Switch Mode

စာစဉ် (၁၁) အပိုင်း (၁၄၅)

အဆင့်လေး မူလသားရဲ

အဆုံးမဲ့ ပြောင်းလဲခြင်း…။

ဇူယွမ်က သူ့လက်ချောင်း လေးများဖြင့်  ထိုရှေးဟောင်း မူလမှော်စာလုံးကို ပွတ်သပ်လိုက်ပြီး သူ့မျက်လုံးထဲ၌ ထိုအရာ၏ တောက်ပ ထည်ဝါမှုက ဖွံ့ဖြိုးလာ၏။ ပြီးခဲ့သော အချိန်ခဏလေး အတွင်းမှာ သူက ထိုမူလ မှော်စာလုံး၏ လုပ်ဆောင်နိုင်သည့် စွမ်းရည်ကို နားလည်ခဲ့ပေသည်။

သူက လက်ထဲရှိ ကောင်းကင်ဘုံ ယွမ်စုတ်တံကို တဖြည်းဖြည်း တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး ရုတ်တရက် ဆတ်ခနဲ ဆွဲထုတ် လိုက်သည်။

ဘက်…

စုတ်တံမှ စွမ်းအား ပြည့်ဝသော မူလချီလှိုင်းများက တုန်ခါလာပြီး ၎င်းထိပ်ရှိ အဖြူရောင် အမျှင်များက ပိုမို ကျယ်ပြန့် ရှည်လျားလို့ လာသည်။

စွက်…

ဇူယွမ်က ထိုစုတ်တံကို ဝှေ့ယမ်း လိုက်သည်နှင့် ၎င်း၏ အမျှင်များက ကျာပွတ်တစ်ခုလို ပတ်ဝန်းကျင် တစ်ခုလုံးသို့ လွှမ်းမိုး ရိုက်ခတ်လေ၏။

ထိုအဖြူရောင် အမျှင်တန်း ကျာပွတ်တစ်ခုက သိမ်းကျုံး ရိုက်ခတ်ပြီးနောက် လေထုပင် အက်ကွဲ ရလေသည်။ အနားပတ်ဝန်းကျင်၌ ရှိသော ရှေးဟောင်း သစ်ပင်ကြီးများပင် ခါးလယ်မှ ပြတ်တောက် ကုန်သည်။

ထိုအမျှင်တန်းများက ရှည်လျားသည့် ကျာပွတ်တစ်ခုလို လှုပ်ခါ၍ ရိုက်ချက်တစ်ခု ထပ်မံ ဖြစ်စေပြန်သည်။ မျက်စိတစ်မှိတ် အတွင်းမှာပင် ၎င်း အမျှင်တန်းများက ကွဲထွက်သွားပြီး မမြင်နိုင်သည့် အဖြူရောင် အမျှင်တန်းလေးများ အဖြစ် ပြောင်းလဲကာ သူတို့ရှေ့ရှိ ဧရိယာ တစ်ခုလုံးကို ဝါးမျိုသွားလေသည်။ သူတို့ရှေ့ရှိ ရှေးဟောင်း သစ်ပင်ကြီးများပေါ်တွင် မရေမတွက်နိုင်သော နက်ရှိုင်းသည့် အပေါက်များ ဖြစ်ကုန်ကြသည်။

ဇူယွမ်က သူ့လက်ကို ဆတ်ခနဲ ပြန်ဆွဲလိုက်သည့်အခါ ထိုများပြားလွန်းလှသည့် အဖြူရောင် အမျှင်တန်းများက စုတ်တံထိပ်သို့ ပြန်ဝင်သွားကြသည်။

“ဒီတော့… ဒါက အဆုံးမဲ့ ပြောင်းလဲခြင်းလား…”  ဇူယွမ်မျက်လုံးများက မီးတောက်သဖွယ် တောက်ပလို့ လာသည်။

ကောင်းကင်ဘုံ ယွမ်စုတ်တံ၏  တတိယ မှော်စာလုံး အသက် ဝင်လာသည့်အခါ ၎င်းက စုတ်တံထိပ်ဖျားရှိ အမျှင်များကို မရေမတွက်နိုင်အောင် ဖြစ်စေသည်။ ထို့ကြောင့် ဇူယွမ်က ထိုစုတ်တံနှင့် ပတ်သက်၍ ပိုမို ထူးဆန်းလာပြီး နားမလည် နိုင်အောင် ဖြစ်ရသည်။ ထိုစုတ်တံဖြင့် တိုက်ခိုက်လျှင် ခုခံရန် အလွန် ခက်ခဲပေလိမ့်မည်။

