ဆရာသခင်များ၏ မူလ သလင်းကျောက် သည် ဆရာသခင် တစ်ယောက် ဖြစ်ခြင်း၏ သင်္ကေတပင် ဖြစ်သည်။
ကြယ်သုံးလုံးအဆင့် သိုင်းပညာရှင် တစ် ယောက်က ပြင်းထန်သော တိုက်ပွဲဝင် ချီ ဓာတ်များ ထုတ်လွှတ်နိုင်သည့် အခိုက်တွင် သူ သို့မဟုတ် သူမသည် ဆရာသခင် တစ်ပိုင်း အဆင့်သို့ ချိုးဖျက်ကာ တက်ရောက် သွားနိုင်သည်။
ဆရာသခင် တစ်ပိုင်းအဆင့်က သူ၏ အတွင်း အား ချီဓာတ်ကို အရည်အဖြစ်သို့ ပြောင်းလဲ အောင် လုပ်နိုင်ပြီး သူ သို့မဟုတ် သူမ၏ နဖူးသို့ ရွှေ့ပြောင်းနိုင်ပါက သူ သို့မဟုတ် သူမသည် ဆရာသခင် ဖြစ်ခါနီးအဆင့်သို့ တက်ရောက်သွားနိုင်ပေလိမ့်မည်။
လူသန်ကြီးကို ဥပမာ ပြ၍ ပြောရလျင် သူ၏ သန်မာသော တိုက်ပွဲဝင် ခွန်အားနှင့် ချီဓာတ် တို့သည် သူ့နဖူး အလယ်တည့်တည့်ရှိ အရည် ချီဓာတ်မှ မြစ်ဖျားခံ လာခြင်း ဖြစ်သည်။
ဆရာသခင် ဖြစ်ခါနီးအဆင့်မှ လူတစ် ယောက်က အရည် ချီအရင်းအမြစ်အား သိပ်သည်းအောင် လုပ်၍ မူလ သလင်း ကျောက် အဖြစ် ဖန်တီးနိုင်လျင် သူ သို့မဟုတ် သူမသည် ဆရာသခင်အဆင့်သို့ တက်ရောက် သွားနိုင်ပေသည်။
ဆရာသခင်များ၏ မူလသလင်းကျောက် သည် ဆရာသခင်များ၏ ဗဟိုချက် ဖြစ်သည် ဟုလည်း ဆိုနိုင်သေးသည်။
သို့သော် လီကျိုးယောင်က သူ့နဖူးအလယ် တည့်တည့်မှ မူလ သလင်းကျောက်အား ရက်ရက် စက်စက် ခွဲ၍ ထုတ်လိုက်လိမ့် မည်ဟု မည်သူမျှ ထင်မှတ် မထားမိကြပါ။
….
ချက်ချင်းဆိုသလိုပင် လူအုပ်ကြီးသည် ထိတ်လန့်တကြား အော်ဟစ်မိသွားသည်။ သူတို့ အားလုံး လီကျိုးယောင်လက်ထဲမှ သလင်းကျောက်အား မယုံနိုင်ဟန်ဖြင့် ကြည့်နေမိသည်။
ဒါက ဆရာသခင်တစ်ယောက်၏ အခြေခံ အုတ်မြစ်ပဲလေ။
လီကျိုးယောင်က ယဲ့ဖန်အား သတ်နိုင်ရန် သူ၏ ဆရာသခင်အဆင့် ကျင့်စဉ် အခြေခံ အား စွန့်လွှတ်လိုက်မှန်း သိသာလှသည်။
“သူက တော်တော် စိတ်ပြတ်သားတာပဲ … ကြည့်ရတာ သူက ငါတို့သခင်ကြီး သတ်မယ် လို့ ယတိပြတ် ဆုံးဖြတ်ထားတဲ့ပုံပဲ”
ညအဖွဲ့မှ အရှင်သခင် သုံးယောက်သည် မျက်ခုံး တလှုပ်လှုပ် ဖြစ်နေကာ မျက်လုံးများ ကလည်း စိုးရိမ်မှု အပြည့်နှင့် ဖြစ်နေ ကြသည်။
အန်းရှီနှင့် အခြားသူများက ယဲ့ဖန်အား အသည်းအသန် အော်ဟစ် သတိပေး လိုက်ကြသည်။
“ဖန် … မြန်မြန် ပြေးတော့ … အဲ့ဒါ သူ့ဆရာသခင်အဆင့်ရဲ့ မူလ သလင်းကျောက်ပဲ … ရှင် တောင့်ခံနိုင်မှာ မဟုတ်ဘူး”
“သခင်ကြီး မြန်မြန် ပြေးပါတော့”
သူတို့အားလုံး ယဲ့ဖန်အား စိုးရိမ် ကြောက်လန့်သော မျက်နှာများနှင့် တစ်ယောက်ပြီး တစ်ယောက် သတိပေးလာကြသည်။
….
