Switch Mode

အခန်း (၇၅၀)

သန္ဓေပြောင်း သတ္တဝါများကို သတ်ဖြတ်သည့် အမှောင်မီးတောက်

ဝမ်ပေါင်လဲ့မှာ လျှပ်စီးထက်ပို၍ မြန်ဆန်နေပြီး ‌မီးတောက်နေသည့် မြားတစ်စင်းကဲ့သို့ ကောင်ကင်ယံကြီးအား ထိုးခွင်းသွားကာ သန္ဓေပြောင်း သတ္တဝါကြီး လေးကောင်ဆီသို့ ဦးတည်သွားနေပြီဖြစ်သည်။ ထိုအချိန်တွင် ထို သန္ဓေပြောင်း သတ္တဝါကြီး လေးကောင်၏ သတ်ဖြတ်လိုစိတ်များမှာ အရှိန်အဟုန်ပြင်းစွာ ပေါက်ကွဲထွက်ပေါ်လာကြ၏။ ၎င်းတို့မှာ ဉာဏ်ရည်နိမ့်သည့် သတ္တဝါများ ဖြစ်ကြသည်တိုင်အောင် မွေးရာပါ ရက်စက်ကြမ်းကြုတ်မှု ဗီဇများကြောင့် ဝမ်ပေါင်လဲ့အား ၎င်းတို့၏ သားကောင်တစ်ကောင်အဖြစ် သတ်မှတ်ထားကြဆဲပင်။

ထိုသို့ဖြင့် သူတို့မှာ ဂြိုဟ်ကြီး၏အထက်ရှိ လေထုထဲ၌ ထိပ်တိုက်ရင်ဆိုင်တွေ့သွားကြတော့သည်။ သန္ဓေပြောင်း သတ္တဝါကြီးလေးကောင်မှာ ၎င်းတို့၏ ပါးစပ်ပေါက်များကို ပြိုင်တူဟကာ အစိမ်းရောင်မီးတောက်များကို မှုတ်ထုတ်လိုက်ကြ၏။ ၎င်းတို့မှာ သာမန်မီးတောက်များ မဟုတ်ပေ။ ထိုမီးတောက်များမှာ ဟင်းလင်းပြင်ကြီးကိုပင် ‌လောင်ကျွမ်းသွားစေနိုင်လောက်အောင် ပူပြင်းပြီး ဝိညာဉ်များကိုလည်း အန္တရာယ်ပြုနိုင်စွမ်း ရှိပေသည်။

ထို သန္ဓေပြောင်း သတ္တဝါကြီး လေးကောင်ဆီမှ ထွက်ပေါ်လာသည့် မီးတောက်များမှာ ချက်ချင်းဆိုသလိုပင် မီးပင်လယ်ကြီးတစ်စင်းအသွင် ပြောင်းလဲသွားပြီး ဝမ်ပေါင်လဲ့အား လွှမ်းခြုံသွား၏။ အဝေးမှ ကြည့်လိုက်ပါက ၎င်းတို့မှာ အစိမ်းရောင် ဧရာမ မီးလုံးကြီးတစ်လုံးအဖြစ် ပေါင်းစည်းသွားသကဲ့သို့ပင်။

ထိုမီးလုံးကြီးမှာ ပေတစ်သောင်းခန့် အချင်းရှိပြီး ၎င်းဆီမှ ထွက်ပေါ်နေသည့် အပူဓာတ်များမှာ ဂြိုဟ်ကြီးတစ်ခုလုံးအား ခန်းခြောက်သွားစေနိုင်လောက်အောင် ပြင်းထန်ပေသည်။ ၎င်း၏ ဖိနှိပ်အားကြီးမှာလည်း အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားနေသောကြောင့် ဂြိုဟ်ကြီးမှာ ဖိအားများကို တောင့်ခံနိုင်စွမ်းမရှိတော့ဘဲ စတင်တုန်ရီလာရတော့သည်။ အကယ်၍ ထို ဖိနှိပ်အားများမှာ အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေဦးမည်ဆိုပါက ဤဂြိုဟ်ကြီးတစ်ခုလုံးမှာ တစ်စစီ‌ ကြေမွပျက်စီးသွားနိုင်ပေသည်။

