တစ်ရက် ကုန်လွန်သွားလေသည်။
ယနေ့သည် ယဲ့ဖန် ရှန့်ကျန်းမြို့ကို ရှင်းလင်း ပစ်မည်ဟု ကြွေးကြော်ထားသည့် သုံးရက် မြောက်နေ့ ဖြစ်သည်။
ရှန့်ကျန်းမြို့ရှိ သိုင်းပညာ အသိုင်းအဝိုင်း တစ်ခုလုံးက တိုက်ပွဲအတွက် ပြင်ဆင်နေ ကြ လေသည်။
တိုက်ခိုက်ရေးသမား များစွာက ဆရာသခင် အဆင့်ရှိသောသူ ဆယ့်သုံးယောက်ကြောင့် ရှန့်ကျန်းမြို့ အထွက်အထိပ်သို့ ရောက်ရှိ လာတော့မည်ဟု ယုံကြည်ထားကြသည်။
အွန်လိုင်းကွန်ရက်တွင်လည်း အသည်းအသန် ဆွေးနွေးပြောဆိုနေကြသည်။
“ဟဟ… ဒီနေ့က နောက်ဆုံးနေ့ပဲ၊ ယဲ့ဖန် တကယ် မလာရဲတော့ဘူး ထင်တယ်”
“ဟီးဟီး … ဆရာသခင်အဆင့် ဆယ့်သုံး ယောက်က ရှန့်ကျန်းမြို့မှာ သူ့ကို စောင့်နေ တယ် ဆိုတာကို သိလိုက်ရလို့ သူ ဘောင်းဘီ ထဲ သေးထွက်ကြနေလောက်ပြီလို့ ငါ လောင်း ရဲတယ်”
“သူ လာလာ၊ မလာလာ သေမှာပဲ။ သူ သေကို သေရမယ်”
….
ရှန့်ကျန်းမြို့ကို ယဲ့ဖန် တကယ် တကယ် လာလိမ့်မည်ဟု မည်သူမျှ ထင်မထားကြပါ။
ထို့ပြင် ရှန့်ကျန်းမြို့မှ သိုင်းပညာ ကွန်ရက် သည် ဤအကြောင်းကို အဓိက ထား၍ ဆွေးနွေး နေကြသည်။
တိုက်ပွဲနှင့် ပတ်သတ်သော ပို့စ့်များက ထိပ်ဆုံး ရောက်နေသည်။
“ရှုကလန်ရဲ့ ဆရာသခင်အဆင့် ရှုဟွိုက်ရှန်က ရှန့်ကျန်းမြို့ကိုယ်စား ယဲ့ဖန်ကို သတ်ပစ်မယ်”
“ယွီပါ့က ရှန့်ကျန်းမြို့ ကိုယ်စား ယဲ့ဖန်ကို သတ်ပစ်မယ်”
“ဆရာသခင် အဆင့် ဖုန်းကျစ်ဝမ်ကလည်း ကျဆုံးသွားတဲ့ ရှန့်ကျန်းအင်အားစုရဲ့ ဝိညာဉ် တွေကို နှစ်သိမ့်ပေးဖို့ ယဲ့ဖန်ကို သတ်ပစ်မယ်”
….