ထိုစဉ် အဖျက်စွမ်းအား ချီအမျှင်တန်းများက ဆရာသခင်၏ မူလသလင်းကျောက်မှ တစ်ဟုန်ထိုး တိုးထွက်လာသည်။
ဖြောင်းခနဲ အသံနှင့်အတူ ဘေးပတ်ဝန်းကျင်မှ သစ်ပင်နှင့် အုတ်နံရံများ ပြိုကျသွားသည်။ တစ်ချိန်တည်းမှာပင် ထိုသန်မာသော ချီဓာတ်က အန်းရှီနှင့် အရှင်သခင် သုံးယောက်အား ကြိုးပြတ်သွားသော စွန်ကဲ့သို့ လွင့်ထွက်သွားစေသည်။
ထို့နောက် သူတို့ သွေးအန်လေတော့သည်။
ကြောက်မက်ဖွယ် ကောင်းလှပါဘိ။
မာစတာလီ၏ လှုပ်ရှားမှုများ နေဝင်နေ့ရက်များ၏ အဆုံးသတ်ကို အချက်ပြလို့နေ၏။
အန်းရှီ ၊ အရှင်သခင် သုံးယောက်နှင့် ကျန်းရှီမြို့မှ ကြည့်ရှုနေသူများ အားလုံး ထိတ်လန့် သွားကြသည်။
သို့သော် ကြောက်ရွံ့နေရမည့်အစား ယဲ့ဖန်က ထိုသလင်းကျောက်အား မျက်လုံး အရောင်တလက်လက်နှင့် စိုက်ကြည့်နေသည်။
“ဒါ ဆရာသခင်အဆင့်ရဲ့ မူလသလင်းကျောက်ပဲ … အဲ့ထဲမှာ သန့်စင်တဲ့ အသက်ဓာတ်တွေ ပါဝင်နေတယ်”
ယဲ့ဖန်၏ မျက်လုံးများက လိုချင်တက်မက်စိတ်ကြောင့် မီးဝင်းဝင်းတောက်နေသည်။ ထို့နောက် သူ လက်တစ်ချက် လှုပ်လိုက်သောအခါ သူ၏ ဓားကျိုးက လက်ထဲ ရောက်လာသည်။
ထိုဓားကျိုးကို ကိုင်ဆွဲ၍ သူသည် နောက်ဆုတ်ရမည့်အစား လီကျိုးယောင်ထံသို့ တစ်လှမ်းပြီး တစ်လှမ်း တိုးသွားသည်။
*ဘာ*
သူ့အပြုအမူကြောင့် လူအုပ်ကြီး တွေဝေသွားသည်။ ယဲ့ဖန်က ကြောက်မက်ဖွယ် ကောင်းသည့် ဆရာသခင်အဆင့်၏ မူလသလင်းကျောက်ထံသို့ တိုးလာရဲလိမ့်မည်ဟု သူတို့ ထင်မှတ်မထားမိပါ။
*သူ….သူ ကိုယ့်သေတွင်း ကိုယ်တူးနေတာလား*
…..
ရှန့်ကျန်း တစ်မြို့လုံး ပွက်လောရိုက်သွားသည်။ ကြည့်ရှုနေသည့် လူတိုင်းက ရက်ရက်စက်စက် ဟစ်အော်ကာ ဩဘာပေးကြသည်။
“သူ့ကိုသတ် …. မာစတာလီ ခင်ဗျား သူ့ကို သတ်မှ ဖြစ်မယ်”
“သူက သေချင်နေတာပဲ … ဒီကောင်က ဆရာသခင်အဆင့်က မူလ သလင်းကျောက်ရဲ့ အစွမ်းကိုတောင် မသိဘူး”
“သေမှာ … သူသေမှာပဲ”
ကြည့်ရှုနေသည့် သူများ၏ မျက်လုံးထဲတွင် ယဲ့ဖန်သည် အရူးတစ်ယောက်သာ ဖြစ်သည်။
လီကျိုးယောင်တောင်မှ ပျက်ရယ်ပြုမိသွားသည်။ သူ့နဖူးအလယ်တည့်တည့်မှ သွေးကို သုတ်ပြီးနောက် ဒေါသ ဖုံးလွှမ်းနေသော မျက်နှာနှင့် သူက ရက်ရက်စက်စက် ပြောလိုက်သည်။
“ခွေးကောင်လေး … မင်းက ငါ့တပည့်နှစ်ယောက်ကို သတ်ခဲ့သလို ရှန့်ကျန်း အင်အားစု တော်တော်များများကိုလည်း သတ်ခဲ့တယ် … ဒီနေ့ မင်းက ငါ ကျန်းနန် စီရင်စု ဒေသတွင်းမှာ သတ်ခဲ့တဲ့ အယောက် ၁၉၀ ယောက်မြောက်ကောင်ပဲ”