အနာဂတ်မှာ ကောင်းကင်ဘုံ ယွမ်စုတ်တံ၏ ပြောင်းလဲသွားသည့် စွမ်းအားဖြင့်ဆိုလျှင် သူ့ရန်သူများက အမှန်ပင်  သက်သာမည် မဟုတ်ပေ။

“ဒါက တတိယ မှော်စာလုံးကို ဖွင့်နိုင်ရုံနဲ့ ကောင်းကင်ဘုံ ယွမ်စုတ်တံက အလယ်အလတ် အနက်ရောင် လက်နက် တစ်ခု ဖြစ်လာခြင်းပင် …” ဇူယွမ်က ၎င်းကို အဆင့်မြင့် အနက်ရောင် လက်နက်အဖြစ် မြှင့်တင်နိုင်ရန် တွေးနေသည်။

၎င်းက အလယ်အလတ် အနက်ရောင်အဆင့် လက်နက်ပင် ဖြစ်သော်လည်း လုံလောက်သည်ထက် ပိုလေသည်။ ကောင်းကင်ဘုံ ယွမ်စုတ်တံနှင့် တတိယမှော်စာလုံးက အခြား အဆင့်မြင့် အနက်ရောင် လက်နက်များထက် လုံးဝ အားနည်းခြင်း မရှိပေ။ တကယ်တော့ တတိယမှော်စာလုံး၊ အဆုံးမဲ့ ပြောင်းလဲခြင်းကို  အသုံးပြုလျှင် ၎င်းက လက်နက်တစ်ခုပင် မဟုတ်တော့ဘဲ ထူးခြား ဆန်းကြယ်သော အသွင်သို့ ပြောင်းလဲသွားနိုင်ပေ၏။

ဇူယွမ်က ယွမ်စုတ်တံဖြင့် အချိန် တစ်ခုကြာ လေ့ကျင့်ပြီးနောက် ၎င်းကို မူလ စုတ်တံပုံစံ ပြန်ပြောင်းလဲလိုက်ပြီး သူ့ခါးကြားထဲ၌ ထိုးထားလိုက်သည်။

“ဇူယွမ်က သူ့ကိုယ်သူ တိုးတိုး ပြောလိုက်သည်။ ငါ မူလသားရဲတွေကို မြန်မြန် သတ်ရမယ်…။ သူတို့ရဲ့ သန့်စင်တဲ့ မူလချီတွေကိုယူပြီး ငါကိုယ်တိုင် ပိုသန်မာအောင် လုပ်ရမယ်…။ ဒါက ငါ့ကျင့်ကြံမှု အဆင့်ကိုလည်း ကောင်းကင်တံခါး ထိပ်ဆုံး အဆင့်သို့ ခပ်မြန်မြန် ရောက်စေလိမ့်မယ်…”

ချီစုဆောင်းမှု အဆင့်နှင့် ကောင်းကင်တံခါး အဆင့်က လုံးဝ ခြားနားလေသည်။ ချီစုဆောင်းမှု အဆင့်က အောက်ခြေအဆင့်ပင် ရှိသေးပြီး ကောင်းကင်တံခါး အဆင့်က အဖျက်အဆီး စွမ်းအားများ ပိုင်ဆိုင်လာနိုင်ပြီ ဖြစ်သည်။

ကောင်းကင်တံခါး အဆင့်က ခန္ဓာကိုယ်ထဲရှိ မူလချီများကို လွတ်လပ်စွာ ထုတ်ဖော် လာနိုင်ပြီး အစစ်အမှန် ဖြစ်လာသည်။

ဇူယွမ်က အခုလိုမျိုး စွမ်းဆောင် နိုင်နေခြင်းမှာ အံ့အားသင့်ဖွယ် စပါးအုံးချီနှင့် အနက်ရောင် မူလ ကျင့်စဉ်ကြောင့်ပင် ဖြစ်သည်။ သို့သော် သူက စစ်မှန်သော ကောင်းကင်တံခါး အဆင့်ကျင့်ကြံ သူများနှင့်တော့ ကွာခြားချက် ရှိနေသေးသည်။

သူက ထို မတူညီကွဲပြားမှုများကို ဤခရီး၌ တွေ့မြင် လာရသည်။ ဇူယွမ်က မြန်ဆန်စွာ ပြေးနိုင်သော်လည်း သူ၏မူလချီများ၏ ထောက်ပံ့မှုဖြင့် ယာယီ ပျံသန်းမှုများကိုပင် မလုပ်နိုင်ချေ။ ထို့ကြောင့် အခုလက်ရှိတွင် ကောင်းကင်တံခါး အဆင့်သို့ ရောက်ရန် ဇူယွမ်အတွက် အမှန်ပင် အရေးကြီး နေသည်။