သန္ဓေပြောင်း သတ္တဝါကြီးလေးကောင် ထုတ်လွှတ်နေသည့် စွမ်းအားများမှာ အမှန်တကယ်ပင် တမူထူးခြားလှပေသည်။ ၎င်းတို့၏ မီးတောက်များဖြင့် ဖွဲ့စည်းထားသော အစိမ်းရောင်မီးလုံးကြီးမှာလည်း ဝိညာဉ်ကြားခံနယ်အဆင့် ကျင့်ကြံသူတိုင်းအတွက် ကြောက်မက်ဖွယ်ရာ ကောင်းနေမည်သာဖြစ်သည်။ ထိုမျှသာမက ထို သန္ဓေပြောင်း သတ္တဝါကြီး လေးကောင်မှာ ရက်စက်ကြမ်းကြုတ်သော ဗီဇများကို ပိုင်ဆိုင်ထားသေးသည်မဟုတ်ပါလော။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့အား မီးလောင်တိုက်သွင်းနေရသည်ကို အားမရသေးသည့်ပုံဖြင့် ထို အစိမ်းရောင် မီးလုံးကြီးထဲသို့ တိုးဝှေ့ဝင်ရောက်သွားလိုက်၏။ သူတို့မှာ အထဲသို့ ဝင်သွားကြပြီး ဝမ်ပေါင်လဲ့အား တစ်စစီ ဆုတ်ဖြဲကာ သူ့အား စားပစ်ရန် ကြံရွယ်နေကြခြင်းဖြစ်သည်။

ထိုသို့ဖြင့် သန္ဓေပြောင်း သတ္တဝါကြီး၏ လေးကောင်၏ အရိပ်များမှာ မီးလုံးကြီး၏ အပြင်ဘက်မှ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားကြ၏။ ၎င်းတို့မှာ အထဲသို့ တိုးဝင်ကာ မီးတောက်များထဲ၌ ပိတ်မိနေသည့်ပုံပေါ်သော ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားနေပြီဖြစ်သည်။

သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ ပြေးလမ်း လုံးဝမရှိတော့သည့်ပုံပင်။ သန္ဓေပြောင်း သတ္တဝါကြီး လေးကောင်စလုံးမှာ ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိနေကြသည်မဟုတ်ပါလော။ သို့ဖြစ်ရာ ခပ်လှမ်းလှမ်းရှိ ဂြိုဟ်ကြီးတစ်လုံးပေါ်ရှိ အမှောင်ထုများထဲ၌ ပုန်းကွယ်နေသည့် လူတစ်ယောက်မှာ ထိုမြင်ကွင်းများကို မြင်လိုက်ရသောအခါ ဝမ်ပေါင်လဲ့မှာ သေချာပေါက် သေဆုံးသွားတော့မည်ဖြစ်ကြောင်း မှတ်ယူလိုက်၏။

” ဒီ လုံနန်ကျစ်ဆိုတဲ့ကောင်က လျှို့ဝှက်ချက်တွေနဲ့ပါလား။ ငါ့ရဲ့ ခန္ဓာကိုယ်အစစ်တောင် သူ စစ်သင်္ဘောကြီးပေါ်က ထွက်သွားပြီး ဒီနေရာဆီ ပြန်ရောက်လာတာကို လုံးဝသတိမထားမိခဲ့တာ မဟုတ်ဘူး ” သူသည် တမူထူးခြားသော ကျင့်ကြံခြင်းအဆင့်တစ်ခုအား ပိုင်ဆိုင်ထားသောကြောင့် ဂြိုဟ်ပေါ်တွင် ပုန်းနေသည့် သူ၏အရိပ်မှာ ကိုယ်ပွားတစ်ခုသာ ဖြစ်သည့်တိုင်အောင် အခြားဂြိုဟ်တစ်ခုပေါ်တွင် ဖြစ်ပွားနေသည့် တိုက်ပွဲကြီးအား ကြည့်ရှုနိုင်စွမ်းရှိနေဆဲပင်။

၎င်းမှာ ပုံသဏ္ဍာန်အတိအကျမရှိဘဲ အမှောင်ထုကြီးနှင့် တစ်သားတည်းဖြစ်နေသည့်ပုံ ပေါက်နေ၏။ သို့ဖြစ်ရာ ၎င်းမှာ နတ်ဘုရားစွမ်းရည်တစ်ခုကဲ့သို့သော အထူး ကျင့်ကြံခြင်းပညာရပ်တစ်ခုဖြင့် ဖန်တီးထားသည့် အရိပ်ကိုယ်ပွားတစ်ခု ဖြစ်ရပေမည်။