သူ့စကားကြောင့် ယဲ့ဖန်၏ မျက်လုံးတွင်းမှ အေးစက်စက် အလင်းတန်းများ ဖျတ်ခနဲ ပြေးသွားကာ “အယောက် ၁၉၀ ယောက်မြောက် ဟုတ်လား … အသက်တစ်ချောင်းကို တစ်ချက်ပဲ … ဒါဆို ကျုပ် ခင်ဗျားကို အကြိမ် ၁၈၉ ကြိမ် နုတ်နုတ်စင်းပစ်မယ်”
*ဘာ*
ယဲ့ဖန်စကားကြောင့် လူတိုင်း မှင်တက်သွားကြသည်။ ယဲ့ဖန်က သေရေးရှင်ရေးတမျှ ဖြစ်နေသော အခြေအနေကို ဒီလောက် ယုံကြည်မှု ရှိနေလိမ့်မည်ဟု သူတို့ မမျှော်လင့် ထားမိကြပါ။
*သူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲလွန်းနေတာပဲ*
“ကောင်းတယ် … ဘယ်လောက်တောင် တုံးလိုက်တဲ့ ခွေးမသားလေးလဲ … မင်း သေမှာကိုတောင် သတိမထားမိပါလား”
လီကျိုးယောင်က ယဲ့ဖန်သည် သူ့မျက်စိရှေ့တွင် သေသွားပြီးသည့်ဟန်ဖြင့် မခိုးမခန့် ပြုံးရယ်နေသည်။
“ဒီလိုဆိုမှတော့ သေပေတော့”
ထိုသို့ ပြောပြီး လီကျိုးယောင်က ချက်ချင်း လေထဲခုန်လိုက်ကာ ယဲ့ဖန်ထံသို့ သူ၏ မူလ သလင်းကျောက်အား အားကုန် ပစ်သွင်းလိုက်မိသည်။
ပြင်းထန်သည့် အုန်းခနဲ အသံနှင့်အတူ မူလ သလင်းကျောက်သည် ယဲ့ဖန်ထံသို့ တန်းနေအောင် ဝင်ရောက်လာသည်။
“မဖြစ်ဘူး … သခင်ကြီး … မြန်မြန်ပုန်းပါ”
ညအဖွဲ့မှ အရှင်သခင် သုံးယောက်က ကြောက်လန့်တကြား အော်ဟစ်လိုက်မိသည်။
မာစတာလီ၏ မူလ သလင်းကျောက်တွင် ကြောက်မက်ဖွယ်ကောင်းသည့် အဖျက် စွမ်းအား ချီဓာတ်များ ပါဝင်နေမှန်း သူတို့ သိသည်။
သလင်းကျောက်က ယဲ့ဖန်ကို ထိမှန်သည်နှင့် သူ၏ ခန္ဓာကိုယ်က မှော်ဝင်ပစ္စည်းထက် မာကြောသော်ငြားလည်း သူ့အား တစ်စစီဖြစ်အောင် ဖောက်ကွဲနိုင်သည်။
အန်းရှီနှင့် လင်းလန်တို့ သေမတတ် ကြောက်လန့်ကာ မျက်နှာလေးက သွေးမရှိတော့သလို ဖြူရော်လာသည်။
“သေပေတော့”
လီကျိုးယောင် ကြုံးဝါးလိုက်သကဲ့သို့ ကြည့်ရှုသူများကလည်း ဩဘာပေးမိသည်။
ယဲ့ဖန်သည် ဤတိုက်ကွက်အား ရှောင်တိမ်းရန် အခွင့်အရေး မရှိတော့မှန်း သူတို့အားလုံး သိထားကြသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူ မုချ သေရမည်ပင်။ လီကျိုးယောင်နှင့် ရှန့်ကျန်းမြို့မှ ကြည့်နေသူများက စိတ်လှုပ်ရှားစွာဖြင့် ယဲ့ဖန် တစ်စစီဖြစ်ကာ ပေါက်ကွဲတော့မည့် အချိန်ကို စောင့်ကြည့်နေကြသည်။
“အေးခဲစမ်း”
ထိုစဉ် ယဲ့ဖန်က မူမမှန်သော အပြုံးမျိုး ပြုံးလိုက်ကာ သူ့လက်ဖဝါးတွင် အနက်ရောင်နှင့် အဖြူရောင် နတ်ဆိုးချီများ စုစည်းပြီး မာစတာလီ၏ မူလ သလင်းကျောက်ကို ဆုပ်ကိုင်လိုက်သည်။