နောက်နေ့တွေမှာ ဇူယွမ်က မုန်တိုင်းတစ်ခုလို ဖြတ်သန်း သွားလာနေသည်။ သူဖြတ်ကျော်ခဲ့သည့် တောင်များရှိ မူလ သားရဲကောင်များမှာ သူ့ယွမ်စုတ်တံ၏ သားကောင် ဖြစ်ခဲ့ရတော့သည်။

ဇူယွမ်က တစ်နေ့ပြီးတစ်နေ့ မူလ သားရဲကောင်များကို အမဲလိုက် သတ်ဖြတ်နေပြီး သူ့ချီသိုလှောင်ခန်းထဲရှိ မူလချီများကလည်း တစ်ရက်တခြား ပိုမို သန်မာလာရုံသာမက မြောက်မြားစွာ ဖြစ်လာပြီး စွမ်းအားများလည်း ပိုပြည့်လာသည်။ သို့ရာတွင် သူက စိတ်တိုင်း မကျသေးပေ။ သူက ကျင့်ကြံမှု အဆင့်သစ်ကို ခုထိ မချိုးဖောက်၊ မဝင်ရောက်နိုင်သေးပဲ ဖြစ်နေသေး၏။

နက်ရှိုင်းသော တောင်ကြား တစ်နေရာ…။

မြေကြီးပေါ်၌ အလောင်းများ ပြန့်ကျဲနေပြီး ဇူယွမ်က ထိုအလောင်းပုံများကြား ထိုင်နေသည်။ အခုလက်ရှိတွင် သူ့ပုံစံက စုတ်ပြတ်သတ်နေပြီး ခန္ဓာကိုယ်ပေါ်မှာလည်း သွေးများ ပေကျံနေသည့် အတွက် ပြင်းထန်သော တိုက်ပွဲတစ်ခု တိုက်ခိုက် ထားရသည့်ဟန် ရှိနေပေ၏။

ဇူယွမ်က ထိုတောင်ကြားကို လွန်ခဲ့သော နေ့တစ်ဝက်တည်းက တွေ့ရှိခဲ့တာ ဖြစ်ပြီး သည်နေရာတွင် သတ္တုအရိုးဝံပုလွေ ရာချီသောအုပ်စု ရှိနေခြင်း ဖြစ်သည်။ သူတို့ထဲက အကောင် နှစ်ဆယ်လောက်က ကောင်းကင်တံခါး အဆင့်ဖြစ်ပြီး ကျန်တဲ့ကောင်တွေက ချီစုဆောင်းမှု ခွန်အားများ ပိုင်ဆိုင်ကြပေသည်။ သူတို့ တစ်ယောက်ချင်းစီ ခွန်အားက ရွှေဝက်ဝံထက် နည်းသော်လည်း အရေအတွက်ကြောင့် သူတို့ကို မယှဉ်နိုင်လောက်အောင် ကြမ်းကြုတ် ရက်စက်မှု ခွန်အားကို ပိုင်ဆိုင်စေပေသည်။

ဇူယွမ် အတွက်တော့ ထိုအရာက အမှန်ပင် ကောင်းမွန်သော တိုက်ပွဲတစ်ခုပင် ဖြစ်သည်။ ဇူယွမ်က ဝံပုလွေ အလောင်းများမှ ထွက်ပေါ်နေသော အဖြူရောင်ချီ အမျှင်တန်းများကို သူ့ခန္ဓာကိုယ်ထဲသို့ စုပ်ယူနေသည်။

ဇူယွမ်က မျက်လုံး မှိတ်ထားပြီး အာရုံစိုက်၍ စုပ်ယူနေလိုက်သည်။ တစ်နာရီခန့် ကြာသည့်အခါမှ သူက မျက်လုံး ပြန်ဖွင့်လာသည်။ သို့သော် ဇူယွမ်က အလိုအလျောက် မျက်မှောင်ကြုတ် သွားမိသည်။

သို့သော် သူက အဆင့်တက်ရန်  အရိပ်အယောင်တောင် မပြသေးပေ။

“ဘာကြောင့်…လဲ …” ဇူယွမ်က တိုးတိုး ပြောလိုက်သည်။ သူက စိတ်ရှုပ်ထွေး လာမိ၏။

သူ၏ ချီသိုလှောင်ခန်းထဲ၌ မူလချီများက သာမန် ချီစုဆောင်းမှု ထိပ်ဆုံးအဆင့် ကျွမ်းကျင်သူများထက် အပြတ်အသတ် သာလွန်နေသော်လည်း သူက ခုထိ နောက်တစ်ဆင့် မချိုးဖျက် နိုင်သေးပေ။