” ကြည့်ရတာ ဒီ လုံနန်ကျစ်ဆိုတဲ့ကောင်က ဒီ လူမှုအဖွဲ့အစည်းရဲ့ လျှို့ဝှက်ချက်တချို့ကို ရှာတွေ့သွားခဲ့တဲ့ပုံပဲ။ ဒါပေမဲ့ သူ ဘာမှထပ်ပြီးတော့ လုပ်နိုင်မှာ မဟုတ်ပါဘူး။ သူက သူ့ကိုယ်သူ အထင်ကြီးလွန်းနေတာပဲ။ ယွမ်ယင်အဆင့်မှာပဲ ရှိနေသေးတာကို ဒီ သန္ဓေပြောင်း လူမှုအဖွဲ့အစည်းထဲမှာ မောက်မာနေရဲရတယ်လို့ ” ထို လူရိပ်ကြီးမှာ လှောင်ပြုံးပြုံးလိုက်ပြီးနောက် ၎င်း၏ ခန္ဓာကိုယ်မှာ အမှောင်ထုထဲမှ ဖြည်းညင်းစွာ ထွက်ပေါ်လာ၏။ ၎င်း၏ မျက်နှာမှာ မဟာတောင်ထိပ်ဂိုဏ်းမှ မဟာထိပ်သီး အကြီးအကဲကြီး၏ မျက်နှာ ဖြစ်ပေသည်။ သို့ဖြစ်ရာ ၎င်းမှာ သူ၏ကိုယ်ပွား ဖြစ်ရပေမည်။

” ဒါပေမဲ့ ဒါ ငါ့အတွက် အခွင့်အရေးတစ်ခုပဲ။ သူ ဒီ ဝိညာဉ်ကြားခံနယ်အဆင့် သန္ဓေပြောင်း သတ္တဝါကြီးတွေကို အာရုံလွှဲထားတဲ့အချိန် ငါက ထာဝရကြယ်သစ်သီးကို သွားယူလို့ရပြီ ” မဟာထိပ်သီး အကြီးအကဲကြီးမှာ ပေါ်ပေါက်လာပြီးနောက် လေသံတိုးတိုးဖြင့် ရယ်မောလိုက်၏။ ထို့နောက် သူသည် လောဘစိတ်များ တောက်လောက်နေသည့် မျက်ဝန်းတစ်စုံဖြင့် ဤ လူမှုအဖွဲ့အစည်း၏ ပျက်သုဥ်းလုနီးပါးဖြစ်နေသော ထာဝရကြယ်အား လှမ်းကြည့်လိုက်တော့သည်။ ထို့နောက် သူသည် သူ၏ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်ပြီး ၎င်းဆီသို့ ဦးတည်သွားရန် ပြင်လိုက်၏။

သို့သော် သူ လှုပ်ရှားရန်ပြင်လိုက်စဉ်မှာပင် ဝမ်ပေါင်လဲ့ ရှိနေသည့် ဂြိုဟ်ကြီးပေါ်မှ ထစ်ချုန်းသံကြီးတစ်သံနှင့် နာကြည်းမှုများဖြင့် ပြည့်နှက်နေသည့် စူးရှကျယ်လောင်သော အော်ဟစ်သံကြီးလေးသံ ထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားတော့သည်။

ထို့ကြောင့် မဟာထိပ်သီး အကြီးအကဲကြီးမှာ ခြေလှမ်းများ အလိုလို ရပ်တန့်သွားပြီး နောက်သို့လှည့်ကာ လှမ်းကြည့်မိလိုက်၏။ ထိုအခါ သူမြင်လိုက်ရသည့် မြင်ကွင်းကြီးကြောင့် သူသည် မျက်လုံးများ မှေးသွားရပြီး မျက်နှာအမူအရာများ ပြောင်းလဲသွားတော့သည်။ ထို့နောက် ၎င်းမှာ တုန်လှုပ်ချောက်ချားစွာဖြင့် အလန့်တကြား အော်ဟစ်မိလိုက်၏ ” မဖြစ်နိုင်တာ ”

