခုကို ယူကာ တံခါးအပြင်သို့ထွက်၍ လီချန်ရှို့၏ ဘေးတွင်သွားထိုင်လိုက်သည်။

သူတို့နှစ်ဦးသည် တံခါးကို စောင့်ကြပ်နေသော နတ်များဟုပင် ထင်ရလေသည်။

နေ့လယ်ပိုင်း နေရောင်လေးသည် နွေးထွေးနေပြီး တောအုပ်အတွင်းရှိ လေပြေလေညင်းများသည်လည်း သိမ်မွေ့နူးညံ့နေ၏။

ပိုးကောင်လေးများ အော်မြည်နေပြီး လိပ်ပြာလေးများ ကခုန်နေ၏။ အဝေးရှိ ကောင်းကင်ပေါ်တွင် တိမ်စီး၍ ဖြတ်သန်းသွားသော နတ်ဝိဇ္ဇာများလည်း ရှိနေလေသည်။

လီချန်ရှို့ ဉာဏ်အလင်းပွင့်သွားသော်လည်း တည်တည်ငြိမ်ငြိမ်သာ ဆက်နေလိုက်သည်။ သူသည် ကိုယ်ရောင်ကိုယ်ဝါအပြောင်းအလဲ မဖြစ်သွားစေဘဲ နားလည်သဘောပေါက်သွားသော အရာများကို တည်ငြိမ်စွာ လက်ခံ၍ ဆင်ခြင်သုံးသပ်လိုက်သည်။

ယခုတွင် သူ၏ ကျင့်ကြံခြင်းအဆင့်သည် မြင့်မားလာပြီဖြစ်၍ တာအိုဉာဏ်အလင်းပွင့်မှုအခြေအနေကို စတင်ထိန်းချုပ်နိုင်လာပြီ ဖြစ်သည်။

သူသည် သူ၏ ဉာဏ်အလင်းပွင့်မှုအတွက် စိုးရိမ်ခဲ့ရ၏။ အဘယ်ကြောင့်ဆိုသော အခြားသူများနှင့် တာအိုတရား ဆွေးနွေးငြင်းခုန်ရင်း ဉာဏ်အလင်းပွင့်ပွင့် သွားတတ်သောကြောင့် ဖြစ်သည်။

“ အစ်ကိုကြီး… အစ်ကိုကြီး ဘယ်အဆင့်ရောက်နေပြီလဲ ”

“ ဗလာနတ်ထိ စတုတ်ထအဆငျ့ ”

“ အို … အထင်ကြီးစရာပဲ ”
လန်လင်းအယ်သည် ပုံမှန်ပင် ပြန်ပြောလိုက်ပြီး ခေါင်းငုံ့ကာ ကျမ်းစာကို ဆက်ဖတ်နေသည်။ ခေါင်းထဲတွင်မူ ကိစ္စတစ်ခုကို မှတ်သားထားလိုက်လေ၏။

******

ကောင်းကင်ဘုံရှိ ယွဲ့လောင်နန်းတော်သည် မန္တန်အစီအရင်ကြီးတစ်ခု၏ အောက်တွင် တည်ရှိနေသည်။

ကောင်လေးနှစ်ဦးသည် တင်းကြပ်စွာ ပိတ်ထားသော ခန်းမတံခါးကြီး၏ ရှေ့တွင် သစ်သားဆိုင်းဘုတ်လေးနှစ်ခုကို ကိုင်ထားကြ၏။

ဆိုင်းဘုတ်တစ်ခုပေါ်ရှိ စာသားမှာ..
“ လဘိုးဘိုး အပြင်သွားပါတယ် ”

အခြားတစ်ခုပေါ်ရှိ စာမှာကား…
“ ဤနေရာကို ကောင်းကင်တာအိုက စောင့်ရှောက်ပေးပါ ” ဟူ၍ ဖြစ်သည်။

အငယ်ကောင်လေးသည် တီးတိုးပြောလိုက်သည်။
“ အစ်ကို.. ကျုပ်တို့ ဆရာ့ကို အမှန်အတိုင်းမပြောရင် ပြဿနာတွေကြီးသွားနိုင်စရာ အကြောင်းရှိလား ”