“ပုံမှန်ဆိုရင် မူလချီများက အဆင့်တစ်ခုကို ရောက်လာတယ် ဆိုရင် ချီသိုလှောင်ခန်းကို ချိုးဖျက်ပြီး ကောင်းကင်တံခါး အဆင့် အဖြစ်သို့ ပြောင်းလဲလာမှာ ဖြစ်တယ်။ ဒါပေမဲ့ ငါကျတော့ ဘာလို့ အချိန် အကြာကြီး ရှိနေတာတောင် မချိုးဖျက် နိုင်ရတာလဲ…” ဇူယွမ်က ဦးနှောက် ခြောက်နေသည်။

သူက ကိုယ့်ခေါင်းကို ကုတ်လိုက်မိ၏။ ယောင်ယောင်ဘေးမှာ မရှိခြင်းက သူ့ကို အမှန်ပင် ဒုက္ခရောက် စေသည်။ သူ့ကျင့်ကြံမှုက အမှောင်ထဲမှာ စမ်းတဝါးဝါး လမ်းလျှောက်နေရသည့် မျက်မမြင်လို ဖြစ်နေသည်။

“ချီသိုလှောင်ခန်းကို ဘာအတွက် မချိုးဖျက်နိုင်သေး ရတာလဲ…”

ဇူယွမ်က မသေမချာ ပြောလိုက်သည်။ အချိန်တစ်ခု ကြာပြီးနောက် သူ့ခေါင်းထဲ၌ အတွေးတချို့ လင်းလက်သွာပြီး ချီတုံချတုံ အမူအရာဖြင့် သူ့ကိုယ်သူ ပြောလိုက်သည်။ “ဖြစ်နိုင်လား…၊ ငါ့ရဲ့သွေးရောင် ချီသိုလှောင်ခန်းကြောင့် ပဲလား…”

ပုံမှန်ဆိုလျှင် ချီသိုလှောင်ခန်းက အကန့်အသတ် ရှိပေသည်။ သူ့အကန့်အသတ် ရောက်လျှင် မူလချီများက ချီသိုလှောင်ခန်းကို ချိုးဖျက်ပြီး ကောင်းကင်တံခါး အဆင့် ဖြစ်လာလိမ့်မည်။ ထိုဖြစ်စဉ်က ချီသိုလှောင်ခန်း အရွယ်အစား တိုးချဲ့ပြန့်ကား လာစေခြင်းလည်း ဖြစ်ပေ၏။

သို့သော် ထိုဖြစ်စဉ်က သာမန် ချီသိုလှောင်ခန်းများ အတွက်ပင်။ ဇူယွမ်က မကြုံစဖူး ထူးခြားသော သွေးရောင် ချီသိုလှောင်ခန်းကို ပိုင်ဆိုင်ထားကာ ၎င်း၏ အကန့်အသတ် မှာလည်း အခြား ပုံမှန် ချီသိုလှောင်ခန်းများထက် ပိုမို သာလွန် ဝေးကွာနေခြင်း ဖြစ်သည်။

တစ်နေကုန် စဉ်းစားပြီး နောက်မှာ အခုလို ဖြစ်နေခြင်းက သူ့သွေးရောင် ချီသိုလှောင်ခန်းကြောင့်ပင် ဆိုတာကို သိလိုက်မိသည်။ ထိုအရာကို သိပြီးနောက်မှာ ဇူယွမ်က မည်သို့မျှ မတတ်နိုင်ဘဲ ဟက်ခနဲသာ ရယ်လိုက်ရသည်။ သူက ကောင်းကင်တံခါး အဆင့်ကို ရောက်ရန်  သူ့သွေးနီရောင် ချီသိုလှောင်ခန်းကို အရင်ဆုံး ပြည့်အောင် ဖြည့်ရမည်ပုံပင်။

ထို့အတွက် ဇူယွမ်က နည်းနည်း စိတ်လှုပ်ရှားမိ၏။

“သူ့ရဲ့ ချိုးဖျက်မှုက အခြားလူများနဲ့ ခြားနားနေတဲ့အတွက် ဒီအရာက အထူးပုံစံများ ဖြစ်နေမလား…”