မဟာထိပ်သီး အကြီးအကဲကြီး၏ ကိုယ်ပွားမှာ ဝမ်ပေါင်လဲ့တစ်ယောက် ဂြိုဟ်ပေါ်၌ ပိတ်မိနေသည်ကို မြင်နေရ၏။ ထိုအချိန်တွင် သူ့အား လွှမ်းခြုံထားသည့် အစိမ်းရောင်မီးတောက်များမှာ ချက်ချင်းဆိုသလိုပင် အရောင်ပြောင်းလဲသွားသည်။ ၎င်းတို့မှာ အစိမ်းရောင်မှ အစိမ်းရင့်ရောင်အဖြစ်သို့ ပြောင်းလဲသွားခြင်းဖြစ်၏။

ထို ပြောင်းလဲမှုမှာ ရပ်တန့်သွားခြင်းမရှိပေ။ ခဏအကြာတွင် ထို မီးလုံးကြီးထဲမှ အနက်ရောင်များမှာ ပို၍အားကောင်းလာပြီး နဂိုမူလအရောင်ဖြစ်သော အစိမ်းရောင်များကို လွှမ်းခြုံသွားသဖြင့် မီးလုံးကြီးမှာလည်း အနက်ရောင်ပြောင်းသွားတော့သည်။

ထို အနက်ရောင်မီးတောက်များမှာ အမှောင်မီးတောက်များ ဖြစ်၏။

မီးတောက်များ၏ အရောင်များ ပြောင်းလဲသွားသောအခါ အမှောင်မီးတောင်များမှာ ပေါက်ကွဲထွက်ပေါ်လာပြီး အစိမ်းရောင်မီးတောက်များကို ဝါးမျိုကာ အရပ်မျက်နှာအနှံ့သို့ လျင်မြန်စွာ ပျံ့နှံ့သွားကြ၏။ ထိုပေါက်ကွဲမှုကြောင့် တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာပြီး အာကာသကြီးထဲ၌ ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားရသည်။ ထို မီးပင်လယ်ကြီးထဲ၌ သန္ဓေပြောင်း သတ္တဝါကြီးလေးကောင် နောက်သို့ အလျင်အမြန် ထွက်ပြေးဆုတ်ခွာလာနေကြသည်ကို မြင်နိုင်ပေသည်။ သူတို့မှာ အံ့ဩတုန်လှုပ်ကာ ကြောက်လန့်တကြား ဖြစ်နေကြသည့် အမူအရာများဖြင့် မီးပင်လယ်ကြီး၏ အလယ်ဗဟိုမှ ထွက််ခွာလာနိုင်ရန် ကြိုးစားနေကြသည့်ပုံပင်။

သို့သော် အရာအားလုံးမှာ နောက်ကျသွားပြီဖြစ်သည်။

ထို မီးပင်လယ်ကြီး၏ အလယ်ဗဟိုတွင် နတ်ဆိုးနှင့်တူသော ဝမ်ပေါင်လဲ့၏ လူရိပ်ကြီးမှာ လှစ်ခနဲလှုပ်ရှားကာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားပြီး သန္ဓေပြောင်း သတ္တဝါတစ်ကောင်၏ ဘေး၌ ပြန်လည်ပေါ်ပေါက်လာ၏။ ထို သတ္တဝါကြီးမှာ မည်မျှပင် ကြိုးစားရုန်းကန်စေကာမူ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိပေ။ ဝမ်ပေါင်လဲ့မှာ ခံစားချက်မပါသည့် မျက်နှာအမူအရာဖြင့် ထို သန္ဓေပြောင်း သတ္တဝါကြီးအား သူ၏ညာဘက်လက်ဖြင့် လှမ်း၍ ဖမ်းဆုပ်လိုက်တော့သည်။

ထို့နောက် ထစ်ချုန်းသံများ ပဲ့တင်ထပ်သွားပြီး ထို သန္ဓေပြောင်း သတ္တဝါကြီးမှာ နာကြည်းစွာ အော်ဟစ်မြည်တမ်းလိုက်ရ၏။ ထို့နောက် ၎င်း၏ ခန္ဓာကိုယ်ကြီးတစ်ခုလုံး‌ လောင်ကျွမ်းပျက်စီးသွားသည်ကို ၎င်း၏ ဝိညာဉ်နှင့် နတ်ဆိုးမျက်လုံးပညာရပ်မှ လိုအပ်သည့် အရာများသာလျှင် ကျန်ရစ်ခဲ့တော့သည်။ ၎င်းတို့မှာ ဝမ်ပေါင်လဲ့ဆီသို့ မျောလွင့်သွားကာ သူ၏နောက်၌ စုစည်းသွားကြပြီး မျက်လွှာချထားသည့် ဧရာမ နတ်ဆိုးမျက်လုံးကြီးတစ်လုံးအသွင် ပြောင်းလဲသွားကြသည်။