တိုက်ပွဲနှင့် ပတ်သက်သော ပို့စ်များအား ဆရာ သခင် အဆင့် ဆယ့်သုံးယောက်၏ ကလန် များမှ ထုတ်ပြန်ထားခြင်း ဖြစ်သည်။
တိုက်ပွဲနှင့် ပတ်သက်သော ပို့စ်တစ်ခုချင်းစီ တိုင်းတွင် likeကို ထောင်နှင့်ချီ၍ ပေးထား ကြသည်။
ရှန့်ကျန်းမြို့မှ တိုက်ခိုက်ရေး သမားအားလုံးက ယဲ့ဖန်ကို စောင့်မျှော်နေကြသည်။ ယဲ့ဖန်အား သတ်ဖြတ်ခြင်း အစည်းအဝေးက သုံးရက် မြောက် လုပြီ ဖြစ်သည်။
သုံးရက်မြောက်နေ့ နေဝင်ချိန် ရောက်လာ သော်လည်း ယဲ့ဖန်က ပေါ်မလာသေး။
ဤသည်က ရှန့်ကျန်းမြို့ရှိ တိုက်ခိုက်ရေး သမား များကို စိတ်ပျက်သွားစေသည်။
“သေစမ်း …. မှောင်တောင် မှောင်နေပြီ။ ကြည့်ရတာ ယဲ့ဖန်က ဆရာသခင်တွေနဲ့ ရင်ဆိုင်ရမှာကို တကယ် ကြောက်နေတဲ့ ပုံပဲ”
“ဟက် … သူက ဒီအတိုင်း လေလုံးကြီး နေတာပါကွာ။ သူ မာစတာလီကို သတ်လိုက် တုန်းက တော်တော့်ကို မောက်မာတဲ့ ပုံနဲ့။ ဒါပေမယ့် အခု ရှန့်ကျန်းမြို့က ဆရာသခင် အဆင့် ဆယ့်သုံးယောက်ကိုလည်း မြင်ရော သူ ချက်ချင်း ကြောက်သွား တာပဲ”
“အဆင်ပြေပါတယ်ကွ၊ ဆရာသခင် ဆယ့်သုံး ယောက်လုံးက သူတို့အားလုံး ကျန်းရှီမြို့ကို သွားပြီး ယဲ့ဖန်နဲ့ သူ့လူတွေကို ဒီည သွားသတ် မယ်လို့ ပြောထားပြီးပြီပဲ”
“တကယ်လား … ဆရာသခင် ဆယ့်သုံး ယောက်လုံးက သူတို့ ယဲ့ဖန်နဲ့ သူ့လူတွေကို သတ်ပစ်မယ်လို့ တကယ်ပြောတာလား … ဘုရားရေ … ကောင်းတယ်ကွာ … သူတို့က သေသွားတဲ့ အင်အားစုတွေအတွက် လက်စား ချေ တော့မှာပဲ … ယဲ့ဖန် သေကိုသေမှာ …ဟဟ”
ဆရာသခင် ဆယ့်သုံးယောက်လုံး မကြာခင် ကျန်းရှီမြို့သို့ သွား၍ ယဲ့ဖန်နှင့် သူ့လူများအား သတ်ပစ်မယ့် သတင်းက သိုင်းပညာ ကွန်ရက်တွင် ချက်ချင်းဆိုသလို ပျံ့နှံ့သွား တော့သည်။
ကျန်ရှိနေသော ရှန့်ကျန်းအင်အားစုများ ဤ သတင်းကြောင့် ရူးမတတ် ဖြစ်သွား ကြသည်။
ဆရာသခင် ဆယ့်သုံးယောက်လုံး ယဲ့ဖန်ကို သတ်ဖြတ်တော့မည်ကို ကြည့်ရှုရန် သူတို့ မစောင့်နိုင်ကြတော့။
….