“ ရှူး… မင်းရဲ့ မူလပုံစံကို ပြန်ပြောင်းသွားချင်လို့လား ”
အကြီးကောင်လေးသည် မျက်လုံးပင့်၍ ဆက်ပြောလိုက်သည်။
“ ငါတို့က မူလက အကေးရှားပင်ရဲ့ ကိုင်းလေးနှစ်ခုပဲ။ ဆရာ ငါတို့ကို ပုံပြောင်းပေးမယ့် အခွင့်အရေးကို ရဖို့ ငါတို့အတွက် လွယ်ခဲ့တာ မဟုတ်ဘူး။ မပူပါနဲ့…. ဆရာဖြေရှင်းနည်းတစ်ခုကို သေချာပေါက်ရှာတွေ့မှာပါ ”

“ ဟုတ်ကဲ့ပါ ”
အငယ်ကောင်းသည် နှုတ်ခမ်းစေ့ကာ စိုးရိမ်သည့် မျက်နှာထားဖြစ်နေလေသည်။

ထို့နောက် ထိုကောင်လေးနှစ်ဦးသည် တစ်ရက်ပြီး တစ်ရက်စောင့်နေခဲ့၏။ သူတို့သည် နှစ်ဝက်ခန့်စောင့်နေသော်လည်း လဘိုးဘိုး ပြန်မလာသေးချေ။

လဘိုးဘိုး မည်သည့်နေရာသို့ သွားခြင်းဖြစ်သနည်း။

အမှန်တွင် သူသည် ယွဲ့လောင်နန်းတော်နှင့် အဝေးကြီးသို့ သွားခြင်းမဟုတ်ပေ။ သူသည် ပို၍ ချောင်ကျသော နတ်နန်းတော်တစ်ခုသို့သွားကာ တစ်နှစ်ပတ်လုံး အားယားနေသော နတ်မင်းတစ်ပါးနှင့် သွားတွေ့ခြင်းဖြစ်သည်။ သူသည် လက်ဆောင်များယူသွားပြီး သူ၏ အမှားကို ပြန်ပြင်ရန်ကြိုးစားခဲ့၏။

လဘိုးဘိုးသည် သူ့ထံ၌ နောက်ခံကောင်းကောင်း မရှိကြောင်းသိ၍ မည်သူ့ကိုမှ အပြစ်မပြုမိဝံ့ချေ။

သို့သော် ထိုသို့ဖြစ်ရခြင်းမှာ ကျောက်စိမ်းဧကရာဇ်ကိုယ်တိုင် သူ့ကို လဘိုးဘိုးဘွဲ့ချီးမြှင့်ခဲ့၍ ဖြစ်သည်။ သူသည် မည်သူ့ကိုမှလည်း ဘက်လိုက်၍မရသဖြင့် မည်သူနှင့်မှ ပူးပေါင်း၍ မရခြင်းဖြစ်သည်။

မကြာခဏပင် နတ်စစ်သူကြီးများနှင့် နတ်သမီးများသည် သူတို့ကို အခြာသူများနှင့် ဖူးစာဖက်ဖြစ်အောင် လုပ်ပေးရန် လာရောက်တောင်းဆိုကြသည်။ ထိုကိစ္စများသည် အရေးမပါသော ကိစ္စများဖြစ်သည်။

အကယ်၍ လဘိုးဘိုးသည် ကောင်းကင်တာအိုမှ ပေးအပ်ထားသော ရာထူးကို အသုံးချ၍ ဖူးစာဖက်များကို လိုသလိုခြယ်လှယ်ပေးခဲ့လျှင် အကုသိုလ်ဖြစ်ရုံသာမက ပြဿနာအကြီးကြီး တက်သွားပေလိမ့်မည်။

သို့သော် ကောင်းကင်တာအိုသည် လဘိုးဘိုးကို အမြဲစောင့်ကြည့်နေ၏။

လဘိုးဘိုးထံတွင် မကောင်းသောအကြံများပေါ်ခဲ့လျှင် ပထမအကြိမ်တွင် ကောင်းကင်တာအိုက သူ့အား သတိပေးမည်ဖြစ်သည်။ ဒုတိယအကြိမ်ဆိုလျှင် အပြစ်ပေးခံရပေမည် ဖြစ်သည်။ တတိယအကြိမ်တွင်ကား ခရမ်းရောင်နတ်လျှပ်စီးဖြင့် ပစ်ကာ ဖျက်ဆီးခံရမည် ဖြစ်သည်။

ကောင်းကင်ဘုံခုံရုံးများ၏ အာဏာသည် ကျဆင်းနေပြီး တာအိုဂိုဏ်းများသည် တန်ခိုးထွားနေလေသည်။