အခြား နတ်ဆိုးမျက်လုံးများနှင့် ယှဉ်လိုက်ပါက ၎င်း၏ အရွယ်အစားမှာ သိသိသာသာပို၍ ကြီးမားနေ၏။ သို့သော် မဟာထိပ်သီး အကြီးအကဲကြီးမှာမူ ထိုအချင်းအရာများကို မမြင်နိုင်ပေ။ သူသည် ထို သန္ဓေပြောင်း သတ္တဝါကြီး ဝမ်ပေါင်လဲ့၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီးနောက် သေဆုံးသွားပြီး ၎င်း၏ သက်စောင့်စွမ်းအားများ ဝမ်ပေါင်လဲ့၏ စုပ်ယူခြင်းကို ခံနေရသည့် မြင်းကွင်းကိုသာ မြင်နေရသည်။

မဟာထိပ်သီး အကြီးအကဲကြီးမှာ ထိုမြင်ကွင်းကိုသာ မြင်ရသည့်တိုင်အောင် အလွန်အင်မတန်မှ တုန်လှုပ်ချောက်ချားသွားရဆဲပင်။ သို့သော် သတ်ဖြတ်မှုများမှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။ ကျန်ရှိနေသေးသည့် သန္ဓေပြောင်း သတ္တဝါကြီးသုံးကောင်မှာ မီးပင်လယ်ထဲမှ ထွက်ခွာသွားနိုင်ရန် ကြိုးစားနေကြဆဲပင်။ သို့သော်ငြားလည်း ၎င်းတို့ထဲမှ တစ်ကောင်အတွက်မူ နောက်ကျသွားပြီဖြစ်သည်။

သန္ဓေပြောင်း သတ္တဝါကြီးနှစ်ကောင်မှာ တစ်ကောင်ပြီးတစ်ကောင် ရှေ့ဆင့်နောက်ဆင့် ထွက်ပြေးလွတ်မြောက်လာကြပြီး တတိယမြောက် သန္ဓေပြောင်း သတ္တဝါကြီးမှာလည်း မီးပင်လယ်ကြီးထဲမှ ခန္ဓာကိုယ်တစ်ဝက်တိတိ လွတ်မြောက်လာပြီ ဖြစ်သည်။ ထိုအချိန်တွင် ထို တတိယမြောက် သတ္တဝါကြီးပေါ်သို့ အားကောင်းသော စုပ်ယူအားတစ်မျိုး ကျဆင်းလာ၏။ ထို့ကြောင့် ၎င်းမှာ ခန္ဓာကိုယ်တစ်ခုလုံး အပြင်းအထန် တုန်ရီသွားပြီး မီးပင်လယ်ကြီးထဲသို့ ပြန်၍ စုပ်ယူခံလိုက်ရသဖြင့် အသံကုန် အော်ဟစ်မြည်တမ်းလိုက်ရတော့သည်။ ဝမ်ပေါင်လဲ့မှာမူ မီးပင်လယ်ထဲမှ တစ်လှမ်းချင်းစီလှမ်း၍ ထွက်လာပြီး ၎င်း၏ဦးခေါင်းအား လှမ်း၍ ဖမ်းဆုပ်လိုက်၏။

ထိုအခါ ထိုသတ္တဝါကြီး၏ ဦးမှင်များမှာ လူးလွန့်ကာ ဝမ်ပေါင်လဲ့၏ လက်များကို ရစ်ပတ်သွားပြီး ၎င်းတို့အား ဆွဲဖြုတ်နိုင်ရန် ကြိုးပမ်းလိုက်၏။ သို့သော်လည်း ထိုအချိန်တွင် နတ်ဘုရားဧကရာဇ် ချပ်ဝန်တန်ဆာကြီးနှင့် ကြယ်တာရာယွမ်ယင်ဝိညာဉ်တို့၏ စွမ်းအားများ ပေါ်ပေါက်လာသည်။ ဝမ်ပေါင်လဲ့မှာ သူ၏ ညာဘက်လက်သီးအား ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီးနောက် အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တွင် ရှိသော သန္ဓေပြောင်း သတ္တဝါကြီး၏ ခန္ဓာကိုယ်အား တစ်စစီ ခြေမွှပစ်လိုက်တော့သည်။

