Switch Mode

အခန်း (၇၄၉)

ထာဝရဝိညာဉ်အဆင့်သို့ တက်လှမ်းနိုင်ရန် လိုအပ်သည့်အရာ

” ဒီ ခံစားချက်ကြီးက… ” ဝမ်ပေါင်လဲ့မှာ လေထဲတွင် ရစ်ဝဲနေရင်း မျက်လုံးများမှေးသွား၏။ ဘေးပတ်ပတ်လည်ရှိ အဆုံးအစမရှိလောက်အောင် များပြားသော သက်စောင့်စွမ်းအားများမှာ သူ၏ ခန္ဓာကိုယ်ထဲ၌ စုဝေးကာ စွမ်းအင်လှိုင်းအဖြစ် ပြောင်းလဲသွားကြပြီး သူ၏ ကျင့်ကြံခြင်းအဆင့်အား ဖောက်ထွက်နိုင်ရန် ကူညီပေးနေပြီ ဖြစ်သည်။

” ဒီလောက်နဲ့ မလုံလောက်သေးဘူး ” ဝမ်ပေါင်လဲ့မှာ ထိုသို့ရေရွတ်ကာ အသက်ပြင်းပြင်းရှုလိုက်ပြီးနောက် မျက်ဝန်းများတောက်ပသွား၏။ ထို့နောက် သူသည် သူ၏အောက်တွင်ရှိနေသော ချိုင့်ခွက်ကြီးအား ကြည့်ရင်း ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားလိုက်ပြီး သက်တံ့ရှည်ကြီးတစ်ခုအသွင် ပြောင်းလဲကာ အခြား ချိုင့်ခွက်ကြီးတစ်ခုဆီသို့ ဦးတည်သွားလိုက်တော့သည်။

သူ၏ အမြန်နှုန်းကိုကြည့်လျှင် သူသည် သူ၏ ကျင့်ကြံခြင်းစွမ်းများအားလုံးကို ထုတ်သုံးထားသည်ဖြစ်ကြောင်း သိနိုင်ပေသည်။ သူသည် မိုးခြိမ်းသံတစ်သံနှင့်အတူ ဒုတိယမြောက် ချိုင့်ခွက်ကြီး၏ အထက်၌ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ဒုတိယ ချိုင့်ခွက်ကြီးမှာ ပထမချိုင့်ခွက်ကြီးနှင့် အရွယ်အစား အတူတူပင်ဖြစ်ပြီး ၎င်း၏ အောက်ခြေတွင်လည်း သွေးများ အိုင်နေဆဲပင်။ ထို့အပြင် အပုပ်နံ့များလည်း တထောင်းထောင်း ထနေသလို ကင်းခြေများကဲ့သို့သော သန္ဓေပြောင်းသတ္တဝါများမှာလည်း အန္တရာယ်များကို အာရုံခံမိလိုက်ကြသဖြင့် ခေါင်းမော့လာကြပြီး ပြိုင်တူ အော်ဟစ်မြည်တမ်းနေကြတော့သည်။

သို့သော် ၎င်းတို့မှာ ထိုသို့ အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် ဝမ်ပေါင်လဲ့၏ နတ်ဘုရားလက်နက်ကြီးကြောင့် သေကျေပျက်စီးသွားကြသည်သာ ဖြစ်သည်။ ထိုသို့ဖြင့် မိုးကောင်းကင်နှင့် ကမ္ဘာမြေကြီးတို့မှာ အဆက်မပြတ်တုန်ရီသွားကြပြီး ထို ချိုင့်ခွက်ကြီးမှာ ဝမ်ပေါင်လဲ့၏ မန္တန်များနှင့် နတ်ဘုရားလက်နက်ကြီးတို့ဆီမှ ထွက်ပေါ်လာသော အလင်းရောင်များ၏ ဖုံးလွှမ်းခြင်းကို ခံလိုက်ရတော့သည်။ ခဏအကြာတွင် ဝမ်ပေါင်လဲ့မှာ ထို ချိုင့်ခွက်ကြီးအား တစ်ချက်ပင်မကြည့်ဘဲ နောက်ထပ် ချိုင့်ခွက်ကြီးတစ်ခုဆီသို့ ထပ်၍ ဦးတည်သွားလိုက်ပြန်သည်။ အလင်းရောင်များအားလုံး ပျောက်ကွယ်သွားချိန်တွင် ထို ချိုင့်ခွက်ကြီးထဲမှ အရာအားလုံးမှာ ဖျက်ဆီးချေမှုန်းခံလိုက်ရပြီဖြစ်သည်။