လဘိုးဘိုးသည် သာမန်နတ်မင်းလေးဖြစ်၍ အရှင်ရွှမ်းဒူ၏ အလိုကို မဆန့်ကျင်ရဲပေ။

ရွှံ့ရုပ်များတွင် ဖြစ်သွားခဲ့ရသော ပြဿနာ၏ အရင်းအမြစ်မှာ အရှင်ရွှမ်းဒူ စိတ်မြန်လက်မြန် လုပ်လိုက်ခြင်းကြောင့်ပင်။ သို့သော် အရှင်ရွှမ်းဒူ၏ နောက်ခံမှာ တန်ခိုးရှင် အရှင်ထိုက်စန့်လောင်ကျွင်း ဖြစ်သည်။ ထို့ပြင် တန်ခိုးရှင်၏ နတ်ရတနာဖြစ်သော ထိုက်ကျိကားချပ်သည်လည်း သူ့ကို ကာကွယ်ပေးနေ၏။ သူ့တွင် မည်သည့်ကြမ္မာနှောင်ကြိုးမှ မရှိဘဲ အလွန် တန်ခိုးစွမ်းအားကြီးပေသည်။

အဘယ်သို့ သူကဲ့သို့ မထင်မရှား လဘိုးဘိုးလေးသည် အရှင်ရွှမ်းဒူအပေါ် အပြစ်တင်ဝံ့ပါမည်နည်း။

သူကိုယ်တိုင်သာ တာဝန်ခံရပေမည်။

လဘိုးဘိုးသည် ဉာဉ့်ဝက်ခန့် တွေးတောနေခဲ့၏။

ထိုပြဿနာကို ဖြေရှင်းရန် အချိန်ဆွဲလေလေ ပို၍ သူအမှားလုပ်မိနိုင်လေလေ ဖြစ်၏။ သူသည် ထိုပြဿနာကို မြန်နိုင်သမျှ မြန်မြန်ဖြေရှင်းရပေမည်။

အတန်ငယ်တွေးတောပြီးနောက် လဘိုးဘိုးသည် ဆုံးဖြတ်ချက်ချလိုက်၏။ သူသည် ယွဲ့လောင်နန်းတော်မှထွက်ကာ ရှန်းဝေခန်းမသို့ သွားလိုက်သည်။

လဘိုးဘိုးနှင့် ရှန်းဝေခန်းမ၏ သခင်ဖြစ်သော ရွှေချပ်ဝတ်ကို ဝတ်ဆင်ထားသည့် မထင်မရှားနတ်မင်းတို့သည် ‘ ကြယ်တာရာ အိပ်မက် ကိရိယာ ’ဟု ခေါ်သော ကောင်းကင်တာအိုရတာနတစ်ခု၏ ရှေ့တွင် ရပ်နေကြသည်။

ထိုနတ်မင်းသည် ကြယ်တာရာ အိပ်မက် ကိရိယာကို အသုံးပြုနေရင်း လဘိုးဘိုးကို အသေးစိတ်ရှင်းပြလိုက်သည်။
“ မပူပါနဲ့ လဘိုးဘိုး… ကျုပ်က အာကာသနတ်မင်းအဆင့် နောက်ဆုံးပိုင်းကို ရောက်နေတဲ့ သူတွေကိုပဲ အိပ်မက်ပေးလို့ မရတာပါ။ သူတို့က လောကကို ကျော်လွန်နိုင်နေပြီ မဟုတ်လား။ ဒါပေမဲ့ အာကာသနတ်မင်းအဆင့်ရောက်စသူတွေနဲ့ ကောင်းကင်နတ်မင်းအဆင့်ရှိတဲ့ သူတွေကိုတော့ အေးအေးဆေးဆေး အိပ်မက်ပေးနိုင်ပါတယ်။ နှစ်တစ်ရာလောက်ပဲ သက်တမ်းရှိသေးတဲ့ ချီကျင့်ကြံသူလေးလောက်ကတော့ စကားထဲ ထည့်ပြောနေစရာကို မလိုပါဘူး ”

သူက ဆက်၍ ပြောလိုက်သည်။
“ ဒါပေမဲ့ လဘိုးဘိုး သိထားရမှာ တစ်ခုရှိတယ်။ အိပ်မက်ထဲမှာ စကားပဲပြောလို့ရမယ် တခြားဘာမှ လုပ်လို့မရဘူး။ ဒါက ကောင်းကင်တာအိုက ကောင်းကင်ဘုံခုံရုံးရဲ့ အာဏာကို ဖော်ပြနိုင်အောင် ချီးမြှင့်ထားတဲ့ ရတနာပဲ။ ဒါကို လူတွေကို ခြောက်လှန့်ဖို့ သုံးတာ။ ဒါကြောင့် ဒီနေရာကို ရှန်းဝေခန်းမလို့ ခေါ်တာ ”