နောက်ရက်တွေမှာလည်း ဇူယွမ်က အမဲလိုက် သတ်ဖြတ်ခြင်းကိုပဲ ထပ်ခါထပ်ခါ လုပ်နေသည်။

အချိန်က ဒီပုံစံအတိုင်း ကုန်ဆုံးလို့ သွားသည်။ ဇူယွမ်လည်း သူတော်စင် အကြွင်းအကျန် နယ်မြေနှင့် ပိုမို ရင်းနှီးလို့လာသည်။ အခြား ပါရမီရှင်များကလည်း တစ်ယောက်နှင့် တစ်ယောက် တွေ့လာကြသည်။ သို့ရာတွင် ဇူယွမ်က သူတို့နှင့် အုပ်စုဖွဲ့လိုခြင်း မရှိဘဲ တစ်ယောက်တည်းသာ သွားလိုခဲ့သည်။

အချိန်ကြာကြာ လေ့ကျင့်ပြီး နောက်မှာ ဇူယွမ်က သူ့သွေးနီရောင် မူလ ချီသိုလှောင်ခန်းက အကန့်အသတ် ရောက်လုနီးနီး ဖြစ်လာသည်ကို အနည်းငယ် ခံစားမိသည်။

“ဟူး … မလွယ်ပါဘူး …”

တောင်တန်း တစ်နေရာ၌ ဇူယွမ်က ခေါင်းယမ်းကာ သက်ပြင်း ချလိုက်သည်။ အခြား လူများက ကောင်းကင်တံခါး အဆင့်ကို ရောက်နေသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း သူက ခုထိ ချီစုဆောင်းမှု အဆင့်မှာပင် ရှိနေသေးသည်။

“ဒါက ဘာနဲ့တူလဲ ဆိုတော့ အခြားလူတွေက ဆယ်လသာ ကိုယ်ဝန်ဆောင် ရသော်လည်း သူက သုံးနှစ်လောက် ဆောင်နေရ သလိုပင်…”

သူက ထရပ်လိုက်ပြီး တောင်တန်း အနက်ပိုင်းမှ ပြန်ထွက်ရန် စီစဉ်လိုက်သည်။ သို့ရာတွင် ထိုခဏ၌ တောင်ကြားထဲသို့  အသည်းအသန် ပြေးသွားသော ပါရမီရှင်များစွာကို ရုတ်တရက် တွေ့လိုက်ရသည်။

ဇူယွမ်က မျက်လုံး ပြူးမိသွားသည်။ သူက သူတို့ထဲက တစ်ယောက်ကို တား၍ မေးလိုက်၏။

“ဘာတွေ ဖြစ်နေတာလဲ…”

ထိုတစ်ယောက်က စိတ်မရှည်သည့်ပုံဖြင့် ပြန်ကြည့်လိုက်ပြီး ဇူယွမ်က ချီစုဆောင်းမှု အဆင့်သာ ရှိကြောင်း တွေ့လိုက်သည့်အခါ ကျိန်ဆဲ လိုက်သည်။

ဘုန်း…။

သို့ရာတွင်  ဇူယွမ်က အေးဆေးစွာပင် လက်သီးတစ်ချက် ထိုးလိုက်၏။ ထိုအခါ သူတို့ ညာဘက်ရှိ တောအုပ်ထဲမှ ဒေါသတကြီး ဖြစ်ဟန်ရှိသည့် မူလချီများက ထွက်ပေါ် လာခဲ့သည်။

စောနတုန်းက ဆဲဆိုခဲ့သည့် တစ်ယောက်က သူ့စကားများကို ချက်ချင်း ပြန်မျိုချကာ လေးစားစွာ ဖြေလိုက်သည်။  ဒီနေရာနဲ့ မိုင် သုံးရာလောက်ဝေးတဲ့ တောင်တန်းတွေမှာ မူလသားရဲ အချို့ ရှိတယ်လို့ ငါ သတင်းရခဲ့တယ်…။ ဒီမူလ သားရဲတွေက အဆင့်နိမ့် ကောင်းကင်အဆင့် မူလ နည်းလမ်းတွေကို ပိုင်ဆိုင်တယ် ပြောကြတယ်…။ ဒီဧရိယာမှာရှိတဲ့ လူတိုင်းက အဲဒီနေရာကို သွားနေကြတယ်…။

ထိုသတင်းကို သိရပြီးနောက် ဇူယွမ် မျက်လုံးထဲ၌ အရောင်တောက် လာခဲ့သည်။ သူက ဤကဲ့သို့ မူလသားရဲများကို လိုက်ရှာနေခြင်း ဖြစ်ပြီး ခုထိ တစ်ကောင်ပင် မတွေ့ရသေးပေ။ ယနေ့မှာ သူက တစ်ကောင် တွေ့ရလိမ့်မည်ဟု လုံးဝ စိတ်မကူးမိပေ။

Comment

Leave a Reply

Options

not work with dark mode
Reset