သန္ဓေပြောင်း သတ္တဝါအားလုံးမှာလည်း သေကျေပျက်စီးသွားကြပြီး ဝမ်ပေါင်လဲ့၏ နောက်၌ နတ်ဆိုးမျက်လုံးများအဖြစ် ပြောင်းလဲသွားကြ၏။ ထို့နောက် ၎င်းတို့မှာ သူနှင့်အတူ နောပ်ထပ် ချိုင့်ခွက်ကြီးတစ်ခုဆီသို့ လိုက်သွားကြတော့သည်။

ထိုသို့ဖြင့် နှစ်နာရီဆိုသည့် အချိန်တိုလေးအတွင်းတွင် ဝမ်ပေါင်လဲ့မှာ သတ်ဖြတ်မှု အမြောက်အမြား ကျူးလွန်ခဲ့သဖြင့် ထိုနေရာကြီးတစ်ခုလုံးထဲ၌ ထစ်ချုန်းသံများဖြင့် ပဲ့တင်ထပ်နေတော့သည်။ သူ ပျံသန်းသွားသည့် နေရာတိုင်းတွင် ချိုင့်ခွက်ကြီးများမှာ တစ်စစီ ကြေမွပျက်စီးသွားကြပြီး သန္ဓေပြောင်း သတ္တဝါအားလုံးမှာလည်း ဖျက်ဆီးချေမှုန်းခံလိုက်ရသည်သာဖြစ်သည်။ ၎င်းတို့မှာ မည်သည့် ကျင့်ကြံခြင်းအဆင့်တွင် ရှိနေရှိနေ ဝမ်ပေါင်လဲ့၏ တိုက်ကွက်များထံမှ မလွတ်မြောက်နိုင်ကြပေ။

ဝမ်ပေါင်လဲ့မှာ မဟာတောင်ထိပ်ဂိုဏ်း အလိုရှိသော ရင်းမြစ်ပစ္စည်းများကို အာရုံစိုက်နေခြင်းမရှိပေ။ လက်ရှိတွင် သူသည် ရင်းမြစ်ပစ္စည်းများမဟုတ်ဘဲ ကျင့်ကြံခြင်းအဆင့် တိုးတက်လာရန်သာ လိုအပ်နေခြင်းဖြစ်သည်။

ဤ ကြယ်အဖွဲ့အစည်းမှာ ဝမ်ပေါင်လဲ့အတွက် သူ၏ နတ်ဆိုးမျက်လုံးပညာရပ်အား လေ့ကျင့်နိုင်သည့် အကောင်းဆုံးနေရာ ဖြစ်ပေသည်။ ထို့အပြင် သူ၏ သတ်ဖြတ်မှုများအတွက် မည်သည့် နောက်ဆက်တွဲ အကျိုးဆက်များကိုမှ ကြုံရမည် မဟုတ်ပေ။ ထိုသို့ဖြင့် ဝမ်ပေါင်လဲ့မှာ သူ၏ ခန္ဓာကိုယ်ထဲသို့ ဒလဟောစီးဝင်လာနေသည့် သက်စောင့်စွမ်းအားများကို ခံစားရင်း ဝိညာဉ်ကြားခံနယ်အဆင့်သို့ တက်လှမ်းနိုင်ရန် စိတ်ဆန္ဒများ ပြင်းပြလာတော့သည်။