“ ကိုယ် အိပ်မက်ပေးချင်တဲ့သူက စိတ်အာရုံပျံ့လွင့်နေတာပဲ ဖြစ်ဖြစ် မူးနေတာပဲ ဖြစ်ဖြစ် ဒါမှမဟုတ် စိတ်ပင်ပန်းနေတာ၊ ကိုယ်ပင်ပန်းနေတာ၊ အားနည်းနေတာမျိုး၊ စိတ်ဖြေလျှော့ထားတာမျိုး၊ ဉာဏ်အလင်းပွင့်နေတဲအချိန်မျိုးတွေမှာဆို သူ့ကို အိပ်မက်ထဲကို ဖိတ်ခေါ်လိုက်လို့ရတယ်။ ဒါပေမဲ့ အဲဒီလူက အဲဒီလိုတွေ မဖြစ်နေဘူးဆိုရင်တော့ တခြားနည်းလမ်းမရှိတော့ဘူး။ လဘိုးဘိုးရှာနေတာ တုနတ်ဝိဇ္ဇာဂိုဏ်းက လီချန်ရှို့ဆိုတဲ့ သူနော်… မပူပါနဲ့… သူက တပည့်ငယ်လေးတစ်ယောက်ပါပဲ။ ကျုပ် အချိန်ခဏပဲလိုတာပါ… ”

“ ဟမ်… ကျုပ် ဘာလို့ သူ့ကို ရှာမတွေ့ရတာလဲ ”
ရွှေချပ်ဝတ် ဝတ်ဆင်ထားသော နတ်မင်းသည် ပြောင်းလဲမှုမရှိသော သူ့ရှေ့ရှိ ကြယ်တာရာ အိပ်မက်ကိရိယာကို ကြည့်ရင်း လည်ပင်းရှည်သွားသည်။

လဘိုးဘိုးသည် ဘေးမှနေ၍ နွေးထွေးစွာပြုံးလိုက်ပြီး ဆက်၍စောင့်နေလိုက်သည်။

ရွှေချပ်ဝတ် ဝတ်ဆင်ထားသော နတ်မင်းသည် လျင်မြန်စွာပြောလိုက်၏။
“ လဘိုးဘိုး.. အဲဒါ သူ့နာမည်ဆိုတာ သေချာရဲ့လား။ သူ့ရဲ့ မွေးဇာတာ ရှိလား ”

“ ရှိတယ်…ရှိတယ်… သူ့ရဲ့ မွေးဇာတာက မင်္ဂလာခန်းမမှာရှိတယ် ”
လဘိုးဘိုးသည် ပြုံး၍ ပြန်ဖြေလိုက်ပြီး အင်္ကျီလက်အတွင်းမှနေ၍ မှတ်စုစာရွက်လေးတစ်ခုကို ထုတ်ယူလိုက်သည်။

ဤအကြိမ်တွင် ရွှေချပ်ဝတ်နတ်မင်းသည် ခေါင်းငုံ့ကာ တဖြည်းဖြည်း စတင် လုပ်ဆောင်နေပြီဖြစ်သော ကြီးမားသည် ကြယ်တာရာ အိပ်မက်ကိရိယာကို ထိန်းချုပ်နေ၏။

တစ်နာရီကြာသွားပြီးနောက် ထိုနတ်မင်းသည် သက်ပြင်းရှည်ကြီးချလိုက်ပြီး နဖူးမှ ချွေးသီးချွေးပေါက်များကို သုတ်လိုက်သည်။
“ ဟူး… ကြယ်တာရာ အိပ်မက်ကိရိယာကတော့ သူ့ကိုရှာတွေ့သွားပြီ။ သူက တုနတ်ဝိဇ္ဇာဂိုဏ်းမှာ ရှိနေတာပဲ ”
“ သူက ရန်ကျောင်းတော်က နတ်ရတနာရဲ့ ကာကွယ်ပေးတာကို ခံနေရတဲ့ တပည့်ဖြစ်နေတာကိုး။ အဲဒါကြောင့် သူ့ကိုရှာတွေ့ဖို့ ခက်နေတာ ”