*သူ ကိုင်လိုက်တာလား*
လီကျိုးယောင်နှင့် ရှန့်ကျန်းမြို့မှ ကြည့်နေသူများက သူ့အား အထင်သေးသည့် အကြည့်များဖြင့် ကြည့်နေကြသည်။
*သူ ကိုင်လိုက်နိုင်တော့ကော ဘာဖြစ်သလဲ*
*သူ သေမှာက သေမှာပဲကို*
တစ်စက္ကန့်မျှ ကြာသောအခါ ယဲ့ဖန်က မူလ သလင်းကျောက်ကို ဖိချေလိုက်သည်။
“ကျိုးကြေစမ်း”
လီကျိုးယောင် တက်ကြွနေသေးသည်။ ယဲ့ဖန် လက်ထဲမှ သလင်းကျောက်အား သူ့အလိုလို ပေါက်ကွဲသွားစေချင်ခဲ့သည်။
ထို့နောက် အဖျက်စွမ်းအားများက ယဲ့ဖန်၏ လက်ထဲမှ လွတ်မြောက်သွားသည်။ ထို့နောက် ယဲ့ဖန်လက်ထဲမှ အနက်နှင့် အဖြူရောင် နတ်ဆိုးချီဓာတ်များက ကျယ်ပြန့်လာသည်။
ထို့နောက် ထိုအဖျက်စွမ်းအား ချီဓာတ်များက တဖြည်းဖြည်း ကျုံ့လာသည်။
…
ကြည့်နေသူများ မှင်တက်သွားကြသည်။ သလင်းကျောက် ပေါက်ကွဲတော့မည်ဟု သူတို့ ထင်ထားကြသည့်အချိန်တွင် ဘာကြောင့် မပေါက်ကွဲဘဲ ကျုံ့သွားရသနည်း။
ဤအဆုံးသတ်အား မည်သူမျှ ထင်မှတ်မထားမိပါ။ သို့သော် ဤသည်က အစသာ ရှိသေး၏။
ယဲ့ဖန်က ပြောင်စပ်စပ် မျက်နှာပေးနှင့် မာစတာလီ၏ မူလ သလင်းကျောက်အား သူ့ပါးစပ်နား တေ့လိုက်သည်။
ဂျွတ်! ဂျွတ်! ဂျွတ်!
သူ စတင်၍ ဝါးစားလေတော့သည်။
….
ရှေ့ဆက်ဖြစ်လာသည့် အဖြစ်အပျက်က လူတိုင်း၏ အတွေးအခေါ်များကို ပြောင်းပြန် လှန်ပစ်လိုက်လေတော့သည်။
*သူက သလင်းကျောက်ကို စားနေတာလား*
*ဒါ… မဖြစ်နိုင်ဘူးလေ*
လူတိုင်း တိတ်လို့သွားသည်။ သူတို့အားလုံး ယဲ့ဖန်အား ငေးမောကြည့်နေသဖြင့် ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်နေသည်။
ဂျွတ်! ဂျွတ်!
မာစတာလီ၏ သလင်းကျောက်အား ဝါးစားနေသံက လူတိုင်းကို ငြိမ်ကုပ်သွားစေသည်။
“မဟုတ်ဘူး…အံ့ဩစရာပဲ”
လီကျိုးယောင်က ထိတ်လန့်တကြားနှင့် မြေကြီးပေါ်သို့ ပြိုလဲကျသွားသည်။
တစ်စုံတစ်ယောက်က ဒီလောက်ပြင်းထန်သောသော ချီဓာတ်အား ခုခံနိုင်ပြီး အစားအသောက်လို ဝါးစားနိုင်လိမ့်မည်ဟု သူ ထင်မှတ်မထားမိပါ။
*အံ့ဩဖို့ကောင်းလိုက်တာ*
“နတ်…နတ်ဆိုး… မင်းက နတ်ဆိုးပဲ*
လီကျိုးယောင်တစ်ယောက် ဤမျှ ထူးဆန်းသည့် အဖြစ်အပျက်မျိုး တစ်ခါမှ မမြင်ခဲ့ဖူးသည့်အတွက် အကြောက်လွန်ကာ ဘောင်းဘီထဲ သေးထွက်ကျမတတ် ဖြစ်လာသည်။
*သူ လုံးဝကို လူ မဖြစ်နိုင်ဘူး*
သူ နတ်ဆိုးတစ်ကောင်အား ပစ်မှတ်ထားခဲ့မိသည်ကို သတိထားမိသည့်အခိုက်တွင် ချက်ချင်း ဆိုသလိုပင် လီကျိုးယောင် တစ်ကိုယ်လုံး ကြက်သီးမွေးညင်း ထလာ တော့သည်။