” ငါ ဝိညာဉ်ကြားခံနယ်အဆင့်ကို ရောက်အောင် အခုချက်ချင်း ဖောက်ထွက်မယ်ကွာ… ”

ဝမ်ပေါင်လဲ့မှာ အသက်ရှူသံများပင် လေးလံနေပြီ ဖြစ်သည်။ သူသည် ဆက်လက်သတ်ဖြတ်ရန် ပြင်လိုက်စဉ်မှာပင် ရုတ်တရက်ဆိုသလို သူ၏ သိုလှောင်အိတ်အား ငုံ့ကြည့်ကာ အသံလွှင့်ကျောက်စိမ်းပေလွှာတစ်ခုကို ထုတ်ယူလိုက်တော့သည်။ ထိုအခါ မဟာထိပ်သီးအကြီးအကဲကြီး၏ ‌စိတ်ကသိကအောက်ဖြစ်နေသော စကားသံကြီးမှာ ထိုကျောက်စိမ်းပေလွှာထဲမှ ထွက်ပေါ်လာ၏။

” လုံနန်ကျစ်။ မင်းရဲ့ သတ်ဖြတ်မှုတွေကို အခုချက်ချင်း ရပ်လိုက်စမ်း ”

ဝမ်ပေါင်လဲ့တစ်ယောက် ထိုစကားကို ကြားလိုက်ရသောအခါ သူ၏ မျက်လုံးနီကြီးများမှာ အေးစက်စွာ တောက်ပသွား၏။ သူ စကားပြန်ပြောရန် ပြင်လိုက်စဉ်မှာပင် မဟာထိပ်သီးအကြီးအကဲကြီးမှာ သူ၏ လေသံ အနည်းငယ်ခန့် မာသွားခဲ့သည့်ကို သတိထားမိသွားသည့်ပုံပင်။ ထို့ကြောင့် သူသည် အသက်ပြင်းပြင်းရှူကာ စကားထပ်ပြောလိုက်၏။

” အကြီးအကဲ လုံနန်ကျစ်။ ဒီ သန္ဓေပြောင်း လူမှုအဖွဲ့အစည်းက ငါတို့ရဲ့ မဟာတောင်ထိပ်ဂိုဏ်းရဲ့ တိုးတက်မှုအတွက် အများကြီး အထောက်အကူ ပြုပေးနိုင်တယ်။ မင်းနဲ့ တခြားလူတွေအကုန်လုံး ဒီကိစ္စကြီးကြောင့် မကျေမနပ် ဖြစ်နေရတာကို ငါ နားလည်ပါတယ်။ ဒါပေမဲ့ အခု ငါတို့တွေ ဒီနေရာကို ရှာတွေ့သွားပြီဆိုမှတော့ နောက်ကျရင် ဒီနေရာကို အတူတူ ပြန်လာဖို့ ကတိပေးပါတယ် ”

” ပြီးတော့ ငါ့ရဲ့ လုပ်ရပ်တွေက တစ်ကိုယ်ကောင်းဆန်နေတာ မှန်ပေမဲ့ ငါလုပ်သမျှ အကုန်လုံးက ဂိုဏ်းရဲ့ အနာဂတ်အတွက်ပါပဲ ”

ထိုအခါ ဝမ်ပေါင်လဲ့မှာ မျက်လုံးများမှေးသွား၏။ သူသည် ဝိညာဉ်ကြားခံနယ်အဆင့်သို့ ဖောက်ထွက်ချင်ပါသော်လည်း မဟာထိပ်သီးအကြီးအကဲကြီး၏ စကားများကြောင့် စိတ်နှင့်ကိုယ်နှင့် ပြန်ကပ်သွားသည်။ ထို့အပြင် သူသည် သူ ကျူးလွန်ခဲ့သည့် သတ်ဖြတ်မှုများကြောင့် သူ၏ အတွေးများမှာ ပုံမှန်မဟုတ်တော့သည်ကိုလည်း သတိထားမိသွားသည်။ သူသည် လက်လွတ်စပယ်ပြုမှုကာ နတ်ဆိုးမျက်လုံးပညာရပ်၏ အသိစိတ်အား သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ထိန်းချုပ်ခွင့်ပေးလိုက်သကဲ့သို့ ဖြစ်သွားခဲ့၏။