“ လဘိုးဘိုး ဒီကို ကြည့်လိုက်။ ဒီကြယ်လေးက လင်းလာပြီဆိုရင် သူ အိပ်ပျော်သွားတာ ဒါမှမဟုတ် စိတ်အာရုံပျံ့လွင့်သွားတာပဲ။ အဲဒီအခါကျရင် ကျုပ်တို့ သူ့ကို အိပ်မက်ထဲကို ဖိတ်ခေါ်လိုက်လို့ရပြီ… ”

“ အဲဒါပဲလား… ”
လဘိုးဘိုးသည် နူးညံ့စွာ မေးလိုက်သည်။

ထိုနတ်မင်းသည် ပြုံး၍ ပြန်ဖြေလိုက်သည်။
“ ဟုတ်ပါတယ်.. လဘိုးဘိုး… ခဏလောက်စောင့်ပါ။ ပုံမှန်ဆို သူနေ့ဝက်အတွင်း စိတ်အာရုံပျံလွင့်သွားမှာပါ ”

ဘေးတွင်ရပ်နေသော လဘိုးဘိုးသည် ထိုနတ်မင်းကို အလျင်အမြန်ပင် ကျေးဇူးတင်စကားဆိုလိုက်၏။ ထိုနတ်မင်းသည် လက်ခါပြလိုက်ပြီး သူတို့သည် လက်ဖော်ကိုက်ဖက် နတ်မင်းများဖြစ်၍ အချင်းချင်း ကူညီပေးရုံသာ ဖြစ်ကြောင်း ပြန်ပြောလိုက်သည်။

သို့သော် နေ့ဝက်ကြာပြီးနောက်…

တစ်ရက်ကြာပြီးနောက်…

နှစ်ရက်ကြာပြီးနောက်…

“ ဘာလို့ အဲ့ကြယ်က မလင်းလာသေးတာလဲ ” အိပ်မက်ပေးရန် တာဝန်ယူရသော နတ်မင်းသည် မျက်မှောင်ကြုတ်၍ ရေရွတ်လိုက်သည်။

လဘိုးဘိုးသည် ပြုံး၍ ပြောလိုက်၏။
“ ကိစ္စမရှိပါဘူး… ကိစ္စမရှိပါဘူး။ ကျုပ်ကို အားမနာပါနဲ့… နတ်မင်းကိုပဲ ဒုက္ခပေးရတော့မှာပဲ ”

“ ဒါက ကိစ္စအသေးလေးပါ။ ကျုပ်ဆီ ဘယ်ဧည့်သည်မှလည်း မလာပါဘူး။ သူ တစ်လလုံးလုံးတော့ စိတ်အာရုံမပျံ့လွင့်ပဲ မနေနိုင်လောက်ပါဘူး ”

တစ်လကုန်ဆုံးသွား၏။

လဘိုးဘိုးနှင့် အိပ်မက်နတ်မင်းသည် ကြယ်တာရာ အိပ်မက်ကိရိယာ၏ ရှေ့တွင် တင်ပျဉ်ခွေထိုင်ကာ ကြယ်မှိန်မှိန်လေးကို မျက်‌တောင်မခတ်ကြည့်နေကြသည်။

နှစ်လကုန်ဆုံးသွား၏။

အိပ်မက်နတ်မင်း၏ မျက်လုံးများသည် ရဲရဲတွတ်ပေပြီ။

သူသည် အသံဩဩဖြင့် ပြောလိုက်သည်။
“ ဒီ ရတနာများ ပျက်နေတာလား… ”

“ နတ်ဝိဇ္ဇာဂိုဏ်းက တပည့်တစ်ယောက်က သူ့ဂိုဏ်းထဲသူ ရှိနေတာတောင် ဒီလောက်အချိန်အကြာကြီး စိတ်မပျံ့လွင့်အောင် ဘယ်လိုလုပ် နေနိုင်ရတာလဲ။ အာကာသနတ်မင်းအဆင့်က သူတွေ စိတ်အာရုံပျံ့လွင့်မှာကိုတောင် ဒီလောက်မစောင့်ရဘူး… ”

“ ဒါ… ”
လဘိုးဘိုးသည် လေသံတိုးတိုးဖြင့် ပြန်ပြောလိုက်၏။
“ ကျုပ်တို့ ဒီအကြောင်းကို မေ့လိုက်တာ ကောင်းမယ်ထင်တယ် ”