ရှန့်ကျန်း တိုက်ခိုက်ရေးသမားများ ဝင့်ကြွားစွာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေကြစဉ်တွင် ကျန်းနန် စီရင်စုဒေသမှ ရှန့်ကျန်းမြို့သို့ ပို့ဆောင်သော ခရီးသည်တင် လေယာဉ် တစ်စီးသည် ရှန့်ကျန်း ပုလဲသွယ်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဆိုက်ရောက်လာသည်။
လေယာဉ် တံခါးပေါက် ပွင့်လာသည်နှင့် ခရီးသည်များ တစ်ယောက်ပြီး တစ်ယောက် ဆင်းလာကြသည်။
ထိုလူစုထဲတါင် အနက်ရောင် ဝတ်စုံနှင့် လူငယ်လေး ပါလာသည်။ ထိုသူကတော့ ယဲ့ဖန်ပင်။
ကျန်းရှီမြို့ရှိ သူ့အိမ်တစ်ဝိုက်တွင် နောက်ထပ် ကိုးဆင့်သွေး ဝင်္ကပါကို ထပ်မံ၍ ချထားသည်၊
ဤတစ်ချိန်တွင်တော့ ကျောက်တုံးများ အားလုံးသည် အရည်အသွေးမြင့်တွေ ချည်းပင်။ ထို့ပြင် ယဲ့ဖန်သည်လည်း သူ၏ ကျင့်ကြံမှု တိုးတက်လာသဖြင့် ဝင်္ကပါအသစ်က ပို၍ အားကောင်းလာပြီ ဖြစ်သည်။
လီကျိုးယောင်ကဲ့သို့ ဆရာသခင်များတောင် ဝင်္ကပါကို မဖောက်နိုင်တော့ပါ။
ထို့အတူ ယဲ့ဖန်သည် နတ်ဆိုး ပြန်လည် ရှင်သန်ဆေးလုံးများကို သူ့လူများထံ အရေးပေါ် အခြေအနေအတွက် ထားခဲ့ပေးထားသေးသည်။
ဖြစ်လာနိုင်သော ခြိမ်းခြောက်မှုများကို ရှင်းထုတ်ပြီးနောက် ယဲ့ဖန်သည် ရှန့်ကျန်းမြို့သို့ တစ်ယောက်တည်း ထွက်လာခဲ့ခြင်း ဖြစ်သည်။
ရှန့်ကျန်းမြို့သည် အရှေ့တိုင်း ပုလဲမြို့ဟု နာမည်ကြီးလေသည်။ မြို့သည် အလွန် ကြီးပွားချမ်းသာပြီး ညဘက်တွေမှာတောင် မှောင်မိုက်ခြင်း မရှိဘဲ မီးထိန်ထိန်လင်းလျက် ရှိသည်။
စည်ပင် သာယာ လှပသော ရှုခင်းကို ကြည့်ပြီး ယဲ့ဖန်၏ မျက်နှာတွင် သွေးဆာဟန် ရသော အကြည့်တို့ ဖြစ်ပေါ်လာသည်။
ထို့နောက် သူက စာရွက်တစ်ရွက်ကို ထုတ်လိုက်ပြီး ဖယ်ရှား ရှင်းလင်းပစ်ရမည့် နာမည်တစ်ချို့နှင့် လိပ်စာတို့ ပါဝင်သည်၊ ထိုအရာများသည် ကျန်းနန် စီရင်စုဒေသကို ရှင်းလင်းခဲ့သည့် ကျန်ရစ်သော ရှန့်ကျန်း အင်အားစုများ၏ သတင်းအချက်အလက်များ ဖြစ်သည်။
“လက်စားချေမယ့်ညကို ရောက်လာပြီပဲ”
ထိုသို့ပြောပြီး ယဲ့ဖန်က ရှန့်ကျန်း ပုလဲသွယ် လေဆိပ်မှ ထွက်ခွာလာခဲ့သည်။
သို့သော် ယဲ့ဖန်က သူ့လက်ကို တစ်ချက်လှုပ်၍ လူအုပ်ထဲ နတ်ဆိုးအချီ အမျှင်တန်းများ ထုတ်လွှတ်ခဲ့သည်ကို မည်သူမျှ မသိလိုက်ပါ။
ထို့နောက် သူသည် ရှင်းကျဲ့ စီရင်စု ဘက်သို့ ခပ်ဖွဖွ အပြုံးနှင့် ထွက်ခွာလာခဲ့သည်။
…..
“နောက်ဆုံးတော့ သူ ရောက်လာပြီပဲ”
လူအုပ်ထဲမှ ထွက်လာပြီး လမ်းဘေးရှိ ကားပေါ်သို့ တက်လိုက်သော အနက်ရောင် ဝတ်စုံနှင့် လူတစ်ယောက်က ယဲ့ဖန်၏ နောက်ကျောကို ကြည့်ပြီး လှောင်ရယ်၍ ရေရွတ်လိုက်သည်။
“ကားစက်နှိုးလိုက် …. အဲ့ကောင်…”
အနက်ရောင် ဝတ်စုံနှင့် လူက ကားပေါ်တက်တက်ချင်း အမိန့်ပေးလိုက်သည်။
သို့သော် သူ စကားဆုံးအောင် မပြောလိုက်ရချေ။ ယာဉ်မောင်းသူက တစ်ခဏမျှ ကြောင်နေပြီးမှ ဇဝေဇဝါနှင့် သူ့ကို မေးလာသည်။
“ကျားကြီး အဲ့ကောင် ရောက်လာလို့လား”
သို့သော် အနက်ရောင် ဝတ်စုံနှင့်သူက သူမေးတာကို ပြန်မဖြေဘဲ ထိတ်လန့်နေပုံ ရသည်။
*အမ်*
ယာဉ်မောင်းသူ ချက်ချင်း နောက်လှည့်ကြည့်လိုက် သောအခါ အနက်ရောင် ဝတ်စုံနှင့်လူက ကားနောက်ခန်းမှာ ထိုင်လျက်သား ရှိနေသည်ကို သူ တွေ့လိုက်ရသည်။ ထို့နောက် ယာဉ်မောင်းသူ တောင့်ခနဲ ဖြစ်သွားသည်။
ယာဉ်မောင်းသူက ရေခဲလွှာများ ဖုံးအုပ်နေသော အနက်ရောင် ဝတ်စုံနှင့်သူကို ထိတ်လန့်တကြားနှင့် ကြည့်နေမိသည်။
မကြာခင်မှာပင် သူ့အရေပြားပေါ်၌ အက်ရာများ ထင်လာ၏။
….
ယာဉ်မောင်းသူ ကြောင်နေပြီးမှ အသည်းအသန် မေးလိုက်မိသည်။
“ကျားကြီး… မင်း…မင်း ဘာဖြစ်နေတာလဲ”
ယာဉ်မောင်းသူ အံ့အားသင့်နေသည်။ သို့သော် သူ့စကားအဆုံးတွင် ကြောက်မက်ဖွယ် ကောင်းသော မြင်ကွင်းတစ်ခုကို သူ မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
ခွပ်!
ထိုအသံနှင့်အတူ အနက်ရောင် ဝတ်စုံနှင့်လူသည် တစ်စစီဖြစ်သွားပြီး ပြာပုံအဖြစ်သို့ ပြောင်းလဲပြီးနောက် ပျောက်ကွယ်သွားသည်။
ယာဉ်မောင်းသူ နားဝေတိမ်တောင် ဖြစ်သွားရသည်။ သက်ရှိလူတစ်ယောက်က မည်သည့် အကြောင်းပြချက်မှ မရှိဘဲ ပြာဖြစ်သွားလိမ့်မည်ဟု သူ ထင်မှတ်မထားမိခဲ့ပါ။
သို့သော် သည်လောက်နှင့် မပြီးသွားပေ။
အဖြူနှင့် အနက်ရောင် နတ်ဆိုးချီမျှင်တန်းများက ပြာထဲမှ လှစ်ခနဲ ထွက်လာပြီး ယာဉ်မောင်းသူ၏ ကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
ယာဉ်မောင်းသူသည် ရုတ်ချည်း ချမ်းစိမ့်လာသလို ခံစားရသည်။ ထို့နောက် သူ ချက်ချင်း အေးခဲသွားသည်။
ခွပ်!
ယာဉ်မောင်းသူ ခုံမှ ပြာတစ်ပုံ ဖြစ်ပေါ်လာလေသည်။
ထို့နောက် အဓိကကလန်များမှ စေလွှတ်လိုက်သော စုံထောက်များ အားလုံး ပြာ ဖြစ်သွားလေတော့သည်။
….
ရှင့်ကျဲ့ဒေသမှ ဖုန်းအိမ်တော်တွင်….
ဖုန်းရှောင်ထျန်း သေဆုံးပြီးနောက် နှစ်ပေါင်းများစွာ ပျောက်ဆုံးနေသော သူ၏ ညီဖြစ်သူ ဖုန်းကျစ်ချိုက် ပြန်ရောက်လာသည်။
သူ ပျောက်ဆုံးသွားစဉ်ကတည်းက ဖုန်းကလန်သည် အင်အား တိုးတက်လာပြီ ဖြစ်သည်။
ဖုန်းကျစ်ချိုက်သည် လွန်ခဲ့သည့် ဆယ်နှစ်ခန့်က ရှန့်ကျန်းမြို့၏ နံပါတ်တစ် ပါရမီရှင် ဖြစ်သည်။ ထို့နောက် သူ ပျောက်ကွယ်သွားခဲ့သည်။ သူ ပြန်ရောက်လာသောအခါ သူသည် ဆရာသခင်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
အဓိကခန်းမရှိ ခေါင်းဆောင် ထိုင်ခုံတွင် တည်ငြိမ်စွာ ထိုင်နေသော ဖုန်းကျစ်ချိုက်က သူ့လူများကို စူးရှသော အကြည့်များဖြင့် မေးခွန်းထုတ်နေသည်။
“သံမဏိ သိမ်းငှက် မင်း ကျားကြီးဆီက ဘာသတင်း ကြားသေးလဲ”
သူ့အမေးကြောင့် သူ့ဘေးရှိ တိုက်ခိုက်ရေးသမားက အလျင်အမြန် အရိုအသေပေး၍ ပြန်ဖြေလာသည်။
“သခင်ကြီး ကျားကြီးက ဒီနေ့တစ်နေ့လုံး လေဆိပ်မှာ စောင့်နေခဲ့တာပါ။ သူ အဲ့ကောင်ကို အခုထိ မတွေ့သေးပါဘူး။ သူ သေမှာ ကြောက်နေတယ်လို့ ကျွန်တော် ထင်ပါတယ်”
ဖုန်းကျစ်ချိုက်က ခေါင်းညိတ်ကာ စူးရှသော အကြည့်များဖြင့် ပြောလိုက်သည်။
“ဟမ့်… သူ မလာရဲရင်တောင်မှ သူ သေကို သေမှာပဲ။ ငါ့အစ်ကိုကြီးအတွက် ငါ သူ့ကို သတ်မယ် ပြီးရင် သူ့ဘေးက သူတွေ အားလုံးကို သတ်ပစ်မယ်”
စက္ကန့်ပိုင်းအတွင်းမှာပင် ခန်းမထဲရှိ လေထုက အေးစိမ့်လာသည်။
ထိုစဉ် ခက်ထန်သော အသံတစ်သံ ထွက်ပေါ်လာသည်။
“ဒါဆိုလည်း မင်းအစ်ကို သေသွားတဲ့အတွက် ငါ မင်းကို သတ်ပေးရမှာပေါ့”
*ဟမ်*
ရုတ်တရက် ထွက်လာသော အသံကြောင့် ဖုန်းကျစ်ချိုက်နှင့် ခန်းမထဲမှ အင်အားစုများ အားလုံး ကြောက်လန့်ကာ တုန်ယင်သွားသည်။
“ဘယ်သူလဲ”
ဖုန်းကျစ်ချိုက် အပေါက်ဝကို ကြည့်နေရင်း အဖြူနှင့် အနက်ရောင် ချီများက လေထုထဲ မျောလွင့်လာသည်ကို မြင်လိုက်ရသည်။
ခန်းမထဲမှ အင်အားစုများစွာသည် အဖြူနှင့် အနက်ရောင် ချီများ၏ ချည်နှောင်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။
ထို့နောက် ခွပ်ခနဲ အသံများနှင့် အတူ ခန်းမထဲရှိ ဒါဇင်နှင့်ချီသော အင်အားစုများ ပြာဖြစ်သွားလေတော့သည်။
လေထုထဲတွင် ပြာမှုန်များနှင့် ပြည့်နှက်နေစဉ် အနက်ရောင် ဝတ်စုံနှင့် လူငယ် တစ်ယောက်က ဖုန်းကျစ်ချိုက်ထဲ လျှောက်လာနေ၏။
ထိုစဉ် ပြာမှုန်များက သူ့ကိုယ်ကို ဖုံးလွှမ်းသွားပြီး ထိုလူငယ်လေးသည် ဖုန်းကျစ်ချိုက်၏ အသက်ကို နှုတ်ယူရန် အဆင်သင့် ဖြစ်နေသည့် ငရဲမှ လာသည့် နတ်ဆိုးနှင့် သဏ္ဍာန် တူလှပေ၏။