” ဘာကိုကြောက်နေတာလဲကွ။ ဒီ အဘိုးကြီးနဲ့ တခြားလူတွေအကုန်လုံးကို စတေးပစ်လိုက်စမ်းပါ။ ပြီးရင် ဒီ ကြယ်အဖွဲ့အစည်း တစ်ခုလုံးကိုလည်း စတေးပစ်လိုက်။ အဲတာဆိုရင် မင်း ဝိညာဉ်ကြားခံနယ်အဆင့်ကို သေချာပေါက် ဖောက်ထွက်နိုင်သွားမှာ ” ဝမ်ပေါင်လဲ့တစ်ယောက် မျက်လုံးများ မှေးသွားစဥ်မှာပင် နတ်ဆိုးမျက်လုံးပညာရပ်ထဲရှိ အသိစိတ်၏ စကားသံမှာ သူ၏ ခေါင်းထဲ၌ ပဲ့တင်ထပ်သွား၏။ ၎င်းမှာ ဝမ်ပေါင်လဲ့၏ ခံစားချက်များကို ဆက်လက်ထိန်းချုပ်နိုင်ရန် ကြိုးစားနေသည့်ပုံပင်။

” နားငြီးတယ်ကွာ ” ဝမ်ပေါင်လဲ့မှာ စိတ်ထဲတွင်ရေရွတ်လိုက်၏။ နတ်ဆိုးမျက်လုံးပညာရပ်၏ အသိစိတ်မှာ သူ့အပေါ် လွှမ်းမိုးမှုရှိသည့်တိုင်အောင် ဝမ်ပေါင်လဲ့မှာ ဂရုမစိုက်ပေ။ သူသည် ထို အသိစိတ်၏ ထိန်းချုပ်မှုကြောင့် အသိစိတ်ကင်းမဲ့စွာ သတ်ဖြတ်မှုများ ကျူးလွန်နေလျှင်တောင် အတိုင်းအတာတစ်ခုအထိ ကန့်သတ်ချက် ချမှတ်ထားသရွေ့ ပြဿနာအကြီးအကျယ် တက်နိုင်မည်မဟုတ်ကြောင်း ယုံကြည်နေ၏။

သို့သော် ဝမ်ပေါင်လဲ့မှာ သူသည် နတ်မျက်လုံး လူမှုအဖွဲ့အစည်းထဲတွင် အချိန်အတိုင်းအတာတစ်ခုအထိ ဆက်ရှိနေရန် လိုအပ်သေးသောကြောင့် သူ၏ ပုံပန်းသွင်ပြင်အား မကြာခဏဆိုသလို ပြောင်းလဲနေမည်ဆိုပါက နောက်ဆုံးတွင် လူမိသွားနိုင်ကြောင်း ‌တွေးမိလိုက်သည်။ ထို့ကြောင့် သူသည် သူ၏ သတ်ဖြတ်မှုနှုန်းအား လျှော့ချကာ အလယ်အလတ် ယွမ်ယင်အဆင့်တွင် ရှိသော ကျင့်ကြံခြင်းစွမ်းအားများကိုသာ ထုတ်ပြထားရန် ဆုံးဖြတ်လိုက်တော့သည်။