အိပ်မက်နတ်မင်းသည် လက်ခါပြ၍ ငြင်းဆန်လိုက်သည်။
“ မဟုတ်ဘူး.. ကျုပ်ကတိပေးထားပြီးပြီပဲ အဆုံးထိလုပ်ပေးရမှာပေါ့ ”

“ လဘိုးဘိုး … မင်္ဂလာခန်းမကို ပြန်ပြီး စောင့်နေလိုက်ပါလား။ သတင်းထူးရင် ကျုပ်လှမ်းဆက်သွယ်လိုက်ပါမယ် ”

လဘိုးဘိုးသည် သွက်လက်စွာ ပြန်ပြောလိုက်သည်။
“ မင်္ဂလာကိစ္စတွေက ကောင်းကင်တာအိုကပဲ အဓိက ကိုင်တွယ်တာပါ။ ကျုပ်က သူတို့ ထိမ်မြားနိုင်အောင် လာပြီး အပူကပ်တဲ့ သူတွေကိုပဲ တာဝန်ယူ ဖျောင်းဖျနေရတာပါ။ ဒီမှာပုန်းနေတာ စိတ်အေးချမ်းတယ်။ အခုလို စိတ်ပူပေးတာကိုတော့ ကျေးဇူးတင်ပါတယ် ”

“ တကယ်လို့ ကောင်းကင်တာအိုက ချီးမြှင့်ပေးချင်တဲ့ ထိမ်းမြားမင်္ဂလာကိစ္စရှိလို့ မင်္ဂလာခန်းမထဲမှာ ကျုပ်ကို လိုရင် လဘိုးဘိုးအနေနဲ့ ကျုပ် အာရုံခံမိမှာပါ။ ဒီမှာနေလို့ ဘာမှ ထိခိုက်စရာမရှိပါဘူး ”

“ အဲဒါဆိုလည်း ဒီမှာပဲ ဆက်နေပါခင်ဗျာ ”

သုံးလကြာပြီးနောက်…

အိပ်မက်နတ်မင်းသည် လဘိုးဘိုးကို လှည့်၍ ကြည့်လိုက်သည်။ သူသည် အချိန်ကြာမြင့်စွာ မျက်တောင်မခတ်ခဲ့ခြင်းကြောင့် သူ၏ မျက်လုံးများသည် ပြူးထွက်နေပြီး မျက်ကွင်းများမှာ ချိုင့်နေလေသည်။ သူသည် စိတ်လှုပ်ရှားနေ၏။

တစ်ခုခု မှားနေခြင်းဖြစ်ရမည်။

ထိုရတနာသည် ကောင်းကင်တာအိုက ချီးမြှင့်ထားသော ရတနာဖြစ်၏။

အချိန်အတော်ကြာပြီဖြစ်သောလည်း ကြယ်လေးသည် လင်း၍မလာသေးချေ။ သူသည် လဘိုးဘိုး၏ ရှေ့တွင် မျက်နှာပျက်ရလေပြီ။

အနာဂတ်တွင် သူ့အတွက် ဖူးစားဖက်ရှာပေရန် လဘိုးဘိုးကို အကူအညီတောင်းမည်ဟု သူစီစဉ်ထားခြင်းဖြစ်သည်။ သို့သော် ထိုရတနာကြောင့် သူ၏ မျှော်လင့်ချက် ပျက်ရပေတော့မည်။

အိပ်မက်နတ်မင်းသည် တီးတိုးရေရွတ်၍ ညီးတွားလိုက်၏။
“ ဒီရတနာကို ကောင်းကင်တာအိုက ချီးမြှင့်ထားတာ မဟုတ်ဘူးလား။ အဲဒါကို ဘာလို့ တလွဲတွေ လုပ်နေရတာလဲ ”

လဘိုးဘိုးသည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည်။
“ နတ်မင်း.. ကျုပ်တို့ဘာလို့… ”

“ စောင့်မယ်… ကျုပ်ဆက်စောင့်မယ်။ လဘိုးဘိုးဆီမှာ လုပ်စရာတစ်ခုခုရှိရင် အရင်ပြန်နှင့်ပါ။ ကျုပ် ဒီကောင်လေးကို ဆက်စောင့်ကြည့်နေလိုက်ဦးမယ်။ နောက်ဆုံး မရတဲ့အဆုံးကျရင် အောက်ဆင်းပြီး အဲ့ကောင်လေးကို ကိုယ်တိုင်သွားတွေ့မယ် ”