သူ၏နောက်တွင်မူ နောက်ထပ် ဧရာမ နတ်ဆိုးမျက်လုံးကြီးတစ်လုံး ပေါ်ပေါက်လာ၏။ ထို သတ္တဝါကြီး၏ သေဆုံးသွားမှုကြောင့် ထွက်ပေါ်လာသည့် သွေးစနဲ့အသားစများ အားလုံးမှာမူ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်တွင် ပေကျံသွားခြင်းမရှိဘဲ အမှောင်မီးတောက်ထဲ၌သာ ပျောက်ကွယ်သွား၏။

ထို့ကြောင့် မဟာထိပ်သီး အကြီးအကဲကြီးမှာ ဦးရေခွံများ ထုံကျဉ်လာရတော့သည်။ သို့သော် သူ့အတွက် အံ့သြစရာကိစ္စများမှာ ပြီးဆုံးသွားခြင်းမရှိသေးပေ။ ခဏအကြာတွင် သူ ဝမ်ပေါင်လဲ့အား လိုက်ကြည့်နေစဉ်မှာပင် သူ၏ ခန္ဓာကိုယ် အပြင်ဘက်၌ ရှိနေသော အနက်ရောင်မီးပင်လယ်ကြီးမှာ မိုးကောင်းကင်ကြီးအား ဝါးမျိုးပစ်တော့မည့်ပုံ ပေါက်နေသည့် ပါးစပ်ပေါက်ကြီးတစ်ပေါက်အသွင် ပြောင်းလဲသွားတော့သည်။ ထို ပါးစပ်ပေါက်ကြီးမှာ ရက်စက်ကြမ်းကြုတ်မှု အငွေ့အသက်များကို ထုတ်လွှတ်နေပြီး အဝေးသို့ ထွက်ပြေးလွတ်မြောက်သွားသည့် သန္ဓေပြောင်း သတ္တဝါကြီးနှစ်ကောင်အား ဖျက်ဆီးချေမှုန်းပစ်ချင်နေသည့်ပုံ ပေါက်နေ၏။

၎င်း၏ အမြန်နှုန်းကြောင့် ထို သန္ဓေပြောင်း သတ္တဝါကြီးနှစ်ကောင်မှာ ထွက်ပြေးလွတ်မြောက်နိုင်စွမ်း မရှိတော့ဘဲ ခဏအကြာတွင် ဝါးမျိုခံလိုက်ရတော့သည်။ ထိုအခါ ၎င်းတို့၏ စူးရှကျယ်လောင်သော အော်ဟစ်သံများ ပဲ့တင်ထပ်သွားပြီး ဝမ်ပေါင်လဲ့၏ ပတ်ပတ်လည်ရှိ နေရာတစ်ဝိုက်မှာလည်း နောက်ထပ်တစ်ကြိမ် ထပ်၍ ပေါက်ကွဲသွားပြန်သည်။ နောက်ဆုံးတွင် သူသည် မီးပင်လယ်ကြီးထဲမှ ပြန်ထွက်လာတော့သည်။

ဝမ်ပေါင်လဲ့မှာ ‌ဖောက်ထွက်နိုင်ရန် ကြိုးစားနေသောကြောင့် သူ၏ ကျင့်ကြံခြင်းစွမ်းအားများမှာလည်း အဆက်မပြတ် မြင့်တက်နေ၏။ သို့သော် သူ၏အခြေခံအုတ်မြစ်မှာ ကြီးမားခိုင်ခံ့လွန်းနေသည် မဟုတ်ပါလော။ သို့ဖြစ်ရာ အခြား ကျင့်ကြံသူများအတွက်ဆိုလျှင် ဤစွမ်းအားပမာဏမှာ အောင်မြင်စွာ ဖောက်ထွက်သွားနိုင်ရန် လုံလောက်နေပြီဖြစ်ပါသော်လည်း သူ့အတွက်မူ လုံလောက်မှု မရှိသေးပေ။