ထိုအခါမှသာ မဟာထိပ်သီးအကြီးအကဲကြီးမှာ စိတ်အေးသွားရပြီး သက်ပြင်းချနိုင်သွား၏။ သို့သော် သူသည် ဝမ်ပေါင်လဲ့အား တဖြည်းဖြည်းနှင့် မကျေမနပ် ဖြစ်လာရပြီဖြစ်သည်။ ထိုသို့ဖြင့် မဟာတောင်ထိပ်ဂိုဏ်းထဲမှ အဖွဲ့ဝင်များအားလုံး ချိန်းဆိုထားသည့် အချိန်သို့ ရောက်ရှိလာကြ၏။ ထို့ကြောင့် သူတို့အားလုံးမှာ ရောက်နေသည့် ဂြိုဟ်များထဲမှ ကုန်ကြမ်းပစ္စည်း အမြောက်အမြား သယ်ဆောင်လာကြပြီး အာကာသကြီးထဲသို့ ပျံသန်းထွက်ခွာလာကြတော့သည်။

ပဉ္စမမြောက် အကြီးအကဲကြီးမှာ ဝမ်ပေါင်လဲ့အား မြင်လိုက်ရသောအခါ မျက်ဝန်းများထဲ၌ ကြောက်စိတ်များ ပေါ်ပေါက်လာ၏။ ဝမ်ပေါင်လဲ့၏ သတ်ဖြတ်လိုစိတ်များနှင့် သူ၏ ခန္ဓာကိုယ်ထဲမှ ထွက်ပေါ်နေသည့် ကျင့်ကြံခြင်းစွမ်းအား အငွေ့အသက်များကြောင့် လုံနန်ကျစ်မှာ အပေါ်ယံတွင် တည်ငြိမ်အေးဆေးသည့် လူတစ်ယောက် ဖြစ်သည့်ပုံ ပေါ်ပါသော်လည်း လက်တွေ့တွင်မူ ကြောက်မက်ဖွယ်ရာ ရက်စက်ကြမ်းကြုတ်မှုများကို ဖုံးကွယ်ထားခြင်းဖြစ်ကြောင်း သူက သတိထားမိသွားတော့သည်။

” ဒီကောင်နဲ့ ခပ်ကင်းကင်းနေတာပဲ ကောင်းတယ် ”

ထိုသို့ဖြင့် ဂိုဏ်းသားများအားလုံး အတူတကွ စုဝေးသွားကြပြီး အကြီးအကဲကြီးများမှာ သူတို့ ရရှိစုဆောင်းမိခဲ့သော ပစ္စည်းများကို စာရင်းပြုစုနေကြပြီ ဖြစ်သည်။ ထိုအချိန်တွင် သူတို့မှာ ဝမ်ပေါင်လဲ့၏ ကျင့်ကြံခြင်းစွမ်းအားများ ပြောင်းလဲသွားကြသည်ကို သတိထားမိလိုက်ကြ၏။ သူတို့အားလုံးမှာ သူ့ဆီမှ ထွက်ပေါ်နေသည့် ရန်လိုစိတ်များကို အာရုံခံမိနေသောကြောင့် မျက်နှာအမူအရာများ အနည်းငယ်ခန့် ပြောင်းလဲသွားရသည်။

မဟာထိပ်သီးအကြီးအကဲကြီးမှာမူ မျက်ဝန်းများ အရောင်လက်သွား၏။ ထို့နောက် သူသည် ဝမ်ပေါင်လဲ့အပေါ် ထားရှိသော သူ၏ မကျေနပ်ချက်များကို ယာယီခန့် ချုပ်တည်းထားလိုက်ပြီး ဖြည်းဖြည်းချင်း ဆိုလိုက်တော့သည်။

” ငါတို့ ဒီတစ်ခေါက်ရခဲ့တဲ့ ပစ္စည်းတွေနဲ့ဆိုရင် ဂိုဏ်းကို အရင်အခြေအနေအထိ ပြန်ရောက်အောင် လုပ်လို့ရတဲ့အပြင် အမြတ်အစွန်းတွေပါ ကျန်နေဦးမှာ။ ဒါပေမဲ့ ငါတို့တွေ ဒီပုံစံအတိုင်း အိမ်ပြန်ရင် မတန်ဘူး။ အဲတာကြောင့်မလို့ ထပ်ပြီးတော့ ခရီးဆက်ကြစို့ ”