လဘိုးဘိုးသည် ထိုသို့လုပ်စရာမလိုကြောင်း အလျင်အမြန်ပြောလိုက်ပြီး ဘေးတွင် စိတ်ရှည်ရှည် ဆက်စောင့်နေလိုက်ရသည်။ သူသည် မင်္ဂလာခန်းမသို့ တန်ခိုးစွမ်းအားကြီးသော နတ်မင်းအချို့ရောက်လာမည်ဆိုး၍ နတ်အာရုံသုံးကာ အာရုံခံကြည့်နေ၏။

နှစ်ဝက်ခန့်ကြာပြီးနောက်…

အိပ်မက်နတ်မင်းသည် မြေပေါ်တွင် လှဲကာ သက်ပြင်းချရင်း အားမရှိသော လေသံဖြင့်ပြောလိုက်သည်။
“ ကျုပ်တို့ရဲ့ စဉ်းစားပုံကို ပြောင်းမှ ရမယ်ထင်တယ်။ ကျုပ်တို့ အရင်ဆုံး တုနတ်ဝိဇ္ဇာဂိုဏ်းက တခြား တပည့်တွေကို အိပ်မက်ထဲခေါ်ပြီးမှ တစ်ယောက်ယောက်ကို လဘိုးဘိုးက သူ့ကို အိပ်မက်ထဲမှာတွေ့ချင်နေတယ်လို့ အဲ့ကောင်လေးကို သွားပြောခိုင်းလိုက်မယ်။ အဲ့အကြံဘယ်လိုလဲ… ”

မူးဝေဝေပင်ဖြစ်နေသော လဘိုးဘိုးသည် ချက်ချင်းခေါင်းထောင်လာသည်။
“ အကြံကောင်းပဲ ”

“ ကျုပ်တော့ အဲ့ကောင်လေးရဲ့ လှည့်စားတာကို ခံလိုက်ရပြီထင်တယ်။ ကျုပ်အစွမ်းတွေတောင် အားနည်းနေပြီ… ”

“ ဒါက… ”

“ အာ… သူဘယ်လိုများ လုပ်ထားတာလဲ။ နှစ်ဝက်လုံးလုံး ကျုပ်ကို အခွင့်အရေးတစ်ကြိမ်တောင် မပေးခဲ့ဘူး… ”

ထိုသို့ဖြင့် နေ့ဝက်ကြာပြီးနောက်…

လီချန်ရှို့တစ်ယောက် စိတ်ငြိမ်သုတ္တန်ကို သုံးသပ်နေစဉ် လန်လင်းအယ်သည် သစ်တောအတွင်းမှထွက်လာပြီး သူ့အား ကျင့်ကြံနေခြင်းကို အတင်းရပ်ခိုင်းကာ အပြင်ဘက် မန္တန်အစီအရင်များကို ပိတ်ခိုင်းလေ၏။

“ အစ်ကိုကြီး… ”

“ အခုပဲ ညီမလေးရဲ့ အိပ်မက်ထဲမှာ ရွှေရောင်ချပ်ဝတ် ဝတ်ထားတဲ့ နတ်မင်းတစ်ပါးရောက်လာတယ်။ သူက အစ်ကိုကြီးကို အိပ်မက်ပေးချင်လို့တဲ့…အဲဒါ အစ်ကိုကြီး စိတ်လျှော့ထားပေးပါဦးတဲ့။ သူပြောတာတော့ မင်္ဂလာခန်းမက လဘိုးဘိုးက အစ်ကိုကြီးနဲ့ ကိစ္စတစ်ခုခုပြောစရာရှိလို့ တွေ့ချင်နေတယ်ဆိုလားပဲ ”

‘ အိပ်မက်… လဘိုးဘိုး… ’
လီချန်ရှို့သည် မျက်မှောင်ကြုတ်လိုက်ပြီး ကိစ္စများသည် ရိုးရှင်းမည်မဟုတ်ဟု သ‌ဘောပေါက်သွားသည်။

ထိုနတ်မင်းများသည် အကြောင်းမရှိဘဲ သူ့ကို ရှာမည်မဟုတ်ပေ။ သူမမြင်သေးသော ထောင်ချောက်တစ်ခုခု ရှိနိုင်လေသည်။

လွန်ခဲ့သောနှစ်နှစ်ကျော်က သူ၏ စိတ်များရှုပ်ထွေးခဲ့ပြီး မသင့်တော်သော အတွေးများ ဝင်လာခဲ့၏။ ထို့ကြောင့်သူသည် ရွေးစရာမရှိတော့ဘဲ ‘အရွယ်လွန်အလှ’ ပန်းချီကားကိုပင် ထုတ်ကြည့်ခဲ့ရသည်။