ထိုအချင်းအရာမှာ သူ့အပေါ် အတိုင်းအတာ တစ်ခုအထိ အကျိုးသက်ရောက်မှု ရှိပါသော်လည်း ကောင်းမွန်သောအရာတစ်ခုအဖြစ် သတ်မှတ်၍ရပေသည်။ ထိုအချက်ကြောင့် ဝမ်ပေါင်လဲ့မှာ ဖောက်ထွက်ပြီးသွားပါက သူ၏ တိုက်ရည်ခိုက်ရည် စွမ်းအားများမှာ သူနှင့် ကျင့်ကြံခြင်းအဆင့် အတူတူတွင်ရှိနေသော ကျင့်ကြံသူများထက် အဆပေါင်းများစွာပို၍ သာလွန်နေမည် ဖြစ်သည်။ သို့ဖြစ်ရာ ဝမ်ပေါင်လဲ့မှာ စိုးရိမ်သောကရောက်နေခြင်းမရှိဘဲ သူ၏ ခန္ဓာကိုယ်ထဲမှ မီးပင်လယ်ကြီးအား အပြင်ဘက်သို့ ပေါက်ကွဲထွက်ပေါ်လာစေလိုက်ပြီးနောက် ‌အခြားဂြိုဟ်များဆီသို့ လှမ်းကြည့်လိုက်တော့သည်။

” ဒီလောက်နဲ့ မလုံလောက်သေးဘူး။ ငါ ဆက်ပြီးတော့ သတ်ဖြတ်နေမှ ရမယ် ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ မဟာထိပ်သီး အကြီးအကဲကြီး ပုန်းကွယ်နေသည့်နေရာသို့ ဖျတ်ခနဲ လှမ်းကြည့်လိုက်ပြီးနောက် သူ့အား လျစ်လျူရှုလိုက်၏။ ထို့နောက် သူသည် အခြားဂြိုဟ်တစ်လုံးဆီသို့ ဦးတည်သွားလိုက်ပြီး ဆက်လက်သတ်ဖြတ်နေလိုက်တော့သည်။

ထိုအချိန်တွင် မဟာထိပ်သီး အကြီးအကဲကြီးမှာမူ ဦးရေခွံများ ထုံကျဉ်နေရုံသာမက ဆွံ့အမှင်တက်နေရပြီ ဖြစ်သည်။ သူသည် တစ်ကိုယ်လုံး တဆတ်ဆတ် တုန်ရီနေပြီး ထိုနေရာမှ ပြေးထွက်သွားချင်စိတ်များ တဖွားဖွား ပေါ်ပေါက်လာတော့သည်။

” အသက်တွေကို ဝါးမျိုပြီး သူ့ရဲ့ကျင့်ကြံခြင်းအဆင့်ကို အမြင့်ဆုံးအထိရောက်အောင် မြှင့်တင်နေတာပဲ။ ဒါ … တော်ဝင်မိသားစုရဲ့ ဒဏ္ဍာရီလာ နတ်ဘုရားစွမ်းရည်များ ဖြစ်နေမလား။ ဒါပေမဲ့ ဒဏ္ဍာရီထဲက ဖော်ပြချက်တွေနဲ့တော့ မတူဘူး။ ဘာပဲဖြစ်ဖြစ်ပါ။ အဆင့်မြင့် နတ်ဘုရားစွမ်းရည်တစ်ခုဆို‌တာတော့ သေချာတယ် ” မဟာထိပ်သီး အကြီးအကဲကြီးမှာ တစ်ကိုယ်လုံး တုန်ရီသွားရပါသော်လည်း သူ၏ လောဘစိတ်များကို ချုပ်တည်းနိုင်စွမ်းမရှိဘဲ ဖြစ်နေရသည်။

” တကယ်လို့ ငါသာ အဲဒီ ကျင့်ကြံခြင်းပညာရပ်ကို ပိုင်ဆိုင်ခွင့် ရမယ်ဆိုရင်… ” သူသည် ထိုသို့ရေရွတ်နေရင်း သူ၏ အပြုအမူများ ပုံမှန်နှင့် မတူတော့ဘဲ အထူးတဆန်း ဖြစ်လာသည့် အချက်ကို သတိမထားမိနိုင်တော့ပေ။

မည်သည့်အကြောင်းကြောင့်မှန်းမသိ သူ၏ လောဘစိတ်များမှာ ကြီးထွားလာပြီး သူ၏ ဆင်ခြင်တုံတရားကို… အနိုင်ယူသွားပြီ ဖြစ်သည်။

Comment

Leave a Reply

Options

not work with dark mode
Reset