ယခင်တုန်းကသာ ဆိုပါက လူတိုင်းမှာ ဆန္ဒရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ မဟာထိပ်သီးအကြီးအကဲကြီး၏ ဖိအားကြောင့် ထိုအစီအစဉ်အား သဘောတူလက်ခံလိုက်ရမည်သာ ဖြစ်သည်။ သို့သော် ယခုတွင်မူ သူတို့အားလုံးမှာ ရင်းမြစ်ပစ္စည်းများ အတော်အသင့် စုဆောင်းမိခဲ့သည်ဖြစ်ရာ မဟာထိပ်သီးအကြီးအကဲကြီး၏ ဆုံးဖြတ်ချက်အား ဝမ်းသာအားရ သဘောတူလက်ခံလိုက်ကြ၏။ ထိုသို့ဖြင့် ‌မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးမှာ လေပေါ်သို့ ပျံတက်သွားကာ သန္ဓေပြောင်း ကြယ်အဖွဲ့အစည်းထဲမှ ထွက်ခွာသွားပြီး အာကာသကြီး၏ အတွင်းပိုင်းထဲသို့ ဆက်လက်မောင်းနှင်သွားတော့သည်။

သို့သော် သူတို့ ထွက်ခွာသွားပြီး သိပ်မကြာခင်မှာပင် ဝမ်ပေါင်လဲ့မှာ သူ၏အခန်းထဲ၌ ပုံရိပ်ယောင်ခန္ဓာကိုယ်တစ်ခုအား ချန်ရစ်ထားခဲ့ပြီး သူ၏ ခန္ဓာကိုယ်အား လှစ်ခနဲလှုပ်ရှားကာ ချက်ချင်းဆိုသလိုပင် ပျောက်ကွယ်သွားတော့သည်။ သူသည် သူ၏ ပုံရိပ်ယောင်ပညာရပ်ကို အသုံးပြုကာ မဟာတောင်ထိပ်ဂိုဏ်း၏ စစ်သင်္ဘောကြီးထဲမှ အခြားမည်သူမှ သတိမထားမိအောင် တိတ်တဆိတ် ထွက်ခွာသွားခြင်းဖြစ်သည်။

မဟာထိပ်သီးအကြီးအကဲကြီးပင်လျှင် ထိုအချင်းအရာကို သတိမထားမိပေ။ သူသည် ဝမ်ပေါင်လဲ့တစ်ယောက် အနက်ရောင်မြူခိုးများအဖြစ် ပြောင်းလဲသွားကာ စကြဝဠာကြီးထဲ၌ လျင်မြန်စွာ ရွေ့လျားနေသည်ကို လုံးဝ မသိထားပေ။ ထိုသို့ဖြင့် သူသည် သန္ဓေပြောင်း လူမှုအဖွဲ့အစည်းထဲသို့ ပြန်ရောက်သွား၏။

သူ ထိုနေရာသို့ ပြန်ရောက်သွားသောအခါ အနက်ရောင် မြူခိုးများမှာ အတူတကွ ပေါင်းစည်းသွားကြပြီး ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားကြသည်။ ထို့နောက် သူသည် မျက်ဝန်းများ ထူးဆန်းစွာ တောက်ပသွားပြီး သူ၏ ညာဘက်လက်အား အားပါပါ ဝှေ့ယမ်းလိုက်တော့သည်။ ထိုအခါ သူ၏နောက်တွင် နတ်ဆိုးမျက်လုံးများ ချက်ချင်းဆိုသလိုပင် ပေါ်ပေါက်လာ၏။ ထို မျက်လုံးများအားလုံးမှာ မှိတ်နေကြပါသော်လည်း ၎င်းတို့၏ အရေအတွက်မှာ ကြောက်မက်ဖွယ်ရာ ကောင်းလှပေသည်။ ထိုအချိန်တွင် ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ပေါ်၌ နတ်ဘုရားဧကရာဇ် ချပ်ဝတ်တန်ဆာကြီး ပေါ်ပေါက်လာပြီး သူ၏ ညာဘက်လက်ထဲမှ နတ်ဘုရားလက်နက်ကြီးမှာ ကျင့်ကြံခြင်းစွမ်းအားများနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာတော့သည်။

ထို့နောက် သူ၏ ခန္ဓာကိုယ်ထဲမှ အငွေ့အသက်များမှာလည်း ကြယ်တာရာ ယွမ်ယင်ဝိညာဉ်၏ စွမ်းအားများနှင့် ပေါင်းစည်းသွားကာ ချက်ချင်းဆိုသလိုပင် ပေါက်ကွဲထွက်ပေါ်လာပြီး အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွားသဖြင့် ဘေးပတ်ပတ်လည်ရှိ စကြဝဠာကြီးမှာ တွန့်လိမ်ပုံပျက်သွားရတော့သည်။

” ကဲ… အခု ဝိညာဉ်ကြားခံနယ်အဆင့်ကို ဖောက်ထွက်ရမယ် ” ဝမ်ပေါင်လဲ့မှာ ပြုံးဖြဲဖြဲနှင့် ရှေ့သို့ ပြေးထွက်သွားပြီး သူနှင့် အနီးဆုံးတွင်ရှိနေသော ဂြိုဟ်ကြီးဆီသို့ ဦးတည်သွားလိုက်၏။

အဝေးမှကြည့်လိုက်ပါက ဝမ်ပေါင်လဲ့မှာ နတ်ဆိုးတစ်ပါးနှင့် တူနေပြီး မီးတောက်များ ထုတ်လွှတ်ကာ ကောင်းကင်ကြီးအား ဝါးမျိုနေသကဲ့သို့ပင်။

ဝမ်ပေါင်လဲ့ ပထမဆုံးဂြိုဟ်ပေါ်သို့ ရောက်ရှိလာသောအခါ ထစ်ချုန်းသံကြီးတစ်သံမှာ နေရာအနှံ့တွင် ပဲ့တင်ထပ်သွား၏။ ထို့နောက် ထိုဂြိုဟ်ကြီးပေါ်ရှိ သန္ဓေပြောင်း သတ္တဝါများ ခိုအောင်းနေကြသော ချိုင့်ခွက်ကြီးများ အားလုံးမှာ ဖျက်ဆီးခံလိုက်ရတော့သည်။

စကားလုံးများနှင့် ဖော်ပြ၍ မရနိုင်လောက်အောင် အားကောင်းသည့် သက်စောင့်စွမ်းအားများမှာ ဝမ်ပေါင်လဲ့၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စီးဆင်းဝင်ရောက်လာကြသဖြင့် သူ၏နောက်တွင် ရှိနေသည့် နတ်ဆိုးမျက်လုံးများ၏ အရေအတွက်မှာလည်း တဖြည်းဖြည်းနှင့် ပို၍များလာ၏။ နောက်ဆုံးတွင် ၎င်းတို့မှာ အာကာသကြီးထဲ၌ ဧရာမဝဲကြီးတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။ ထို နတ်ဆိုးမျက်လုံးများမှာ ဂြိုဟ်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းထားသောကြောင့် ထို ကြယ်အဖွဲ့အစည်းထဲတွင် ရှိနေသည့် သန္ဓေပြောင်း သတ္တဝါများအားလုံးမှာလည်း အထိတ်တလန့်ဖြစ်သွားကြ၏။

ထို့ကြောင့် စူးရှကျယ်လောင်သော အော်ဟစ်သံများ အဆက်မပြတ် ပဲ့တင်ထပ်နေတော့သည်။ ထိုအချိန်တွင် တတိယမြောက် ဂြိုဟ်ပေါ်ရှိ မြေပြင်ကြီးမှာ တုန်ရီသွားပြီး အနည်းဆုံး ပေတစ်ထောင်နီးပါး တုတ်ခိုင်သည့် သက်တံ့ရောင် ကင်းခြေများကြီး တစ်ကောင်မှာ မြေကြီးထဲမှ ထိုးထွက်လာတော့သည်။ ထိုအခါ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့် အငွေ့အသက်များမှာ အရပ်မျက်နှာအနှံ့သို့ ပျံ့နှံ့သွား၏။ မီးခိုးရောင် မြူခိုးများ ဖုံးလွှမ်းနေသည့် ထို ကင်းခြေများကြီး၏ မျက်လုံးများထဲတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များကို မြင်နိုင်ပေသည်။ ၎င်းမှာ ဝမ်ပေါင်လဲ့ ရှိနေသည့် ဂြိုဟ်ကြီး ရှိရာဘက်သို့ လှမ်းကြည့်ကာ အော်ဟစ်မြည်တမ်းလိုက်ပြီးနောက် ကောင်းကင်ပေါ်သို့ ပျံတက်သွား၏။ ထို့နောက် ၎င်းမှာ သက်တံ့ရှည်ကြီးတစ်ခုအသွင် ပြောင်းလဲကာ ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်သွားတော့သည်။

အခြားဂြိုဟ်များပေါ်မှနေ၍ ကောင်းကင်ပေါ်သို့ ပျံတက်သွားကြသည့် အခြား သန္ဓေပြောင်းသတ္တဝါ သုံးကောင်လည်း ရှိနေသေးသည်။ ထို သတ္တဝါ သုံးကောင်မှာ အစောပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်၊ အလယ်အလတ် ဝိညာဉ်ကြားခံနယ်အဆင့်နှင့် နှောင်းပိုင်း ဝိညာဉ်ကြားခံနယ်အဆင့်တို့တွင် အသီးသီးရှိနေကြသည်။ ယခုတွင် ၎င်းတို့မှာ ကောင်းကင်ပေါ်သို့ ပြိုင်တူ ပျံတက်သွားကြပြီး ဝမ်ပေါင်လဲ့ဆီသို့ တန်းတန်းမတ်မတ် ဦးတည်လာနေပြီဖြစ်သည်။

ထိုအချိန်တွင် ဝမ်ပေါင်လဲ့မှာ လေထဲ၌ ရစ်ဝဲနေ၏။ သူ၏အောက်တွင်မူ သူရောက်နေသည့် ဂြိုဟ်ပေါ်ရှိ သန္ဓေပြောင်းသတ္တဝါများအားလုံးမှာ သေကျေပျက်စီးသွားကြပြီဖြစ်သည်။ သူ၏ နောက်တွင်မူ… နတ်ဆိုးမျက်လုံးများမှာ ကောင်းကင်ကြီးတစ်ခုလုံးအား ဖုံးလွှမ်းသွားတော့မည့်ပုံပင်။

” နောက်ဆုံးတော့ အကောင်ကြီးတွေ ရောက်လာပြီပဲ ” ဝမ်ပေါင်လဲ့မှာ မိုးကုပ်စက်ဝိုင်းထဲတွင် ပေါ်ပေါက်လာသည့် သန္ဓေပြောင်းသတ္တဝါကြီး လေးကောင်ကို မြင်လိုက်ရသောအခါ ပြုံးမိသွားသည်။ ထို့နောက် သူသည် နောက်သို့ဆုတ်ခွာသွားခြင်းမရှိဘဲ ရှေ့သို့ ပြေးထွက်သွားလိုက်ပြီး သူ၏စွမ်းအားများကို ချက်ချင်းထုတ်လွှတ်လိုက်၏။ သူသည် သူ၏ နောက်တွင် ရှိနေသည့် မရေမတွက်နိုင်လောက်အောင် များပြားသော နတ်ဆိိုးမျက်လုံးများနှင့်အတူ အားကောင်းသော သတ်ဖြတ်လိုစိတ်များကို ထုတ်လွှတ်ကာ ထို သန္ဓေပြောင်းသတ္တဝါကြီး လေးကောင်ဆီသို့ ဦးတည်ပျံသန်းသွားတော့သည်။

Comment

Leave a Reply

Options

not work with dark mode
Reset