ထို့‌နောက် သူ၏ လက်မောင်းသည် အကြောင်းပြချက်မရှိဘဲ ယားယံခဲ့၏။

ထိုကိစ္စများနှင့် ပတ်သတ်၍ အကြောင်းတစ်ခုခုရှိရပေမည်။

သူသည် တုနတ်ဝိဇ္ဇာဂိုဏ်း၏ တာအိုလက်တွဲဖော်ရှာသည့် ဓလေ့ကို သုံးသပ်ဆင်ခြင်ခဲ့စဉ်က လဘိုးဘိုးနှင့် ပိုးကြိုးနီတို့ကြောင့် ဖြစ်နိုင်ကြောင်းကို တွေးမိခဲ့ဖူး၏။

ထိုကိစ္စများ၏ နောက်ကွယ်တွင် အမှန်ပင် လဘိုးဘိုးရှိနေသလော။

သိုသော် လဘိုးဘိုးသည် ရန်ကျောင်းတော် လက်အောက်မှ ဂိုဏ်းကို မထိဝံ့လောက်ပေ။

လန်လင်းအယ်သည် ခက်သွက်သွက်ပြောလိုက်၏။
“ အစ်ကိုကြီး… မြန်မြန် အိပ်မက်ထဲဝင်လိုက်လေ… ”

လီချန်ရှို့သည် မျက်စိမှေးလိုက်ပြီး တည်တည်ငြိမ်ငြိမ်ပြန်၍ ပြောလိုက်သည်။
“ အစ်ကို အခုမဝင်သေးဘူး ”

“ မဝင်သေးဘူးဟုတ်လား… အစ်ကိုကြီး အဲဒါကို ငြင်းလို့ရလို့လား ”

“ အဲ့နတ်မင်းတွေသာ အစ်ကိုရဲ့ အိပ်မက်ထဲကို ဝင်လာလို့ရရင် သူတို့က ညီမလေးကို ဘာလို့ အစ်ကို့ကို လာပြောခိုင်းနေမှာလဲ ”
လီချန်ရှို့ က ပြုံး၍ ရှင်းပြလိုက်သည်။
“ ကြည့်ရတာ ဒီတစ်ခေါက် လဘိုးဘိုးက အစ်ကို့ဆီက အကူအညီတောင်းမလို့ နေမှာပါ။ ဘာမှ စိတ်ပူစရာမရှိပါဘူး။ အစ်ကို သေချာစဉ်းစားလိုက်ဦးမယ် ”

“ ညီမလေး.. ဟိုလှုပ်ကုလားထိုင်ပေါ်ကိုသွားပြီး ခဏလောက်အိပ်နေလိုက်။ အိပ်မပျော်လည်းရတယ်..ဒီအတိုင်း ခေါင်းရှင်းရှင်းသာထားလိုက်.. ဘာကိုမှ အာရုံမစိုက်နဲ့။ တကယ်လို့ နတ်မင်းက ညီမလေးကို အိပ်မက်ထပ်ပေးရင် ဘာကိစ္စလည်းဆိုတာ အသေးစိတ်မေးကြည့်လိုက်။ အစ်ကိုက ဆေးဖော်ရင်းတန်းလန်းဖြစ်နေလို့ အိပ်မက်ထဲကို ဝင်လို့မရသေးဘူး ”

“ အမ်..ဟုတ်ကဲ့ ”
လင်းအယ်သည် မျက်တောင်ခတ်၍ ရိုရိုကျိုးကျိုးပြန်ပြောကာ တံခါးအပြင်ရှိ လှုပ်ကုလားထိုင်ဆီသို့ လျှောက်သွားလိုက်သည်။

‘ ဟူး… အစ်ကိုကြီးက ငါ့ကို ဓမ္မရတနာတစ်ခုလို ထပ်ပြီး အသုံးချပြန်ပြီ ’
သူမသည် သက်ပြင်းခပ်ဖွဖွချလိုက်သော်လည်း သူမ၏ နှုတ်ခမ်းများတွင် အပြုံးတစ်စ ပေါ်လာလေ၏။

သူမသည် အစ်ကိုကြီးအတွက် ကူဖော်လောင်ဖက်သည်ကိုပင် အတော်ဝမ်းသာနေပြီဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset